ပျက်သုဉ်း နှလုံးသား

အချစ်.....
ငါတို့နှစ်ယောက် စားသုံးခဲ့တယ်
ငါတို့နှစ်ယောက် သောက်သုံးခဲ့တယ်
နောက်ဆုံးတော့လည်း
ငါတို့နှစ်ယောက်ပဲ ခံစားရပြီ
မဝေးချင်ခဲ့ဘူး
ဝေးမနေချင်ဘူး
နီးစပ်ဖို့လည်း မဖြစ်နိုင်ဘူး
လွမ်းရမှာတွေ ကြောက်လွန်းလို့ပါ
မဝေးခင်တောင်
ငါ့နှလုံးသားကလည်း ကြွေမတတ်
အနေမတတ်တော့ ခက်သပေါ့

မင်းမျက်ရည်က
ငါ့နှလုံးသားက သွေးတစက်စက်
မင်းငိုသံက
ငါ့နှလုံးသားကို ဓားနဲ့မွှန်း
မင်းရှိုက်သံက
ငါ့နှလုံးသားကို လှိုက်စား

အို... ချစ်သူရယ်
နောင်သံသရာ အဆက်ဆက်
ဒီဝဋ်ကြွေးကနေ လွတ်ပါရစေတော့
မိုက်ခဲ့တဲ့ ငါ့အမှားတွေ
လောင်ခဲ့သမျှ မင်းပါကျွမ်းပြီပေါ့
ငါ့တစ်ယောက်တည်း ခံခွင့်ပြုပါ
ငါ့တစ်ယောက်တည်း ကြေကွဲခွင့်ပြုပါ
ငါ့တစ်ယောက်တည်း ငိုကြွေးခွင့်ပြုပါ

ဗီလိန်

www.villain-lay.com

ကိုအိပ်မက်နက် (Black Dream)ရဲ့ အကူအညီနဲ့ www.villain-lay.com ကို အောင်မြင်စွာ ရရှိခဲ့ပါပြီ။ ကိုအိပ်မက်နက် အထူးပဲကျေးဇူးတင်ပါတယ်။ ကူညီခဲ့တဲ့ ဖိုးဂျယ် နဲ့ ကိုတောင်ပေါ်သားကိုလည်း ကျေးဇူးတင်ပါတယ်။ ဘလော့စပြီး ရက်ပေါင်း ၂၄၀ တိတိမှာ ပြောင်းဖြစ်သွားတာပါ။ ဒီပို့စ်ကလည်း ၁၅၀ မြောက်ပို့စ်ဖြစ်ပါတယ်။ ဗီလိန်ရဲ့ ဖန်တီးမှုတွေအတွက် အားအင်တွေပေးခဲ့တဲ့ ဘလော့ဂါအပေါင်းနဲ့ စာဖတ်သူအပေါင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ဒီ့ထက်မက ကြိုးစားပါဦးမည်။
ဗီလိန် http://www.villain-lay.com/

လူငယ်တွေ လ္ဘက်ရည် ဘယ်လိုသောက်မလဲ

တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ဆန်းတစ်ရက်နေ့မှာ ဒီပို့စ်ကို တင်ဖြစ်သွားပါတယ်။ ဟိုနေ့ကတည်းက စရေးနေတာဖြစ်ပေမယ့် အလုပ်တွေပိနေတာကြောင့် မတင်ဖြစ်သေးတာပါ။ ကိုမင်းအိမ်ဖြူ မျှဝေထားတဲ့ ကိုမိုးဝေ(စက်မှုတက္ကသိုလ်) ရဲ့ မိဘအပေါ်သိတတ်ပါ ဝန်မပိပါစေနှင့် ဟု ဆောင်းပါးဖတ်လိုက်မိပြီး ဒီပို့စ်ကို ရေးဖြစ်တာပါ။
၂၀၀၇ - ခုနှစ်၊ ရန်ကုန်တိုင်း ဂျာနယ်မှ ကိုမိုးဝေ၏ ဆောင်းပါးတိုလေးအား ကူးယူတင်ပြပါသည်။
ခုခေတ်လူငယ်တွေ မိဘကို သိတတ်လာကြောင်း ဆောင်းပါးရှင်က ဖော်ပြထားသလို မိဘအတွက်ဆိုပြီး လုပ်ချင်ရာလုပ်နေလို့ လည်း မဖြစ်သင့်ကြောင်း ထောက်ပြထားပါတယ်။ မှန်ပါတယ်။ မိဘကို သိတတ်တဲ့ လူငယ်တွေ များပြားလာသလို ကျောင်းပြီး အလုပ်ရတာနဲ့ မိန်းမယူဖို့ပဲ စဉ်းစားနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ မိဘသည် နံပါတ် တစ် လို့ သဘောထားတဲ့ သူရှိသလို၊ နံပါတ် တစ် မထားတဲ့ သူတွေလည်း အများကြီးပါ။ လောကမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေ သေးသရွေ့တော့ ရှိဦးမှာပါပဲ။ မိဘကို သိတတ်နားလည်စေမယ့် လူငယ်တွေ ဒီထက်မက များပြားလာပါစေလို့ ဆုတောင်းမိပါတယ်။

နောက်တစ်ခုက လူငယ်နဲ့ လူကြီး ပြဿနာတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာပါ။ အသက်အပိုင်းအခြား ကွာခြားတာကြောင့် ခေတ်ရေစီးကြောင်း မတူတာကလည်း ပြဿနာတစ်ခုပါ။ လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။ တလောက မိဘအရွယ်မကျ အစ်ကိုအရွယ် မကတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကပြောပါတယ်။ မြန်မာပြည်က လူငယ်တွေ အားနေ လ္ဘက်ရည်ဆိုင်မှာပဲ အချိန်ဖြုန်းနေကြသည် တဲ့လေ။ ကျနော် ဟန်မဆောင်နိုင်အောင်ပဲ ထရယ်မိပါတယ်။ ဘာကြောင့်များ ဒီလိုသုံးသပ်တာပါလိမ့်။ သူတို့ ခေတ်ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ သိပ်ကို နောက်ကျတဲ့ အတွေးအခေါ်တစ်ခုလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဗီလိန် လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ရှာခဲ့တဲ့ ပိုက်ဆံတွေ၊ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ဘာသာသာသနာအတွက် အထောက်အပံ့တွေ အများကြီးပါ။ ကျနော်သတိထားမိသလောက် မြန်မာပြည်မှာ လ္ဘက်ရည်ဆိုင်ထိုင်ခြင်း အဓိကအကြောင်း ၅ မျိုးရှိပါတယ်။
၁။ လ္ဘက်ရည်ကြိုက်လို့
၂။ အလှအပလေးတွေ ရှုစားချင်လို့
၃။ သူငယ်ချင်းအပေါင်းအသင်းတွေ စုစည်းဖို့
၎။ စီးပွားရေးအတွက် စကား စမြည်ပြောချင်လို့
၅။ ရုပ်မြင်သံကြားကြည့်ချင်လို့ (အထူးသဖြင့် နိုင်ငံခြားလိုင်းတွေပါ)
အများအားဖြင့်ကတော့ ဒီအချက် ငါးချက်နဲ့ ကိုက်ညီပါတယ်။ မီးပျက်လို့ အိမ်မှာ ပူလို့ ဆင်းထိုင်တာတော့ ထည့်မပြောတော့ပါဘူးဗျာ။ :)

