ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

ငါကိုယ်တိုင်တောင် မစားရက်တဲ့အသီး
ငါ့နှလုံးသားကို မြေဖို့
ငါ့ဆန္ဒတွေ ပေါင်းသင်
ငါ့မာနတွေ ချရောင်း
ငါ့အချိန်တွေ မြှုပ်နှံလို့
စိုက်ပျိုးခဲ့ပြီးပြီ
အသီးအပွင့်တွေကိုလဲ
ငါမစားရက်ပါဘူး
မျက်ရည်တစ်စိမ့်စိမ့် ငိုကြွေးနေတဲ့
ငါ့နှလုံးသားတောင်
မြေသြဇာဖြစ်ခဲ့ပြီးပြီပဲ
ခေါင်းစဉ်တစ်ခုတပ်ဖို့လည်း
မချုပ်နှောင်ချင်တော့ပါဘူး။
အောင်မြင်စွာ ရှင်သန်လိုက်ပါ
လွတ်လွတ်လပ်လပ်ကြီးကို
အောင်မြင်လိုက်စမ်းပါ။
နှလုံးသားမရှိတော့ပေမယ့် လက်ခုပ်သံကတော့ ကျယ်ပါသေးတယ်။
မျက်ဝန်းချို ကျောင်းနားသွားသည့်တတိယနှစ်။ ကျဉ်းမြောင်းလှတဲ့ ကျောင်းတော်ကြီးက အရင်က နွေးထွေးသည်။ အခုပူလောင်သည်။ စီတန်းနေသည့် ပုဏ္ဏရိပ်တွေ အရင်က လှပသည်။ အခု ခြောက်ကပ်သည်။ ဒီဇင်ဘာဆောင်းနှင်းဖွဲလေးတွေ အရင်ကအေးမြသည်။ အခု အသည်းခိုက်သည်။ ခရစ္စမတ် ရောက်လာသည့်တိုင် မျက်ဝန်းချိုနှင့် တွေ့ခွင့်မရသေး။

လူသိများတဲ့ နာမည်တစ်လုံး ပိုင်ဆိုင်ခွင့်ရနေပြီဖြစ်သော၊ ခြွေရံသင်းပင်းများစွာနဲ့ လူတကာထိုးပေးသည့် စာအုပ်များမှာ လက်မှတ်တွေထိုးပေးနေရသော၊ အနုပညာလောကကပေးသည့် ဆုတံဆိပ်တချို့ ရရှိထားသော နယ်ရှိုးတွေဆက်နေသည့် မျက်ဝန်းချို၊
သီချင်းစာရွက် အပိုင်းအစတွေ၊ နောက်ပြီး နိုင်ငံကျော် တက်သစ်စအဆိုတော် ကောင်မလေးတစ်ယောက်ရဲ့ MTV ခွေတွေ ပြန့်ကျဲနေတဲ့ အခန်းကျဉ်းကျဉ်းလေးထဲက မျက်ရည်တွေစွန်းနေတဲ့ တစုံတဦးပေးခဲ့တဲ့ ဂစ်တာလေးတစ်လုံးနဲ့ အချစ်ကြီးကြီးကောင်လေးတစ်ယောက်။

စာမေးပွဲဖြေကာနည်း မျက်ဝန်းချိုနဲ့တွေ့ခွင့်ရသည်။ ခြောက်ကပ်ကပ် အရွက်ကျဲကျဲ ကံ့ကော်ပင်တွေကြားထဲ သတ်မှတ်ထားသောအချိန်ကို တစ်နာရီကျော်သွားသည့်တိုင် ရောက်မလာသေး။ တစ်နာရီနှင့် လေးဆယ့်ငါးမိနစ် အကြာ… လက်ထဲမှ Nokia ကထွက်လာတဲ့ မျိုးကြီးရဲ့ ဒီကစောင့်နေသူ။ မလာတော့ဘူးဟုပြောသည့်တိုင် နောက်နာရီဝက်လောက် စောင့်နေမိသေးသည်။

စာမေးပွဲပြီး…..သုံးလအကြာ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ အဝင်ပေါက်မှာ အခေါက်ပေါင်းများစွာ ခေါ်လို့မရတဲ့ ဖုန်းနံပါတ်ကို အကြိမ်ကြိမ် အခါခါ မနားတမ်းခေါ်နေမိသည့် စိုင်း။ အမေက နောက်ကျနေပြီ ဝင်တော့လေ ဆိုသည့်တိုင် ဖုန်းကို အမေ့လက်ထဲမထည့်ချင်သေး။ မရလိုက်ပါဘူး။ နောက်ဆုံး စက္ကန့်ထိကြိုးစားခဲ့တာက စကားတစ်ခွန်း ပြောရုံလေးပါ။ “ငါ့နှလုံးသားနဲ့ မင်းတက်ဖို့ တည်ဆောက်ခဲ့တဲ့ ရေညှိတွေနဲ့လှေကားထစ်ကို ပြန်ဆင်းမလာရပါစေနဲ့လို့ ဆုတောင်းရင်း ထာဝရပျော်ရွှင်နိုင်ပါစေ”

ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

ကြေကွဲလက်ခုပ်

ငါကိုယ်တိုင်တောင် မစားရက်တဲ့အသီး
ငါ့နှလုံးသားကို မြေဖို့
ငါ့ဆန္ဒတွေ ပေါင်းသင်
ငါ့မာနတွေ ချရောင်း
ငါ့အချိန်တွေ မြှုပ်နှံလို့
စိုက်ပျိုးခဲ့ပြီးပြီ
အသီးအပွင့်တွေကိုလဲ
ငါမစားရက်ပါဘူး
မျက်ရည်တစ်စိမ့်စိမ့် ငိုကြွေးနေတဲ့
ငါ့နှလုံးသားတောင်
မြေသြဇာဖြစ်ခဲ့ပြီးပြီပဲ
ခေါင်းစဉ်တစ်ခုတပ်ဖို့လည်း
မချုပ်နှောင်ချင်တော့ပါဘူး။
ရှင်သန်လိုက်ပါ
လွတ်လွတ်လပ်လပ်ကြီးကို
အောင်မြင်စွာ ရှင်သန်လိုက်စမ်းပါ။
နှလုံးသားမရှိတော့ပေမယ့် လက်ခုပ်သံကတော့ ကျယ်ပါသေးတယ်။

လည်နေတဲ့ လက်တံ

ငို
ငိုလိုက်ပါ
ခမ်းခြောက်သွားပါပြီ ဆိုတဲ့အထိ
ငါလိုချင်တာ မင်းမသိသလို
မင်းလိုချင်တာ ငါ့မှာမရှိ

ချစ်တယ်
နှစ်ယောက်စလုံး
လျှမ်းလျှမ်းတောက်ချစ်တယ်
မေးခွန်းမှားနေတဲ့ အဖြေ
ဘယ်မှာရှာရမှာလဲ
မင်းမျက်လုံးမှာ ငိုကြွေးသလို
ငါ့ နှလုံးသားမှာ ပူဆွေးနေတယ်
ပြတ်သုန်းကြွေမွသွားမတတ်ကို ရူးသွပ်နေတာ

ငါ့အိပ်မက်က မြို့တော်ကြီးကို တည်ဆောက်ဖို့
နောက်တစ်ချိန်မှာ ငါ့အမေဆီက
အပြုံးတွေဝေဆာနေတဲ့ လက်ခုပ်သံ
ငါကြိုးစားရဦးမယ်
ဒါတွေ အတွက်
ငါ့မှာ သိပ်ကိုရှားပါးနေတဲ့
မလောက်ငှတဲ့ အရာတစ်ခု
မင်းကိုလည်းဝေငှ ပေးပါရက် မတင်းတိမ်
အမာရွတ်ဖြစ်လာမယ့် ဒဏ်ရာက
ဝေဒနာပြည့်နေမယ့် အနာဂတ်ထက်တော့
သင့်တော်ပါလိမ့်မယ် ချစ်သူ။

ဗီလိန်

ခုံတန်းလေး


ဒီနေ့ညနေ……. ခုံတန်းလေးတစ်ခုမှာ
သူ
ကျနော်
မျက်လုံးလေးလုံး
နှလုံးသားနှစ်ခု
ဆွံ့အ
မွန်းကြပ်
တိတ်ဆိတ်
………..
…………
မျက်ရည်တစ်စ

ဗီလိန်

စင်ကာပူ နှင့် ဘောလုံး


စင်္ကာပူကို Social Visit လာတဲ့ပြီး အလုပ်ရှာတဲ့သူတွေရဲ့ဘဝက ဘောလုံးပွဲတစ်ပွဲနဲ့ တူသဗျ။ စပေးဘောတို့လို့ လေယာဉ်ဆိုက်ပြီဆိုတာနဲ့ ပြေးပြေးလွှားလွှားနဲ့ စပြီးကစားရပါတယ်။ ဘောလုံးက ရှေ့ပို့လိုက် နောက်ရောက်လိုက်နဲ့ စင်ကာပူမြို့ကို အနီ၊ အစိမ်း၊ ခရမ်း စုံအောင်လှုပ်ရှားရပါတယ်။ အသင်းရဲ့ ကစားကွက်ဖြစ်တဲ့ သတင်းစာနဲ့ အင်တာနက်ကနေ အလုပ်တွေရှာပြီး အီးမေးလ်နဲ့ လျှောက်ရတာက ရိုးရှင်းလှတဲ့ ပုံမှန်ကစားကွက်ဖြစ်သလို။ Walk-in တွေဆီကို ဖုန်းဆက်ပြီးသွားရတာတဲ့ ကန်တင်ပြေးအကွက်ကလည်း တခါတလေထိရောက်ပါတယ်။ အသိမိတ်ဆွေတွေက တဆင့်တဆင့် အပေးအယူလုပ်ပြီးရတဲ့ အင်တာဗျူးကလည်း အားထားရပါတယ်။


ဂိုးရှေ့ရောက်လို့ အင်တာဗျူးမှာများ အမှားမလုပ်မိနဲ့ ပရိသတ်ဖြစ်တဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေက ဝိုင်းပြီးဆဲကြပါလေရော။ ဟိုလိုဖြင့် ဟိုလိုလုပ်ပါလား၊ ဒီလိုဖြင့်ဒီလိုလုပ်ပါလား ဘာညာပေါ့လေ။ ပရိသတ်တင်မဟုတ်ပါဘူး။ ကိုယ်ကို အဓိက လမ်းညွှန်ပေးတဲ့ အစ်ကို၊ အစ်မ၊ ဦးလေး စတာတို့ကလည်း မန်နေဂျာ တစ်ယောက်လိုပဲ အားမလိုအားမရဖြစ်တာပေါ့။ တကယ်လို့ ကိုယ်ကအင်တာဗျူး မအောင်ခဲ့ရင် ကိုယ်အသိမိတ်ဆွေတွေထဲမှာလည်း ရှာနေတဲ့သူရှိရင် သူ့ကိုလည်းကြိုးစားကြည့်လို့ရအောင် အကြောင်းကြားပြီး လူစားလဲကစားရပါတယ်။


အင်တာဗျူးက ဂိုးရှေ့ရောက်တာလည်းဖြစ်သလို။ ကိုယ်ဂိုးရှေ့မှာ ခံစစ်အနေနဲ့လည်း ဆင်တူပါတယ်။ ကိုယ့်ကို Impression မကျရအောင် ဂိုးသမားတစ်ယောက်အလား ကာကွယ်ရပါသေးတယ်။ ဂိုးသွင်းခွင့်များများရရင် ဂိုးရနိုင်ချေပိုများသလိုပါပဲ။ အင်တာဗျူးများများရရင် အလုပ်ရဖို့ပိုနီးစပ်ပါတယ်။ အင်တာဗျူးမှာ အင်တာဗျူးအချိန်နောက်ကျရင် ဖောင်းဘောအနေနဲ့ ဝမ်တိမ်ပေးတာတို့။ အင်တာဗျူးမှာ အောင်ချင်ရဲ့သားနဲ့ ကိုဒါမရှိလို့ လူကျွံဘောဖြစ်တာတို့နဲ့လည်း ကြုံရတတ်ပါတယ်။ တခါတလေ ပုံမှန်ကန်သွင်းသလို S-Pass နဲ့ဂိုးရတတ်သလို၊ EP နဲ့လည်း ခေါင်းတိုက်သွင်းရတာမျိုး ကြုံတတ်ပါတယ်။ Second အင်တာဗျူး ခေါ်ခံရတာ ကိုယ့်အတွက် အခြေအနေကောင်းသလို အဲဒီ့ဖရီးကစ်ကို ဝင်အောင်ကန်နိုင်ရင် ဂိုးရနိုင်တာပေါ့။


အင်တာဗျူးအောင်ပါပြီတဲ့ ဆေးစစ်လို့ ဆေးအဖြေစောင့်ရတာက ကိုယ်ကိုကိုယ် ရောဂါမရှိမှန်း သိနေတာတောင် ရင်ခုန်စွာစောင့်စားရတာက ပင်နယ်တီကန်သလိုပါပဲ။ ဝင်မယ်ဆိုတာ သေချာသလောက်ရှိပေမယ့် မဝင်ရင်ဒုက္ခ။ ဆေးအောင်ခဲ့ဦး S-Pass ကို Approve ဖြစ်ဖို့စောင့်ရလည်းအတူတူပါပဲ။ Approved ဖြစ်ရင်တော့ပြီးပြီပေါ့။


Reject များဖြစ်ရင် အဝါကဒ်ထိခံရသလိုပါပဲ။ ကုမ္ပဏီက Appeal Letter သာပြန်မတင်ပေးရင် သွားပြီ။ ပြန်တင်ပေးပြီဆိုပေမယ့် တကယ်လို့များ ကိုယ်ကမဟုတ်တာလုပ် ထားတဲ့သူဖြစ်လို့ MOM ကများသိသွားခဲ့ရင်တော့ အနီကတ်ပဲ။ ဒါကတော့ရှားပါတယ်လေ။ ဒီလိုနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်လို့ ပထမပိုင်းပြီးလို့ တစ်လကုန်လို့မှ အဆင်မပြေသေးရင်လည်း ကိစ္စမရှိသေးပါဘူး ဒုတိယပိုင်း နောက်တစ်လကျန်ပါသေးတယ်။ ဆက်ကြိုးစားပေါ့။ ဒုတိယလမှ အဖြေမထွက်သေးဘူးဆို ကိစ္စမရှိသေးဘူး။ အချိန်ပိုအနေနဲ့ မလေးသွားလို့ရပါသေးတယ်။ မပူနဲ့ဦး မလေးကပြန်လာလို့မှ အလုပ်မရပေမယ့် ပွဲပန်းနေတဲ့သူတစ်ယောက်လို ခြေကုန်လက်ပန်းကျနေပြီ ဆိုတော့မှ ရွှေဂိုးကဝင်တတ်ပါတယ်။ နောက်ဆုံးမိနစ်အထိ ကြိုးစားဖို့က ကိုယ်တာဝန်ပါ။

တစ်ခုတော့ရှိတာပေါ့။ ဘောလုံးပွဲမှာ သရေဆိုရင် ၁ မှတ်ရပေမယ့် ဒီပွဲက သရေအရှုံးတဲ့ဗျ။

မှတ်ချက်။ ။ ဓာတ်ပုံများကို
www.istockphoto.com
soccerscores.blogspot.com
en.huebinet.com
www.gpfc.org.uk
www.soccerballworld.com ကနေယူထားတာပါ။

မနက်ခင်း ဘုံလောင်းတစ်ခု


တုတ်………… တုတ်……….. တုတ်………. တုတ်……… တုတ်…….. တုတ်……. တုတ်…… တုတ်….. တုတ်…. တုတ်… တုတ်.. တုတ်. တုတ် တုတ် တုတ်………… တုတ်
ပထမအုန်းမောင်း။ ကြိမ်းရာမှထလိုက်ပါတယ်။ ဒီနေ့ တနင်္ဂနွေမို့ ဘုံလောင်းတွေပေါတယ်။ ဒီတစ်ပတ် စာအံတွေများတာကြောင့် တစ်ပတ်လုံး ကောင်းကောင်းမဘုန်းခဲ့ရ။ ဟိုဘက်တစ်ရပ်ကွက်ကျော်မှာ ဝက်သားဆိုပဲ။ မနေ့က ကျောင်းနီးချင်း ကိုရင်တစ်ပါး ပြောလိုက်တာလေ။ ဒီကိုရင်လေးက အင်ဖော်မေးရှင်းဆို ကောင်းပါ့။ မျက်နှာသစ်ပြီးတာတောင် ကိုရင်တို့ကမနိုးသေး။ မနေ့ကတည်းက အတူတူသွားဖို့ ညှိထားပြီးသား။ အမြန်နှိုးပြင်ဆင်ခိုင်းလို့ ထွက်လာခဲ့ပါတယ်။ မနက်စောစောမို့ ဆိုက်ကားသမားနဲ့ ကျုပ်တို့ဘုံလောင်းစီမယ့် ကိုရင်၊ သံဃာတွေပဲ မြင်ရတယ်။ ဒီနေ့ တော်တော်တောင် စည်သလိုပဲ။ နဂိုဆို ဒီနေ့လောက် မတွေ့ရ။ ပြီးမှစဉ်းစားမိတယ်။ စာမေးပွဲတွေ ပြီးပြီကိုး။ စာမေးပွဲပြီးလို့ ဘုံလောင်းလိုက်ခံနိုင်တာ။ ဘုံလောင်းမှထွက်မခံရင် ကျောင်းက ငပိကြမ်းနဲ့တို့စရာပဲ။ တစ်ပတ်တစ်ခါ ဘုံလောင်းလေးနဲ့မို့ တော်သေးတာ။ ဒကာတွေကလည်း ပိုလျှံနေတဲ့နေရာတွေမှာပဲ ခေါင်းစဉ်တပ်ခံချင်နေကြတာ။ တခါတခါများ ဟိုဘက်ကျောင်းကရိပ်သာမှာ မုန့်ဟင်းခါးတွေသွန်သွန်ပစ်ရင် ဒီဘက်ကကြည့်ပြီး နှမြောလိုက်တာ။ ကိုရင်ငယ်လေးတစ်ပါးဆိုရင် “မွန့်… မွန့်ဟင်းခါးတွေ။ တွန်…တွန်နေတယ်။” ဆိုပြီးနှမျောတသပြောရှာလေရဲ့။

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရင်း လမ်းလျှောက်လာလိုက်တာ ဝက်သားတိုးရမယ့် နေရာတောင်ရောက်ပါပြီ။ ကြည့်လိုက်တော့ အပါး ၅၀လောက်။ သြော်…ကျုပ်တို့ထက် ဝီရိယသာသူတွေပေါ့။ မဆိုးပါဘူး ဝက်သားအိုးကကြီးသားပဲ။ အဆင်ပြေလောက်ပါတယ်။ ဝင်ပြီးတန်းစီလိုက်တော့ ကျုပ်ရှေ့က ဦးဇင်းကအသိပဲလေ။ အရင်တစ်ခေါက်စာမေးပွဲတုန်းက ရှေ့ဆင့်နောက်ဆင့်ဖြေရတာ။ သူနဲ့တောင် ညကဘောပွဲအကြောင်း ပြောဖြစ်သေးတယ်။ ဘောပွဲအကြောင်းပြောတယ်ဆိုလို့ အထင်တော့ မသေးစေချင်ဘူး။ ကြည့်ပဲကြည့်တာ လောင်းတာတို့ဘာတို့မပါပါဘူး။ ကျုပ်တို့ သံဃာတွေက ထောင်နဲ့ချီတဲ့ဝိနည်းတွေကို ထိန်းသိမ်းရပါတယ်။ ဒီလို အားတဲ့အချိန်လေး တခါတလေ ဘောပွဲလေးကြည့်တာတို့၊ ညဖက်စာကျက်နေတုန်း ဗိုက်ဆာလွန်းလို့ ငှက်ပျောသီးလေး တစ်လုံးလောက်စားမိတာတို့၊ ကိုရင်လေးတွေဂိမ်းဆော့တာတို့ကို အပြစ်ကြီးတစ်ခုဆိုပြီးတော့တော့ မပြောပါနဲ့ဗျာ။ ကျုပ်တို့ ဘောပွဲကြည့်တာ၊ ငှက်ပျောသီးစားမိတာ အပြစ်ရှိတာမှန်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်ဘူးလေ။ နောက်ပြီး ကျုပ်တို့က ပုတုဇဉ်ပဲရှိသေးတယ်လေ။ မြတ်စွာဘုရားဟောထားခဲ့တဲ့ တရားတော်တွေကို ထိမ်းသိမ်းစောင့်ရှောက် ဖြန့်ဝေဖို့လည်း တာဝန်ကရှိသေးတယ်လေ။ အင်း…… တစ်ခုတော့ရှိတယ်။ ကျုပ်ပြောတဲ့အထဲမှာ လောဘကို အားပေးတဲ့လောင်းကစားတွေကို လုပ်တဲ့၊ အားပေးနေတဲ့ အချို့အချို့သောသံဃာတွေ မပါဘူးနော်။ ကဲထားပါတော့လေ။ သိအောင်ပြောပြတာပါ။ ကိုယ့်အပြစ် ကိုယ်ဖုံးနေတာမဟုတ်ပါဘူး။ ကျုပ်အလှည့်ရောက်တော့မယ်။ မနက်အစောကြီးထပြီး အဝေးကြီးကနေ လမ်းလျှောက်ကြွလာ ဒီဝက်သားလေး ၂ ဖတ်၊ ၃ ဖတ် အတွက်ပါ။ ခုတော့ရပြီ။ လိုချင်တာရပြီဆိုတော့ ကျောင်းပြန်ရုံပေါ့။

