ပန်း


အတင့်ဆန်း
ပွင့်လန်းတဲ့
အမြင့်ပန်းလေးရေ
နမ်းမထိုက်
လှမ်းမထိုက်တဲ့
ငမိုက်သားမို့
နှလုံးသားမှာ ပုံရိပ်တင်
ကဗျာမဆင်တဲ့ စာတစ်စု
ရင်လှိုက်သဲလှိုက် ချကြည့်ချင်တယ်...
ညှို့သူဝန်းတဲ့ ပန်းမှော်ရှင်

ဗီလိန်

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၃ (ဒီဗီဒီ ဗားရှင်း)

ဇာတ်သိမ်းကတော့ ကိုဟန်သစ်ငြိမ် နဲ့ ကျနော် ၂ ယောက်တည်းပဲ လက်စသတ်လိုက်ပါတယ်ဗျာ။ ဆက်လက် အားပေးကြပါဦး။

ပျော်ရွှင်နိုင်ကြပါစေဗျာ။

=============================================================================



ဟန်သစ်ငြိမ်။ ။ `ကဲ ဘော်ဒါတို့ရေ... မင်းသမီးလေးက အကလည်းကောင်း အယိမ်းလည်းကောင်း... ခု ကျုပ်တို့တောင် မသောက်ဘဲနဲ့ ယိမ်းကုန်ပြီ...´

အင်ဒီ။ ။ `ကျုပ်တို့ မင်းသမီး ယိမ်းနေတာ ခုမှသိတယ်... အဟာရ ပြတ်နေတာကိုး... ဗိုက်မှောက် ရေသောက် ဆိုလားပဲ...´

ဖောင်း... ဖြောင်း...
ဗီလိန်။ ။ `ဟဲ့... အဟာရချို့ရင် စင်ပေါ်တောင် တက်က နိုင်ပါ့မလားဟဲ... အဲဒါ ပညာလို့ ခေါ်တယ်... ကျုပ်တို့ နာယကဂျီးလိုပေါ့... ချိုမိုင်မိုင်နဲ့တင် ပရိသတ်ကို ထိန်းသွားတာ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ခုတစ်ခါတော့ ပရိသတ်ပျော်ပြီး ကျွန်တော်တို့ မောရမယ့် အလှည့်ဖြစ်လို့ လာပြီပေါ့...´

အားလုံး။ ။ `ဟုတ်ပါ့ဗျာ...´

ဟန်သစ်ငြိမ်။ ။ `ဇာတ်သမားလာရင် လျှက်ဆားပါသလို...´

ဖြောင်း...
အောင်သာငယ်။ ။`ဘာ လျှက်ဆားပါတာလဲ... ဇာတ်သမားလာရင် မှတ်သားစရာပါဝင်... အဲလိုဖြစ်ရမှာလေ...´

ဟန်သစ်ငြိမ်။ ။ `အဟီး၊ မသိလို့ပါဗျ... အဲလိုပဲ... ဇာတ်သမားကျန်ရင်... လက်ယားကျန်ချင်..´

ဖြောင်း၊ ဖြောင်း... ဖြောင်း...
ဟန်သစ်ငြိမ်။ ။ `ဟ၊ ဟ… ဟ...´

ချမ်းရဲမှာ ဟန်သစ်ငြိမ်ကို ဘယ်တုန်းက အညှိုးတွေနှင့် မသိ အသေလိုက်ဆော်တော့သည်။

ချမ်းရဲ။ ။ `ဘာ... လက်ယားကျန်ခဲ့မှာလဲ... နင့်ဂျီးတော်လား... ဇာတ်သမားတကာပြန်ရင် မှတ်သားစရာကျန်တယ် အဲလိုလုပ်ပါဟ။ ဇာတ်ထောင်စားပြီး ဒါလေးတောင်မသိရင် နင်ထမင်းငတ်ဖို့ပဲ ရှိတယ်...´

အောင်သာငယ်။ ။ `တော်ကြဟာ... ကဲ၊ ဟန်သစ်ငြိမ် ဘာလုပ်မှာလဲ ပြော...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေ... ကိုကြီးသာရ... ပရိသတ်က ပျော်လည်း ပျော် ဗဟုသုတလည်း ရအောင် ကျွန်တော်တို့တွေ သင်ပုန်းကြီး ဆိုကြရင် မကောင်းဘူးလား...´

အင်ဒီ။ ။ `က၊ ကလေးငယ် ချစ်စဖွယ်... အဲလိုလား...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တယ်၊ မဟုတ်ဘူး...´

ဇာနည်။ ။ `ဘယ်လို ဟုတ်တယ်... မဟုတ်ဘူးလဲ... နာယကဂျီးလေသံ လာခိုးနေပြန်ပြီ...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တယ်ဆိုတာ သင်ပုန်းကြီးဆိုမှာကိုပြောတာ။ မဟုတ်ဘူးဆိုတာ ကျုပ်တို့က အသစ်ဖျက်ဆိုမှာလေ...´

ဗီလိန်။ ။ `အော်… ဂလိုလား... စိမ်လိုက်လေ... အဲဒါမစခင် တစ်ခုပြောမယ်... ကကြီး၊ ခခွေးတွေနဲ့ ဘယ်သူ ကဗျာစပ်နိုင်လဲ…´

ဟန်သစ်ငြိမ်။ ။ `အော်ဒါများ လွယ်လွယ်လေး... က၊ ကောင်မလေးရေ... ခ၊ ခင်လို့ပါကွာ... ဂ၊ ဂျင်ပေါက်ချင်လို့... င၊ ငါနဲ့အတူတူ... စ၊ စမ်းသပ်ပြီးတော့... ဆ၊ ဆော့ကြရအောင်... ဇ၊ ဇွန်ပန်းရုံနား... ည၊ ညဘက်မှာလေ...။

အောင်သာငယ်။ ။ `အောင်မယ် အောင်မယ်... ခင်တာနဲ့ ညဘက် ဂျင်ပေါက်ချင်တယ်တဲ့... ဟုတ်သေးပါဘူး...´

