Showing posts with label TAG. Show all posts
Showing posts with label TAG. Show all posts

ဗီလိန်နဲ့ အယ်လ်ဖာဘတ်

စာလည်း မရေးဖြစ်တာကြာပြီ။ မောင်ရင်ညိုတဂ်လို့ ရေးရပါဦးမယ်။ ကိုရင်ညိုတဂ်တဲ့ ခေါင်းစဉ်က ကျွန်တော်ရေးတဲ့ A to Z" တဲ့။ ကဲ... ရေးတတ်သလောက် ရေးကြည့်မယ်ဗျာ။ အမှားပါရင်တော့ ခွင့်လွှတ်။ တဂ်ကို တဂ်လို မရေးပဲ ဉာဏ်စမ်းလေးပါ ထည့်ရေးလိုက်မယ်။ အဖြေတွေကိုတော့ အက္ခရာတွေရဲ့ နောက်ကို Select လုပ်ပြီး ကြည့်နိုင်ပါတယ်။

A for Ace
လူ ဆိုတာကတော့ ဒါလေးလိုပဲ။ တခါတလေ အကြီးဆုံးဖြစ်နေတတ်သလို၊ တခါတလေလည်း အငယ်ဆုံးဖြစ်နေတတ်တယ်။ ဒါကို မြင်နိုင်ဖို့ ဗီလိန် ကြိုးစားနေတုန်းပါပဲ။

B for Buddha
ဗီလိန်ကို ဘယ်သူ ဖန်ဆင်းသလဲ။ ဘယ်သူမှ မဖန်ဆင်းဘူး ဗီလိန်ရဲ့ ဖန်ဆင်းရှင်က ဗီလိန်ပဲ ဆိုတဲ့ အသိကို ပေးစွမ်းခဲ့သူ။

C for Challenge
ကျနော် သိပ်မင်တဲ့ စကားလုံးလေးပါ။ ဘာပဲလုပ်လုပ် သူမပါရင် စိတ်မဝင်စားတာများတယ်။ သူရှိမှ ဗီလိန့် ဘဝဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံယူမိတယ်။

D for Deal
ကျနော် အနှစ်သက်ဆုံး စကားလုံးတွေထဲက တစ်လုံးပဲ။ C ပေါင်းများစွာ ရဲ့ စိန်ခေါ်သံ ဆိုလည်း မမှားပါဘူး။ ဒီစကားပြောပြီးတိုင်း အောင်မြင်မှုကိုပဲ မရရအောင် ကြိုးစားတော့တယ်။

E for Enemy
ဗီလိန့် အတွက် မရှိမဖြစ် လူတချို့ပါ။ သူတို့ရှိလို့သာ ဗီလိန့် ဘဝ ပျော်စရာလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သူတို့ကြောင့်လည်း နေရာ တစ်နေရာမှာ ဗီလိန် ခြေထောက်နှစ်ချောင်းနဲ့ မတ်တပ်ရပ် နေနိုင်တာပါ။ ဒီအတွက် တစ်လက်စတည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

F for Friend
ဒီစကားလုံးရဲ မူရင်း အဓိပ္ပာယ်က အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစကားလုံးကို အရည်ခြုံသက်သက် အသုံးပြုကြတဲ့ လူပေါင်းများစွာနဲ့လည်း ဆုံတွေ့ခဲ့ရပါတယ်။ ဗီလိန် လိုအပ်နေချိန်မှာ တကယ့်ကို အကူညီပေး၊ ထူမ ပေးခဲ့တာလည်း ဒီစကားလုံးလေးပဲဖြစ်သလို ဗီလိန့်ကို တွန်းချ၊ လှဲချ၊ ခြေထိုးခံ၊ ထိုးကျွေး၊ နင်းတက် သူတွေ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဒီထဲကပဲ ဖြစ်နေပါတယ်။ ဒီစကားလုံးကို တုတ်ချောင်းလေး တစ်ချောင်း ဖြည့်ထည့်လိုက်တာနဲ့ F ကနေ E အဖြစ်ကို ပြောင်းသွားသလိုပါပဲ။ ဟိုဘက် အစွန်း နဲ့ ဒီဘက် အစွန်း ၂ဘက်စလုံးမှာ ရှိနေတဲ့ စကားလုံးလေးပါ။