နံပါတ် ၁
လ္ဘက်ရည်ကြိုက်တဲ့ သူကတော့ ပြောစရာမရှိပါဘူး။ ကြိုက်လို့ သောက်တယ်။ ကုန်တော့ ပြန်တယ်ပေါ့လေ။

နံပါတ် ၂
ဒါကတော့ သိပြီးသားဖြစ်ကြမှာပါ လူစည်ကားရာ အရပ်တွေမှာ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အလှအပလေးတွေ ငေးတဲ့ လူမျိုးတွေပါ။

နံပါတ် ၃
လူငယ်တွေ တစ်နေရာရာကို စုစည်းပြီး သွားမယ်ဆိုရင် စုရပ်တစ်ခုအနေနဲ့ အသုံးပြုတာပါ။ ဒီလိုစုစည်းရာမှာ အပျော်အပါးအတွက် စုစည်းတာ ရှိသလို ပရဟိတလုပ်ငန်းများနဲ့ ဘာသာရေး၊ သာသနာရေး များလည်း ဆောင်ရွက်နေတယ်ဆိုတာ သတိမူသင့်ပါတယ်။

နံပါတ် ၎
ကိုယ့်အိမ်မှာ ဧည့်ခန်းကောင်းကောင်းမရှိတဲ့ သူတွေ၊ အလုပ်နေရာ တိတိကျကျ မရှိတဲ့သူတွေ (ဥပမာ ပွဲစားတွေ)၊ အလုပ်နေရာ ရှိသော်ငြားလည်း အလုပ်ထဲမှာ ပြောလို့ မရတဲ့ အလုပ်ကိစ္စတွေ (ဥပမာ ရုံးဝင်ထမ်းတွေ) ပါသလို အလုပ်မရှိပဲ ယောင်ချာချာဖြစ်နေတဲ့ လူငယ်တွေက စီးပွားရေး လမ်းစတွေ့ရာတွေ့ကြောင်း ရှာကြံဖို့၊ ပရဟိတနဲ့ ဘာသာသာသနာရေးတွေ တိုင်ပင်ဆောင်ရွက်ဖို့၊ မတူညီတဲ့ အတွေးအမြင်တွေနဲ့ အကြောင်းအရာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖလှယ်၊ ဆွေးနွေး၊ တိုင်ပင်မယ်။၊ စကားရည်လုမယ် ငြင်းခုန်ပြီး အဖြေရှာမယ်။ စသဖြင့် ထိုင်ကြတာတွေလည်း အများကြီးရှိပါတယ်။

နံပါတ် ၅
အထူးသဖြင့် ဘောလုံးပွဲကြည့်သူတွေ နဲ့ ၂ လုံး ၃ လုံးတိုက်သူတွေ ဖြစ်ပါတယ်။ အချို့ ဝါသနာပါသူများကတော့ WWF, MTV, Discovery အစရှိတာတွေကိုလည်း ကြည့်ဖို့ ထိုင်ကြတာမျိုး တွေလည်းရှိပါတယ်။ နယ်တွေမှာတော့ ဇာတ်လမ်းလေးတွေ ပြတာမျိုးလည်းရှိပါတယ်။ မီးမလာတာကတစ်ကြောင်း၊ အိမ်မှာ ဗီစီဒီ၊ ဒီဗီဒီစက်၊ ဂြိုလ်ထုစလောင်းမရှိတာက တစ်ကြောင်းကြောင့် အဲဒီ့လိုအစီအစဉ် ရှိတဲ့ အချိန်တွေဆိုရင် လ္ဘက်ရည်ဆိုင်ပြည့်ပါတယ်။

ကျနော် သတိထားမိလို့ကတော့ တော်တော်များများသော လူတွေက ဒီအချက် ၅ ချက်နဲ့ ကိုက်ညီပါတယ်။ ဒီထက်ပိုပြီး စိစစ်ကြည့်တော့ ယခုခေတ် လူငယ်တွေက နံပါတ် ၂ အမျိုးအစားမှာ လျော့နည်းလာပြီး ၃၊ ၄ တွေမှာ ပိုပြီး များလာတာ သတိထားမိပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ ဝါသနာပါရာ ဘောလုံးပွဲနဲ့ အခြားအစီအစဉ်တွေကို ကြည့်ကြတာ တွေ့ရပေမယ့် နေ့လည် ၁၂ နာရီနဲ့ ညနေ ၄ နာရီ ခွဲမှာကြည့်လိုက်ရင် လ္ဘက်ရည်ဆိုင်ပြည့်နေသော်ငြား လူငယ်တွေ အနည်းစုပဲတွေ့ရပါတယ်။ ဒါကတော့ ကျနော် လေ့လာမိသလောက်ပါ။

ဒါကြောင့် ကျနော့ မိတ်ဆွေ ပြောခဲ့တဲ့ စကားကို ပြန်ပြောချင်ပါတယ်။ လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ ဘာတွေများ ကိန်းအောင်း နေသလဲဆိုတာ မြင်အောင် ကြည့်တတ်စေချင်ပါတယ်။ တကယ်တော့ လူငယ်ဆိုတာ လူကြီးတွေရဲ့ သွန်သင်မှုကြောင့်ပဲ ပညာတွေတတ်၊ အတွေးအခေါ်တွေ ထက်မြက်၊ ရင့်ကျက်လာကြတာပါ။ လ္ဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စမှာလည်း လူကြီးတွေအနေနဲ့ သူတို့ အတွေ့အကြုံနဲ့ ခေတ်အခါအရ လ္ဘက်ရည်ဆိုင် ထိုင်ခြင်းဟာ အလေလိုက်ခြင်း ပုဒ်မတစ်ခုလို့ သတ်မှတ်ထားခဲ့ကြတဲ့ အတွက် ဒါကိုလည်း အပြစ်ပြောလို့မရပါဘူး။ အပေါ်မှာ ကျနော်ပြောခဲ့တဲ့ “လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။” ဆိုတဲ့ စကားက ဒါမျိုးကို ဆိုလိုပါတယ်။

