တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)

(၁)
"သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ" တဲ့။

ဘယ်သောကာလတုန်းက စတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းအပေါ် သြဇာကြီးခဲ့ပုံ ပေါ်တဲ့ ရှေးမြန်မာကြီးတစ်ယောက်ယောက်ရဲ့ အယူအဆဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော် ငယ်ငယ်တုန်းက အဘိုးအဘွားတွေ ပြောကြ ဆိုကြတာ ကြားခဲ့ဖူးပါတယ်။ တော်တော် ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက ချစ်မှန်းသိရင် ကဲတတ်တယ်၊ ရောင့်တက်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။ ကြာရင် ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း။ ကလေးဆိုတာ နှိမ်ထားမှ၊ ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် "ငယ်သော်ကားသား၊ ကြီးသော်ကျားတည့်၊ ငယ်သော် သမီး ကြီးသော်မီးတည့်" ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြတာပါ။ ဒဲဒီေ၇ှးဟောင်း အယူဟာ အခုချိန်ထိ အရှိန်မကုန်းသေးပါဘူး။

"အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်း မကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူး ဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီးငိုပြီဆိုရင် 'ဦးရာဂျူးရေ' လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီးတိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်" လို့ မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရားရှိတာကို ဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားလိုက်ရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက ကြောက်အောင် အလုပ်ခံရပုံကို သတိရမိသေးတော့။ ကွန်တော် ငိုကြောရှည်နေတဲ့အခါ ကျွန်တော့်ကို ထိန်တဲ့ အဒေါ်က "ဟာလ၀ါကြီးလာနေပြီ၊ လာနေပြီ" ဆိုလိုက်ရင် ချက်ချင်း အငိုတိတ်ရတော့တာ၊ ဟာလ၀ါ ဆိုတာ ဘာမှန်းမသိဘဲနဲ့ ကြောက်လိုက်ရတာလေ။ နောင်ကြီးလာမှ ဟာလ၀ါဆိုတာ အတော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးမှန်း သိရတော့တာ။

သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့မြင်ဖူးပါတယ်။ သူတို့ခမျာ သားသမ်ီးတွေရှေ့မှာ မျက်နှာကို တည်တည်ကြီး လုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီး ပြောကြရရှာပါတယ်။ ရိုက်နှက် အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း လက်မနှေးအောင် ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရိပ်တွေ မပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊ အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီး သရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့ ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့ အဲဒီလို ဖြစ်နေကြရတာလဲ။

“မှားယွင်းတဲ့ အယူအဆကို လက်ခံယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကို နားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ။” လို့ စိတ်ပညာ ဆရာတစ်ဦးက ဆိုပါတယ်။

=====================================================================
မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။


တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

7 comments:

sait phay yar said...

ဗီးဗီးတို့ကတော်တယ်တော့ ဗီးရဲ့ ကလေးတွေကိုအဲလိုဘဲ ဆက်ဆံတယ်ဟုတ်
ကလေးစိတ်ပညာရှင်တော့ဖြစ်ပြီ
ကျေးဇူးပါဗီး.. အရမ်းကောင်းတဲ့ပိုစ်လေးပါ..
ဆက်ရေးနော်

မောင်ဖားကြီး said...

ကောင်းတယ်ဗျာ ကိုဗီလိန်ရေ ခင်ဗျားတို့ ကျွန်တော်တို့လို
လူငယ်တွေမှာ အဲ့လိုစိတ်တွေရှိတော့ နောင်မျိုးဆက်တွေကျရင်
ပိုကောင်းအောင်လုပ်နိုင်လာမယ် ထင်တယ်ဗျာ

Anonymous said...

ဟုတ်တယ်ဗျို့... `မင်းသားလေး၊ The Little Prince´ ဆိုတဲ့ စာအုပ်မှာ လူကြီးတွေရဲ့ အတ္တဆန်မှုကို သရော်ထားလေရဲ့။ လူကြီးတွေက ကလေးတွေကို သိပ်စိတ်ရှုပ်ရင် အလေးမထားကြတော့ဘူး။

Anonymous said...

သိပ်ကောင်းတဲ့ပိုစ့်တွေပါပဲ ဗီလိန်ရေ
အရင်က ကလေးတွေတော့မသိဘူး
အခုခေတ်ကလေးတွေက “ဟလ၀ါကြီးလာနေပြီ” ဆိုလိုက်ရင်ဖြင့်
“ယူလာခဲ့ မြန်မြန်ချားမယ်” လို့ပြောမှာ ...
အခုကလေးတွေက အိုင်တီခေတ်ထဲမှာ လေ ...
ဟုတ်တယ် ဟုတ် ... ?

ခင်မင်လေးစားစွာနဲ့

ရွှေပြည်သူ (ShwePyiThu) said...

"သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ"... ဟုတ်တယ် အဲဒီအဆိုအမိန့်ကြီးကို စကြားကတည်းက လက်မခံခဲ့တာ အခုထိပါပဲ။ မြင်ဖူးသလောက်တော့ အဲဒီနည်းစနစ်က သိပ်အောင်မြင်မှုမရှိသလို သားသမီးနဲ့မိဘကြားက ရင်းနှီးနွေးထွေးမှုကို လျော့ပါးစေတဲ့အပြင် သားသမီးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးသူ ဖြစ်စေတာကိုပါ တွေ့ရပါတယ်။ ဆောင်းပါးကောင်းလေး မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မောင်လေး ဗီလိန်ရေ...

မိုးခါး said...

VV က ဒါတွေ လေ့လာနေပြီလား .. :P
(နောက်တာ) ငါကတော့ မိဘရတာ ကံကောင်းတယ်လို့ ထင်တယ် ..း)
ကြောက်တန်တာတော့လည်း ကြောက်ဘူးပါတယ် .. အလွန်အကျွံတော့မဟုတ်ခဲ့ဘူး ..

Anonymous said...

ဟုတ်တယ်ဗျာသားသမီးကိုငယ်တုန်းမှာကောကြီးလာရင်ပါရိုက်နှက်တာအရှက်တကွဲဖြစ်အောင်ဆုံးမတာမလုပ်သင့်ပါဘူး။
ကျတော်တို့မောင်နှမတွေဆိုအဖေဆရာအမေကဆရာမမို့ထင်ရဲ့ခံလိုက်ရတဲ့ဆုံးမမှုတွေဗျာ။
သူတို့ခေါ်တာတခါတည်းမကြားရင်နားရွက်လိမ်ဆွဲတယ်။တခုခုဆိုအဖေကနပမ်ကျင်းတယ်။အမေကလိမ်ဆွဲတယ်။
ကျတော့်အမအကြီးဆုံးဆိုပြန်ပြန်ပြောလွန်းလို့အိမ်ထောင်ကျမှပဲအရိုက်ခံလွတ်တော့တယ်။
ဘွဲ့ရပြီးတဲ့ထိကိုကြိမ်လုံးနဲ့ရိုက်ခံရတယ်။လုံးဝမလုပ်သင့်ဘူးထင်တာပဲ။ခုခဏ်တော့လည်းအဲလောက်တင်းကြပ်တဲ့မိဘတွေရှားသွားပြီထင်ပါတယ်။