သူတောင်းစားမနှင့် အပျော်မယ် စကားဝိုင်း

မြို့ထဲလမ်းတစ်နေရာတွင် သူတောင်းစားမလေး တစ်ယောက်နှင့် အပျော်မယ် တစ်ယောက် တို့တွေ့ကာ စကားပြောဖြစ်ကြသည်။
အပျော်မယ် ။ ။ ဟဲ့ သူတောင်းစားမ နင်ဘယ်တွေသွားတောင်းလဲ။
သူတောင်းစားမ ။ ။ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကျောင်းကန်တင်း၊ အင်းယားကန်ဘောင် အဲလို လူစည်ကားတဲ့ နေရာတွေမှာပေါ့။
ပျော် ။ ။ အဲဒီတော့ သူတို့က ထည့်တော့ နင်စားဖို့သောက်ဖို့ကော လောက်လို့လား။
တောင်း ။ ။ လောက်တာမှ ကျော်လို့တောင် ထွက်သေးတယ်။
ပျော် ။ ။ ဒါဆို မဆိုးဘူးပဲ။ တစ်နေ့ ဘယ်လောက်ရလဲ။
တောင်း ။ ။ ၁၅၀၀၊ ၂၀၀၀လောက်တော့ ရတာပေါ့။
ပျော် ။ ။ အော် ဟုတ်လား။ နည်းတာပေါ့။ ငါဆို တစ်ညကို ၂၀၀၀၀ လောက်ရတယ်ဟ။ ပြီးတော့ သက်လည်းသက်သာတယ်။
တောင်း ။ ။ ပင်ပန်းတယ်တော့လည်း မဟုတ်ပါဘူးဟာ။ ဒီလိုပါပဲ။ နင်အလုပ်ကြီးတော့ မလုပ်ချင်ပါဘူးဟာ ရှက်စရာကြီး။
ပျော် ။ ။ အံမယ် နင်ကလဲ။ ငါ့အလုပ်က ဘယ်သူမှ သိပ်သိတာမဟုတ်ဘူး။ နင် လူကြားထဲမှာ အဲလိုလိုက်တောင်းတော့ မရှက်ဘူးလား။
တောင်း ။ ။ မရှက်ပါဘူးဟာ။ သူတို့ ကျေနပ်လို့ပေးတာပဲ။
ပျော် ။ ။ အင်း... ဟုတ်သားပဲနော်။ နင်တခြားအလုပ်ကော ပြောင်းလုပ်ဖို့ စိတ်ကူးမရှိဘူးလား။ ပိုက်ဆံပိုရတဲ့ အလုပ်တစ်ခုခုပေါ့။
တောင်း ။ ။ အာ မလုပ်ချင်ပါဘူးဟာ။ နင်ကလည်း။ ဟိုတစ်ခါက အဘွားကြီးတစ်ယောက်ကို သွားတောင်းတုန်းကတော့ သူကပြောတယ်။ သူ့ဆီမှာ ငရုတ်သီးခြွေမလားတဲ့။ ငါကလည်း ပြန်ပြောလိုက်တာပေါ့ ငရုတ်သီးခြွေရင် လက်တွေပူမှာပေါ့ ဆိုတော့ သူက “အဲ့ဒီ ငရုတ်သီးကိုခြွေပြီး သူ့သားသမီးတွေကို ရှာကျွေးလာတာ အခုဆို သားသမီး လေးယောက်စလုံး ဘွဲ့ရပညာတတ်တွေ ဆရာဝန်တွေ ဖြစ်ကုန်ပြီ။ ငါလက်တွေအပူခံပြီး ရှာထားတဲ့ ပိုက်ဆံကို နင်လို အချောင်သမားကို မပေးဘူးဟဲ့” ဆိုပြီး ကျယ်ကျယ်ကျယ်ကျယ်နဲ့ ပြောပြီးထွက်သွားတယ်ဟာ။ ဘယ်လို အဘွားကြီးလဲ မသိပါဘူးဟာ။ မပေးချင်လည်း မပေးနဲ့ပေါ့။ အလကား သူများတွေကိုပါ ပေးချင်စိတ် မရှိအောင်လုပ်သွားတယ်။
ပျော် ။ ။ အေးဟာ လူတွေကလည်း ခက်ပါတယ်။ ငါ့ကိုကြိုက်တဲ့ ငါ့ဖောက်သည် ဘဲကြီးတစ်ဗွေလည်း အဲလိုပဲ။ ငါ့ကို ဈေးဆိုင်လေးတစ်ဆိုင် လုပ်ပေးမယ်တဲ့ ဈေးရောင်းပါလား။ ဒီအလုပ်မလုပ်နဲ့တော့တဲ့။ ဈေးဆိုင်ဆိုရင် အလုပ်က ပင်ပန်းမှာဟ တစ်နေကုန်လည်း နားရမှာမဟုတ်ဘူး။ နင်ပဲစဉ်းစားကြည့် အရင်းပြုတ်ရင် သူကထပ်ပေးမှာလား။ ပင်ပင်ပန်းပန်းတွေ မလုပ်ချင်ပါဘူးဟာ။
တောင်း ။ ။ ဟုတ်တယ်နော်။ သူတို့ ပင်ပင်ပန်းပန်းလုပ်ရတိုင်း ငါတို့ကို လာပြီးဆွဲထည့်နေတယ်။
ပျော် ။ ။ အေးဟာ။ ဟော.... ဟိုမှာ ငါ့ကို လာခေါ်တဲ့ ကားလာနေပြီ။ ငါလိုက်သွားတော့မယ်။ တာ့တာ။
တောင်း ။ ။ အေးအေး ငါလည်း သွားတောင်းတော့မယ်ဟာ။ ၄နာရီထိုးတော့မယ်။ အခုအချိန်ဆို လက်ဘက်ရည်ဆိုင်မှာ တီဗွီကြည့်မယ့်သူတွေ ပြည့်နေလောက်ပြီ။ နောက်မှ စကားထပ်ပြောကြတာပေါ့။ တာ့တာ။