တခြားသူအတွက်တော့ မသိပေမယ့် ကျနော့အနေနဲ့ကတော့ လ္ဘက်ရည်ဆိုင်က ကျနော့ကို
- တန်ဖိုးရှိတဲ့ အပေါင်းအသင်းတွေနဲ့ ရင်းနှီးခွင့်ရတယ်။
- တခြားသူတွေဆီက အတွေ့အကြုံတွေ နားထောင်ခွင့်ရတယ်။
- စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးတွေအတွက် သတင်းအချက်အလက်နဲ့ ဆောင်ရွက်ခွင့် ရတယ်။
- မတူညီတဲ့ အတွေးအခေါ်တွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ရင်း ငြင်းကြခုန်ကြရင်းနဲ့ စကားထောင်ချောက်တွေကို ရှောင်တိမ်း တတ်လာတယ်။ (ဒါတွေက တချိန်မှာ အလုပ်အတွက် အင်တာဗျူးဝင်တော့ သိပ်ကို အသုံးဝင်ခဲ့တယ်လေ။)

အခုလိုခေတ်ကြီးထဲမှာ မြန်မာပြည်က လူငယ်တွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်း နည်းပါးနေတာ လူတိုင်းသိကြမှာပါ။ ရရှိလာနိုင်တဲ့ အခွင့်အရေးဆိုတာကို မျှော်တလင့်လင့် စောင့်စားပြီး ရတဲ့ အချိန်မှာ အမိအရ ဖမ်းယူနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ အဲဒီ့ အခွင့်အရေးကို ရဖို့ ဘယ်နေရာမှာ ရှာကြမလဲ။ ဘာတွေလုပ်ကြမလဲ။ အိမ်ထဲမှာ ထိုင်နေရုံနဲ့တော့ သိပ်မလွယ်ကူလှဘူးလို့ ထင်မိပါတယ်။ လူငယ်တွေ အားလုံး တက်တက်ကြွကြွနဲ့ စည်းလုံးဖို့လိုအပ်လာပါပြီ။ လူကြီးသူမတွေရဲ့ ဆုံးမစကားတွေနဲ့ အတွေ့အကြုံတွေကို နာခံပြီး လူငယ်အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြဖို့ တန်ဖိုးရှိ လူငယ်တွေ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ Senior လူငယ်တွေက Junior လူငယ်တွေကို တွဲခေါ်ပြီး လ္ဘက်ရည်ဘယ်လိုသောက်မလဲ (လ္ဘက်ရည်ဆိုင် ဘယ်လိုထိုင်မလဲ)ဆိုတဲ့ အဖြေအတွက်၊ “မင်းတို့လေးတွေ ငယ်သေးတာကိုး” ဆိုတဲ့ လူကြီးတွေရဲ့ အထင်သေး စကားတွေကို ရိုက်ချိုးကြပါစို့လား....။

ဗီလိန်
*မှားယွင်းမှု တစုံတရာရှိရင် မသိနားမလည်မှု အတွက် ခွင့်လွှတ်ပေးကြပါ။*

တူးပို့ တူးပို့ အလွမ်းသံစဉ်

ကိုဂျူလိုင် က ရေးပေးပါ ဆိုလို့ ရေးပါတော့မယ်။ အကြတ်နေ့မှ ရေးဖြစ်တာ အားတော့နာပါတယ်။ ဆင်ဆာမလွတ်တော့ လွတ်တာလေးရေးလိုက်တာ ထပ်ပြီး တောင်းပန်ပါတယ်။ မှတ်မိသမျှ သင်္ကြန် အမှတ်တရလေးတွေကတော့ ဟိုတစ်စု ဒီတစ်စုပါ။ ရေပြွတ်မှသည် ရေသေနတ်၊ ရေသေနတ်မှသည် နို့ဆီခွက်၊ နို့ဆီခွက်မှသည် ရေပူဖောင်း၊ ရေပူဖောင်းမှသည် ရေခွက်၊ ရေခွက်မှသည် ရေပုံး၊ ရေပုံးမှသည် ဆိုင်ကယ်၊ ဆိုင်ကယ်မှသည် ဂျစ်ကား၊ ဂျစ်ကားမှသည် အရက်နှင့် ဘီယာ၊ အရက်နှင့် ဘီယာမှသည် ရန်ပွဲ၊ ရန်ပွဲမှသည် အချုပ်ခန်း ဆိုသလိုသင်္ကြန်နဲ့ ပတ်သတ်သမျှ အရာအားလုံးကို မြည်းစမ်းတို့ထိခဲ့တာ အခုအချိန်အထိပါ။ ၂၀၀၉ သင်္ကြန်ကတော့ ဖိုးဂျယ်တို့၊ ကိုခရောင်းတို့၊ ကိုမင်းအိမ်ဖြူတို့၊ ကိုလင်းဒီပတို့၊ ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ ဝေဝေဆာဆာ ရေးထားကြတဲ့ စင်္ကာပူဒေါ်လာ တစ်သိန်းခွဲတန် သင်္ကြန်ကြီးကို ရွှေမြန်မာ ညီအစ်ကိုတွေနဲ့ ကျင်းပ ခဲ့ပါတယ်။ သိသလောက်ပြောရရင် ကျနော့ ဘလော့ဂါ သူငယ်ချင်းများထဲမှာ ဗီလိန်ချမ်းရဲဖိုးဂျယ်ကိုခရောင်းကိုရွာသားလေး(YTU)ကိုမင်းအိမ်ဖြူကိုလင်းဒီပယမမင်းလေး၊ တို့လည်း လာရောက်ခဲ့ကြောင်း သိရပါတယ်။

ရေပြွတ် နဲ့ သင်္ကြန်
လူမှန်းသူမှန်း သိတတ်ချိန်၊ သင်္ကြန်မှန်းရေပြွတ်မှန်း သိတတ်ချိန်ကတည်းက ရေပြွတ်တွေ ကြားထဲမှာ ကြီးပြင်းခဲ့ရတာပါ။ ရန်ကုန်က ပို့လိုက်တဲ့ ကုန်အိတ်ကြီး ကိုဖောက်လိုက်ရင် အရောင်အသွေးစုံ ဒီဇိုင်းစုံ ရေပြွတ်၊ သင်္ကြန်ဆွဲကြိုး၊ သင်္ကြန်အရုပ်များ ကိုတွေ့ရပါတယ်။ နယ်မှာက အဖေက စတိုးဆိုင်ဖွင့်ထားသကိုး။ ဗီလိန်ကလည်း ဘယ်ရမလဲ။ သင်္ကြန်လေးရက်ကို ရေပြွတ် ၈ မျိုးနဲ့ ဆော့တာပေါ့။ နေ့လည်နားချိန်နဲ့ ညဘက်တွေ ဆိုရင် အဖေနဲ့အတူ ဝါရှာမကောင်းတာတွေကို ဝါရှာလဲ၊ ရေမလုံတာတွေကို ရေလုံအောင်လုပ်၊ အနားပဲ့နေတဲ့ ရေပြွတ်တွေကို ကြည့်ကောင်းအောင် လုပ်ရပါတယ်။ ပြင်မရတဲ့ ရေပြွတ်တွေထဲကမှ သုံးရတာကို ကျနော်က ယူသုံးတာပေါ့။ ဘာမှတော့ သိပ်ပြီးထွေထွေထူးထူး မရှိလှပါဘူး။ သင်္ကြန်ဆိုတာ ဘာမှန်းသိကာစက ရေကစားခဲ့တဲ့ အကြောင်းလေးပါ။

