အခန်းလေးထဲမှာ...

လူတစ်ယောက် ကျနော့ အခန်းထဲဝင်လာတယ်။ မျက်နှာက မှုန်ကုတ်ကုတ်နဲ့ လောကကြီးကို မကျေနပ်တဲ့ပုံစံ။ မျက်နှာက အကြောတွေအကုန်လုံးကို ရုပ်အဆိုးဆုံးဖြစ်အောင် တင်းထားတယ်။ လက်နှစ်ဘက်ကလည်း တခါခါနဲ့ တော်တော်လေး တုန်လှုပ်နေ့တဲ့ပုံစံမျိုး သူ့အချစ်ဆုံး ဇနီးသည်ကိုတောင် မေ့နေတဲ့ပုံပဲ။ ပြီးတော့ သူ ကျနော်နဲ့ လုပ်စရာရှိတာ လုပ်တယ်။ ခဏနေတော့ ဘာမှမဖြစ်တော့သလိုနဲ့ ပြန်ထွက်သွားတယ်။

နောက်တစ်ယောက် ဝင်လာပြန်ပြီ။ ဆက်ကျော်သက် လှတပတ ကောင်မလေးတစ်ယောက်ဗျ။ ဒါပေမယ့် သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလို့။ လက်ထဲမှာလည်း ဟမ်းဖုန်းနဲ့ စကားပြောနေတယ်။ တိုးတိုးလေး။ ပြောနေရင်းနဲ့ အငိုတွေပိုသည်းလာပြီ။ တရှိုက်မက်မက်နဲ့ကို ငိုနေတာ။ မျက်ခမ်းစပ်မှာ ဆွဲထားတဲ့ လိုင်နာက ပါးပေါ်မှာ မျက်ရည်မြစ်နှစ်ခုထွန်းနေပြီ။ အနားမှာရှိတဲ့ ကျနော့ဆီက တစ်သျှူးနဲ့ မသုတ်ဘူး။ သူ့ဂျင်းဘောင်းဘီ ကြပ်ကြပ်ထဲက ၈ ခုပါတဲ့ တစ်သျှူးကို မရမကထုတ်ပြီး သုတ်လိုက်တယ်။ ဖုန်းချပြီး သူဆက်ငိုနေသေးတယ်။ စကားတစ်ခွန်းမှ မပြောတော့ဘူး။ ခဏနေ အငိုလည်းဝရော ထွက်သွားပြန်တယ်။

တစ်ခါ ၁၃နှစ်သား ကောင်လေးတစ်ယောက်။ ဟိုကြည့်ဒီကြည့်လုပ်ပြီး ကျနော့ အခန်း ဂျက်ကို ပိတ်လိုက်တယ်။ ဘောင်းဘီအိတ်ထဲက အသင့်ပါလာတဲ့ ဆေးလိပ်နဲ့ မီးချစ်ကို ထုတ်ပြီး အားရပါးရဖွာလိုက်တာ ချောင်းတဟွတ်ဟွတ် ဆိုးပါလေရော။ မင်းသားကြီးစတိုင်နဲ့ ဆေးလိပ်ကို ပုံစံမျိုးစုံ ဟန်ပါပါသောက်တဲ့ပုံက နှုတ်ခမ်း တဆူဆူနဲ့ပေါ့။ အပြင်က သူ့နာမည်ခေါ်တဲ့ အသံကြားတော့ ကမန်းကတန်း မီးသတ်ပြီး ထွက်သွားပါတယ်။

ဒီတခါ အသက် ၄၀ကျော် ၅၀နီးပါး အမျိုးသမီးတစ်ယောက်။ လက်ထဲမှာလဲ ဝတ္ထုစာအုပ်နဲ့။ ခပ်တည်တည်နဲ့ထိုင်ပြီး ဝတ္ထုကို စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပါတယ်။ တစ်မျက်နှာ တစ်မျက်နှာကို မြန်ပါ့။ စာဖတ်တာတော်တော်လေး ကျွမ်းကျင်နေတဲ့ပုံ။ သိပ်မကြာလိုက်ဘူး။ ၁၅ မိနစ်လောက်နဲ့ ပြီးသွားတယ်။ အရမ်းကြီး မထူတာလဲပါပါတယ်။ ဝတ္ထုတစ်အုပ်ကုန်သွားမှပဲ ထွက်သွားပြန်ပါတယ်။

ဟောလာပြန်ပြီ နောက်တစ်ဦး။ အသက် ၂၅နှစ်လောက် လူငယ်တစ်ဦး။ ဝတ်ထားတာက ဂျင်းဘောင်းဘီကြပ်ကြပ်နဲ့ ထော်လော်ကန့်လန့်။ ဆံပင်ကလည်း သေသေချာချာဖီးမထား။ ရှည်နေပြီဖြစ်တဲ့ဆံပင်က သူ့မျက်နှာတစ်ဖတ်ကို အုပ်ထားပြီးပြီ။ အခန်းထဲရောက်တဲ့နဲ့ ဆေးထိုးအပ်နဲ့ ပုလင်းတစ်လုံးကို ထုတ်ပြီး သူ့လက်မောင်းထဲက အကြောထဲကို ထိုးသွင်းပြီး အသာငြိမ်နေလိုက်တယ်။ တော်တော်လေးကြာတဲ့အထိပေါ့။ ပြီးတော့မှ ဖြည်းဖြည်းချင်း ယိုင်တိုင်ယိုင်တိုင်နဲ့ ထွက်သွားတယ်။

အဘွားကြီး တစ်ယောက်ကလည်း သူ့ရဲ့မကျေနပ်ချက်မှန်သမျှကို ပွစိပွစိနဲ့ပြောပြီးဝင်လာပါတယ်။ အပြင်ကတည်းက ပြောလာတာပါ။ ကျနော့အခန်းထဲ ပြောချင်ရာပြော။ လုပ်ချင်ရာလုပ်ပြီး ပွစိပွစိနဲ့ပဲ ပြန်ထွက်သွားပြန်ရော။ ချွေးမနဲ့ စကားများလာပြန်ပြီပေါ့။

