ပုလင်းတစ်လုံး၏ ရင်ဖွင့်သံ

လူတွေကကျနော့ဆို အမြဲအမြင်ကပ်ကြတယ်။ အထူးသဖြင့် ကျနော့ကိုမပေါင်းသင်းတဲ့သူတွေပေါ့။ ပေါင်းတဲ့သူတွေကျတော့လည်း မိုးလင်း၊ မိုးချုပ်ကျနော့နားကမခွာ။ မပေါင်းတဲ့သူတွေကလဲ ကျတော့ကိုမကောင်းဘူးတဲ့။ ပေါင်းတဲ့သူတွေကျတော့လည်း မင်းမကြိုက်ရင်မင်းမပေါင်းနဲ့ ငါကြိုက်လို့ငါပေါင်းတာ ဆိုပဲ။ ကျနော်ကလည်းဘယ်သူမှ ကျနော့ကိုလာပေါင်းပါလို့ ပြောနေတာလည်းမဟုတ်။ ကျနော်ကလည်း ကျနော်ပါပဲဗျာ။ ထစ်ကနဲဆို လုပ်ကွာ….လုပ် ဆိုပြီးမြှောက်မြှောက်ပေးနေတာကိုး။ ဒါပေမယ့်ဗျာ စဉ်းစားကြည့်ကြပါ။ ကျနော်က လုပ်ဆိုတိုင်းလုပ်စရာလား။ သူတို့ဟာသူတို့ စဉ်းစားတတ်တဲ့ဉာဏ်တော့ ရှိဖို့ကောင်းတာပေါ့။ အဲဒါကိုလုပ်တဲ့သူရဲ့အပြစ်မဟုတ်၊ ကျနော့အပြစ်ဆိုပြီး လွှဲလွှဲချကြတယ်ဗျာ။ ဘေးလူကပြောရင်တော်သေးတယ်။ ကျနော့ကိုပေါင်းတဲ့သူတွေ ကိုယ်တိုင်ကိုကကျနော့ကို လွှဲလွှဲချနေကြတာ။ အခုပဲကြည့်။ ကွမ်းယာဆိုင်ကကောင်နဲ့ ဆိုက်ကားသမားနဲ့ ရန်ဖြစ်တာ ကျနော့ကိုပဲလွဲချကြတယ်ဗျာ။ သြော်...လူတွေ…လူတွေ…။

ဒါပေမယ့် ကျနော်ကတော့ကျနော်ပါပဲ။ ဘယ်သူကိုမှဂရုမစိုက်သလို ဘယ်သူ့ကိုမှလဲ ဘာမှမပြောပါဘူး။ တစ်ခုတော့ပြောရဦးမယ်။ ကျနော်ကို အဲလိုမျိုး ဆိုက်ကားသမားတွေ၊ ကွမ်းယာဆိုင်ကလူတွေနဲ့ပဲ ပေါင်းတယ်လို့တော့မထင်လိုက်နဲ့ဦး။ လူတွေကတစ်ခုခုလိုချင်လို့ သူတို့အဘ(အခေါ်အဝေါ်တမျိုး)တွေနဲ့ သွားသွားတွေ့ရင် ကျနော့ကိုခေါ်ခေါ်သွားလေရဲ့။ လူကုံထံတွေဆိုပိုဆိုး။ ကျနော်က အဲလိုကျတော့ လူရာဝင်သား။

ဒါတင်ဘယ်ကမလဲ ရုပ်ရှင်ထဲမှာဆိုလဲ ခဏခဏပါတယ်နော်။ တစ်ခုမကျေနပ်တာရှိတယ်ဗျ။ မြန်မာကားတွေထဲမှာဆို ကျနော်ကအမြဲတန်း ဗီလိန်ပဲလုပ်ရတယ်ဗျာ။ မင်းသမီးကို ဒုက္ခပေးတော့မယ်ဆိုကျနော်ကရှေ့ဆုံးက။ ကျနော့မှာ နှုတ်ခမ်းမွှေးလည်းမရှိပါဘူးဗျာ။ (များသောအားဖြင့်တော့ မြန်မာကားတွေထဲမှာ နှုတ်ခမ်းမွှေးပါရင်ဗီလိန်ဗျ။ မပါလည်းဖြစ်နေတဲ့သူတွေတော့ ရှိတာပေါ့လေ။ ကျနော့လိုပေါ့။) ပန်းအိုးလေးများလဲကျသွားရင်၊ ပန်းလေးများကြွေကျသွားရင်၊ ကျားကြီးက “ဝေါင်း” ဆိုခုန်အုပ်လိုက်ရင် လှည့်မကြည့်နဲ့ တရားခံကကျနော်ပဲ။