ဗီလိန်

ခြင်္သေ့

ငါလူမှန်းသိတော့
တူတူဆော့မယ့် ညီအစ်ကိုမရှိဘူး

ငါကျောင်းသွားတော့
တူတူသွားမယ့် သူငယ်ချင်းမရှိဘူး

ငါစာကျက်တော့
စာစစ်ပေးမယ့် အမေမရှိဘူး

ငါဆုတက်ယူတော့
လက်ခုပ်တီးမယ့် အဖေမရှိဘူး

ငါချော်လဲတော့
လာထူပေးမယ့် မိတ်ဆွေမရှိဘူး

ငါရန်ဖြစ်တော့
ကူညီပေးမယ့် သွေးသောက်မရှိဘူး

ငါမှိုင်တွေတော့
နှစ်သိမ့်ပေမယ့် ချစ်သူမရှိဘူး

ငါယိုင်လဲတော့
ဝိုင်းရယ်မယ့် လက်ညှိုးတွေပဲရှိတယ်

ဟား ဟား ဟား ဟား

ဒါပေမယ့် ရှိသေးတယ်
ငါ့မာန
ငါ့အတ္တ
ငါ့လုံ့လ
ငါ့ခံယူချက်နဲ့ ငါ ချီတက်ဦးမှာ
ခနဲ့ပြုံးနဲ့ တစ်ခွန်းပဲပြန်ပြောလိုက်မယ်

Only One, But Lion!

ဗီလိန်

တမ်း... တတတ

မြို့ကြီးပြကြီး မဟုတ်လည်း ဖြစ်ပါတယ်။
စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ ရှိတာပဲ။

အိမ်ကောင်းတိုက်ကောင်းမှာ မနေရလည်း ဖြစ်ပါတယ်။
အသက်ရှူတော့ ဝနေတာပဲ။

လိုင်းကားတိုးစီးရလည်း ဖြစ်ပါတယ်။
နေမမြင်အောင် လုပ်နေရတာမှ မဟုတ်ပဲ။

ဒေါ်လာမစားရလည်း ဖြစ်ပါတယ်။
တစ်နေ့ သုံးနပ်တော့ ဖူလုံနေတာပဲ။

လျှပ်စစ်မီး မရလည်းဖြစ်ပါတယ်။
ဓာတ်ဆီဈေးတွေ ကျနေတာပဲ။

ဖုန်ထူလည်း ဖြစ်ပါတယ်။
ရေပေါတာပဲ။

ကော်နက်ရှင်မကောင်းလည်း ဖြစ်ပါတယ်။
၁ နာရီမှ ၅၀၀ တည်း။

ဟိုဘန်းဒီဘန်းလည်း ဖြစ်ပါတယ်။
Freedom နဲ့ Freegate ရှိတာပဲ။

ကားကြာကြာစီးပြီးမှ ကျောင်းတော်ကြီးရောက်လဲ ဖြစ်ပါတယ်။
မိဝေးဘဝေးမှ မဟုတ်ပဲ။

အဖေဆိုးလည်း ဖြစ်ပါတယ်။
ပထွေးကောင်းနဲ့ မနေရပြီးတာပဲ။

မင်းတို့ပြောတဲ့ စာလုံးငါးလုံးမရှိလည်း ဖြစ်ပါတယ်။
အသေခံတဲ့ လူသတ်သမားတွေမှ မရှိပဲ။

ဗီလိန်

*ကိုယ်ပိုင်ခံစားချက် သက်သက်မျှသာဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။*

