တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)

ဖြစ်ရပ် (၂)

“ဗြန်း… ဗြန်း… ”
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) သည် ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ဝိုင်းကာ ဆရာမကို ကြည့်နေကြ၏။
‘ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း… ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။

“ကဲ… အားလုံး ‘ဏ’ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာလုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း… ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာ ထားကာ ခုံတွေပေါ်မှာ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။

ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် ‘ဏ’ကြီး အရေးမှားနေကြောင်း တွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေး ခေါ်လိုက်သည်။
“စည်သူအောင်… စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်။”
စည်သူအောင်သည် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ်လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း ခုံပေါ်မှာ ဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်”

မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာမရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့်နေရာက တစတစ နာကျင်၍လာသည်။ နဖူးမှာချွေးတွေ စို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက် နေရသည့်အဖြစ်။ ဒူးအောက် ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊ နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ ထွက်ခဲ့စမ်း ရှေ့ကို”
ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။

မေးခွန်း။ ။ အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်း ကူညီစိတ်ကို ပျိုးထောင် မပေးသင့်ဘူးလား။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

7 comments:

sait phay yar said...

ကိုဗီးရေ...သင်တန်းပေးဘို့အစချီဘို့ရှာတာ
ကျေးဇူးပါ..ကျမပေးမဲ့ခေါင်းစဉ်နဲ့အတော်ဘဲ
နောက်ထပ်ရှိရင်ပေးပါဦး
လမ်းလေးလည်းညွန်ပါဦး

Unknown said...

အမြင်ပေါ်မှာမူတည်ပြီး အဖြေတွေကွာခြားသွား နိုင်တယ်လို့ ကျွန်တော်ထင်တယ်...။ စာရေးသူရဲ့ ကလောင်နဲ့ ရေးသားမှုအရတော့ လက်ရှိအနေအထားရဲ့ အမြင်အတွက် ဆရာမ မှားပါတယ်...။ တစ်ခြားအမြင်တစ်မျိုးဘက်က လည်း လှည့်တွေးလို့တော့ ရမယ်ထင်ပါတယ်..။ View of Point တစ်ခုထဲကို ပိတ်ပြီးတွေးစေခြင်းဟာ အန္တာယ် ကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်...။

ဗီလိန် said...

black dream ပြောတာ လက်ခံပါတယ်။ ရှုထောင့် အမျိုးမျိုးကို ကြည့်သင့်တာ မှန်ပါတယ်။ ဒါပေမယ့် စာရေးသူက အခု ဆရာ၊ ဆရာမများရဲ့ ဖြစ်လေ့ရှိတဲ့ အခြေအနေတွေကို ပေါင်းပြီးတင်ပြခြင်းလို့ ထင်ပါတယ်။ ဘယ်ဆရာမမှ အဲလောက်ဆိုးမယ် မထင်ပါဘူး။ မဆိုးပါစေနဲ့လို့လည်း ဆုတောင်းမိပါတယ်။ မြန်မာပြည်ရဲ့ ကြိမ်လုံးယဉ်ကျေးမှုနဲ့ အမိန့်မျက်ကန်းနာခံမှုကို ပျောက်စေချင်တဲ့ ဆန္ဒတစ်ခုတည်းပဲ ရှိပါတယ်။ မြန်မာပြည်သူတွေအကုန် မုန်းတီးနေကြတဲ့ စနစ်တစ်ခု ဟာ ဒီကိစ္စကနေ အခြေခံတယ်လို့ ထင်မိပါတယ်။ ဘယ်သူမကောင်းလို့ ဘာမဖြစ်ဘူး၊ ဘယ်သူမကောင်းလို့ ဘာမကောင်း ပြောနေတာထက်စာရင် ကိုယ်ကိုကိုယ် အရင်ပြင်ရဦးမှာပါလားလို့ မီးမောင်းထိုးပြလိုက်တဲ့ သဘောပါ။ ဘာပဲဖြစ်ဖြစ် လာရောက်အားပေးကြတဲ့သူ အားလုံးကို ကျေးဇူး အထူးပဲတင်ရှိပါတယ်ဗျာ။ ကို black dream ရေ။ နောက်လည်းလာဖတ်ပြီး ရေးပေးဦးနော်။

Unknown said...

