ကျမ နှင့် ဆေးကျောင်းသားလေး

သူက မနက်တိုင်း ကျောင်းမသွားခင် လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ လာထိုင်နေကြ။ ကျမကလည်း အဲဒီ့အချိန်ဆို ဆိုင်လေးရဲ့ထောင့်တစ်နေရာကနေ စောင့်ကြည့်ရတာအမော။ သူက သူ့သူငယ်ချင်းတွေ ကြားထဲမှာ တော်တော်အရာရောက်တယ်လေ။ သူ့တို့ဝိုင်းမှာဆို သူ့စကားတွေက လွှမ်းလို့ပေါ့။ မန်ယူနဲ့ အာဆင်နယ် ဘယ်သူနိုင်မယ်ငြင်းမလား။ ကားဈေးတွေ ဘယ်လိုဖြစ်နေတယ် ပြောမလား။ DotA ဟီးရိုးတွေ ဘယ်လို ကစားတယ်ဆိုတာပဲ အကြံတောင်းမလား၊ အာကာသတွေ သိပ္ပံတွေအကြောင်း ဆွေးနွေးမလား။ အို...နောက်ဆုံး ကျောင်းစာပဲမေးဦးမလား။ သူက ဂရုတစိုက် ဆွေးနွေး၊ ရှင်းပြ၊ တိုင်ပင် ပေးတတ်တာက သူ့အကျင့်။ ရုပ်ကလေးကလည်းရှိ၊ အပြောလေးကလည်းကောင်းတဲ့ အပြင် မိဘအသိုင်းအ၀ိုင်းကလည်း တောင့်တောင့်တင်းတင်းထဲကဆိုတော့ ရွှေပေါ်မြတင် လို့ပဲပြောရမလားပဲ။

ဒီလို ဆေးကျောင်းသားလေးတစ်ယောက်ကို စွဲလမ်းမိတာက ကျမလို ရုပ်ဆိုးဆိုးနဲ့ ဘယ်သူမှ အဖတ်မလုပ်တဲ့ ဘာမဟုတ်တဲ့ အညတရလေးကပေါ့။ မနက် ကျောင်းမသွားခင်တစ်ခါ၊ ညနေကျောင်းဆင်းလို့ ထမင်းစားသောက် ရေမိုးချိုပြီးရင်တစ်ခါ ပုံမှန်ရောက်ရောက်လာတဲ့ သူ့ကို လက်ဘက်ရည်ဆိုင်ရဲ့ ထောင့်လေးတစ်နေရာကနေ စောင့်စောင့်ကြည့်ရတာ တာဝန်ကြီးတစ်ရပ်။ မျက်နှာလေးက ဝင်းဝင်းဝါ၊ နှာတံလေးကစင်း၊ မျက်ခုံးလေးက ကောင်းတဲ့အပြင်၊ နှုတ်ခမ်းလေးက တန်းလို့ ပါးပါးလေး။ နောက်ပြီး တခါတလေများမှ မျက်နှာပေါ်မှာ ဝက်ခြံတို့ ဘာတို့မတွေ့ဖူး။ လက်မောင်းက ပြည့်ပြည့်ဖြိုးဖြိုး၊ အရပ်က ၅ ပေ ၁၀လောက် သူ့လိုလူကို စွဲလမ်းမိတဲ့ကျမက တန်ရာတန်ရာ မမှန်းလို့များ ပြောကြလေမလား။ ဒါပေမယ့် ကျမက အဝေးကနေကြည့်နေရုံနဲ့ ကျေနပ်နေရတဲ့ဘဝမို့ အပြစ်တော့ မမြင်ကြပါနဲ့။ သူ့အနားတောင် မကပ်ဝံ့တဲ့ ဘဝမို့ နေ့တစ်ခါ ညတစ်ခေါက် အဝေးကကြည့်နေရုံနဲ့ ဖြေသိမ့်နေရတဲ့ ဘဝပါလေ။