ကျုပ်ကိုရင်နှစ်ပါးကတော့ နောက်တစ်ခေါက် ထပ်ပြီးတန်းစီလေရဲ့။ ကျောင်းကိုအပြန် ကာဖေလေးသောက်ချင်တာနဲ့ လက်ဘက်ရည်ဆိုင်ဘက်ထွက် လာခဲ့တယ်။ ဆိုင်ရှေ့ရောက်တော့ ဒကာမတစ်ယောက်မေးလိုက်တာက “ဦးဇင်းဘာကောင်းလဲ”တဲ့။ ကျုပ်ကလည်း “ဦးဇင်းမသိဘူး”လို့ ပြောလိုက်တော့။ သူက ဘာပြန်ပြောတယ်မှတ်လဲ။ “ဘုန်းကြီးဖြစ်ပြီး ဒါတောင်မသိဘူး”တဲ့။ သြော်လူတွေ…လူတွေ… တယ်ခက်ပါလား။ မေးသင့်တာက ဆွမ်းကိစ္စ ပြေလည်ရဲ့လား။ စာမေးပွဲဘယ်တော့လဲ။ ဒါမျိုးဖြစ်သင့်တာပေါ့။ ဒီလို ဒကာတွေလုပ်လို့ပဲ သံဃာတော်တွေ ပျက်စီးနေတာပါ။ အခုလို စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆို ဘုံလောင်းလေးနဲ့ အစဉ်ပြေပေမယ့် ငါးပိရည်နဲ့ တို့စရာတလှည့်၊ အသီးအရွက်ကြော်လေးတလှည့်နဲ့ သွေးအံမတတ် စာကျက်နေရတဲ့ ကျုပ်တို့လို စာသင်သား သံဃာတော်တွေမှာ ဒါတွေလုပ်ဖို့လည်း အချိန်မရှိပါဘူး။ စာမေးပွဲရက်များဆိုရင် မအိပ်ရတာတောင်ရှိသေးတယ်။ ကာဖေသောက်ပြီးတော့ ခြောက်နာရီခွဲပြီ။ ခပ်သွက်သွက်ပြန်မှ။ ကျောင်းရောက်ရင် ဘုရားရှိခိုးပြီး တစ်စုံတည်းသော အပိုသင်္ဃန်း ခပ်ရိရိကိုလျှော်ရဦးမယ်။

မှတ်ချက်။ ။ အရှင်ကောသလ္လ (ဓမ္မစေတီ) တရားတော်များမှ ကိုးကားပါတယ်။ ဗုဒ္ဓ၏ သာသနာတော်ကို နှစ်ပေါင်း ၂၅၅၁ နှစ်ကျော်တိုင်တိုင် အကောင်းအတိုင်း မပျက်မစီးအောင် ထိမ်းသိမ်းစောင့်ရှောက်လာသော သံဃာတော်များ၏ ဘဝကို စာနာထောက်ထား ပူဇော်ရှိခိုးလျက်။
ဓာတ်ပုံကိုတော့ http://www.allmyanmar.com/ ကနေပူဇော်ပါတယ်။

ကျွန်ုပ်၏ ဖွင့်ပွဲများ

ဒီခေါင်းစဉ်(ပထမဆုံးများ)ကို မတက် (TAG) ပါနဲ့လို့ အကြိမ်ကြိမ်ပြောတယ်။ မဖြစ်ဖြစ်အောင် တက်(TAG) တယ်။ အခုတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မယ်။ ခေါင်ခေါင်ရေ သိပ်သိချင်ရင်လာဖတ်။ ကောင်းတာတော့ တစ်ခုမှမပါဘူး။ ဗီလိန်ပါဆိုမှ ကောင်းတာရှိပါ့မလား။ ဟုတ်ဘူးလား။

ပထမဆုံး အကြီးအကျယ် အရိုက်ခံရတာ …… ကွမ်းစားလို့ ဆရာက သူလက်ညောင်းတဲ့အထိ ရိုက်တာ။
ပထမဆုံး ကျောင်းပြေးတာ …… ငယ်သေးတယ်။ အတန်းတောင်မမှတ်မိတော့ဘူး။ အိမ်စာတွေ မပြီးလို့။
ပထမဆုံး သူများအသတ် သတ်ခဲ့တာ …… တီကောင်ကို ဆားပတ်ပြီးတော့။
ပထမဆုံး လိမ်တာ …… အဖေ့ကို စာတွေမပြီးသေးပဲ ဆော့ချင်လို့။
ပထမဆုံး သူများကိုဒုက္ခပေးခဲ့တာ …… အတန်းထဲက ကောင်မလေးတစ်ယောက်ရဲ့ ကွန်ပါဘူးကို ဖွက်ထားတာ။ တော်တော်နဲ့ကိုပြန်မပေးတာ။
ပထမဆုံး ခိုးတာက …… စာမေးပွဲမှာ မေးခွန်းထဲမှာမေးတာ တစ်ခုမှကိုမသိခဲ့တာ။ မအောင်ပါဘူး။ ပထမဆုံး စာမေးပွဲကျဖူးတာပဲ။
ပထမဆုံး အရက်သောက်တာ …... ၁၀တန်းပြီးတာနဲ့ စသောက်တော့တာပဲ။

ပထမဆုံး လောဘ ...... ဘောပွဲ စလောင်းတတ်တုန်းက။ နောက်ပိုင်း အစုံကိုတတ်လာတော့တာပဲ။
ပထမဆုံး ဒေါသ …… အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးကို မှောက်အောင်လုပ်ခဲ့တဲ့ သူငယ်ချင်းကို။
ပထမဆုံး မောဟ …… သူ့ကိုစပြီးစွဲလမ်းခဲ့တုန်းက။ အခုထိစွဲလန်းနေတုန်းပဲ။
ပထမဆုံး မာန …… ငယ်ငယ်တုန်းက အဆင့်တစ်ရတုန်းက။ တစ်ခါတည်းရဖူးတာပါ။
ပထမဆုံး အတ္တ …… အဒေါ်ပေးတဲ့ ချောကလက်ကို အစ်ကို့ကိုမကျွေးပဲ တစ်ယောက်တည်း စားပစ်လိုက်တုန်းက။
ပထမဆုံး တဏှာ …… ပထမဆုံး ရန်ကုန်ရောက်တုန်းက စိန်ဂေဟာမှာတင်ထားတဲ့ ခလုပ်လေးတွေနဲ့ ဆော့ရတဲ့ ကစားစရာဘောလုံးကွင်း။
ပထမဆုံး နောင်တ …… သိပ်ကြိုက်ပါတယ်ဆိုတဲ့ အဝေးထိန်းကားလေးကို တစစီဖြုတ်ပြီး ပြန်မတပ်တတ်တော့လို့။

ပထမဆုံး အိမ်ကနှင်ချခံရတာ …… ၃ရက်လောက်အိမ်ပြန်မလာလို့။ ပြန်ကိုအလာမခံတော့တာ။ တော်တော်လေး ရှင်းလိုက်ရတယ်။
ပထမဆုံး စခန်းရောက်တုန်းက ……. ဆိုက်ကယ်တိုက်မှု။
ပထမဆုံး ရန်ဖြစ်တာ …… ဘိလျက်ခုံမှာ။ နောက်ပိုင်း အမေက ခဏခဏလိုက်ထုတ်ပေးရတယ်။
ပထမဆုံး ခေါင်းကွဲတာ …… ကျောက်မြောင်းက ရန်ပွဲမှာ။ သူတို့ ၅ ယောက် ကျနော်တို့ ၂ ယောက်။
ပထမဆုံး လက်ကျိုးတာ …… မူးပြီးလှေကားပေါ်က ပြုတ်ကျတုန်းက။
ပထမဆုံး သောက်ခဲ့တဲ့အရက် ...... မြန်မာရမ်။
ပထမဆုံး သောက်ခဲ့တဲ့ဆေးလိပ် ….. မိုင်းလ် ဆဲလ်ဗင်း။

ဒီလောက်ဆိုရတယ်မလား။ တော်ပြီလေ။ ကျန်တာတွေတော့ မပြောချင်တော့ဘူး။ မကျေနပ်သေးရင် မေးလ်ပို့ပေးမယ်။ :)
ကဲ ကိုနေမင်းရေ ပြောကြည့်ပါဦး။
အားမယ်ဆိုရင် မရွှေပြည်သူ လည်းကြားချင်သေးတယ်။
ကို မောင်မောင် ကတော့ပြောပြီးသား။

ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု

ဒုတိယနှစ်ရောက်တော့ သီချင်းဆိုမလို့တဲ့။ ရိုးရိုးဆိုမှာမဟုတ်ဘူးလေ။ ဂီတလောကထဲကိုဝင်ချင်တာ။ သူလုပ်ချင်မှတော့ စိုင်းလည်းမနေသာတော့ဘူး။ ဂီတလောကက မိတ်ဆွေအပေါင်းအသင်းတွေဆီ ပြေးရတာပေါ့။ စိုင်းအတွက်က ဒီအတွက်ဆို ကူညီမယ့်သူကပေါတယ်လေ။ အားလုံးကလုပ်စေချင်နေတာ။ စိုင်းကသာ အခြေအနေအရပ်ရပ်ကြောင့် မလုပ်နိုင်သေးတာ။ အခုတော့ မျက်ဝန်းချိုအတွက် သူတို့နဲ့တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လှုပ်ရှားရတာပေါ့။

ပထမဆုံး သီချင်းရှာရပါတယ်။ စိုင်းကိုယ်တိုင်ရေးထားတာတွေ ရှိပေမယ့် တခြားတေးရေးတွေဆီကပါ ဝယ်တန်သလောက်ဝယ်ရတာပေါ့။ ဒီနေရာမှာတစ်ခုပြောရဦးမယ်။ ဒီကိစ္စတွေအားလုံးကို စိုင်းနဲ့သူနှစ်ယောက်ထဲ လုပ်ရတာပါ။ သူ့အိမ်ကဘာမှမသိဘူးလေ။ လုပ်ခွင့်လည်းမပေးဘူး။ ဘုရားကျောင်းမှာဆိုတာတောင် သိပ်ပြီးကြိုက်တာမဟုတ်ဘူး။ ဒါပေမယ့် သူ့အိမ်က ချမ်းသာတော့ မုန့်ဖိုးဆိုတောင်းတိုင်းရတယ်လေ။ အဲဒီငွေတွေနဲ့ပဲ သီချင်းဖိုး၊ စတီဒီယိုဖိုး၊ တီးဝိုင်းဖိုးပေါ့လေ။ Section ကြေးကလဲမသေး။ ဒါတောင် တစ်ယောက်ကို နှစ် Section ပဲပေးတယ်။ တခါတခါ စိတ်တိုင်းမကျလို့ ဝယ်ပါမယ် ဆိုတာတောင်မပေး။ အားလုံးပြီးမှ ကိုယ့်အလှည့်ပြန်ရတယ်။ အဲလိုနေ့မျိုးဆိုမိုးချုပ်ပြီ။ အနုပညာလောကဆိုတာက ခက်တော့ခက်သား။ အသစ်တစ်ယောက်အတွက်က တော်တော်လေး စိတ်ရှည်သည်းခံရတယ်။ အများကြီးပါ။ အကုန်လုံးတော့ မပြောတော့ပါဘူး ပြောရင်အတင်းဖြစ်မှာစိုးလို့။

မေ့မရဘူး ပထမဆုံး စတီရီယိုဝင်တဲ့နေ့က “သူပျော်နေတာလေးကြည့်ပြီး၊ ဝမ်းသာလိုက်ရတာ။ ညတောင်အိပ်မပျော်ဘူး။” ဒီလိုနဲ့ တော်တော်လေး အသားကျလာပါတယ်။ ကျောင်းတွေလည်း ပျက်ခဲ့ရပေါင်းမနည်း။ သူ့အိမ်ကကားနဲ့လိုက်ပို့လို့ ကားပေါ်ကဆင်းပြီးတာနဲ့ အတန်းဘက်ကို သွားချင်ယောင်ဆောင်။ အိမ်ကကားအင်းယားလမ်းကို ကွေ့သွားတာနဲ့ တက္ကစီပြေးတားရတာအမော။ တခါတခါသူ့အမေက ကျောင်းရှေ့မှာ မုန့်ဝယ်နေရင် စတီဒီယိုနောက်ကျပြီပဲ။ အစပိုင်းကတော့ စတီဒီယို (ဒီ) မှာပဲများတယ်လေး နီးတော့သွားရတာလဲလွယ်တော့ အဆင်ပြေတာပေါ့။ နောက်ပိုင်းတော့ အစုံပါပဲ။

ပထမဆုံး သူ့အခွေကထွက်ပြီ။ သူ့အခွေဆိုပေမယ့် အဆိုတော်တွေစုပြီးထုတ်တဲ့အခွေပါ။ သူက နှစ်ပုဒ်ပဲပါတာပါ။ သူနောက်ကို တကောက်ကောက်လိုက်နေပေမယ့် သူ့ချစ်သူပါဆိုတာကို နေရာတိုင်းမှာ ဖုံးကွယ်နေတာသူ့အကျင့်လေ။ တခါတလေများ လူကြားထဲမှာ အနေအထိုင်လေး နည်းနည်းလွန်သွားရင် ပြောလို့ကို မဆုံးဘူး။ ပြီးရင်လည်း သူက နားလည်ပေးပါ။ ဒီလောကကို အခုမှဝင်ကာစ နာမည်တွေမထွက်ချင်ဘူး။ စသဖြင့်ပေါ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲနေရနေရ မျက်ဝန်းချိုတက်ချင်တဲ့ အပေါ်ကို လှေကားထစ်လေး ဖြစ်ခွင့်ရတာကိုပဲကျေနပ်ပါတယ်။

အဲဒီနှစ်ဝက် ပါမောက္ခက စိုင်းကောသူ့ကိုပါ စာမေးပွဲဖြေခွင့်မပေးခဲ့။ ကျောင်းခေါ်ချိန်မပြည့်လို့လေ။ တော်တော်လေးစိတ်ညစ်ခဲ့ရပါတယ်။ သူ့အတွက်ကတော့ သိပ်ပြီးကိစ္စမရှိပေမယ့်။ အရမ်းကြီးပြည့်စုံမနေတဲ့ စိုင်းအတွက်ကတော့ နှစ်ဝက်လည်းနှစ်ဝက်ပဲလေ။ အဓိကကတော့ ငွေပေါ့။ သွားလေရာသူကရှင်းပေမယ့် ယောက်ျားမာနကရှိသေးတယ်လေ။ ဒီတော့ စိုင်းကလည်း တဖက်တလမ်းက သီချင်းရေးပြီး ရသလောက်ရှာရတာပေါ့။ နေ့ဆို ကျောင်းတက်၊သူ့ကိစ္စလိုက်လုပ်ပေး။ ညဆိုသီချင်းရေး။ ဒီလိုနဲ့ပဲ ရုန်းကန်ရတာပေါ့။ စတီဒီယိုအပါအဝင် အခြားဝေယာဝစ္စတွေကို သူကိုပေးပေမယ့် စားတာသောက်တာက စိုင်းကပေးမှကောင်းမှာလေ။ သူကိုယ်တိုင်ကလည်းစိုင်းကို တာဝန်ယူစေချင်တယ်။ ငွေအတွက်တော့ မဟုတ်ပါဘူး။ သီချင်းရေးတယ်ဆိုပေမယ့် စိုင်းထက် ဆရာ့ဆရာကြီးတွေက ရှိသေးတော့ မလွယ်လှပါဘူး။ ဈေးကလည်းသိပ်မရ။ လမ်းဘေးမှာ ၃ ခွေ ၅၀၀ နဲ့ ကော်ပီခွေတွေရှိနေသရွေ့တော့ စိုင်းတို့လို အနုပညာသမားတွေ ပင်ပန်းရကျိုးနပ်မှာမဟုတ်ဘူးလေ။ ပရိသတ်ကသာ Own Tune ကိုတောင်းနေကြတာ။ တစ်နိုင်ငံလုံး တစ်မြို့တစ်ခွေပဲရောင်းရတော့ Own Tune တွေ ဘယ်လိုဖန်တီးမလဲ။ ရှိလဲ ချမပြချင်ကြတော့ဘူးလေ။ ဒါကိုပဲ အခွင့်ကောင်းယူပြီး မရှိမဲ့ရှိမဲ့ Own Tune လေးတွေကို ရတဲ့ဈေးနဲ့ရောင်းပြီး အဲဒီ့ ငွေဆိုတာကြီးကို ရှာခဲ့ရတာပါ။ တခါတလေတော့ ပွဲလေးပါလေးကို Section လိုက်တီးပေးပါတယ်။ ဒါမျိုးဆိုရင်တော့ မဆိုးပါဘူး။ ဒီလိုပဲ ရှာကြံပြီးတော့ နေရတာပေါ့။

သိပ်မကြာလိုက်ပါဘူး။ သူ့အိမ်ကသိသွားတယ်လေ။ တော်တော်လေးတော့ ဖြေရှင်းလိုက်ရတယ်။ ပြဿနာက ဘယ်လောက်တောင်ကြီးသွားလဲဆိုရင်။ မျက်ဝန်းချိုရဲ့ အဒေါ် နာမည်ကြီး အဆိုတော်ကြီးက သူ့အစ်မနဲ့ ခဲအိုကို လာပြီးဖြောင်းဖြယူတော့မှ တဖြည်းဖြည်းနဲ့လက်ခံလာတယ်။ အစကတော့ အနုပညာဆိုတဲ့ ရှုပ်ထွေးတဲ့ လောကထဲကို မဝင်စေချင်တာလေ။ အခုတော့ သူတို့သမီးကတော်တော်လေးကို ဖြစ်ချင်နေတာလည်းဖြစ်၊ အဆင်မပြေတာလည်းသိပ်မရှိတာနဲ့ ပဲ ခွင့်ပြုလိုက်ပါတယ်။ အဆင်မပြေဘယ်ရှိပါ့မလဲ။ အခက်ခဲဆုံးအချိန်တွေကို စိုင်းကကျော်ဖြတ်ပေးခဲ့ပြီးပြီလေ။ သူ့အိမ်က ခွင့်ပြုလိုက်တာ သူ့အတွက်သတင်းကောင်းဆိုပေမယ့် စိုင်းအတွက်ကတော့ သူနဲ့အတူရှိတဲ့အချိန်တွေ လျှော့ချလိုက်ရပြီလေ။ အိမ်ကခွင့်ပြုလိုက်တော့ နေရာတကာ သူ့အိမ်ကလိုက်ပို့တာပေါ့။ စိုင်းနဲ့တွေ့ချိန်ဆိုလို့ ကျောင်းတက်ချိန်လေးပဲရှိတော့တယ်။ တခါတလေများ နေ့ချိန်းရှိရင် ကျောင်းချိန်တောင်မတွေ့ရတော့ဘူး။ တဖြည်းဖြည်းနဲ့ စိုင်းကိုယ်စိုင်း ခံစားမိလာရတာက ကျနေတဲ့ ဒီရေတစ်ခုလိုပဲ။ တဖြည်းဖြည်းချင်းကို တိုက်စားလာတာ။