ဒီတစ်ခါဝင်လာတဲ့သူက ကျနော်အလာစေချင်ဆုံးသူ။ သူက အိမ်မှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေး။ ကောင်မလေးက ကျနော့အခန်းထဲရောက်တော့ အရင်ဆုံး လက်ထဲကရေပုံးကို ချပြီး ကျနော့တစ်ခန်းလုံးကို လောင်းချလိုက်တယ်။ ပြီးတော့ ပါလာတဲ့ ဆပ်ပြာရည်နဲ့ပါလောင်းပြီး ဆေးကျောပြီးတော့ ကျနော့ကိုပါ သေချာတိုက်ချွတ်ဆေးကျောပြီး နောက်က ရေခလုတ်ဆွဲချပြီး ပြန်ထွက်သွားပါတယ်။ အခုမှပဲ ကျနော့အခန်းလေး သန့်ရှင်းသွားတော့တယ်။ တနေကုန် ဟိုလူဝင်လာပြီး လုပ်ချင်ရာလုပ်လိုက်၊ ဒီလူဝင်လာပြီး လုပ်ချင်ရာလုပ်လိုက်နဲ့ ဝင်လိုက်ထွက်လိုက်လုပ်နေကြတာ။ အခန်းတစ်ခုလုံးလဲ ညစ်ပတ်နေပြီ။ ခုမှပဲ သန့်သန့်ရှင်းရှင်းလေးဖြစ်သွားတော့တယ်။ ကျေးဇူးပဲ အိမ်ဖော်မလေးရေ့။

ဘောလီဘော

ဟော......... ငါမြောက်တက်သွားပြီး။
ဗုန်း......... အဲ ရိုက်ချတယ်ဗျ။
အင့်......... ပြန်မြှောက်ပြန်ပြီ။
အွန့်......... ဒီတစ်ခါ ခပ်ဖွဖွလေးနဲ့ ဖိချတာဗျ။
...............
.......................
.........
.....................
ငါပြုတ်ကျတာကို........
သူတို့က........
ပျော်ရွှင်စွာလက်ခုပ်တီးလို့ အောင်ပွဲတွေခံ
ငါ မြေကြီးကျမှ သူတို့ အမှတ်ရသတဲ့လား။
အော် လူတွေ......... လူတွေ။
------
ဗီလိန်

စတုတ္ထအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံ (၂၀၀၄)

ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံ (၂၀၀၄) ကို ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ လေးနှစ်ပြည့် အထိန်းအမှတ် အဖြစ်တင်လိုက်တာပါ။ ကြည့်ပြီးတဲ့ သူတွေလည်းရှိမှာပါ။ သာသနာတော်ရဲ့ မှတ်တိုင်လေးတစ်ခုပေါ့။ ကိုအောင်ဦးရဲ့ သံဃာဂုဏ်ရည် အပိုင်း(၁) ထဲက ဆရာတော် ဦးကောသလ္လ (ဓမ္မစေတီ) ရဲ့ တရားတော်ကိုနာမိပြီး တင်ဖြစ်သွားတာပါ။ ဆရာတော်ပြောတဲ့ စကားထဲက အင်တာနက်ပေါ်မှာ ဘုန်းတော်ကြီးတွေရဲ့ မြင်မကောင်းတဲ့ ပုံတွေပဲ ရှာကြံပြီးတင်နေကြပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ သာသနာရေးလှုပ်ရှားမှုတွေ တင်တာ အတော်ကို နည်းနေပါတယ်။ ဒါကြောင့် မျှဝေလိုက်တာပါ။ တချို့အတွက်တော့ ပျင်းစရာကောင်းနေမလား မသိဘူးပေါ့ဗျာ။

သာသနာတော်ကြီး အဓွန့်ရှည်ပါစေ။




လွဲမှား........ တချို့သော

သူ့ဆီသွားဖို့ နားပူနားဆာတိုက်နေတဲ့ နှလုံးသားကို ဆုံးမဖို့
ဗော့ကာတစ်လုံးနဲ့ လုံလောက်ပါ့မလား။
ဆေးလိပ်တိုကို ကောက်ခဲလိုက်တော့မှ မီးခြစ်ဆံကုန်နေမှန်း သိလိုက်ရတယ်။
အော် အလွမ်းတွေ... အလွမ်းတွေ

ကွန်ပြူတာတစ်လုံးကိုတောင် ပိတ်လို့မရတဲ့ အကြောင်းရင်းက
ငါ့ဦးနှောက်မှာ ဗိုင်းရပ်စ်ကိုက်နေလို့ဖြစ်မှာပါ။
ဒါကိုသတ်ဖို့ အင်အားမှ မရှိတာ။
အော် စွဲလမ်းစိတ်... စွဲလမ်းစိတ်

ညညအိပ်မရတာ ဂျပိုးကိုက်လို့မဟုတ်ပါဘူး
ဂျပိုးကိုက်လည်း အိပ်တတ်နေတာပဲလေ။
သူတို့ကိုမောင်းထုတ်ရအောင်ကလည်း သနားလို့။
အော် သနားစိတ်... သနားစိတ်

ကဗျာတွေမရေးဘူး မရေးဘူးနဲ့ ရေးနေလိုက်တာ
ဘယ်နှပုဒ်ရှိသွားလဲတောင် မသိတော့ပါဘူး။
ကီးဘုတ်ပေါ်က လက်မခွာနိုင်တာ ဘယ်သူ့ကြောင့်လဲ။
အော် အချစ်... အချစ်

ခံစားချက်တွေ စာသီလို့ အိပ်ရာထနောက်ကျရင်ကော
မနက်စာချက်နိုင်ပါ့မလား။
ရေခဲသေတ္တာထဲမှာ ဟင်းစားကုန်နေမှန်းတော့ သိသင့်ပါတယ်။
အော် ဘဝ... ဘဝ

ဗီလိန်ကို ဗီလိန်မဆန်ဘူးလို့ပြောရင်ကော
စာရွက်ပေါ်မှာ ချတွက်ကြည့်ပေါ့။
ဗီလိန်တစ်ယောက်ရဲ့ ရင်ထဲမှာလည်း တဒုတ်ဒုတ်ခုန်နေတဲ့ ပျက်စီးလုလု နှလုံးသားတစ်ခုရှိပါတယ်။
အော် ဗီလိန်... ဗီလိန်
----------
ဗီလိန်

