မြေခွေး

မမိုက်ရိုင်းတတ်ပါဘူး။
ကောက်ကျစ်စွာ ယုတ်မာတတ်ရုံပါ။
မြေခွေးတော့ မြေခွေးပဲ
ဒါပေမယ့် ဘို့နဲ့
ဘို့တောင်မှ တစ်လုံးတည်းရှိပြီး
လိပ်လို ယက်တတ်တဲ့မြေခွေး။

သိပ်လည်း မကြောက်ကြပါနဲ့
ခင်ဗျားတို့ လူတွေလောက်တော့ ဆိုးမယ်မထင်ပါဘူး။

ဗီလိန်

ပြီးဆုံးသွားသော ဒိုင်ယာရီ (နောက်ဆက်တွဲ)

မနက်ကအထိတော့ နန်းလေးပျော်ရွှင်နေတုန်းပါပဲ..........။ အခုကော? အခုကလား။ စိတ်တိုနေတယ်။ ဘယ်သူ့ကိုလည်း ဆိုတော့ ဘယ်သူကမှာလဲ နန်းလေးရဲ့ ချစ်သူ ကို့ကိုပေါ့။

ကန်ဘောင်မှာ အအေးတစ်လုံးမှာပြီး စောင့်နေတာ တော်တော်ကြာသွားပြီ။ ချိန်းထားတဲ့အချိန်ကို နာရီဝက်ကျော်သွားပြီ။ ရောက်မလာသေး။ ဒီနေ့ နန်းလေးနဲ့ ကိုနဲ့ ချစ်သူဖြစ်ခဲ့ကြတာ ၃ နှစ်ပြည့်ပြီ။ ၃ နှစ်ပြည့်လက်ဆောင် အတွက် ဘာပေးမှာလဲ။ ရေမွှေးလား၊ ပန်းစည်းလား။ ဒါမှ မဟုတ် ရင်ထိုးလှလှလေးလား။ ဒီလိုအတွေးတွေ တွေးမိရင် နောက်ကျလို့ စိတ်တိုနေတဲ့ စိတ်က ဘယ်ရောက်သွားမှန်းမသိဘူး။ ဘာပဲဖြစ်ဖြစ် လာတော့မှ စိတ်ကောက်ပစ်လိုက်ဦးမယ်။ ချော့စမ်းပါလေ့။ ဟဲဟဲ တွေ့ကြသေးတာပေါ့ ကိုရယ်။ ဒီနေ့တော့ နန်းလေးလိုချင်တာ လုပ်ပေး။ မပေးလို့ကတော့ တစ်ပတ်လောက်ကောက် ပစ်လိုက်ဦးမယ်။ တစ်ပတ်.... အင်း တစ်ပတ်ဆိုတော့ နည်းနည်းများသွားမလားမသိဘူး။ ၅ ရက်...... မနေနိုင်ပေါင်။ ၃ ရက်... ဟုတ်ပြီ။ ၃ ရက်လောက်တော့ တင်းခံထားဦးမယ်။ တင်းမခံနိုင်တော့လည်း ပြန်ခေါ်လိုက်ရုံပေါ့။ ကြာလိုက်တာ။ စဉ်းစားရင်းနဲ့ ဒေါသက ထွက်လာပြီ။ ဒီနေ့မှ ဖုန်းကလည်းပါမလာ။ လမ်းဘေးဖုန်းကို ထဆက်ပြန်တော့လည်း ဒီဆိုင်မှာက ထိုင်လက်စ ထပြီးသွားရင် ပြန်ထိုင်ဖို့ဆို အအေးက နောက်တစ်လုံးမှာရဦးမယ်။ မသောက်နိုင်တော့ဘူး။ ဆက်စောင့်လိုက်ပါဦးမယ်လေ။ အိပ်ပျော်နေလားမသိ။ နောက်ထပ်နာရီဝက် ထပ်ကြာသွားတယ်။ ရောက်မလာသေးဘူး။ တော်ပြီ။ ထပ်မစောင့်နိုင်တော့ဘူး။ ပိုက်ဆံရှင်းပြီးပြန်တော့မယ်။ ဖုန်းလည်းမဆက်တော့ဘူး။ အိမ်အထိသာ လိုက်ချော့ပေတော့။

အင်းယားကန်ဘောင်တလျှောက် တစ်ယောက်တည်း လျှောက်လာလိုက်တယ်။ သူများတွေများ အတွဲလေးတွေကိုစီနဲ့။ ထွက်နေတဲ့ ဒေါသက ပိုပိုပြီးထွက်လာတယ်။ ဒီလောက်တောင် ချစ်သူအပေါ် ဂရုမစိုက်ရကောင်းလား ဆိုပြီး အားမလိုအားမရဖြစ်မိတယ်။ ကန်ဘောင်က လှေကားထစ်လေးတွေကနေ ဆင်းပြီး တံတားဖြူ ကားမှတ်တိုင်မှာ ၅၁ စောင့်နေလိုက်တယ်။ ကားကလည်းတော်တော်နဲ့ ရောက်မလာဘူး။ တချက်တချက် ကန်ဘောင်ပေါ်ကို လှမ်းလှမ်းပြီး ကို့ကို တွေ့နိုးနိုးနဲ့ ကြည့်နေမိတယ်။ ကန်ဘောင်တစ်လျှောက် ကောင်လေးတစ်ယောက် ပြေးလာတာတွေ့တော့ ကိုများလားလို့ ရှပ်အင်္ကျီအဖြူကွက်နဲ့ ဆိုတော့ ကိုမဖြစ်နိုင်ဘူး။ ကိုက ဒီနေ့ နန်းလေးဝယ်ပေးထားတဲ့ တီရှပ်အပြာလေးကို ဝတ်လာမှာတဲ့။ ကားကလည်း ကြာလိုက်တာ။ ဒါပေမယ့် ကြာတာလည်း ကောင်းပါတယ်လေ။ ကိုလာရင် မီလိုမီငြားပေါ့။ ဒီနေ့မှ ၅၁ က ဘာလို့ များ ဒီလောက်တောင် ကြာပါလိမ့်။ နာရီဝက်နီးပါးလောက် ကြာတော့မှ တစ်စီးရောက်လာတယ်လေ။ အားပါးပါး ကားက ကြပ်မှကြပ်။ မတတ်နိုင်ဘူး။ စီးရမှာပဲ။ အိမ်က ၈မိုင်မှာမလို့သာ တော်တော့တယ်။ မှော်ဘီလောက်သာဆို အသက်ပါထွက်သွားနိုင်တယ်။