မျက်ဝန်းချို......
မင်းလှမ်းပါ။ မင်းခြေထောက်နဲ့ လှမ်းတဲ့ခြေလှမ်းတိုင်းကို ငါ နှလုံးသားနဲ့ လက်ခုပ်တီးပေးနေတယ်။

ဆက်လက်ဖတ်ရှုပေးပါနော်………။

ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

မြို့ပြတစ်ခုရဲ့ ၂၄နာရီ

နံနက် သုံးနာရီထိုးပြီ။ အိပ်ယာထ မျက်နှာသစ်ပြီး ဈေးတောင်းဆွဲပြီး ထွက်လာပါတယ်။ သွားတိုက်ဆေး ကုန်နေလို့ သွားတောင်မတိုက်ခဲ့ပါဘူး။ ကွမ်းယာလေးဝါးလိုက်ရင် ဖြစ်ပါတယ်လေ။ သွားတိုက်ဆေးဈေးကလည်း မသေး။ သွားတိုက်ဆေးက အရေးမကြီးဘူး။ ဒင်းအရည်ဖိုးမရှိရင် ကျုပ်ကိုရိုက်ဦးမှာ။ ဒီနေ့ ရေကျရက်ဆိုတော့ ငါးရှားမယ်။ စောစောသွားမှ တော်ကာကျမှာ။ ဒီအချိန်လောက် ထွက်မှ ကမ်းနားဈေးကို ၄နာရီမထိုးခင်ရောက်မှာ။ ဒါမှ ပစ္စည်းရွေးလို့ရမှာလေ။ မနေ့က ချန်ထားတဲ့ ဈေးဖိုးလေးကိုရေတွက်ရင်း ရိုးကြီးရိုးလေး ကားဂိတ်နား ရောက်လာပြီလေ။ ၅ယောက်ပဲ ရှိသေးပေမယ့် ထွက်ဖို့လုပ်နေတဲ့ စပယ်ယာကို ခဏတားပြီး ဈေးတောင်းကို သံတိုင်မှာချိတ်ပြီး ကျမကိုယ်လုံးကြီးကို ဆွဲတင်ခိုင်းရသေးတယ်။ ကျမလဲကားပေါ်ရောက် ကားကလည်းကစုန်ပေါက်လို့ ထွက်တာပေါ့။ လှိုင်သာယာရဲ့ ချိုင့်ပေါင်းများစွာ ပြည့်နေတဲ့ ကားလမ်းကျဉ်းကျဉ်းလေးကို အတိမ်းအစောင်းမရှိ မောင်းနိုင်တာကလည်း သူတို့အစွမ်းပဲလေ။

မီးခွက်ဈေးရောက်တော့ ကျမလိုလူတွေ လေးငါးယောက်လောက် တက်ကြပါတယ်။ တိုးဝှေ့ အော်ဟစ်ရင်ပေါ့။ ခြင်းတောင်းတွေ၊ ငါးဗန်းတွေနဲ့ တစ်နေ့စာ လုပ်ငန်းခွင် စပြီလေ။ မီးခွက်ဈေးမှာ ကွမ်းတညက်လောက်နေပြီး နောက်ကားဖင်တိုက်မှ စပယ်ယာကထွက်ပါတယ်။ နေ့ခင်းဘက်ဆို လိုင်းကားတွေ ကျောက်ချတာကြာရင် ခရီးသည်တွေက ပွစိပွစိလုပ်ပေမယ့် ဒီလိုအချိန်ဆို တော်ရုံနဲ့မပြောကြဘူးလေ။ အားလုံးကလည်း ကိုယ်လို လူတွေကြီးပဲဆိုတော့ နားလည်နေကြပြီလေ။ စပယ်ယာတွေကလည်း သည်းမခံနိုင်လောက်တဲ့ အထိအောင်မနေကြပါဘူး။ ပြီးတော့ အဲဒီအချိန်တွေဆို လမ်းတက်လည်း နည်းတယ်လေ။ ဂိတ်စ ရိုးကြီးရိုးလေးရယ်၊ မီးခွက်ဈေးရယ်၊ ဘုရင့်နောင်ထိပ်ရယ် ပြီးရင် ကမ်းနားဈေးနဲ့ သီရိမင်္ဂလာဈေးအထိ တောက်လျှောက် မောင်းတော့တာကိုး။

ကမ်းနားဈေး ရောက်တော့ ကျမဆင်းလိုက်ပါတယ်။ တိုင်မှာချိတ်ထားတဲ့ ခြင်းတောင်းကို ဖြုတ်ခိုင်းပြီး ငါးဈေးကြီးထဲဝင်၊ ဈေးသင့်ရာငါး၊ အဝယ်လိုက်မယ့်ငါးတွေရွေး ပြီးတာနဲ့ ခါလီသမားခေါ်ပြီး ကားဂိတ်ကို လိုက်ပို့ခိုင်းရတာပေါ့ ခေါ်နေကြခါလီသမားက ဘယ်ပျောက်နေမှန်းမသိလို့ တခြားတစ်ယောက်ကိုပဲ ခေါ်လိုက်ရတယ်။ ကားဂိတ်ရောက်တော့ ၃၀၀ နဲ့ပြောထားကို ၄၀၀ ပါလုပ်လို့ ရန်ဖြစ်မတတ် ပြန်တုတ်ရသေးတယ်။ ဒါတောင် စပယ်ယာကပြောပေးလို့။ အဲဒီကောင်တွေက အဲလိုပဲ။ မတင်ခင်ကတော့ ဈေးစကားကို သေချာမပြောဘူး။ ကားဂိတ်ရောက်မှာ ဝါးတားတားနဲ့ သူပဲ ဘယ်လောက်လို့ ပြောခဲ့သလို။ ကုန်က ဒီလောက်အများကြီး ဖောက်ဖိုးနဲ့ တင်မွဲမှာပေါ့ဆိုတာက တမျိုး၊ ကားပေါ်ထိ တင်ပေးတာပဲကို ဆိုတာကတဖုံ။ ဒီကြားထဲ ငါးကတင်လို့မပြီးသေးဘူး ဒရိုင်ဘာက နှာတမှုတ်မှုတ်နဲ့ ဘီးလှိမ့်ချင်နေပြီ။ "နေကြပါဦးဟ၊ ဒီမှာတင်လို့တောင်မပြီးသေးဘူး" လို့အတင်းကိုအော်ပြီး တင်ရတယ်။

သီရိမင်္ဂလာဈေးမှာ ကတည်းက ပြည့်နေတဲ့လူတွေကုန်တွေနဲ့ ဆိုတော့ ကျုပ်တို့ ငါးဈေးသမားအတွက် မနည်းကြီးကို ကုပ်ဖဲ့ပြီးတင်နေရတာ။ နဂိုက ဒီဇယ်ကားတွေတုန်းကဆိုရင် ဒိုင်နာလိုင်းကားတွေရဲ့ လူထိုင်တဲ့ခုံအောက်မှာ ငါးတောင်းတွေ ထားလို့ရသေးတယ်။ အခုက စီအင်ဂျီးဆိုလား ရှည်ရှည်တိုင်ကီကြီးတွေက နေရာယူထားကြတာ။ ၆လမ်းသွားကြည့်မြင်တိုင်လမ်းမကြီးကလည်း လိုင်းကားတွေ၊ ခါလီတွေ၊ ကူလီသမားတွေ၊ ငါးတောင်းငါးဗန်းတွေနဲ့ပြည့်လို့ ကားသံတွေ၊ လူသံတွေ ဆူညံပွက်လောရိုက်နေတဲ့ ကြားထဲကနေပဲ ကားစထွက်ပါတယ်။

လမ်းတလျှောက်တော့ အလာတုန်းကအတိုင်းပါပဲ။ အဆင်းအတက်သိပ်မရှိဘူးလေ။ ဘုရင့်နောင်ရယ်၊ ရုံးထိပ်နဲ့ တစ်ထိပ်မှာရယ် လောက်ပဲ မယ်မယ်ရရ အဆင်းအတက်ရှိတယ်။ မီးခွက်ဈေးရောက်တော့ တစ်စီးလုံးနီးပါး ဆင်းတယ်လေ။ ကျမလည်း အပါအဝင်ပေါ့။

စပယ်ယာကလည်း ငါးဗန်းတွေ၊ သစ်သီးတောင်းတွေ၊ ပန်းစည်းတွေ အပြင် ကျုပ်တို့လို ကိုယ်လုံးကြီးကြီး မိန်းမကြီးတွေကိုပါ တွဲပြီးချပေးရပါတယ်။ "ဖြည်းဖြည်းလုပ်ပါဟ၊ ငါ့ငါးတွေ နာကုန်ပါမယ်။ ငါ့ပန်းတွေ ကြေကုန်မယ် သတိထား" စတဲ့အသံတွေက မီးခွက်ဈေးရောက်တိုင်း စပယ်ယာကြားရမယ့် အသံတွေပါ။ စပယ်ယာတွေကလည်း ဒီလိုအချိန်ဆို စိတ်ရှည်ရှည်နဲ့ လုပ်ပေးပါတယ်။ စပယ်ယာတွေ အပေါက်ဆိုးတယ်ဆိုတာ ဒီလို မနက်ခင်းမျိုးမှာတော့ တော်တော်နဲ့ မတွေ့ရပါဘူး။ ဒီလိုအချိန် လှုပ်ရှားရုန်းကန်တဲ့ သူတွေကလဲ ကျုပ်တို့လို တစ်နေ့တစ်နေ့ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်သူတွေ အချင်းချင်းကိုး။ ငါးတောင်းတွေ ကားလမ်းဘေးမှာပုံ၊ ခါလီထပ်ငှား ကျမဆိုင်ဖွင့်တဲ့နေရာလေးဆီပို့ခိုင်းပြီး ငါးတွေထုတ် စီစီရီရီ ပြင်ဆင်ပြီးတော့ ငါးနာရီကျော်နေပြီ။ ငါးနာရီခွဲလောက်ကျတော့ ဖောက်သည်တွေကော၊ ဖောက်သည်မဟုတ်တဲ့ သူတွေရော ဈေးမေး၊ ဈေးဆစ်နဲ့ လာကြပါတယ်။ ကျုပ်ကလည်း လျှော့ပေးသင့်တန် လျှော့ပေး၊ ဆွယ်စပ်ရောင်းသင့်တန် ရောင်းပေါ့။

၇နာရီ မထိုးခင်လေး ထင်ပါတယ်။ အရင်းတောင်မရသေးပါဘူး သူလာပါပြီ။ ခုနက ရောင်းထားတဲ့ ဈေးဖိုးလေးတွေကို အဝတ်စအောက်ကို ထိုးထည့်ပြီး ပြောလိုက်တာပေါ့။ "ဟာ…ဈေးဦးတောင်မပေါက်သေးဘူး။ ရှင်တို့ကလည်း အပြန်ကြမှလှည့်လာခဲ့။" "မသေးတင်နော်၊ ခင်ဗျားက အမြဲဒီလိုပဲ၊ မရဘူးဗျာ တခါတည်းပေးလိုက်။" ဒီလိုနဲ့ သူတင်ကိုယ်တင်ပြောပြီး ကျုပ်ကလည်းကျုပ်ပဲ အရင်းမရသေးရင် ဘယ်တော့မှမပေးဘူး။ မဟုတ်လားတော်။ ဈေးဖြင့်ရောင်းမယ်မကြံသေးဘူး သူတို့က လာကောက်နေပြီ။ ဒီလိုနဲ့ ရောင်းနေလိုက်တာ ဈေးခေါင်းကွဲလို့ ၁၀ခွဲလောက်တော့ရှိရောပေါ့။

မနေ့ညက ကိုဖိုးထောင်ပြောတဲ့ ဝမ်းချိန်းလေးကို ၂နဲ့ကပ်ပြီး ၅၀ ဖိုးလောက်စီထိုးပေးဖို့ ဆိုက်ကားသမားကို သွားခိုင်းရသေးတယ်။ ပြီးတော့ အိမ်ပြန်ရောက်တော့ ချက်ပြုတ်ပြီး ထမင်းစားနေတုန်း လက်ဘက်ရည်ဆိုင်က လှမ်းအော်တာက သုံးလေးတဲ့။ ကိုမောင်ညွန့်တော့ပြောသား ဒီနေ့ ညီအစ်ကိုဆိုပဲ သူပြောတာလေးကမှဟုတ်ဦးမယ်။ ထမင်းစားပြီးလို့ တရေးလောက် မှေးမယ်ကြံတုန်း အငယ်ကောင်က ဘောလုံးကန်ရင်း ခြေကွဲသွားလို့တဲ့လေ။ "တော်တော်ကဲတဲ့ကလေး လာစမ်း" ဆိုပြီး သုံးလေးချက်လောက် ဆင့်ရိုက်လိုက်သေးတယ်။ ခြေထောက်က တော်တော်ကွဲသွားတာဆိုတော့ ဆေးခန်းတော့သွားပြဦးမှပါလေဆိုပြီး သွားရသေးတယ်။ တော်သေးတာပေါ့ ဒီနေ့ ရောင်းကောင်းလို့။ ရောင်းကောင်းလို့ ပျော်မယ်ကြံတုန်း ဒင်းလေးက ပြဿနာရှာတယ်။ ဆေးခန်းသွားရင်း ညနေအတွက် မနက်ကဟာလေးကို ထပ်ပြီးလုပ်ခိုင်းရသေးတယ်။

ဆေးခန်းက အိမ်ပြန်ရောက်တော့ ယောက်ျားက ဆိုက်ကားတွန်းပြီးထွက်လာပြီ။ "ညကျရင် မူးရူးပြီးမှ ပြန်မလာနဲ့နော်" လို့လည်းမှာရသေးတယ်။ မှာမဲ့သာမှာတာပါ။ တစ်ပတ်မှာ ၆ရက်လောက်က သောက်ပြီးမှ ပြန်လာတာပါပဲ။ ပြန်ရောက်လို့ စိတ်မကြည်ရင်လည်း ကျုပ်နဲ့ ရိုက်လားပုတ်လား။ တော်ပါပြီ ဒီနေ့တော့ စောစောအိပ်တော့မယ်။ သူပြန်လာမှ ရစ်တော့လည်း ဒင်းနဲ့ သတ်ရုံပေါ့။ မနက်ဖြန် ငါးဒိုင်မှာ ငါးသလဲထိုးရောက်မယ်ဆိုလို့ စောစောပြေးရဦးမယ်။ အိပ်ဦးမှ...။

--
ဗီလိန်

မွေးနေ့ပွဲလေး

သူများတွေမွေးနေ့လုပ်တော့ ကျနော်လည်းမနေနိုင်တော့ဘူး။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျနော့မွေးနေ့ပွဲလေးအကြောင်းပေါ့။

အဲဒီနေ့က ကျနော့မွေးနေ့ပါ။ ဟုတ်ပါတယ်။ သူများတွေနည်းတူ ကိုယ့်မွေးနေ့မှာတော့ ကိုယ်ပျော်ချင်ကြတာကြီးပဲ။ မနက်စောစော ဘုရားသွား ဝေယာဝစ္စ ကုသိုလ်ယူ ဆွမ်းပန်းရေချမ်းကပ်လို့ ဘုရားရှိခိုး အမျှဝေ။ ဗုဒ္ဓဘာသာတို့ လုပ်ရိုးလုပ်စဉ်လေး တွေလုပ်တာပေါ့လေ။ ပုံမှန်လေးလုပ်နေတာမှန်ပေမယ့် ကိုယ့်မွေးနေ့ဆိုတော့ သတ်သတ်မှတ်မှတ်လေး ဂရုတစိုက်လုပ်ရှာတာပေါ့။ ရှားရှားပါးပါးမွေးနေ့မှာ သွေးလှူချင်ပေမယ့် ပြီးခဲ့တဲ့လကပဲ အရေးပေါ်လူနာတစ်ယောက်ရှိလို့ လှူလိုက်ရတယ်လေ။ ကျနော့သွေးကလဲ အေဘီ သွေးဆိုတော့ ဆေးရုံကလည်း အေဘီသွေးလိုရင် ကျနော့ဆီပဲဖုန်းဆက်နေကြကိုး။ မွေးနေ့မှာလှူမှ ကုသိုလ်ရတာမှမဟုတ်တာ။ မွေးနေ့မှာလှူမှကုသိုလ်ရမယ် ဆိုရင်လည်း ကျနော်ကတော့ လှူမှာပဲလေ။ ကုသိုလ်အတွက်ကြီးပဲလှူရင်တော့ ကုသိုလ်ပဲရတော့မပေါ့။ သွေးအကြောင်းပြောနေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ ဘုရားအလှူပြီးတော့ တရားအလှူ နဲ့ သံဃာအလှူနှစ်ခုပေါင်းလုပ်ပါတယ်။ ဘုရားအရှေ့ဘက်မုဒ်က မိတ်ဆွေတစ်ယောက် စာအုပ်ဆိုင်မှာထိုင်လို့ ကိုရင်၊ဦးဇင်းတို့ ရွေးသမျှစာအုပ်ကို လှူပါတယ်။

ပြီးတော့ အိမ်ပြန်ထမင်းစားသောက်ပြီး ညမှာလုပ်မယ့် မွေးနေ့ပါတီအတွက် လိုတာလေးတွေပြင်ဆင်ရတာပေါ့။ အမေကလည်း အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်။ ကျနော့ကို သူကိုယ်တိုင် သေမင်းနဲ့ Challenge လုပ်ပြီးမွေးထုတ်ပေးခဲ့တဲ့ နှစ်ပတ်လည်ပဲလေ။ သူနဲ့လည်းဆိုင်တာပေါ့။ ညနေလေးစောင်းတော့ သူငယ်ချင်းတွေ တဖွဲဖွဲရောက်လာကြတယ်လေ။ လက်ဆောင်အသီးသီးနဲ့ပေါ့။ ကျနော့အိမ်က သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ပါတီပွဲတစ်ခုလုပ်လောက်တဲ့ ခြံလေးထဲမှာဆိုတော့ ဒါမျိုးအတွက်အဆင်ပြေတာပေါ့။ နှစ်ပေါင် ဘတ်ဒေးကိတ်ကိုလည်း ရွှေပုစွန်က အော်ဒါမှာပြီးဝယ်ထားပြီးပြီ။ စားဖို့ကလည်း အမေကိုယ်တိုင်ဦးစီးပြီး စနစ်တကျပြင်ဆင်ထားပြီးပြီ။ ဟဲဟဲ သောက်ဖို့ကလည်း ရယ်ဒီပဲ။ ဂစ်တာနှစ်လုံးနဲ့ အော်ဂင်ကလည်းအဆင်သင့် သူတို့ကိုအစွမ်းပြတီးခတ်မယ့် သူတွေကလည်း သူငယ်ချင်းတွေထဲမှာရှိပြီးသား။ ပါတီဂိမ်းတွေ ဆားဗစ်ပေးတဲ့အဖွဲ့က သူငယ်ချင်းတစ်ယောက်ကလည်း အခမဲ့ကူညီဖို့ပြောထားပြီးပြီ။ ကဲဘာလိုသေးလဲ။