ကဗျာထဲက ကဗျာတစ်ပုဒ်

ကိုနေမင်းရဲ့ သင်ဘာဖြစ်ချင်သနည်း ကဗျာလေးပါ။ ကြိုက်လွန်းလို့ တချိန်က ဒီနေရာ မှာ မျှဝေပေးခဲ့ပြီးပါပြီ။ တစ်ခေါက်လောက် လေးလေးနက်နက်လေး ဖတ်ကြည့်ပေးပါ။ တစ်ခေါက်မှ အဆင်မပြေသေးရင် နှစ်ခေါက်ပေါ့ဗျာ။ ကျနော်ကတော့ ဘယ်အချိန်ဖတ်ဖတ်ကို လေးလေးနက်နက် ခံစားနေမိတာ။

သင်ဘာဖြစ်ချင်သနည်း
ပူနေသည်။ အေးနေသည်။
အိပ်နေသည်။ ပြီးတော့ ထပြန်သည်။
နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။
သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။
မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ..
ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။
ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ..
အချိန်ရရင် ရေးမယ်။ အိုး.. .. ..
နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။
မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. ..
မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။
ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။
ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း
အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က
အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။
အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။
မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ
ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို
ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်..
အချိန်က ငါ့ကို မေ့လျော့စေတယ်။
သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ ..
အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က
မင်းတို့ ကို အမြဲတမ်း သတိရနေခဲ့တာပါ..

ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ဘယ်သူမှ မသိပါ.. ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မသိပါ..
ဘာကြောင့်ဆို လေနှင့် အချိန်က စိတ်ကို နေ့ည ပြောင်းလဲစေလို့.
လူတိုင်း ထင်နေကြတာတွေ မှားတယ်။
ခွဲခွာပြီးရင် ပြန်ဆုံရဖို့ မမျှော်လင့်ခဲ့ဘူးတဲ့.. သူငယ်ချင်း တစ်ယောက်က
အလယ်မှာ ပင်လယ်ခြားနေတယ် ဆိုရင် အဖြစ်အပျက်တွေက ၎င်းကို
ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။

လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..
ငါကတော့ "ငါ"ကို "ငါ"နဲ့ ပဲ ပြန်ပြန်စားလေ့ရှိနေတယ်။
ဒီဆန်လွန်းမှုက နေ ရုန်းကန်ထွက်ပြေးကြရအောင်..
အပြောလွယ်တယ်။ အလုပ်ခက်တယ်။
အလုပ်လွယ်ရင်ကော အပြော ခက်သွားမလား..

နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။

---
Life is too short...! တဲ့...........။ ဒါလေးက သူအမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးပါ။ ဘဝဆိုတာကို ဖွင့်ဆိုပုံက တိုလွန်းပါတယ်တဲ့။ ဟုတ်ပါတယ်။ တိုတိုလေးပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ဆိုတာ သိပ်ကြာသွားပြီလား။ အမေ့ရင် ခွင်မှာတိုးလို့ ငါဟာလူတစ်ယောက်ပါလား ဆိုတဲ့ အသိတောင် မရှိသေးဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ် ကကော သိပ်မထူးဘူး ဆော့ဖို့၊ စားဖို့၊ ကျောင်းတက်ဖို့လောက်ပဲ သိနေပြန်ရော။
ကဲ ၁၀ နှစ်ဗျာ။ ဖွန်ကြောင်တတ်တာလေးတစ်ခု တိုးလာရုံပဲ။ ဘာမှတော့ ထွေထွေထူးထူး မရှိသေးဘူး။ အပြစ်တွေပဲ တိုးလာတယ်။ မကောင်းမှုတွေ များလာတယ်။ ဒီလောက်ပဲ။
ထပ်လျှော့လိုက်မယ်ဗျာ ၅ နှစ်။ ကျောင်းတော်ကြီးနဲ့ ပျော်တယ်။ မိဘပိုက်ဆံဖြုန်းမယ်။ ဒီလောက်ပဲသိတယ်။
ကဲဗျာ။ ဒါဆို အခုကော။ အခုလား လူတကာရှာနိုင်တဲ့ ဝင်ငွေလေးတစ်ခုကလွဲရင် ဘာမှ(ဘာဆိုဘာမှ) မဟုတ်။ ပုံမှန်လည်ပတ်နေတဲ့ သာမာန်ကောင်လေး တစ်ယောက်ပဲလေ။

ရာစုနှစ်ရဲ့ လေးပုံတစ်ပုံနီးပါး လူ့ပြည်မှာ နေခဲ့ပြီးပြီ။ အချိန်တွေ ကုန်သွားပြီ။ ဘယ်လိုကုန်သွားလဲ။ ဘယ်လောက်မြန်သွားလဲ။ ဘာတွေပြီးခဲ့ပြီလဲ။ ပြန်မေးကြည့်တယ်။ “ဟိတ်ကောင် ဗီလိန်၊ မင်းဘာဖြစ်ချင်တာလဲ။ ဘာဖြစ်နေပြီလဲ။” ဘာဖြစ်ချင်မှန်းမသိသလို ဘာမှလည်းမဖြစ်သေးပါဘူး။ တချို့ကပြောတယ်။ ရည်ရွယ်ချက်မရှိဘူးတဲ့။ ထားလိုက်ပါတော့။ လူတိုင်းကိုယ်စီမှာရှိခဲ့ကြတဲ့ ရည်ရွယ်ချက်။ ကျနော့မှာလည်း ရှိခဲ့ဖူးတာပေါ့။ ရှိခဲ့ဖူးတာပေါ့ဆိုတော့။ အခု မရှိတော့ဘူးလား။ ပစ္စုပ္ပန်ကိုပဲ တည့်တည့်ရှုဖို့ ဗုဒ္ဓမြတ်စွာဟောခဲ့တယ်လေ။ ဟုတ်ပြီ။ ဒါဆိုရင် ပစ္စုပ္ပန်ကကောကောင်းနေပြီလား။ ဖရိုဖရဲပါပဲ။ နေစရာ အိမ်လေးတစ်လုံးတောင် အတည်တကျမဖြစ်သေးဘူး ၆လတော့ကုန်သွားပြီပေါ့။ ကဲကြည့် ပြောနေရင်းကနေ စက္ကန့်တွေဖွဲ့လို့ မိနစ်တွေကုန်နေတယ်။ သားသုံးယောက်ကို တပြိုင်တည်းချီခဲ့တဲ့ အဖေ့လက်တွေ အားအင်ခြောက်ခမ်းနေပြီ။ အမေ့အပြုံးတွေက ပါးရေတစ်ကြောင်းပြီး တစ်ကြောင်းတိုးလာပြီ။ ထပ်မေးမယ်။ “ဗီလိန်၊ မင်း ဘာလုပ်မှာလဲ။ ဘာလုပ်သင့်လဲ။” ဆွံ့အသွားတယ်။ ကျနော့မှာ အဖြေမှမရှိတာ....................။
Life is too short...! ဆိုတာကိုး။