အိမ်ပြန်ရောက်တော့ ကို့ဆီက ဖုန်းများလာမလားလို့ မေးသေးတယ်။ မလာဘူး။ Nokia ဖုန်းလေးကို ခေါင်းအုံးဘေးမှာ ချပြီး ကို့အကြောင်းတွေ တွေးနေရင်းနဲ့ အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ပါဘူး။ ဖုန်းသံကြားတော့မှ နိုးလာတယ်။ မြို့ထဲက ဖုန်းနံပါတ်နဲ့။ ဒါဆို အကြောင်းတစ်ခုခုနဲ့တော့ မြို့ထဲရောက်နေပြီ။ ဆင်ခြေတွေပေးတော့မယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းကိုကိုင်လိုက်တော့ ကို့အသံမကြားရဘူး။ မမို့ အသံ။ မမို့ဆိုတာ ကို့ရဲ့တစ်ဦးတည်းသောအစ်မ။ ယောင်းယောင်းလောင်းပေါ့။ ဒါပေမယ့် မမို့အသံတွေက တုန်နေတယ်။

ရှင်.........................
ရှင်လို့ ပြောလိုက်တဲ့ ပါးစပ်တောင် ပြန်မပိတ်နိုင်တော့ဘူး။ ကိုယ့်ကိုကိုယ် ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ သတိတချက် ပြန်ဝင်လာတော့ ကြမ်းပြင်ပေါ်က ဘတ္ထရီ ကျွတ်သွားတဲ့ Nokia ကိုတောင် ပြန်မကောက်နိုင်တော့ဘူး။ တက္ကစီပေါ်မှာ တရှိုက်ရှိုက်နဲ့ ငိုနေရင်း အင်းယားကန်က ပြန်အလာ ၅၁ပေါ်က စပယ်ယာရဲ့ စကားသံတချိုကို ကြားယောင်နေမိတယ်။ “....တုတ်ကြီးကတော့ လုပ်လိုက်မှဖြင့်ဗျာ..... ကောင်လေးက သနားပါတယ်....ခေါင်းတောင်ကြေသွားတယ်..... မြင်မကောင်းဘူး..... ” အဲဒီ့တုန်းကတော့ အမှတ်တမဲ့ပေမယ့် အခုတော့... အခုတော့...............။

ဟိုမှာ ကို့အမေကို တွေ့ပြီ။ အရူးတပိုင်းဖြစ်နေတဲ့ အန်တီမေနဲ့ မမို့၊ ကို့အလောင်းကို ဘယ်သူ့ကိုမှ ပေးမကြည့်ကြဘူး။
“မယုံဘူး.............. မယုံဘူး.................... ငါမကြည့်ရရင် မယုံဘူး။ ငါ့ကိုပေးကြည့်ကြပါ။”
ခေါင်းတသွင်သွင်ခါပြီး အော်ဟစ်နေမိတယ်။ ရှက်ရကောင်းမှန်းတွေ ဘာတွေလည်း မသိတော့ပါဘူး။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်နိုင်တော့ဘူး။ စိတ်တိုင်းကျအော်ဟစ်ပြီးတော့ အုပ်ထားတဲ့ အလောင်းကို စိုက်ကြည့်နေမိတယ်။
“ကိုရယ်... ကိုအိပ်နေတာမလားဟင်။ ပြန်ထလာမှာနော်။ ထလာပါကိုရယ်။ နန်းလေးကို ထကြည့်ပါဦး။ ကိုကလည်း အိပ်ပုတ်ကြီးလိုက်တာ။ ထတော့လေ ကိုရဲ့... ထတော့.....။ နန်းလေးတို့ ပြန်ကြရအောင်နော်။ နော်လို့နော်။”
အန်တီ့ လက်ထဲက ကို့ ဒိုင်ယာရီကို ယူပြီးကြည့်လိုက်တယ်။ ဒိုင်ယာရီထဲမှာ ကိုက နန်းလေးကိုပြောမယ့် လက်ထပ်စကား.......

“ငါလေ.. နင် ပန်းရောင် ဂါဝန်လေးဝတ်ပြီး ကနေတာ စမြင်ကတည်းက.. ငါ့ရင်ထဲမှာ ပန်းရောင် နှင်းဆီပန်းခင်းတစ်ခု ပျိုးထောင်ခဲ့တာပါ...ဘာလို့ လဲဆိုတော့.. ငါလေ.. ငါလေ..အဲဒီအချိန်ထဲက နင့်ကို ချစ်နေခဲ့တာပါဟာ...”

====================================================
တစ်ချိန်က သူငယ်ချင်း နန်းစုသက်နဲ့ တွဲဖက်ရေးသားထားတဲ့ ပြီးဆုံးသွားသော ဒိုင်ယာရီ ကို ပြန်ဖတ်မိပြီး ပြန်လည်ခံစား ပေးလိုက်ပါတယ်။ နန်းစုသက်ရဲ့ ဘလော့က ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ပျက်သွားတဲ့ တခြမ်းကို ကျနော်ကပဲ ပြန်ဆက်လိုက်ပါတယ်။

ဗီလိန်

ရှက်ကြည့်

နင်မရှိ
နင်မသိ
နတ္ထိတန်ကို
အရှက်မရှိဖန်
နင့်မျက်စိပြန်ကြည့်
နင့်မျက်ချေးရယ်မစင်
တက်စင်စင်ရှက်ဖွယ်ငုတ်တိ

ဗီလိန်

အမေ့ထံ အတင်းပြောစာ

မေကြီးရေ

ပြီးခဲ့တဲ့ အခေါက်က အမေပို့တဲ့ အီးမေးလ်ကို သားစာပြန်လိုက်တယ်။ သားနေကောင်းတယ်။ အလုပ်လည်း အဆင်ပြေတယ်။ အမေ ခဏခဏပြောတယ်လေ။ ဗေဒင်တွေ မယုံနဲ့၊ ၂၁ရာစုမှာ ဒါတွေ မလိုဘူးတဲ့လား အမေရယ်။ သားစီနီယာက သားကို ဖုန်းရွှေ ပညာနဲ့ ဘယ်လိုနေ ဘယ်လိုထိုင် လာပြောနေတယ်။ အဲလိုမနေရင် ခိုက်တတ်တယ်။ အဲလိုမထိုင်ရင် ပိုက်ဆံ ထွက်တတ်တယ်တဲ့ အမေရယ်။ ရတနာသုံးပါး ရင်ထဲရှိရုံနဲ့ ဘယ်အရာမဆို အောင်မြင်မှန်း သားဘဝတလျှောက်လုံး ကြုံခဲ့ပေမယ့် အပိုစကားမပြောချင်လို့ သူ့အကြိုက်လိုက်ပြီး နေနေလိုက်တာ ခွင့်လွှတ်နော် အမေ။ သူ့အလစ်မှာတော့ နေချင်သလို နေနေတာ သူမသိရှာဘူးပေါ့။