ဒါပေမယ့် တခါတခါ သူအကြည့်က ကျမဘက် ရောက်လာရင်ပဲ ဖြစ်ဖြစ် တစ်ခုခုများ တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် သူပြောတတ်တဲ့ စကားလေးတစ်ခွန်းက “ငါ့ဟာလေးနော် မင်းတို့ မထိကြနဲ့” တဲ့လေ ။ ပျော်စေပျက်စေ နောက်ပြောင်လို့ပဲ ဖြစ်ဖြစ်၊ တခြားသဘောတစ်ခုနဲ့ပဲ ပြောပြော၊ ကျမရင်ထဲ စိမ့်ပြီး ကြည်နူးနေရတာ သူသိစေချင်လိုက်တာ။ တချို့ရက်တွေဆို စားပွဲထိုးလေးကိုတောင် ပြောသွားသေးတယ်။ “ငါ့ဟာလေးကို စောင့်ရှောက်ထားနော်”တဲ့။ သူဟာကျမရဲ့စိတ်ကို လုံးဝကြီးလွှမ်းမိုးချုပ်ကိုင် ထားတယ်လေ။ ကျမအသည်းကိုခွဲလို့ လိုချင်တယ်ဆိုလဲ ပေးဖို့ အဆင်သင့်ပါ။
ဒီအချိန်မှာ ကျမရွတ်မိတာက ဘလော့ဂါတစ်ယောက် ရေးခဲ့ဖူးတဲ့ သခင် ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့။

တစ်နေ့ သူကျောင်းမသွားခင် ပုံမှန်အတိုင်း လက်ဘက်ရည်ဆိုင်ထိုင် ညက ချံပီယံလိဒ်အကြောင်း၊ ဒီနေ့ ပရယ်ဒီကယ်ရှိကြောင်း ဘာညာပြောဆိုပြီး စားပွဲထိုးကို ပိုက်ဆံရှင်းပြီးတော့ ကျမရှိရာ ထောင့်လေးကို လျှောက်လာပါတယ်။ တဖြည်းဖြည်း ကျမနားရောက်လာပြီ။ ဘေးဘေးဘီဘီကြည့်လိုက်တော့ ကျမနားမှာ ဘယ်သူမှမရှိ။ ကျမရင်တွေများ တဒိန်းဒိန်းနဲ့။ သူကလည်းတည့်တည့်ကို လာနေတာ။ အနားရောက်တော့ ကျမကို ဘာမပြောညာမပြောနဲ့ ကောက်ကာငင်ကာ ခေါ်သွားတယ်လေ။ ကျမလည်း ဆန့်ငင်ဆန့်ငင်နဲ့ သူ့နောက်ပါသွားတာပေါ့။ သူသွားရာ တကောက်ကောက် ပါသွားလိုက်တာ သူ့ကျောင်းရောက်လို့ ပရယ်တီကယ်လ်အခန်းထဲ အထိပဲလေ။

ကျမလည်း သူဘာလုပ်မလဲ ကြည့်နေရင်းကနေ ကျမကို စားပွဲပေါ်က ဖယောင်းလင်ဗန်းလေးမှာတင်၊ ကျမလက်နှစ်ဘက်နဲ့ ခြေနှစ်ဘက်ကို ကားပြီး သံမှိုနဲ့ဖိပြီး တွဲလိုက်ပါတယ်။ လက်ဖဝါးနဲ့ခြေဖဝါးက တစစ်စစ်နာကျင်နေတဲ့ ဝေဒနာတွေကြားထဲက ကျမကြည့်လိုက်တော့ သူကိုင်ထားတဲ့ ခွဲစိတ်ဓားလေးက ကျမအရှိုက်ပေါ်ရောက်နေပြီလေ……………………….။


မှတ်ချက် ။ ။ ဓာတ်ပုံလေးက http://2.bp.blogspot.com/ ကပါ။

24 comments:

sait phay yar said...

လူဆိုးလူဆိုး အဟုတ်မှတ်လို့ခံစားနေတာ
အမှုန်တွေကိုကြိတ်ချင်တယ် :P

မောင်ဖားကြီး said...