ကဲ ကိုနေမင်းရေ။ ပင်လယ် ခြားနေသေးပေမယ့် အတွေးထဲက အုန်းရေစိမ်လေးနဲ့တင် လုံလောက်နေပါပြီကွာ။

ဗီလိန်

ကိုဂျူဝသန် နဲ့ ဖိုးဂျယ် ရေ့ ကျေနပ်ပါတယ်နော်။ ကိုဂျူဝသန်ပြောထားတဲ့ အချက်တွေအားလုံးကိုက်တယ်ဗျာ။ ဒီဇင်ဘာ ၈ရက်နေ့အတွင်း မပြီးတာတော့ခွင့်လွှတ်၊ ကြားမှာလည်း ဆားမချက်ဘူးနော်။ ဆားချက်နည်းရှာရုံလေးပဲ။ :) ပြီးတော့ မြန်မြန်ရွေးဗျာ။ ကျနော်အရွေးခံရရင် ဒီဇင်ဘာမှာ ဒုလ္လဘရဟန်းခံချင်လို့ ဖြစ်နိုင်ရင် လုပ်ပေးလေ။ ဖြစ်တယ်မလား။ ဖြစ်လိုက်ပါဗျာ။

လွမ်းမိပါရဲ့ ဆရာဂဠုန်

ရင်မှာဗလာ ပညာမရှိ
ဝိဘတ်သဒ္ဒါ မကြွယ်ပါလ
ဝါကငယ်ငယ် စာမနယ်တတ်
လွယ်ပေ့သတ်ပုံ မှားမိဖန်ဖန်
အကြံလည်းကုန် တစ်ရာလည်းပြည့်
ဦးနှောက်ရည်ကျို အရည်ညစ်ချ
ထွက်မလာပုံ ဆားချက်ရုံပေါ့
ကြံမိသော်ငြား မတတ်တတတ်
ဘယ်နည်းချက်အံ့။

ဆရာဂဠုန် အကြံကုန်စဉ်
ဘယ်နည်းချက်မှန်း မသိပြန်၍
နောက်တစ်ကြိမ်ကြုံ အခက်ဆုံပေါ့
ဘလော့ရေးကြ မောင်နှမတို့
ဘယ်ပုံဘယ်နည်း စာတွေမှီးအံ့။

ဖတ်၊မှတ်၊သိ၊ကြုံ စာတွေစုံလို့
ဝေဝေဆာဆာ သူတို့ကမ္ဘာ
ဘလော့ရွာလည်း စည်ပင်ဝေစည်
ဗီလိန်လေးသာ မျက်နှာငယ်လှ
အသစ်မမြင် မတင်ဖြစ်သေး
ဘယ်နေ့များမှ ရေးရပါအံ့။

ဗီလိန်

ထွေရာလေးပါး အတွေးများနဲ့ ဒီနေ့

ဒီနေ့ အိပ်ရာ ကထတော့ အစောကြီးပဲ။ ဒါတောင် နိုးနေတာကြာပြီ မနိုးခင် အိပ်မက်တွေ ဘာတွေမက်လို့ ညတုန်းက မအိပ်ခင် တူလေးကို ပုံပြင် ၃ပုဒ် ပြောခဲ့သေးတယ်။ ကိုရွာသားလေး ပြောတဲ့ လင်းယုန်ပုံပြင်မနိုင်းနိုင်းစနေ ပြောတဲ့ ပိုလာဝက်ဝံပုံပြင်မရွှေပြည်သူ ပြောတဲ့ လိပ်ပုံပြင် ပေါ့ဗျာ။ ဒါနဲ့ပဲ မျက်နှာသစ်ပြီး ကဗျာလေးဘာလေး ရေးမယ်ဆိုပြီး ကုတင်ဘေးက ခုံတန်းလေးမှာ ထိုင်လိုက်တာ စားပွဲပေါ်က ပုလင်းတစ်လုံးဘေးက ဒိုင်ယာရီ ကို မျက်စိကရောက်သွားတယ်။ ဖွင့်ဖွင့်ခြင်းစာမျက်နှာမှာက ရေညှိတွေနဲ့ လှေကားတစ် ဆိုတာကို မှင်နီကြီးနဲ့ ရေးထားတယ်။ အဟောင်းတွေ အသစ်ပြန်မဖြစ်ချင်တာနဲ့ပဲ ဆက်မဖတ်ပဲ ပိတ်ပစ်လိုက်တယ်။ ကိစ္စမရှိပါဘူး။ ဒါတွေကို မေ့ပစ်လိုက်ဖို့ နာရီလက်တံတွေက လုပ်ပေးသွားပါလိမ့်မယ်။ ငါ့အတွက် အမှားလား၊ အမှန်လားတောင် မခွဲခြားတတ်တော့ပါဘူး။ ဒီအကြောင်းတွေစဉ်းစားရင် တခါတခါဆို လက်ခုပ်သံတွေကြားထဲက ဘောလုံးကွင်းထဲမှာ အော်ပြီးတော့ ငါ့ကိုယ်ငါမုန်းလိုက်ချင်တယ်။ အမုန်းပန်းခင်း ရင်ထဲမှာပြည့်ကျပ်နေပြီ။ ကဲပါလေ ရောက်တတ်ရာရာ အတွေးတွေ များနေပြန်ပါပြီ။