နောက်တစ်ခု ပြောရဦးမယ်အမေ။ ဒီနိုင်ငံမှာလေ ကွမ်ရင်မယ်တော်ကြီး ဆိုတာရှိတယ်။ စင်္ကာပူရောက်ရင် သူ့ဆီ သွားပြီး ဂါရဝ ပြုရတယ်ဆိုလို့ ကြောက်ကြောက်နဲ့ သွားပြီးတော့ ဂါရဝ ပြုလိုက်ရသေးတယ်။ အနန္တော အနန္တ ငါးပါးကလွဲရင် ဘယ်သူ့ကိုမှ မကန်တော့ဘူးတဲ့သား။ ကွမ်ရင်မယ်တော်ကြီးကိုတော့ လက်အုပ်မချီပဲ လက်သီးလေး ဆုပ်ပြီး ကန်တော့သယောင် ဂါရဝ ပြုခဲ့တယ် အမေ။ ကုန်းချိကုန်းချိပေါ့။ နောက်ပြီး ရှိသေးတယ်သိလား။ အဲဒီ့ ကွမ်ရင်ကျောင်းမှာ စာချတဲ့ ဗေဒင်က အရမ်းမှန် ဆိုပဲ။ အမေက ဗေဒင်မယုံနဲ့ ဆိုလို့ သားကတော့ မမေးပါဘူး။ ဒါပေမယ့် ခေါ်သွားတဲ့သူက အတင်းချခိုင်းလို့ ချလိုက်တာ အဖြေက ဘာထွက်လာတယ် ထင်သလဲ။ Very Bad တဲ့ အမေရယ်။ ရေးထားလိုက်တာမှ အသက်ပါသေမယ့် အတိုင်း။ အလုပ်ရှာတုန်းက အကြောင်းတွေ ပြောရင် ကုန်ကိုမကုန်နိုင်ဘူးအမေ။ သူများတွေ မနက်စောစော ဂါထာအစုံရွတ်ပြီး ကြိုးစားနေတဲ့အချိန် သားကတော့ အိပ်ရေးဝခဲ့တယ်။ သားကတော့ ကိုယ့်ဘဝကို ဆက်လျှောက်ခဲ့တယ်။ စင်္ကာပူရောက်ကတည်းက ခုချိန်ထိ အဆင်မပြေတာ မရှိသလောက်ကို အဆင်ပြေခဲ့တယ်အမေ။ အဲဒါ ဘာကြောင့်လဲဟင်။ လောကဓာတ်ပညာတွေက သိပ်ကို ဆန်းကျယ်ပါတယ်။ သားဖြင့် နားတောင်မလည်နိုင်ဘူး။

ဆက်ပြောဦးမယ်အမေ။ စင်္ကာပူမှာ အလုပ်လာရှာရင် ဆန်တိုစာကို အရင် မသွားရဘူးတဲ့။ အလုပ်ရမှ သွားရတယ်တဲ့ အမေရယ်။ အမေပဲ စဉ်းစားကြည့်လေ။ တကယ်လို့ သားညံ့လို့ အလုပ်မရပဲသာ ပြန်ခဲ့ရရင် အဲဒီ့ ဆန်တိုစာ ဆိုတဲ့ နေရာကြီးကို သားမရောက်ဖူးပဲ ပြန်ရတော့မှာပေါ့။ မနေနိုင်ဘူးလေ။ သားသွားခဲ့တယ်။ ဓာတ်ပုံတွေတောင် အများကြီးရိုက်ခဲ့လို့ အမေ့ဆီတောင် ဓာတ်ပုံတွေ ပို့ပေးပြီးပြီ။ နောက်တစ်ခုက အက်စ်ပန်းဒစ်ကို သွားပြီးမှ ဆန်တိုစာကို သွားရတယ်တဲ့။ ပြောချင်တာကတော့ အမေရယ် ဆန်တိုစာသွားပြီးရင် ပြန်ဖို့ပဲရှိတော့တယ်တဲ့။ အလုပ်မရသေးပဲ ဆန်တိုစာသွားလိုက်ရင် အလုပ်မရပဲ ပြန်ရလိမ့်မယ်တဲ့လေ။ သားကတော့ အက်စ်ပန်းဒစ်က ခြင်္သေ့ သေးလို့ စန်တိုစာကို အရင်သွားတာပဲ။ သူငယ်ချင်းတွေ တားတာတောင် မရဘူး။ အမေ့သားလေ။ သိတယ်မလား။ လုပ်ချင်လာရင် ဘယ်သူတားတား တားမရတာ အမေသိပါတယ်။ တိုက်ဆိုင်တာလားတော့ မသိဘူး။ နောက်နေ့မှာပဲ အခုလုပ်နေတဲ့ အလုပ်ရဲ့ အင်တာဗျူးကို ဖြေခဲ့တာလေ။ စင်္ကာပူမှာ သားက ဗီလိန်ကြီးများ ဖြစ်နေပြီလား မသိပါဘူး အမေရယ်။ သူတို့လက်ခံထားတဲ့ အယူအဆတွေ သားနဲ့ကြမှ လွဲကုန်လို့လေ။

ဟိုတလောကလည်း တစ္ဆေကြီး ကန်တော့တဲ့လ ဆိုလားပဲ။ သူတို့ကပြောတယ်။ အဲဒီ့ တစ်လလုံး ငရဲတံခါးဖွင့်ပြီး တစ္ဆေတွေကို လူ့ပြည်ခေါ်သတဲ့။ အဲဒီ့ရက်ထဲပဲ အလုပ်များလို့ အလုပ်မှာ နည်းနည်း မိုးချုပ်သွားတယ်။ အလုပ်ထဲက အဖော်တစ်ယောက်နဲ့ တူတူပြန်လာတော့ လမ်းလျှောက်ရင်းနဲ့ သူကပြောတယ်။ စိတ်ထဲတမျိုးကြီးပဲတဲ့ ဆိုပြီး ဘာမှ မရှိတဲ့ လေဟာနယ်ကို တောင်းပန်နေသတဲ့ အမေရယ်။ အဲဒါ တစ္ဆေနဲ့ ဝင်တိုက်မိလို့ ဖြစ်လိမ့်မယ်တဲ့။ ဒါကြောင့် အဲဒီ့ တစ္ဆေကို ပြန်တောင်းပန်နေတာတဲ့ အမေရယ်။ သားဖြင့် ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရယ်ပါလေရော။ အဲဒါကို သူက စိတ်ဆိုးလို့ ၂ရက်လောက် စကားမပြောဘူး။ တယ်လည်း နားလည်ရခက်တဲ့ သူတွေပဲနော်။

