တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)

ဖြစ်ရပ်မှန်

၈နှစ်အရွယ်ခန့် ကလေးငယ်သည် သူ၏လွယ်ကြိုးနှင့် ဈေးဗန်းထဲမှ မုန့်များကို သေချာကျနစွာစီနေသည်။ အမေက ခပ်လှမ်းလှမ်းဘေးမှာထိုင်၍ ကွမ်းယာဝါးနေသည်။ ဘေးတွင်ထိုင်နေသော ဆိုက်ကားသမားက စီထားသောမုန့်များကို လက်ဖြင့် တွန်း၍ဖျက်ဆီးလိုက်သည်။
“ဟေးလူကြီး ဘာလုပ်တာလဲ မလုပ်နဲ့ဗျာ” ဟုပြောကာ ပြန်စီတော့ ဘေးက အမေက “ဟဲ့ လူကြီးကိုပြန်မပြောနဲ့လေ” ဟု ပြောကာ လက်ထဲမှ နိုင်တီတူးဘူးခွံနှင့် လှမ်းပေါက်သည်။ သို့သော် မထိလိုက်။ လူကြီးက ပြုံး၍ နောက်တစ်ကြိမ်ထပ်လုပ်သည်။ ဒီတစ်ခါ ကောင်လေးသည် လူကြီး၏လက်ကိုပါတွန်း၍ ဖယ်လိုက်သည်။ “ဟေ့လူ မလုပ်နဲ့ပါနဲ့ဆိုဗျာ။” သည်တစ်ကြိမ်တော့ အမေက အနားသို့လာ၍ “ဟဲ့… လူကြီးကို အဲလိုရိုင်းရလားဟဲ့” ဟု နားရင်းကို လှမ်းရိုက်သည်။

တစ်ချက်အရိုက်ခံလိုက်ရပြီဖြစ်သော ကောင်လေးသည် အတွေ့အကြုံကြောင့်လားမသိ နောက်တစ်ချက်မလာခင် ခုန်ပြီးထွက်ပြေးသွားသည်။ ပါးစပ်ကလည်း ဆဲနည်းမျိုးစုံ ပြည့်နှက်သွားသည်။

“ဟဲ့… သေနာကောင်လေး။ လာခဲ့စမ်း…ဒီကို၊ အရိုင်းအစိုင်းကောင်။ ဘယ်လိုပြောပြော ပြောမရဘူး။” လက်မှတွေ့ရာတုတ်ကောက်ကာ လိုက်ရိုက်သည်။
“ဒီကောင် တော်တော်ရိုင်းနေပြီ” ဟုလည်း လူကြီးကိုပြောလိုက်သေးသည်။ လူကြီးက အဲဒါကိုကြည့်ပြီး ဟာသတစ်ပုဒ်လို၊ လူရွှင်တော်ကြည့်သလို ကြည့်ပြီး ရယ်နေသည်။ “ဟိုလူကြီး လုပ်တာကြတော့ ဘာမှမပြောဘူး။ ကျုပ်ကိုပဲလိုက်ရိုက်နေတယ်။ အီး…ဟီး…” ငိုယိုပြီးပတ်ပြေးနေသည်။ မိသွားတော့ အမေက “နောက်ရိုင်းဦးမလား၊ လူကြီးကိုအဲလိုပြောဦးမလား” ဟု ပြောကာ သူဒေါသပြေသည်အထိ အဆက်မပြတ်ရိုက်လေတော့သည်။

မေးခွန်း။ ။ ရိုင်းသောသူ အစစ်က မည်သူပါနည်း။ သူတပါးစိတ်ဆင်းရဲအောင် စနောက်ခြင်းသည် ပျော်ရွှင်စရာတစ်ခုဖြစ်သင့်သည်ဟု ထင်ပါသလား။

မှတ်ချက်။ ။ ဒီတစ်ပုဒ်ကတော့ ကျနော့ကိုယ်တွေ့ စစ်စစ်ပါ။ မောင်သစ်ဆင်း အရေးအသားမျိုးရေး၍ တင်ပြလိုက်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

3 comments:

Anonymous said...

အမှန်တော့ လူကြီးအမှားပါ မလုပ်သင့်ပါ

သံလွင် HeRo said...

မိဘတွေကတော့သားသမီးကိုဘယ်တော့မှမကောင်းတဲ့
သဘောနဲ့တော့လုပ်မှာမဟုတ်ပါဝူး...
စိတ်တိုင်းမကျလို့ဆုံးမတာဖြစ်နိုင်သလို...စိတ်ထင်မြင်ချက်တစ်ခုတည်းနဲ့လုပ်တာလည်းဖြစ်နိုင်
တယ်...သို့သော်လည်း...ခံရတဲ့သား သမီးများအဖို့ကတော့ကြေကွဲစရာပါ...နောင်တော်ဆက်
ရေးဗျို့...မိုက်တယ်

မိုးခါး said...

မုန်းဖို့ကောင်းလိုက်တာ .. ဟိုလူကြီးပြောပါတယ် ..

း(

အေးလေ
အသိဥာဏ်ပညာကြောင့်လို့ပဲ မှတ်ပါတယ်