G for Gaming
ဗီလိန်ရဲ့ ဝါသနာ။

H for Heal the World
ဗီလိန် မြတ်နိုးတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဒီသီချင်းလေးထဲက အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ တွေ နောက်ကို လိုက်တဲ့ အတ္တများ ကင်းဝေးစေချင်ပါတယ်။

I for I
ဗီလိန်ကတော့ တစ်နေ့ တစ်နေ့ ဒါကိုပဲ ပြင်ဖို့ ကြိုးစားတယ်။ ကောင်းတာ မကောင်းတာကတော့ မတတ်နိုင်ဘူး။ ဘယ်သူတွေ ဘာတွေ မကောင်းဘူးလဲ စိတ်မဝင်စားပါဘူး။ ဒါကြီး မကောင်းတာကိုပဲ ကြည့်ကြည့်ပြီး တစ်နေ့ တစ်နေ့ စိတ်တွေမောတယ်။ သေချာတာကတော့ ဆက်ပြင်နေဦးမှာပဲ။ ခက်တာက ကောင်းကို မကောင်းသေးတာ။

J for Jealous
လူတွေ ညှီစော်နံတဲ့ အကြောင်းရင်းပေါင်း များစွာထဲက တစ်ခုပေါ့။

K for Keep quite
ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့ စကားလေးကို အမှတ်ရပြီး အမြဲတမ်း ကိုယ့်ကိုကိုယ် သတိပေးနေမိတဲ့ စကားလေး တစ်ခွန်းပါ။

L for Lag
မကြာခင်မှာ သုံးရတော့မယ့် အင်တာနက် Speed.

M for Mother & Father
ဗီလိန် ဘာလုပ်လုပ် သူ့တို့အကြောင်းစဉ်းစား၊ ဘာလုပ်လုပ် သူ့တို့အတွက် စဉ်းစား၊ ဘာလုပ်လုပ် သူ့တို့စကား နားယောင်၊ အောင်မြင်ခြင်းပေါင်းများစွာရဲ့ တံခါးပေါင်းများစွာကို ဖွင့်ပေးတဲ့ သော့တစ်ချောင်း။

N for Neglect
လူတွေ... လူတွေ... ဒီလိုနေနိုင်မှ တော်ကာ ကျတယ်။

O for Owl
ဘယ်အရာကို မဆို ဗီလိန်ကြည့်တတ်တဲ့ အမြင်က ဒီသတ္တဝါရဲ့ မျက်လုံးလိုများ ဖြစ်နေမလား။ လက်ဝါးပြရင် လက်ဖမိုးမြင်ခဲ့လို့ ပါးရိုက်ခံရမလို ဖြစ်တာလေးတွေ မြင်ယောင်မိသေးတယ်။

P for Peace
လောဘ၊ ဒေါသ၊ မောဟ တို့ ချုပ်ငြိမ်းပါစေ။

Q for Queen
စစ်တုရင်ခုံပေါ်မှာလိုပဲ သူမရှိလို့ ရှုံးမယ် ဆိုတဲ့ လူထက် စာရင် သူရှိမှ အောင်ပွဲကို သိမ်းပိုက်ဖို့ အခွင့်အလမ်းတွေ ပေးစွမ်းနိုင်မယ့်သူပဲ ဖြစ်ချင်တယ်။


R for Reflect
ရန်သူ ဖြစ်ဖြစ် မိတ်ဆွေ ဖြစ်ဖြစ် ဗီလိန် တုန့်ပြန်တတ်တဲ့ သီအိုရီ။

S for Singapore
ဗီလိန့် အတွက် အောင်မြေ။ လုပ်သမျှ ဖြစ်၊ ဖြစ်သမျှ အောင်မြင်ပြီး မကြာခင်မှာ အနိုင်နဲ့ ပိုင်းပြီး ထွက်ခွာတော့မယ့် အောင်လံ စိုက်ရာမြို့တစ်မြို့။