ဒီတစ်ပတ်လည်း ရုံးပိတ်ရက်လည်း မနားရပါဘူး အမေရယ်။ အိမ်အောက်က မင်္ဂဆောင်ပေါ့။ လော်စပီကာ အကျယ်ကြီးဖွင့်ပြီးတော့ ဆောင်နေကြတာ အဘွားတို့ရွာက မင်္ဂလာဆောင်ကို သွားသတိရတယ်။ ဖွင့်တဲ့သီချင်းကိုလည်း ပြောပြရဦးမယ်။ တရုတ် မင်္ဂလာဆောင်ရင် တရုတ်လိုဆိုတယ်။ ကုလား မင်္ဂလာဆောင်ရင် ကုလားလို့ဆိုတယ်။ ဒါပေမယ့် သီချင်းက စိုးစန္ဒာထွန်းရဲ့ ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေလို့ သီချင်းမျိုးအမေရဲ့။ တနေကုန်ဖွင့်နေလိုက်တာ နေ့ခင်းနေ့လည် အိပ်လို့ကိုမရဘူး။ သားတွေးမိတာ ရှိတယ်အမေ။ တကယ်တော့ စင်္ကာပူဆိုတာ ရုပ်ဝတ္ထုတွေသာ တိုးတက်နေတာပါလား ဆိုတာလေ။ အမေမြင်ရင်လည်း အဲလိုပဲပြောမှာ သေချာတယ်။ ခေတ်နောက်မကျဖို့ အမြဲဆုံးမနေတဲ့ အမေ့စကားတွေကို မလွန်ဆန်နိုင်ပေမယ့် ရောမရောက်လို့ ရောမလို ကျင့်နေရလို့ လိုက်လျောညီထွေဖြစ်အောင် နေနေရတာမို့ သားကို ခွင့်လွှတ်နော်။

မေမေချစ်တဲ့သား
ဗီလိန်

ခေါင်းစဉ် မရှိတဲ့ အနာဂတ် (သို့) ၂၁ရာစု ရဲ့ တတိယဆယ်စုနှစ်

ကျနော် လေးတန်းကျောင်းသား ဘဝကပေါ့။
"သားကြီးလာရင် ဘာလုပ်မှာလဲ"
လေးလေးက မေးခြင်းဖြစ်သည်။ လေးလေး၏ မိန်းမ ဒေါ်လေးသာက ကျနော့်ကို လက်တို့ပြီး
"ဆရာဝန်ကြီးလုပ်မယ်လို့ ပြောလိုက်လေ သားသား"
ထိုအခါ အမေက ဝင်ပြောသည်။
"ကလေးကို ဘောင်မခတ်ပါနဲ့ မိသာရယ် သူ့ဟာသူ ဖြေချင် သလိုဖြေပါစေ။"
"ဒေါ်လေးသာကလည်း ဆရာဝန်တော့မလုပ်ချင်ပါဘူး။ ဆေးကုရတာ ပျင်းစရာကြီး"


ကျနော် ဆယ်တန်းကျောင်းသား ဘဝကပေါ့။
ကျနော် စာမကြိုးစားပါ။ စာမကြိုးစားခြင်းကိုလည်း အပြစ် တစ်ခုလို့ မခံယူခဲ့။ သင်္ချာဆရာမက မေးပါတယ်။
"ဗီလိန်၊ နင်ကလေ လုပ်ရင် ရရဲ့သားနဲ့ မလုပ်ဘူး။ အမှတ်လေးကောင်းပြီး ဆေးကျောင်းလေး တက်ရင် ဘယ်လောက် ဂုဏ်ရှိသလဲ။"
"ကျနော်က ဆရာဝန် လုပ်ချင်တာမဟုတ်ဘူး ဆရာမရဲ့ ဆရာဝန်တွေလုပ်စာ ထိုင်စားတဲ့ ဆေးရုံပိုင်ရှင်ဖြစ်ချင်တာ။ ဟဲဟဲ"
"အေးအေး နင့်ပုံစံနဲ့ ဖြစ်ဦးမယ်။ ဆေးရုံပိုင်ရှင်မပြောနဲ့ ကွမ်းယာဆိုင် ပိုင်ရှင်တောင် ဖြစ်မှာမဟုတ်ဘူး။"

ကျနော် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ အောင်စာရင်းထွက်တော့ ရင်မခုန်ခဲ့။ အောင်မည်က သေချာသည်။ ဂုဏ်ထူးက သင်္ချာက သေချာပေါက်ထွက်မည်။ ကျန်တဲ့ ၄ ဘာသာထဲက ကံကောင်းရင် တစ်ဘာသာ ကပ်ပါလာမည်။ ကံကမကောင်းခဲ့။ လိုလည်း မလိုချင်ခဲ့သည်ကား အမှန်ပင်။ သုံးဘာသာ သမားတွေက ဆေးကျောင်းရပါ့မလား ငိုနေကြသည်။ ဘာသာစုံထွက်သူတွေက မြောက်ကြွ မြောက်ကြွနှင့် အမှတ်စာရင်းထပ် ပြိုင်ကြဦးမည်။ ကိုနေမင်း ပြောဖူးသလို ငါကိုငါနဲ့ပဲ စားတတ်တဲ့ ကျနော့အဖို့တော့ အပြိုင်အဆိုင်တွေနဲ့ ကင်းတဲ့ ဂိမ်းဆိုင် တစ်ဆိုင်ရဲ့ ထောင့်မှာ Resident Evil နဲ့ စီးမျောနေလိုက်တယ်။ အနာဂတ်ဆိုတာကို အပေါင်းအသင်း မလုပ်သေးတဲ့ ကျနော့အကြောင်း ငယ်ငယ်က အဆင့်တစ် လုခဲ့တဲ့ သူငယ်ချင်းရဲ့ အမေက ဈေးထဲမှာ သနားသယောင် စကားပြေတစ်ပုဒ် ရေးသားနေမပေါ့။