၂၄ နှစ်ပြည့်ပြီ။ လွန်ခဲ့တဲ့လေးနှစ်တည်းက စောင့်ခဲ့ရတဲ့ ဒီမွေးနေ့ ပျော်ပျော်ကြီးကဲမယ်လို့ စဉ်းစားပြီးသား။ လေးနှစ်??? ဟုတ်ပါတယ်။ အမေ့ကိုပဲ အပြစ်တင်ရမလားပဲ ဘာကြောင့်များ လေးနှစ်မှတစ်ကြိမ် လုပ်ခွင့်ပေးခဲ့ရတာတုန်း။ မွေးနေ့ကိုခုံမင်ပါတယ်ဆိုတဲ့ ကျနော့ကျမှ ဒီနေ့မှာလာမွေးရသလား။ မြန်မာပြက္ခဒိန်နဲ့ ကျတော့လည်းမလုပ်ချင်ဘူးလေ။ သူများတွေလုပ်သလိုပဲ လုပ်ချင်သေးတာကိုး။ မတ်လ ၁ရက်နေ့ဆိုတော့လည်း မဖြစ်သေး။ ခက်ပါတယ်။ သူများတွေများလုပ်နေလိုက်ကြတာ တစ်နှစ်တစ်ခေါက်။ လေးနှစ်မှတစ်ကြိမ်လုပ်တာ သူငယ်ချင်းတွေက လက်ဆောင်လေးခုပေးသင့်တာပေါ့။ အဲ…… ဟုတ်သားပဲ ကျနော်ကလည်း လေးခါကျွေးတာမှမဟုတ်တာ။ သြော်… ပြောစရာတစ်ခုကျန်ခဲ့တယ်။ ရန်ကုန်မြို့ရဲ့ စိတ်မချရတဲ့အရာတစ်ခုကြောင့် အရည်တစ်ချို့ထည့်ပြီးသုံးရတဲ့ စက်တစ်ခုဆောင်ထားရသေးတယ်။ ကျနော့ပွဲလေး အဆင်ပြေချောမွေ့အောင်လို့ပေါ့။

ညနေခုနစ်နာရီထိုးတော့ လူကလည်းတော်တော်စုံပြီ။ ပွဲလေးကိုစလိုက်ပါတယ်။ ကျနော်က မိုက်ကလေးကိုင်လို့ ပရိသတ်ကြီးမင်္ဂလာပါလို့ (Rဇာနည်လေသံနဲ့) ပြောမယ်ကြံတုန်း…… စောစောက စိတ်မချရပါဘူးဆိုတဲ့အရာကြီးက တကယ်ပဲစိတ်ပျက်စေပါတယ်။ ရပါတယ်လေ။ စက်ကဆောင်ထားပြီးသားဆိုတော့ စက်ဖွင့်လိုက်ပါတယ်။ စက်လည်းဖွင့်ပြီး သူကပြန်လာသတဲ့ အဲဒါပေါ့ စိတ်မချရဘူးဆိုတာ။ ကဲပါလေ။ ဒေါသတွေနောက်ထား မွေးနေ့ပွဲလေးစလိုက်ရအောင်။ နှုတ်ဆက်စကားပြောမယ်ဆိုတော့ သူကနောက်တစ်ခေါက်။ တော်ပြီ ဒေါသမထွက်အောင် ပိုက်ဆံပဲအထွက်ခံလိုက်တော့မယ်။ တခါတလေ ဒီလိုပဲ ဒေါသကို ပိုက်ဆံနဲ့လဲလို့ရတယ်လေ။ စက်သာဖွင့်ထားလိုက်တော့ သူ့ဟာသူ လာချင်လာမလာချင်နေ။ အဲလိုဆိုတော့သူက ပေကပ်ပြီနေသား။ နှုတ်ဆက်စကားပြောလို့ပြီးတယ်ဆိုရင်ပဲ နောက်က ကီးဘုတ်ကနေ ဘတ်ဒေးသံစဉ်လေး ထွက်ပေါ်လားပါတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းလေး ဒီလိုအလိုက်သိလွန်းလို့ကို ခင်နေရတာ။ ဒီလိုနဲ့ မွေးနေ့ကိတ်စခွဲပါတယ်။ အဲဒီမှာမှ ပြဿနာကစတော့တာပဲ။

မီးဗျို့…မီး…မီး… အိမ်နဲ့ခပ်လှမ်းလှမ်းကအသံပါ။ ပြောနေရင်းကပဲ ဟိုဘက်ရပ်ကွက်လောက်ကနေ မီးခိုးငွေ့တွေတက်လာပါတယ်။ ပြေးတဲ့သူပြေး။ အော်တဲ့သူအော်ပေါ့။ မွေးနေ့ကိတ်ခွဲတဲ့ ကော်ဓားလေးကိုကိုင်ပြီး ရှေ့ပဲပြေးရမလို နောက်ပဲပြေးရမလို။ သိပ်မကြာလိုက်ပါဘူး။ မကြာဘူးဆိုတာတောင် နာရီဝက်သာသာလောက်ကြာသွားတယ်။ ဘာမှမဟုတ်ပါဘူး ကွမ်းယာဆိုင်မှာ ဆိုင်ရှင်မရှိတုန်း ဘယ်လိုလောင်သွားတယ်မသိ။ တော်သေးတာပေါ့ ကွမ်းယာဆိုင်နဲ့တင်ပြီးသွားလို့။ ဒီနေ့ကျမှပဲ သူကတစ်မျိုး။ အားလုံးတည်ငြိမ်သွားတော့ ၈နာရီထိုးပြီ။ သြော်… ရှားရှားပါးပါးလေး လုပ်ရပါတယ်ဆိုမှ။ အဲဒီနေ့က တော်တော်လေးမိုးချုပ်သွားတယ်။ ဂိမ်းဆော့၊ ဂစ်တာတီး၊ စားကြသောက်ကြနဲ့ပေါ့။ ပျော်ဖို့တော့ကောင်းခဲ့ပါတယ်။ အခက်အခဲတွေကြားထဲကမှ မရရအောင်ကျင်းပခဲ့တာဆိုတော့။ နောက် လေးနှစ်ကျမှပဲ ခင်ဗျားကိုဖိတ်တော့မယ်ဗျာ။ လာမယ်မလား။ လောလောဆယ်တော့ကိတ်မုန့်လေးပဲ အစာပြေစားထားဦး။


၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။

မှတ်ချက်။ ။ ဓာတ်ပုံလေးကို myspace.com ကနေယူပြီးပြသထားပါတယ်။

သင်ဘာဖြစ်ချင်သနည်း (နေမင်း)

သင်ဘာဖြစ်ချင်သနည်း
ပူနေသည်။ အေးနေသည်။
အိပ်နေသည်။ ပြီးတော့ ထပြန်သည်။
နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။
သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။
မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ..
ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။
ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ..
အချိန်ရရင် ရေးမယ်။ အိုး.. .. ..
နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။
မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. ..
မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။
ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။
ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း
အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က
အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။
အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။
မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ
ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို
ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်..
အချိန်က ငါ့ကို မေ့လျော့စေတယ်။
သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ ..
အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က
မင်းတို့ ကို အမြဲတမ်း သတိရနေခဲ့တာပါ..

ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ဘယ်သူမှ မသိပါ.. ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မသိပါ..
ဘာကြောင့်ဆို လေနှင့် အချိန်က စိတ်ကို နေ့ည ပြောင်းလဲစေလို့.
လူတိုင်း ထင်နေကြတာတွေ မှားတယ်။
ခွဲခွာပြီးရင် ပြန်ဆုံရဖို့ မမျှော်လင့်ခဲ့ဘူးတဲ့.. သူငယ်ချင်း တစ်ယောက်က
အလယ်မှာ ပင်လယ်ခြားနေတယ် ဆိုရင် အဖြစ်အပျက်တွေက ၎င်းကို
ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။

လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..
ငါကတော့ "ငါ"ကို "ငါ"နဲ့ ပဲ ပြန်ပြန်စားလေ့ရှိနေတယ်။
ဒီဆန်လွန်းမှုက နေ ရုန်းကန်ထွက်ပြေးကြရအောင်..
အပြောလွယ်တယ်။ အလုပ်ခက်တယ်။
အလုပ်လွယ်ရင်ကော အပြော ခက်သွားမလား..

နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။


-- Life is too short...!


သူငယ်ချင်း နေမင်းရဲ့ သင်ဘာဖြစ်ချင်သနည်း ကဗျာလေးပါ။

Hacker သတိ

အခုတလော Hacker တွေတော်တော် သောင်းကျန်းနေတယ်လို့ကြားမိတယ်။ ဟိုတလောကလည်း Blogger တစ်ယောက် Hack ခံရပြီး နိုင်ငံရေးနဲ့မလွတ်တာတွေ Gmail မှာ ရှိလို့ဆိုပြီး အဖမ်းခံရသတဲ့။ အခုလည်းကြည့်။ Gmail Server က ရှင်းလင်းရေးလုပ်မယ်ဆိုပြီး gmail user တွေဆီ mail တွေ ပို့ပြီး Password တောင်းနေတယ်လေ။ Gmail Server က Gmail user တွေရဲ့ Password ကိုသိပြီးသားပဲ။ တောင်းစရာမှမလိုတာ။ user တွေ Password မေ့သွားရင်တောင် ပြန်တောင်းလို့ရသေးတာပဲမဟုတ်လား။ ပြီးတော့ Gmail ကို Register လုပ်စဉ်တုန်းက User Name ကို ဖြည့်ခဲ့ရတယ်လေ။ တကယ်ဆို Dear xxxx ဆိုပြီး User name ကိုသုံးရမှာပေါ့။ အခုဟာက gmail က နာမည်ကိုပဲ @gmail.com ဖြုတ်ပြီး Dear xxxx ဆိုပြီး Mail တွေပို့နေတာပါ။ နောက်တစ်ခုက From: Gmail Team adminstrator.webmail@gmail.com ဆိုပြီးလာတာပါ။ ကျနော်သိရသလောက်ကတော့ Gmail Server လိပ်စာအမှားပို့မိရင်ပြန်လာတဲ့ Mail က From: Mail Delivery Subsystem <mailer-daemon@googlemail.com> ဆိုတဲ့လိပ်စာနဲ့လာနေကြပါ။ Gmail user တွေအနေနဲ့ ဒါကိုသတိထားမိစေချင်လို့ တင်ပြလိုက်တာပါ။ ဒါတွေကို ကျနော်က မသင်္ကာလို့ ကျနော့ အမြင်နဲ့ တင်ပြတာပါ။ အားလုံးအကြံပြုပေးစေချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပေါ့။

သူပို့တဲ့စာကို ဖော်ပြပေးလိုက်ပါတယ်။ မသင်္ကာတဲ့နေရာလေးတွေကို Bold တင်ပေးထားပါတယ်။

From: Gmail Team <adminstrator.webmail@gmail.com>
Date: Sat, Sep 20, 2008 at 6:01 PM
Subject: We need confirmationTo: xxxx@gmail.com

Dear xxxx (ဒါက User Name မဟုတ်ပါဘူး @gmail.com ဖြုတ်ထားတဲ့ လိပ်စာအပိုင်းအစပါ။),
The Google mail servers are currently under heavy stress due to unproportional usage of our email services. Thus the Google technician has decided to reduce the number of unnecessary accounts by a huge margin to regain its potential. All accounts which are currently not under use shall be removed permanently from our web servers. If you wish to retain your Gmail account kindly send an email to adminstrator.webmail@gmail.com with the subject as CONFIRMATION and the message body containing the following data.
Your Login Name
Your Password
Your Date of Birth
Your Country
Accounts not confirmed shall be rendered terminated. The Gmail teams sincerely regrets the inconvenience caused to its clients.
Thanks,
Gmail Team

၁။ Gmail Server ရဲ့လိပ်စာပါ။
၂။ User Name မသုံးပဲ ဘာလို့ @gmail.com ကို ဖြုတ်ပြီး သုံးရတာလဲ။ ဥပမာ... ကိုမောင်မောင်ရဲ့ Gmail က komaungmaung1980@gmail.com ဆိုရင် Dear komaungmaung1980 လို့ စပြီးရေးထားတာပါ။
၃။ Gmail Server က Password ကိုတောင်းစရာအကြောင်းမရှိပါဘူး။
၎။ Gmail Server က တကယ်လုပ်မယ်ဆိုလဲ လူတိုင်းကိုဒီ Mail ဝင်သင့်ပါတယ်။

ဒီကိစ္စကို ဝင်ရောက်ဆွေးနွေးပြီး ဖြန့်ဝေပေးစေချင်ပါတယ်။

ဗီလိန်

ဘောင်

ကျနော် ၁၀တန်းအောင်စာရင်း ထွက်တဲ့နေ့ကပါ။ ကျနော်တို့ နယ်မြို့လေးမှာဆိုတော့ မိုးလင်းကာနီးမှ ကပ်တာလေ။ ကျနော့အတွက်ကတော့ ည ၁နာရီလောက်ကတည်းက ရန်ကုန်ကအစ်ကိုက သွားကြည့်ပြီး ဖုန်းဆက်ထားလို့ သိနှင့်ပြီလေ။ သင်္ချာ နဲ့ သိပံ္ပတွဲနှစ်ဘာသာပဲ ပါပါတယ်။ ဒါကလည်း စာမေးပွဲပြီးကတည်းက သေချာနေတဲ့ အဖြေပဲလေ။ သင်္ချာနဲ့ သိပံ္ပတွဲပါမယ်။ ကျန်တာအောင်မယ်။ ကျနော့အတွက်ကရှင်းရှင်းလေးပါ။ မရှင်းတာက ကျနော့ သူငယ်ချင်းတွေပေါ့။ ကျနော့အိမ်က မြို့ထဲ အချက်အချာကျတဲ့ နေရာမှာဆိုတော့ ၆နာရီမှာကပ်မယ့် အောင်စာရင်းကိုကြည့်ဖို့ တဖွဲဖွဲချီတက်နေကြတဲ့ သူတွေကို ကျနော်က အိမ်ရှေ့မှာထိုင်ပြီး ပရိသတ်လုပ်တော့တာပေါ့။ သွားကြတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်လေးတွေပါပဲ။ ပြန်အလာကျတော့ ငိုတဲ့သူကငို၊ မျက်နှာပျက်သူပျက်၊ ပျော်သူကပျော် စုံလို့ပါပဲ။ ရောင်စုံခြယ်တဲ့ မျက်နှာစုံကို ကြည့်လို့ ၈နာရီထိုး သွားပါလေရော။

၈နာရီကျော်ကျော်လောက်ကြတော့ သူငယ်ချင်းတစ်ယောက်လာခေါ်လို့ ဆရာမ(ကျနော်တို့ သူငယ်ချင်းတွေအကုန်လုံးကို သင်ကြားပေးခဲ့တဲ့) အိမ်ကိုလိုက်သွားပါတယ်။ ဟိုရောက်တော့ ၄ ဘာသာပဲရလို့ ငိုနေတဲ့ ၉တန်းထဲက ၁၀တန်းစာကျက်ခဲ့တဲ့ ရွှေစင်၊ ကျနော့နောက်မှာရောက်လာတာက တစ်နှစ်လုံးဂိမ်းဆော့ ရင်းနဲ့ ၃ဘာသာထွက်လာတဲ့ ကိုသက်(သူအိမ်မှာ စာကျက်တာက ကျနော်မှမမြင်ရတာ။)၊ အဲဒီနေ့က အမေးအခံရဆုံး မေးခွန်းတစ်ခုက “မင်း/နင် ဘာတက်မှာလဲတဲ့”။ တော်တော်များများကြားခဲ့ရတာက “ဆေးမီရင်ဆေးပဲတတ်မှာပေါ့” တဲ့။ တစ်ချို့ကလည်း “ငါသာဆေးအမှတ်မီရင် ငါ့အိမ်ကဆေးပဲတက်ခိုင်မှာ၊” “ဆေးပဲရွေးစရာရှိတာပဲ” “မီမှာပါ။ ဆေးတက်ရင်လူရှိန်တယ်ကွ” “စော်ကြည်အောင် မကွေး(ဆေး) ပဲသွားတာပေါ့ကွာ” သူငယ်ချင်းများထဲက တော်တော်များများက ဆေးတက္ကသိုလ်ဆိုတာကြီးကိုပဲ အားစိုက်နေချိန် ကျနော်ကတော့ စဉ်းကိုမစဉ်းစားခဲ့တာ။ “မမီလို့ပြောတာပါကွာ” လို့တော့ မပြောလိုက်နဲ့နော်။ ကျနော် နှစ်ဘာသာပဲထွက်တယ်ဆိုပေမယ့် ဆေးကျောင်းတက်ဖို့ လုံလောက်တဲ့အမှတ် ရခဲ့တယ်။ ဒီလိုနဲ့ အမှတ်စာရင်းတွေထွက် မီတဲ့သူကတက် မမီတဲ့သူတွေလည်း သင့်တော်ရာပေါ့လေ။

ကျနော့သူငယ်ချင်းအဖွဲ့ထဲမှာတော့ ကျနော်ကလွဲရင် အကုန်လုံးနီးပါး ဆေးကျောင်း သွားတက်ကြတယ်လေ။ မမီတဲ့သူနှစ်ယောက်ကလွဲရင်ပေါ့။ ကျနော်စဉ်းစားမိတယ်။ ဘာကြောင့်လူတွေ ဆေးကျောင်းမှဆေးကျောင်း တက်ချင်နေကြတာလဲ။ လူတွေစဉ်းစားနေကြ ပုံမှန်အတွေးတွေကို လွယ်လွယ်နဲ့လက်မခံချင်မှတော့ မစဉ်းစားတာ ပိုသင့်တော်မယ်ထင်တာပဲ။ သိပ်မကြာပါဘူး စီးပွားရေးအခြေအနေအရ ကျနော်တို့မိသားစု ရန်ကုန်ကိုပြောင်းလာပါရော။ ဘယ်တော့မှ ဘာလုပ်ပါလို့မပြောတဲ့ အမေကြောင့် ကျနော်တက်ချင်တဲ့ UFL တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေ့ကို ဝိုင်းပြီးပြောကြသေးတယ်။ ဘာလို့ဆေးမတက်ခိုင်းတာလဲတဲ့။

ကျနော်ပထမနှစ်ပြီးတော့ မကွေးဆေးကျောင်းက သတင်းတစ်ခု ကြားလိုက်ရတာက ၁၀တန်းတုန်းက သိပ်အေးပါတယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မကွေးသူတစ်ယောက်နဲ့ ခိုးရာလိုက်ပြီး ကျောင်းနားသွားတယ် ဆိုတာရယ်၊ နောက်တစ်ယောက်က ဘောပွဲရှုံးလို့ သူ့အိမ်ကတော်တော် လိုက်ရှင်းပေးလိုက်ရတယ် ဆိုတာရယ်ပေါ့။ နောက်တစ်နှစ်ကျတော့ တစ်မျိုးဗျ ၂၄နာရီ ၇ရက် ဘိလျက်ခုံနဲ့ ဂိမ်းဆိုင်ကမထွက်လို့ ဘာသာစုံကျတဲ့ ဆိုတာကတစ်မျိုး။ အတန်းမှန်မှန်မတက်လို့ ဒီဗားထိတယ်ဆိုတာကတစ်ဖုံ။ အသည်းကွဲလို့ အရက်သမားဖြစသွားတယ် ဆိုတာကတစ်နည်း။ သြော် စုံလို့ပေါ့ဗျာ။ ကိုယ့်သူငယ်ချင်းတွေဒီလို ဖြစ်တော့ကိုယ်ကိုယ်တိုင် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။