ပျောက်နေတဲ့ ဗီလိန်နဲ့ ဘုရင်သုံးပါး

အရင်ဦးဆုံး အမြဲတမ်း Check in ဝင်နေတဲ့ စာလာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ တောင်းပန်ကြောင်းပြောချင်ပါတယ်။

ဗီလိန်တစ်ယောက် ပျောက်နေပါသည်။ ဒီဇင်ဘာ လကုန်ပိုင်းမှာ ရန်ကုန်ပြန်သွားတာကို အကြောင်းပြပြီး ပို့စ်တွေမရေးပါ။ ဇန်နဝါရီ လဆန်းမှာ ပြန်ရောက်ပါတယ်။ အိမ်ကလည်း ပြောင်းနေတာကြောင့် ပြန်ရောက်ရောက်ချင်း ကွန်ပြူတာက အဆင်သင့် မဖြစ်သေးပါ။ အဆင်သင့် ဖြစ်ပြီလဲဆိုရော။ bar311.exe ဗိုင်းရပ်စ်က ကိုက်ခံထိပါသည်။ သတ်လိုက် ပြန်ပေါ်လိုက် ဘာကြောင့် ဒီကောင် ဒီလောက် သောင်းကျန်းသလဲ မှတ်တယ်။ ဘယ်ဟုတ်မလဲ ဗီလိန်ရဲ့ ချစ်လှစွာသော Motorola အစုတ်ကြောင့်ပါ။ အားသွင်းစက်(Adaptor) မဝယ်နိုင်လို့ ကွန်ပြူတာနဲ့ USB Port ကတစ်ဆင့် သွင်းနေရတော့ အားသွင်းတိုင်း Motorola ရဲ့ ဘယ်ချောင် ကပ်နေမှန်းမသိတဲ့ ဒင်းက ပြန်ဝင်ပါတယ်။ အခုတော့ ရှုပ်ပါတယ်ဆိုပြီး ဖုန်းအသစ် ဝယ်သလားဆိုတော့ မထင်ပါနဲ့။ ပေပြီးတော့ မဝယ်ပါဘူး။ ဒါဆိုလွယ်ပါတယ် Adaptor တစ်ခုဝယ်လိုက်ပေါ့။ ဒါလည်း မဝယ်သေးပါဘူး။ နှပ်ချေးကို တွဲလောင်းကျအောင် ကပ်စေးနှဲပြီး ရုံးမှာပဲအားသွင်းပါတယ်။ ရုံးက ပြန်ကာနီး နာရီဝက်လောက်ဆိုရင် လက်လီလက်စိတ်နိုင်လှတဲ့ bar311.exe သတ်ပုံသတ်နည်း အဆင့်ဆင့်နဲ့ သတ်ပြီးမှ ရုံးကပြန်ပါတယ်။ ပါးစပ်ကလည်း “ကဲ မင်းပဲ ကိုက်နိုင်မလား။ ငါပဲသတ်နိုင်မလား” ပေါ့လေ။ သနားတတ်သူများ ဟမ်းဖုန်းတစ်လုံး အံပေါင်းအဖြစ်ပေးနိုင်ပါတယ်။ လိပ်စာကတော့ http://www.villain-lay.com/ ဖြစ်ပါတယ်။ ဒါနဲ့ ပို့စ်မရေးတာနဲ့ ဘာဆိုင်လဲဆိုတော့ ဘာမှမဆိုင်ပါဘူး။