နောက်တစ်ခုရှိသေးတယ်။ ရုပ်ရှင်ထဲမှာပါတယ်သာပြောတယ်။ နာမည်ပဲပါတာ။ ကျနော်ရယ်လို့ သတ်သတ်မှတ်မှတ် တခါမှမပါရဘူး။ ပါခဲ့ရင်လဲ အက်ဒီတာက ကျနော့ကို ၀ါးတားတားကြီးဖြစ်အောင် လုပ်လုပ်ပစ်တယ်ဗျ။ ဘယ်လိုအညှိုးလဲမသိပါဘူးဗျာ။ ကျနော့ဆိုအဲလိုပဲ။ ခင်ဗျားဆိုရင်ကော အဲလိုဖြစ်ချင်ပါမလား။ စဉ်းစားကြည့်လေ။ တစ်ခါတစ်လေလေးတော့ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ ရှေ့ကပါချင်တာပေါ့။ ဂုဏ်သရေရှိရှိလေး။ အပြင်မှာဆိုရင်တော့ပါရပါတယ်။ ဒီလိုပွဲမျိုးဆိုကျနော်က ရှေ့ဆုံးက။ သြော်...လူတွေ…လူတွေ…။ ဘာလို့များအမှန်တရားကို ဖုံးကွယ်ပြီးရုပ်ရှင်တွေရိုက်နေကြပါလိမ့်။

ဘာပဲဖြစ်ဖြစ်ပါလေ။ လူတွေကတော့ကျနော့ကို မကောင်းဘူးမကောင်းဘူးဆိုပြီး ပေါင်းနေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ခင်ဗျားကိုတော့ကျနော်နဲ့ မပေါင်းစေချင်ဘူးဗျာ။ မပေါင်းတာတော့အကောင်းဆုံးပဲ။ မပေါင်းမဖြစ်ပေါင်းမယ်ဆိုရင်လဲ အဖြစ်သဘောပဲပေါင်းပါဗျာ (စိတ်ပေါင်း ကိုယ်ခွာလေးပေါ့)။ တစ်ခုတော့ကြိုပြီးတောင်းပန်မယ်ဗျာ။ ပေါင်းပြီးလို့ ပြဿနာတစ်ခုဖြစ်ရင်တော့ ကျနော့ကိုလွှဲမချနဲ့ဗျာ။ လုပ်ရဲရင်ခံရဲရမှာပေါ့။ မဟုတ်ဘူးလား။

ဒါပေမယ့်…….ဒါပေမယ့်ပေါ့လေ။
ကျနော်ဘယ်လိုပဲ ဘာတွေပြောပြော လူတွေကတော့ သူတို့လုပ်ချင်သလိုလုပ်ပြီး လွှဲချနေကြတာပါပဲ။
ဒါကြောင့်ပြောတာ…..ကျနော့ကိုမပေါင်းပါနဲ့လို့..................။

ပြီးဆုံးသွားသော ဒိုင်ယာရီ

မနက်ကအထိတော့ ကျနော်ပျော်ရွှင်နေတုန်းပါပဲ..........။ အခုကော? အခုကလား။ အင်း.....မပျော်ဘူး၊ ဘယ်လိုလုပ်ပျော်ပါ့မလဲ။ တစ်ကိုယ်လုံးကားနဲ့အကြိတ်ခံရတာကိုး။ မနက်က လှည်းတန်း ၅လမ်း ဆိုင်ရှေ့ကမုန့်ဟင်းခါးဆိုင်မှာ Breakfast စားတယ်။ ဒီနေ့နန်းလေးနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာ ၃နှစ်ပြည့်ပြီ။ ဒီလိုနဲ့ပဲ နန်းလေးနဲ့ချိန်းထားတဲ့ ကန်ဘောင်က ကန်တင်းကိုအလာ ပြည်လမ်းမှာ လမ်းအကူး အရှိန်နဲ့လာနေတဲ့ မာစတာဂျစ်ကို လွတ်မယ်ထင်လို့ပြေးအကူး။ သူ့ကိုကျော်လာတဲ့ ၅၁ က ကျနော်ကို တည့်တည့်တိုက်တော့တာပဲ။ ဘတ်စ်ကားက လူကလည်းပြည့် အရှိန်ကလည်းပါတော့ ကျနော်တော်တော်ခပ်ဝေးဝေးကို လွင့်ကျသွားတယ်။ လွင့်အကျမှာပဲ ဆန့်ကျင်ဘက်လမ်းကြောင်းကလာနေတဲ့ ၉၇(အစိမ်း)က ကျနော်ကို တည့်တည့်တတ်ကြိတ်တော့တာပဲ။ ကျနော်ဘာမှမသိတော့ဘူး.......။

တော်တော်လေးကြာသွားတယ်။ ဘာတွေဘယ်လိုဖြစ်လိုက်မှန်းကိုမသိတော့ပါဘူး။ သတိရလာတော့ မြင်လိုက်ရတာက ပြည်လမ်းမက ကားလမ်းပေါ်မှာ ခေါင်းကြေနေတဲ့အလောင်းတစ်ခု။ ခေါင်းကတော့အ၀တ်နဲ့အုပ်ထားပါတယ်။ ဒါပေမယ့် အုပ်ထားလဲသိနေရတာပဲလေ။ သူဝတ်ထားတဲ့အင်္ကျီက ပြီးခဲ့တဲ့ကျနော့မွေးနေ့တုန်းက နန်းလေးဝယ်ပေးထားတဲ့ တီရှပ်အပြာ။ နန်းလေးရေ....မင်းဝယ်ပေးထားတဲ့ အင်္ကျီတော့ သွေးတွေစွန်းလို့။ သိပ်မကြာလိုက်ပါဘူး ဆေးရုံကားက ကျနော့ရုပ်အလောင်းကို လာသယ်သွားပါတယ်။ ကျနော်လည်း ကျနော့လောက်ကိုကျနော် တကောက်ကောက်ပေါ့။ အရင်က နန်းလေးနောက်ကို ကျနော်တကောက်ကောက်။ ကျနော့နောက်ကို နန်းလေး တကောက်ကောက်။ အခုတော့ ကျနော့နောက်ကို ကျနော် တကောက်ကောက် ဖြစ်နေပြီလေ။