အင်ဒီ။ ။ `ညဘက် ဂျင်ပေါက်ရအောင် မမြင်မစမ်းနဲ့ ဒီလူကြီး မရိုးသားဘူး...´

ဟန်သစ်ငြိမ်။ ။ `ရဘူးလားဗျ...´

အောင်သာငယ်။ ။ `ရဘူး... ဒီမှာ... ကျုပ်ဆိုပြမယ်... က၊ ကောင်မလေးရေ... ခ၊ ချစ်မိနေလို့... ဂ၊ ဂျွမ်းပစ်နေပြီ... င၊ ငါ့ရင်ထဲမှာ... စ၊ စွဲလမ်းလွန်းလို့... ဆ၊ ဆုတောင်းပါတယ်... ဇ၊ ဇာတ်သိမ်းခန်းမှာ... ည၊ ညားပါရစေ...´

ဇာနည်။ ။ `အံမယ်... ညားပါရစေဆိုပါလား... ကဲ... ကျုပ်လည်း ခုတင် စပ်လိုက်ပြီ... က၊ ကောင်မလေးရေ... ခ၊ ခွင့်လွှတ်နော်... ဂ၊ ဂိန်ဆိုပြီး... င၊ငါကန်လိုက်လို့... စ၊ စိတ်ဆိုးတာ ဆ၊ ဆရာမကို သွားမတိုင်နဲ့၊ ဇ၊ ဇာတ်ထဲကလို... ည၊ ညီးနေမှာပေါ့ :P
အင်ဒီ။ ။ `သူ့ထက်သူ လူစွမ်းကောင်းချည်းပါလားဗျ... ကျုပ်လည်း ရေးထားတယ်... က၊ ကောင်မလေးရေ... ခ၊ ချမ်းလိုက်တာကွာ... ဂ၊ ဂျင်းပြုတ်ရည်လေး... င၊ ငါသောက်ချင်လို့... စ၊ စေတနာနဲ့.. ဆ၊ ဆူအောင်တည်ပြီး... ဇ၊ ဇွန်းကလေးနဲ့... ည၊ ညှစ်တိုက်ပါကွာ...´
ဟန်သစ်ငြိမ်။ ။ `ဟ ဟ၊ ဂျင်းပြုတ်ရည် သောက်ချင်လို့ ဆိုပါလား...´

ဗီလိန်။ ။ `အေးဟ၊ ဒီလူကြီး လိုင်းပြောင်းသွားပလား...´

ချမ်းရဲ။ ။ `နေပါဦး `ဃ´ နဲ့ `ဈ´ က ဘယ်သွားထားမှာလဲ...´

အင်ဒီ။ ။ `အမ်... ဟိုလူကြီးတွေလည်း ထည့်မှ မစပ်ဘဲ...´

ဟန်သစ်ငြိမ်။ ။ `ဘာလို့ မရမှာလဲ... ဒီမှာကြည့် ကျုပ်စပ်ပြမယ်... က၊ ကောင်မလေးရေ... ခ၊ ချစ်မိနေလို့... ဂ၊ ဂျွမ်းပစ်ပြီးတော့... ဃ၊ ဃရာဝါသ... င၊ ငါပြုချင်တယ်... စ၊ စွဲဆောင့်ချင်ပြီး... ဆ၊ ဆောင့်စွဲချင်တယ်... ဇ၊ ဇွန်းတွေရောင်းတဲ့... ဈ၊ ဈေးရုံထဲမှာ... ည၊ နေဘက်ပေါ့...´

ဖောင်း... ဖြောင်း... ဖုန်း...

အောင်သာငယ်။ ။ `တော်စမ်းဟာ၊ ညစ်တီးနဲ့ ညစ်ပတ်တွေ... ဃရာဝါသ ပြုချင်သလေး ဘာလေးနဲ့´

အင်ဒီ။ ။ `ဟုတ်တယ်၊ ဒီလူကြီး မရိုးဘူး... စွဲဆောင့်၊ ဆောင့်စွဲဦးမတဲ့...´

ဟန်သစ်ငြိမ်။ ။ `ထားဗျာ... ခရီးမရောက်ဘဲ ရှိတော့မယ်... ကျုပ်တို့ သင်ပုန်းကြီးကို စကြရအောင်...´

အားလုံး။ ။ `အိုကေ... စလေ...´

ဟန်သစ်ငြိမ်။ ။ `စလေ...´

အားလုံး။ `စလေ...´

ဟန်သစ်ငြိမ်။ ။ `အေးလေ... စလေ...´

ဗီလိန်။ ။ `ဟာ၊ ခင်ဗျားအကြံပေးတာ ခင်ဗျား အရင်စလေဗျာ...´

ဟန်သစ်ငြိမ်။ ။ `အိုကေ... စမယ်... က၊ ကွမ်းယာ စားကြည့်ဗျာ...´

အောင်သာငယ်။ ။ `ခ၊ ခေါင်ရည် သောက်သင့်သည်...´

ဗီလိန်။ ။ `အောင်မယ်... ဟုတ်နေကြပါလား... ကဲ ဆက်လိုက်မယ်... ဂ၊ ဂေါ်လီ ခေတ်ဆန်သည်...´

ချမ်းရဲ။ ။ `င၊ ငွေပဲ အသည်းစွဲ...´

ဇာနည်။ ။ `စ၊ စောက်... စောက်...´

ဖုန်း၊ ဖြောင်း... ခွပ်...

ဟန်သစ်ငြိမ်။ ။ `ဘာတွေ ညစ်တီးနဲ့ ညစ်ပတ် လုပ်မလို့လဲ... တခြားဟာဆို...´

ဇာနည်။ ။ `အဟင့်... ခက်တော့တာပဲ... အဲ... စ၊ စီးကရက် သောက်လေမပျက်...´

အင်ဒီ။ ။ `ဆ၊ ဆေးခြောက် အမြဲစွဲသောက်...´

ဟန်သစ်ငြိမ်။ ။ `ဇ၊ ဇီဇာ ကြောင်ကြည့်ပါ...´

အောင်သာငယ်။ ။ `ည၊ ညုတုတု အမြဲပြု...´

ဗီလိန်။ ။ `တ၊ တဏှာ မက်ကြပါ...´

ချမ်းရဲ။ ။ `ထ၊ ထန်းရည် အမူးသောက်မလေ...´

ဇာနည်။ ။ `ဒ၊ ဒုစရိုက် ပြုကြည့်လိုက်...´

အင်ဒီ။ ။ `ဓ... ဓ... အဲ... ခက်တော့တာပဲ...

