ရင်နှင့်အမျှ

မွေးကတည်းက စိန်ခေါ်မှုတွေမှာ သာယာခဲ့တဲ့ ဗီလိန်၊ အနိုင်နဲ့ အရှုံးဆိုတဲ့ စကားလုံး ၂လုံးကြားမှာ ပျော်မွေ့ခဲ့တဲ့ ဗီလိန်၊ အရှုံးတွေစုပြီး အနိုင်တွေ တည်ဆောက်ခဲ့သလို။ အနိုင်ကို နောက်ကိုလိုက်ပြီး ရှုံးခဲ့တာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ကတည်းက ကားရုပ်လေးတွေ ကိုင်ပြီး ဝူး... ဝူး.... လို့လည်း မဆော့တတ်ပါဘူး။ အုန်းကိုင်းကို ခွပြီး တက်ကလောက် တက်ကလောက်ဆိုပြီးလည်း မြင်းစီးသလို မဆော့တတ်ပါဘူး။ မိန်းကလေးတွေနဲ့ အိုးပုတ်နဲ့လည်း မုန့်ဟင်းခါး ဝယ်မစားတတ်ပါဘူး။ မြန်မာ့ရိုးရာ ကစားနည်းတွေ ဖြစ်တဲ့ ထုပ်စီးတိုး၊ ဖန်ခုန်၊ ဇယ်တောက်၊ အရုပ်ပစ် စတဲ့ အနိုင်အရှုံး ဆိုတာရှိတဲ့ ကစားနည်းတွေကိုပဲ ကစားခဲ့ပါတယ်။ အနိုင်အရှုံးမရှိရင် မနေတတ်ပါဘူး။ နိုင်မနေရင်တောင် ရှုံးနေမှ နေသာထိုင်သာရှိပါတယ်။ အဲဒီ့ အထဲကမှ ကျနော် အနှစ်သက်ဆုံးနဲ့ အခုအချိန်အထိ စွဲလမ်းနေတုန်း Challange တစ်ခုအကြောင်း ကျနော်ပြောပြချင်ပါတယ်။

ကျနော်က ၃ တန်းနဲ့ ၄ တန်းလောက်တုန်းကတည်းက ကျောင်းကို ကိုယ့်ဘာသာ စက်ဘီးနင်းသွားပါတယ်။ BMX တွေ ခေတ်စားချိန်ဆိုတော့ BMX လို့တော့မထင်လိုက်နဲ့ ကျနော့ အဘိုးနဲ့ အဘွားလက်ထက်ကစလို့ အမေနဲ့ ဦးလေးအဒေါ်တွေအားလုံး စက်ဘီးစီးသင်ခဲ့တဲ့ ဘိုးဘွားအမွေ မောင်ဗမာ ယောက်ျားစီး စက်ဘီးအသေးလေးပါ။ ကျောင်းဆင်းတာနဲ့ ကျောင်းနားက အဒေါ့်အိမ်ကိုဝင်ပြီး အတုံးလေးတွေ ဆက်ပြီး ကစားရတဲ့ Hand Game ကို အမြဲတမ်း ဆော့ပါတယ်။ တစ်နာရီလောက် အားရပါးရဆော့ပြီးမှ အိမ်ပြန်ပါတယ်။ အမေ့ကိုတော့ အဒေါ့်အိမ်ဝင်မယ်လို့ ပြောပြောထားလို့ စိတ်မပူပါဘူး။ အဲဒီ့တုန်းက အဒေါ့် အိမ်အရှေ့က အခွေဆိုင်က ညနေတိုင်းဖွင့်တဲ့ အေးချမ်းမေ သီချင်းကို ကြားတိုင်း တစ်ချိန်က ဆော့ခဲ့ဖူးတဲ့ Hand Game လေးကို သတိရနေမိသေးတယ်။
ဒါက အေးချမ်းမေ နဲ့ Hand Game

၅တန်းရောက်တော့ ၁၀ မိနစ်ကို ၅ ကျပ်နဲ့ Family Game လေးတွေ ဆော့တယ်။ အမေက ဝယ်မပေးဘူး။ မုန့်ဖိုးလေးတွေ စုစုပြီး သွားသွားဆော့ရတယ်။ ကျူရှင်ချိန်က ၄ နာရီဆိုရင် ၃ နာရီ ၄၅ လောက် အိမ်ကထွက်တယ်။ ကျူရှင်နားက ဂိမ်းဆိုင်မှာ ၁၀ မိနစ်လောက် ပြေးဆော့ ပြီးတော့ ကျူရှင်သွား။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ အဲဒီ့တုန်းက ၁၀ မိနစ်က တော်တော်လေးတော့ အကြာသား။ တခါများ အရှိန်လွန်ပြီး မိနစ်၂၀ ဆော့မိပါတယ်။ ဆရာမက နောက်ကျလို့ ရိုက်တော့တာပဲ။ အမေ့ကို ပြန်ပြောမပြောတော့ မသိဘူး။ အမေကတော့ ဘာမှ ပြန်မပြောတာ အမှန်ပဲ။ ဆရာမနဲ့ ညီအစ်မလိုဖြစ်နေတဲ့ အမေက မသိစရာတော့ မရှိဘူးလေ။ မွေးကတည်းက မူလတန်းအထိ အရိုက်မခံဖူးတဲ့ ကျနော် (မွေးမွေးချင်းတုန်းက မငိုလို့ ဆရာဝန်က ဇောက်ထိုးဆွဲပြီး တင်ပါးကို ရိုက်တာတော့ မပါဘူးပေါ့။)တဲ့ ၅ တန်းရောက်မှ ပထမဆုံးကြိမ်လုံးနဲ့ တွေ့ဖူးတော့တယ်။ ဒါပေမယ့် ကျနော် ဝမ်းမနည်းခဲ့ပါဘူး။ ကျနော် မှားခဲ့တဲ့ ကိစ္စအတွက် ဖင်လေးကိုပွတ်ပြီး ခေါင်းငုံ့ပဲနေလိုက်ပါတယ်။
ဒါက ပထမကြိမ်လုံး နဲ့ Family Game

ဒါလည်း မမှတ်သေးပါဘူး။ ၆ တန်းအထိ ခိုးဆော့နေဆဲ။ အစ်ကိုဝမ်းကွဲတစ်ယောက်က ယူလာပေးလို့ Family Game စက် ကို အိမ်မှာဆော့ခွင့်ရပါတယ်။ အစ်ကိုက သူ့အဒေါ် ကျနော့အမေကို တောင်းတောင်းပန်ပန်နဲ့ ပြောပြီး ကျောင်းပိတ်ရက်တိုင်း ယူလာပေးပါတယ်။ အဲဒီ့တုန်းက မီးတွေလာပါတယ်။ ယူလာတဲ့နေ့ဆိုရင် တစ်နေကုန် ထမင်းမစားပါဘူး။ အမေက အတင်းစားခိုင်းတော့မှ ညီလေးနဲ့ ကျနော် တစ်ယောက်တစ်လှည့်စီ ထမင်းစားပါတယ်။ ဒါတောင်မှ မျက်စိက တီဗွီဖန်သားပြင်ပေါ်က မခွာပါဘူး။ တစ်ရက်မှာတော့ တစ်နေကုန် ဆော့ထားတဲ့ အရှိန်နဲ့ နောက်ဖေး အပေါ့သွားရင်းနဲ့ ချော်လဲပါတယ်။ နဖူးက အမာရွတ်က အခုထိ ရှိနေဆဲပါ။
ဒါက အမာရွတ် နဲ့ အစ်ကိုယူလာတဲ့ ဂိမ်းစက်