သမုဒ္ဒရာဝမ်းတစ်ထွာကိစ္စ ဖြေရှင်းလိုက်ဦးမှ ဆိုပြီး မနေ့က ၁၂ဒေါ်လာနဲ့ ဝယ်ထားတဲ့ ပြောင်းဖူး နဲ့ ဖရဲသီးကို ထုတ်စားပါတယ်။ စားလို့တောင် မပြီးသေးဘူး ဖိုးဂျယ်ဆီက ဖုန်းလာပါတယ်။ ဒီနေ့ မွေးနေ့ကို လာခဲ့နော်လို့ သတိပေးတော့ ဘာလက်ဆောင်ပေးရမှန်း မသိတာဘူးလို့ ပြောလိုက်တော့ မပေးနဲ့တဲ့လေ။ ဟီးဟီး အဲဒါကိုစောင့်နေတာ။ ညီညီကတော့ ပန်းချီကားတစ်ချပ်ကို ရွှေနဲ့ သေချာဘောင်ခတ်ပြီး ကျောက်မျက်လေးတွေပါ စီပေးမယ်တဲ့။ ဒါနဲ့ပဲ သံလွင်ဟီးရိုးကိုခေါ်ပြီး အိမ်က ထွက်ခဲ့ပါတယ်။ လမ်းမှာ မယ်ခေါင်ကိုဝင်ခေါ်ဖို့ 854 စီးပြီး အလာ ဖြစ်လိုက်ပုံများ ကားကကြပ်ကြပ်နဲ့ ရန်ကုန်က ၁၀၅နဲ့မထူးဘူး။ ရထားစီးရအောင်ကလည်း စင်ကာပူ MRT တွေကလည်း သိတဲ့အတိုင်းပဲ။ ဒီလိုမျိုးနှိုင်း ပြန်တော့လည်း လွန်တယ်ဖြစ်ဦးမယ်။ ဒီမှာက ဒီလိုပဲ။ ဝဋ်လို့ပဲပြောရမလားပဲ။ ဒီလိုနဲ့ပဲ ဖိုးဂျယ် အိမ်ကို ရောက်ခဲ့ပါပြီ။ မွေးနေ့က ပျော်စရာလေးပါ။ ဘလော့လောကက လူတွေတော်တော်များများနဲ့ တွေ့ဆုံပြီး စကားပြောဖြစ်ကြတယ်။ ဂိမ်းတွေဆော့ကြ၊ ဖဲတွေရိုက်ကြ၊ အံစာတွေ လှိမ့်ကြနဲ့ပေါ့။ မွေးနေ့ပွဲမှာ Gtalk Video Chat လာသုံးနေတဲ့သူက ရှိသေးတယ်။ ဒီလောက်ဖြစ်နေတာ Hack ခံရမှမှတ်မယ်။ Heroesဇာတ်လမ်းတွဲတောင် ကြည့်ကြတယ်။ ဖဲရိုက်တော့ ကျောင်းတုန်းက ရိုက်ခဲ့တာလေးတွေတောင် သတိရမိသေးတယ်။

မွေးနေ့ပွဲမှာ အပေါင်းအသင်းတွေနဲ့ လေးလေးနက်နက်တွေ ပြောဖြစ်တယ်။ ကိုနေမင်းက ကျနော့ကို ဘဝမှာ ဘာဖြစ်ချင်လဲလို့ မေးတယ်။ အမေးရှိမှတော့ အဖြေရှိရတော့မပေါ့။ အတွင်းရေးတွေဖော်ထုတ်ပြီးပဲ ပြောရမလား။ ကျောင်းတုန်းကလည်း ဒီမေးခွန်းတွေ ဖြေခဲ့ဖူးတယ်။ ကျောင်းကဗျာတွေ မှာလည်း ထည့်ရေးဖူးတယ်။ အဖေ့ကို မလွမ်းပါဘူး ဆိုပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း လိမ်ညာမိနေတာ မျိုးလည်းရှိတယ်။ မျက်ကန်းတစ်ယောက်လို စမ်းတဝါးဝါး ဖြတ်သန်းခဲ့ရဖူးတာလဲ ရှိတယ်။ သခင့်အလိုကျ နေပြရတာမျိုးကလည်း ခဏခဏ။ မြို့ပြတွေရဲ့ လှည့်စားမှုအောက်မှာ အဆိပ်ချိုတွေလည်း အများကြီးသောက်ခဲ့ပြီးပြီ။ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားတာမျိုးတွေ ငုပ်လျှိုးပုန်းကွယ် နေရတာမျိုးတွေလည်း တပုံကြီး။ သြော်.....လူတွေ.....လူတွေ စဉ်းစားရင်းနဲ့ သူမေးတဲ့မေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ ကိုယ်တိုင်ကပဲ ညံ့နေလို့လားမသိ။ ချမ်းရဲကိုမေးတယ်။ မတူးတူးကိုမေးတယ်။ အဖြေကထွက်မလာ။ နောက်ဆုံးတော့ ခိုးချလို့မရတဲ့ မေးခွန်းအတွက် အဖြေက ဗလာပဲရတယ်လေ။ ကျနော့သူငယ်ချင်း ဆေးကျောင်းသားတစ်ယောက် ပြောသလို ဘဝဆိုတာ မြွေနဲ့ ဖားလိုပဲတဲ့။ ကြီးတဲ့သူစား ဦးတဲ့သူဆော်ပဲတဲ့လေ။ ဆေးထိုးအပ်ကိုင်တဲ့ သူက တောင်အဲလိုပြောနေရင် ငွေမှငွေဖြစ်နေတဲ့ အတွင်းရေးမှူးမလေးတွေ ဝိုင်းနေတဲ့ စီးပွားရေးသမားတွေ ဆိုရင်တော့ ပြောစရာမရှိတော့။

အတွေးတွေ လွန်နေလိုက်ကြတာ ဗေဒင်ဟောနေကြတဲ့ မဆုမွန် နဲ့ ဂုဂုက စိတ်ပြေလက်ပျောက် ရုပ်ရှင် သွားကြည့်မယ်ပြောပါတယ်။ အစကတော့ ကာတွန်းကားကြည့်မလို့ပဲ အမှတ်တရပေါ့။ နောက်တော့ သီတင်းကျွတ်လောက်ကတည်းက ကြည့်မယ်ဆိုပြီး ခုထိမကြည့်ဖြစ်သေးတဲ့ “ကမ်းမရှိတဲ့ အနမ်း စေရာ ရင်ခွင်နွေး” လို့ အဓိပ္ပာယ်ရတဲ့ ကုလားကားပဲ ကြည့်ဖြစ်ပါတယ်။ ရုပ်ရှင်ရုံရောက်တော့ နောက်ကျနေပြီ။ ဖုတ်ဖတ်ခါပြီး ပြေးရသေးတယ်။ ကြည့်သာကြည့်တာပါ ဘာမှန်းကို မသိလိုက်ပါဘူး။ ဇာတ်လမ်းထဲမှာ ဗီလိန်က အသက်ပြင်းတယ်။ တော်တော် တန်ဖိုးကြီးတဲ့ ဗီလိန်ပဲ။ သေမလိုလိုဖြစ်ပြီးမသေတာ ၃ခါတောင်။ ပြတင်းပေါက်ပေါ်က ခုန်ချလည်းမသေ။ တောင်ပေါ်က ပြုတ်ကျလည်းမသေ။ ရုပ်ကလည်းဆိုးသေးတယ်။ ယမမင်းတောင် လက်ခံပါ့မလားမသိ။ သူ့ကြည့်ပြီး ညတောင်အိပ်ရဲ ပါ့မလားမသိ။ အိပ်မက်ထဲထိ ပါလာနေဦးမယ်။ သူက မင်းသမီးကို နှာဘူးကျတာဗျ။ မင်းသမီးရဲ့ အလှကတော့ ပြောမဆုံးအောင်ပဲ သူ့နာမည်က လိပ်ပြာလေး တဲ့။