အောင်သာငယ်။ ။ `ဘာခက်လို့လဲ... ဓ၊ ဓာတ်ဆီ ခိုးရောင်းမည်...´

ဟန်သစ်ငြိမ်။ ။ `န၊ နှာဗူး ထလို့မြူး...´

အင်ဒီ။ ။ `ပ၊ ပိုကာ ဒေါင်းကြည့်ပါ´

ဗီလိန်။ ။ `ဖ၊ ဖာ... ဖာ...´

ဖောင်း... ဖြောင်း၊ ဖြောင်း... ဖောင်း

အောင်သာငယ်။ ။ `တော်၊ တော်... နင်ဘာဆိုမလဲ ငါသိတယ်... ဒီပြင့်ဟာဆို...´

ဗီလိန်။ ။ `အင်း... အဲ... ဖ၊ ဖဲဆို ရိုက်ဖို့လို...´

ချမ်းရဲ။ ။ `ဗ၊ ဗရုတ်ကျ အမြဲလုပ်ကြ´

ဇာနည်။ ။ `ဘ၊ ဘီယာ သောက်ကြည့်ပါ´

အင်ဒီ။ ။ `မ၊ မိန်းမ လိုက်စားကြ...´

အောင်သာငယ်။ ။ `ယ၊ ယမကာ ကောင်းလှတာ...´

ဟန်သစ်ငြိမ်။ ။ `ရ၊ ရမ်ဆို သောက်ဖို့လို...´

ဗီလိန်။ ။ `လ၊ လိမ်ပြီး ပြောကာဖြီး´

ချမ်းရဲ။ ။ `၀ီစကီ သောက်ပါမည်… အဟီ အဟီ...´

ဇာနည်။ ။ `သ၊ သံဝါသ ပြုယှက်ကြ...´

အောင်သာငယ်။ ။ `အောင်မယ်... သံဝါသတဲ့ အေကိုက်နေမယ်... လူကြီး... ဟိုကောင် အောင်ဒီကန် ဆက်ဆိုလေ...´

အင်ဒီ။ ။ `ဟ၊ ဟ...ဟ... ဟ၊ ဟန်သစ်ငြိမ်...´

ဖောင်း...

ဟန်သစ်ငြိမ်။ ။ `ဟ ဆိုတာနဲ့ ကျုပ်ကို အော်စရာလား... ဒီမှာ... ကျုပ်စပ်ပြမယ်... ဟ၊ ဟီးရိုးအင်း အကြောထဲသွင်း...´

ဗီလိန်။ ။ `ကဲ... ကျုပ်က အဆုံးသတ်လိုက်မယ်... အ၊ အရက် သောက်လေမပျက်... အဟဲဟဲ...´

အားလုံး။ ။ `အဟဲ... ဟဲ... ဟဲ...´

အောင်သာငယ်။ ။ `ကဲ... ဘော်ဒါတို့ရေ... ပျော်တာလည်း ပျော်ကြတာပေါ့... မင်းသမီး အလှည့်ပေးဖို့ အချိန်လည်း ကျပြီ မဟုတ်လား...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တာပေါ့... ခုတစ်ခါ ဘယ်သူ့ကို ခေါ်မလဲဗျို့...´

ဗီလိန်။ ။ `အော်... သူကတော့ အင်မတန်မှ လှပဆန်းသစ်စွာ သီဆိုဖျော်ဖြေမယ့် မင်းသမီးချောလေး... ဆန်းပြားတဲ့ ဂန်းစတား မစွန်မု... ပဲဖြစ်ပါတယ်... ကဲ... ဒါလီနှမ လာဒီည... ပါတီခင်ဗျ...´

ဖောင်း... ဖြောင်း
အောင်သာငယ်။ ။ `အာ... မင်းသမီး ခေါ်ပါဆို... ဘာပါတီလဲ... ကျုပ်ခေါ်မယ်... ဟဲ့ကောင်မ ခုရှေ့ထွက်ခဲ့စမ်း...´

ဖောင်း... ဖောင်း၊ ဖြောင်း...
ဟန်သစ်ငြိမ်။ ။ `အာ... ခက်တော့တာပဲ... မင်းသမီးခေါ်ပါဆို ငါစိမ်းတန်းရောက်နေသလား မှတ်ရတယ်... ကဲ ကျုပ်ခေါ်ပြမယ်... ဘာတဲ့... ဖြေရှင်း မညီးတော့ပါဘူး.... အခြေသတင်းကြီးလေတဲ့ ရွှေမင်းသမီးရေ... ကျုပ်နဲ့ အနေချင်းသာ... နီးလိုက်ပါတော့... အော့...အော့´

ဖောင်း၊ ဖြောင်း... ဖောင်း
ချမ်းရဲ။ ။ `ဟ၊ တော်စမ်းပါဗျာ။ ဒီလူကြီး လူတကာနဲ့ အနေနီးချင်နေတယ်... အေကိုက်မှ ခက်မယ်နော်...

အင်ဒီ။ ။ `အဲဒါဆို... ကျုပ်ခေါ်မယ်... အထင်ကရ... အမြင်လှ... နင်အကစိုတဲ့ ခင်နှမပျို... ရေ... အေ... အေ´

လှုပ်တုပ်လှုပ်တုပ်နဲ့ မင်းသမီး စင်ပေါ်သို့ တက်လာပြန်သည်။

မစွန်မု။ ။ `ဟိုဘက်က အပျိုတောင် လျှာလည်တဲ့ ကိုအောင်သာငယ်လားဗျ...´
အောင်သာငယ်။ ။ `မှန်ပါ့ဘုရား...´

ဖောင်း... ဖြောင်း။ ဖောင်း...
ဟန်သစ်ငြိမ်။ ။ `ဘာတွေ မှန်ပါ့ လုပ်နေတာလည်း ဘုရင်ခေတ်ဆိုတာ ရှိတော့ဘူးဆိုတာ သိဘူးလား...´

မစွန်မု။ ။ `ဟိုဘက်နားက အမှန်အစစ်မငြိမ်တဲ့ ဟန်သစ်ငြိမ်လားဗျ...´
ဟန်သစ်ငြိမ်။ ။ `ဟုတ်ကဲ့ပါ မစွန်မုရေ... ရန်ဖြစ်ချိန်တောင် မရှိပါဘူး...´