ဇန်နဝါရီလမှ ဒီပို့စ်မတိုင်ခင် ပို့စ် ၄ ပုဒ်ပဲရေးရပါသေးတယ်။ ဒါတောင် ရန်ကုန်ကနေ တင်ထားတဲ့ တစ်ပုဒ်ပါသေးတယ်။ ကဲ..... ဘာကြောင့် ပျောက်သလဲဆိုတာကို စပြောရရင် ကိုရွာသားလေး က တရားခံပါ။ ဘာကြောင့်လဲ ဆိုတော့ သူရေးတဲ့ ပို့စ်တစ်ခုကနေ အခြေခံပါတယ်။ ဘယ်ပို့စ်လဲပြောရရင် အနီရောင်ကျောက်ဆောင် (ဇာတ်သိမ်း) ဆိုတဲ့ ပို့စ်ပါ။ အစကတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် စကားစပ်မိရာက AD 200 ဝန်းကျင်လောက်က တရုတ်ပြည်ရဲ့သမိုင်းဖြစ်တဲ့ Three Kingdom ခေတ်က ဇာတ်လမ်းဖြစ်နေကြောင်းသိလိုက်ရတဲ့ နောက်မှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ Romance of the Three Kingdom ရောဂါက အိပ်ရာထဲ ဘုန်းဘုန်းလဲအောင် ပြန်ထလာပါတော့တယ်။ ဘယ်လိုများ ဘုန်းဘုန်းလဲသလဲ ဆိုတော့ အခု အသစ်ထွက်တဲ့ Red Cliff အပြင် ဇာတ်လမ်း အစအဆုံးကိုပါ Youtube မှာ ဒီဇာတ်လမ်းကို ပြန်ရှာပြီး ကြည့်ပါတော့တယ်။ အိပ်ရာထဲကနေအိပ်ပြီး ကြည့်လို့ အိပ်ရာထဲ ဘုန်းဘုန်းလဲတယ်လို့ပြောတာပါ။ ဇာတ်လမ်းပြီးသွားတော့ ထူထူထောင်ထောင် ရှိလာသလားလို့ မထင်ပါနဲ့။ ပိုဆိုးသွားပါတယ်။ ရန်ကုန်က အသင့်ဝယ်လာတဲ့ Romance of the Three Kingdom XI ဂိမ်းက ကို Install လုပ်ပြီး ဆော့ပါတော့တယ်။ ဒါကလည်း အိပ်ရာထဲကနေ Mouse ကိုပဲကိုင်ပြီး ဆော့ရတာကြောင့် ဘုန်းဘုန်းလဲနေဆဲပါ။ တချို့နေ့တွေဆို ဆော့ရင်းနဲ့ အိပ်ပျော်သွားတာတောင် ရှိပါတယ်။ အခု ဆော့လို့ဝသွားပြီလားဆိုတော့ မဝသေးပါဘူး။ အရှိန်လျော့သွားရုံပဲ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အရှိန်လျော့သွားပြီဆိုတော့ ပို့စ်တွေရေးတော့မယ်ပေါ့ လို့ မေးလာကြပါတယ်။ ဒါပေမယ့် ဒီဂယက်က မပျက်သေးပါဘူး။ ဒီဇာတ်လမ်းကိုကြည့်ပြီး မြန်မာ့ရှေးခေတ် သမိုင်းလိုလို စစ်ဝတ္ထုလိုလို၊ သိုင်းဝတ္ထုလိုလို ရေးချင်တာနဲ့ပဲ။ အဲဒါကြီးကို အကောင်အထည်ဖော်နေပါတယ်။ ဇာတ်လမ်းရှည် ဝတ္ထုရှည်ကြီး ဖြစ်တာကြောင့် စိတ်ရှည်လက်ရှည်နဲ့ သူငယ်ချင်းတွေ အကူအညီနဲ့ ရေးနေပါပြီ။ ကိုင်း...... ဒီတော့