သူတို့တွေ ဘာများလုပ်ကြမလဲ။ တော်တော်လေးကြာတော့ အမေရောက်လာတယ်။ ရုပ်ပျက်နေတဲ့ကျနော့ကို သူတို့က ကြည့်ခွင့်မပေးကြဘူးလေ။ အရူးတပိုင်းဖြစ်နေတဲ့ အမေ့ကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ နန်းလေး..... မင်းတောင်ရောက်လာပြီနော်။ မျက်ရည်တွေရွှဲလို့။ အရူးတပိုင်းဖြစ်နေတဲ့အမေ၊ ဆောက်တည်ရာမရဖြစ်နေတဲ့ နန်းလေး၊ ကြေကွဲစို့နင့်နေတဲ့ အချစ်ဆုံးသော တစ်ဦးတည်းသောအစ်မ အားလုံးကိုဆက်ကြည့်ဖို့အင်အားမရှိတော့။ အမေ့လက်ထဲမှာ ကျနော့ ဒိုင်ယာရီ။ ဆောက်တည်ရာမရဖြစ်နေတဲ့ နန်းလေး အော်ဟစ်ပြီးလို့ ဝတော့ ကြောင်တောင်တောင်နဲ့ ကျနော့ကိုကြည့်နေလေရဲ့။ နန်းလေးရယ်....မင်းစိတ်ထဲမှာ ကိုယ်အိပ်နေတာ...တစ်ချိန်မှာ ပြန်နိုးလာမယ်လို့များ ထင်နေရော့သလားဟင်။ ကျနော့ဒိုင်ယာရီထဲမှာ..နန်းလေးနဲ့ လက်ထပ်မယ့်နေ့ အတွက် ပြောဖို့ စကား.. ကျနော့ပါးစပ်ကထွက်ကျလာမယ့် နန်းလေးမကြားခဲ့ရတဲ့စကားလေး..
"ငါလေ..နင် ပန်းရောင် ဂါဝန်လေးဝတ်ပြီး ကနေတာ စမြင်ကတည်းက.. ငါ့ရင်ထဲမှာ ပန်းရောင် နှင်းဆီပန်းခင်းတစ်ခု ပျိုးထောင်ခဲ့တာပါ...ဘာလို့ လဲဆိုတော့.. ငါလေ.. ငါလေ..အဲဒီအချိန်ထဲက နင့်ကို ချစ်နေခဲ့တာပါဟာ... "

မှတ်ချက်။ ။ http://nannsuthet.blogspot.com/2008/08/blog-post.html
နှင့် တွဲဖက်ရေးသားထားပါသည်။ ခွင့်ပြုပေးတဲ့ နန်းစုသက်ကိုကျေးဇူးပါနော်။

ယခု ထို Blog သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။ နောက်ဆက်တွဲ ကို ဖတ်ရှုနိုင်ပါပြီ။

ဗီလိန်

စီးလေဦးဟဲ့ 854


ဒီနေ့ကျနော်အိပ်ယာထနောက်ကျပါတယ်။ ကမန်းကတန်းထရေမိုးချိုးပြီးအလုပ်ကိုထွက်လာခဲ့ပါတယ်။ နောက်ကျနေလို့လောလောလောလောနဲ့ နာရီတောင်ဝတ်မလာမိဘူး။ ကားဂိတ်ရောက်တော့ရုံးချိန်မို့တန်းစီသူတွေများနေသည်။ ၂စီးတွဲလာစေဦးတော့ နေရာရဖို့ကမကြိမ်းသေ။ ရှေ့မှာကလူ ၅၀လောက်တန်းစီနေတယ်လေ။ သတ်မှတ်ချိန်ကျော်လွန်နေသည်အထိ ကားကရောက်မလာသေး။ လူကများသထက်များလာပြီ။ ကျနော့ရှေ့က မလေးသူနှစ်ယောက်ပွစိပွစိနဲ့ ကားကိုဆဲနေလေရဲ့။ မလေးစကားနားမလည်ပေမယ့် သူတို့ဘာပြောလဲမှန်းလို့ရနေတာကိုး။

ကားလာတော့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားတယ် ၂စီးတွဲမလို့တော်သေးတာပေါ့။ မတ်တပ်ရပ်ရဦး ချောင်ချောင်လည်လည်တော့ရှိတာပေါ့။ လူတစ်ယောက်စာသာရှိတဲ့ တန်းစီဖို့လုပ်ထားတဲ့ စတိန်းလက်စ်စတီးလ် ပိုက်လုံးတွေကိုဖြတ်လာပြီး ကားပေါ်တက်၊ လက်မှတ်ဖြတ်၊ နေရာလွတ်ရှာ ကံကောင်းချင်တော့ ပထမတွဲနောက်ဆုံးတန်း အရှေ့ကခုံမှာနေရာရလိုက်ပါတယ်။ နေရာရပေလို့ပေါ့။ ၁နာရီလောက်တောင်စီးရမှာ။