မစွန်မု။ ။ `ဒီဘက်ကတော့ အမှန်အတည်ကြောင်တဲ့ အန်ဒီကောင်လား ရှင့်...´
အင်ဒီ။ ။ `ဟုတ်ကဲ့ ခင်ည တွေ့ရတာ ၀မ်းနာပါတယ်...´

ဖောင်း... ဖြောင်း...
အောင်သာငယ်။ ။ `၀မ်းသာတယ် လုပ်ပါ...´

မစွန်မု။ ။ `တယ်လည်း နောက်ကြသကိုး... ဟိုအခြမ်းထဲက ကိုချမ်းရဲလား ရှင်...´
ချမ်းရဲ။ ။ `ယက်စ်... နိုက်စ် တူ ဆီး ယူ မင်းသမီး...´

ဟန်သစ်ငြိမ်။ ။ `အံမယ်... အရေးထဲ ဗိုလ်လာဆန်နေရသေးတယ်´
မစွန်မု။ ။ `အားလုံးကို တွေ့ရတာ ၀မ်းသာပါတယ်ရှင်...´

ဇာနည်။ ။ `ဟ ဟ... ကျွန်တော် ကျန်သေးတယ်လေ မင်းသမီး...´

ဖောင်း... ဖြောင်း... ဖွပ်... ဖြောင်း...
အင်ဒီ။ ။ `နင်အသာနေစမ်း... နင့်ကို မင်းသမီးက အဖက်မှ မလုပ်တာ...´

ဇာနည်။ ။ `ငါ့အဖက်မလုပ်တော့... နင်တို့ကိုရော အဖက်လုပ်လို့လား...´

ဖောင်း... ဖြောင်း...
အောင်သာငယ်။ ။ `တော်ကြစမ်းဟာ... ညစ်တီးနဲ့ ညစ်ပတ်တွေချည်း စင်ပေါ်တက်အော်နေ... ဟိုမှာ စိစစ်ရေးက အကိုကြီးတွေ ထိုင်နေတာ မတွေ့ဘူးလား... ရှေ့ဆုံးတန်းမှာ ခက်တော့တာပဲ...´

မစွန်မု။ ။ `ဆောရီးနော်... မေ့သွားလို့ပါရှင်... ဒီနားလေးက ဘာမထီတဲ့ ရုပ်နဲ့ ကိုဇာနည်လားရှင့်...´
ဇာနည်။ ။ `ဟုတ်ကဲ့ပါ... မင်းသမီး... အဟီး ဟီး... နေကောင်းပါ၏ ဟီး ဟီး...´

အင်ဒီ။ ။ `နွားကျနေတာပဲ သွားတွေကို ဖြီးလို့...´

ဗီလိန်။ ။ `သူ့ခဗျာ ခုမှ အမမြင်ဖူးရှာတာလေ...´

ဖောင်း...
ဇာနည်။ ။ `အာ... ခုမှ မြင်ဖူးရအောင် ငါက အထီးတောထဲ ရောက်နေလို့လားဟ...´

ဗီလိန်။ ။ `သိဘူးလေ...´

အောင်သာငယ်။ ။ `နင်တို့တွေ တော်ကြစမ်းဟာ... ရန်ဖြစ်ချင် စင်အောက်ရောက်မှဖြင့်... အချိန်ရှိဘူး... ကဲ... မင်းသမီး နင်က ခေါင်းစောင်း ဆိုတော့...´

ဟန်သစ်ငြိမ်။ ။ `ခေါင်းဆောင်မင်းသမီး လုပ်ပါ... ဘယ့်နှယ် ခေါင်းစောင်း ရမှာလဲ...´

အောင်သာငယ်။ ။ `အော်... အေး... မှားလို့... ဒီတော့ မင်းသမီး ခုနကလိုပဲ... ကစရာရှိက... ပြီးရင်ဂျောင်း...´

အားလုံး။ ။ `မလကဂျောင်း...´

မစွန်မု။ ။ `အဟီး ဟီး... သမီးကို မလကဂျောင်းတဲ့... ကိုကြီးသာ ပြောပါဦး...´

မင်းသမီးက ကိုအောင်သာငယ် လက်ကိုဆွဲပြီး ညုတော့...

အောင်သာငယ်။ ။ `ဟေ့ကောင်တွေ ခု ပါးစပ်ပိတ်... ကဲ မင်းသမီးစတော့...´

မစွန်မု။ ။ `အဟင့်... စပါ့မယ်ရှင့်... ခုတစ်ခါ သီဆိုမယ့် သီချင်းကတော့... ထွန်းအိမ်သာဗိုလ်ရဲ့...´

ချမ်းရဲ။ ။ `ထွန်းအိန္ဒြာဗိုလ် လုပ်ပါဟယ်... တော်ကြာ ဟိုမှာ တက်သေသွားပါဦးမယ်...´

အင်ဒီ။ ။ `ဟုတ်တယ်... သူလုပ်မှ အိန္ဒြာကျော်ဇင်က အိမ်သာကျော်စင်ဖြစ်တော့မယ်...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မင်းသမီး စမယ်ဆိုလည်း စဗျာ... အကုန်တွေ ချိန်တယ်´

ဗီလိန်။ ။ `အချိန်တွေ ကုန်တယ် လုပ်ပါဟ...´

ဟန်သစ်ငြိမ်။ ။ `အင်း... ဟုတ်တယ် မင်းသမီး၊ အကုန်တွေချိန်... အဲ... အချိန်တွေကုန်တယ်...´

မင်းသမီး။ ။ `အင်း... သမီး ခုတစ်ခါ သီဆိုမှာကတော့ အဲဒီ... ထွန်း... ထွန်း... ထွန်းဟိုဒင်းဗိုလ်ရဲ့...´

အောင်သာငယ်။ ။ `အရေးထဲ ဟိုဒင်းဗိုလ်နေရသေး... မြန်မြန်ဆိုဟာ... ပြီးရင် ဆင်း...´

မင်းသမီး။ ။ `အဟင့်... မီးကို ရက်စက်လိုက်တာ... ဆိုပါ့မယ်၊ ကပါ့မယ် ရှင်... အဲဒီ အဆိုတော်မမ ဆိုထားတဲ့ `ကိုကိုရေ ချစ်မိပြီ´ ဆိုတဲ့ သီချင်းပါ...´

