ဖြစ်ရပ် (၁)
ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ ခုန်ကျော်၍လာသည်။ သူ့ မျက်နျာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ ငါ့သား…ကွ” ဟူသော အဖေ၏ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကိုမြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့်တို့ကို ခြေဖျားဖြင့် ခက်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာမအံ့သြနိုင်ဘဲ အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ…အမေရေ” ဟုအော်ခေါ်လာခဲ့၏။
အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ… ကျွန်တော်လေ စာမေးပွဲအောင်တယ်ဗျ၊ သိလား”
“ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ”
အနီးသို့ ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းကနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ ခံစားလိုက်ရပြီး မျက်စိထဲမှာ ဝင်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည်ရှေ့သို့ စိုက်ခနဲ ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသား နှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဗီရိုပေါ်ကကြိမ်လုံးကို ဆွဲယူလိုက်သည်။
“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း… ပထမကဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း… သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင်စကားစပ်ပြီးကြွားဦးမှာ၊ သူများကြွားတာခံရဦးမယ်။ တောက်…”
“ကိုင်း… လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။
မေးခွန်း။ ။ ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက်ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား …
မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)
Subscribe to:
Post Comments (Atom)
7 comments:
မပြောချင်တော့ပါဘူးကွယ်...
ဖတ်ရင်း အောင့်ကနဲ့ ဖြစ်သွားတယ်။
ဟုတ်တယ်ဗျ။ တချို.တွေက ကိုယ့်ခလေးကို ဘယ်လိုပြုစု ပျိုးထောင်ရမယ်ဆိုတာ ကောင်းကောင်းမသိဘူး။ ဒါမေယ့် လိုချင်တာကျတော့ ဟိုးထိပ်က နေရာတွေ။ နုနယ်တဲ့ နှလုံးသားလေးတွေ ဒဏ်ရာမရမိစေဖို့  မိဘတိုင်းက သတိထားကြရမယ်လေ။
ကောင်းတယ်ဗီလိန်ရေ...ကလေးတွေအပေါ် ဒီလို မပြုမူသင့်ဘူး....မျှဝေပေးတာကျေးဇူးပါ...စာကောင်းလေးတွေ
ပိုရေးနိုင်ပါစေ
အရမ်းကောင်းတဲ့ဇာတ်လမ်းလေးပါ
မိဘတိုင်းသိင့်ပါတယ်။
ကျေးဇူးပါ
ကျတော်နဲ့သိပ်မကွာလို. အဖြေကိုတော့ မပြောချင်တော့ပါဘူး။
မိဘနဲ့သားသမီးကြားမှာ လွဲမှားနေတဲ့နားလည် မှုတွေပဲ...။ မိဘရဲ့ စေတနာက အထားမတတ်တော့ သားသမီးအတွက် ဘ၀ ဒဏ်ရာတစ်ခု ဖြစ်သွားရတာပေါ့...။
တခုမှ မသက်သာပါလားနော် ...း((
Post a Comment