မကြာမီ............... လာမည်.............. မျှော်.....................။

မိဘကျေးဇူးဆပ်ဖြစ်ခဲ့တဲ့ အမှတ်တရလေးတစ်ခု

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်
ဖခင်မယ်တို့တာ..........
သမီးလေးရဲ့ ထစ်ထစ်ငေါ့ငေါ့ စာဖတ်သံကို ချစ်ဇနီးက ထောက်ပေးနေသည်။ သြော်... ကျနော်တို့ ငယ်ငယ်တုန်းကကော အမေက ဒီလိုပဲ သင်ပေးခဲ့ဖူးသည်ပဲ။ ပိုဆိုးသည်က ကျနော်ငယ်ငယ်က အဆော့မက်သည်။ စာဖတ်ပျင်းသည်။ သည်လိုသားမျိုးကို စာသင်ပေးခဲ့ရသည့် အမေတစ်ယောက်ရဲ့ ဘဝက မလွယ်လှ။ ပညာတတ်ကြီး တစ်ယောက်ဖြစ်ဖို့အရေး ပါးစပ်က သွေးအံ့မတတ် တတွတ်တွတ် ရွတ်လို့ ကစားရင်းလည်း ရွတ်ပေး၊ အိပ်ကာနီးတိုင်းလည်းရွတ်ပေး။ ဒီလိုနဲ့ ချော့တစ်ခါခြောက်တစ်လှည့် နည်းမျိုးစုံနဲ့ သင်ပေးလာခဲ့ရာကနေပဲ လူတလုံးသူတလုံးဖြစ်ခဲ့ပြီလေ။ “မိဘကျေးဇူး” တဲ့ လူတိုင်း ပြောနေကြသည်။ လူတိုင်း ကြားဖူးကြသည်။ လူတိုင်း တွေ့ကြုံကြသည်။ လူတိုင်းတွင် ဆပ်မကုန်သည့် မိဘကျေးဇူးရှိသလို၊ သားသမီးရှိ လူတိုင်းတွင်လည်း ပေးမကုန်သည့် မိဘကျေးဇူးများရှိသည်ကား မလွဲ။

ရှိတာကတော့ဟုတ်သည်။ ဘယ်လိုဆပ်ကြသနည်း။ ဘယ်လိုဆပ်ကြမည်နည်း။ ငယ်စဉ်က ကြုံသလို ကျင်ကြီးကျင်ငယ် စွန့်ခဲ့စဉ်က ကျေးဇူးကို မိဘတွေ အသက်ကြီးလို့ ကျင်ကြီးကျင်ငယ် မနိုင်တဲ့ အချိန်မှာ ပြန်ပြီး သန့်စင်ပေးတာလည်း ဆပ်နည်းတစ်မျိုး၊ ငယ်စဉ်မသိတတ်စဉ်က လိုချင်တာကို ပူစာသမျှ ဝယ်ပေးခဲ့တဲ့ ကျေးဇူးကို လိုအပ်သမျှ မပူစာပဲဝယ်ပေး ရမည်က သားသမီးများရဲ့တာဝန်။ ကစားကွင်းဆို ကစားကွင်း၊ တိရစ္ဆာန်ရုံဆို တိရစ္ဆာန်ရုံ၊ လိုက်ပို့ခဲ့တဲ့ အရာလေးတွေကို “အဖေ ဘုရားသွားရအောင် ကားထုတ်ထားလိုက်မယ်နော်။” “အမေ တရားပွဲရှိတယ် အိမ်ကကောင်လေးကို နေရာဦးခိုင်းထားတယ်။” စတာလေးတွေနဲ့ လုပ်ပေးရမှာကလည်း ဖြစ်သင့်တဲ့ကိစ္စလေးတွေပါ။ ပြောရရင်တော့ အရှည်ကြီးဖြစ်သွားမှာပါ။ မြင့်မိုရ်တောင်ဦး မကကျူးသား ဆိုသကိုး။

ဟုတ်ပေသည်။ သမီးလေးရဲ့ စာဖတ်သံကြောင့် ခံစားမိသွားရသည်က မိဘကျေးဇူးတင်မဟုတ် စာသင်ပေးခဲ့သည့် မိဘကျေးဇူးကို ဆပ်ခဲ့ဖူးသည့် တချိန်က အကြောင်းလေးကိုပါ စဉ်းစားမိသွားလို့ပါ။ ကြေအောင်ဆပ်သည်တော့ မဟုတ်ဘူးပေါ့လေ။ ဆပ်လို့မနိုင်အောင် များပြားလှပေသည်ကား။ ဘယ်လိုလည်းဆိုတော့ တချိန်က ကျနော့ရဲ့ တစ်ဦးတည်းသော အစ်ကို ရေခြားမြေခြားကို ထွက်သွားကာစကပေါ့။ သားကြီးကို လွမ်းတဲ့စိတ်ကို ထုတ်မပြောပင်မယ့် သိနေမိတဲ့ ကျနော်က အမေ့အတွက် ဘာလုပ်ပေးရမလဲပေါ့။