၇တန်း ရောက်တော့ Nintendo Game တွေပေါ်ပါပြီ။ နာရီဝက်ကို ၃၀ ပါ။ အတန်းက နည်းနည်းကြီးတော့ ပိုပြီးလွတ်လပ်လာပြီဆိုတော့ ဂိမ်းဆိုင်ကို မကြာခဏရောက်ပါတယ်။ ရှိသမျှ မုန့်ဖိုး အကုန်လုံး ဂိမ်းဆိုင်ကိုလှူပါတယ်။ ဂိမ်းဆော့မက်နေလို့အစားမစားပဲ ကျူရှင်ပြေးခဲ့ရတဲ့ ဘဝကြောင့် အစာအိမ်လေးခမျာ ချူချာလှပါတယ်။ ၈ တန်းက စပြီး မျက်မှန်စတပ်ခဲ့ရပါတယ်။
ဒါက အစာအိမ်၊ မျက်မှန် နဲ့ Nintendo

Sony Playstation ပေါ်တော့ ကျနော် ၉ တန်း ရောက်ပါပြီ။ အိမ်ရယ်၊ ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိမ်းဆိုင်ရယ် ပတ်ပြီး ပြေးလို့ အချိန်မလောက်တဲ့ ကျနော်ဟာ အသက်အရွယ်အရ တာဝန်တစ်ရပ်ဖြစ်တဲ့ ဖွန်ကြောင်ခြင်းအမှုကိုလည်း အချိန်အနည်းငယ်ခွဲပြီး ပေးရပါသေးတယ်။ အဲလိုပေးတယ်ဆိုပေမယ့် ဂိမ်းဆိုင်အချိန်ကို ဖဲ့မပေးပါဘူး။ ကျောင်းချိန်၊ ကျူရှင်ချိန်၊ လိုအပ်လာရင် ကျူရှင်ချိန်ဖျက်ပြီး အသုံးချပါတယ်။ စာပေးမလို့ ရေးထားတဲ့စာက ဂိမ်းဆိုင်မှာ ဂိမ်းကိုက်နေတာနဲ့ ကောင်မလေးတွေ ကျူရှင်ဆင်းချိန်မမီလို့ မပေးရပဲ လွယ်အိတ်ထဲမှာတင် ဟောင်းသွားတဲ့ စာပေါင်း မနည်းပါဘူး။ ဒီလိုနဲ့ပဲ ဂေါ်မစွံဖြစ်ခဲ့ရပါတယ်။
ဒါက သူများကြောင်လို့ မကြောင်နိုင်တဲ့ Sony Playstation

အရွယ်လေးကလည်း ရောက်လာ၊ Sony Playstaion ရဲ့ နည်းပညာတွေကလည်း မြင့်လာပြီဖြစ်လို့ စိန်ခေါ်မှုတွေကလည်း များလာပါပြီ။
ဂိမ်းဇာတ်လမ်းတွေရဲ့ နက်နဲမှုကို ဖော်ထုတ်ရတယ်။
လေ့ကျင့်အားကောင်းကောင်းနဲ့ သူငယ်ချင်းတွေ Skill ချင်းပြိုင်ကြတယ်။
လက်တွဲဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးပန်းတိုင်ရောက်အောင် တွဲသွားခဲ့တယ်။
Logic တွေ တွက်ချက်ပြီး လျှို့ဝှက်ချက်တွေ ဖော်ထုတ်ခဲ့တယ်။
ကိုယ်မကျွမ်းကျင်တဲ့ အင်္ဂလိပ် ဝေါဟာရတွေကို Dictionary တစ်အုပ်ဘေးမှာချပြီး အဓိပ္ပာယ်ရှာခဲ့တယ်။
နတ်ကြီးပါတယ်ဆိုတဲ့ ၁၀တန်း စာမေးပွဲကို တစ်လအလိုအထိ ဂရုမစိုက်မိအောင်ကိုပဲ Sony Playstation နဲ့ Challange လုပ်နေခဲ့တယ်လေ။
ဒါက တက္ကသိုလ်ဝင်တန်းနဲ့ အတူ စိန်ခေါ်ခဲ့ဖူးတဲ့ Sony Playstation

၁၀တန်းပြီးတော့ မွေးရပ်မြေလေးကို စွန့်ခွာပြီး ဒီထက် Challange များတဲ့ ရန်ကုန်မှာ နေချင်ပါတယ်ဆိုပြီး အမေနဲ့ အဖေကို ကန်တော့ပြီး ထွက်လာခဲ့တယ်။ အဝတ်တစ်ထုပ်ရယ် အဝတ်လျှော်စက်တစ်လုံးရယ် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်ပဲ ရှိတဲ့ တိုက်ခန်းလေးမှာနေပြီး လိုအပ်မယ်ထင်တဲ့ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို တက်ရင်း ဂိမ်းဆိုင်တကာကိုလှည့်လို့ Gaming Skill ကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ခဲ့တယ်။ တစ်ခါတစ်ခါ ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ အိပ်ချိန်နဲ့ သင်တန်းချိန်ကလွဲရင် ဂိမ်းဆိုင်မှာပဲ ရှိနေတဲ့ ကျနော့အတွက် တစ်နာရီ ၃၀၀ ဖြစ်တဲ့ ဂိမ်းဖိုးကို ဂိမ်းဆိုင်မှာပဲရှာခဲ့တယ်။ ဂိမ်းဆိုင်ဝန်းကျင်က ဆီချက်၊ ကော်ရည်၊ မုန့်ဟင်းခါး စတဲ့ အစားအစာတွေနဲ့ပဲ ဝမ်းတထွာကိစ္စ ဖြေရှင်းခဲ့တယ်။ ဂိမ်းဆိုင်က ဖုန်းကလည်း ကိုယ်ပိုင်ဖုန်းလို့တောင် သူငယ်ချင်းတွေက ထင်ရလောက်အောင် အသုံးပြုခဲ့တယ်။ အဲဒီ့အသုံးစရိတ်တွေ အကုန်လုံးကိုလည်း ဂိမ်းဆိုင်မှာပဲ ရအောင်ရှာခဲ့တယ်။ တစ်လတစ်လ အမေပေးတဲ့ အသုံးစရိတ်တောင် ပိုနေခဲ့တာ။

တက္ကသိုလ်တက်တော့လည်း Counter Strike နဲ့ Red Alert II က နည်းပညာတွေ စစ်ပရိယာယ်တွေကို တစ်စိုက်မတ်မတ် လေ့လာရင်း Supply ပေါင်းများစွာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးလို့ ရောက်တက်ရာရာ အလုပ်တွေ လိုက်လုပ်ရင် အားရင် အားသလို Network Cyber မှာပဲ အချိန်ကုန်ခဲ့ပါတယ်။ တစ်ခါတစ်လေများ မနက် ၈ နာရီကနေ ည ၁၂ နာရီအထိ တောင် မနားတမ်းဆော့ပါတယ်။ ဂိမ်းဆော့တဲ့ အမှုနဲ့ပဲ ရည်းစားနဲ့ ပြတ်ပါတယ်။ Counter Strike နဲ့ Red Alert II နောက်မှာ AOE, General ခေတ်တွေ ကျော်လွန်ခဲ့ပြီး အခုဆို DotA ခေတ်ကို ရောက်ခဲ့သည့်တိုင် စွဲစွဲလမ်းလမ်း ဆော့နေဆဲပါ။ လက်ဘက်ရည်ဆိုင်ဘေးက ဖြတ်သွားလို့ ဆိုင်မှာထိုင်နေတဲ့ ရွယ်တူအဖွဲ့က DotA အကြောင်းပြောနေတာကို ကြားလိုက်တာနဲ့ သွားစရာကို ဖျက်တတ်တဲ့ အကျင့်က အခုထိမပျောက်သေးပါဘူး။ ၂ ပတ်ခွဲ ခွင့်ယူပြီး မွေးဌာနေပြန်သွားတုန်းကလည်း အမေ့ရင်ခွင်ကလွဲရင် Network Cyber မှာပဲ အချိန်ကုန်ခဲ့တဲ့ ကျနော်။ သူငယ်ချင်း အရင်းအချာကြီးတွေကိုတောင် မတွေ့ခဲ့ရပါဘူး။ အခုတော့ အွန်လိုင်းဂိမ်းလေးနဲ့ပဲ ကျေနပ်နေရတဲ့ ဘဝကို ရောက်နေပါတယ်။

