Showing posts with label နှိုင်းယှဉ်ချက်များ. Show all posts
Showing posts with label နှိုင်းယှဉ်ချက်များ. Show all posts

အပြောနဲ့အလုပ်နဲ့ မညီတဲ့ အဖေ (သို့) နှိုင်းယှဉ်ချက် (၃)

အပြော ။ ။ "နောက်ကျမယ်။ ဟုတ်လား။ ဒီလောက်တောင် စည်းကမ်းပျက်နေတဲ့ကောင် ပြန်မလာနဲ့ တံခါးလုံးဝဖွင့်မပေးဘူး။"
အလုပ် ။ ။ အိမ်ရှေ့တံခါးမကြီး သော့ခတ်ထားတယ်။ နောက်ဖေးတံခါးလော့ခ် ချမထားခဲ့။

အပြော ။ ။ "အမေကြီး အံဆွဲသော့ ငါ့ပေးထား ဒီရက်ထဲ ပိုက်ဆံတွေ လျော့လျော့နေတယ်။ ဟိုကောင် နှိုက်နှိုက်နေတာပဲဖြစ်မယ်။ ဒီကောင် ဒီလောက်သုံးနေရင် ပျက်စီးလိမ့်မယ်။"
အလုပ် ။ ။ နောက်ရက်တွေ ထမင်းစား စားပွဲခုံပေါ်မှာ၊ တီဗွီ ပေါ်မှာ ထောင်တန်တွေအထပ်လိုက် မေ့မေ့ကျန်ခဲ့တယ်။

အပြော ။ ။ "အရွယ်လေး ရောက်လာလို့ သောက်သောက်စားစားလေး လုပ်မယ်မကြံနဲ့။ အိမ်ပေါ်က ကန်ချမှာ။"
အလုပ် ။ ။ "အမေကြီး ဟိုကောင်ဒီနေ့သောက်လား သလား။ သွားသွားကြည့်လုပ်ပေးလိုက်ဦး။ မနက်ကျမှ ခေါင်းတွေကိုက်နေဦးမယ်။"

အပြော ။ ။ "မင်းက ဘယ်အရွယ်ရှိသေးလို့ ကားမောင်းချင်တာလဲ။ အခုမှ လိုင်စင်ရကာစပဲ ရှိသေးတယ်။ ဂျိန်းစပွန်းလုပ်ချင်နေပြီလား။"
အလုပ် ။ ။ "ခေါင်းနည်းနည်း မူးနေတယ် အမေကြီးရေ ပွဲရုံကို TAXI နဲ့ပဲသွားတော့မယ်။"

အပြော ။ ။ "ဖုန်းတစ်လုံးကို ဘယ်လောက်များမှတ်နေလဲ။ ပိုက်ဆံကတွင်းထဲက နှိုက်လို့ရတာမဟုတ်ဘူးကွ။"
အလုပ် ။ ။ "မင်းဘယ်ရောက်ရောက် ငါခေါ်ချင်ရင်ခေါ်လို့ရအောင် ၀ယ်ပေးတာ။ ဟန်းဆက်ကို မင်းအမေနဲ့သွားဝယ်ချေ။" အမေ့ကိုပေးတဲ့ ဟန်းဆက်ဖိုးက Latest Model ၀ယ်လို့ရအောင် လုံလောက်သည်။

အပြော ။ ။ "ပိုက်ဆံဖြင့်မရှာနိုင်သေးဘူး ဖြုန်းဦးမယ်ပေါ့လေ။ ဘယ်နရက်ကြာမှာလဲ။ ဘယ်သူတွေနဲ့ သွားမှာလဲ"
အလုပ် ။ ။ သူများထက် ၃ ဆ ရှိသောငွေကို ချောင်းသာသွားဖို့ အမေကတဆင့် ပေးလိုက်တယ်။

အပြော ။ ။ "ရုံးတွေ ဂတ်တွေကို မင်းအိမ်လို့များထင်နေလား။ ကြားမကြားဖူးပေါင်ကွာ။ သူတို့ပြောတော့ အသားပဲ့သွားတာမှတ်လို့"
အလုပ် ။ ။ "ဒါမှ ငါ့သားကွ ငါ့သမီးအတွက် ဒီလို အစ်ကိုရှိတာစိတ်ချရပြီ အမေကြီးရေ။ ပြီးတော့ အချုပ်ကထုတ်ရတာကွာ၊ ဆေးရုံကမထုတ်ရရင်ပြီးတာပဲ။ ဒါမှယောက်ျားကွ။"