T for Thumb
ဒါလေးကို မိုးပေါ် အမြဲထောင်ထားနိုင်ကြပါစေ။

U for U Turn
ဗီလိန် မှားနေမှန်း သိရင် ဒီလို ပြန်လှည့်နိုင်အောင် ကြိုးစားတယ်။ မအောင်မြင်တာခက်တယ်။

V for Villain
ဗီလိန့် အတွက် အဓိပ္ပာယ်အရှိဆုံး၊ အနှစ်သာရ အပြည့်ဝဆုံး၊ အမြတ်နိုးဆုံး စကားလုံးလေးပါ။ ဘာကြောင့်လဲ ဆိုတာတော့ ရေးပြနေစရာ မလိုလောက်ဘူး ထင်ပါတယ်။

W for Wheel
လောကကြီးက သူ့လိုပဲ။ အမြဲတမ်း အလှည့်ဆိုတာ ရှိတယ်။ ကိုယ့် အလှည့်တော့ မနွဲ့စတမ်းပဲ။

X for X
မသိပဲ မှားတဲ့ သူနဲ့ သိရက်နဲ့ မှားတဲ့သူ ဘယ်သူ သာသလဲ။

Y for Year 2012
ရှပ်ရှင်ထဲမှာလို ဖြစ်မဖြစ်တော့ မသိဘူး။ ကမ္ဘာကြီးလည်း ဟိုနေရာက ငလျင်လှုပ်လိုက်၊ ဒီနေရာက မီးတောင် ပေါက်လိုက်၊ မုန်တိုင်းတွေက ထန်လိုက်၊ ရေတွေ ခမ်းလိုက်၊ ရေခဲတောင် ပြိုလိုက်နဲ့... ဟူး........... ဖြစ်ပြန်တော့လည်း စံချိန်တင်တွေ၊ စံချိန်တင် နီးပါးတွေ ချည်းပဲ........... ကိုယ့် အတ္တလေးတွေ ကိုယ်စုထားကြပေါ့။

Z for Zero
တကယ်တော့ ဗီလိန်ရဲ့ အရည်အချင်းကလည်း ဒီဂဏန်းလောက်ပဲရှိပါတယ်။ ရေးချင်တာ ရေးထားတာတွေ စိတ်ရှည်လက်ရှည် ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

ဗီလိန်

ပန်းရေးပြ စီးချင်း

ဆဋ္ဌမတန်းတုန်းက ကျောင်းသန့်ရှင်းရေးအတွက် ဆိုပြီး ဆရာမက ကြွတ်ကြွတ်အိတ်လေးတွေကို ကိုယ်ထိုင်တဲ့ ထိုင်ခုံနောက်မှာ ကိုယ်စီကိုယ်စီ ချိတ်ထားကြဖို့ နှိုးဆော်ပါတယ်။ (အခုလိုကြွတ်ကြွတ်အိတ် မသုံးရ ဆိုတဲ့ ကိစ္စမျိုးမရှိဘူးပေါ့) အမေအဖေတို့ကလည်း ကုန်စုံဆိုင်လေးဆိုတော့ အိမ်မှာက ကြွတ်ကြွတ်အိတ်တွေက တောင်လိုရာလို ပုံနေပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမ စကားဆို သိပ်အလေးထားတဲ့ ကျနော်ကတော့ ဆရာမ ပြောပြီး တစ်ပတ်တိတိ ထိုင်ခုံမှာ ကြွတ်ကြွတ်အိတ် မချိတ်ခဲ့ပါဘူး။ နောက်ဆုံး ဝမ်တိမ် ပေးသည့်တိုင် အဲဒီ့နေ့က မေ့ကျန်ခဲ့သေးသည်။ ကျောင်းခန်းထဲရောက်တော့မှ သတိရသွားတော့ မထူးပါဘူးဆိုပြီး မုန့်ဈေးတန်းက မုန့်ဆိုင်တစ်ဆိုင်မှာ ကြွတ်ကြွတ်အိတ် အကြီးတစ်လုံးဝယ်လိုက်ပါတယ်။ ဇီးထုပ် တစ်ထုပ်ကို ၅မူးပေးရတဲ့ခေတ်မှာ ၁ ကျပ်ဆိုတာ သိပ်ကိုဈေးများပါတယ်။ ဒါတောင် ကုန်နေလို့တဲ့ အဟောင်းပဲ ရှိတယ်ဆိုလို့ ဘာမှ မပြောပဲ ၁ကျပ်တန် အသစ်လေးတစ်ရွက် ထုတ်ပေးပြီး ကျောင်းခန်းထဲ ပြန်လာပါတယ်။ ဒီလိုနဲ့ ထိုင်ခုံနောက်မှာ ချိတ်ထားလိုက်ပါတော့တယ်။