နေရာကျအောင်ထိုင်၊ ဖုန်းကိုထုတ်၊ နားကြပ်တပ်၊ သီချင်းနားထောင်ဖို့လုပ်တုန်း ဒရိုင်ဘာက တံခါးပိတ်ပြီးကားစထွက်ပါတယ်။ လေးငါးမှတ်တိုင်ရောက်တော့ ကားကတော်တော်လေး ကြပ်သွားပြီ။ အစတည်းကသိပ်မကောင်းတဲ့ Air-Con ကလူများတော့မနိုင်။ အပြင်လေကလည်းမ၀င်တော့ အထဲမှာလှောင်အိုက်အိုက်နဲ့ပေါ့။ ဒီအကြာင်းသိလို့ယူလာတဲ့ ရှူဆေးဘူးလေးကိုတောင်လက်နဲ့စမ်းမိသေးတယ်။ ဒီကြားထဲ ကျနော့ရှေ့ခုံကတရုတ်မနှစ်ယောက်ကလည်းပွစိပွစိနဲ့ အတင်းတုတ်နေလေရဲ့။ ကားကကြပ်ကြပ်၊ Air-Con ကမနိုင်တဲ့ကြားထဲ နားကပါပူတော့ပိုဆိုးတာပေါ့။

ဒရိုက်ဘာရဲ့လှုံ့ဆော်မှုနဲ့ မတ်တပ်ခရီးသည်တွေ နောက်ကိုနည်းနည်းစီတိုးလာပါတယ်။ ကြပ်ပါတယ်ဆိုတဲ့ကားကဆိုးသထဲ့ဆိုးလာပြီ။ ဆင်းတဲ့သူကတစ်ယောက်စနှစ်ယောက်စ၊ တက်လာရင် ၄-၅ ယောက်စီ။ နောက်ကိုလျှောက်လာတဲ့သူတွေထဲမှာမှ ကိုယ်စော်တော်တော်နံနေတဲ့ အသားမည်းမည်းလူတစ်ယောက် ကျနော့နားကိုရောက်လာပါတယ်။ အသက်ကိုမရှူတချက်၊ ရှူတစ်ချက်နဲ့လုပ်နေရတာ မောင်မင်းကြီးသားက နောက် ၃မှတ်တိုင်လောက်ရောက်တော့ဆင်းသွားလေရဲ့။ အခုမှပဲအသက်၀၀ ရှူရတော့တယ်။ မျက်စိရှေ့က အဖြူတစ်ယောက်ကလည်း ချွေးတသုတ်သုတ်၊ သတ်ပြင်းတချချနဲ့။ ဒီလိုလူကြပ်ကြပ်မှာ လက်ထဲကPSP ကိုရအောင်ဆော့နေတဲ့ ITE ကျောင်းသားလေးကိုတောင် စိတ်ထဲကကြိတ်ပြီးချီးကျူးမိသေးတယ်။

တော်တော်လေးကြာတော့ အသက် ၃၀ ၀န်းကျင် ဆံပင်တိုတို၊ အရပ်ပုပု ယောကျာင်္လျှာပုံစံ မိန်းမတစ်ယောက်တတ်လာတယ်။ လက်ထဲမှာလဲ တစ်ပေသာသာလည်သာပတ်ထားတဲ့ စက်ကလေးတစ်ခုနဲ့ ကားပေါ်ကလူတွေဆီက ez.link ကတ်ပြားလေးတောင်းတောင်းပြီး သူ့စက်လေးနဲ့တို့တို့ကြည့်တယ်။ သြော်....ဒါ အစ်ကိုပြောပြောနေတဲ့ လက်မှတ်စစ်ဆိုတာပဲ။ သူကကတ်တွေစစ်ရင်း ခရီးသည်တွေကိုလည်း နောက်ထပ်ဆုတ်ပေးဖို့ပြောရင်းနဲ့ပဲ သူကိုယ်တိုင်ကကားနောက်ပိုင်းကို တဖြည်းဖြည်းရောက်လာပါတယ်။ သူကြည့်ရတာရန်ကုန်က စပယ်ယာတွေဆီမှာ ၃နှစ် ၃မိုး ပညာသင်လာခဲ့ပုံပဲလို့တောင် တွေးပြီးပြုံးမိသေးတယ်။ ဒီမှာလည်း ဒီလိုမျိုးရှိသေးပါလားဆိုတာမယုံမရှိနဲ့ (ကိုယ်တွေ့၊ကိုယ်တွေ့)။ ကျနော့နားရောက်တော့ ခရီးသည်တွေကိုနောက်ထပ်ဆုတ်ပေးဖို့ထပ်ပြောပါတယ်။
ဲ့အဲဒီအချိန်မှာ ခုနကချွေးတသုတ်သုတ်နဲ့ လူဖြူက...
"ဘယ်ကိုထပ်တိုးရဦးမှာလဲ၊ဒီလောက်ကြပ်နေတာ။"
လက်မှတ်စစ်...
"နည်းနည်းလောက်ပါပဲ၊ရပါသေးတယ်။" (တစောင်းလေးတိုးသွားပေါ့။ဒါကတော့ရွာကစပယ်ယာတွေစကားပေါ့လေ)
လူဖြူ...
"မင်းတို့စင်္ကာပူရဲ့ဘတ်စ်ကားစနစ် အရမ်းကိုစိတ်ပျက်ဖို့ကောင်တယ်။"
လက်မှတ်စစ်...
"ကြားထဲမှာကားတစ်စီးပျက်သွားလို့ပါ။"
လူဖြူ...
"ပျက်...ပျက်။ နေ့တိုင်းပဲပျက်နေ။" ဆိုပြီသက်ပြင်းတချချနဲ့ပေါ့။ အားလုံးကလည်းကွက်ကျိကွက်ကျိနဲ့။