သူ့စကားဆုံးတာနဲ့ ရွာစားသံလွင်ဟီးရိုးရဲ့ တီးဝိုင်းနဲ့ ဒီဂျေ ဖိုးဂျယ်တို့ရဲ့ တီးခတ်သံတွေ ထွက်လာတော့သည်။ သီချင်းနဲ့အတူ မင်းသမီးက တစ်ကိုယ်လုံးကို လှုပ်ခါပြီး သီဆို ကခုန်တော့သည်။

ဆုံဆုံလာတဲ့ ကျွန်မနဲ့ နိုက်ကလပ်မှာ
ရင်တွေ တင်တွေကိုပဲ ကြည့်နေလို့
ကျွန်မစိတ် အိုမလုံပါဘူး သူဘာများလုပ်မလို့လဲ
ငွေတွေပါတာကို ရင်ဖွင့်ပြောမယ်လို့ ထင်ခဲ့

မြန်မြန် မြန်မြန်လေး ပြောမယ် ဈေးစကားဆို
ကိုရေ လူတွေ လစ်တုန်း ပြောပါလား
ကြောက်တတ်လိုက်တာ လွန်ပါရော
ရှင်ယောက်ျား မဟုတ်လို့လား
လူပုံကို မြင်တာနဲ့ ဗူးတာ သိတာပေါ့...

အို... နင်ဘယ်လောက်လဲ ဖွင့်မေးရင်လည်း အို၊ ကျွန်မက စိတ်ဆိုးမယ်ထင်လား
ဘယ်လိုလဲ ရှင်... ပြောတော့မလား ကြာရင် သိပ်နောက်ကျလို့ သွားလိမ့်မယ်

ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်

ဆုံဆုံလာတဲ့ ကျွန်မနဲ့ နိုက်ကလပ်မှာ
ရင်တွေ တင်တွေကိုပဲ ကြည့်နေလို့
ကျွန်မစိတ် အိုမလုံပါဘူး သူဘာများလုပ်မလို့လဲ
ငွေတွေပါတာကို ရင်ဖွင့်ပြောမယ်လို့ ထင်ခဲ့

အို... နင်ဘယ်လောက်လဲ ဖွင့်မေးရင်လည်း အိုကျွန်မက စိတ်ဆိုးမယ်ထင်လား
ဘယ်လိုလဲ ရှင် ပြောတော့မလား ကြာရင် သူများဦးသွားလို့ မောလိမ့်မယ်

ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်
ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်

ကိုကိုရေ ဈေးပြောပါ... အာဟာ...


မင်းသမီးက ဆိုပြီးတာနဲ့ ရှက်ကိုးရှက်ကန်း စင်ပေါ်မှ တစ်ခါတည်း ဆင်းသွားလေတော့သည်။

ဟန်သစ်ငြိမ်။ ။ `ကဲ... ကဲ... ပရိသတ်ရေ... မင်းသမီးကတော့ အထာပေးသွားပြီနော်...´

ဖောင်း... ဖြောင်း... ဖောင်း...

ဇာနည်။ ။ `မင်းသမီးက အထာပေးစရာလား ပရိသတ်ကို...´

ဟန်သစ်ငြိမ်။ ။ ` သိဘူးလေ... ဈေးပြောနိုင်ပါတယ်ဆို... ပြီးတော့ နိုက်ကလပ်ဆိုလားပဲ...´

ဗီလိန်။ ။ `ဟာ... အဲဒါ ကျုပ်တို့ကို စောင်းဆိုတာ ဖြစ်မှာပေါ့...´

အင်ဒီ။ ။ `ဟုတ်တယ်... ကျုပ်တို့မင်းသမီးက နိုက်ကလပ်မှာ အကကောင်းဆိုပဲ...´

ဖောင်း... ဖြောင်း...

အောင်သာငယ်။ ။ `နင်တို့ အဲဒါပဲ တွေးနေ... ဟိုမှာ အစောကြီးတည်းက ပြောပါတယ်... ထွန်းအိမ်သာဗိုလ် ဆိုထားတာပါဆို...´

ချမ်းရဲ။ ။ `ထွန်းအိန္ဒြာဗိုလ်လုပ်ပါဗျာ... တခါလာ အိမ်သာ အိမ်သာနဲ့´

အင်ဒီ။ ။ `တော်စမ်းပါဗျာ... ခင်ဗျားတို့ မင်းသမီးကဖြင့် ဆင်းသွားပြီ... ခုထိ အိမ်သာကိစ္စ မပြီးသေးဘူး...´

ဟန်သစ်ငြိမ်။ ။ `အဲဒါ အသာထား... ခုဘာ ဆက်လုပ်ကြမှာလဲ...´

ဇာနည်။ ။ `ဟ၊ ကျုပ်တို့က လူရွှင်တော်တွေဆိုတော့ ဟာသ ပြောရမှာပေါ့...´

ဟန်သစ်ငြိမ်။ ။ `အေး၊ အဲဒါဆို ပြောလေ...´

ဇာနည်။ ။ `အင်း... ဟုတ်တယ်၊ ပြောလေ...´

အောင်သာငယ်။ ။ `ဟုတ်သားပဲ၊ ပြောကြလေ...´

ဗီလိန်။ ။ `အာ... ခင်ဗျားတို့... ဘာတွေဖြစ်နေတာလဲ... ဟာသ ပြောကြပါဆို...´

အင်ဒီ။ ။ `ဟုတ်တယ်၊ ပြောကြလေ...´

ချမ်းရဲ။ ။ `အာ... ခက်တော့တာပဲ... ဟေ့လူတွေ ဟာသဗျ၊ ဟာသ...´

အချင်းချင်း လက်ညှိုးတွေ ထိုးကုန်ကြတော့သည်။ တချို့က ရေချိန်ကိုက်နေသလို ၊ တချို့ကလည်း ဖဲရိုက်ချင်... တချို့ကလည်း အွန်လိုင်းတက် ချက်တင်း လုပ်ချင်စိတ်က စောနေသဖြင့် ကျက်ထားသမျှ ဟာသတွေ မေ့ကုန်သဖြင့် အချင်းချင်း မေးငေါ့ကြကုန်တော့သည်။

ဟန်သစ်ငြိမ်။ ။ `ဟ၊ ဟ... လုပ်ကြဦးဟ... ဟိုမှာ ပရိသတ် စောင့်နေပြီ... ခက်တော့တာပဲ...´