ကဲ... မောင်မျိုးနဲ့ မေဒီ ရေ့ ဒီလောက်ဆို ကျနော့ ဝါသနာကို သိလောက်ပြီထင်ပါရဲ့နော်။
နောက်ဆက်တွဲ ကိုလင်းဦးကပါ ထက်တဂ်ထားလို့ ကျေနပ်နိုင်ပါစေဗျာ။

ဗီလိန်

IE8 ထွက်ပါပြီ

လူသိများတဲ့ Internet Browser တစ်ခုဖြစ်တဲ့ IE8 (Interne Explorer Version 8) ထွက်ပါပြီ။ Beta 2 တုန်းက သုံးကြည့်တာ မြန်မာစာ ကောင်းကောင်းမပေါ်လို့ ပြန်ဖြုတ်ခဲ့ရဖူးပါတယ်။ အခုတော့ Full-Version ထွက်ပြီဖြစ်လို့ စမ်းကြည့်တာ အဆင်ပြေပါတယ်။

IE8 ကို အသုံးပြုဖို့ အနိမ့်ဆုံးလိုအပ်ချက်တွေကတော့
233MHz processor or higher
Super VGA (800 x 600) or higher-resolution monitor with 256 colors.
Microsoft Mouse, Microsoft IntelliMouse, or compatible pointing device.
RAM: 64MB for Windows XP/Server 2003 (32-bit and 64-bit) and 512MB for Windows Vista/Server 2008 (32-bit and 64-bit)
တို့ပဲဖြစ်ပါတယ်။

သူညွှန်းထားပုံအရကတော့ IE7 ထက် Faster, Easier, Safer ဖြစ်တယ်လို့ဆိုပါတယ်။ ထူးခြားချက်တွေ အများကြီးဆိုပေမယ့် သိသာတဲ့ ထူးခြားချက်တွေကတော့
၁။ Yahoo Toolbar Built-in ပါတာရယ်။
၂။ New Tab ခေါ်လိုက်ရင် Reopen Close Function ပါတာရယ်။
၃။ Shortcut တွေ ပိုစုံသွားတာရယ်။
၎။ IE7 ထက် ပိုမြန်တာရယ် ဖြစ်ပါတယ်။
၅။ Tab တစ်ခုကနေ နောက်တစ်ခုကို Link လုပ်ပြီး နောက် Website တစ်ခုဖွင့်လိုက်ရင် Tab ကိုအရောင်တူလေးတွေနဲ့ ပြထားပေးပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ အချိန်မရလို့ ဘာသာပြန် မပေးနိုင်တာခွင့်လွှတ်ပါ။

ဒေါင်းဖို့ပါ လင့်ခ်ပေးလိုက်ပါတယ်။
Internet Explorer 8 Download

သာသနာ့ခံတပ်

ရုံးဆင်းတော့ သူငယ်ချင်း နှစ်ယောက်သား ဈေးကဖြတ်ပြီး ပြန်လာကြတယ်။ ဈေးတစ်နေရာရောက်တော့ Singapore Pools ဆိုတဲ့ စာလုံးကြီးတပ်ထားတဲ့ ဆိုင်ကိုမြင်တာနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တန်းစီနေတဲ့ လူတွေရဲနောက်ဆုံးမှာ ဝင်ပြီး တန်းစီလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှေ့ကတန်းစီတဲ့ လူတွေကုန်လို့ ကျနော်တို့ အလှည့်ရောက်တော့ Sweep လို့ပြောပြီး လက်ညှိုး ၂ချောင်း ထောင်ပြလိုက်ပါတယ်။ Sweep ဆိုတာ စင်ကာပူထီ ပါ။

ဒီလိုနဲ့ လမ်းမှာ ကျနော်က သူငယ်ချင်းကို မေးလိုက်မိတယ်။ မင်းထီပေါက်ရင် အရင်ဆုံး ဘာအတွက်သုံးမှာလဲ ပေါ့။ သူကလည်း သာမာန် တစ်ယောက် အနေနဲ့ပဲ ပြန်ဖြေတယ်။ အရင်ဆုံး မြန်မာပြည်ပြန်ပြီး ဘုရားတည်မည်တဲ့။ ကျနော်က ဆက်မေးတယ်။ ဘာရည်ရွယ်ချက်လည်း ဆိုတော့ ဘုရားဒကာ ဖြစ်ချင်လို့၊ နောက်တစ်ခုက ငါတည်တဲ့ ဘုရားများ သူများတွေ ကိုးကွယ်ပြီး ကုသိုလ်၊ ဘာဝနာ ပွားများစေဖို့တဲ့။ ကောင်းလိုက်တဲ့ ကုသိုလ်စိတ်ပဲနော်။ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကျနော် တစ်ခုတော့ စိတ်မကောင်းဖြစ်သွားတယ်။ စေတီဘုရားတွေအောက်မှာ ထိုင်ပြီး ဆွမ်းနပ်မမှန်တဲ့ ဘုန်းတော်ကြီး၊ ကိုရင်ငယ်တွေ ဘယ်လောက်များ ရှိလေမလဲလို့။ များပြားလှတဲ့ ဝိနည်းပေါင်းများစွာကို ထိန်းသိမ်းပြီး သာသနာတော်ကို ရွပ်ရွပ်ချွံချွံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရဟန်းသံဃာတော်တွေ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတွေ ကိုရင်ငယ်တွေ စတဲ့ မြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်တွေက ဆွမ်းတစ်နပ်အတွက် အတော့ကို ရုန်းကန်နေကြရတယ် မဟုတ်ပေမယ်။ မပြောကောင်းမဆိုကောင်း တချို့ဆို သူတောင်းစားနဲ့တောင် အယှဉ်ခံရသေးတယ်။ စာသင်တိုက်တွေ ဆိုရင်လည်း ဆွမ်းအတွက် အတော်လေး ရုန်းကန်နေကြရပါတယ်။ ကျနော်တစ်ခါက ရေးဖူးတဲ့ မနက်ခင်းဘုံလောင်းတစ်ခု မှာလို ဘုံလောင်းတွေကို အားကိုးနေရပါတယ်။