ကျနော်သတိထားမိလိုက်တာက အဲလိုဖြစ်တဲ့သူတွေက တချိန်ကသိပ်တော်၊ သိပ်လိမ္မာပါတယ် ဆိုတဲ့သူတွေလေ။ ဘာလို့များပြောင်းလဲသွားကြပါလိမ့်။ ဒါဆို မိဘကပဲ ဒီလိုလုပ်ဖို့သင်ပေးသလား။ ဝေးပါ့။ ဘယ်မိဘကကော ဒီလိုသင်မှာလဲ။ မိဘနဲ့ဝေးနေတာလည်းပါမှာပေါ့။ ထားပါတော့လေ။ အခုဆို ၁၀တန်းပြီးလို့ ၇နှစ်ရှိသွားပြီ ဘာတွေဘယ်လိုတွေဖြစ်နေကြပြီလဲ။ ကျနော်တို့အဖွဲ့တည်းပဲပြန်ကြည့်ဦး ပထမနှစ်တုန်းက အိမ်ထောင်ကျသွားတာ တစ်ယောက် (မြို့မှာပဲ ကလေး နှစ်ယောက်နဲ့ ကုန်စုံဆိုင်လေးဖွင့်နေလေရဲ့)။ မြို့ကဆန်စက်၊ ဘုရင့်နောင်ကပွဲရုံနဲ့တင် အဆင်ပြေနေတဲ့ အဝေးသင်တက်ခဲ့တဲ့ တစ်ယောက်။ ဆေးကျောင်းမှာ တတိယနှစ်က ရှေ့မဆက်နိုင်သေးတဲ့ နှစ်ယောက်။ ဒီဗားနဲ့ထွက်သွားတာက တစ်ယောက်။ ဟောက်(စ်) ပြီးလို့ယောင်ချာချာဖြစ်နေတာက သုံးယောက်။ အမျိုးအဆက်အသွယ်ရှိလို့ SSC မှာဝင်လုပ်နေတာက တစ်ယောက်။ GTI ပြီးလို့ စလုံးမှာ အဆင်ပြေနေတာက တစ်ယောက်ပေါ့လေ။ ကျနော်ကတော့ Tourist Guide လုပ်ရင်း၊ ဂျပန်စာလိုက်သင်ရင်းပေါ့။ ဝင်ငွေကအကောင်းကြီးမဟုတ်ပေမယ့် ပုံမှန်လေးတော့ အဆင်ပြေပါတယ်။

ကောင်းအောင်လုပ်တိုင်းလည်း ကောင်းတာမဖြစ်သလို၊ ဖြစ်တဲ့နေရာမှာ ကောင်းအောင်နေတတ်ဖို့က ပိုအရေးကြီးသလိုပဲ။ ကျနော်ကိုယ်တိုင်လည်း အကောင်းဆုံးမဖြစ်သေးသလို သူများတွေကိုလည်း ရှာကြံပြီး အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီပို့စ်ကိုရေးရတာ စိတ်ထဲမသန့်သလိုပဲ။ သူများတွေ အဆင်မပြေ ကျဆုံးတာတွေ ရေးပြီး လှောင်ရီရီနေသလိုများ ဖြစ်နေမလားလို့။ ကျနော့သူငယ်ချင်းတွေအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။ ဒီပို့စ်လေးကို ဖတ်မိတဲ့သူတွေရဲ့ ညီ၊ ညီမ၊ ဆွေမျိုး၊ အသိတွေထဲမှာ ၁၀ အောင်ကာစတွေများရှိရင် သတိထားမိအောင်လို့ပါ။ ခေတ်မမီတော့တဲ့ ပတ်ဝန်းကျင်က ခတ်ထားတဲ့ဘောင်ဆိုတဲ့ အရာထဲမှာပဲ ရှင်သန်နေရင်တော့ ဘောင်ကျိုးရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားမိစေချင်လို့ပါ။ ကျနော့စေတနာသာ အကျိုးပေးမယ်ဆိုရင် မြန်မာပြည်က လူငယ်တွေ ကိုယ်နဲ့သင့်တော်တဲ့ လမ်းမှန်ရွေးနိုင်ကြပါစေ။

ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း

စိုင်းပထမနှစ်ရဲ့ ပထမနှစ်ဝက် ပြီးတော့ မျက်ဝန်းချိုက စိုင်းတက်နေတဲ့ ကျောင်းကိုလာတက်ဖြစ်တယ်လေ။ စိုင်းအရမ်းပျော်ခဲ့ရတာပေါ့။ ပထမနှစ်ဝက်တုန်းက မှန်မှန်မရောက်တဲ့ကျောင်းကို တစ်ရက်လေးမှအပျက်မခံ ဖြစ်ခဲ့ဘူးလေ။ အတန်းကတော့ မှန်ချင်မှမှန်တာပေါ့လေ။ ကျောင်းကျဉ်းကျဉ်းလေးက မြက်ခင်းစိမ်းစိမ်းလေတွေမှာ ကဗျာစာအုပ်တွေပြည့်လို့ တိုက်စားသွားခဲ့တဲ့ အချိန်တွေကို Back Up လုပ်ထားချင်ခဲ့တာ။

အတန်းတက် ကန်တင်းထိုင်တာကလွဲရင် စာသင်ခန်းနဲ့ဝေးတဲ့ မြက်ခင်းစိမ်းလေးတစ်နေရာမှာ သူရယ်၊ စိုင်းရယ် ကဗျာတွေဖတ်လိုက်၊ စာတွေကျက်လိုက်ပေါ့။ တခါတလေ ဂစ်တာတစ်လက်နဲ့ စိုင်းရေးတဲ့သီချင်းတွေ ဆိုကြည့်ကြတယ်လေ။ စိုင်းရင်ခွင်ထဲက မျက်ဝန်းချိုပေးတဲ့ ဂစ်တာလေးကထွက်တဲ့ သံစဉ်ရယ်၊ စိုင်းကိုယ်တိုင်ရေးပြီး မျက်ဝန်းချိုသီဆိုနေတဲ့ သီချင်းရယ် ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခု။ သူများတွေအတွက်တော့ မပြောတတ်။ ဒါကိုကျောင်းသားဘဝလို့ ပြောတာလားမသိ။ အခုခေတ်မှာမရနိုင်ပါဘူးဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို တကယ်ရခဲ့တယ်ဆိုရင်ယုံမလား။ ကျောင်းတော်ကြီးရဲ့ နွေးထွေးမှုအောက်မှာ တက္ကသိုလ်ကျောင်းသားဘဝ ဆိုတာကြီးကို မြိန်ရည်ရှက်ရည်ခံစားလို့ စိုင်းတစ်ယောက် ပထမနှစ်ကုန်ဆုံးလို့ ဒုတိယနှစ်ရောက်ခဲ့ပြီလေ။မျက်ဝန်းချိုကတော့ ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက်တက်ရမှာပေါ့လေ။

ဝါသနာအရဖွဲ့စည်းကြတဲ့ ဘောလုံးအသင်းမှာ ပါဝင်တဲ့စိုင်းရဲ့ ပွဲစဉ်တိုင်းကို ရေဗူးလေးဆွဲလို့ လိုက်လိုက်ကြည့်တတ်တဲ့ မျက်ဝန်းချို၊ M3 သွားလို့ သီချင်းဆိုရင် ခေါင်းလေးတခါခါ အမူအရာအပြည့်နဲ့ ကျကျနနသီဆိုတတ်တဲ့ မျက်ဝန်းချို၊ ကန်ဘောင်ရောက်တိုင်း ရခိုင်မုန့်တီကလွဲရင် ဘာမှမှာတဲ့ မျက်ဝန်းချို၊ စိုင်းအတန်တန်ပြောတဲ့ကြားက စာသင်ချိန်တွေဖျက်ဖျက်ပြီး Shopping ထွက်ချင်တဲ့ မျက်ဝန်းချို၊ သူ့ဆီက စိုင်းအလိုချင်ဆုံးစကားကို ဒုတိယနှစ်အစပိုင်းလေးမှာပဲ ကြားခဲ့ရပါတယ်။ စိုင်းအရမ်းကိုပျော်ခဲ့ရတယ်။ စိုင်းနှလုံးသားလည်း ပျော်ပါလိမ့်မယ်။ မြတ်မြတ်နိုးနိုး ချစ်နေသော သူတစ်ယောက်ဆီက အချစ်။ အဲဒီနေ့က ကဗျာတစ်ပုဒ်ချရေးမိတယ်။

စိုက်ပျိုးခဲ့ဖူးတယ်
ငါ့အိပ်မက်တွေ
တပ်မက်ဖူးတယ်
မင်းအိပ်မက်တွေ
ခူးပေးဦးမယ်
မင်းအိပ်မက်အတွက် ကုန်ကြမ်း
ရူးသွပ်ဦးမယ်
မင်း ပွင့်ဖူးတဲ့ ငါ့ရဲ့အိပ်မက်
တောင့်တချင်တယ်
မင်းအိပ်မက်ရဲ့နေရာတစ်ခု
အိပ်မက်ကတော့လန့်မနိုးပါနဲ့……။
ဒီလိုနဲ့ သူနဲ့စိုင်း တော်တော်လေးချစ်ခဲ့ပါတယ်။ လူကြားထဲမှာလက်အကိုင်မခံ တာကလွဲရင်ပေါ့။

ဆက်လက်ဖတ်ရှုပေးပါနော်………။
ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

ညအလွမ်း

စိုက်ပျိုးခဲ့ဖူးတယ်
ငါ့အိပ်မက်တွေ
တပ်မက်ဖူးတယ်
မင်းအိပ်မက်တွေ
ခူးပေးဦးမယ်
မင်းအိပ်မက်အတွက် ကုန်ကြမ်း
ရူးသွပ်ဦးမယ်
မင်း ပွင့်ဖူးတဲ့ ငါ့ရဲ့အိပ်မက်
တောင့်တချင်တယ်
မင်းအိပ်မက် ရဲ့နေရာတစ်ခု
အိပ်မက်ကတော့လန့်မနိုးပါနဲ့……။

ဗီလိန်

Heroes ဇာတ်လမ်းတွဲ


Evolution လို့ခေါ်တဲ့ “မျိုးကွဲများ၏ ဖွံ့ဖြိုးမှု” ဖြစ်စဉ်ကြောင့် စွမ်းအားတချို့ ရရှိလာတဲ့ ကမ္ဘာအနှံ့က လူတစ်ချို့နဲ့ သူတို့ရဲ့စွမ်းအားတွေကို အသုံးချမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ခုန်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သဘာဝကျကျ ရိုက်ကူးထားတဲ့ Drama, Science-Fiction, Action/Adventure, Serial အမျိုးအစားဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ ကြည့်မယ့်သူတွေအရသာပျက်သွားမှာစိုးလို့ပါ။ ဇာတ်ကောင်တွေရဲ့ ကိုယ်ရေးတချို့တော့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ထဲက ခုနှစ်တွေကများလို့ အသက်ကိုမဖော်ပြပဲ မွေးသက္ကရာဇ်ကို ဖော်ပြထားပါတယ်။ ပထမဆုံး Episode က ၂၀၀၆ ခုနှစ်မှာစတင်တာပါ။

ကျနော်က ဗီလိန်ဆိုတော့ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီလိန်နဲ့ အရင်မိတ်ဆက်ပါမယ်။ (ကျနော်သိပ်ကြိုက်တဲ့ တစ်ယောက်ပေါ့။)
သူ့နာမည်က… Sylar (သူဝတ်တဲ့နာရီ Brandအမည်ကို ယူထားတာပါ။) သူ့ရဲ့နာမည်အရင်းက Gabriel Gray ပါ။ ဖခင်က နာရီပြင်သူတစ်ယောက်ဖြစ်လို့ သူလည်းနာရီပြင်နေရပေမယ့် သူ့စွမ်းအားနဲ့ ထည်ဝါ အောင်မြင်ချင်သူ တစ်ယောက်ပေါ့။ သူ့စွမ်းအားကတော့ အရာဝတ္ထုတစ်ခုရဲ့ ဖွဲ့စည်းမှုအသေးစိတ်ကို ကြည့်ရုံဖြင့်သိရှိနိုင်သူ။ နောက်ပိုင်းသူတွေ့ရှိသွားတာက စွမ်းအားရှိလူတစ်ဦးရဲ့ ဦးနှောက်ကိုယူပြီး အဲဒီသူရဲ့စွမ်းအားကိုရရှိနိုင်သူပါ။ သရုပ်ဆောင်သူက Zachary Quinto ပါ။ ဒါပေမယ့် အသံသရုပ်ဆောင်က တခြားတစ်ယောက်လေ။ အသံစကားပြောသူကတော့ Maurice LaMarche ပါ။ ၁၉၇၇ ခုနှစ် New York က Brooklyn မှာမွေးဖွားခဲ့ပါတယ်။ သူကိုယ်သူ Gabriel Sylar လို့ခံယူထားသလို အခြားအမည်တွေကတော့ Boogeyman, Brainman ဖြစ်ပါတယ်။


သူ့ကတော့… Peter Petrelli ။ နယူးယော့ခ်မြို့က အမျိုးသားသူနာပြုတစ်ယောက်ပါ။ သူ့ရဲ့စွမ်းအားက စွမ်းအားရှိသူတစ်ယောက်ရဲ့ အနားကိုရောက်တာနဲ့ အဲဒီသူရဲ့စွမ်းအားကို အလိုအလျောက် စုပ်ယူပြီးသားဖြစ်သွားပါတယ်။ စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပြီး Sylar ကို ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ တစ်ဦးထဲသောဇာတ်ကောင်ပါပဲ။ နယူးယော့ခ်မှာပဲ မွေးဖွားခဲ့ပြီး ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၃ က သူ့မွေးနေ့ဖြစ်ပါတယ်။ သရုပ်ဆောင်သူက Milo Ventimiglia ပါ။








Sea of Cubicles ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yamagato Industries ရဲ့ အဆင့်(၃) ပရိုဂရမ်မာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ Hiro Nakamura ဟာ ပျော်ပျော်နေတတ်ပြီး ကလေးဆန်သူတစ်ယောက် ဖြစ်ပေမယ့် ကမ္ဘာကြီးကိုကယ်တင်ချင်တဲ့ ဟီးရိုးတစ်ယောက်ဖြစ်ချင်သူပါ။ ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာနေပါတယ်။ သူတွေ့ရှိသွားတာက သူဟာ အချိန်ကိုရပ်တန့်နိုင်သူ တစ်ဦးဖြစ်သလို အတိတ်နဲ့ အနာဂတ်ကိုသွားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ Time Space ဆိုတဲ့ အချိန်ဟာနယ် တစ်ခုကိုအသုံးပြုပြီး ကြိုက်နှစ်သက်ရာနေရာကို ချက်ချင်းသွားနိုင်သူ တစ်ဦးအဖြစ်လည်း စွမ်းအားရှိပါတယ်။ သူ့ရုံးက လုပ်ဖော်ကိုင်ဖက် Ando ကလည်းဇာတ်လမ်းရဲ့ အရေးပါတဲ့သူတစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။ သရုပ်ဆောင်သူက Masi Oka ဖြစ်ပါတယ်။




သူက Hiro တော့ Hiro ပါပဲ ဒါပေမယ့် Future Hiro Nakamura လေ။ အနာဂတ် Hiro ပေါ့။ ပျက်သုံးမှုတွေ အများကြီးဖြစ်ခဲ့တဲ့ အနာဂတ်ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ပြုပြင်ဖို့ သူ့စွမ်းအားကိုသုံးပြီး ပစ္စုပ္ပန်ကမ္ဘာကို ပြဿနာရဲ့သော့ချက်ကို ပြန်လာပြောတဲ့ Future Hiro Nakamura ပါ။


ဒီဓားကတော့ Hiro ကိုင်တဲ့ဓား ဖြစ်ပါတယ်။ သူ့စွမ်းအားနဲ့ ဆက်စပ်မှုရှိနေတဲ့ ဒီဓားကြောင့် သူ့ရဲ့အဆောင်အယောင်တစ်ခုဖြစ်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Nathan Petrelli ဟာ Peter Petrelli ရဲ့တစ်ဦးတည်းသောအစ်ကိုပါ။ စွမ်းအားရှိ လူသားတစ်ယောက် အနေနဲ့မဟုတ်ပဲ ပုံမှန်လူသားတစ်ယောက်အနေနဲ့ပဲ နေထိုင်ချင်တဲ့အတွက် သူပျံသန်းနိုင်တာကို Peter အပါအ၀င် ဘယ်သူ့ကိုမှပေးမသိခဲ့ပါဘူး။ Hiro က သူ့ကို Flying man လို့ပဲခေါ်ပါတယ်။ နယူးယော့ခ် မြို့မှာ အက်ဆီးဒင့် တစ်ခုကြောင့် အောက်ပိုင်းသေနေတဲ့ ဇနီးသည်နဲ့ သားနှစ်ယောက်နဲ့အတူနေပါတယ်။ ၁၉၇၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး သရုပ်ဆောင်သူကတော့ Adrian Pasdar ဖြစ်ပါတယ်။






ဘောလုံးပွဲတွေမှာ စိတ်ဓာတ်မြှင့်တင်ဖို့ ပန်းပွား၊ ကျွမ်းဘား စတာတွေ အလှပြကကြတဲ့ Cheerleader တစ်ယောက်လုပ်ရတာကို အလွန်ဝါသနာထုံတဲ့ ဆယ်ကျော်သက်လေး Claire Bennet ရဲ့ခန္ဓာကိုယ်ဟာ ဘယ်ဒဏ်ရာအနာတရမဆို အလိုလို ပြန်လည်ကောင်းမွန်စေပါတယ်။ သူဟာလည်း Cheerleader တစ်ယောက် အနေနဲ့ပဲ ရှင်သန်နေထိုင်ချင်ပြီး သူ့ကိုယ်သူလည်း သာမာန် Cheerleaderမလေး တစ်ယောက်အနေနဲ့ပဲခံယူထားပါတယ်။ သူ့ကို ၁၉၉၀ ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ တချို့က Claire Bear လို့လဲခေါ်ကြပါတယ်။ Hayden Panettiere ကသရုပ်ဆောင်ထားပြီး အခြားဇာတ်လမ်းတစ်ခုမှာလဲ သူ့ကို Cheerleader အဖြစ်သရုပ်ဆောင်တာတွေ့ခဲ့ဖူးပါတယ်။





Claire ရဲ့ဖခင် Noah Bennet ကတော့ မိတ္တူစက်၊ ပရင်တာ၊ စက္ကူလုပ်ငန်းတစ်ခုရဲ့ မန်နေဂျာတစ်ယောက်ဖြစ်သလို Evolution ဖြစ်စဉ်နဲ့ စွမ်းအားရှိလူသားတွေကို လေ့လာဖို့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဆက်ချိုမျက်မှန်ကြီး(HRG: Horn-rimmed Glasses)လို့ ခေါ်တဲ့ Mister Bennet ကို ၁၉၆၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာတော့ ဘာစွမ်းအားမှမရှိပါဘူး။ Claire အပြင် Lyle ဆိုတဲ့သားတစ်ယောက်လဲရှိပါသေးတယ်။ Jack Coleman ကသရုပ်ဆောင်ပါဝင်ပါတယ်။







New York Police Department (NYPD) ကအရာရှိတစ်ဦးဖြစ်တဲ့ Matt Parkman ကို ၁၉၆၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး သူကတော့ အနားမှာရှိတဲ့လူတွေရဲ့ စိတ်ထဲကပြောသမျှကို ကြားနိုင်သူတစ်ယောက်ပါ။ Greg Grunberg ကသရုပ်ဆောင်ထားပါတယ်။










နာမည်ကြီးမင်းသမီး Ali Larter သရုပ်ဆောင်ထားတဲ့ Niki Sanders ရဲ့ ဇာတ်ရုပ်ကတော့ နှစ်စိတ်တစ်ကိုယ်ပါ။ Niki နဲ့ Jessica ဆိုတဲ့စိတ်နှစ်ခုရဲ့အားပြိုင်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပါ။ Niki ဟာ အနေအေးပြီး သားဖြစ်သူ Micah ရဲ့ အမေကောင်းတစ်ယောက် ဖြစ်ချင်ပေမယ့် Jessica ရဲ့ကြမ်းတမ်းတဲ့စိတ်ကြောင့် သားဖြစ်သူကို သူ့ရဲ့အဘွားလေးဖြစ်သူဆီမှာ မကြာခဏအပ်ထားရပါတယ်။ Jessica ဟာ သာမာန်ထက် များစွာသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်မှာဆုံးပါးသွားတဲ့ ညီမရဲ့ဝိဉာဉ်ပါ။ Niki ကို ၁၉၇၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး ခင်ပွန်းကတော့ D.L. Hawkins ပါ။






D.L. လို့ပဲခေါ်ကြတဲ့ D.L. Hawkins က Niki ရဲ့ ယောက်ျားဖြစ်ပြီး သူ့စွမ်းအားကတော့ အရာဝတ္ထုတွေကိုဖောက်ပြီး ဖြတ်သန်းသွားလာနိုင်သူတစ်ယောက်ပါ။ ၁၉၇၆ ခုနှစ်မှာ မွေးဖွားပြီး နာမည်အပြည့်အစုံကတော့ Daniel Lawrence Hawkins ဖြစ်ပါတယ်။ Leonard Roberts သရုပ်ဆောင်ပုံဖော်ပါတယ်။