အင်ဒီ။ ။ `ကဲ... ဒီလိုလုပ် ကျွန်တော် သီချင်းတစ်ပုဒ် ဆိုပြမယ်...´

ဟန်သစ်ငြိမ်။ ။ `အေး၊ ကောင်းတယ်... ဘာသီချင်းလဲ...´

အင်ဒီ။ ။ `ဟိုလေ... ဇော်ပိုင် ဆိုထားတဲ့ `စုံသော အသီး´ ဆိုတဲ့ သီချင်းလေ...´

အောင်သာငယ်။ ။ `အာ... မဆုံသောလမ်းပါ... နင့်အလှည့်ကျမှ စုံသောအသီးဖြစ်ရတယ်လို့...´

အင်ဒီ။ ။ `သိဘူး... ကျွန်တော့် ဗားရှင်းအသစ်က စုံသောအသီးတဲ့...´

ချမ်းရဲ။ ။ `ဘာဖြစ်ဖြစ်ဆိုကွာ... ကြာတယ်...´

အင်ဒီ။ ။ `ဟို... ပြီးတော့... အလယ်က Chorus ပဲ ရတာနော်...´

ဗီလိန်။ ။ `ဆိုစရာရှိ ဆိုကွာ...´

အင်ဒီ။ ။ `အင်း… ဆိုမယ်...´

ဗီလိန်။ ။ `ဆို...´

အင်ဒီ။ ။ `ဆိုမယ်နော်...´

ဗီလိန်။ ။ `ဆိုလေကွာ...´

အင်ဒီ။ ။ `ဆိုတော့မယ်နော်...´

ဖောင်း... ဖြောင်း... ဖောင်း...

အောင်သာငယ်။ ။ `ငါ... လုပ်လိုက်ရ... ဆိုစရာရှိ ဆိုဟာ...´

အင်ဒီ။ ။ `အဟင့်... ဆိုပါ့မယ်... ဆိုမယ်နော်...´

ဟန်သစ်ငြိမ်။ ။ `အာ... ဒီလူ... ထပ်ရိုက်လိုက်ရ...´

အင်ဒီ။ ။ `ရိုက်ပါနဲ့ဗျာ... ဆိုပါ့မယ်...

အင်ဒီက ဇော်ပိုင်စတိုင် ဂစ်တာ တီးသလိုလို လက်ဟန်နှင့် လုပ်နေသေးသည်။ ပြီးတော့မှ...

စုံသောအသီး...
မင်းကြိုက်ရာရွေးခြယ်သွားပြီး...

စုံသောအသီး...
မင်းကြိုက်ရာရွေးခြယ်သွားပြီး...
ကျန်နေတာက ဘူးသီး...
ရော့ ကျောက်ဖရုံသီး...
မလိုချင်ဘူး သခွားသီး...
မင်းမကြိုက်တဲ့ ငရုတ်သီး...
အို... စုံ သော အသီး...

စုံသောအသီး...´
(မှတ်ချက်။ ဇော်ပိုင်၏ မဆုံသောလမ်း Chorus အလိုက်ဖြင့် သီဆိုပါရန်)

ဇာနည်။ ။ `ခင်ဗျား... အသီးဆိုမှ ကျုပ်အသီးနဲ့ ပတ်သက်တာတွေ သွားသတိရမိတယ်...´

အောင်သာငယ်။ ။ `ဆိုစမ်းပါဦးဗျ...´

ဇာနည်။ ။ `ကဲ နားထောင်... ဒီလိုဗျာ... ရှောက်သီးလို လျှောက်ဖြီးတာမဟုတ်ပါဘူး… ထန်းမြစ်လို အရမ်းချစ်တာပါ ချစ်သူရယ်... ဘူးသီးကြော်လို ရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး... ငါးပိချက်လို အသိမခက်ပါနဲ့တော့... မဟုတ်ရင် ဂျူးမြစ်လို အရူးဖြစ်ရပါ တော့မယ်...´

ဟန်သစ်ငြိမ်။ ။ `အံမယ်... ဒါမျိုးဆို သားတို့လည်း ရပါတယ်ဗျ... သခွားသီးလို တအားညည်းပြီး သင်္ဘောသီးလို အတင်းအပြောကြီးနေတာ မဟုတ်ပါဘူး ချစ်သူရယ်... သရက်သီးလို အရှက်ကြီးတတ်တဲ့သူကို ငရုတ်သီးလို အစုတ်ကြီးလို့တော့ မပြောလိုက်ပါနဲ့၊ တကယ်ဆို ကိုယ်ဟာ သစ်တော်သီးလို အချစ်တော်တော်ကြီးလို့... ခရမ်းသီးလို အလွမ်းမီးတွေ ဝေနေရတာပါ။

အောင်သာငယ်။ ။ `ကဲ... တော်ကြတော့ ပြောစရာမရှိတာကို အဖြစ်လုပ် ပြောမနေကြနဲ့... မင်းသမီး ခေါ်မယ်ဆိုခေါ်... ကျုပ်တို့ စင်နောက်မှာ လုပ်စရာ တပုံကြီး´

ဗီလိန်။ ။ `ဟုတ်ပါပြီ... ဘယ်က ဘယ်လို စခေါ်ကြမှာတုန်းဟ...´

အင်ဒီ ။ ။ ဒီတစ်ခါ မင်းသမီး သုံးယောက်လုံး ခေါ်ဗျာ။

ချမ်းရဲ ။ ။ ဟ လောဘကကြီးလှချည်လား။

ဟန်သစ်ငြိမ် ။ ။ လောဘကြီးတယ် မလုပ်နဲ့ အချိန်က သိပ်မရှိတော့ဘူး။ ကမ္ဘာက ပျက်ရဦးမှာ။

ဇာနည် ။ ။ အေးကွာ ခေါ်မယ့်ခေါ် သုံးယောက်လုံးသာ ပြိုင်တူခေါ်လိုက်။ ကျုပ်တို့လည်း ငန်း....အန်း... အန်း.....