စာသင်သားတွေဆို ပိုဆိုးပါတယ်။ စာအုပ်ဖိုး ဘောပင်ဖိုးက စလို့ အရာရာ လိုအပ်နေကြပါတယ်။ ဆရာတော်တစ်ပါး ဟောတာ ကြားဖူးပါတယ်။ ကိုရင် ဘာလိုလဲ ကိုယ်တော် ဘာလိုလဲ မမေးပါနဲ့။ အကုန်လိုပါတယ်တဲ့။ ဟုတ်ပါတယ်။ အကုန်လိုပါတယ်။ ဝိနည်းနဲ့ အညီဆိုရင် ရဟန်းသံဃာတော်တွေက ဘာလိုတယ်၊ ညာလိုတယ် ဆိုပြီး အလှူမခံရပါဘူး။ ဒါကြောင့် ဝိနည်းကို အတော်အတန် စောင့်ထိန်းတဲ့ ရဟန်းတွေက နှုတ်က ထုတ်ပြီး အလှူခံမှာမဟုတ်လို့ ဒကာတွေအနေနဲ့ ဘာလိုအပ်သလဲ မမေးရပါဘူး လို့ ဆရာတော်က ဆုံးမထားပါတယ်။ မြန်မာလူမျိုးတွေ အလှူဒါန ရက်ရောတာ မြန်မာတိုင်းသိပါတယ်။ လှူလည်းလှူနေကြပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ဘုန်းတော်ကြီးတွေ ဆွမ်းအတွက် ရုန်းကန်နေကြရပါသလဲ။ စေတီတွေလည်း ပေါပါတယ်။ ကမ္ဘာမှာ စေတီတော် အများဆုံးတိုင်းပြည်ဆိုရင် မြန်မာနိုင်ငံ မှတပါး အခြားမရှိပါ။

ဘုရားဒကာဖြစ်ချင်လို့ စေတီတည်တယ်။ ဘုရားမှာ ကဗျည်းထိုးချင်လို့ စေတီတည်တယ်။ သာသနာပြုခဲ့တဲ့ မှတ်တိုင်တစ်ခုအနေနဲ့ စေတီတည်တယ်။ မှန်ပါတယ်။ ကောင်းသော သာသနာပြု အမှုကိစ္စပါ။ မှားတယ်လို့ မဆိုလိုပါ။ သို့သော် သာသနာသည် အဆောက်အဦး မဟုတ်ပါ။ ဘုရားတည် ကျောင်းဆောက်ရုံနဲ့ သာသနာ မခိုင်မြဲနိုင်ပါဘူး။

ဥပမာတစ်ခုပေး၍ ပြောချင်ပါသည်။ နှိုင်းကောင်းသည် မကောင်းဘူးကတော့ မပြောတတ်ပါ။ စာဖတ်သူကို ကွက်ကွက်ကွင်းကွင်း မြင်စေချင်၍သာ ဥပမာပေးခြင်းဖြစ်ပါသည်။ သာသနာတော်ကို ရွှေနန်းတော် တစ်ခုဟု ယူဆပါစို့။ စေတီ ပုထိုးတွေဟာ နန်းဆောင် နန်းတော်တွေသာဖြစ်မယ်ဆိုရင် ပဋိယတ္တိ စာသင်တိုက်တွေဟာ သာသနာတော်အတွက် မြို့တံတိုင်းတွေပါ။ အခုအချိန်အခါမှာ သာသနာတော်ဟာ ရန်သူတွေ ဝိုင်းနေတဲ့ ရွှေနန်းတော်တစ်ခုပမာ အဘက်ဘက်က ထိုးနှက်ခံနေရပါတယ်။ ဒီအတွက်လည်း ဓမ္မကထိက ဆရာတော်တွေကလည်း စစ်သူကြီးတွေပမာ သွေးအံမတတ် ဦးဆောင်ညွှန်ကြားနေကြသလို၊ ကမ္မဋ္ဌာနစရိယ ကမ္မဋ္ဌာန်းပြ ဆရာတော်တွေကလည်း မှူးကြီးမတ်ကြီးများကဲ့သို့ သာသနာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေကြပါတယ်။ အခုလိုအချိန်မှာမှ ဒီမြို့ရိုးတွေကို ခိုင်အောင် မတည်ဆောက်နိုင်ဘူးဆိုရင်၊ သာသနာ့ရဲဘော်တွေ ဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို လက်နက်ရိက္ခာဖြစ်တဲ့ ရှင်လေးပါး (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) နဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် နန်းတော် နန်းဆောင်တွေဖြစ်တဲ့ စေတီပုထိုးတွေကိုလည်း ကာကွယ်စောင့်ရှောက နိုင်လိမ့်မယ်မထင်ပါဘူး။ ဒါကြောင့် သာသနာတော်ကြီး အဓွန့်ရှည်ဖို့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့ကြပေးစေချင်ပါသည်။ ဘယ်ဆရာတော်က ငါ့ဆရာတော်၊ ငါတို့က ဘာဂိုဏ်း၊ ငါတို့ဆရာက ဒီလိုပြောတာ လို့မသတ်မှတ်ပဲ မြေကြီးပေါ်မှာ ဘုရားတည်တာမဟုတ်ဘဲ နှလုံးသားထဲမှာ ရတနာသုံးပါးကိန်းအောင် ဆောင်ရွက်ပြီး သာသနာ့ ရွှေနန်းတော်ကြီးကို စောင့်ရှောက်ဖို့ မြို့ရိုးတံတိုင်းတွေဖြစ်တဲ့ ပဋိယတ္တိ စာသင်တိုက်တွေနဲ့ သာသနာ့စစ်သည်တော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့လှူဒါန်းပြီး ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

*ကျနော့အမြင်သက်သက် မျှသာဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာ ရှိခဲ့ပါက ထောက်ပြဝေဖန် အကြံပေးနိုင်ပါသည်။*

ဗီလိန်

သက်သတ်လွတ်စားခြင်း ဆိုရာဝယ် (ကိုအောင်ဦး)

သက်သက်လွတ် စားခြင်း ရဲ့အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါရှင့်။ စားခြင်း၊ မစားခြင်း ရဲ့ကွာခြားမှုလေးကို သိပါရစေ။
မခင်မာလာအောင်

မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ လူအတော်တော်များများက သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ မရှင်းပဲ ဖြစ်တတ်ကြတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရေးတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ် စာအုပ်ကို ဖတ်ရတဲ့ သူတွေကတော့ ဒီအကြောင်းကို ရှင်းအောင်း သိကြမှာပါ။ စာအုပ်ကို ဒီနေရာက ကူးယူပြီး ဖတ်ကြည့်စေချင်ပါတယ်။ဆရာတော်ရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ကိုးကားပြီး ဖြေပေးလိုက်ပါတယ်။
ကျနော်တို့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့ အချိန်မှာ ဒေ၀ဒတ်က ဘုရားရှင်ထံကို ဂရုကအာပတ် (ကြီးလေးသော အပြစ်) အဖြစ် ပညတ်တော်မူဖို့ လျှောက်ထားတဲ့ အချက်(၅) ချက်ရှိပါတယ်။
(၁) ရဟန်းတို့ အသက်ရှင်သမျှကာလပတ်လုံး အရညကင်ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာနီးကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၂) ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ ပို့လာသော၊ ဖိတ်သော ဆွမ်းကိုစားက ဂရုကအာပတ်သင့်စေရန်။
(၃) ရဟန်းတို့ သုသာန် သင်္ချိုင်းကရသော ပံသုကူ သင်္ကန်းကိုသာ ၀တ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကိုဝတ်က ဂရုကအာပတ်သင့်စေရန်။
(၄) ရဟန်းတို့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်၌သာ နေပါစေ၊ ဒါယကာတို့ လှူသော ကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၅) ရဟန်းတို့ ငါး၊ အမဲကို မသုံးဆောင်ပဲ သက်သတ်လွတ်သာ စားပါစေ၊ ငါး အမဲစားက ဂရုက အာပတ်သင့်စေရန်။