ရေသေနတ် နဲ့ သင်္ကြန်
ကော်သေနတ်အပေါ်၊ အောက်၊ အနောက် စတဲ့ နေရာတွေမှာ ရေဗူးလေးတွေ တပ်ထားတဲ့ သင်္ကြန်ရေသေနတ်ကို စပေါ်တဲ့ နှစ်ကပဲ စတင်ကိုင်ဖူးခဲ့ပါတယ်။ အဲဒီ့နှစ်က ရန်ကုန်မှာတောင် မပေါ်သေးပါဘူး။ အဲဒီ့နှစ်က ယိုးဒယားက ပြန်လာတဲ့ အဒေါ်တစ်ယောက်ရဲ့ ကျေးဇူးနဲ့ ရေသေနတ်ကို ပထမဆုံးကိုင်ခဲ့ရပါတယ်။ ရေသေနတ်ဆိုတာ အရင်က ရှိခဲ့ပေမယ့်။ ကော်အပျော့စားကို ရေအပြည့်ဖြည့်ပြီး သေနတ်တစ်ခုလုံးကို အားနဲ့ညှစ်မှ ရေထွက်တဲ့ သေနတ်မျိုးပါ။ အခုလို ခလုတ်နှိပ်ရုံနဲ့ ရေထွက်တဲ့ ရေသေနတ်မျိုး မဟုတ်ဘူးလေ။ အဲဒီ့နှစ်က သူငယ်ချင်းတွေကြားထဲမှာ ရေပန်းစားခဲ့တာပေါ့လေ။ နောက်နှစ်ကျတော့ အရောင်စုံ ဒီဇိုင်းစုံနဲ့ အမျိုးစုံကို ထွက်လာပါရောဗျာ။

နို့ဆီခွက် နဲ့ သင်္ကြန်
အရွယ်လေး နည်းနည်းရောက်လာတော့ အစ်ကိုတွေနဲ့ ပေါင်းပြီး ခွက်စောင်းခုတ်တတ် လာပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်အတွက် ခွက်စောင်းကို ကိုယ်တိုင်သွေးပါတယ်။ ၄တန်းလောက်ရှိမလားပဲ။ ကိုယ်တိုင်သွေးလို့ရတဲ့ နို့ဆီခွက်၊ ကျွဲရိုင်းဗူးတွေကိုမှ ပန်းတိန်ဆိုင်မှာ သွားပြီး လက်ကိုင်တပ်ခိုင်းပါတယ်။ ပန်းတိန်ဆိုင်မှာပဲ သွေးခိုင်းလို့ရပေမယ့် သူတို့ သွေးရင်ထိတ်ဖြတ်ပေးတာ လောက်ပဲလေ။ နို့ဆီခွက်အနေအထားနဲ့ ခွက်စောင်းခုတ်ရင် အမိအရဖြစ်ဖို့ အပေါ်ပိုင်းကို အုပ်အုပ်ကလေးဖြစ်အောင် တစောင်းလေးသွေးရပါတယ်။ ပန်းတိန်ဆိုင်ကတော့ အတည့်ပဲ အမြဲသွေးပေးလို့ ကိုယ်တိုင်ပဲ အမြဲသွေးဖြစ်ပါတယ်။ ခွက်စောင်းခုတ်လို့ အသံကျယ်ပြိုင်ကြတာကလည်း ပျော်စရာတစ်မျိုးပါ။ တစ်ဘက်လူကတော့ ဘယ်လောက်တောင် စပ်သွားမယ် မသိ။ :)

ရေပူဖောင်း နဲ့ သင်္ကြန်
သင်္ကြန်နားနီးပြီဆိုကတည်းက လက်နက်ရိက္ခာ စုဆောင်းပုံက စစ်တပ်တစ်တပ် စုဆောင်းသလား အောက်မေ့ရပါတယ်။ သင်္ကြန်မတိုင်ခင် ၂ ရက်လောက်အလိုကတည်းက ရေသေနတ်တွေ ပြင်ဆင်၊ ရေတိုင်ကီတွေ ဆေး၊ အိမ်ရှေ့က ရေပိုက်ခေါင်းကို အစမ်းဖွင့်ကြည့်၊ ပူစီဖောင်းလေးတွေဝယ်ပြီး ရေဖြည့်၊ စသဖြင့် အပီအပြင် ပြင်ဆင်ပါတယ်။ နောက်ပိုင်းမှာ ရေပူဖောင်းတွေ မဆော့ရ အမိန့်ထုတ်လိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒီ့ နှစ်က ရေပူဖောင်းတွေ လုပ်ထားလိုက်တာ ဆီတိုင်ကီတစ်လုံး အပြည့်ပဲ။ လုပ်ထားပြီးသားတွေ ဖြစ်နေလို့နှမြောကလည်း နှမြော၊ ပစ်ကလည်း မပစ်ရဲနဲ့ အတော်ကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါတောင် ခိုးချောင်ခိုးဝှက်နဲ့ ကုန်အောင်ပစ်ခဲ့သေးတယ်။

ရေခွက် နဲ့ သင်္ကြန်
ရေခွက်တွေကတော့ သင်္ကြန်ပေါင်းများစွာမှာ ရေခွက်ပေါင်းများစွာနဲ့ပေါ့။ သင်္ကြန်ပြီးရင် အိမ်ကရေခွက် မရှိတော့ပဲ။ ဘယ်ကရေခွက်တွေ ရောက်ရောက်လာမှန်းကို မသိတာ။ :)

ရေပုံး နဲ့ သင်္ကြန်
လူပျိုလေးဝင်လာတော့ ရေခွက်လုံးဝ မကိုင်တော့ဘူး။ ရေလည်း မပက်တော့ဘူး။ လောင်းစရာရှိ ကောင်မလေးတွေကို ရေပုံးလိုက်ကိုင်ပြီး ရေခဲရည်နဲ့ ခေါင်းကနေလောင်းချတာ။ ဝါတဏှာပေါ့လေ။ :)