ဖျောင်.... ဖျောင်.....
အောင်သာငယ် ။ ။ ငန်းစရာလား။ အဲဒါ့ ဂေဟာ လူဂျီးမြင်းတွေ၊ ဝံဂျီးတွေ။ ဘာအောင့်မေ့နေလဲ.....။ ငါပဲငန်းမယ်။

ဖုန်း..... ဒိုင်း....... ဂွမ်း........ (အားလုံးက ဝိုင်းသမကြလေတော့သည်။)
ဗီလိန် ။ ။ အောင်မာအောင်မာ။ ကာကွယ်ရေးဦးစီးချုပ် ဆိုတိုင်း ထင်တိုင်းကျဲလို့ရမလားဟ။

ချမ်းရဲ ။ ။ ကိုဗီလိန် ဂေဟာရဲ့ ကာကွယ်ရေးဦးစီးချုပ်လို့ ပြောရင်ကောင်းမယ်နော်။ ဂေဟာ ဆိုတာလေးထည့်ပြော။

အင်ဒီ ။ ။ ကဲကဲ............ ခင်ဗျားတို့ မခေါ်ရင် ကျနော်ခေါ်ပြီဗျာ။ အပြောတွေရပ်လို့ အရပ်တွေ လုပ်ကြပါစို့.......

ဟန်သစ်ငြိမ် ။ ။ အင်းဟာ.... အင်းဟာ ညစ်တီးညစ်ပတ်တွေ မပါပါနဲ့လို့ ဘယ်နခါပြောရမလဲ။ ကျနော်တို့ ပေါတာတွေ ရပ်ပြီးတော့ မင်းသမီး သုံးယောက်လုံးကို ရောခေါ်မယ်လား။ ဒါဆို ကျနော်ခေါ်ပြမယ်။ ကဲ....... အပေါတွေ ရပ်ပြီးတော့ အ............

ဖျောင်း........ ဖျောင်း
အားလုံး ။ ။ ဘာတွေ ရောမှာလဲ ပြော။

ဟန်သစ်ငြိမ် ။ ။ အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့ .......... လို့ ပြောမလို့ပါ။

အောင်သာငယ် ။ ။ ပြီးရော ဒါဆို ဆက်ဆို။

ချမ်းရဲ ။ ။ အမောလေးကယ်လို့ မကယ်ရင် ငါထင်တာမှန်တယ်။

ဟန်သစ်ငြိမ် ။ ။ ကဲ......... အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့.. အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့.. ငပေါဂေဟာ အချောအလှ ကညာပျိုတို့ရေ.........

စင်အနောက်မှ ခြေကားယားလက်ကားယား မစ္စတာ ဘင်းစ် ပုံစံ တစ်ဖုံ၊ ခါခါယမ်းယမ်းနှင့် တစ်မျိုး၊ တွန့်လိမ်ကောက်ကွေး တစ်မည် မင်းသမီး သုံးပါး ထွက်လာပါတော့သည်။

ခေါင်းဆောင် မင်းသမီးကြီး တွန့်လိမ် စွန်မုက
ဆုမွန် ။ ။ ဟောသည်က အစ်ကိုတို့ မောင်ငယ်တို့ရေ့

အောင်သာငယ် ။ ။ အားလုံး လူစုံတက်စုံ ရှိကြောင်းပါ မဆုမွန်ရေ့

ဆုမွန် ။ ။ ဒီက မဇင်ဇင် နဲ့ မတူးတူးသာလား မသိဘူး

တူးတူးသာ/ဇင်ဇင်ဇော် ။ ။ ညီမလေး ဆုမွန်ရေ။

ဆုမွန် ။ ။ အခု ဆိုရင် ကျမတို့ရဲ့ ငပေါများဂေဟာ ထူထောင် လာတာ တစ်နှစ် တင်းတင်း ပြည့်ခဲပြီ မဟုတ်ပါလား။

ဗီလိန် ။ ။ မှန်ပါ့ မဆုမွန်ရေ့။ အားလုံးရဲ့ အားပေးအားမြှောက်မှုတွေ နဲ့ ကျနော်တို့ အားလုံး တစ်နှစ် ဆိုတဲံ အတိုင်းအတာကို ချီတက်နိုင်ခဲ့ပါပြီ ခင်ဗျ။ ဒီတစ်နှစ်မှာ ဝိုင်းဝန်းကြိုးပမ်း၊ အားပေးကူညီ ခဲ့ကြတဲ့ ဘုတ်အဖွဲ့၊ ဝန်ကြီးများ၊ အသင်းသား အသင်းသူများနှင့်တကွ စာဖတ် ပရိသတ်အားလုံးကိုလည်း ဒီနေရာကနေ ဂါရဝပြု ကျေးဇူးတင်ပါကြောင်း ပြောကြားချင်ပါတယ်။

ချမ်းရဲ ။ ။ မှန်ပါတယ် ကိုဗီလိန်ရေ့။ တကယ်တော့ လူရွှင်တော် ဆိုတာ မလွယ်ကူသလို၊ ဟာသ ဆိုတာကလည်း ခက်ခဲ နက်နဲတဲ့ ပညာပါ။ လူတစ်ယောက်ကို ငိုဖို့ထက် တစ်ချက်လေး ပြုံးအောင်လုပ်ဖို့ ဆိုတာ မလွယ်ကူဘူး မဟုတ်ပေလား။

အင်ဒီ ။ ။ ထောက်ခံပါတယ်။ ဒီတစ်ခါတော့ အကျင့်ပါနေလို့ ထောက်ခံတာ မဟုတ်ဘူးနော်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ထောက်ခံတာပါ။ အဲသလို မလွယ်ကူတဲ့ ဟာသပညာကို စော်ကားသလို မဖြစ်ရအောင်၊ ရှေးရှေး ဟာသဆရာကြီးတွေ၊ လူရွှင်တော်ကြီးတွေကိုလည်း ပြစ်မှားသလို မဖြစ်ရအောင်၊ အဲ... တစ်ဘက်တစ်လမ်းကလည်း ဘလော့ လောကရဲ့ ဘလော့ဂါအပေါင်းကို ရယ်ရွှင်စရာ ဟာသလေးတွေလည်း ပေးခွင့်ရအောင် ဟာသ လို့ မခံယူပဲ ငပေါများလို့ နာမည်ခံယူခဲ့ကြတာပဲ မဟုတ်ပေဘူးလားဗျာ။