သိပ်မကြာလိုက်ပါဘူး။ ကျနော်နဲ့ မလှမ်းမကမ်းမှာထိုင်တဲ့ ပန်းလေးတစ်ပွင့် ကျောင်းခန်းထဲကို ဝင်လာပြီး သူ့နေရာမှာ သူထိုင်ပါတယ်။ ပထဝီစာအုပ်ကို ထုတ်လိုက်ပြီး လက်ကျန်ဇီးထုပ်လေးကို တစ်ချက် စုတ်ကာ ဇီးထုပ်ခွံကို သူ့ရဲ့ ထိုင်ခုံနောက်ကျောမှာ ရှိတဲ့ အမှိုက်အိတ်ထဲ ထည့်ဖို့လည်းလုပ်ရော........... သူ့ အမှိုက် ကြွတ်ကြွတ်အိတ် မရှိတာတွေ့သွားတော့ ဒေါသက ငယ်ထိပ်ကို တက်ဆောင့်ပြီး မျက်နှာတွေ နီလာပါတယ်။ ပတ်ဝန်းကျင်ကို တချက်လှည့်ကြည့်ရင်း သူ့မျက်လုံး ဆုံးသွားတာက ကျနော့ ထိုင်ခုံနောက်ကျော။ ဝုန်းဒိုင်းဆို ကျနော့ခုံကို လာပြီး ကြွတ်ကြွတ် အိတ်ကို လာဖြုတ်ပါတယ်။
“ဟဲ့.. နင်ဘာလုပ်တာလဲ။”
“ငါ့အိတ် ငါပြန်ယူတာပေါ့။”
“ဘာကို နင့်အိတ်လဲ။ ခုနကမှ မုန့်ဈေးတန်းက ငါ ဝယ်လာတာ။”
“နင်ဝယ်လာတာဆို အသစ် ဖြစ်ရမှာပေါ့။ ပေးဟာ... ”
ကျနော်လည်း သူ့ကိုတွန်းချလိုက်ပြီး
“ငါ့အိမ်မှာ ကြွတ်ကြွတ်အိတ်များ ရိုက်သတ်လို့ မကုန်ဘူး။ နင့်ကိုတောင် ဖို့သတ်လို့ ရတယ်။ နားလည်လား။ နင့်အိတ် ငါက ဘာကိစ္စခိုးရမှာလဲ။”
ကျနော့အထင် ကျနော် တွန်းချလိုက်လို့ သူ ငိုသွားမည်ထင်သည်။ သို့သော် သူ မငို။ ပြန်ထလာပြီး
“နင်လိုအဆင့် ဘိတ်ချေးကောင်တွေက မခိုးလို့ ဘယ်သူ ခိုးမလဲဟဲ့...” ဆိုပြီး ကျနော့ကို ပြန်တွန်းပါတယ်။
သူတင် ကိုယ်တင် တွန်းကြ ပြုကြ ဖြစ်နေတုန်း ဘယ်သူသွားတို့မှန်းမသိလို့ ဆရာမ ရောက်လာပါတယ်။ ဆရာမက နှစ်ယောက်လုံးကို အချိန် တစ်ချိန် မတ်တပ်ရပ်နေဖို့ အပြစ်ပေးပါတယ်။ ဆရာမ အပြစ်ပေးခံရမှာစိုးလို့ ကြွတ်ကြွတ်အိတ်ဟောင်းကို ငွေ ၁ ကျပ် နဲ့ ပေးဝယ်ပြီးတော့မှ ဘာမဆိုင်ညာမဆိုင် ဒင်းကြောင့် အပြစ်ပေးခံရတဲ့အတွက် စတင်ခဲ့တဲ့ အညှိုးအတေးတွေဟာ ကျနော့နှလုံးသားကို လှိုက်စားလို့နေပါပြီ။ တရားခံကို တရားခံမှန်းမသိ တရားလိုကို တရားလိုမှန်းမသိ။ သိအောင်လည်းမလုပ်ပဲ ၂ ယောက်လုံးကို အပြစ်ပေးတဲ့ ဆရာမကိုလည်း မုန်းတီးကာ ကျနော့ရဲ့ အာစရိယ စာရင်းမှ ထုတ်ပယ်လိုက်ပါတယ်။ အစတည်းက ပညာမာန တက်နေတဲ့ သူ့ဘက်လည်း စာညံ့တဲ့ ကျနော်ကသာ တရားခံဖြစ်ရမယ်လို့ သေချာပေါက် စွပ်စွဲထားတဲ့ အတွက် ကျနော့ကြောင့် သူအပြစ်ပေးခံရတယ်ဆိုပြီး အမုန်းတွေ တစတစ အမြစ်တွယ်လို့ နေလာပါတော့တယ်။ ပန်းတော့ပန်းပဲ။ ဒါပေမယ့် ...............