ကျွန်တော့်အကြောင်းရေးရင်တောင် စိတ်မဆိုးပါဘူးဗျာ
ခုတော့ ကျွန်တော့် အသဲလေးအကြောင်းကိုမှရေးတာ..
အဲ့ဒါကြောင့် ဒင်းကိုပြောတာ လူတွေနဲ့မရောပါနဲ့ပါနဲ့လို့
အထူးသဖြင့် ဟိုဘလော့ဂ်ဂါ မောင်ဗီလိန် မင်းအကြောင်းတွေ မသိပါစေနဲ့ဆိုတာ
ခုတော့... သင်းလုပ်လို့ တို့တစ်မျိုးလုံးသိက္ခာကျပြီ..
မောင်ဗီလိန်ကတော့ ဘလော့ဂ်ဂါ ညီကိုတွေဆိုတော့ ရှိစေတော့ ရှိစေတော့
ဒါနဲ့ ဟိုဆေးကျောင်းသားကောင် နာမည်လေး ကျုပ်ကိုပြောစမ်းပါဗျ ကိုဗီလိန်
ခွဲစိတ်ဓါး ဘယ်လောက်ထက်လဲ ဒီကောင်သိစေချင်လို့ပါ ဟဲ.... ဟဲ

ဗီလိန် said...

ဟိဟိ မေ ရေ့ မျက်စိလည်သွားလား။ :)

ကိုဖားကြီးက စိတ်ကိုလျှော့ပါဗျာ။ ကိုဖားကြီးကိုပါ ခွဲသွားပါဦးမယ်။ ဟိဟိ

ကျေးဇူးပဲဗျာ လာဖတ်ပေးတာ။

လင်းဒီပ said...

ဟွန်း ဗီလိန်တို့ကတော့ ဖားတောင် ချမ်းသာမပေးဘူး...

chanye` said...

ကိုယ့်ဆရာ လုပ်ဇာတ်ကတော့ မြှုပ်ကွက်တွေပါသုံးလာပြီ ။ နောက်ဆို စာရေးစားလို့ရပြီဗျ။ အတွင်းရေးမှူးကြီး ၀ှမ့်ဆွေ့ ၀ှမ့်ဆွေ့ ၀ှမ့် ၀ှမ့်ဆွေ့!!

Anonymous said...

ဆယ်တန်းတုန်းက ဆရာပြောတဲ့စကားကိုကြားယောင်မိတယ်။ မေ့ဆေးအီကွေးရှင်းသင်ရင်း။ ဖားကိုမေ့ဆေးပေးရင်း ဖားကတော်တော်နဲ့မမေ့ပဲ ခွဲမယ့်ဆရာက မေ့သွားလို့လေ။ :)

Anonymous said...

ဟား ... သိပ်ကောင်းပါကလားဗျို့
ဖတ်ရင်း ဖတ်ရင်းနဲ့ အဆုံးပိုဒ်နား အထိရောက်လာတာကိုတောင် မသိအောင် လူကို ဆွဲခေါ်သွားလိုက်တာဗျာ၊
ဖားကလေးကို ဆွဲခေါ်သွားသလို ခေါ်သွားတာဗျ။
အဆုံးသတ်ကျတော့ ဖားကလေး အရှိုက်ကို ဓါးကလေးနဲ့ နှိုက်ပြီး ခွဲလိုက်သလို ကျွန်တော်လည်း ခံစားလိုက်ရတယ်။
(ဆိုလိုတာက ကျမ နဲ့ လိုက်ပြီး ရင်ခုန်ကြည့်လိုက်တာ )
နောက်ဆုံးတော့ အခွဲခံရတော့တာပဲ ဗျို့ ... ဟားဟား ။
(ဖားမကလေး(တကယ့်ဖားမလေးနော်) ကိုတော့ သနားပါရဲ့)

ခင်မင်လေးစားစွာဖြင့်

Dream said...

ဟားဟား..အဟုတ်မှတ်လို့.. ဘီဘီနော်.. လူကြီးတွေကိုတော်တော်နောက်တယ်.... အကောင်းမှတ်လို့
နောက်တော့ဖားအကြောင်းဖြစ်နေတာကိုး.. ဟွန်း...ဆိုးပါ့.. လူဆိုး..
ဟဲဟဲ.. ဖားမလေးကလည်း ဟိုဠင်းတကြီး ဗီလိန်
ဆိုလား ဘာဆိုလား မသိပါဘူး.. သူ့ရဲ့ကဗျာကို
တော်တော်ကြိုက်ပုံရတယ်နော်.. ဟီးဟီး..
ဖားမှာလဲအသဲနဲ့ပါပဲ... :P :P
ရေးချင်တာများဘာလို့.. ဦးဖားကြီးရဲ့ချစ်ချစ်အကြောင်း
ကိုရေးရတာလဲ.. ဟိုမှာ ဦးဖားကြီးဒေါခွီးနေပြီ... ဟိဟိ.. သတိထားနော်.... ဖားသေးစင်ရင်
နူတတ်တယ်တယ်လို့ကြားဖူးတယ်.. မကပ်နဲ့.. ဟိး
ဟီး.. :P :P
နောက်တာနော်.. အရေးအသားကတော်တော်လန်းနေပါလားဝေ့

တက်တူ said...