အောင်သာငယ် ။ ။ ဟုတ်ပါတယ် အင်ဒီရေ။ အိမ်မှာ ဘယ်လောက်ပဲ အိမ်တွင်းရေးတွေ ရှုတ်ထွေးနေပါစေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေ ရှုပ်ထွေးနေပါစေ စင်ပေါ်ရောက်ရင် ပရိသတ်ကို ရယ်ရွှင်မြူးတူးအောင် လုပ်ပေးရမှာ လူရွှင်တော်တွေရဲ့ တာဝန်ဖြစ်သလို၊ ကိုယ်ပိုင် ပုဂ္ဂလိက ပြဿနာ အထွေထွေကို မေ့ဖျောက်ပြီး ဘလော့လောကမှာ ရှိတဲ့ ဘလော့ဂါတွေ အားလုံးလည်း အပြုံးလေး တစ်ချက် ပွင့်နိုင်ရင်ပဲ ဖြစ်ဖြစ် ကိုယ်အားဉာဏ်အားနဲ့ ကြိုးစားခဲ့ကြတာလည်း ငပေါများဂေဟာက ငပေါများပဲ မဟုတ်ပါလားဗျာ။

ဇာနည် ။ ။ မှန်လိုက်လေ ကိုအောင်သာငယ်ရယ်။ အားလုံးကလည်း တက်စွမ်းသလောက် ရှိတဲ့ ဟာသဉာဏ်လေးတွေနဲ့ ပျော်ရွှင်ဖွယ် ဖြစ်အောင် ကြိုးစားခဲ့ကြတာပါပဲ။ ဒီအထဲမှာမှ ဟာသအရာ မမြောက်တဲ့ လိုအပ်ချက်လေးတွေကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါလို့ အနူးအညွန့် တောင်းပန်ချင်ပါတယ်။

ဟန်သစ်ငြိမ် ။ ။ မှန်ပါတယ်။ ဘယ်ငပေါပဲ ဖြစ်ဖြစ် စာဖတ်သူတွေကို ရယ်ရွှင်စေချင်တာကတော့ ငပေါတွေရဲ့ နှလုံးသားထဲမှာ ကမ္ဗည်းကျောက်စာ ထိုးသလို စွဲမြဲနေကြပါပြီ။ ကဲ ကြုံတုန်း ကြော်ငြာလေးလည်း ဝင်လိုက်ဦးမယ်။ အကယ်၍များ ငပေါများဂေဟာကို စိတ်ဝင်စားလို့ ငပေါတစ်ယောက် ဖြစ်ချင်ပါတယ် ဆိုရင်တော့ crazybloggergroup@gmail.com ကို လိပ်မူပြီးပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဘုတ်အဖွဲ့ဝင်တွေရဲ့ အီးမေးလ် ကိုပဲ ဖြစ်ဖြစ် ဟာသနှောနှော ခပ်ပေါပေါ လျှောက်လွှာ တစ်စောင်ကို ကြိုက်သလို ရေးသားပြီး ပေးပို့နိုင်ကြပါတယ်။ ဟာသ ပညာကို စိတ်ဝင်စားတဲ့ သူတွေ အားလုံးကို ငပေါများဂေဟာက နွေးထွေးစွာ ဖိတ်ခေါ်ကြောင်း ပြောချင်ပါတယ်။ အဖွဲ့ မဝင်ချင်သော်ငြား ဟာသ ပို့စ်တွေကို ပေးပို့ချင်တယ် ဆိုရင်လည်း အပေါ်ကလိပ်စာအတိုင်း လိပ်မူပြီး ပေးပို့နိုင်ကြပါတယ်။

ဆုမွန် ။ ။ ကဲ.... အစ်ကိုတို့ရေ။ အချိန်လည်း အတော်လင့်လို့ နှုတ်ဆက်ချိန်လည်း တန်ပါပြီ။ တချိန်လုံးလည်း ပေါခဲ့ ကြတာ ဆိုတော့ ဒီတခါ ငပေါများဂေဟာရဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်တဲ့ အနေနဲ့ ကျမ ဆုမွန်၊ ကျမ တူးတူးသာ (တူးတူးသာမှ ပြောသည်။)၊ ကျမ ဇင်ဇင်ဇော် (ဇင်ဇင်ဇော်မှ ပြောသည်) တို့က ချမ်းမြေ့ပါစေ ဆိုတဲ့ အကလေးနဲ့ ဆုတောင်း ပေးရင်းနဲ့ နှုတ်ဆက်ချင်ပါတယ်ရှင်။

အားလုံး ။ ။ နားဆင်ကြပါစို့ဗျာ........

(ကောင်းမြတ်သော စိတ်ဓာတ်နဲ့ မေတ္တာပွား... ဝေ
အနန္တသတ္တဝါ ဘလော့ဂါတွေ
ကိုယ်ရောစိတ်ပါ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းချမ်းသာစေ
အင်တာနက် စာမျက်နှာ မင်္ဂလာမျက်မှောက် အမြဲရောက်ပါစေ)၂

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ

(ဘလော့ထိုထိုတွင်းမှာ တို့ခြင်းရှို့ခြင်း ကင်းဝေးကာလေ
ဘလော့ဂင်းသော..... ပန်းလည်း လန်းပါစေ
ကော်ပီကူးသော.... ပန်းလည်း လန်းပါစေ
အနီးအဝေး အနိမ့်အမြင့် ကော်နတ်ရှင်တိုင်းလည်း ကောင်းကြပါစေ။)၂

ဘလော့ကမ္ဘာ ရေနှယ်အေးစေ... ဘလော့ရွာ ရေနှယ်အေးစေ...
(မေတ္တာအေးနဲ့ ဘလော့လေးတော့ ရေးလိုက်ချင်ပေ)၂

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ

ငပေါ..ဂေဟာ အရောက်မှာ
သောကနှင်းပေါက် ပျောက်ကွယ်နိုင်စေ
ဂေဟာအတွင်း ဟာသကွက်များ
မြဲ.... အောင်မြင်စေ.......
မကွဲ.... မကွာ..... အမြဲသာ တွဲကာ
ကမ္ဘာတည်သရွေ့ သာလေ....

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ
အားလုံးလည်း ချမ်းမြေ့ပါစေ.... အားလုံးလည်း...... ချမ်း...... မြေ့...... ပါ....... စေ......


“ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး ဤမှာတွင် ပြီးဆုံးပါပြီ။”