အချိန်တွေ အများကြီးပြောင်းခဲ့ပြီလေ။ အချိန်က အတိတ်က ပိုဟောင်းတဲ့ အတိတ် ဖြစ်ခဲ့ပြီ။ တချိန်က အနာဂတ်က ပစ္စုပ္ပန်ဖြစ်ခဲ့ပြီ။ သူကိုယ်တိုင် ကျနော့ကို ဘောင်မခတ်သလို သူတပါး လောင်းရိပ်တွေကိုပါ ရှင်းပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ မတ်တပ်ရပ်ဖို့ ခြေထောက် အစစ် တစ်စုံ တပ်ဆင်ပေးခဲ့တဲ့အမေ။ ကျနော်ငယ်ငယ်က သူပြောဖူးတဲ့စကားလေး ခုထိ ကြားယောင်နေတုန်းပဲ။ "အမေ့တုန်းက အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်ခဲ့တာ။" တဲ့လေ။ အခုတော့ အမေဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက် ကျနော် ဖြစ်နေပါပြီ။ အမေ ရိုက်မပေးခဲ့တဲ့ ဘောင်ကို ကျနော် မရရအောင် ခုန်ဝင်ခဲ့ပြီ။ အနာဂတ်အတွက် ပစ္စုပ္ပန်ကို မွေးမြူကြတဲ့ လူတွေကြားထဲ ပစ္စုပ္ပန်ကို ထိန်းရင်းကျောင်းရင်းပဲ ပစ္စုပ္ပန်တွေ လှနေပါပြီ။ အနာဂတ်လှမလှကတော့.................

ဖြစ်ရပ် - ၁
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့ ပုံရဲ့အောက်က နောက်ဆုံးပို့စ်ခေါင်းစဉ်က "အိပ်ရာထချိန် ရောက်ပြီ" တဲ့။ ဟုတ်ပါတယ်။ ဒီအိပ်ရာလေးကို နှစ် ၂၀ နီးပါး ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ သူငယ်ချင်း ဖိုးဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရက်ပေါင်း ၇၀၀၀ လောက် ဝေးကွာခဲ့တဲ့ အိပ်ရာပေါ်ကို ပြန်ရောက်လာတော့ စီဘောက်စ်ထဲက သူငယ်ချင်းတွေရဲ့ အားပေးသံတွေကို ဖတ်ရင်း မျက်ရည်ကျရပါတယ်။ အောက်ကို ဆက်ကြည့်တော့ ငပေါများ ဂေဟာရဲ့ နောက်ဆုံးပို့စ် ခေါင်းစဉ်က "အတွင်းရေးမှူး-၂ အား လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါ၏" ဟု တွေ့လိုက်ရတယ်။ လူငယ် တစ်ယောက်ရဲ့ နှစ် ၂၀ နီးပါးလောက်သော ဘဝကို အင်းစိန်ထောင်ရဲ့ နံရံတွေက တိုက်စားစေခဲ့ပြီလေ။ ကျနော် ဘာဆက်လုပ်မှာလဲ။ ဘာတွေ ရင်ဆိုင်ရဦးမှာလဲ။ ဘဝဆိုတာ ဘာလဲ။ ဒီတစ်ညတော့ လမ်းမတော်လမ်းထိပ်က ဘောဂ ဆီချက်တစ်ပွဲစားပြီး အိပ်လိုက်တော့မယ်။ မနက်ဖြန်ရဲ့ မနက်ခင်းနဲ့ အတူ ကျနော့ဘဝ နေမင်းသစ်ကို နှုတ်ဆက်ဖို့ ပြင်ဆင်ရတော့မယ်။

ဖြစ်ရပ် - ၂
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့နောက် Sign in ဝင်ပြီးတော့ New Post တောင်းလိုက်တယ်။ Title နေရာမှာ "ဗီလိန်ရဲ့ အိပ်ရာ ပိုင်ရှင် လေးလေးဗီလိန်အား နှစ် ၂၀ ပြည့် လွမ်းဆွတ် သတိရခြင်း" လို့ ရေးချလိုက်တယ်။ ပြီးတော့ ကျနော် ငယ်စဉ်ကတည်းက အဖေခဏခဏပြောပြဖူးတဲ့ အဖေရဲ့ ညီအရင်း လေးလေးဗီလိန် ရဲ့ အကြောင်းတွေ တော်တော်များများ ချရေးလိုက်တယ်။ ပြီးတော့ ဒီနေ့က သြဂုတ်လ ၂၀ ရက်နေ့။ ဗီလိန်ရဲ့ အိပ်ရာကို စတင် တည်ဆောက်ခဲ့တဲ့ နေ့လေ။ အိပ်ရာပိုင်ရှင် ဦးလေးဗီလိန် ဆုံးပါးသွားတဲ့ နေ့ဆိုလည်း ဟုတ်တယ်။ ကျနော်မွေးကတည်းက ဦးလေးဗီလိန် ရေးခဲ့တဲ့ ကဗျာတွေကို မသင်ပေးပဲ အလွတ်ရွတ်နိုင်တာရယ်။ လေးလေးဗီလိန်ရဲ့ ကျောပြင်က အမှတ်လိုပဲ ကျနော့ ကျောပြင်မှာ ပုံစံတူအမှတ် ပါနေတာရယ်ကြောင့် ဦးဖိုးဂျယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီအိပ်ရာလေးကို အမွေ ဆက်ခံခွင့်ရခဲ့တယ်လေ။ ဒါ့အပြင် ဘယ်သူ့ကိုမှ မပေးတော့တဲ့ ငပေါများဂေဟာရဲ့ အတွင်းရေးမှူး-၂ ရာထူးကိုလည်း ဆက်ခံခွင့် ရခဲ့တယ်လေ။ ဒီအတွက် ဘုတ်အဖွဲ့နှင့်တကွ ဂေဟာသူဂေဟာသား တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