ရုပ်ရှင်ပြီးတော့ တော်တော်မိုးချုပ်နေပြီ။ ရုံကအတွက် ဓာတ်လှေကားက ပိစိလေးဆိုတော့ Indiana Jones ဇာတ်ကားကြော်ငြာကြီးရဲ့ ဘေးကလှေကားကနေ လမ်းလျှောက်ပဲ ဆင်းလာခဲ့ရတယ်။ ဒီနေ့တစ်နေ့လုံး အတွေးတွေချာချာလည်လို့ လူလည်းပင်ပန်းပြီး အိပ်တော့မယ်ဗျာ။

ဗီလိန်
ရေးချင်ရာရေးပြီး လင့်ခ်များချိတ်လိုက်သည်။ လင့်ခ်မှားလျှင် သတိပေးပေးပါနော်။ ကျန်ခဲ့တဲ့မိတ်ဆွေများရှိရင်လည်း စောတီးပါဗျာ။ ပို့စ် (၁၀၀) ပြည့် အထိန်းအမှတ်လေးပါ။

ကျောင်းပုံပြင် (၅) ဗီလိန် နှင့် မော်ကွန်းထိန်းများ

ဒီတခါတော့ ဦးမော်ကြီး နဲ့ ဒေါ်မော်ကြီး အကြောင်း ပေါ့ဗျာ။ ဘာကြောင့် နှစ်ယောက်ဖြစ်နေလဲဆိုတော့ စည်းကမ်းထိန်းသိမ်းရေးက တစ်ယောက်၊ စာမေးပွဲဌာနက တစ်ယောက်မလို့ပါ။ သူတို့နှစ်ယောက်ကို ကျောင်းသားတချို့က ကြောက်ကြပါတယ်။ တချို့ကလည်း မကြည်ကြပါဘူး။ ကျနော်ကတော့ ချစ်တယ်ဗျာ။ သူတို့ အကြောင်းတစွန်းတစတော့ ပြောထားဖူးပါတယ်။ ကြိုတော့ ပြောချင်ပါတယ်။ အာစရိယများကို စော်ကားလိုခြင်းတော့မပါသလို ကျောင်းကို သိက္ခာချချင်တဲ့စိတ်လည်း မပါပါဘူး။ ကျောင်းသားဘဝ၏ ပျော်စရာလေးတစ်ခု အနေဖြင့်သာ တင်ပြခြင်း ဖြစ်ပါသည်။ စော်ကားသလိုဖြစ်သွားရင်လည်း ဒီကနေပဲ ကန်တော့ပြီး တောင်းပန်ပါတယ် ဆရာနဲ့ ဆရာမခင်ဗျား။

ဆရာကြီး အကြောင်းအရင်ပြောရရင် သဘောကောင်းတယ်။ အပေါ်ယံ စည်းကမ်းကြီးလွန်းတယ်လို့ ထင်ရပေမယ့် ကျောင်းသားတွေကို စည်းကမ်းရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်စေတယ်။ လူငယ်တွေသဘာဝ လွတ်လွတ်လပ်လပ် ကျောင်းနေပျော်စေတယ်။ ကျောင်းနဲ့ပတ်သတ်လို့ တစ်ခုခုလုပ်မယ်ဆိုရင် ပါကြီးကို အဆင်ပြေအောင်ပြောပေးတယ်။ ဆရာကြီးရဲ့ ကျေးဇူးတွေက ပြောမကုန်ပါဘူးဗျာ။

ဒီလိုနဲ့ မိုးအုံ့အုံ့နဲ သောကြာနေ့လေး တစ်နေ့မှာပေါ့။ စနေနေ့မှက ဆေး-၁ နဲ့ ချိန်းပွဲရှိလေတော့ သောကြာနေ့ကို ပွဲနားတယ်လေ။ (ကြည့်...။ ပြောပုံက ပရီးမီးယားလိခ်မှာ ကန်နေတာကျနေတာပဲ။ ဟဲဟဲ) အဲဒါနဲ့ပဲ သောကြာနေ့ ညနေ ကျောင်းဆင်းတော့ အပေါင်းအသင်းတွေနဲ့ လှည်းတန်းက နယူးဝင်း စားတော်ဆက် (ဘီယာဆိုင်ပဲ ပြောရအောင်ဗျာ။) ကို ညှိစရာမလိုပဲ ဦးတည်လာနေပါတယ်။ ညနေမိုးလေးက အုံ့အုံ့ဆိုတော့ကား အရက်သမား၊ ဘီယာသမားတို့ရဲ့ စကားအရ ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုလားပဲ။