ရောက်ကာစက ဖုန်းလာပေမယ့် ဖုန်းခကလည်း မသေးဘူးလေ။ အွန်လိုင်းကနေ စကားပြောဖို့ကလည်း ချိန်းရတာနဲ့ သွားရတာနဲ့ လိုင်းမကောင်းတာနဲ့က မလွယ်လှ။ စာနဲ့ရေးပြီး စကန်ဖတ်ပို့ဖို့ကလည်း ထင်သလောက်မလွယ်။ မြန်မာစာနဲ့ ရိုက်ပြီးပို့ဖို့ကလည်း အစ်ကိုသုံးတာက ဆိုင်ကနေလေ။ မြန်မာဖောင့်မှ သွင်းလို့မရတာ။ အင်္ဂလိပ်လို ရေးပြီး အမေ့ဆီ အလွမ်းသယ်ဖို့က Mom, I miss u. I love u. I'm ok here. ဆိုတော့လည်း ရယ်စရာကြီးဖြစ်နေမပေါ့။ နောက်ဆုံး တစ်ခုစဉ်းစားမိတယ် ကျောင်းစာသင်ခန်းထဲက လက်ချာဆရာမတစ်ယောက်ရဲ့ စကားလုံးတစ်ချို့ကိုပေါ့။ “လူတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာမှာ Language ကအရေးကြီးတယ်။ Language တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရာမှာ Linguistics ဆိုတဲ့ ဘာသာဗေဒက အရေးကြီးတယ်။ Linguistics ဆိုတာ ဘာသာစကားတွေရဲ့ ပေါင်းကူးတံတားပဲ။........” ဒီစကားကို သတိရတော့ အမေ့ကို Linguistics သင်ပေးဖို့ကလည်း မလွယ် ဒီတော့ လက်ရှိ အသုံးပြုနေတဲ့ Linguistics ကိုအခြေခံထားတဲ့ Burglish (Myanlish) ဆိုတဲ့ Language ကိုပဲ “အ” သုံးလုံးကြေ သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လေ။

အမေကလည်း စိတ်ပါလက်ပါ သင်ရှာပါတယ်။ သားကိုချစ်သကိုး။ အစကတော့ ထစ်ထစ်ငေါ့ငေါ့နဲ့ပေါ့။ မှားရင် ကျနော်ကထောက်ပေးတယ်။ သူ့မှာတော့ ဝမ်းတွေသာလို့။ သားကြီးဆီကစာကို တစ်လုံးချင်း ပေါင်းဖတ်နေလိုက်တာ ကျနော်ငယ်ငယ်တုန်းက မကစားရလို့ မရရအောင် စာလုံးပေါင်းပြီး ဖတ်တုန်းကလိုပေါ့။ အဲဒီတုန်းက အမေက ကျနော့ဘေးမှာထိုင်ပြီး ယပ်ခပ်ပေးခဲ့သလို ကျနော်ကလည်း ထိုင်ပြီး ယပ်ခပ်ပေးခဲ့တာပေါ့။ မရရင်ဖတ်ပေး၊ မှားရင်ထောက်ပေးနဲ့ပဲ တစ်ပတ်လောက်ကြာတော့ အမေ ကောင်းကောင်း ဖတ်တတ်သွားပြီလေ။ အိမ်ရှေ့ အင်တာနက်ဆိုင်က အဒေါ်ရေ့ စာလာတယ်ဗျိုးဆိုတာနဲ့ မျက်မှန်ကိုင်ပြီး ဖတ်တော့တာပဲ။ အပြုံးလေးတွေဝေလို့ပေါ့။ ငယ်ငယ်ကတည်းက စာသင်ပေးခဲ့တဲ့ အမေ့ကျေးဇူးကို အကုန်လုံးတော့ မဟုတ်ပေမယ့် တစိတ်တပိုင်း နည်းနည်းလေးတော့ ဆပ်နိုင်လိမ့်မယ်လို့ ထင်တာပဲ။ မြန်မာဖောင့် မတွင်ကျယ်သေးရင်တော့ ဒီဘာသာကိုပဲဆက်ပြီး သုံးနေကြရဦးမှာပဲမဟုတ်လား။ Burglish ကို ဘယ်သူထွင်ခဲ့မှန်း မသိပေမယ့် ကျေးဇူးတင်မိတာအမှန်ပဲ။ ဘာသာဗေဒကို ဖော်ထုတ်ခဲ့တဲ့ Ferdinand de Saussure ကိုရောပဲပေါ့။