ငါလည်း မနမ်းပဲ
ငါ့လာစူးတဲ့ ပန်းလေးရေ့
ငါ့ရင်က အမုန်းပန်းတွေ
မင်းအတွက် ခူးပေးချင်တယ်
နမ်းမှာလားကွယ်......


အဲဒီ့အချိန်က စလို့ ကျနော် လစ်ရင် ကျနော့ကို ဆော်ပါတယ်။ သူလစ်ရင် သူ့ကို ဆော်ပါတယ်။ သူတို့ထောင်လိုက်လို့ ကျနော် ဒုက္ခရောက်တာတွေ အပြစ်ပေးခံရတာတွေ အများကြီးရှိသလို။ ကျနော် ချောက်ချလို့ သူဒုက္ခရောက်ရတာတွေလည်း အများကြီးပါ။ ဒီလိုနဲ့ ၁၀ တန်း ဖြေပြီးလို့ အောင်စာရင်းတွေ ထွက်တော့ သူက ဘာသာစုံ ဂုဏ်ထူးနဲ့ပေါ့။ ကျနော်ကတော့ သင်္ချာလေးတစ်ဘာသာနဲ့ စစ်စစ်ပေါက်ပေါက်။ ရေစက်က ဘယ်လောက်ပါတယ် မပြောတတ်ဘူး။ အောင်စာရင်း ဖတ်တော့ သူနဲ့ ကျနော်ဆုံပြန်တယ်။ ခနိုးခနဲ့ နဲ့ ရိသဲ့သဲ့ လုပ်သွားလိုက်သေးတယ်။ ကျနော်တို့ အောင်စာရင်းတွေနဲ့ ရှုတ်ရှက်ခတ်နေတုန်း ကျနော့ တစ်ဦးတည်းသော အစ်မနဲ့ သူ့ရဲ့ အစ်ကိုလတ်တို့ အဲဒီ့နေ့မှာပဲ ခိုးပြေးကြပါလေရော။ ကျနော်ကလည်း ဘယ်ရမလဲ။ စီးတော်မြင်း ဒီတီ ဒို အစုတ်ကို စွဲပြီး သူ့အိမ်သွားပြီး ရန်ရှာတာပေါ့။ ကတ်ကတ်လန်အောင်မှ ရန်တွေ့လိုက်ကြတာ။ ပွဲကို ဆူပါလေရော။ အမှန်တော့ သူ့အစ်ကိုက ဒီလောက်လည်း မဆိုးလှပါဘူး။ သူ့ကို အမြင်ကတ်လို့ကို ကွိုင်သွားရှာတာ။

ကဲ... သောက်မြင် ကပ်စရာကောင်းတဲ့ ပန်းကလေးရေ့
ဒီကမ္ဘာမှာ ငါရှိနေသ၍
ရာသီတွေကုန် ပြက္ခဒိန်တွေဟောင်း
မပြောင်းလဲပဲ တည်မြဲဖို့
သေချာတာတစ်ခုက
နင်ဟာငါ့ရဲ့ ထာဝရရန်သူပါ။