ကျနော့အလှည့်ရောက်တော့ကတ်ပြားထုတ် စစ်ဆေးပြီးဘေးကတရုတ်မကိုစစ်တော့စက်က လက်မှတ်မဖြတ်လာဘူးလို့ပြနေပါတယ်။ သူ့ကိုပြောတော့ သူက ဖြတ်လာတယ်လို့ အကြောက်အကန်ငြင်းပါတယ်။ သူတကယ်ဖြတ်မလာတာလည်းဖြစ်နိုင်သလို စက်ရဲ့errorလည်းဖြစ်နိုင်တယ်လေ။ တခါတခါ စက်တွေကလည်းပျက်နေတတ်တယ်လေ။ ဒီလိုနဲ့ လက်မှတ်စစ်နဲ့ကျနော့ဘေးကတရုတ်မတို့ ဖိုက်တင်တွေပလေးကြပြီ။ အဖြူကောင် complain တတ်တာတောင် ကွက်ကျိကွက်ကျိ ပရိတ်သတ်နဲ့ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ ကျနော့အလုပ်နားက မှတ်တိုင်ရောက်သည့်တိုင်မပြီးသေး။ ကျနော်လည်း "တဆိတ်လောက်"ဆိုပြီး ကားပေါ်ကဆင်းခဲ့ပါတယ်။ ပွဲကိုဆက်ကြည့်ချင်ပေမယ့် အစတည်းက နောက်ကျချင်သလိုလိုဖြစ်နေတဲ့ အလုပ်ကိုငဲ့ပြီး အလုပ်ကိုထွက်ခဲ့ပါတယ်။

သြော်.........စင်္ကာပူက 854 လည်း ရွာက ၃၉ နဲ့ သိပ်မကွာပါလားလို့မှတ်ချက်ချမိပါတော့တယ်။

စာကြွင်း။ ။ တခါတလေဆို ဖုန်းခါးပိုက်နှိုက်ရှိလို့ ဖုန်းကိုလည်းသတိထားရပါသေးတယ်။

မှတ်ချက်။ ။ 854 ရဲ့နေ့စဉ်ဒုက္ခလေးပါ။ ထိုင်ခုံမရတဲ့နေ့ဆိုရင်တော့........။

သခင်

နှောင်ဖွဲ့သည့်ကြိုး
မေတ္တာမိုးလည်း
သည်းတော့မလို
ဆည်းတော့မလို
ပြိုချင်လျှင်လည်း
ပြိုချလိုက်လော့
ငိုချင်သော်လည်း
ငိုမရတော့
ဘ၀၀ဋ်ကြွေး
ဘယ်ရွေ့ဘယ်မျှ
ကျွတ်ရမည်နည်း
ဤစည်းတခြား
ဘယ်တော့များမှ
ကျော်ကြားထိုးဖောက်
ရောက်ရမည်ကို
သိလိုသော်လည်း
သင်ပဲအရှင်
သင်သခင်မို့
ကျွန်ပ်မ၀ံ့
ရွံ့နေပါ၏။
သြော်........
နတ်ဘုံနတ်ဖျား
စံစားသကဲ့
သင့်ရဲ့ဝင်းဝါ
ရွှေမျက်နှာတော်
အစဉ်ပျော်စေ
မျှော်ကာငေး၍
ပေးဆပ်ပါမည်
သခင် ထာဝရပျော်စေသော်...........။

ဗီလိန်

ဖြစ်လိုက်ပုံများ


ကျနော်စီးလာတဲ့လေယာဉ် လေယာဉ်ကွင်းကို ဆင်းလာပြီဆိုရင်ပဲ ရင်ထဲမှာတလှပ်လှပ်နဲ့ပေါ့။ အစ်ကိုကမှာထားတာတွေခေါင်းထဲသေချာစာစီပြီး အင်မီခရေးရှင်းဖြတ်တော့ ဘာမှလဲထွေထွေထူးထူးမမေးဘူး။ ဘယ်လောက်နေမှာလဲ။ ဘယ်သူဆီလာတာလဲ။ ဒါနဲ့တင်ပြီးသွားတယ်။ ဒီကတော့စိတ်ပူလိုက်ရတာ။ အဲဒီကအထွက် တာမင်နယ်တူး ဆိုလားဘဲ အဲဒီဘက်ကိုထွက်လာခဲ့ပါတယ်။ အပြင်မထွက်ခင် ချိဗက်နဲ့ တိုင်းဂါးဘီယာဝယ်ဆိုလို့ ၀င်ဝယ်ရသေးတယ်။ ဆိုင်ကထွက်တော့စင်းဒေါ်လာကို ကိုင်ဖူးသွားပြီ။ အစ်ကိုကလဲ ကိုယ့်ဟာကိုယ်အပြင်မှာဝယ်လဲရနေတာပဲကို လို့စိတ်ထဲတွေးမိသေးတယ်။