ကောင်းလိုက်တာ အဟုတ်မှတ်လို့ သေချာလိုက်ဖတ်နေတာ အဆုံးသတ်မှ ဖားမလေးရဲ့ အသဲကွဲဇတ်လမ်း ဖြစ်နေတာ ....

khin oo may said...

စွဲလမ်းမှူ ဆိုတာဘယ်မရာ မှ မကောင်းပါဘူး

Anonymous said...

နာမည်နဲ့  လူနဲ့  လိုက်တယ်။ စာအဆုံးထိ ရောက်အောင် လိမ်ပြီး ခေါ်သွားတယ်းD

မောင်မောင် said...

တကယ်ပဲတိုက်ဆိုင်တယ်နော်။
တိုင်ပင်ပြီးရေးတယ်မှတ်တယ်။
အတွင်းရေးမှူးရာထူးတိုးတာ ဘာကျွေးမှာတုန်း။

စာရေးကောင်းလို့ နောက်ဆုံးကျမှ ဖားမလေးမှန်း
သိတော့တယ်။ သိလည်းသိ ခွဲလဲခွဲ သေလည်းသေ
ဆိုတော့ အင်း .....

အားပေးနေတယ်ဗျိုး
အတွင်းရေးမှူး ၂ ရေ...

Dr Phyo Wai Kyaw said...

ဖြစ်ရပ်မှန်လားဟင်
ဖားလေးသနားပါတယ်
ခင်ဗျားလုပ်တာလားဟင်
:P

Anonymous said...

ဆန့်ငင် ဆန့်ငင်နဲ့ ပါသွားပြီးမှ အခွဲခံလိုက်ရတယ် ဇာတ်နာလိုက်တာ ဗီလိန်ရယ် ဘာများခေါ်လုပ်တာလဲလို့  ဆက်ဖတ်နေရင်း နှစ်ခြမ်းအခွဲခံလိုက်ရတာပဲ နင်တော်တော်ဆိုး သူ့ ပုံကျတော့ မွှမ်းထားလိုက်တာများ ထိုင်းအခြောက်လေး ကျနေတာပဲ ဟဟဟဟ

tututha said...

ဝတ္ထုတို အရေးကောင်းတယ်။ အတွေးလည်း ကောင်းတယ်။

Dr. Nyan said...

haa haaa haaaa :P
Nice post .

Anonymous said...

အင်း ဖားအဖြစ်ကတော့ သနားစရာ
နတ်စိမ်းဟင်းချိုလိုပဲ ဒီအဖြစ်လေးကို
အရင်တုန်းကတော့ ကြားဖူးတယ်
တကယ်ကောင်းပါတယ်
ပထမတော့ ဖတ်နေရင်းနဲ့ 
ဖားဆိုတာမသိဘူး
နောက်တော့မှ ဖားဖြစ်နေတယ်

WWKM said...

Sorry, Mg Layy.
Dr.Nyan is me . :P
Coz, i didn't sing out.

With regards,
Ma War

ခေါင်ခေါင် said...

ဘ၀ကလဲ ဆိုးပါ့ ဖားရယ်..
ဗီလိန်နဲ့မှ တည့်တည့် သွားတိုးတယ်...

:P said...

ဖားမှန်းနောက်ဆုံးရောက်မှသိတယ်...

မြတ်သွယ် said...

စိတ်ဝင်စားစရာအရေးအသားလေး အားပေးသွားပါတယ်နော်

Anonymous said...

အရမ်းကောင်းပါတရ်.....ဒါပေမဲ့YUFLကိုသတိရပြီးခံစားနေတာ....ပျောက်သွားတရ်..

Anonymous said...

lucky Plaza က ဖားမလေးလားဗျို့... အဟီး .. ဖားရိုက်ထွက်၇င် လဲပြောဗျာ

မိုးခါး said...

ကျွတ်ကျွတ် သနားပါတယ်
ရင်ခုန်ချင်ဦး ... :P