နောက်တော့ သူလည်း မကွေးမှာ ဆေးကျောင်းသွားတက်ပါတယ်။ ကျနော်လည်း ရန်ကုန်မှာ ကြုံရာကျပန်း ကျင်လည်ကျက်စားရင်း အစ်မတို့လင်မယားဆီကနေ တချက်တချက် သူ့အကြောင်း ကြားရပါတယ်။ နောက်တော့ ဆေးကျောင်းက သူငယ်ချင်းတွေ ဆီက သတင်းထူးတခု ကြားလိုက်ရတာက ဆေးသမားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာပဲ။ ကျနော်ပဲ နားကြားလွဲသလားလို့ ပြန်မေးကြည့်တယ်။ ဆေးကျောင်းသားနဲ့လားဆိုတော့ မဟုတ်ဘူး။ ဆေးသမားနဲ့တဲ့။ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်။ ကောင်းလိုက်တာလို့။ ကျနော်ကြိတ်ပြီး ဝမ်းသာနေမိတယ်။ နောက်ပိုင်း သတင်းတွေ ဆက်ကြားနေရတာက ဒီဘားထိပြီး ကျောင်းနားသွားတယ်လို့ ကြားတယ်။ အဲဒီ့နောက်ပိုင်းတော့ သတင်းအစအန မကြားရတော့။ အစ်မလင်မယားကလည်း ရပ်ဝေးကို ထွက်သွားကြပြီမို့ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ပြီ။ သူတို့ကို ပါးစပ်က ထုတ်မေးဖို့လည်း ဆန္ဒမရှိဘူးလေ။

မုန်းတတ်အောင် သင်ပေးခဲ့တဲ့
ငါမုန်းခဲ့တဲ့ ပန်းကလေးရေ
ငါပြုံးဖို့ မင်းမျက်ရည်နဲ့
ငါပျော်ဖို့ မင်းဒုက္ခလေးတွေ
ငါ့အနားမှာ ဖူးပွင့်ပေးပါဦးလားကွယ်


ကိုရွာသား ရေးခိုင်းတဲ့ ပန်းလေးတစ်ပွင့် အကြောင်းပါ။

ဗီလိန်

ဗီလိန်ပြောတဲ့ ခုတလော

ကဲ နန်းညီရေ။ သိပ်သိချင်နေမှတော့ ပြောရတော့မပေါ့။

ခုတလော
တွေးနေမိတာက
ဘယ်သူ့ကို ဒုက္ခပေးရမလဲ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အောက်တန်းစား

ကျန်းမာရေး
ချောင်းတဟွတ်ဟွတ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက
Dictionary

ရောက်နေဖြစ်တာက
ရုံး

ရေးဖြစ်နေတာက
အရိမဒ္ဒနပူရ သူရဲကောင်း

နားထောင်ဖြစ်နေတာက
စိတ်ညစ်ရပါလား (Big Bag)

ရွတ်နေမိတဲ့ကဗျာက
မြေခွေး နဲ့ ကိုရပ်ကွက်

ဖြစ်ချင်နေတာက
ဗီလိန်

စားဖြစ်နေတတ်တာက
ဘဝခါးခါး

သနားနေမိတာက
ငါ့မာန

လွမ်းနေမိတာက
ငါ့လုံ့လ

မေ့လျော့ပစ်နေမိတာက
ဝင်သက်ထွက်သက် (သီချင်းမဟုတ်ပါ)

ခါးသက်နေမိတာက
လူ

တမ်းတနေမိတာက
အချိန်

ကြိတ်ပြီးချီးကျူးနေမိတာက
လောကကြီးကို

ကြိတ်ပြီးအထင်သေးနေမိတာက
ငါ

ဆန္ဒမရှိတဲ့နေရာ
ရပ်ကွက်ထဲ

ဆန္ဒရှိနေတဲ့ကိစ္စ
စိတ်စေရာ

မုန်းတီးနေမိတာက
ငါ

ချစ်နေတာက
ငါ

စိတ်ပျက်နေမိတာက
ငါ

စွဲလန်းနေမိတာက
ငါ

လိုအပ်နေတာက
ငါ

တောင်းနေမိတဲ့ဆု
N/A

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
Holy S...