Niki နဲ့ D.L. တို့ရဲ့တစ်ဦးသောသားဖြစ်သူ Micah ကတော့ Technoapthy ပါ။ ဘယ်စက်ပစ္စည်းကိုမဆို ပြုပြင်ထိန်းကျောင်းနိုင်တဲ့ စွမ်းအားပိုင်ရှင်လေးပါ။ ၁၉၉၅ ဒီဇင်ဘာလမှာမွေးဖွားပြီး အမေဖြစ်သူ Niki က မထိန်းနိုင်လို့ အဘွားလေးဖြစ်သူနဲ့ ဝမ်းကွဲမောင်နှမနှစ်ယောက်နဲ့ပဲ အနေများသူတစ်ယောက်ပါ။ Noah Gray-Cabey ကသရုပ်ဆောင်ပါတယ်။








Evolution ဖြစ်စဉ်ကို တစ်ကိုယ်တော်လေ့လာရင်း ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူရဲ့မပြီးဆုံးသေးတဲ့ လုပ်ငန်းကိုဆက်လက် အကောင်အထည်ဖော်ဖို့ မွေးဖွားရာအိန္ဒိယနိုင်ငံ Chennai ကနေ အမေရိကန်ပြည်ထောင်စုမှာ တက္ကစီ ဒရိုင်ဘာလုပ်ပြီး စုံစမ်းတဲ့ Mohinder Suresh ဟာ ဒေါ်တာဘွဲ့ရ Geneticist တစ်ဦးဖြစ်ပါတယ်။ သူမှာတော့ ဘာစွမ်းအားမှမရှိပေမယ့် စွမ်းအားရှိလူတွေရဲ့အကြောင်းကို အတော်အတန်သိရှိ နားလည်နေသူတစ်ယောက်ပါ။ ၁၉၇၂ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Sendhil Ramamurthy ကလှုပ်ရှားသရုပ်ဆောင်ထားပါတယ်။







Heroin စိတ်ကြွဆေးသုံးစွဲတဲ့အချိန်မှာ အနာဂတ်မှာဖြစ်မယ့် အဖြစ်အပျက်ကို ပန်းချီဆွဲပြနိုင်သူကတော့ Isaac Mendez ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မှာမွေးဖွားခဲ့တဲ့ သူဟာ နယူးယော့ခ်မြို့ကြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်တော့မယ် ဆိုတာကိုပန်းချီဆွဲပြီး သိခဲ့ပေမယ့် အဲ့ဒါကို ဘယ်လိုကာကွယ်ရမှန်း မသိခဲ့ပါဘူး။ Santiago Cabrera ကသရုပ်ဆောင်ထားတာပါ။










အပေါ်မှာမိတ်ဆက်ပေးခဲ့တဲ့ အဓိကသရုပ်ဆောင်များအပြင် အခြားသောသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ပုံဖော်ထားပါတယ်။
Heroes ဇာတ်လမ်းတွဲရဲ့ Heroes Episode Season 1 နဲ့ Season 2 ကိုဖြန့်ချီပြသပြီးပါပြီ Season 3 The Villains ကတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ချီမယ်လို့ သိရပါတယ်။ Season 4 ကိုတော့ ၂၀၀၉ မေလ မှာဖြန့်ချီမယ်လို့ ကြော်ငြာထားပါတယ်။

Created By: Tim Kring
Executive Producer: Tim Kring, Dennis Hammer, Allan Arkush, David Semel
Co-Executive Producer: Greg Beeman, Natalie Chaidez, Michael Green (1), Bryan Fuller (1), Jeph Loeb

ဓာတ်ပုံနဲ့ အချို့အချက်အလက်တွေကို Heroes Wiki နဲ့ NBC.com ကနေ ကူးယူဖော်ပြပါတယ်။

Youtube က Trailer လေး Link ချိတ်ပေးလိုက်ပါတယ်။ ဒီမှာ မြည်းကြည့်ပေါ့။

ဂျပန်ဖရဲသီး

ကျောင်းတုန်းက သင်ရတဲ့သင်ခန်းစာလေးတစ်ခုပါ။ “ဂျပန်လူမျိုးတို့ရဲ့ နေထိုင်စားသောက်မှု ဘ၀” ခေါင်းစဉ်အောက်က “ဖရဲသီးစိုက်ကြမယ်” သင်ခန်းလေးကပါ။ ဆရာမကပြောလိုက်တော့ ကျနော်ထင်မိတာက ဖရဲသီးကို ကြီးထွားအောင် ဘယ်လိုစိုက်မယ်၊ အာဟာရတွေ ဘယ်လိုကျွေးမယ်၊ ပိုးမကျအောင် ဘယ်လိုကာကွယ်မယ် စသဖြင့် သင်မယ်ပေါ့လို့ထင်မိတာပေါ့။ တကယ်တန်းလဲသင်ရော ဘာမှလည်းမဆိုင် တက်တက်စင်အောင်လွဲတာပဲ။ သူတို့စိုက်တာက ကြီးထွားအောင်မစိုက်တဲ့အပြင် မကြီးထွား လာအောင်တောင်လုပ်တာ။ မျက်စိရှုပ်သွားလား။ ကျနော်လည်း ကြားကြားချင်း တော်တော်ခေါင်းရှုပ်သွားတယ်။





ဒီလိုဗျ သူတို့ကဖရဲသီးကို လေးထောင့်ပုံ(အခုနောက်ပိုင်း ပိရမစ်ပုံ) ဖြစ်အောင်စိုက်ကြတာ။ စက္ကူပုံးနဲ့ ထုတ်ပိုးတဲ့နေရာမှာ နေရာဖြုန်းတီးမှုလျှော့ချဖို့က တစ်ကြောင်း၊ သင့်တင့်တဲ့ အရွယ်အစားကိုကန့်သတ်လိုက်ပြီး ရေခဲသေတ္တာထဲထည့်ရင် ကြီးမနေအောင်က တစ်ဖုံ၊ စားသောက်ပွဲတွေတည်ခင်းရာမှာ ဖက်ရှင်အနေနဲ့ကတစ်မျိုး ပေါ့လေ။ စားပွဲပေါ်တင်ထားမယ်ဆိုလဲ အလုံးကြီးမဟုတ်တော့ လိမ့်သွားမှာမပူရတော့လို့ အဆင်ပြေတာပေါ့။


အရွယ်အစားက သာမာန်ထက် အနည်းငယ်သေးပါတယ်။ သေးတယ်ဆိုပေမယ့် ဈေးကတော့ သာမာန်ဖရဲသီးထက် ၂ ဆကနေ ၃ ဆ အထိဈေးကြီးပါတယ်။ ဘရန်းကောင်းကောင်းတွေထဲကဆိုရင် တစ်လုံးကို ယန်းငွေ ၁၃၀၀၀ မြန်မာငွေ ၁သိန်းခွဲနီးပါးလောက် ရှိပါတယ်။

ထုတ်လုပ်ပုံကတော့ အရွယ်မရောက်သေးတဲ့ ဖရဲသီးကို လေးထောင့် မှန်ဘောင်(Glass Box)လေးတွေနဲ့ ခတ်ထားလိုက်တယ်လေ။ မှန်ဘောင်ပြည့်ရင် ခူးပြီးထုတ်ပိုးရောင်းချတာပေါ့။ အရွယ်တူ ပုံစံတူ လေးထောင့်ဖရဲသီးတွေက ဂျပန်နိုင်ငံရဲ့တွင်ကျယ်တဲ့ Export ပစ္စည်းတစ်ခုပဲလေ။ အခုနောက်ပိုင်း Glass Box မသုံးပဲစိုက်လို့ရအောင်ကြိုးစားနေပါတယ်။

ဓာတ်ပုံလေးတွေကို mysquarewatermelon နဲ့ flickr ကနေကူးယူပြသထားတာပါ။

စီးလေဦးဟဲ့ ၁၀၅

စီးလေဦးဟဲ့ 854 ရေးပြီးတော့မှ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က အဖြစ်အပျက်လေးတစ်ခု ပြန်ပြီးသတိရမိတယ်။ နောက်ထပ် ကားပြဿနာလေးတစ်ခုပေါ့လေ။ ဒီတခါက ရန်ကုန်ရွှေမြို့တော်ကြီးက အဖြစ်အပျက်လေးက အတွေ့အကြုံလေးပေါ့လေ။

သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ ကျနော်တို့အဖွဲ့ စုပြီးတခုခုလုပ်ဖို့ချိန်းထားကြပါတယ်။ (ဘာအတွက်စုတာလဲ ဆိုတာကတော့ မပြောတော့ပါဘူး။ သေချာတာက စုပြီဆိုကတည်းက မဟုတ်တာတခုခုပဲလေ။ ထားပါတော့။) ကျောက်မြောင်းက မြို့သစ် (၃)လမ်းက မောင်မိုးအိမ် မှာပေါ့။

အဲဒီနေ့က မောင်မိုးကသင်တန်း ရှိလို့ ၂း၀၀ မှချိန်းထားကြတာလေ။ သူ့သင်တန်းက လမ်း(၃၀)မှာ။ ကျနော်လည်းမနက်ပိုင်း အလုပ်ကိစ္စနဲ့ မဂိုလမ်းသွားစရာရှိလို့ သူနဲ့ ဆူးလေမှာတွေ့ပြီးမှ ကျောက်မြောင်းကသူ့အိမ်ကို အတူတူသွားဖို့ စီစဉ်လိုက်တာပေါ့။ ၁၂ နာရီလောက်ကတည်းက လက်စပြတ်သွားတဲ့အလုပ်ကိစ္စကြောင့် (၁)နာရီမှဆင်းမယ့်သူ့သင်တန်း နဲ့ဆိုတော်တော်စောနေတာနဲ့ပဲ အသိတစ်ယောက်ဆိုင်မှာ ထိုင်လေပန်းနေရင်းနဲ့စောင့်နေလိုက်တယ်လေ။

(၁)နာရီထိုးလို့မောင်မိုးနဲ့တွေ့ပြီး ဗိုက်ဆာဆာနဲ့ ချစ်တီးထမင်း ၀င်ဆွဲလိုက်သေးတယ်။ ချစ်တီးဆိုင်ကစားပြီး အထွက် စိမ်းကာစမီးပွင့်မှာ ထွက်ဖို့လုပ်နေတဲ့ ဒရိုင်ဘာနဲ့ ရသလောက်တင်ချင်သေးတဲ့ စပယ်ယာနဲ့ ၁၀၅ ကားတစ်စီး။ ထမင်းစားချိန်ဆိုတော့ နောက်ကားကမသေချာ။ ကားကလည်းမထွက်သေးတာကြောင့် နှစ်ယောက်သား အပြေးအလွှား ဖမ်းတွယ်လိုက်ကြပါလေရောလား။ ကျနော်က ၁၀၅ ဒိုင်နာကားရဲ့ ဘယ်ဘက်ထောင့်သံတိုင်၊ မောင်မိုးက ညာဘက်ထောင့် သံတိုင်ကိုကိုင်လို့ တွယ်စီးပြီးပါသွားလေရဲ့လေ။ ကျနော်က အရပ်မလွတ်လို့ တွယ်စီးတာအကျင့်ပါနေတဲ့အပြင်၊ မောင်မိုးနဲ့ ကျနော်နဲ့ ပေါင်းပြီး လိုင်းကားထောင်ဖူးခဲ့တာဆိုတော့ တွယ်စီးတဲ့နေရာမှာတော့ ပယ်ယာတစ်ယောက်နဲ့ ထပ်တူထပ်မျှနီးပါး ကျွမ်းကျင်နေပြီလေ။

ကျနော်တို့တက်တက်ချင်း စပယ်ယာ မြင်လိုက်တာက နောက်ကားသုံးစီးကျော်က လှည့်ကင်းကား။ တကယ်တော့ အဲဒီလှည့်ကင်းကားကလည်း ကားဖမ်းတဲ့လှည့်ကင်း မဟုတ်ဘူးဗျ လူကူးမျဉ်းကျားကမကူးတဲ့သူတွေကို လိုက်ဖမ်းတဲ့ လှည့်ကင်း။ သူတို့က လူတွေပဲလိုက်ချောင်းနေတာ။ ကျနော်တို့ကားကို သတိတောင်မထားမိဘူးထင်ပါတယ်။ ဒါကိုစပယ်ယာက အင်တာကွန်းကနေ ဒရိုင်ဘာကိုသတိပေးလိုက်တာက…
“မောင်းဆရာ၊ မောင်းမောင်း နောက်မှာ ကြွက်တွေပါတယ်” ဆိုပဲ။ (ကြွက် = ယာဉ်ထိန်းရဲ)
ဟုတ်တော့လည်းဟုတ်ပါတယ်။ နှစ်ယောက်ပေါင်းမှ မြန်မာငွေ ၁၀၀ ကျပ်ပဲရမယ့် ကျနော်တို့ နှစ်ယောက်ကြောင့် ဖျက်လိုက်တဲ့ “မီးပွင့်တွင်အတက်အဆင်းမလုပ်ရ” စည်းကမ်းကြောင့် ဆောင်ရမယ့် ဒဏ်ငွေက ၁၅၀၀၀ အထက် နဲ့ အချိန်တစ် မနက်လေ။ လိုင်းကားသမားချင်းဆိုတော့ သဘောပေါက်နေတယ်လေ။

ဆူးလေအ၀ိုင်းကို ပတ်နေပါပြီ။ အ၀ိုင်းပတ်ပြီးလို့ မဟာဗန္ဓုလလမ်းပေါ်ပြန်အတက် အကွေ့မှာ ဒရိုင်ဘာရဲ့လောနေတဲ့စိတ်၊ ရသေးသရွေ့ မလဲပဲထားထားတဲ့ စံချိန်မမီတော့တဲ့ ရှေ့ဘီး “လေး”၊ အတော်လေးကြပ်နေတဲ့ ကားထဲက ခရီးသည်တွေက ၀ိတ်၊ အားလုံးရဲ့ဟန်ချက်ညီတဲ့ ကံတရားပါ ပါမလားပဲ။ အရှိန်မလျှော့ပဲကွေ့လိုက်လို့ စောင်းသွားတဲ့ကားရဲ့ စတီယာရင်ကို ပြန်မဆွဲနိုင်တော့တဲ့ ဒရိုင်ဘာကလက်လျှော့လိုက်ရပြီလေ။ ကားက ညာဘက်ကိုပိုပိုကွေ့သွားပြီး ဘယ်ဘက်ခြမ်း(ကျနော်တွယ်ထားတဲ့ သံတိုင်ဘက်ခြမ်း)ကို တုန်းလုန်းကြီးလဲပါလေရော။ အစအဆုံးမြင်နေရတဲ့ ကျနော်ကတော့ “ဟဟ၊ ကားကစောင်းနေပြီ၊ စောင်းနေပြီ” လို့တောင်အော်မိသေး။

တအိအိနဲ့စောင်းလာပြီး တုန်းလုန်းလဲလာနေတဲ့ ကားကို သေချာကိုင်ထားရင်းက လက်မလွှတ်လို့ရတဲ့အနေအထားရောက်တော့ လက်လွှတ်လိုက်ပါတယ်။ ဘယ်သူတွေ၊ ဘာတွေ၊ ဘယ်လိုဖြစ်နေတယ်တော့ ကျနော်မသိ။ အသက်နဲ့ရင်ဆိုင်နေရတဲ့အချိန်ကိုး။ ကားကိုလွှတ်လိုက်တော့ အီနားရှားရဲ့စေလွှတ်ရာ ကားလမ်းကြောင်းတလျှောက် လွင့်စင်ထွက်အသွား ခြေထောက်ကတော့ မီသလောက်လိုက်ပြေးပေးရှာပါတယ်။ ခြေလှမ်းကြဲကြီး ၃ ၄ လှမ်းလှမ်းအပြီးမှာ ဆက်မလိုက်နိုင်တော့ပဲ ၀မ်းလျားမှောက်ကလေးလဲ ကျသွားပါတော့တယ်။ မြို့တော်ခန်းမရှေ့ဖြစ်လို့ ညက်ညောနေတဲ့ နိုင်လွန်ကတ္တရာလမ်းကို ကျေးဇူးတင်ရမှာပဲ။ တတောင်ဆစ်နဲ့ ဒူးခေါင်းက နဲနဲလေးပွန်းသွားတယ် ဆိုရုံလေးပေါ့။ ရင်ထဲမှာတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပေါ့။

အမှန်အတိုင်းပဲ ၀န်ခံပါရစေ။ လဲကျရာကပြန်အထ ပထမဆုံးရှာတာက ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းမောင်မိုး မဟုတ်ဘူးဗျ။ ခါးကြားက ပိုက်ဆံအိတ်နဲ့ ဖုန်း။ စစ်ဆေးပြီးလို့ရှိပြီဆိုမှ မောင်မိုးကိုလှည့်ကြည့်တော့ ကားဘေးမှာအခွေလိုက်ကလေး။ ကျနော်က ကျနော်တွယ်ထားတဲ့ ဘက်ကိုလဲတာဆိုတော့ လွင့်ထွက်တာပေါ့ သူက တော့ ကားဘေးလေးမှာပဲ ခွေခွေလေးထိုင်နေလေရဲ့လေ။ သွားကြည့်တော့ ဘာမှမဖြစ်ပါဘူး။ သူလည်းကျနော့လိုပဲ ပွန်းရုံပဲ့ရုံပဲပေါ့။

တချိန်ထဲမှာ ကားထဲကလည်းဆူညံလို့ ထွက်လာတဲ့သူတွေကလည်း ကွဲကြပြဲကြပေါ့ဗျာ။ ကျနော်လည်း စိတ်မချမ်းသာစရာတွေ မတွေ့ချင်တာနဲ့ပဲ မောင်မိုးကိုခေါ်ပြီးထွက်လာခဲ့လို့ ဘယ်သူတွေဘာဖြစ်လဲ။ အသေအပျောက်ရှိလား တောင်မသိလိုက်ပါဘူး။ ထွက်လာပြီး ပန်းဆိုးတန်းက စိတ်နည်းနည်း တည်ငြိမ်သွားအောင် Mr. J မှာ ခဏထိုင်ပြီးမှ ထွက်လာခဲ့ပါတယ်။ Mr. J က ထွက်အလာ ပန်းဆိုးတန်းလမ်းနဲ့ အနော်ရထာလမ်းထိပ်က မီးပွင့်မှာမိနေတာက ၁၀၅။

ကျနော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်ပြီး မေးလေးဆတ်လို့ ပြေးတက်လိုက်တော့ မီးကစိမ်းပြီလေ………။

မှတ်ချက်။ ။
ဘာကြောင့်???
ဒီကားနဲ့ မဆုံဆုံအောင်ဖန်တီးပေးလိုက်တဲ့ ချစ်တီးထမင်းလား။
မီးပွိုင့်မှာတက်လိုက်တဲ့ ကျနော်တို့ကြောင့်လား။
စပယ်ယာရဲ့လောဘကြောင့်လား။
ဒရိုင်ဘာရဲ့ပေါ့ဆမှုကြောင့်လား။
ယာဉ်ထိန်းရဲလိုက်ဖမ်းလို့လား။ (မဖမ်းပေမယ့် သူတို့ကိုတွေ့လို့လေ။)
ကားစရိတ်ချွေတာတဲ့ Owner ကြောင့်လား။

သိဘူး ကူစဉ်းစားပေးကြပါဦးဗျို့......။

အတွင်းရေးများ ဖော်ထုတ်ခြင်း

သူငယ်ချင်း နန်းစုသက် က တက်(TAG)ခိုင်းမှတော့ ဆင်းလို့မဖြစ်တော့ဘူး။ ဆက်တက်တော့မယ်။ ဘယ်ရောက်ရောက်ဘယ်ပေါက်ပေါက်။ ရေးစရာကလည်းမရှိတာနဲ့အတော်ပဲ။ ရေးလိုက်တော့မယ်နော်။ ရေးပေးပါဆိုတာကိုး။ ဗီလိန် ကတော့ ဗီလိန်ပဲပေါ့ သိပ်တော့အဆီအငေါ်တည့်မှာမဟုတ်ဘူး။