ဖြစ်ရပ် - ၃
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ မနေ့က ကိုရွာသား တဂ်ထားတဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ဆိုတဲ့ တဂ်ကို ရေးဖို့ ဟန်ချီလိုက်တယ်။ သူကိုယ်တိုင်ကတော့ စာအုပ်တစ်အုပ်နဲ့ ကုလားထိုင်မှာ ထိုင်ပြီး ခေါင်းတငြိမ့်ငြိမ့် ဖတ်နေမလား။ Table Tennis ရိုက်နေမလား။ အပင်တွေပဲ ရေးလောင်းနေမလားပဲ။ ဘာရေးရမလဲ ဆိုတဲ့ အတွေးတွေက လွန်ခဲ့တဲ့ နှစ် ၂၀က အတိတ်ကို ပြန်ရောက်သွားတယ်။ ကိုရွာသားကိုခရောင်းတိုနဲ့ အတူထမင်းစားခဲ့ဖူးတဲ့ Tech Link က ကန်တင်းကို ပြန်သတိရမိပြန်ရော။
- အဲဒီ့တုန်းက ကိုရွာသားလုပ်လို့ ဘလော့လောကထဲမှာ တဂ်နေတဲ့ တဂ်တစ်ခုက အနာဂတ် နှစ်၂၀ နဲ့ အနာဂတ် နှစ်၃၀ ဆိုပြီး တဂ်က ၂ မျိုး ကွဲသွားတဲ့ အကြောင်း၊
- အခု ဒီပို့စ်ကို တဂ်တဲ့ ကိုဖိုးသင်္ကြန်က ကျနော်တို့ အလုပ်နားကို ပြောင်းလာတဲ့ အကြောင်း၊ ထမင်းလာစားရင် ဘလော့ဂါ သုံးယောက်နဲ့ တွေ့ရမယ် ဆိုပြီး မဲဆွယ်လို့ ကောင်းကြောင်း၊
- မရွှေပြည်သူ ဘုန်းကြီးကျောင်း မလာတာ ကျနော့ကို မတွေ့ချင်၍ ဖြစ်ကြောင်း၊
- ကိုပြတင်းပေါက် ခေါ် ကိုလင်းဒီပ က သီဟတင်စိုးနှင့် တွဲ၍ ရုပ်ရှင်ရိုက်မည်ဖြစ်ကြောင်း၊
- ကိုရွာသားက မခင်ဦးမေကို ခလုတ်ပေးမနှိပ်ကြောင်း ဟီးဟီး ဘာခလုတ် လဲတော့ မသိ၊
- မမေ (စိတ်ဖြေရာ) ကို ကျနော်က မမေလို့ မခေါ်ပဲ မေ တစ်လုံးတည်းခေါ်လို့ ပြဿနာ လာရှာတတ်ကြောင်း၊
- ကင်ဆာဝေဒနာရှင်တွေကို အားပေးမယ့် ကိုဂျူလိုင် ကတုံးတုံးမည့်အကြောင်း
- ကိုအောင်ဦးအတွက် ဆရာတော်တွေရဲ့ ဆုံးမစကားတွေ စာတန်းထိုးဖို့ Software ပေးမယ်လို့ ကတိပေးထားပြီး ရှာမရ၍ မပေးရသေးကြောင်းနဲ့ ကိုအောင်ဦးက တခြားတစ်ခု ရသွားပြီဖြစ်ကြောင်း၊
စသည်စသည်ဖြင့်ပေါ့ စကားဖောင်တွေ ဖွဲ့ခဲ့ကြဖူးတာလေးတွေ သတိရမိတယ်။

ဒီလိုစကားလေးစမြည် ပြောခဲ့ကြတဲ့ အချိန်လေးတွေက နှစ်ပေါင်း ၂၀ နီးပါးတောင် ရှိသွားခဲ့ပြီ။ အဲဒီ့အချိန်ကနေ အခုအထိ....... ဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ ဘာတွေ မှားခဲ့သလဲ။ ဘာတွေ သူများကို မကောင်းကြံခဲ့သလဲ။ အတ္တတွေ ဘယ်လောက် ပေါင်းသင်းခဲ့သလဲ။ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက် စားသုံးခဲ့သလဲ။ အကုသိုလ်တွေ ဘယ်လောက် မွေးမြူခဲ့သလဲ။ ဆိုတာ အတွေးထဲမှာ တစ်ခုပြီး တစ်ခုပေါ်လာတယ်။ လူ့ဘဝဆိုတာ တိုတိုလေးပါ ဆိုတာကို ထပ်ပြီး သတိထားမိပြန်ရော။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ ဆေးရုံ ပိုင်ရှင် တစ်ယောက်ရော ဖြစ်နေပြီလား။ သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ စုထားရင် ဒိုင်နာကားတစ်စီးလောက် ရမယ်။ တွေးခဲ့တဲ့ အတွေးနဲ့ မက်ခဲ့တဲ့ အိပ်မက်တွေကို မီးပုံပွဲ တစ်ခုနဲ့ အတူ ကင်စားလိုက်ချင်တယ်။ ဖြစ်နိုင်ပါ့မလား။ တကယ်တော့ အနာဂတ်က ဗီလိန်ဆိုတာ လေပဲ ရှိပြီး အဖြေမရှိတဲ့.... ဟန်ပဲ ရှိပြီး အဆန်မရှိတဲ့.... ရေးချင်ရာ လျှောက်ရေးပြီး စာဖတ်သူတွေကို စာအဆိပ်တွေ ကျွေးနေတဲ့.... စိတ်ကြီးဝင်ပြီး ဘာမှ မဟုတ်တဲ့.... ခပ်နုံနုံ ခပ်ပိန်းပိန်း အဘိုးကြီးတစ်ယောက်ပါ။

ကဲ ကိုဖိုးသင်္ကြန်ရေ့ ဒီလောက်ပဲ ရေးတတ်တယ်ဗျာ။ အနာဂတ်ဆိုတာကို မတွေးချင်လို့ ဖြစ်ရပ် ၄ တွေ ၅ တွေ တော့ မရေးတော့ဘူး။ ဖြစ်ရပ် တစ်ခုခုတော့ ဖြစ်လာမပေါ့ဗျာ။ ကျေနပ်နိုင်ပါစေ။

ဗီလိန်

ဗီလိန် ရဲ့ ဗီလိန်ဆိုတာ

ဝလုံးလေးမှ ဝိုင်းအောင် မရေးနိုင်ခင် ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့ လင်ဗန်းကြီးပဲ မက်မောကာ
ငါဟာ လောဘ တက်လာတယ်..........

ပုခက်တွင်းမှဆင်း မြေကြီးပေါ်နင်းကာစ ရွှေယုန်လေးနဲ့ ရွှေကျားပုံပြင်ရယ်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို သိပ်ပြီး အားကျနေခဲ့တော့
ငါဟာ ကောက်ကျစ်တတ်လာတယ်..........

မျက်လုံးကတစ်ဖက် ကန်းနေခဲပါရက်နဲ့ ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရမန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့ တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်..........

ဘိုင်စကုပ်ကြည့်တော့ လူကြမ်းကို အံ့ကျော်ကို အလွန်တရာ နှစ်သက်တတ်ခဲ့တယ်
ငါ့နံဘေးက ချစ်သူလေးကတောင် တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတတ်မယ့်တစ်ယောက်ကို ရှာ..........

ဒီလိုနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့..... ဆုံးဖြတ်ခက်လာတယ်.....

အဆိုးနဲ့အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ဒီအတွက် အကျိုးအမြတ်က အများတကာ မေးငေါ့ကာ
အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ ငါဟာ အရိုင်းအစိုင်းဖြစ်မြင်လာ..........