ဝန်ခံချင်တာက
မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တဲ့ အလှော်ဆရာလူတချို့ကို အမြင်ကတ်နေပါတယ်။

ရဲဘော်ငချမ်းရဲကလေးမ မေဇင်ဂျီးဒေါ် မဆုမွန်၊ ....................... လုပ်ဦး။

ဗီလိန်

ခေါင်းစဉ် မရှိတဲ့ အနာဂတ် (သို့) ၂၁ရာစု ရဲ့ တတိယဆယ်စုနှစ်

ကျနော် လေးတန်းကျောင်းသား ဘဝကပေါ့။
"သားကြီးလာရင် ဘာလုပ်မှာလဲ"
လေးလေးက မေးခြင်းဖြစ်သည်။ လေးလေး၏ မိန်းမ ဒေါ်လေးသာက ကျနော့်ကို လက်တို့ပြီး
"ဆရာဝန်ကြီးလုပ်မယ်လို့ ပြောလိုက်လေ သားသား"
ထိုအခါ အမေက ဝင်ပြောသည်။
"ကလေးကို ဘောင်မခတ်ပါနဲ့ မိသာရယ် သူ့ဟာသူ ဖြေချင် သလိုဖြေပါစေ။"
"ဒေါ်လေးသာကလည်း ဆရာဝန်တော့မလုပ်ချင်ပါဘူး။ ဆေးကုရတာ ပျင်းစရာကြီး"


ကျနော် ဆယ်တန်းကျောင်းသား ဘဝကပေါ့။
ကျနော် စာမကြိုးစားပါ။ စာမကြိုးစားခြင်းကိုလည်း အပြစ် တစ်ခုလို့ မခံယူခဲ့။ သင်္ချာဆရာမက မေးပါတယ်။
"ဗီလိန်၊ နင်ကလေ လုပ်ရင် ရရဲ့သားနဲ့ မလုပ်ဘူး။ အမှတ်လေးကောင်းပြီး ဆေးကျောင်းလေး တက်ရင် ဘယ်လောက် ဂုဏ်ရှိသလဲ။"
"ကျနော်က ဆရာဝန် လုပ်ချင်တာမဟုတ်ဘူး ဆရာမရဲ့ ဆရာဝန်တွေလုပ်စာ ထိုင်စားတဲ့ ဆေးရုံပိုင်ရှင်ဖြစ်ချင်တာ။ ဟဲဟဲ"
"အေးအေး နင့်ပုံစံနဲ့ ဖြစ်ဦးမယ်။ ဆေးရုံပိုင်ရှင်မပြောနဲ့ ကွမ်းယာဆိုင် ပိုင်ရှင်တောင် ဖြစ်မှာမဟုတ်ဘူး။"

ကျနော် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ အောင်စာရင်းထွက်တော့ ရင်မခုန်ခဲ့။ အောင်မည်က သေချာသည်။ ဂုဏ်ထူးက သင်္ချာက သေချာပေါက်ထွက်မည်။ ကျန်တဲ့ ၄ ဘာသာထဲက ကံကောင်းရင် တစ်ဘာသာ ကပ်ပါလာမည်။ ကံကမကောင်းခဲ့။ လိုလည်း မလိုချင်ခဲ့သည်ကား အမှန်ပင်။ သုံးဘာသာ သမားတွေက ဆေးကျောင်းရပါ့မလား ငိုနေကြသည်။ ဘာသာစုံထွက်သူတွေက မြောက်ကြွ မြောက်ကြွနှင့် အမှတ်စာရင်းထပ် ပြိုင်ကြဦးမည်။ ကိုနေမင်း ပြောဖူးသလို ငါကိုငါနဲ့ပဲ စားတတ်တဲ့ ကျနော့အဖို့တော့ အပြိုင်အဆိုင်တွေနဲ့ ကင်းတဲ့ ဂိမ်းဆိုင် တစ်ဆိုင်ရဲ့ ထောင့်မှာ Resident Evil နဲ့ စီးမျောနေလိုက်တယ်။ အနာဂတ်ဆိုတာကို အပေါင်းအသင်း မလုပ်သေးတဲ့ ကျနော့အကြောင်း ငယ်ငယ်က အဆင့်တစ် လုခဲ့တဲ့ သူငယ်ချင်းရဲ့ အမေက ဈေးထဲမှာ သနားသယောင် စကားပြေတစ်ပုဒ် ရေးသားနေမပေါ့။