ဆိုင်က လမ်းထောင့်မှာလည်းဖြစ်၊ ၂ခန်းတွဲလည်းဖြစ်တော့ ရှေ့မှာက တံခါးနှစ်ပေါက်ရှိတဲ့အပြင် ဘေးလမ်းဘက်မှာလည်း တံခါးပေါက်ရှိလေရဲ့။ ဘေးတံခါးနဲ့ ဆန့်ကျင်ဘက် ရှေ့တံခါးပေါက်ရဲ့အဝမှာ ကောင်တာပေါ့ဗျာ။ ကျနော်တို့လည်း ရှေ့တံခါးဘေးက စားပွဲတစ်လုံးမှာ နေရာယူလိုက်ပြီး မှာစရာလေးတွေမှာနေတုန်း မောင်မင်းကြီးသား ဗီလိန်က ဘာသွားတွေ့တယ်မှတ်လဲ။ ဆိုင်ရဲ့ အတွင်းဘက်ထောင့်ဆုံးခုံမှာ ဦးရီးတော် ကိုကိုမော်က သူ့သူငယ်ချင်းတစ်ယောက်နဲ့ ကြိတ်ပုန်းလေး ခုတ်နေသဗျ။ မရှေးမနှောင်းဆိုသလိုပဲ သူက ကျနော်တို့အဖွဲ့ကို မြင်သွားပြီး ထွက်ပြေးဖို့ကြိုးစားပါတယ်။ သူကလည်း သိက္ခာကျမှာ ကြောက်တယ်နဲ့တူပါတယ်။ သူက စည်းကမ်းထိန်းသိမ်းရေးကိုး။

ဒါနဲ့ပဲသူက စားပွဲထိုးကိုခေါ်ပါတယ်။ စားပွဲထိုးတွေကလည်း အပြင်ဝိုင်းတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ပဲ သူ့ခေါ်တာမကြား။ သူကလည်း စိတ်မရှည်တော့တာနဲ့ ကောင်တာကို ကိုယ်တိုင်သွား ရှင်းဖို့ထအလာ အလိုက်မသိတဲ့ ဗီလိန်က ခပ်တည်တည်နဲ့ သူ့ကို မတွေ့ချင်ယောင်ဆောင်ပြီး ကောင်တာမှာ ဆေးလိပ်ထယူပါတယ်။ ကောင်တာဆီလာနေတဲ့ သူ့ခြေလှမ်းတွေ တုန့်ကနဲ့ ရပ်သွားပြီး ဘာလုပ်ရမှန်းမသိတာနဲ့ပဲ ဆိုင်အနောက်ထဲကို ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ စားပွဲထိုးလေးတစ်ယောက် ရောက်လာပြီး ငွေရှင်းပြီး ဘေးပေါက်ကထွက်ဖို့ ကြိုးစားပါတယ်။ ရိပ်မိပြီးသား ကျနော်ကလည်း သူငယ်ချင်း ၂ယောက်ကို လက်ကုတ်ပြီး ဘေးပေါက်တံခါးအကွယ်မှာ စောင့်နေလိုက်တာပေါ့။ ပုဏ္ဏားကွယ်ကစောင့်နေတဲ့ ကျနော်တို့ကိုမမြင်ပဲ လစ်ပြီဟေ့ဆိုပြီး ထွက်လာရော တံခါးအကွယ်မှာ စကားပြောချင်ယောင်ဆောင်ပြီး စောင့်နေတဲ့ ဗီလိန်တို့နဲ့ တည့်တည့်ကိုတိုးတော့တာပေါ့ဗျာ။
“ဟာ ဆရာကြီးပါလား။ အထဲမှာ ထိုင်နေတာလား။ တစ်ယောက်တည်းလား။ ခုနက မတွေ့မိဘူး။” ဆိုတော့
မျက်နှာကြီးက နီရဲသွားပြီး “အေးကွာ၊ သူငယ်ချင်းတစ်ယောက်နဲ့။ ပြီးပါပြီကွာ။ ပြန်တော့မလို့ပါ။” လို့ ရှက်ရှက်နဲ့ ပြောပြီး ပြေးပါလေရောဗျာ။

အဲဒီနေ့ကစပြီး ဆရာကြီးက ကျောင်းမှာဆို ကျနော်တို့ကို ဝေးဝေးကရှောင်ပါလေရောဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ကြုံဖြစ်ရင် ကျနော်တို့ကလည်း အလိုက်မသိ။ “ဆရာ။ သွားမယ်လေဆိုပြီး မေးလေးငေါ့ပြလိုက်ရင်” “အေးပါကွာ မင်းတို့ပဲသွားကြပါကွာ။” ဆိုပြီး ပြန်ပြောတော့တာပဲ။ ပြန်ဖွမှာကြောက်သေးတာကိုး။ ဟီးဟီး။ မဖွပါဘူး။ ဘလော့ပေါ်ပဲ တင်ရေးလိုက်တာ။ :) အမှန်ကတော့ အဲ့ဒီနေ့က သူသောက်နေတာမဟုတ်ပါဘူး။ သူ့သူငယ်ချင်း ဘီယာသောက်တာကို အဖော်ပြုစကားပြောရင်း အအေးလေးဘာလေး သောက်နေတာပါ။ ကျနော်တို့ကိုမြင်သွားတော့ ဘီယာမသောက်တတ်တဲ့ သူ့အဖို့ကျောင်းသားတွေရှေ့မှာ ပြောစရာဖြစ်မှာစိုးလို့ ထွက်ပြေးတာပါ။ ဆရာကြီးက ဗီလိန်နဲ့တွေ့တာကံဆိုးတာပဲနော်။ ဟီးဟီး။

စာမေးပွဲဌာနက ဆရာမကြီး အကြောင်းကတော့ တစွန်းတစပြောပြီးသားပါ။ ကျောင်းပုံပြင်(၁) မှာ တစ်ခါရေးပြီးပြီ။ နောက်တစ်ခုပြောရရင်။ ပထမဆုံး စပလီထိတုန်းကပါ။ စပလီထိရင် ဖြေဖို့ ဖောင်ပြန်တင်ရပါတယ်။ ဗီလိန်တို့က ခပ်တုံးတုံး ဆိုတော့ ဖောင်တင်ရမှန်းမသိ။ မနက်ဖြန်ဖြေရမှာကို ဒီနေ့မှ ရောက်သွားတာ။ ထိတာက မေဂျာ။ မိုင်နာတွေက ဖြေတောင်ဖြေနေပြီလေ။ ဒါတောင် သူငယ်ချင်းတစ်ယောက် ပြောလို့ ဖောင်တင်ရမယ်မှန်း သိတာ။ စာမေးပွဲဌာနကို မနက်စောစောရောက်သွားတော့ ဆရာမကြီးက မရောက်သေးဘူး။ စာရေးမတွေက ဖောင်ပိတ်သွားပြီ။ မရတော့ဘူးလို့ပဲ ပြောနေတော့တာပဲ။ ဒါဆိုဘယ်လိုလုပ်ရမလဲ။ ဘယ်လိုမှလုပ်လို့မရဘူး။ နောက်နှစ်ဝက် စောင့်ပြီးမှဖြေတဲ့။ အဲဒါမှ ဒွတ်ခပဲ။ လုပ်ပါဗျာ။ ဘာညာနဲ့ပြောတော့လဲ။ သူတို့က သူတို့နဲ့တင်မပြီးကြောင်း သက်ဆိုင်ရာ ဌာနကို စာမေးပွဲရှုံးတဲ့လူ အရေအတွက်အလိုက် မေးခွန်းထုတ်ခိုင်းရကြောင်း ပြောပြီးငြင်းနေတုန်း ကျေးဇူးရှင် ဆရာမကြီးရောက်လာပြီး မိုးမွှန်အောင်ဆူပါလေရော။ စိတ်ကလည်းကြီးပါ့ ဆရာမကြီးရယ်။ ကျနော်လည်း မသိလို့ဟာကို။