ဇန်နဝါရီ ၁၀ ရက်နေ့မှာကျရောက်တဲ့ အမေများနေ့ အမှတ်တရ။

မင်း........ငါ........လွဲများမှားနေသလား

မင်းက ငါ့ကိုပြောတယ်
ရှင် ကျမခန္ဓာကိုယ်ပဲ ရမတဲ့လား။
ဟား ဟား ဟား ဟား
မင်း ရင်ထဲက သီအိုရီတချို့ကို မျက်စိစုံမှိတ်ပြီးလက်ခံဖို့
အံတွေကြိတ်နေရတာ မမောဘူးလားကွာ
မင်းမျက်နှာကြီး ဆူပုပ်နေလို့များ
လက်လွှတ်မယ် ထင်သလား။
ငါဆိုတာ
စွန့်လွှတ်ဖို့ ချစ်မယ့်ကောင် မဟုတ်သလို
ငါလိုချင်တာ ပိုင်ဆိုင်ဖို့အတွက်
ငါ့အတ္တကို ပေါင်းသင်ပြီးသားလေ။
ငါ့သာယာမှုဟာ မင်းအတွက် ငရဲထင်ရင်
မင်းစိတ်ဓာတ်ကို အရင်ပြင်လိုက်ပေါ့။
နေတတ်ရင် မင်းအတွက် ပျော်စရာတွေကြီးပဲ
ငွေဝယ်ကျွန်လို့ မင်းကိုယ်မင်းထင်ရင်လည်း
မိဘကိုတော့ စော်ကားမနေနဲ့
ကောင်းစေချင်လို့ ရွှေပေါ်တင်တာ ခွက်မစွဲချင်နဲ့
အချစ်မှာ ငွေမပါပေမယ့်
ငွေမပါတဲ့အချစ်ကကော သက်တမ်းစေ့မယ်ထင်သလား။
စဉ်းစား......
မင်းသာ သုံးတတ်မယ်ဆိုရင်
ငါဟာ မင်းရဲ့ကျွန်ပါ။
ငါဟာ မင်းရဲ့ အစေခံပါ။
ငါဟာ မင်းရဲ့ အပါးမှာ
လျှာတန်းလန်းနဲ့ အမြဲခစားနေမယ့် ခွေးတစ်ကောင်ပါ။
ဒါကိုမင်းမသိတာခက်တယ်။

ဗီလိန်

bar311.exe ဗိုင်းရပ်စ်

ကွန်ပြူတာ မကြာခဏ အလိုအလျောက်ပိတ်(Auto Shutdown) သွားတာမျိုး ဖြစ်နေပါသလား။
C: စီကော်လန်ကို ဖွင့်ရင် Shut Down ကျသွားတတ်ပါသလား။
ဒါဆိုရင် ကွန်ပြူတာက အရမ်းကို နှေးနေပြီး အလုပ်မတွင်ကျယ်တဲ့ အပြင် Auto Shutdown တွေကြောင့် ကိုယ့်ဖန်တီးမှုတွေကိုပါ ဖျက်ဆီးနှောက်ယှက်နေပါပြီ။

ဖြစ်နိုင်ခြေများထဲက တစ်ခုကိုပြောရမယ်ဆိုရင် သင့်ကွန်ပြူတာထဲမှာ bar311.exe ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးက သောင်းကျန်းနေပါပြီ။
ဘယ်လိုသိနိုင်မလဲဆိုတော့ Window Task Manager ကို Ctrl + Alt + Del ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် Processec Tab မှာရှိတဲ့ စာရင်းထဲမှာ bar311.exe (သို့) photos.zip.exe (သို့) password_viewer.exe ဆိုတာတွေ ရှိနေရင် သေချာပါပြီ။

ဒါဆိုရင်လုပ်ရမှာက
၁။ မြင်နေရတဲ့ bar311.exe (သို့) photos.zip.exe (သို့) password_viewer.exe ဆိုတဲ့ ဖိုင်တွေကို Select လုပ်ပြီး ညာဘက်အောက်ထောင့်မှာရှိတဲ့ End Process ကိုနှိပ်ပြီးပိတ်လိုက်ပါ။

၂။ Start Menu မှာရှိတဲ့ Run ကို ဖွင့်ပါ။ Window + R ကိုနှိပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။ ပြီးရင် regedit လို့ရိုက်သွင်းပြီး Ok နှိပ်လိုက်ပါ။

Ok နှိပ်လိုက်လို့ Registry Editor ဆိုတဲ့ Window ပေါ်လာပြီး အောက်မှာ ပြထားတဲ့ ဖိုင်လမ်းကြောင်းအတိုင်းသွားပြီး ရေးထားတဲ့အတိုင်းလုပ်ပါ။