ဒီလိုနဲ့ပဲ....စင်ကာပူဆိုတဲ့မြို့ကြီးကိုခြေချမိပါပြီ။ စိတ်ထဲမှာတော့ ၀မ်းသာမှု၊ တတ်ကြွမှု၊ ပျော်ရွှင်မှုတွေအပြည့်နဲ့ပေါ့။ ဒီလိုနဲ့ အစ်ကိုနဲ့အတူနေရမယ့်အိမ်ကိုတက္ကစီငှားပြီးသွားပါတယ်။ ရန်ကုန်မှာတော့ ကက ပေါ့ဗျာ။ ကကနဲ့ကွာတာက သူမှာAir-con ပါတယ်ဗျ။ ပါတာမှအေးနေတာပဲ။ နောက်တစ်ခုကခါးပတ်လည်းပတ်ရသေးတယ်။ အဲဒါမပတ်ရင် ၂၅၀ ဆိုလားပဲ။ လမ်းတလျှောက် အစ်ကိုနဲ့စကားပြောရင်း ဟိုကြည့်ဒီကြည့်နဲ့ အချိန်ဘယ်လောက်ကြာသွားမှန်းတောင်မသိပါဘူး။ အိမ်ရောက်ပြီတဲ့။ တက္ကစီခရှင်းတော့ ကျနော့မျက်လုံးကလေးတွေဝိုင်းသွားတယ်ဗျ။ ၂၇ဒေါ်လာတဲ့။ အာယိုးယိုး......မြန်မာငွေနဲ့တွက်ရင် ၂၃၀၀၀လောက်ကျတယ်။ ၀ူး.....မလွယ်ပါလား။ Air-con လေးနဲ့ငြိမ့်လာတာအဟုတ်မှတ်နေတာ။

ရေမိုးချိုးအ၀တ်အစားလဲပြီးနာရီကြည့်တော့ ၂း၃၀ ရှိနေပြီ။ အစ်ကို ၄နာရီတောင်ထိုးနေပြီအပြင်သွားမယ် ဆိုတော့မှ နာရီမပြောင်းရသေးမှန်းသတိရတယ်။ အစ်ကိုက MRT စီးနည်း၊ Bus စီးနည်းတွေသင်ပေးရင်နဲ့ သူပြောတဲ့ ရွှေပလာဇာဆိုတာကိုရောက်လာတယ်။ သြော်......ရွှေပလာဇာဆိုလို့ဘာရွှေတွေများရောင်းလဲမှတ်တယ် ရွှေမြန်မာတွေစုဝေးရာကိုး.....။
ထမင်းစားသောက်လိုအပ်တာလေးဘာလေးဝယ်ပြီး မိုးချုပ်လို့အိမ်ပြန်ခဲ့ပါပြီ။

အိမ်ရောက်တော့ အစ်ကိုကအသင့်ဝယ်ပေးထားတဲ့ သတင်းစာတွေနဲ့အလုပ်ရှာဖို့ စလုပ်ရပါတယ်။ ဒီနေရာမှာရှိသေးတယ်။ ရက်စွန်းဆိုတာနဲ့ကာဘာလက်တာဆိုတာလေ။ အစ်ကိုကဒီလိုလုပ်၊ ဟိုလိုမလုပ်နဲ့ဆိုတာနဲ့ပဲ သူပြောသလိုပြင်ဆင်ပြီး လုပ်ငန်းစပါတော့တယ်။ သတင်းစာကလည်းများလိုက်တာ။ ရှုပ်နေတာပဲ။ သူပြောတော့တစ်စောင်တည်းတဲ့။(တစ်စောင်ဝယ်ရင် ၅စောင်လောက်ရလာနောက်မှသိရတယ်)။ သတင်းစာထဲကကိုယ်နဲ့သင့်တော်သမျှအလုပ်တွေ သိမ်းကျူံးပြီးလျှောက်၊ အွန်လိုင်းကနေလည်းလျှောက်၊ တစ်ဖက်ကလည်းရန်းကုန်ကသူငယ်ချင်းတွေကို အဆင်ပြေပြေ၊ချောချောမွေ့မွေ့ရောက်ကြောင်း ဘာတွေဘယ်လိုကွာခြားကြောင်းပြောနေလိုက်တာ နာရီလက်တံနှစ်ချောင်းလုံး အပေါ်တည့်တည့်ထောင်တဲ့အထိပါပဲ။ တနေကုန်ခရီးကပန်းလာတာတောင် အိပ်ချင်စိတ်မရှိဘူး။ တတ်ကြွတဲ့စိတ်တွေများနေလို့လားတော့မသိ။