ဆိုင်ကယ် နဲ့ သင်္ကြန်
ရေပုံးနဲ့ ရေလောင်းလို့ ဝရင် ဆိုင်ကယ်နဲ့ ဖလန်းဖလန်း လုပ်ကြပါတယ်။ ဖလန်းဖလန်း အလုပ်ကောင်းလို့ ခဏခဏတိုက်တာတွေ၊ မှောက်တာတွေဖြစ်လို့ တစ်နှစ်ဆိုရင် အတက်နေ့တောင် မကဲလိုက်ရဘူး။ ဘယ်ဘက်လက်ကို ကျောက်ပတ်တီးလေးကိုင်ပြီး လည်ပင်းမှ ဆွဲထားလိုက်ရတယ်။ ဒါတောင် နေ့လည် နေ့ခင်း ရေမပက်တဲ့ အချိန် မြို့ထဲ တစ်ပတ်ပတ်လိုက်သေးတယ်။

ဂျစ်ကား နဲ့ သင်္ကြန်
Just Emergency & Economy Process တဲ့ ဗျ။ ရွှေမြန်မာတွေ လက်ထဲလည်းရောက်တော့ JEEP လည်း သင်္ကြန်ကားဖြစ်သွာတယ်။ တော်လိုက်ကြပုံများနော်။ ဗီလိန်တို့လည်း သူများတွေကို အားကျပြီး ဂျစ်ကားနဲ့ လည်လိုက်တာ ကောင်းလိုက်တဲ့ ဂျစ်ကား။ ရှေ့ဘီးတစ်လုံး ကျွတ်ထွက်သွားတာ ကံကောင်းလို့ မသေတယ်။

မဏ္ဍပ် နဲ့ သင်္ကြန်
၂၀၀၇ သင်္ကြန်တုန်းက ရန်ကုန်ရွှေမြို့တော်ကြီးမှာ မဏ္ဍပ်ထိုင်မယ်ပေါ့ဆိုပြီး ဘော်ဒါတွေနဲ့ ကဲလိုက်တာ အရှိန်လေးကလည်းကောင်း အဖွဲ့လေးကလည်းတောင့်တောင့်နဲ့ ဆိုတော့ သက်ဆိုင်ရာလေးတွေကို ရိသဲ့သဲ့လာလုပ်တဲ့ အဖွဲ့နဲ့ Battle ဆိုင်လိုက်တာ အချုပ်ထဲကို ရောက်တော့တာပဲ။ အမေလာထုတ်လို့ ညမအိပ်လိုက်ရတာ ကံကောင်းတယ်။ ဒါမျိုးဆို အမေက စိတ်ချရတယ်။ သူက ပြောထားပြီးသား သားရန်မဖြစ်စေနဲ့၊ ရှောင်မရလို့ ဖြစ်လာရင်လည်း မခံရစေနဲ့ တဲ့အချုပ်ထဲဆို ဘယ်လောက်ကုန်ကုန် လိုက်ထုတ်မယ်၊ ဆေးရုံဆိုရင်တော့ လုံးဝလာကြည့်မှာ မဟုတ်ဘူးတဲ့လေ။ တော်သေးတာပေါ့ ဆေးရုံမရောက်ပဲ အချုပ်ထဲရောက်လို့ :) ဒါနဲ့ပဲ ၂၀၀၈ သင်္ကြန်ကျတော့ အဖော်ကလည်း မရှိတာကတစ်ကြောင်း၊ အလျင်းမသင့်တာက တစ်ကြောင်း သင်္ကြန်ရက်တွေ ဂိမ်းဆိုင်မှာပဲ DotA ဆော့နေလိုက်တော့တယ်။ :)

၂၀၀၉ သင်္ကြန်ကတော့ စင်္ကာပူ သင်္ကြန်ပေါ့ဗျာ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းမှာ အလှူသွားစားပြီး နေ့လည်ကို စင်္ကာပူ သင်္ကြန်ပွဲသွားတယ်။ ညနေရောက်တော့ ကိစ္စလေးတစ်ခုပေါ်လာတာနဲ့ ဓမ္မစင်္ကြာရွတ်ဖို့ ဘုန်းဘုန်းကို လျှောက်ခဲ့တာတောင် ပြန်မသွားဖြစ်ခဲ့ဘူး။

ကိုဂျူလိုင်ရေ့ ဘာရယ်တော့ မဟုတ်ဘူးဗျာ။ ရေးတော့ ရေးလိုက်တာပဲ။ ဒီလောက်နဲ့ ပဲကျေနပ်ပေးပါနော်။

Snap Shot 2!!

သတိ ။ ။ လှေမလှော်ရ။
(စင်ကာပူမြို့တော် စည်ပင်သာယာရေးကော်မတီ) 8 April, 2009


သတိ ။ ။ ငါးမမျှားရ။
(စင်ကာပူမြို့တော် စည်ပင်သာယာရေးကော်မတီ) 2 April, 2009

Human & Dog

A: HUMAN!!!!
B: Yes, it's a human.
A: I don't think so. it's a dog.
B: Believe it or not, it's a human.
A: You mean... I......... I. Am I also a ................

Villain

ဖူးရုံကြွေ

ဖူးတုန်းကတော့ ပွင့်ဖို့ပါ
ချစ်သူနမ်းဖို့ပေါ့
ချစ်သူရယ်....
မင်းနောက်မကျခဲ့ပါဘူး
ငါကသာ အကြွေစောခဲ့တာပါ။

ဗီလိန်

ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး

သူငယ်ချင်းဖိုးဂျယ်က တဂ်ပါတယ်။ ဒီတဂ်အတွက်က သိပ်ပြီးထွေထွေထူးထူး ရေးစရာ မလိုပါဘူး။ ကျနော်အကြိုက်ဆုံးတွေကို Sidebar က ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး ဆိုတဲ့ နေရာမှာ ဖော်ပြထားပြီးသားပါ။ ဒီနေရာမှာ ပရိသတ်အကြိုက် နဲ့ ကျနော့ အကြိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