(က) [HKEY_LOCAL_MACHINE\Software\Microsoft\Windows NT\CurrentVersion\Winlogon]
ပြီးရင် userinit ကို Double-Click လုပ်လိုက်ပါ။ ပေါ်လာတဲ့ Box ထဲမှာ userinit.exe.bar311.exe ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒါလေးကို userinit.exe လို့ ပြောင်းပြီးရိုက်ပေးလိုက်ပါ။ ပြီးရင် Ok ပေါ့။
(ခ) [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced]
ပြီးရင် ဒီဖိုင် ၃ ခုကို Delete လုပ်ပါ။
“Hidden”=dword:00000001
“HideFileExt”=dword:00000000
“ShowSuperHidden”=dword:00000001
(ဂ) [HKEY_CURRENT_USER\Software\Microsoft\Command Processor]
ပြီးရင် Autorun ဆိုတဲ့ ဖိုင်ကို Delete လုပ်ပါ။

၃။ ဒီအဆင့်တွေအားလုံးပြီးပြီဆိုရင် My Computer ထဲမှာ Search နဲ့ bar311 လို့ရိုက်ပြီးရှာပါ။ bar311 ပါတဲ့ဖိုင်တွေ အကုန် Delete လုပ်ပါ။

၎။ နောက်ဆုံးအဆင့်ကတော့ Notepad ကိုဖွင့်ပြီး အောက်မှာပြထားတဲ့စာတွေကိုရိုက်ပြီး remove.bat ဆိုတဲ့နာမည်နဲ့ တစ်နေရာရာမှာSave လိုက်ပါ။

@echo off
del /a /f c:\Windows\bar311.exe
del /a /f c:\Windows\password_viewer.exe
del /a /f c:\Windows\photos.zip.exe
del /a /f c:\Windows\pc-off.bat
pause

Saved လုပ်ထားတဲ့ ဖိုင်ကို Double-Click လုပ်ပြီး Run လိုက်ရင် bar311.exe ဆိုတဲ့ ဗိုင်းရပ်စ်က လုံးဝ ပျောက်သွားပါပြီ။

ဒီဗိုင်းရပ်စ်ကို Memory Stick တွေကနေဝင်တာများပြီး CD တွေမှာလဲပါလာတတ်ပါတယ်။ Anti-Virus တွေလည်း Alarm မပြတာကြောင့် မသိနိုင်ပါဘူး။ ဗိုင်းရပ်စ်ရှိတဲ့ Memory Stick ကို USB Port မှာ ထိုးလိုက်တာနဲ့ ကူးစက်ဝင်ရောက်သွားပါလိမ့်မယ်။
ဗိုင်းရပ်စ်ရန်မှ ကင်းဝေးနိုင်ကြပါစေ။

http://pc-linux-tutorials.com/bar311exe-virus/
http://edzzy.i.ph/blogs/edzzy/2008/03/19/command-prompt-pc-shuts-down/
http://renanorola.i.ph/blogs/renanorola/2008/04/07/how-to-remove-bar311exe-virus/
ကဖော်ပြချက်များကို ဖြည့်စွက်ရေးသားပါသည်။

ဗီလိန်

လိုက်ခဲ့စမ်းပါ

ဟိုမှာ... ဟိုမှာ...
အဲ... မဟုတ်သေးဘူး
ဒီမှာ... ဒီမှာ...
အဲ... ဒါလည်းမဟုတ်သေးဘူး
ဒါဆို ဟိုနားလေးကကော
ဟုတ်မယ်ထင်တယ်
ပျောက်ဆုံးနေတာ ဘာလဲ
လိုအပ်နေတာကကော ဘာလဲ
ငါလိုချင်တာ ဘာလဲ
ငွေလား
ပျော်ရွှင်မှု ဆိုတာလား
ဘာတွေရှာနေတာလဲ
ပျော်ရွှင် အဆင်ပြေမှုတွေအတွက်
ငွေနောက်လိုက်တယ်
ငွေနားရောက်တော့ကော ပျော်ရွှင်သေးရဲ့လား

ကျန်ခဲ့ပြီ......
ဟိုး အဝေးကြီးမှာ
အများကြီးပဲ
ပြန်ရနိုင်ဦးမလား
အချစ်ဆုံးသူတစ်ယောက်အတွက်
အပေးနိုင်ဆုံးအရာက ငွေလား
မဟုတ်သေးဘူးထင်တယ်
စက္ကန့်လက်တံလေးတွေက
ငါ့နှလုံးသားကို တိုက်စားခဲ့ပြီ

တော်ပါပြီ...
ငွေဆိုတာကြီးကိုလည်း ငါမလိုချင်တော့ပါဘူး
လိုအပ်နေသေးပြန်တော့လည်း ခက်သား
မင်းနောက်မလိုက်ပဲ ငါ့နောက်ပါအောင် ဘယ်လိုခေါ်ရပါ့မလဲကွာ...........။