ဒါနဲ့ပဲ။ ကဲကဲ ဖောင်တစ်စုံဖြည့်ပြီး ငါနဲ့လိုက်ခဲ့ဆိုပြီး ကျနော်တို့ဌာနမှူးဆီကို ခေါ်သွားပါတယ်။ ဖြစ်ချင်တော့ အဲဒီဘာသာကျတဲ့သူက ကျနော်တစ်ယောက်တည်း။ အဖော်ရှိရင်တောင် မေးခွန်းကိုကော်ပီ ဆွဲရုံပဲ။ အခုဟာက ကျနော်တစ်ယောက်တည်းအတွက် သက်သက်မေးခွန်းတစ်စုံ ထပ်ထုတ်ရမှာဆိုတော့ ဌာနမှူးက မဖြစ်နိုင်ဘူး မရဘူး။ နောက်နှစ်မှဖြေတော့ကြီး ပြောတော့တာပဲ။ အဲဒီမှာ အခြေအတင်စကားတွေ ပြောကြပြီး မေးခွန်းတစ်စုံထုတ်ပေးဖို့ သဘောတူညီချက်ရသွားပါတယ်။ ဌာနကပြန်တော့ ထပ်ပြောပါတယ်။ နင်တို့က စာမေးပွဲကိုအောင်အောင်လည်း မဖြေဘူး။ စပလီကျတော့လည်း ဖောင်လာမတင်ဘူး။ ငါတို့က ဒီထက်ပိုပြီးဘာလုပ်ပေးရဦးမှာလဲ။ ဆိုပြီး ပွစိပွစိနဲ့ပေါ့။ ဝူး......... တော်သေးတာပေါ့။ ဖြေစရာမေးခွန်းလေးရှိလို့။ နောက်နေ့ကျတော့ စာမေးပွဲခန်းထဲ တစ်ယောက်တည်း ဖြေရတော့တာပဲ။ အခန်းစောင့် ဆရာမက ကျနော်တစ်ယောက်တည်း ကိုစောင့်ကြည့်ရတာ။ ဘာမှလည်း လုပ်လို့ရဘူး။ ဟီးဟီး။

ဗီလိန်

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

နှာဘူးတစ်ယောက်ရဲ့ နှလုံးသား

ငါဟာနှာဘူးကြီးပါ
အတိုမလွတ် အရှည်မချန်
အသေကြံလို့ လိုက်ကြည့်ရတာ အမော။

ငါဟာ နှာဘူးကြီးပါ
အပျိုကြီးမကျန် အပျိုငယ်မရွေး
ဟိုတယ်ဘေးက ငေးနေရတာ အမုန်း။

ငါဟာနှာဘူးကြီးပါ
ရုပ်ဆိုးဝဲထူ လှတပတ
ရသမျှတ တသမျှမရတာ အခက်။

ငါဟာနှာဘူးကြီးပါ
မွန်၊မြန်မာ ရခိုင်၊ရှမ်း
ဝါးလုံးရှည်နဲ့ ရမ်းတာလည်း မထိ။

ငါဟာနှာဘူးကြီးပါ
ဆွေနီးမျိုးစပ် မိတ်ပေါင်းသင်းကြား
တားမရအောင် ဘူးတာလဲ မစွံ။

ငါဟာနှာဘူးကြီးပါ
မွေးကာစ စရံချ
ဘိုးဘွားဂေဟာ ပြေးတာလဲ မဟန်။

ငါဟာနှာဘူးကြီးပါ
စကားလိုက်ပြော စာခိုးပေး
ဝေးနေသေးတာ ကံကြမ္မာလား။

ငါဟာနှာဘူးကြီးပါ
ရယ်အားသန် ငိုမတတ်
ပိုးသမျှဝေး ကြံသမျှပါ ကြံပါပဲပြောရမလား။

အချစ်၊ အလွမ်း၊ အဆွေး
ဒါလေးတွေကို
နည်းနည်းလေးတော့ စမ်းသပ်ခွင့်ပေးပါ
ရုပ်ကဆိုး ရေမလျှံ
နဘေမဖန်တတ်လို့မှ သိခွင့်မရဘူးဆိုရင်တောင်
သေကံမရောက် သက်မပျောက်ခင်
လူတစ်ယောက်ရယ်လို့တော့
ချစ်ကြည့်ဖူး ပါရစေဦး။

ဗီလိန်

အံစာတုံးလေးတွေ စီကြည့်ရအောင်ဗျာ

မနေ့ညက ပျင်းပျင်းနဲ့ အံစာတုံးလေးတွေ စီပြီးဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်ဗျာ။ ဆွိဒီဇင်ဘာ အထိန်းအမှတ်ပေါ့။ စီတတ်ကြလားဗျ။ ဒါမျိုးလေး။ မစီတတ်ရင် သင်ပေးမယ်နော်။

ဟီးဟီး သတ်သတ်နောက်တာ ဓာတ်ပုံလေးက http://1.bp.blogspot.com/ ကူးပြီးပြတာ။ :)

ကိစ္စမရှိဘူး

An award winning music video about an American who expresses his heart felt appreciation for the culture of Myanmar (Burma). All the video footage was taken in Myanmar and woven into the lyrics of this original song for the People of Myanmar (Burma). တဲ့ ကျုပ်တို့အမိမြေကို သူကတော့ ဒီလိုပြောတယ်ဗျ။



Kay Sah Ma She Bu (It Doesn't Matter) - Funny bloopers R us