ဒါတွေကိုကြည့်ခြင်းအားဖြင့် နံပါတ်(၅)မှာ သက်သတ်လွတ်စားခြင်း ဆိုတာ ဒေ၀ဒတ် လျှောက်ကြားခဲ့တဲ့ အချက်ဖြစ်ပါတယ်။ အခုလို အဆိုငါးချက်ကို တင်သွင်းပေမယ့် ဘုရားရှင်ကိုယ်တော်တိုင် ဗီတိုအာဏာထက် ပြင်းတဲ့ ဗုဒ္ဓအာဏာနဲ့ ပယ်ဖျက်ခဲ့တာပဲ။ ငါးချက်လုံးကို ဘုရားရှင်က မတားမြစ်ပဲ။ ခွင့်ပြုတော်မူခဲ့တယ်။
အခု ဗုဒ္ဓဘာသာဝင်ကြားတွေမှာ ကိုးန၀င်းဆိုတဲ့ ပုတီးစိပ်နည်းတွေက ခေတ်စားပါတယ်။ ဘယ်နေ့မှာ ဘယ်ဂုဏ်တော်၊ ဘယ်နခေါက်ဆိုတာတွေသည် ထေရ၀ါဒနဲ့တော့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။ ပုတီးစိပ်တာကို မကောင်းဘူး ပြောခြင်းမဟုတ်ပါ။ ထေရ၀ါဒမှာ အခေါက်ရေ၊ အချိန်၊ ရက်တွေ ကန့်သတ်ချက်မရှိပါဘူး။ အဲဒီမှာလည်း သက်သတ်လွတ် စားရမယ့်ရက် သတ်မှတ်ထားတာ တွေ့ရတယ်။ ဒါတွေကို ကိုယ်တိုင်ပဲ တွေးပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ကြပါ။
မြတ်စွာဘုရားရှင်က ရတနာ(၃)ပါးကို ဆည်းကပ်ကိုးကွယ်သော လူဝတ်ကြောင် ဒကာ၊ ဒကာမတွေနဲ့၊ သာသနာ တွင်း ရဟန်းတွေကိုပါ သတ်သတ်လွတ်စားဖို့ လုံးဝ မိန့်ကြားတော်မမူခဲ့ပါဘူး။ သတ်သတ်လွတ်စားရုံနဲ့ ဘာကုသိုလ်မှ မရနိုင်လို့ပဲဖြစ်ပါတယ်။

ပါးစပ်ထဲကို သွင်းလိုက်တဲ့ အစားအစာကို ဟိုဟာပဲ၊ ဒီဟာပဲလို့ ရွေးချယ် သတ်မှတ်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားနိုင်ပါဘူး။ ဘာကိုပဲ စားစား နှလုံးသွင်း ဆင်ခြင်ပြီးစားရင် ကုသိုလ် ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင်လည်း အကုသိုလ်ပဲ ရပါမယ်။ အစာစားနေချိန်မှာ သတ္တ၀ါရဲ့ ကုသိုလ်၊ အကုသိုလ်ကို သူစားနေတဲ့ အစာက မပြဋ္ဌာန်းနိုင်ပါဘူး။ သူ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်၊ နှလုံးသွင်းမှု၊ အတွေးတွေကပဲ ပြဋ္ဌာန်းပါတယ်။ ဒီတော့ အစားအစာ အမျိုးအစားက အဓိကမဟုတ်၊ စိတ်သာ အဓိကဖြစ်တဲ့ အတွက် ကုသိုလ်ဖြစ်နေဖို့ အစာကို မရွေးချယ်ဘဲ စိတ်ကို ပြုပြင်ဖို့သာလိုပါတယ်။ ဒါကြောင့် သတ်သတ်လွတ်အစာကို ပါးစပ်ထဲ ထည့်ရုံနဲ့ ကုသိုလ်မရသလို၊ အသား၊ ငါးကို ထဲ့လို့လည်း အကုသိုလ်မဖြစ်ပါဘူး။

သတ်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာတွေ ပြောဆိုကြံစည် နေမယ်ဆိုရင် အကုသိုလ်ပဲ ဖြစ်ပါမယ်။ အသား၊ ငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကို နှလုံးသွင်းပွားများနေမယ်၊ ကုသိုလ်စိတ်ဖြစ်စေမယ်၊ တဏှာကင်းစွာ သင့်တင့်အောင်စားနေတာ ဖြစ်မယ်ဆိုရင် ကုသိုလ်ပဲဖြစ်ပါမယ်။
အတွေးကြောင့် ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်၊ အစားကြောင့် ရလာမဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်ရယ်လို့ မရှိပါဘူး။ သက်သက်လွတ်စားရုံနဲ့ ကုသိုလ်တွေရနေမယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့စို့နေချိန်၊ ကောင်မလေးတွေ သရက်ပေါင်း၊ ဇီးထုပ်၊ နေကြာစေ့ စားနေချိန်၊ အရက်သမားတွေ ဘီယာသမားတွေ အရက်ဘီယာကို အာလူးကြော်၊ မြေပဲလှော်နဲ့ မြည်းနေချိန်တွေမှာ သူတို့ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ ဘီယာ၊ အရက်ကလည်း သတ်သတ်လွတ်ပဲလေ။ ပွင့်တော်မူပြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အားလုံးဟာ အသား၊ ငါးရော၊ အသီးအရွက်ရော၊ ကြုံရာကို တဏှာကင်းစွာ စားရင်းကျင့်ကြံ အားထုတ်ခဲ့ကြပါတယ်။ သတ်သတ်လွတ်စားတဲ့ ဘုရားရှင်ရယ်လို့ မရှိခဲ့ပါဘူး။

ကိုယ့် အတွက် သီးသန့်ရည်စူးပြီး သတ်တာကို မြင်ရင်၊ ကြားရင်၊ ယုံမှားသံသယရှိရင် လူဝတ်ကြောင်တွေ အနေနဲ့ မစားသင့်တော့ပါ။ ရဟန်းတော်တွေကတော့ လူ၊ ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ၀က်ဝံ၊ အောင်း သား (တွင်းအောင်းသား) ဆိုတဲ့ အသားကြီး (၁၀) မျိုးကို ရှောင်ရပါမယ်။ ဘာလို့ရှောင်ခိုင်းရတာလဲ၊ စားရင် အာပတ်သင့်စေလို့ ဘာလို့ မိန့်ကြားရတာလဲဆိုတာကို “သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်” စာအုပ်ရဲ့ စာမျက်နှာ ၃၁မှာ ဖတ်ကြည့်ပါ။ကျန်တာကတော့ ကိုယ့်ကျန်းမာရေးနဲ့ အစဉ်ပြေရင် အကုန်စားနိုင်ပါတယ်။ ကိုယ့်ရဲကျန်းမာရေးနဲ့ မတည့်လို့ ရှောင်တာကလွဲရင် အကုသိုလ်ဖြစ်မှာ ကြောက်လို့၊ ကုသိုလ်လိုချင်လို့ ဆိုပြီး ရှောင်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေ မရမှာဆိုးလို့၊ တစ်အိမ်လုံး ဘာအသား မစားရဆိုတာမျိုးတွေ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်လို့ ရှောင်ရတာတွေဟာ ထေရဝါဒ မဟုတ်ပါဘူး။ ဘုရားဟောကို ပြုပြင်စီရင်ရာ ရောက်ပါတယ်။ ကိုယ့်ဟာကို မ၀ယ်နိုင်လို့၊ ရွံလို့၊ အညှီနံ့ မခံနိုင်လို့ မစားရာကနေ ဒါဟာမှ ကုသိုလ် အလုပ် လို့ ပြောလာရင်လည်း ထေရ၀ါဒ မဟုတ်တော့ဘူး … ဆိုတာ သိထားရပါမယ်။ ဘာမှ ထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။ သက်သတ်လွတ်စားလို့ အကျိုး သက်ရောက်မှုကတော့ ကုသိုလ်၊ အကုသိုလ်နဲ့ ပတ်သတ်လို့ ဘာမှ မရှိပါ။ လောကီနေထိုင်ရာမှာ အသားငါးဖိုး အကုန်သက်သာတာရယ်၊ အဆီတွေ မစားတာဖြစ်လို့ ကျန်းမာရေး အတွက် တဖက်တလမ်းက အကျိုးပြုနိုင်ပါလိမ့်မယ်။ မရှင်းတဲ့ အချက်တွေပါခဲ့ရင် ထပ်မေးပါခင်ဗျာ။