ကျေးဇူး ကိုဗီလိန်ရေ...။ အစ်ကိုပြောတဲ့ အကြောင်းပြချက်က လက်ရှိအချိန်အခါအရ အသင့်တော် အမှန်ကန်ဆုံးပါပဲ...။ အဲ့ဒါကြောင့်လဲ ကျွန်တော်ပြောတာပေါ့ တစ်ဖက်ပိတ်တွေးတာဟာ အန္တာရယ်ကြီးစေတယ်လို့..။ အဲ့လိုလူတွေကြောင့် အခုဆို....။ ပြောတော့ပါဘူး...လာ ကျော်ထူး... ပြန်ရအောင် :P :)

ကိုရုပ်ဆိုး said...

လက်ရှိဆရာ/မတွေရဲ့အနေအထားက အရင်တုန်းကထက်စာရင် ကြိမ်လုံးကိုင်ယဉ်ကျေးမှုမဟုတ်တော့ပါ။ ကျနော်ကိုယ်တွေ့ပါ (ကျနော့သမီးက ဒုတိယတန်းပါ။) အဆင့်ကျသွားရင် မိဘကိုခေါ်တွေ့ပါတယ်။ အိမ်မှာ အပျော်အပါးကို နည်းနည်းလျှော့ပေးဖို့လောက်ပဲ ပြောပါတယ်။ မိဘတွေကဘက်ကလည်း သားသမီးကိုကြည့်ရပါမယ်။ ကျနော့သမီး အဆင့်-၁ကနေ အဆင့်-၈ ရောက်သွားတယ်။ ဆူပူကြိမ်းမောင်းစရာ မလိုပါ။ ဘ၀မှာ အနိမ့်အမြင့်တွေရှိသလို၊ စာမှာလည်း အနိမ့်အမြင့်တွေရှိတယ်။ တောက်လျှောက် အဆင့်-၁ ရပေမယ့်၊ အဆင့်ကျသွားတဲ့အခါ အကြောင်းရင်းကို မိဘက ရှာဖွေရပါမယ်။ နေမကောင်းဖြစ်သွားလို့လား၊ မိဘကြောင့် ကလေးကျောင်းပျက်ထားသလား၊ စတာတွေပေါ့။ ကလေးကိုတော့ ခေါ်ပြောပါတယ်။ အဆင့် ကျတယ်ဆိုတာ၊ ကျောင်းသားရဲ့တာဝန်၊ ဒီတော့ အဆင့်ပြန်တက်အောင်ကြိုးစား၊ လိုချင်တာ တစ်ခုကို ၀ယ်ပေးမယ်။ ရုပ်ရှင်ကြည့်တာ၊ ဆော့တာ နည်းနည်းလျှော့၊ အဆင့်ပြန်တက်ရင် နဂိုအတိုင်း ပြန်ပေးဆော့မယ်၊ ရုပ်ရှင်ပြန်ကြည့်ရမယ် စသလို အပေး၊ အယူတွေလုပ်ရပါမယ်။ ကလေးကို စိတ်ဓါတ်ကျသွားအောင် မလုပ်ရပါဘူး။ အိမ်ဝက ဆီးပြီးရိုက်တဲ့ မိဘတွေ ယခုထက်တိုင် မြင်ရတုန်းပါ။ အဲဒီ မိဘတွေရဲ့ ကလေးအတွက် ၀မ်းနည်းပါတယ်။

ဗီလိန် said...

အခုလို လာပြီး ဖြည့်စွက်ရေးသားပေးတာ ကျေးဇူးပဲနော် ကိုရုပ်ဆိုး။ black dream ရေ။ နောက်တစ်ပုဒ် ဆက်ဖတ်ပြီးရေးပေးဦး။

မိုးခါး said...

လူတိုင်းမဟုတ်ပေမယ့် ရှိပါတယ် ..

တချို့ကျတော့လည်း ကိုယ့်မှာ အဆင်မပြေတာလေးရှိတာကို သူများလွှဲချတတ်တာမျိုးလေ
စိတ်ဆိုတာ ကြောက်ဖို့ ကောင်းတယ် ..