ပရိသတ်အကြိုက်ဆုံးကတော့ တော်တော်များများ ဖတ်ဖူးကြမှာပါ။ မလွမ်းပါဘူး ဆိုတဲ့ ကဗျာလိုလို စာတူလေးတွေပါ။ ဘလော့ တော်တော်များများမှာ ဖော်ပြခံရပေမယ့် ကျနော့ နာမည်မပါပါဘူး။ ဒီကဗျာကို စာဖတ်သူတွေက Forword မေးလ်တွေ ပို့ကြပေမယ့်လည်း ကျနော့နာမည်တော့ မပါသွားခဲ့ပါဘူး။ စိတ်မကောင်းမိတာအမှန်ပါ။ တစ်ပတ်လည်လို့ ကျနော့ဆီပြန်ရောက်လာတဲ့ အထဲမှာ မူရင်းအတိုင်းနဲ့ရော (ဗီလိန် နာမည်မပါပါ။)၊ PDF အနေနဲ့ရော၊ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် ဆိုတဲ့ စာကြောင်းကို အပေါ်ဆုံးမှာထားပြီး ခေါင်းစဉ်ကိုပါ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် လို့ ပြောင်းပြီးတော့ရော ရောက်လာခဲ့ဖူးပါတယ်။ Google မှာ ကဗျာထဲက စာတစ်ကြောင်းလောက်ကို ကော်ပီ လုပ်ပြီး ရှာကြည့်တာ ဒီကဗျာကို ဖော်ပြထားတဲ့ ဘလော့တွေ၊ ဖိုရမ်တွေ စုစုပေါင်း ၄ မျက်နှာလောက်ရပါတယ်။ ဒါပေမယ့် ကျနော့ အမည် ဗီလိန် ဆိုတာ ဘယ်မှာ မှမပါပါဘူး။ ကျနော် မဏ္ဍပ်တိုင်တက်ပြနေတာ မဟုတ်ပါဘူး။ ကျနော့ ခံစားချက်ကို ဘလော့ဂါအပေါင်း နားလည်နိုင်ကြလိမ့်မည် ထင်ပါသည်။

ဒီတဂ်လေးက အဲဒါလေးအတွက်တော့ သိပ်ကို တန်ဖိုးရှိပါတယ်။ ကိုဟန်သစ်ငြိမ်းရဲ့ တိရစ္ဆာန်မေတ္တာ Letter ပို့စ်ဆိုရင်လည်း Forword ကနေဖတ်ဖူးပေမယ့် ကိုဟန်သစ်ငြိမ်းရဲ့ စာမှန်းမသိခဲ့ပါဘူး။ ဒီတဂ်လေးကို ဖြေတဲ့သူတွေထဲမှာ Forword မေးလ်ထဲက ရေးသူမူပိုင်တွေကို သိခွင့်ရပြီး တန်ဖိုးရှိပို့စ်တွေ ပြန်ဖတ်ခွင့်ရတဲ့ အတွက် စပြီး တဂ်တဲ့ သူကို အထူးပဲကျေးဇူးတင်ပါတယ်။

ကျနော့ရဲ့ မလွမ်းပါဘူးဆိုတဲ့ ကဗျာအကြောင်းဆက်ပြောရရင် အိပ်မက်များမှာ လည်း ဒီပို့စ်ကို တစ်ခါတင်ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ရွှေတိဂုံနဲ့ စင်္ကာပူက မျိုးမစစ်တဲ့ ခြင်္သေ့ရုပ်နဲ့ မနှိုင်းကောင်းဘူးလို့ မေ၁၅ ဆိုတဲ့ စာဖတ်သူတစ်ယောက်က ကော်မန့်မှာ ရေးသွားပါတယ်။ ကျနော့ကတော့ နိုင်ငံအမှတ်အသားတစ်ခု အနေနဲ့ရေးတာပါ။ သာသနာတော်ကို ကျုပ်အသက်နဲ့ ထပ်တူချစ်ပါတယ်။ နှိုင်းကောင်းတယ် မနှိုင်းကောင်းဘူးဆိုတာ လူ့စိတ်ပါပဲ။ နှလုံးသားထဲမှာ ရတနာသုံးပါးကို တန်ဖိုးထားတတ်ဖို့ပဲ လိုတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရွှေတိဂုံ၊ စင်္ကာပူမှာ merlion, ပြင်သစ်မှာ Paris မျှော်စင်၊ ဂျပန်မှာ ဖူဂျီမီးတောင်။ ကမ္ဘာမှာ မြန်မာဆိုရင် ရွှေတိဂုံနဲ့ ပုဂံကိုပဲ ပြေးမြင်ကြတာပါ။ အဲဒီတုန်းက တုံ့ပြန်မှုတွေ လွန်သွားခဲ့တယ် ဆိုရင် တောင်းပန်ပါတယ်။ သာသနာတော်နဲ့ ပတ်သတ်လို့ Psycho လေးရှိလို့ပါ။

မလွမ်းပါဘူး ကဗျာလေးကို ပြန်လည်ခံစားကြည့်ပေးပါ။

မလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့
၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့
854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

ဗီလိန်

အောက်တိုဘာ ၁၅ ရက်နေ့က ရေးတဲ့ မလွမ်းပါဘူး ကဗျာလေးပါ။

-------------------------------------------------------------------------

နောက်တစ်ခု ဖတ်စေချင်တာက ရင်ထဲကရွှေ ဆိုတဲ့ ကဗျာလေးပါ။ ကော်မန့်မှာ ရေးခဲ့တဲ့ ကျနော့ရဲ့ တံခါးခေါက်စရာမလိုတဲ့ အမာခံ စာဖတ်သူ Khantနဲ့ ဆွေးနွေးချက်လေးကိုပါ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ရင်ထဲကရွှေ

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

တချို့က သာယာ တချို့က မာယာနဲ့ပေါ့
တချို့က ရုန်းကန် တချို့ကလည်း အပြုံးပန်နေကြရော့ပေါ့
အင်ဂျင်နီယာ ဒေါက်တာကစလို့
မြေတူး ပန်ကန်ဆေး ဘဝပေးလည်းကြမ်းခဲ့ပါပြီ။
လက်ညောင်းအောင် ရုန်းရလို့လဲ ဇွဲမလျှော့နဲ့
တိုက်ပြောင်းအောင် အဆင်ပြေလဲ ဘဝမမေ့နဲ့
နေစရာမရှိလို့လည်း အားမငယ်နဲ့
ပီအာရ်ရလို့လဲ မာန်မတက်နဲ့
သူ့နိုင်ငံကို ကျေးဇူးတင်ရင်တောင်
ကိုယ်တိုင်းပြည်ကိုတော့ ကျေးဇူးမမေ့ပါနဲ့
တောင်းပန်ချင်ပါတယ်
အတန်းမတက်ခင်
ရွတ်ခဲ့တဲ့ ကမ္ဘာမကြေကိုတော့
တန်ဖိုးထားပေးပါ
သေချာတယ် မင်းဟာ မြန်မာ

မြန်မာမှန်းမသိအောင် ဝတ်လို့ရမယ်
မြန်မာမှန်းမသိအောင် နေလို့ရမယ်
မင်းတို့အတွက် ငါ့ရင်နာတယ်
ငါ့ဘယ်ဘက်ရင်အုံကို
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဗီလိန်