ချမ်းသာသုခပြည့်ဝနိုင်ပါစေ…

ကိုအောင်ဦး ရဲ့ ပို့စ် ဖြစ်ပါတယ်။ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ပါစေ။
အောက်က ကော်မန့်အတွက် ကိုအောင်ဦးက ဒီနေရာမှာ ကျေနပ်ဖွယ်ရာ အဖြေပေးလိုက်ပါပြီ။

မသိခြင်းများ

ကြက်ဥကနေ ကြက်မဖြစ်သလား
ကြက်မကနေ ကြက်ဥဖြစ်သလား

မိုးရွာလို့ ရေငွေ့ရှိတာလား
ရေငွေ့ရှိလို့ မိုးရွာတာလား

ဆရာရှိလို့ တပည့်ရှိသလား
တပည့်ရှိလို့ ဆရာရှိသလား

စားသူရှိလို့ သတ်သူရှိတာလား
သတ်သူရှိလို့ စားသူရှိတာလား

အရက်ဆိုင်ဖွင့်လို့ အရက်သမားရှိတာလား
အရက်သမားရှိလို့ အရက်ဆိုင်ဖွင့်တာလား

အဆူခံရမှာမလို့ လိမ်ညာတာလား
လိမ်ညာလို့ အဆူခံရတာလား

ယုံကြည်မှုက သံသယကင်းစေတာလား
သံသယက ယုံကြည်မှုကင်းစေတာလား

မင်းသားကောင်းလို့ ဗီလိန်ကိုမုန်းတာလား
ဗီလိန်ကောင်းလို့ မင်းသားကိုချစ်တာလား

ရေစိုကို မီးနဲ့ ခြောက်အောင်လုပ်ရမလား
မီးကို ရေနဲ့ ငြှိမ်းရမလား

မီးလောင်ရာလေပင့်.... တဲ့
မွေးနေ့ ကိတ်ပေါ်က ဖယောင်းတိုင်မီးကို ဘယ်လိုငြိမ်းစေသလဲ

အိုင်းစတိုင်းကတော့ပြောတာပဲ
ဒါတွေသိရင် အချိန်ကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရပြီတဲ့

ဗီလိန်

မညီမျှခြင်း

သဝန်တိုမှ အချစ်တဲ့လား
နားလည်မှုတွေ အပြန်အလှန်နဲ့
ငြိမ်းချမ်းနေတာကကော အချစ်မဟုတ်ဘူးလား။

သံသယတွေ ပြည့်နှက်နေတဲ့ အချုပ်ခန်းလေးတစ်ခု
လှောင်မြိုက်လို့ မွန်းကြပ်လှပါပြီ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံး ငါ့ကိုယ့်ငါလည်း ပျောက်ဆုံးနေပြီလေ။

ငါချစ်တဲ့ အမေ့စကားကို လျစ်လျူရှုပြီး
ငါချစ်တဲ့ အနုပညာကို ကန့်သတ်ချုပ်ချယ်ပြီး
ငါချစ်တဲ့ သူငယ်ချင်းတွေကို မေ့ထားပြီး
ပေးဆပ်ခဲ့သမျှ
နောက်ဆုံးတော့ ပြန်ရလိုက်တာက
ညီမနဲ့ မသင်္ကာ၊ အစ်မနဲ့ သံသယ
သူငယ်ချင်းတကာနဲ့ ပေးစား
ငါဟာ အောက်တန်းစား တဲ့လေ။

စွပ်စွဲချက်တွေ သံသယတွေ ချုပ်ချယ်မှုတွေ မရှိတဲ့
တစ်နေရာမှာ တိတ်ဆိတ်စွာ ငိုနေခွင့်သာပေးပါတော့ ချစ်သူ။

ဗီလိန်

ဖိနပ်ပစ်ပြိုင်ပွဲ

အီကိုနော်မီဒေါင်းတိုင်မ်းမှာ အလုပ်အဆင်မပြေဘူးလား။ တရားခံကို ဖိနပ်ပစ်ပြီး စိတ်ဖြေလိုက်ပါ။


အိုဘယ့် ငရမန်ကန်း

တစ်နေ့သော ပူပြင်းလှသော စင်္ကာပူနေ၏ နေ့လည်ခင်းတစ်ခုတွင် ဖြစ်သည်။ ထမင်းစားပြီး၍ ကုတင်ပေါ်၌ အဆီရစ်နေသော အမောင်ဗီလိန်တစ်ယောက် ပုဂံခေတ် စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေလေသည်။
သေချာပြီလား စောလူးမင်းမြတ်။ ဒါနဲ့ဆို ၁၀ပွဲမြောက် ရှုံးခြင်း ဖြစ်သွားမယ်နော။ အံအုပ်မလှပ်ခင် ဆန္ဒပြောင်းလို့မီသေးတယ်။”
“လှပ်မှာသာလှပ်စမ်းပါ ငရမန်ရယ်။ ယခင်လည်း သင် ငါ့ကို ရှုံးနေကြပါ။ ငယ်နိုင်တစ်ယောက်က ငါ့ရဲ့ဘုန်းကံကို ယှဉ်နိုင်ရင်ယှဉ်စမ်းပါ။ အရှုံးကိုကြောက်လို့ မလှပ်ဝံ့သေးသလော။”
“ဟားဟားဟား စောလူးမင်းမြတ်ရယ်။ ဒီစကားကို ငရမန်က ပြောရမှာပါ။ ကြမ္မာရဲ့ အပြောင်းအလဲကို လက်မခံနိုင်ပဲကိုး။ လှပ်ဆိုတော့လည်း လှပ်တာပေါ့။ ကျုပ်က အရှုံးအတွက် ပြင်ဆင်ထားဖို့ သတိပေးနေတာပါ။”

ငရမန်က ခပ်မဲ့မဲ့အပြုံးဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အံအုပ်ကို လှပ်လိုက်သည်။ ငရမန်၏ ထီမထင်သည့်မျက်နှာက စောလူးမင်းမြတ်၏ ရာဇအမျက်ကို ဆွဲထုတ်နေသည်။ သေရည်ကလည်း အတော်လေး အစွမ်းပြနေပြီ။
ဟားဟားဟားဟား ........”
“ကိုင်း ဘယ်လိုလဲ ဘုန်းကြီးရှင်တော် စောလူးမင်းမြတ်ရဲ့။ ငရမန်လို မြို့စားငယ်လေးကို ပြည့်ရှင်မင်းမြတ်က ကြွေအံအရာမှာတောင် မနိုင်ရင် ရာဇဘုန်းကို သံသယမကင်း မရှိလေဘူးလား။”