ငယ်ငယ်လေးထဲက ပါးစပ်ထဲမှာ စွဲနေခဲ့ဖူးတဲ့ သီချင်းလေးပါ။ ကြိုက်လွန်းလို့ ကျနော့ အိပ်ရာကို လာလည်သူတွေ အားလုံးကို ဒီသီချင်းလေးနဲ့ ဖျော်ဖြေခဲ့တယ်။ နားငြီးလို့ ထွက်ပြေးကြတဲ့သူတွေ လည်း ရှိကောင်းရှိလိမ့်မပေါ့ဗျာ။ ကျနော့ ဘဝက လည်း ဒီသီချင်းလေးနဲ့ ဆင်တူခဲ့တာကိုး။ တကယ်တော့ အဆိုးအကောင်း၊ အမှားအမှန်ဆိုတာ ရီလေတီဗတီ သီအိုရီအရ ချိန်ခွင်တစ်ခုတည်းပေါ်က အရာ နှစ်ခုပဲဆိုတာ ၂၀ရာစု အထူးချွန်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ကျေးဇူးနဲ့ သိခွင့်ရခဲ့တယ်လေ။ ဒါကြောင့်လည်း အရာရာကို တစ်ဘက်က လှည့်တွေးရင်း တွေးရင်နဲ့ လူတကာမုန်းတဲ့ ဗီလိန်ဆိုတာကို ချစ်ခဲ့မိတာပေါ့။

ဗီလိန်တို့၏ အဆိုအမိန့်များ ပို့စ်မှာ အမည်မသိ စာဖတ်သူတစ်ဦးက မေးသွားပါတယ်။ ဗီလိန်ကို ဘယ်လို အနက်ဖွင့်သလဲ။ အဘိဓာန်တွေ တော်တော်များများမှာတော့ ရေးထားပါတယ်။ အချို့ အဘိဓာန်တွေမှာတော့ မတွေ့ရပါဘူး။ အကြမ်းဖျင်းအားဖြင့် ဗီလိန် (Villain) ကို လူဆိုး၊ အမှားဘက်ကလူ လို့ အနက်ဖွင့်ကြပါတယ်။ ဒါပေမယ့် ကျနော် ကျေနပ်လောက်တဲ့ အနက်ဖွင့်ပေးတဲ့ အဘိဓာန် ရှာမတွေ့သေးပါဘူး။ ဒီစကားလုံးရဲ့ နောက်ကွယ်မှာ ကျနော် ဗီလိန် ကိုယ်တိုင်မသိတဲ့ အနက်တချို့ရှိနေသလိုပဲလို့ ခံစားရတယ်။ (ဒါကတော့ ကိုယ်ပိုင်ခံစားချက် သက်သက်ပါ။) အဘိဓာန်မှာ ဖွင့်သလို မှားတဲ့လူမှ ဗီလိန်လား ဆိုတာ စဉ်းစားစရာပါ။ တချို့နေရာမှာ မှန်နေတဲ့ ဗီလိန်တွေလည်း အများကြီးပါ။ ဒါဆို ဗီလိန်တိုင်းကကော အမှန်တရားတွေ ရှိသလား။ မရှိပါဘူး။ ကျနော် ခံယူသလောက်ကတော့ လူတစ်ယောက်က ဘယ်လောက်ပဲ မကောင်းဘူး ဖြစ်နေပါစေ ကောင်းတာတွေကတော့ ရှိစမြဲပါ။ ကောင်းပါတယ်ဆိုတဲ့ သူတွေကကော ဘယ်လောက်များ ပြည့်စုံနေပါ့မလဲ။

အနုပညာနဲ့ ပတ်သတ်လို့လည်း ငယ်ငယ်က ဇာတ်ပွဲတစ်ပွဲ သွားကြည့်တုန်းကပေါ့။ ဗီလိန်သရုပ်ဆောင်ကောင်းတဲ့ ဇာတ်သမားကတဲ့ ဇာတ်ကွက်ကို မျက်စိမပိတ်တမ်းကြည့်ကာ အားကျခဲ့ဖူးသည်။ ထိုညက ပရိသတ်က ထိုဇာတ်သမားကို ခဲနဲ့ လှမ်းထုတာ ဇာတ်ပွဲ ပျက်သွားပါတယ်။ ဒီဇာတ်သမားနေရာမှာ ကျနော်ဆိုရင် တော်တော်ပျော်မိမှာပဲ။ ကိုယ့်အနုပညာ ဘယ်လောက်ပြောင်မြောက်တယ် ဆိုတာကို ဂုဏ်ယူနေမိမှာ သေချာတယ်။ ဟိုအရင်က ကျနော်တို့ ငယ်ငယ်အထိတောင် ရှိတုန်းဖြစ်တဲ့ ဗီလိန်နေရာက အနုပညာသည်တွေဆိုရင် အသေမုန်းတတ်တဲ့ အကျင့်တွေကြောင့် ဗီလိန်အနုပညာသည်တွေဟာ တော်တော်ကို ကျားကုတ်ကျားခဲ ကြိုးစားကြရရှာပါတယ်။ ကျနော်လို လူတွေ များလာလို့လားတော့ မသိဘူး။ ခုဆို ဗီလိန်တွေ တော်တော် နေရာရလာပါပြီ။ ဗီလိန် သရုပ်ဆောင် အမေကြီး ဒေါ်ခင်အေးဟန် ဆိုရင်လည်း ကျနော် အကြိုက်ဆုံးပါ။ အပြင်မှာ စိတ်ထားဖြူစင်သလောက် သူသရုပ်ဆောင်တဲ့ နေရာတိုင်းမှာ ကောက်ကျစ်ယုတ်မာ စဉ်းလဲသူ တစ်ယောက်အဖြစ် ဗီလိန်တွေရဲ့ ဘက်ကနေ မားမားမတ်မတ်၊ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ခဲ့သူပါ။