တစ်ညလုံးအိပ်မပျော်ဘဲမိုးလင်းသွားလေပြီ။ ဒီလိုညတွေကမထူးဆန်းတော့ပေမယ့် မတူဘူးလေ။ ဒါကဘ၀ရဲ့ပထမခြေလှမ်းလေ။ အမေ့ကိုနှစ်ပေါင်းနှစ်ဆယ်ကျော် ဒုက္ခပေးခဲ့သမျှ ကျေးဇူးဆပ်မယ်ပေါ့။ ဘယ်လိုကြိုးစားမယ်၊ုဘယ်လိုရုန်းကန်မယ်၊ ဒေါ်လာတွေအများကြီးရှာပြီး အမေ့ကိုပို့မယ်ပေါ့လေ။

ဒီလိုနဲ့ပဲ၁၀ရက်လောက်နေတော့ အင်တာဗျူးစရပါတယ်။ ပထမဆုံးဆိုတော့ သူစကားကိုကောင်းကောင်းမဖမ်းနိုင်ခဲ့ဘူး။
ဘာတွေပြောမှန်းကိုမသိတာ။ ကိုယ်ကပဲညံ့နေလို့်လားမသိ။ ဒီလိုနဲ့ တစ်ခုကနေနှစ်ခု၊ နှစ်ခုကနေသုံးခု ပေါ့လေ။ တဖြည်းဖြည်းတော့ အထာပေါက်သလိုရှိလာပါပြီ။ ဗီဇာသတ်တမ်းကလဲတစ်လပြည့်လို့ အွန်လိုင်းကနေနောက်ထက်တစ်လထက်တိုးလိုက်ရပြီ။
တစ်လကျော်နေပြီဆိုတော့ ပိုပြီးကြိုးစားဖို့လိုလာပြီပေါ့။ အခုထိ အင်တာဗျူးက ငါးခုပဲရသေးတယ်။ ကိုယ်ကိုကိုယ်တော့ယုံကြည်ချက်အပြည့်ရှိနေဆဲပါ။ ဗီဇာပြည့်တော့လဲဘာဖြစ်လဲ ကျောင်းတစ်ခုခုအပ်ပြီးအလုပ်ဆက်ရှာမယ်ပေါ့။

တစ်လနဲ့ ၁၇ ရက်လောက်နေတော့ အစ်ကိုက အေးဂျင့်အပ်သင့်ပြီဆိုလို့အေးဂျင့်အပ်ပါတယ်။ အေးဂျင့်ကိုစရံငွေအဖြစ် ၁၀၀၀ ပေးထားရပါတယ်။ အင်တာဗျူးရလို့အောင်တာနဲ့ စရံငွေကိုပြန်မအမ်းပါလို့ပြောပါတယ်။ ဒီလိုနဲ့ပဲ နောက်တစ်ပတ်လောက်ကြာတော့ အေးဂျင့်ဆီကတဆင့် အင်တာဗျူးရသွားပြီး အဲဒီ့မှာပဲ အောင်သွားပါတယ်။ ဒါပေမယ့်သူက လခကို၁၂၀၀ပဲပေးမယ် လို့ ပြောပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဗီဇာသတ်တမ်းကလဲကုန်တော့မယ်။ ပါလာတဲ့ငွေကလဲကုန်လုနီးနီး။ အမေ့ဆီလည်းထပ်ပြီးမတောင်းချင်တော့ဘူး။ ဖွတ်မရ၊ဓားမဆုံး တော့အဖြစ်မခံနိုင်တော့ဘူး။ ငါးမရရေချိုးပြန်မယ်ဆိုပြီးလက်ခံခဲ့ပါတယ်။
အင်တာဗျူးအောင်တော့ အက်စ်-ပတ်စ်ဖောင်တင်ပြီး အက်-ပတ်စ်အကျကိုစောင့်နေပါတယ်။