လက်ခမောင်းခတ်၍ ပြောလေရာ စောလူးမင်းမြတ်က သေရည်အရှိန်ဖြင့် ကြွေအံစားပွဲကို လှန်ချလိုက်ပြီး
သယ်.... ငရမန်ကန်း။ သင့်ကို နို့စို့ဘက်မို့ မြှောက်စားခဲ့တယ်။ ဥဿပဲခူးကို အပိုင်စားပေးခဲ့တယ်။ ဒါကိုမှ သင်က ကျုပ်ရဲ့ ဘုန်းတန်ခိုးကို ယှဉ်ချင်တယ်။ သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ဥဿပဲခူးကနေ ငါ့ကိုပုန်စားချေ။ ငါ့ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင် ယှဉ်လော့။”
“ဟားဟားဟားဟား... မင်းမြတ်စကား၊ အမှားမခံဘူး။ ဆန်ကုန်ရင် ဝယ်လို့ရတယ် စကားကုန်ရင် ဆယ်လို့မရဘူးနော စောလူးမင်းမြတ်ရဲ့။”
“ယောက်ျားစကား ၂ခွန်းမဆို။ ရာဇတံထွေး ပြန်မမျိုဘူး။ သင်ယှဉ်နိုင်ရင်ယှဉ်လော့ ဧကရာဇ်ဘုန်း ဘာများထင်နေသတုန်း ငရမန်ကန်း။”


-----------------------------------------------------

ဤသို့ဖြင့် ဘုန်းယှဉ်ပွဲက ကြွေအံပွဲတွင် စကားနာထိုးရာမှ စစ်ရေးအထိ ရောက်သွားပြီး သွေးချောင်းစီးရလေသည်။ အဆုံးတွင် ပြည်တော်သာကျွန်း တိုက်ပွဲ၌ ငရမန်က စောလူးမင်းကို လက်ရဖမ်းမိလေ၏။ ငရမန်၏ တပ်သားများက ချုပ်နှောင်၍ ခေါ်ဆောင်လာသော စောလူးမင်းမြတ်ကိုတွေ့သော် ငရမန်က
သယ်... ငါ့ကျွန်တို့ အဘယ်ကြောင့်များ ဧကရာဇ်မင်းမြတ်ကို ကြိုးဖြင့် တုပ်သလော။ ခုချက်ချင်း ဖြည်လော့။”
တပ်သား အပေါင်းတို့လည်း နားမလည်သည့် မျက်လုံးများဖြင့် စောလူးမင်းကို ကြိုးဖြည်ပေးလေသည်။
“ဘယ်နှယ့်လဲ စောလူးကိုယ်တော်ရဲ့ သင့်ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင်ယှဉ်ဆို။ ဟားဟားဟားဟားဟားဟား။ ခုတော့ ဘယ်နှယ့်ရှိစ။ စစ်ပရိယာယ်ကိုမှ နားမလည်ပဲ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မတုန်း။”
“သင်ဘာလုပ်ချင်သလဲ ငရမန်ကန်း သတ်စရာရှိလဲသတ်လိုက်”

“ဒီတိုက်ပွဲကလည်း အသင်မင်းမြတ်က စပြီး စိန်ခေါ်လို့ တိုက်ရတဲ့ပွဲ။ မင်းမြတ်ကို ပုန်ကန်လုပ်ကြံချင်တာ မဟုတ်သလို ထီးနန်းလုဖို့လည်း မဟုတ်ပါဘူး။ ကြွေအံကစားတယ်ပဲ မှတ်လိုက်ပါ မင်းမြတ်။ အခုတော့ ငရမန်က နိုင်တယ်ဆိုပါစို့။ မင်းမြတ်နဲ့ ငရမန်တို့က နို့စို့ဘက် ငယ်ပေါင်း အရင်းချာတွေပါ။ အသင်စောလူးမင်းမြတ်ကို ပုဂံနန်းတော်အထိ ငရမန်ကိုယ်တိုင် ကာကွယ်ပို့ဆောင်လို့ ပေးပါမယ်။ ဒါပေမယ့် တစ်ခုသောအရေးကိုတော့ မဝံ့ဖြစ်မိတယ်။ အခုအချိန်မှာ မင်းမြတ်ရဲ့ ကြမ္မာအရ သိမ်နေတယ်ပြောရပါမယ်။ အခုလို ရာဇဘုန်း ဆက်လက်လို့ သိမ်နေသေးမယ်ဆိုရင် ဟိုတဏှာရူးကျန်စစ်သားက ပုဂံထီးနန်းကို သိမ်းမယ့်အရေး တစ်နေ့မဟုတ်တစ်နေ့ ကြုံလာလိမ့်မယ်။ ဒါကို အတို့ကျွန် မလိုလားဘူး။ အသင်မင်းမြတ်ရဲ့ ပလ္လင်ကို စောင့်ရှောက်ဖို့ ငရမန်ကို စစ်သူကြီးခန့်ပြီး အပါးမှာခစားစေဖို့ တောင်းဆိုပါတယ် စောလူးမင်းမြတ်။ ဤတိုက်ပွဲ၏ အဓိကရည်ရွယ်ချက်ကလည်း ဒါပါပဲ မင်းမြတ်။ အတို့ကျွန် ငရမန် သစ္စာတော်ခံလို့ မင်းမြတ်ကို စောင့်ရှောက်ခွင့်ပြုပါမင်းမြတ်။”
ထိုနောက် ငရမန်က ဒူးထောက်ခစားလေသည်။ စောလူးမင်း၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးသွား၏။ ထို့နောက် စောလူးမင်းက ငရမန်ကို လက်ကမ်းပေးလိုက်ပြီး
“ငရမန်... ငါသည် သင့်အား နို့စို့ဘက်၊ ငယ်ပေါင်းကြီးဖော် တစ်ဦးအဖြစ် ဥဿပဲခူးလို မြို့ငယ်လေးတစ်မြို့ကို ပေးပြီး ချီးမြှင့်မြှောက်စားခဲ့တယ်။ တကယ်တော့ သင့်ဟာ ငါ့အပါးမှာ ရာသက်ပန်ခစားစေသင့်တဲ့ မိတ်ဆွေကောင်းပေတကား။ ငါကိုယ်တော် ဝမ်းနည်းရပေသည်။ သင့်အနေနဲ့ သည်ပွဲနိုင်လျှင် ငါ့အားစောင့်ရှောက်မည်ကား မှန်သော်ငြားလည်း သည်ပွဲရှုံးလျှင် ကွက်မြက်ခံရမည်။ ဤသို့သော အရေးကိုမတွေး ငါနှင့် ငါ့ထီးနန်းကို ကာကွယ်ဖို့သာ တွေးလေသည်။ သင့်၏သစ္စာတော်ကို ငါအလွန်မှ လေးစားမိသည်။ ယခုတော့ ငါကိုယ်တော် ပင်ပန်းလှပြီ။ ဤပြည်တော်သာကျွန်းတွင် ရက်အနည်းငယ်ခန့် အနားယူပြီး နန်းတော်ပြန်လို့ သင့်ကိုလည်း စစ်သူကြီး အရာအထူးကို ချီးမြှောက်မည်။ စိတ်ချလော့ ငရမန်။”
“ကျေးဇူးကြီးမြတ်လှပါတယ် မင်းမြတ်။”