လူသိများတဲ့ ဒေဝဒတ် ဆိုတဲ့ ဗီလိန်တစ်ယောက် အကြောင်း ပြောကြပါစို့။ သူအခုဘယ်မှာလဲ ဆိုတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ ဟုတ်ပါတယ်။ ငရဲကြီး ရှစ်ထပ်က အဆိုးဝါးဆုံး ဖြစ်တဲ့ အဝီစိငရဲမှာ သူ့ရဲ့ မိုက်ပစ်တွေကို ဆေးကြောနေပါတယ်။ ဒါဆို သူဟာ ဗီလိန်တစ်ယောက် ဆိုတာသေချာသွားပြီ။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေ၊ သူပြုခဲ့တဲ့ အကုသိုလ်ကံတွေ၊ သူပြစ်မှားခဲ့တဲ့ အရာတွေအကြောင်းကို ပြောပြရရင် တစ်နှစ်ကို ၃၆၅ ပုဒ်ပြောခဲ့ဖူးတဲ့ အမေ့ရဲ့ အိပ်ရာဝင်ပုံပြင်တွေ အားလုံးနီးပါး ဖြစ်နေပါလိမ့်မယ်။ ဒါဆို သူ့မှာ ကောင်းကွက်လေးတစ်ခုမှ မရှိတော့ဘူးလား။ ဒီမေးခွန်းအတွက် ကျနော်က ပြန်မေးရပါလိမ့်မယ်။ ဒေဝဒတ်ကို ကောင်းကွက်မရှိဘူး မှန်ရင် ငရဲသက်စေ့ရင် ဘာကြောင့်များ ပစ္စေကဗုဒ္ဓ ဖြစ်ရမှာလဲ။
"နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ "
ဒီစကားလေးက ဒေဝဒတ် နောက်ဆုံးထွက်သက်မှာ ပြောခဲ့တဲ့ စကားလေးပါ။ အမှားကို အမှားမှန်း သိလို့ မြတ်စွာဘုရားကို နောက်ဆုံး တောင်းပန် ကန်တော့သွားတဲ့ စကားလေးပါ။ ဆရာတော် ဥူးသုမင်္ဂလ ဆုံးမဖူးတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ အမှားကို အမှားမှန်း သိရက်နဲ့ မှားတဲ့လူနဲ့ မသိပဲ မှားတဲ့ သူနဲ့ ဘယ်ဟာကောင်းသလဲ။ ဆရာတော်ကတော့ ဒီလိုဆုံးမပါတယ်။ မှားတာက မှားတာပဲ။ မသိလို့ မှားတာပဲ ဖြစ်ဖြစ် သိရက်နဲ့ မှားတာပဲဖြစ်ဖြစ် အပြစ်ကတော့ အတူတူပဲ။ ဒါပေမယ့် သိရက်နဲ့ မှားတဲ့သူက မှားမှန်းသိတဲ့အတွက် အကြောင်းတိုက်ဆိုင်ရင် ပြင်ဆင်ခွင့်ရမယ်။ မသိလို့ မှားတဲ့သူက အဆုံးမရှိ ထပ်မှားနေဦးမယ် ဒါကြောင့် ကိုယ့်အမှားကိုယ်သိပြီး ပြင်နိုင်အောင် ကြိုးစားပါလို့ ဆုံးမပါတယ်။ ဒေဝဒတ်က ဒီလိုပါပဲ။ မကောင်းမှုတွေများခဲ့ပေမယ့် တချိန်က ဘုရားဖြစ်ဖို့ ပါရမီ ဖြည့်ခဲ့ပြီးသား။ နောက်တစ်ခုက ဂေါတမ မြတ်စွာဘုရားရှင်ကိုလည်း တဘက်ကနေ ပါရမီ ဖြည့်ပေးခဲ့တယ်လေ။ နောက်ပြီး သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူပြုခဲ့ မကောင်းမှုအတွက် သူပြစ်မှားခဲ့တဲ့ ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခွင့်ရခဲ့တယ်။ နောက်ပြီး သူပြုခဲ့သမျှ မကောင်းမှုကံတွေကို ငရဲမှာ နှစ်ပေါင်းများစွာ ခံပြီး အကြေချေနေပါပြီ။ ငရဲကလွတ်တာနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်မယ်လို့ ကျမ်းဂန်က ဆိုပါတယ်။

ဒီတော့ဗျာ။ ဗီလိန် ဆိုတာကို ကျနော်ကတော့ ဗီလိန်လို့ပဲ သတ်မှတ်လိုက်တယ်။ ဒီစကားမျိုး ကျနော်ပြောဖူးပါတယ်။ အချစ်ရဲ့ အနက်ကို ဖွင့်ခဲ့တုန်းကပေါ့။ အချစ်ဆိုတာကို အချစ်လို့ ဖွဲ့ဆိုတဲ့စကားလုံးလောက် ပြည့်ဝတဲ့ စကားလုံးမရှိမသလိုပဲ။ ဗီလိန် ဆိုတဲ့ စကားလုံးကို ဗီလိန် ဆိုတာထက် ပြည့်စုံ လှပတဲ့ စကားလုံး ရွေးလို့ မရဘူးလို့ ကျနော်ကတော့ ခံယူပါတယ်။ တဘက်က ဗီလိန်ဖြစ်နေပေမယ့် တဘက်ကလည်း ဟီးရိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဟီးရိုးလည်း မဖြစ်ချင်ပါဘူး။ အများစုသော ဗီလိန်တွေက ကိုယ်လိုချင်တာအတွက် နာမည်ဆိုးချင် ဆိုးပါစေ ရအောင်ယူတတ်တဲ့ စိတ်ဓာတ်ရှိတာကြောင့် လူ ဆိုတာ အတ္တသားပါပဲ ဆိုတာကို ဟန်ဆောင်မှုကင်းစွာ သရုပ်ဖော်ထားတဲ့ ပြယုဒ် တစ်ခုပဲလေ။ ကိုယ့်အတ္တ၊ ကိုယ့်ယုံကြည်ချက်အတွက် ခိုင်မာတဲ့ ပန်းတိုင်တစ်ခုတည်းပဲ ရှိပြီး ဘယ်အရာကိုမှ ဂရုမစိုက်တတ်တဲ့............ ဗီလိန် ဆိုတာကို ကျနော့ရဲ့ ကလောင်အဖြစ် ဘာကြောင့် မြတ်နိုးစွာ ရွေးချယ်ခဲ့သလဲ ဆိုတာ စာဖတ်သူတို့ သိနိုင်ပါစေ။

ဗီလိန်ရဲ့ အိပ်ရာ ဆိုတဲ့ ဘလော့ခေါင်းစဉ် အကြောင်းကိုတော့ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ဖိုးဂျယ်ရေ့ တဂ်ကြွေးလေး ရှင်းရင်းနဲ့ တခါတည်းပဲ နှုတ်ဆက်ပါတယ်။ အမိမြေကနေ ဆက်ရေးဖို့လည်း တိုက်တွန်းပါတယ်။
ကိုမင်းအိမ်ဖြူ ကိုလည်း နောက်ဆိုအားမနာပါနဲ့လို့ ပြောချင်ပါတယ်။ သက်သက်လွတ် ကြာဆံကြော်တော့ ကျွေးပေါ့။ :)

ဗီလိန်

ကိုအင်ဒီမရွှေပြည်သူ နဲ့ ကိုခရောင်း ရေ့........... ဒန့်တန့်တန့်