သုံးရက်လောက်ကြာတော့ အက်စ်-ပက်စ်ကသင်းကြားရပါတယ်။ ကျနော်မျှော်လင့်တဲ့အဖြေတော့မဟုတ်ဘူး။ ရီဂျတ် တဲ့လေ။ ကျနော်မျက်လုံးတွေတောင်ပြာသွားတယ်။ ဘာတွေများရီဂျတ်ထိစရာရှိပါလိမ့်လို့ စဉ်းစားမရအောင်ဖြစ်နေခဲ့တယ်။ သေချာစုံစမ်းကြည့်တော့မှ ပြဿနာက လခ ၁၂၀၀ ကစတာပဲ။ ကုမ္ပဏီက ကျနော်ကိုပေးမယ့်လခကို ၁၂၀၀ နဲ့ အက်စ်-ပက်စ်တင်လိုက်သတဲ့လေ။ စင်ကာပူရဲ့ဥပဒေအရ လခ ၁၈၀၀ကျော်မှ အက်စ်ပက်စ်ကလျှောက်လို့ရတယ်ဆိုတာသိလိုက်ရပြီ။ အဲဒါမှကွိုင်ပဲ။ ကုမ္ပဏီကို အပီးရ်လက်တာ တင်ဖို့ပြန်အသွားမှဒုက္ခကစရောက်တော့တာပဲ။ ကုမ္ပဏီကပြန်တင်မပေးဘူးတဲ့လေ။ အလုပ်ရှုပ်လို့တဲ့။ ဒါကတော့သူတို့အပြောပေါ့။ နောက်တစ်ယောက်ပဲခန့်လိုက်တော့မယ်ဆိုတဲ့သဘောပေါ့။ ဘာကြောင့်လဲတော့မစဉ်းစားတတ်တော့ပါဘူး။
ဒါမျိုးလုပ်လို့ရသလား။ ရတာပေါ့သူတို့နိုင်ငံကိုး။ ကိုယ်ကတောင်းတောင်းပန်ပန်နဲ့ပြောတာတောင်မှ သူတို့ကလက်မခံခဲ့ဘူး။ ခက်ပြီ။
၃၊၄ရက်အတွင်းတခြားအလုပ်တစ်ခုရဖို့ကလဲ မလွယ်။ အေးဂျင့်ကိုပေးထားတဲ့ စရံကလည်းပြန်မအမ်း။ နောက်ဆုံးကျည်ဆံဖြစ်တဲ့ ကျောင်းအပ်ဖို့ကိစ္စ စတင်ရပါပြီ။ အသင့်စုံစမ်းပြီးဖြစ်တဲ့ ကျောင်းကိုပြေးရပါတယ်။ ကျောင်းရောက်တော့မှ ကျနော့မျှော်လင့်ချက်တွေပျောက်ဆုံးလုမတတ်ဖြစ်ခဲ့ရပြီဆိုတာသိလိုက်ရတယ်။ အက်စ်-ပတ်စ် ရီဂျတ်ကကျောင်းအပ်လည်း ရီဂျတ်ပဲတဲ့လေ။ တင်ပေးလို့တော့ရပါတယ်...တဲ့။ တင်ပေးလည်းရီဂျတ်ကသေချာသလောက်ပဲတဲ့လေ။ အခုတော့ဖွတ်မရဓားမတင်မကဘူး ဘာမှကိုမကျန်တော့တာ။ အရှုံးဆိုတာဘယ်လိုခါးသီးတယ်ဆိုတာကျွန်တော်သိလိုက်ရပြီလေ။
တစစီပျော်ကျပျက်စီးသွားတဲ့မျှော်လင့်ချက်တွေကိုလည်းပြန်မကောက်နိုင်တော့ပါဘူး။

ကဲပါအမေရယ်........ကြိုးကြာငှက်လေးပျံလို့ဝလို့ အိပ်တန်းဝင်တယ်ပဲသဘောထားလိုက်ပါပြီ။ အမေ့ရွာကဆေးလိပ်ခုံလေးကိုပဲ ဦးစီးပြီး ဘ၀ဆိုတာကို နောက်တစ်ခေါက်အရှိန်ယူပါရစေဦး...............။

နှိုင်းယှဉ်ချက် (၁)

အမှားအနည်းဆုံးအရာများ
  • မှန်
  • သတင်းစာ
  • ငွေစက္ကူ
  • သတင်းကြေညာသူ
  • ထီပေါက်စဉ်
  • Monitor
  • ချစ်သူ၏ဦးနှောက်

အမှားအများဆုံးအရာများ

  • မျက်စိ
  • လေ့ကျင့်ခန်းစာအုပ်
  • ငွေစာရင်း
  • ဘောလုံးပွဲကြေညာသူ
  • ထီလက်မှတ်
  • Keyboard
  • ကျွန်၏နှလုံးသား

နိုးထခြင်းမတိုင်မီ

ရင်မခုန်ဖူးတဲ့ နှလုံးသား
မချစ်ဖူးတဲ့ အချစ်
မမျှော်လင့်ဖူးတဲ့မျှော်လင့်ချက်
အားလုံးကိုပေါင်းစပ်
ယုံကြည်ချက်ကိုမွေး
နှင်းဆီလေးနဲ့ အဖော်ပြု
စကားစုတွေရဲ့ရင်ခုန်သံ
စည်းချက်မှန်မှန်ရိုက်
ဖွင့်ပြောလိုက်တော့..............

လက်တစ်ဖက်ကလေထဲရောက်
ငါ့မျက်နှာကတစ်ဖက်ရောက်
မင်းရဲ့အနောက်ဒူးထောက်ကာကျန်
အဖိုးတန်တဲ့လက်စွပ်
တောက်ပတဲ့နှုတ်ခမ်းနီ
လှပအောင်စီခြယ်ထားတဲ့
လက်ဖ၀ါးနုနုဒဏ်
ပြုသမျှခံခဲ့ရတဲ့ ပါးပြင်ထက်
ပုလဲစက်တွေခ
မိုးစက်တွေလဲကျ
မိုးစက်နဲ့မျက်ရည်ပုလဲ
ခွဲမရချိန်တခဏ..............

ခေါင်းရင်းကနှိုးစက်သံ
အချိန်တန်လို့ Duty ၀င်
ဟင်...... အိပ်မက်ပါလား............။

ဗီလိန်

ဗီလိန်ရဲ့အိပ်ရာ

ဗီလိန်ရဲ့အိပ်ရာလေးပါ။ အိပ်ကာနီးမှကွန်ပြူတာရှေ့ရောက်လို့ ဒီနာမည်လေးရွေးလိုက်တာပါ။ အားလုံးကိုဖိတ်ခေါ်ပါတယ်။ တတ်သလောက်မှတ်သလောက်လေးတွေနဲ့ blog တစ်ခုလုပ်ကြည့်တာပါ။ မတော်တာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ အားလုံးကို တောင်းပန်ချင်ပါတယ်။