နာမည်ကတော့ ဗီလိန် ပေါ့။ ဗထက်ချိုင့်ကို လုံးကြီးတင်ပြီး အဆံခက်၊ လကိုထပ်ပြီးလုံးကြီးတင် နငယ်လေးကိုအသတ်တင် ဒီလောက်ဆိုရပြီ။ အင်္ဂလိပ်လိုဆိုရင် Villain ပေါ့။
သူငယ်ချင်းတွေက ဗီဗီ(အချိုရည်မဟုတ်ပါ။)၊ လိန်လိန်(တရုတ်မလေးမဟုတ်ပါ။) ကိုရွာသားလေးကတော့ ကိုဗီလိန်တဲ့၊ မရွှေပြည်သူ က မောင်လေးဗီလိန် တဲ့။ ဘယ်လိုပဲခေါ်ခေါ် ဗီလိန်ကတော့ ဗီလိန်ပဲပေါ့လေ။
ဘယ်မှာနေလဲဆိုတော့ ကျွန်းတစ်ကျွန်းပေါ်က တိုက်အိုကြီးတစ်လုံးရဲ့ ကွန်ပြူတာတစ်လုံးကလွဲရင် ဘာမှမရှိတဲ့အခန်းလေးထဲမှာ။ ဒါတောင်ညဖက်ပဲနေတာ။
အလုပ်ကလား??? လုံခြုံရေးဗျ။ အတိုက်အခိုက်ကျွမ်းကျင်လို့တော့မဟုတ်ဘူး။ ကွန်ပြူတာပေါ်မှာ စက်ဝိုင်းလေးတွေ၊ လေးထောင့်လေးတွေ၊ တြိဂံလေးတွေ၊ မျဉ်းကြောင်းလေးတွေဆွဲပြီး လုပ်တဲ့လုံခြုံရေးပေါ့။
ဖုန်းဆက်ချင်ရင်တော့ နောက်မှဆက်ဗျာ။ ဖုန်းဘေလ် မရှင်းနိုင်မှန်းသိလို့ လိုင်းလျှောက်မထားဘူး။ Top-up ပဲသုံးတယ်။ လောလောဆယ် Top-up လည်း ကုန်နေလို့ Unavailability ဖြစ်နေတယ်။ နောက်ကြုံမှပဲပေးတော့မယ်။

အကြိုက်ဆုံးတွေဆိုရင်တော့~~~
အရောင်က အသားရည်နဲ့တူတဲ့ အနက်။ အနက်တောင်မှအမည်းမဟုတ်ဘူးနော်။ နက်နက်ရှိုင်းရှိုင်းကိုနက်တဲ့ အနက်ရောင်မှကြိုက်တာ။ (ဒါမှ ညဆိုလှုပ်ရှားလို့ရမှာမဟုတ်လား။) :)

အ၀တ်အစားထဲမှာ ဂျင်းဘောင်းဘီလေ။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်ကလည်း ဖြစ်ချင်သေးတာကိုး။ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဗီလိန်ဆို ပုဆိုးမ၀တ်ဘူးဗျ။ ဘောင်းဘီတောင် ဂျင်းဘောင်းဘီပဲဝတ်တာတွေ့တာပဲ။

စားစရာဆို အကုန်စားတယ်။ ၀ယ်ပဲမစားတာ။ ဟဲဟဲ နောက်တာပါ။ ပုရစ်ကြော်နဲ့ မြန်မာဘီယာ။ အခုတော့ ရတဲ့ ကြက်တောင်ပံနဲ့ Heineken ပဲနှစ်ပါးသွားနေရတာပေါ့။

ပစ္စည်းဆိုရင် တစ်နေ့ကို ၂၄ နာရီမှာ ၁၇ နာရီလောက်ကြည့်နေရတဲ့ ကွန်ပြူတာပေါ့။ အဲဒါကိုဖယ်လိုက်ရင် သူများဆီကရတာ၊ အတ္တမ တောင်းလာတာ၊ မပေးချင်ပဲပေးလိုက်ရတာ၊ မသထာရေစာဆိုအကုန်ပဲ။ :)

သီချင်းနားထောင်ရင် ခေတ်ဟောင်း၊ ခေတ်သစ်၊ သီချင်းကြီး၊ ဒိုးပတ်၊ ပေါ့ပ်၊ ဂျက်ဇ်၊ ရော့ခ် ကစလို့ ပန့်ခ်၊ မတ်ဒ်တယ်၊ ဟစ်ပ်ဟော့က အဆုံး အခုကောင်လေး၊ကောင်မလေး ငယ်ငယ်တွေကြားထဲ ခေတ်စားနေတဲ့ အီကြာကွေးဆိုလား အီမိုဆိုလား အပါအ၀င် အကုန်ကြိုက်တယ်။
အကြိုက်ဆုံးတွေချပြပါဆိုရင်တော့
ဝင်းဦးရဲ့ ဘင်ဂျို။
Jame Blunt ရဲ့ You’re Beautiful။
Cassie ရဲ့ Me & You။
မျိုးကျော့မြိုင် ရဲ့ မှားတဲ့ဘက်မှာ။
နောက်တစ်ပုဒ်က ကျနော့နာမည်ကိုယ်စားပြုတဲ့ Big Bag ရဲ့ ဗီလိန် ပေါ့။ (Link ပါချိတ်ပေးလိုက်တယ်။ YouTube နဲ့)

စာရေးဆရာထဲမှာဆိုရင် ရွာသားလေးဝိုင်တီယူကိုရုပ်ဆိုးရွှေပြည်သူJuly Dream ဟဲဟဲ ဖားထားတာ။ မုန့်လေးဘာလေးကျွေးမလားလို့။
အလေးစားဆုံးစာရေးဆရာကတော့ ဆန်းလွင်။
စာအုပ်ဆို ထူမှ။ အခေါက်ခေါက်ကိုင်ပြီး အခုထိလိပ်ပတ်မလည်သေးသော စာအုပ်များဖြစ်ကြတဲ့ “ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် စည်းကပ်လာသူတစ်ယောက်အကြောင်း”(ဆန်းလွင်) နဲ့ “ရာဇဓိရာဇ် အရေးတော်ပုံကျမ်း” ဖတ်လိုက်၊ နားမလည်လိုက်၊ မျက်စိလည်လိုက်၊ ပြန်ချလိုက်၊ ပြန်ဖတ်လိုက်၊ သံသရာလည်နေပါတယ်။ ဉာဏ်နည်းတာလည်းပါတာပေါ့။

ဗီလိန်ပါဆိုမှ Life Style က လူမုန်းများများ၊ အမြင်ကတ်သူပေါပေါ၊ ချောင်းရိုက်ချင်သူတွေ ပုံနေတဲ့သူ ပေါ့။ လက်ညှိုးနှစ်ချောင်းက အဖုလေးပါတဲ့ F နဲ့ J ၊ လက်ခလယ်နှစ်ချောင်းက D နဲ့ K၊ လက်သူကြွယ်နှစ်ချောင်းက S နဲ့ L၊ လက်သန်းနှစ်ချောင်းက A နဲ့ ; ပေါ်မှာတင်လို့။ ညာဖက်လက်က ခဏခဏ ကြွက်တစ်ကောင်ကို ကိုင်ကိုင်နေရတဲ့ ဘ၀ပါဗျာ။

ဝါသနာအရဆိုရင်တော့ DotA ကို မိုးလင်းမိုးချုပ်ထိုင်ဆော့ချင်တာ။ မရနိုင်တော့ပါဘူး။

ဘာလိုချင်လဲမေးရင်တော့ အချိန်ပဲ။ အိပ်ရမှာတောင် နှမြောလို့ လူလည်း အရိုးကိုနေခြောက်လှန်းပြီး အရည်ညှစ်ထားတဲ့ ရုပ်ဖြစ်နေပြီ။ ဒါကလည်း ဒီရောက်ပြီးမှပါ။
အချစ်ဆုံးသူက မရွှေပြည်သူပြောသလိုပဲ။ သူပြောကတော့ ရွှေပြည်သူတဲ့ ရိုးရိုးရှင်းရှင်းလေးပဲ။ ကျနော့ အတွက်ကတော့ ထိထိမိမိလေးရှိသွားအောင် “ငါ” လို့ပဲပြောလိုက်မယ်။ ရိုင်းသွားရင်ခွင့်လွှတ်။ ပုတုဇဉ် ပဲလေ။ “ငါ” ရှိနေသေးလို့ပေါ့။ မရှိရင် တစ်ခုခုဖြစ်နေလောက်ပြီ။

အလေးစားဆုံးသူက ဗုဒ္ဓ။

အားကျမိတဲ့သူက ဘင်လာဒင်။ (တကယ်ပြောတာနော်။ ကောင်းကောင်းမကောင်းကောင်း သူလုပ်ချင်တာကိုလုပ်နိုင်တဲ့ အရည်အချင်းကို အားကျတာ။)

အချစ်ဆုံးသူငယ်ချင်းကမလေးရှားမှာ။
အမုန်းဆုံးသူက ပါးစပ် နဲ့ လက်ညှိုး ပဲပါတဲ့ပတ်ဝန်းကျင်။
အမြင်အကပ်ဆုံးသူက ဘုခ်ျ။ (နေရာတကာဝင်ဝင်ပါလို့)
ရင်အခုန်ဆုံးအချိန်က စီးလာတဲ့ ၁၀၅ မှောက်တုန်းကပေါ့။ (စီးလေဦးဟဲ့ ၁၀၅) နောက်ပိုင်းတွင်ဖော်ပြပါသည်။
အကြောက်ဆုံးအချိန်က မှန်ကြည့်ရင်။
အပျော်ဆုံးအချိန်က လက်ရှိ။
အမှတ်တရနေ့က ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံတုန်းက လုပ်အားပေးခဲ့ရတဲ့နေ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဘာမှမလုပ်တော့ဘူး ဆုပဲထိုင်တောင်းနေတော့မှာပေါ့။

အချစ်ဆိုတာ ပိုကာဝိုင်းထဲက ဂျိုကာဖဲချပ်လေးလိုပဲ။ တခြားဟာတွေပြည့်စုံနေရင်တော့ လိုချင်တယ်။ ကိုယ့်မှာဘာမှမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ရှုပ်တောင်ရှုပ်သေးတယ်။ လွှတ်ပစ်လို့လဲမရ ကိုင်ထားလဲ ပန်းတိုင်မရောက်နိုင်တဲ့ အရာပေါ့။
အမုန်းဆိုတာကို အပြုံးနဲ့တုန့်ပြန်ပေါ့။ ကောင်းဘူးလား။
အလွမ်းဆိုတာ မရှိအောင်ကြိုးစား ပင်ပန်းတယ်။ (သူများကိုသာပြောနေတာ ကိုယ်ကိုတိုင်က အမေနဲ့ရွာကိုအရမ်းလွမ်းတယ်ဗျိုး……။)
သံယောဇဉ်ဆိုတာ ရှုင်းလေရှုပ်လေ၊ လှုပ်လေမြုပ်လေပဲ။

ဘ၀ဆိုတာ “နိုင်အောင်လုပ်း၊ ရှုံးမှာမကြောက်နဲ့။ ကြောက်စိတ်နဲ့ Cannot သေအောင်သတ်” ဒါဆို တော်တော်လုံလောက်ပြီထင်တာပဲ။
သူငယ်ချင်းဆိုတာ ရဲဘော်ရဲဘက်။
ချစ်သူကတော့သိဘူး ဘာကိုပြောတာလဲဟင်။
ကိုယ့်ကိုကိုယ်ဘယ်လိုထင်လဲဆိုတော့ ကွန်ပြူတာတစ်နေကုန်ကြည့်ပြီး ရူးကြောင်ကြောင်ဖြစ်နေတဲ့ တောင်ရေးမြောက်ရေး ဗီလိန်လေးပေါ့။ :)
လက်စွဲဆောင်ပုဒ်ကအများကြီးပဲ တချို့တ၀က်ပြောရရင်......
“နိုင်အောင်လုပ်း၊ ရှုံးမှာမကြောက်နဲ့။
ကြောက်စိတ်နဲ့ Cannot သေအောင်သတ်။
ပစ္စုပ္ပန်ကိုပဲ ကောင်းအောင်လုပ်။
သူများကိုအထင်လဲမကြီး၊ အထင်လဲမသေးနဲ့။
ညှီစော်နံတဲ့ ပတ်ဝန်းကျင်ထဲမှာ ကိုယ်မပါစေနဲ့။”
အပြောချင်ဆုံးစကားတစ်ခွန်း လာလည်နော်။ လိုက်လည်ဖို့လည်းဖိတ်။
အသိတွေအကုန် TAG ပြီးကြပြီဆိုတော့ ကိုနေမင်းပဲကျန်တော့တယ်။ ကိုနေမင်း လုပ်ပါဦး။

နည်းစနစ်

ဆရာတစ်ယောက် ဘေးကဖြတ်လျှောက်
အသာလျှိုလိုက် လက်တနှိုက်က
စာရွက်အတို ချဲ့ချုံ့ယူခဲ့
မတော်ဖမ်းမိ ရှိခဲ့ဦးတော့
ပေတံစတေကာ သေချာဝှက်ထား
ဟိုချောင်ကြားက Reynold ဘောပင်
ကညစ်တင်သေး မရသေးက
စပယ်ရှယ် Pilot အံဝှက်ဘောပင်
ယူငင်ဆောင်ထား
ဘေးလူများလည်း ဟိုကြည့်ဒီလှည့်
ရသမျှသိမ်းကျုံး ရှာကြံဖြည့်စွက်
ကွက်လပ်မကျန် လိုနေပြန်က
မေးခွန်းပြန်ကူး သီချင်းရေးချ
ပြည့်ဝအဖြေလွှာ အရေးပါလှ
အောင်စာရင်းမတိုင်မီ ရောက်အောင်သာသွား
ကြုတ်ကြက်လိလိုက်
ဒီမှာသူငယ်ချင်း သွားမကြည့်နဲ့အောင်စာရင်း
သေချာကြော့စင်း ပါလာလိမ့်မယ် မင်းနာမည်။

ဗီလိန်

နှိုင်းယှဉ်ချက် (၂)

အမေက ကျနော့အတွက်

  • အိပ်ယာဝင်တိုင်း ပုံပြောပြသူ။
  • ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးသူ။
  • လိုချင်တိုင်း ပူစာစရာမလိုပဲ ၀ယ်ပေးတတ်သူ။
  • ရန်ကုန်ရောက်တိုင်း ကစားကွင်းခေါ်သွားသူ။
  • ဗိုက်ဆာတိုင်း ဟင်းနွေးပေးသူ။
  • ကိုယ်ပူတိုင်း အနားကမခွာသူ။
  • မိုးရွာတိုင်း ထီးလိုက်ပို့ပေးသူ။
  • နေ့တိုင်း ထမင်းဗူး ဟင်းကောင်းစေသူ။
  • ရန်ဖြစ်တိုင်း လိုက်ထုတ်ပေးသူ။
  • ဘောပွဲရှုံးတိုင်း လိုက်ရှင်းပေးသူ။
  • ဆိုက်ကယ်ပေါင်တိုင်း လိုက်ရွေးပေးသူ။
  • အနံ့ထွက်လာတိုင်း အဖေမသိအောင်ဖုံးကွယ်ပေးသူ။
  • ပြန်မလာမချင်း မအိပ်ပဲစောင့်သူ။
  • အောင်မြင်တိုင်းလည်း လက်ခုပ်တီးသူ။
  • ကျရှုံးတိုင်းလည်း နှစ်သိမ့်ပေးသူ။
  • ဝေခွဲမရတိုင်း ဆုံးဖြတ်ပေးသူ။
  • ကြေကွဲရတိုင်း အားပေးပေးသူ။
  • ရေခြားမြေခြားမသွားစေချင်ပဲ ပေးသွားခဲ့သူလေ……။

ကျနော်က အမေ့ အတွက်

  • သူလေ……။

စက္ခုမဲ့

မီးလည်း မပျက်ဖူးသလို
မိုးလည်း မချုပ်ဖူးပါဘူး
အိပ်ချင်ရင် ည
နိုးလာရင် မနက်
ငါ့အတွက်တော့
မင်းတို့ပြောတဲ့
လျှာတန်းလန်းနဲ့
သရဲလည်းမကြောက်ခဲ့ဘူး
မော်နီတာမပါတဲ့ ငါ့အိပ်မက်ကို ဆက်မက်ရဦးမယ်။
လာမနှောက်ယှက်ကြနဲ့။

ဗီလိန်

ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း

အသားမကျသေးတဲ့အိမ်ရဲ့ လိုအပ်တာတွေ၊ ကျောင်းတက်ဖို့ လိုအပ်တာတွေ ပြင်ဆင်နေတဲ့အပြင် ဘုရားကျောင်းကစိုင်းကို ဂစ်တာတီးဖို့အကူအညီတောင်းပါတယ်။ လက်ရှိ ဂစ်တာသမားကမြစ်ကြီးနား ပြန်မလို့တဲ့လေ။ ဂစ်တာတီးပေးရင်း ရက်သတ္တပတ်တစ်ခု လျှင်မြန်စွာနဲ့ပဲ ကုန်ဆုံးခဲ့ပြန်ပြီ။ Sunday ရောက်တော့ ဘုရားဝတ်ပြုအပြီး “အနှိုင်းမဲ့ ဂရုဏာတော်” သီချင်းကို Intro ၀င်ပြီးတဲ့အထိ သတိမထားမိသေးပါဘူး။ အဆိုတော်အသံထွက်လာတော့မှ စိုင်းတစ်ယောက် ကျောရိုးတစ်လျှောက် ကြပ်သီးဖျင်းကနဲစိမ့်သွားတယ်။ လက်ရှိတီးနေတဲ့ သီချင်းကိုရပ်မသွားအောင် မနည်းဂရုစိုက်လိုက်ရတယ်။ ဟုတ်ပါသည်။ မျက်ဝန်းချိုမှ မျက်ဝန်းချိုစစ်စစ်။

ဂီတကိုလည်း ချစ်ပါတယ်။
သီချင်းတွေလည်း ခင်မင်တယ်။
မိုးကိုလည်း နှစ်သက်တယ်။
သီချင်းဆိုတဲ့ မိုးရွာထဲက
မျက်ဝန်းချိုကိုလည်း မြတ်နိုးတယ်။
အို… ဘုရားသခင်
သင်၏ ဂရုဏာတော်ဖြင့်
ပြန်လည်ရှင်သန်ပေးခဲ့သော မျက်ဝန်းချိုကို
အစဉ်ထာဝရ ကောင်းချီးပေးတော်မူပါ……။

ပွဲပြီးတော့ မျက်ဝန်းချိုက စိုင်းသိပ်မျှော်လင့်နေတဲ့ အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်ရှာပါတယ်။
“ပြီးခဲ့တဲ့ Sunday ကမတွေ့ဘူးနော်။ နဂိုကလည်းဒီမှာမတွေ့မိပါဘူး”
“အင်း၊ Last Week ကအမေနဲ့ ခရီးထွက်သွားလို့လေ။ အားမင်ဒီမှာ သီချင်းဆိုတာမကြာသေးဘူး။ ဘုရားကျောင်းတော့ မှန်မှန်လာပါတယ်။ ၀တ်ပြုပြီးတန်းပြန်နေကြမလို့ မတွေ့တာနေမှာပါ။”
ဟုတ်တော့လည်းဟုတ်ပါတယ်။ ၂လနေမှတစ်ခါတောင် ရောက်ချင်မှရောက်တာ။ ရောက်လည်း သိပ်ကြာကြာမနေတော့ မျက်ဝန်းချိုနဲ့ ဆုံဖြစ်ဖို့ဆိုတာက…။ နောက်ပိုင်း သီချင်းတွေတော်တော်လေး ဆိုဖြစ်တယ်။ စိုင်းချစ်တဲ့ဂီတကို မျက်ဝန်းချိုနဲ့ အတူတူ စိုက်ပျိုးခွင့်ပေးတဲ့ ဘုရားသခင်ကို တော်တော်လေးကို ကျေးဇူးတင်နေမိတာအမှန်ပဲ။

နောက်တစ်ပတ်လောက်နေတာ့ ကျောင်းတွေဖွင့်ပြီလေ။ စိုင်းတက်ရမယ့်ကျောင်းက တက္ကသိုလ်ရိပ်သာလမ်းက ခပ်ကျဉ်းကျဉ်းတက္ကသိုလ်လေးပါပဲ။ ဘုရားကျောင်းက ပွဲတစ်ခုရှိလို့ သီချင်းတိုက်နေရတာနဲ့ပဲ ကျောင်းကိုတစ်ပတ်လောက်နေမှ စတက်ဖြစ်ခဲ့တယ်လေ။ တက်ပြန်တော့လည်း ၁၀ မိနစ်လောက်နောက်ကျမှ အတန်းထဲရောက်လို့ ဆရာမက ရစ်နေသေးတယ်။ (တက္ကသိုက်တက်ခဲ့သမျှ သုံးနှစ်လုံးလုံး အမြင်မကြည်ခဲ့တဲ့ ဆရာမတစ်ယောက်ပေါ့။)
ဒီလိုနဲ့ မိုးလင်းတာနဲ့ကျောင်းတက်တယ်၊ ကျောင်းကဆင်းရင် ဘုရားကျောင်းသွားတယ်။ ကျောင်းမှာပင်ပန်းခဲ့သမျှ ဘုရားကျောင်းက ရေခဲရေတစ်ခွက်ပဲလေ။ စိုင်းအတွက်တော့ ပျော်စရာကမ္ဘာလေးပဲလေ။

ငါပေါင်းသင်နေတယ်
မင်းစိုက်ချင်တဲ့အပင်အတွက်
မင်းလိုချင်တာတွေရှင်သန်ဖို့ဆို
ဘာကိုမှ တားမြစ်မထားပါဘူး
ဘယ်အရာပဲဖြစ်ဖြစ်ပါ...။

ဆက်လက်ဖတ်ရှုပေးပါနော်………။
ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

လိပ်ပုံပြင်

မှတ်ချက်။ ။မ ရွှေပြည်သူ ဆီက လိပ်ပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
ရွှေပြည်သူ အညွှန်း။ ။လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။
ဒီနေရာ မှာဖတ်ကြည့်ပါ။
========================================================================== ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါသတဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ သူပြန်မရောက်မချင်း အစားအသောက်တွေကို ဘယ်သူမှ မစားနှင့်ပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်... ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။“တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး...”လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။

ပိုလာဝက်ဝံပုံပြင်

မှတ်ချက်။ ။ နိုင်းနိုင်းစနေ ဆီက ပိုလာဝက်ဝံပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
သူရေးထားတဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်နိုင်ပါတယ်။
==========================================================================
ဘ၀တွေ.........ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး တစ်ခုပါ.. အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း သလဲဆိုတာ သူငယ်ချင်းတို့ သိကြလား.

အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့ ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့် ပြီးထားကြတယ်..ဖျံသွေးတွေ အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို ပိုလာဝက်ဝံတွေ နေတဲ့နေရာ မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့ အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့ ..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့ လျှာကိုဖြတ်မိတာ မသိကြပဲ ဆက်စားနေကြတယ်..ကြတော့ သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချိန်မှ အက်စကီးမိုးတွေ ကထွက်လာပြီး ဝိုင်းသတ်ကြတာ..

အဲ့ဒီလိုပဲ နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်လာလုပ်....စီးပွားလာရှာတဲ့ လူတွေရဲ့ ဘ၀တွေ ဟာလည်း ဖျံသွေးနဲ့တူတဲ့ ပိုက်ဆံနောက်ကို တစ်ကောက်ကောက် လိုက်ရင်း ဓားထက်ထက်နဲ့ တူတဲ့ ဝေးကွာခြင်း နဲ့ထိမိရှမိပြီး မိဘ-မောင်နှမ-ချစ်သူ-ဆွေမျိုးသားချင်း-သားသမီး-ဇနီးကြင်ယာ နဲ့ ဝေးကွာခြင်းဆိုတာတွေနဲ့ အဆုံးသတ်ရမှာလားတဲ့..ငွေကြေးတွေ ဘယ်လောက်ရနေပါစေ..ကိုယ့်မိဘ ဆွေမျိုးတွေနဲ့ ဝေးကွာပြီး အမြဲမနေပဲ အတူတကွ ပျော်ရွှင်စွာ နေထိုင်နိုင်အောင် ကြိုးစားနိုင်ကြပါစေလို့ အဝေးရောက်သူငယ်ချင်း များ အတွက်။

လင်းယုန်ပုံပြင်

မှတ်ချက်။ ။ကို ရွာသာလေးဝိုင်တီယူ ဆီက လင်းယုန်ပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
ကိုရွာသားလေးအညွှန်း။ ။ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော် ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ့ပါတယ်။ ကျနော့မိတ်ဆွေတွေ အားလုံးပဲ ကျနော့လို ခွန်အား ရရှိပါစေဗျာ။
ကိုရွာသားလေးရဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်ပါ။
==========================================================================
ဒီစာလေးကို ထုံးစံအတိုင်း forward email ကနေ ဒီနေ.ရလိုက်ပါတယ်။ ဖတ်ကြည့်ရင်းနဲ. အားလုံးနဲ. ကိုက်ညီမယ်ထင်လို. တင်ပေးလိုက်တာပါ။ စာရေးသူက ပန်းအိမိုးပါတဲ့။ ဘယ်မှာပါမှန်းလည်းမသိသလို စာရေးသူဆီက ခွင့်တောင်းဖို.လည်း ဆက်သွယ်စရာ လည်းမသိပြန်ဆိုတော့ ကျနော့ရဲ့ကူးယူဖြန်.ဝေမှုကို စာရေးသူသိရင်ခွင့်လွှတ်တန်ကောင်းပါတယ်။ သိပ်ကောင်းတဲ့စာလေးဆိုတာ အားလုံးသိစေချင်လို.ပါဗျာ။

ဒီနေ. သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းမှာ video clip လေးတစ်ခု ကြည့်ခဲ့ရတယ်။
The Story Of Eagle “လင်းယုန်ပုံပြင်” တဲ့။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့ ငှက်မျိုး။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄၀ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်။
တစ်ခုက ကောင်းကောင်းမပျံတော့ဘဲ သေပွဲဝင်ရမယ့် နေ.ကိုထိုင်စောင့်ဖို.။
နောက်တစ်ခုကတော့ ကျန်တဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း အသက်ဆက်ရှင်သန်ဖို.။ အဲဆက်ပြီးရှင်သန်ဖို.ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို အဖြစ်မနေဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က Pain and Difficulites “နာကျင်မှု နဲ့ အခက်အခဲ” ။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီ ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကို ကျောက်သားနဲ.ဖဲ့ချိုးပစ်ရမယ်။ တစ်ခါနှုတ်သီး နဲ. လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။
ဘယ်လောက်များနာကျင်လိုက်လေမလဲ။ ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှရတာမျိုးပါ။
ပြီးရင်တော့ ရက်အနည်းငယ်ကြာကြာ တောင်ထိပ်မှာနေပြီး လက်သည်းတွေ နှုတ်သီးတွေ ပြန်အသစ်ထွက်ပြီး အသားကျလာတဲ့ အထိစောင့်ရတယ်။ ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်တဲ့သက်တမ်း ၃၈ နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကို ရွေးချယ်ကြတဲ့လင်းယုန်တွေအများကြီးရှိပါတယ်။ ကျွန်မတို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင် ကျွန်မတို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို. ဆက်လက်ရှင်သန်နေဖို. “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ ရင်ဆိုင်ရဲရမှာပေါ့။
ကျွန်မတို. လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ ကျွန်မတို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ မရေမတွက်နိုင်အောင်ကျော်ဖြတ်ကြရမယ်။ ကျွန်မတို. ကျော်ဖြတ်ကြမယ်လေ။ အဲဒီ “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို ကျွန်မတို. အတူတူဖြတ်ကျော်ကြရအောင်ပါလေ။
ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံးကျန်တဲ့သက်တမ်းတွေကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်မတို့တွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ မဟုတ်လို့ပေါ့။

သတိ… ၁၂ ဒေါ်လာ

မှတ်ချက်။ ။မ တန်ခူး ဆီက သတိ… ၁၂ ဒေါ်လာ ကို ထပ်ပြီးဝေမျှလိုက်တာပါ။
တန်ခူး ရည်ရွယ်ချက်။ ။အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။
ဒီနေရာ မှာဖတ်ကြည့်ပါ။

ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှင့်ကခုန်မိခြင်း


သီတင်းကျွတ်လောက်ရောက်တော့ စိုင်းတစ်ယောက် “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားပုံလေးကို ပုံဖော်လိုက်တယ်။ လက်ရှိအင်းစိန်အိမ်ကနေ မြေနီကုန်းက စမ်းချောင်းလမ်းကိုပေါ့လေ။ နောက်လဆို ကျောင်းစတက်ရတော့မယ်လေ။ အိမ်တင်မဟုတ်ပါဘူး။ စမ်းချောင်း၊ ရွှေပြည်အေးလမ်း က ကချင်တွေစုဝေးရာ ကချင်ဘုရားကျောင်းကို တနင်္ဂနွေနေ့တိုင်း ဘုရားဝတ်ပြုဖို့ သွားရတော့မယ်လေ။ အရင်ကတော့ နှစ်လကိုတစ်ခေါက်လောက်တော့ ရောက်ပါတယ်။ ဝေးတော့သိပ်မသွားနိုင်ဘူးလေ။ ဒါတောင် သူငယ်ချင်းတွေရှိလို့သာ။

Sunday ရောက်တော့ထုံးစံအတိုင်း မနက်ပိုင်း မြန်မာလိုတစ်ကြိမ်၊ နေ့လည်ပိုင်း ကချင်လိုတစ်ကြိမ် ၀တ်ပြုဆုတောင်းပါတယ်။ ၀တ်ပြုပြီးဘုရားကျောင်းကအထွက်
“အားဂျန်”
အသံကြားလို့လှည့်ကြည့်တော့ မူကြို။ အရပ်ကပုပု မျက်နှာပေါက်က ကလေးရုပ်နဲ့ဆိုတော့ အားလုံးကဒီလိုပဲခေါ်ကြတယ်လေ။
“မင်းစမ်းချောင်းကို ပြောင်းလာပြီဆို”
“အေး၊ သောကြာနေ့ကပဲ”
အဲဒီနေ့ညနေက မူကြိုနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ လက်ဘက်ရည်မကြိုက်တဲ့ စိုင်းအတွက်တော့ Star Cola ပေါ့။ ကျွန်းတောလမ်းက ရွက်သစ်လက်ဘက်ရည်ကောင်းတယ်ဆိုတာ စိုင်းအတွက်တော့ မထူး။ မူကြိုနဲ့ သာကြောင်းမာကြောင်း ထွေရာလေးပါး စကားစမည်ပြောရင်း မူကြိုတည်လိုက်တဲ့စကားတစ်ခုက
“အားဂျန်၊ မင်းဒီအတိုင်းပဲနေတော့မှာလား။”
“ဒီအတိုင်းမနေလို့………?”
“မဟုတ်ဘူးလေကွာ။ ဘ၀အတွက် လက်တွဲဖော်ကိုပြောတာ။ ဘာလည်းမင်းက စည်းကမ်းကြီးအတိုင်းပဲ လိုက်တော့မှာလား”
(မှတ်ချက်။ ။ စည်းကမ်းဆိုတာက ကချင်ရိုးရာ ယဉ်ကျေးမှုအရ အစ်ကိုမောင်များက နှမညီမများအတွက် သမီးပေးရတဲ့ ယဉ်ကျေးမှုလေးကို ဆိုလိုခြင်းပါ။ စိုင်းအတွက်တော့ စိုင်းအမေရဲ့ အစ်ကို၊ မောင် တစ်ယောက်ရဲ့ သမီးနဲ့လက်ထပ်ပေး ရမှာပေါ့။ အခုနောက်ပိုင်းတော့ လိုက်နာသူတွေ နည်းလာပြီပေါ့လေ။)
စိုင်းနှုတ်ခမ်းနှစ်ဘက် ဘေးကားသွားတယ်။
“အဲလိုတော့လည်းမဟုတ်ရပါဘူးကွာ။ ထီးဆောင်းချင်လို့ မိုးအရွာကိုစောင့်နေတာ။ ကဲပါကွာ၊ သွားရအောင်။ အိမ်မှာအ၀တ်တွေလျှော်ရဦးမယ်။”
ပြောချင်ရာပြောပြီး အမြန်စကားစဖြတ်လိုက်တော့ မူကြိုတစ်ယောက် ခေါင်းတကုတ်ကုတ်နဲ့ပေါ့။ မူကြိုလုပ်တာနဲ့ မေ့မေ့လျော့လျော့ ရောဂါဟောင်းက ပြန်လို့အသက်ဝင်လာတယ်လေ။ အတွေးတွေနဲ့ပြွတ်သိပ်ခဲရ့တဲ့ ညနေခင်းလေးတစ်ခုပါပဲ။

“ရွာပါလားမိုးရယ်
ဒီလိုအချိန်လာလည်ကြည့်ပါလား
မျက်ဝန်းချိုလေး ရှာမတွေ့တောင်
ထီးလေးတော့ ဆောင်းချင်သေးတယ်
တခါတလေပေါ့။”

ဆက်လက်ဖတ်ရှုပေးပါနော်………။
ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို

စိုင်းရဲ့ဘ၀ထဲ သူ့မျက်ဝန်းလေးစပြီး ခြေချခဲ့တဲ့နေ့ကလေး၊ မှတ်မှတ်ရရ စိုင်းတို့ဘုရားကျောင်းက ဦးထောင်မတည်ပြီးစဖွင့်တဲ့ ညကျောင်းတစ်ခုရဲ့ မိုးအေးအေးညနေခင်းလေးတစ်ခု။ မိုးကတော့ သိပ်မသည်းပါဘူး ဖွဲဖွဲလေးနဲ့ဆွေနေလေရဲ့။ စိုင်းတစ်ယောက် မိုးအေးအေးနဲ့ ကော်ရတာမှာထိုင်နေတုန်း တီရှပ်အနက်၊ ဂျင်းဘောင်းဘီအနက်လေးနဲ့ မိုးရေထဲထီးဆောင်းပြီး ဘုရားကျောင်းလမ်းကလေးအတိုင်း လျှောက်လာနေတဲ့ ကောင်မလေးတစ်ယောက်။ လမ်းလျှောက်တာလေးကိုက စွဲမက်ချင်စရာလေး။ မိုးစိုမှာစိုးလို့ ကိုယ်လေးကိုကျုံ့လို့။ အမှန်တကယ်ကိုး စွဲလမ်းမိတာပါ။ ချမ်းကလဲချမ်း၊ မိုးစိုမှာလဲကြောက်နေတဲ့ပုံလေးက ရွာနေတဲ့မိုးကို ပိုပြီးတင့်တယ်သွားစေသလိုပဲလေ။ စိုင်းရဲ့တစ်သက်လုံးမုန်းလာခဲ့တဲ့ မိုးတောင်မှ အားရပါးရကြီး ရှိုက်ပြီးနမ်းလိုက်ချင်ခဲ့တာ။

ကျောင်းတက်ခေါင်းလောင်းထိုးသည့်တိုင် အတန်းထဲမှာလူကကွက်တိကွက်ကြား။ စဖွင့်တဲ့နေ့လည်းဖြစ်၊ မိုးကလေးအေးတော့ သူနဲ့စိုင်းနဲ့အပြင် ရှေ့ဆုံးခုံကကောင်မလေး သုံးယောက်နဲ့ ဆရာရယ် ဒါပဲလေ။ ဆရာရဲ့ပို့ချမှုတွေတလှည့် သူ့အလှတစ်လှည့်နဲ့ လည်ပတ်လှုပ်ရှားရင်းနဲ့ပဲ နာရီကခုနစ်တိတိ။ ကားမှတ်တိုင်ရောက်တော့ သူကဟိုဘက်ထိပ်၊ စိုင်းကဒီဘက်ထိပ်၊ မကြာလိုက်ပါဘူး သူ့အိမ်က ကားရောက်လာပြီး ကားပေါ်အတက် အမှတ်တမဲ့ လှည့်ကြည့်တော့ စိုင်းကိုတွေ့တော့ပြုံးပြတယ်။ သူကတော့ဘာအနက်နဲ့ပြုံးလည်းမသိ။ စိုင်းရင်ထဲမှာဖွင့်လိုက်တဲ့ အဓိပ္ပာယ်က “တွေ့ရတာဝမ်းသာပါတယ်၊ ဘယ်အထိပြန်ရမှာလဲ၊ မိုးအေးတယ်နော်၊ နောက်နေ့အတန်းထဲမှာ ပြန်ဆုံကြမယ်” စသဖြင့်ပေါ့လေ။

ဒီလိုနဲ့ပဲ ရွာနေကြမိုးရယ်၊ စိုင်းရယ်၊ သူရယ်၊ သူဝယ်လာလာတဲ့နေကြာစေ့ထုပ်ရယ် နောက်ပြီး……… ခံစားချက်တချို့ရယ်ပေါ့။ ကောင်မလေးရယ် မင်းမျက်ဝန်းချိုချိုလေး၊ ခပ်ပါးပါးနှခမ်းလေးနဲ့ ခပ်ကြွားကြွားပြုံးလိုက်တိုင်း ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ မင်းသိစေချင်လိုက်တာ။ ရက်တွေ၊လတွေ ပြောင်း၊ ခင်မင်မှုဆိုတာလေးတွေ တစတစသီ၊ မိုးလည်းမောလို့ခဏနားခဲ့ပြီလေ။ လှပလွန်းတဲ့ မြင်နေကြညနေခင်းလည်း ညကျောင်းနဲ့အတူ အနားယူသွားပြီ။ စိုင်းလည်းသူနဲ့ ဆက်သွယ်လို့မရတော့ဘူးလေ။
ကောင်မလေးရယ် မင်းအပြုံးလေးတွေ၊ မိုးရွာထဲက မခို့တရို့လမ်းလျှောက်ဟန်လေးတွေ၊ ချမ်းလို့တုန်နေတာလေးတွေ၊ ဒါတွေအားလုံးကို စုပြီးရင်ခွင်ထဲမှာ သိမ်းထားချင်လိုက်တာ။ လုံခြုံမယ်ဆိုရင်ပေါ့။

ဆက်လက်ဖတ်ရှုပေးပါနော်………။
ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

အမှားလား အမှန်လား

ငါလိုချင်တယ်
မင်းလည်းတောင့်တတယ်
ဟန်ဆောင်မနေပါနဲ့
ပြိုင်ဆိုင်မှုအတွက်တော့မှန်တယ်ပေါ့
မင်းကတော့မိုးလင်းပြီးမိုးချုပ်တယ်
ငါ့အတွက်ကမိုးချုပ်ပြီးမှမိုးလင်းတာ
နံရံတခြား
စည်းတပါးလေးပါပဲ
လူတွေသတ်မှတ်တဲ့
တရားမျှတမှု???
ဟားဟားဟား…….။
တရားတယ်၊ မတရားဘူး။
မင်းကိုယ်တိုင်လည်းရူးလို့
မင်းလည်းမင်းမာန၊ မင်းအတ္တ၊ မင်းဂုဏ်သိက္ခာ တွေရဲ့ကျွန်
ငါလည်း ငမ်းငမ်းတက်နေတဲ့ ငါ့လောဘနောက် တကောက်ကောက်
မင်းကိုမှန်ပါတယ်ပြောတဲ့သူတွေကကော
ဘယ်လောက်များမှားခဲ့ဖူးပါလိမ့်။
မင်းကိုမင်းတော့မှန်ပါတယ်။
မှားတယ်လို့အပြောမခံချင်တဲ့ မင်းအတ္တအတွက်ပေါ့
ဘာကြီးပဲပြောနေပြောနေ
မင်းပြောတဲ့ အမှောင်
ငါတော့တရှိုက်မက်မက်ကြီးကိုရှူရှိုက်ဦးမှာ……………….

ဗီလိန်