အပြော ။ ။ "တောက်.......။ မင်းကတော့ကွာ။ ငါးထိုးလိုက်ရ။ ဘောပွဲ ၀ါသနာပါတာပဲကွာ ကြည့်ပေါ့။ ဘာလောင်းစရာလိုလဲ။ ကိုယ်အားပေးတဲ့အသင်း နိုင်ရင်ပြီးတာပဲကို။ လိုက်မရှင်းပေးနိုင်ဘူး မင်းဟာမင်း အရိုက်ပဲ ခံရခံရ။ အဖမ်းပဲခံရခံရ"
အလုပ် ။ ။ ထိုနေ့မှစ၍ ဘောပွဲဒိုင်က ကြွေးထပ်မတောင်းတော့။

အပြော ။ ။ "လုပ်လိုက်ရင် အလွဲလွဲအချော်ချော်ကြီးပဲ စောင့်နေ ပစ္စည်းတွေ မရရအောင်ရှာပြီးဝယ်လာခဲ့။"
အလုပ် ။ ။ "အမေကြီးရေ။ ဒီကောင် ဒီနေ့ တော်တယ်ကွ။ မရတော့ဘူးလို့ ထင်ထားတဲ့ပစ္စည်းကို ပုံမှန်ဈေးနဲ့ ရအောင်ယူလာနိုင်တယ်။ ငါ့ပွဲရုံတော့ စိတ်ချရပြီ။"

အပြော ။ ။ "မင်းသွားချင်တယ်မလား။ သွားပေါ့ကွာ။ မင်းက ငါ့အလုပ်မှာ မလုပ်ရရင်ပြီးရောမလား။ နိုင်ငံခြားရောက်မှ ပြန်လာချင်တယ်မပြောနဲ့။"
အလုပ် ။ ။ "အမေကြီး၊ သားကိုမပြောတော့ဘူးလား။ အမေကြီးက တကယ်လွှတ်တော့မှာလား။ အင်းပေါ့လေ။ သူစမ်းကြည့်ချင်တယ် ဆိုတော့လည်းလွှတ်ရမှာပေါ့။ ကြိုးစားချင်တဲ့စိတ်၊ တိုးတက်ချင်တဲ့စိတ် ရှိတာကောင်းပါတယ်လေ။"

အပြော ။ ။ "ပြန်လာဦးမလို့လား။ လေယာဉ်ခ က ကုန်ကကုန်နဲ့။"
အလုပ် ။ ။ ပြက္ခဒိန်တွင် မှင်နီဖြင့်ဝိုင်း၍ နေ့တိုင်းပြက္ခဒိန်ပဲ ကြည့်နေသည်။

နှိုင်းယှဉ်ချက် (၂)

အမေက ကျနော့အတွက်

  • အိပ်ယာဝင်တိုင်း ပုံပြောပြသူ။
  • ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးသူ။
  • လိုချင်တိုင်း ပူစာစရာမလိုပဲ ၀ယ်ပေးတတ်သူ။
  • ရန်ကုန်ရောက်တိုင်း ကစားကွင်းခေါ်သွားသူ။
  • ဗိုက်ဆာတိုင်း ဟင်းနွေးပေးသူ။
  • ကိုယ်ပူတိုင်း အနားကမခွာသူ။
  • မိုးရွာတိုင်း ထီးလိုက်ပို့ပေးသူ။
  • နေ့တိုင်း ထမင်းဗူး ဟင်းကောင်းစေသူ။
  • ရန်ဖြစ်တိုင်း လိုက်ထုတ်ပေးသူ။
  • ဘောပွဲရှုံးတိုင်း လိုက်ရှင်းပေးသူ။
  • ဆိုက်ကယ်ပေါင်တိုင်း လိုက်ရွေးပေးသူ။
  • အနံ့ထွက်လာတိုင်း အဖေမသိအောင်ဖုံးကွယ်ပေးသူ။
  • ပြန်မလာမချင်း မအိပ်ပဲစောင့်သူ။
  • အောင်မြင်တိုင်းလည်း လက်ခုပ်တီးသူ။
  • ကျရှုံးတိုင်းလည်း နှစ်သိမ့်ပေးသူ။
  • ဝေခွဲမရတိုင်း ဆုံးဖြတ်ပေးသူ။
  • ကြေကွဲရတိုင်း အားပေးပေးသူ။
  • ရေခြားမြေခြားမသွားစေချင်ပဲ ပေးသွားခဲ့သူလေ……။

ကျနော်က အမေ့ အတွက်

  • သူလေ……။

နှိုင်းယှဉ်ချက် (၁)

အမှားအနည်းဆုံးအရာများ
  • မှန်
  • သတင်းစာ
  • ငွေစက္ကူ
  • သတင်းကြေညာသူ
  • ထီပေါက်စဉ်
  • Monitor
  • ချစ်သူ၏ဦးနှောက်

အမှားအများဆုံးအရာများ

  • မျက်စိ
  • လေ့ကျင့်ခန်းစာအုပ်
  • ငွေစာရင်း
  • ဘောလုံးပွဲကြေညာသူ
  • ထီလက်မှတ်
  • Keyboard
  • ကျွန်၏နှလုံးသား