အောက်တိုဘာ ၂၈ ရက်နေ့က ရေးထားတဲ့ ရင်ထဲကရွှေ ကဗျာလေးပါ။

Khant said...
ဆွေးနွေးပေးပေါ့လို့ ရေးထားပေမယ့် မဆွေးနွေးရဲပါဘူး။ ဒါပေမယ့် တော်တော်စိတ်ဆိုးနေတဲ့ပုံပဲ။ အမှားပါလျှင်လည်း ကတ်သီးကတ်သတ် အတွေးအခေါ်လေး တစ်ခုလို့ တွေးပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ အရင်က ရွှေမြန်မာတွေ၊ ရွှေတွေဆိုတဲ့ စကားတွေနဲ့ မရင်းနှီးခဲ့ပါဘူး။ ခြေရာခွက်လေး ထဲမှာပဲ လိုအပ်ချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အတ္တတွေကို မချိုးနှိမ်နိုင်တော့လို့ အပြင်ထွက်ခဲ့တော့မှပဲ ဒီရွှေဆိုတာနဲ့ ဆုံခဲ့ရပါပြီ။ ရွှေလို့ဆိုတာ နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်ဟာ ဘုရားမှာကပ်တဲ့ ရွှေ ၊ အမြတ်တနိုးနဲ့ ၀တ်ဆင်ရတဲ့ ရတနာလို့ တွေးမိပါတယ်။ ဒါပေမယ့် အဲဒီ ရွှေကို ခြေထောက်မှာလည်း ၀တ်ဆင်တတ်သေးကြောင်း မမေ့သင့်ပါဘူး။ ရွှေ ရွှေ ဆိုတိုင်း ဘယ်လို အဆင့်မှာ ရှိသလဲလို့ အမြဲတမ်း တွေးမိပါတယ်။ တခါတခါ အမှားလုပ်မိရင် ကိုယ့်ကိုကိုယ် ရွှေမြန်မာလို့ မပြောချင်ပါဘူး။ ငါးခုံးမ တစ်ကောင် မဖြစ်ချင်သူတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာဖြစ်ရတာကို မြန်မာလူမျိုးတွေမှ ဂုဏ်မယူရင် ကမ္ဘာမှာမြန်မာလူမျိုး ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။

ကဗျာကို တော်တော် ကြိုက်ပါတယ်။ အတွေးအခေါ်လည်း ကောင်းပါတယ်။ ဒီလိုရေးလို့ ခါသာပိတ်တစ်အုပ်တော့ လက်ဆောင်မပေးနဲ့နော်။ အခြေအနေ မပေးသေးလို့ ရွှေခြေကျင်းဘ၀ ရောက်နေရသူများအား ကိုယ်ချင်းစာပေး နိုင်မယ် ဆိုရင် ရင်ဘတ်ကို တဒုန်းဒုန်း ထုစရာမလိုတော့ဘူး လို့ထင်ပါတယ်။ တစ်ပါးသူရဲ့ သိမ်ငယ်စိတ်ကိုပါ နားလည်ပေးနိုင် စေချင်ပါသည်။

ဗီလိန် said...
သိမ်ငယ်ရတာ။ အထင်သေးခံရတာ။ အနှိမ်ခံရတာက အားလုံးပါပဲ။ ဘဝမေ့တဲ့သူတွေကို ဆိုလိုချင်တာလည်းပါပါတယ်ဗျာ။ အားလုံးကတော့ ရုန်းကန်နေကြရတာပါပဲ။ အနှိမ်ခံရမှာစိုးလို့ အခြေအနေအရ မပြောတာမျိုးကို နားလည်ပေးနိုင်သလို၊ ပြဿနာတစ်ခုခုပေါ်လို့ ကိုယ့်နိုင်ငံ သိက္ခာကျမှာ စိုးလို့မပြောတာမျိုး ဆိုရင်လည်း ဂုဏ်ယူပါတယ်။

အထူးသဖြင့် ရွှေ၊ ရွှေ ချင်းတွေ့ရင်တော့ ဒီအခြေအနေတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ရွှေ ရွှေ ချင်းတွေ့ရဲ့သားနဲ့ ရွှေလို စကားမပြောတာတို့။ ဒီမြေမှာမွေး ဒီရေသောက်ပြီး ကြီးလာတဲ့ သူတစ်ယောက်က ကိုယ်တိုင်းပြည်ကို စော်ကားတဲ့စကားမျိုး ပြောတာ တို့ကတော့ ကျနော် ဘယ်လိုနားလည်ပေးရမလဲဗျာ။

အစိုးရမုန်းတာ နဲ့ တိုင်းပြည်ချစ်တာ မတူသလို
နိုင်ငံတော် ပုန်ကန်မှု နဲ့ နိုင်ငံတော် သစ္စာဖောက်မှု ကလည်း တူသယောင်နဲ့ လုံးဝ(လုံးဝ) ကြီး ဆန့်ကျင်နေပါတယ်ဗျာ။

-------------------------------------------------------------------------

နောက်ထပ် ကျနော် အကြိုက်တွေကတော့ ဘေးမှာဖော်ပြထားပြီး အတိုင်းဖြစ်တဲ့
သာသနာ့ခံတပ်
မလွမ်းပါဘူး
ထမင်းဗူး
ကျမ နှင့် ဆေးကျောင်းသားလေး
ပုလင်းတစ်လုံး၏ ရင်ဖွင့်သံ
သူတောင်းစားမနှင့် အပျော်မယ်
မနက်ခင်း ဘုံလောင်းတစ်ခု
ရင်ထဲကရွှေ
အိုဘယ့် ငရမန်ကန်း
စတဲ့ ပို့စ်တွေပါပဲ။ ဒါတွေကိုတော့ ပို့စ်အရမ်းရှည်သွားမှာမို့ ပြန်တင်မပေးတော့ပါဘူး။ သက်ဆိုင်ရာ လင့်ခ်မှာ သွားရောက် ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ။

ဗီလိန်

ဆန်ခြင်း

ရေဆန်ကို ချော်ကာနှင်
အပြင်းရယ်လှော်
မင်းမဟော် မကယ်နိုင်ပါဘု
ရူးမယ့်ဖြစ်ချင်း....

ဗီလိန်

Snap Shot 1!!

သတိ ။ ။ ငါးမမျှားရ။
(စင်ကာပူမြို့တော် စည်ပင်သာယာရေးကော်မတီ)

ဒီစနေ

ဒီစနေ
နေဖင်ထိုးအောင်မက
နေဝင်သွားအောင် အိပ်မယ်
မသေခင်တစ်ရက်
ဝေဟင်ထက်မှာ............