-----------------------------------------------------

ထို့နောက် စောလူးမင်းသည် ငရမန်၏ အစောင့်အရှောက်ဖြင့် ပြည်တော်သာကျွန်းတွင် စံမြန်းနေလေ၏။ သုံးရက်လွန်မြောက်၍ ညဦးယံတွင် စောလူးနှင့် ငရမန်တို့ မူးရစ်သောက်စားနေကြစဉ် တပ်စခန်းထဲရှိ အဆောင်တဲတစ်ခုဘေးမှ ချောင်းမြောင်း ကြည့်ရှုနေသည့် ကျန်စစ်သား၏ အတွေးတွင်ကား
“စောလူးမင်း မရှိတုန်း ထီးနန်းသိမ်းလိုက်ရင် ပွဲလန့်တုန်းဖျာခင်း ဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့ ယုံကြည်မှုကို မရမှာကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စောလူးမင်း လွတ်လာရင် ငါလည်းပလ္လင်က ဖယ်ပေးရမှာက တစ်ကြောင်းကြောင့် ရန်သူ့နယ်ကို အရဲစွန့်လို့ ဝင်လာတာ ငါမှန်သွားပြီ။ ဒီပုံအတိုင်းဆို ဒင်းပြန်လာပြီး ထီးနန်းပြန်စံဖို့ရှိတယ်။ ဒင်းကို အပြတ်ရှင်းမှ။”
အတော်အတန် ညဉ့်နက်သွားသော် စောလူးမင်းလည်း သေရည်အစွမ်းဖြင့် ကိုယ်တော်ကို မနည်းထိန်းရပြီ။ ငရမန်၏ တပ်သား နှစ်ဦးက ယာယီစံရာ ဖျင်တဲဆောင်သို့ ပို့ဆောင်ပေးလေသည်။ အသင့်စောင့်နေသည့် ကျန်စစ်သားကလည်း ဖျင်တဲအနီးသို့ အသာအယာကပ်သွားပြီး အစောင့်များအလစ်တွင် ဖျင်တဲ၏ အနောက်ဖက်ကို ဓားဖြင့်ခွဲကာ ဝင်လေသည်။ စက်ရာပေါ်တွင် လဲလျောင်း နေသော စောလူးမင်းကို ဓားဖြင့်ခုတ်မည် ရွယ်လိုက်ရာ စောလူးမင်းလည်း လန့်နိုးသွားပြီ။
“ကျန်စစ်သား... ကျန်စစ်သား ငါ့ကို လုပ်ကြံနေတယ်။ လာကြ လာကြ။”
ဟုအော်ကာ ကျန်စစ်သားခုတ်ချလိုက်သည့် ဓားကို ရှောင်တိမ်းလိုက်သည်။ သို့ရာတွင် စစ်ရေးအရာ ကျွမ်းကျင်ပိုင်နိုင်လှသည့် ကျန်စစ်သားက ဘယ်ဘက်လက်ထဲမှ အရိန္နမာဖြင့် စောလူးမင်း၏ ဘယ်ဘက်ရင်အုံသို့ထိုးကာ ထွက်ပြေးလေတော့သည်။ ငရမန်၏ တပ်များလိုက်လံ ဖမ်းဆီးသော်လည်း မမီတော့ချေ။ ငရမန်ရောက်လာသော် စောလူးမင်းလည်း နတ်ရွာစံ ကံတော်ကုန်နေလေပြီ။ စောလူးမင်း၏ ကိုယ်တော်ကို တင်းကြပ်စွာဖက်ထားရင်း ငရမန်ကန်း၏ မျက်ရည်များသည်ကား စောလူးမင်း၏ သရဖူပေါ်အထိ စီးဆင်းကြနေလေ၏။ ငရမန်ကန်း၏ တပ်သားအပေါင်းလည်း ဘေးတစ်ဘက်တစ်ချက်တွင် ဒူးထောက်ကာ ဝမ်းနည်းပူဆွေးလျက် ရှိနေပေသည်တကား....။
“ကျန်စစ်သား............. မင်းမြတ်ကို လုပ်ကြံဝံ့တယ်။ ဒင်းကို ငါကိုယ်တိုင် သတ်မယ်။ ငါ့ကျွန်တို့.... နက်ဖြန် ပုဂံကို စစ်ချီမယ်။ လက်နက်ရိက္ခာ လူအင်အား အားလုံးအသင့်ပြင်။”

-----------------------------------------------------

အရိမဒ္ဒနပူရ ပုဂံနေပြည်တော်၏ အရှေ့မြို့ရိုးကို ဝိုင်းရံထားသည်ကား ငရမန်ကန်း၏ တပ်ပေတည်း။ တပ်၏ရှေ့ဆုံးမှ မျက်လုံးတစ်ဘက် သားရေစဖြင့် ပိတ်ထားသည့် စစ်သူကြီး ငရမန်ကန်းက ဓားကို မြှောက်လေရာ ငယ်ကျွန် တပ်သား အားလုံး၏ ညာသံပေးက ပုဂံပြည်ကြီးတစ်ခုလုံး ဟိန်းသွားလေတော့သည်။ တဆက်တည်းမှာပင် ဟန်ထူးလွင်၏ ပရိသတ်များ အော်သံကြောင့် ကျွန်နော် ဗီလိန်လည်း လန့်၍နိုးသွားသည်။ သြော် ချစ်သူထံမှ ဖုန်းသံပါပေတကား။

-----------------------------------------------------

*အားလုံးက ပြောလာကြလို့ ဝီကီမှာ ရေးထားတဲ့ ငရမန်ကန်း အကြောင်းကို လင့်ခ်ချိတ်ပေးလိုက်ပါတယ်ဗျာ။

ရာပြည့် ရန်ဒမ်

နန်းညီ နန်းညီ အို နန်းညီ
ပန်းချီဆွဲတဲ့ မယ်နန်းညီ။
နန်းညီလေးက ဘလော့ရေး
Random ရေးတဲ့ ဘလော့ဂါလေး။
ရေးလိုက်တာ ၁၀၀ ပြည့်
ပို့စ်တွေကလည်း ကောင်းပါပေ့။
Photoshop တွေ ကလိနေ
နန်းညီလေးက တော်ပါပေ။
လုပ်ပေးပါဦး Banner တစ်ခု
လုပ်ရပြန်ပြီ တစ်ခုပြီးတစ်ခု။
မငြီးမငြူ လုပ်ပေးသူ
ကိုဗီကလည်း ချေးများသူ။
စိတ်တိုင်းကျအောင် လုပ်ပေးရ
စေတနာက ဗလပွ။
ငပေါများရဲ့ အမှုဆောင်
စည်းရုံးရေးမှာ သူခေါင်းဆောင်။
လက်ဖျားခါအောင် ပေါတာများ
မစ္စတာဘင်းန်တောင် စိတ်ညစ်သွား။
Gtalk ထဲမှာ သီချင်းဆို
စလင်းဒီယွန်နဲ့ အင်မလီလို။
ရုံးမှာနေ ထိုင်ကာ Chat
အလုပ်ပြုတ်မယ် သတိချပ်။ :)

စလင်း ဒီယွန် = Celin Deon
အင်မလီ = Amy Lee from Evanescence


ဗီလိန်
ရန်ဒမ် နန်းညီ ရဲ့ ပို့စ် ၁၀၀ ပြည့် အမှတ်တရ။

အမေ နဲ့ အမိန့်

စစ်တပ်တစ်တပ် အတွက်တော့
ပထမတန်းစား လက်နက်ကြီးပေါ့

ဒါပေမယ့် အမေက ပြောတယ်
အမေသားကို ဘယ်တော့မှ အမိန့်မပေးဘူး... တဲ့လေ။
ပေးလည်း မြေဝယ်မကျ နာခံစရာမလိုဘူး... တဲ့လေ။
သားကိုမွေးတုန်းက သားဦးနှောက်ကို အမေက အလကားပေးထားတာ မဟုတ်ဘူး... တဲ့လေ။
အမေ့စကားနားထောင်ပြီး လမ်းမလွဲနဲ့ အမေလည်း လူပဲ... တဲ့လေ။

ဒါပေမယ့် အမေရယ်
အားလုံးနီးပါးမှန်နေတဲ့ အမေ့စကားတွေ သားကို နာခံခွင့်ပြုပါနော်.........။

ဗီလိန်