ဗီလိန်

ပြန်လည်တောင်းပန်ခြင်း

ငယ်ငယ်လေးကတည်းက အခုအချိန်အထိ သူများ ပစ္စည်းဖွက်ပြီး မနောက်ဖူးပါဘူး။ သူများ စိတ်ဒုက္ခရောက်အောင်၊ ဝမ်းနည်းအောင် မကျီစယ်ဖူးပါဘူး။ သူများကို အရူးလည်း မလုပ်ဖူးပါဘူး။ ဒါပေမယ့် ကျနော့ရဲ့စာဖတ်သူတွေကို အချစ်စမ်းချင်လို့ ဧပရယ်လ်ဖူးလ်မှာ နောက်လိုက်တာပါ။ အားလုံးကို တောင်းပန်ပါတယ်။ ဗီလိန်ဘာမှမဖြစ်ပါဘူး။ (ဘာမှမဖြစ်ဘူးဆိုပေမယ့် ပြဿနာလေး နည်းနည်းတော့ ရှိပါတယ်။)

အချစ်စမ်းတယ်ဆိုတဲ့အပြင် ပညာစမ်းတာလည်းပါပါသေးတယ်။ ဒါပေမယ့် မနက်ပိုင်းလောက်ပဲ မိကြပါတယ်။ နေ့လည် လောက်ရောက်တော့ ဘလော့ တော်တော်များများကလည်း ဧပရယ်ဖူးလ်နေကြတော့ အားလုံးရိပ်မိကုန်ကြပါတယ်။ အစကတည်းက ရိပ်မိအောင်လို့ Hint တစ်ခုပေးထားပါတယ်။ အဲဒါကတော့ April 1 (April Fool Day) ဝင်ဝင်ချင်း ည ၁၂ နာရီ တိတိမှာ ပို့စ်တင်ထားတာကို မှန်းတတ်တဲ့သူက မှန်းလို့ရပါတယ်။ အချစ်စမ်းတယ်ဆိုပေမယ့် စိတ်မကောင်းတာတော့ အမှန်ပါ။

တောင်းပန်ပါတယ်။ အချစ်စမ်းကြည့်တာပါ။ :D

ဗီလိန်

ဗီလိန် နှုတ်ဆက်ခြင်း

ကျနော်ဟာ လူဖြစ်ပါတယ်။ လူတောင်မှ ပုတုဇဉ်ပါ။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ တစ်ခုမှ မကင်းပါဘူး။ လောဘကြီးသလို ဒေါသလည်းကြီးပါတယ်။ မြန်မာပြည်မှာကတည်းက အရပ်တကာလှည့်ပြီး ဘဝမျိုးစုံ ကျင်လည်ခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင် အသီးသီးမှာ နေရာယူခဲ့ဖူးပါတယ်။ နိုင်ငံတကာမှာတော့ မကျင်လည်ခဲ့ဖူးပါဘူး။ တိုင်းတပါးဆိုလို့ စင်ကာပူကလွဲရင် ၃ ရက်လောက်သွားလည်တဲ့ မလေးရှားကိုပဲ ရောက်ဖူးပါတယ်။ မှန်မယ်ထင်ရင် အမေတောင် တားမရတဲ့ ကျနော် ဘာကိုမှလည်း ဂရုမစိုက်ခဲ့ပါဘူး။ ကျနော့ကိုယ်ကျနော် မှန်တယ်လို့ ခံယူပြီးမှန်းသိရင်လည်း အမေက မတားတော့ပါဘူး။ ငယ်ငယ်ကတည်းက မီးကိုကိုင်ရင် ပူမယ်လို့ ပြောတဲ့ အမေ့စကားကို နားမထောင်ပဲ မီးကိုကိုင်ကြည့်ပါတယ်။ အမေကလည်း လက်ကိုမဆွဲပါဘူး။ ပူသွားတော့မှ နားရွက်ကိုင်ဖို့ ပြောပါတယ်။

အခုလည်း မှန်မယ်ထင်တာကို လုပ်ခဲ့ပါပြီ။ ကျနော့ ပုဂ္ဂလိကအတွက် မဖြစ်သင့်ဘူးဆိုပေမယ့် လုပ်သင့်မယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပါပြီ။ နောက်တစ်ပတ် Good Friday နဲ့ အလှည့်ကျစနေပိတ်ရက် နဲ့ တိုက်ဆိုင်စွာ ဖြစ်နေပါတယ်။ သို့သော်... အဲဒီ့ခံစားခွင့် ကျနော့မှာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ Weekend မှာ ကျနော် စင်ကာပူနိုင်ငံမှာ ရှိမနေတော့ပါဘူး။ မြန်မာပြည်မှာ လမ်းဘေးပွဲစားတွေဖြစ်တဲ့ ဆိုက်ကားသမားနဲ့ ကွမ်းယာသည်တောင် ကိုယ့်စကားကိုယ်တည်တဲ့ သူတွေ၊ ပြောပြီးရင် ဖြစ်အောင်လုပ်တဲ့သူတွေ၊ ကိုယ့်စကားကိုယ်တန်ဖိုးထားတဲ့သူတွေ တပုံကြီးပါ။ Human Right မရှိဘူးလို့ ပြောနေကြတဲ့ မြန်မာပြည်။ ဘယ်နိုင်ငံမှာ ရှိပါလိမ့်။ ကျနော်မသိပါ။ သို့သော် အရှေ့တောင်အာရှတွင် နာမည်ကြီးလှပါချည်ရဲ့ ဆိုတဲ့ စင်ကာပူ။ အထင်ကြီးမှုတွေ နဲ့ နိုင်ငံကြီးသားတွေနဲ့ ဆက်ဆံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ချီတက်ခဲ့တဲ့ စင်ကာပူ။

ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား

ကဲပါလေ။ ဒါတွေ ထားလိုက်ပါတော့။ တောင်းပန်ချင်တာက ကျနော့ စာတွေလာဖတ်နေကြတဲ့ စာဖတ်သူအပေါင်း၊ ဘလော့ဂါအပေါင်း။ သူငယ်ချင်းတွေ အားလုံးကို ဒီနေရာကနေပဲ နှုတ်ဆက်ပါတယ်။ တစ်ခါတည်းပဲ ဒီဘလော့လေးကိုပါ နှုတ်ဆက်ပါတယ်။ စာဖတ်သူတွေကို အတွေးမှားတွေ ပေးခဲ့တဲ့ ဗီလိန် အပြစ်တွေလည်း မနည်းတော့ပါဘူး။ ရေးချင်ရာရေးပြီး လုပ်ချင်ရာလုပ်ခဲ့တာကို ဂရုတစိုက် လာရောက်ဖတ်ပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင်လည်း မဟုတ်ကဟုတ်ကတွေ တွေးပြီး အရာရာကိုပြောင်းပြန်တွေးနေတဲ့ ဘုကလန့် ဗီလိန်တစ်ယောက် ဘလော့ဂါလောကမှာ မရှိတော့ပါဘူး။

*အားလုံးကို ကျေးဇူးတင်ပါတယ်။*