အချိန်တွေ အများကြီးပြောင်းခဲ့ပြီလေ။ အချိန်က အတိတ်က ပိုဟောင်းတဲ့ အတိတ် ဖြစ်ခဲ့ပြီ။ တချိန်က အနာဂတ်က ပစ္စုပ္ပန်ဖြစ်ခဲ့ပြီ။ သူကိုယ်တိုင် ကျနော့ကို ဘောင်မခတ်သလို သူတပါး လောင်းရိပ်တွေကိုပါ ရှင်းပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ မတ်တပ်ရပ်ဖို့ ခြေထောက် အစစ် တစ်စုံ တပ်ဆင်ပေးခဲ့တဲ့အမေ။ ကျနော်ငယ်ငယ်က သူပြောဖူးတဲ့စကားလေး ခုထိ ကြားယောင်နေတုန်းပဲ။ "အမေ့တုန်းက အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်ခဲ့တာ။" တဲ့လေ။ အခုတော့ အမေဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက် ကျနော် ဖြစ်နေပါပြီ။ အမေ ရိုက်မပေးခဲ့တဲ့ ဘောင်ကို ကျနော် မရရအောင် ခုန်ဝင်ခဲ့ပြီ။ အနာဂတ်အတွက် ပစ္စုပ္ပန်ကို မွေးမြူကြတဲ့ လူတွေကြားထဲ ပစ္စုပ္ပန်ကို ထိန်းရင်းကျောင်းရင်းပဲ ပစ္စုပ္ပန်တွေ လှနေပါပြီ။ အနာဂတ်လှမလှကတော့.................

ဖြစ်ရပ် - ၁
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့ ပုံရဲ့အောက်က နောက်ဆုံးပို့စ်ခေါင်းစဉ်က "အိပ်ရာထချိန် ရောက်ပြီ" တဲ့။ ဟုတ်ပါတယ်။ ဒီအိပ်ရာလေးကို နှစ် ၂၀ နီးပါး ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ သူငယ်ချင်း ဖိုးဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရက်ပေါင်း ၇၀၀၀ လောက် ဝေးကွာခဲ့တဲ့ အိပ်ရာပေါ်ကို ပြန်ရောက်လာတော့ စီဘောက်စ်ထဲက သူငယ်ချင်းတွေရဲ့ အားပေးသံတွေကို ဖတ်ရင်း မျက်ရည်ကျရပါတယ်။ အောက်ကို ဆက်ကြည့်တော့ ငပေါများ ဂေဟာရဲ့ နောက်ဆုံးပို့စ် ခေါင်းစဉ်က "အတွင်းရေးမှူး-၂ အား လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါ၏" ဟု တွေ့လိုက်ရတယ်။ လူငယ် တစ်ယောက်ရဲ့ နှစ် ၂၀ နီးပါးလောက်သော ဘဝကို အင်းစိန်ထောင်ရဲ့ နံရံတွေက တိုက်စားစေခဲ့ပြီလေ။ ကျနော် ဘာဆက်လုပ်မှာလဲ။ ဘာတွေ ရင်ဆိုင်ရဦးမှာလဲ။ ဘဝဆိုတာ ဘာလဲ။ ဒီတစ်ညတော့ လမ်းမတော်လမ်းထိပ်က ဘောဂ ဆီချက်တစ်ပွဲစားပြီး အိပ်လိုက်တော့မယ်။ မနက်ဖြန်ရဲ့ မနက်ခင်းနဲ့ အတူ ကျနော့ဘဝ နေမင်းသစ်ကို နှုတ်ဆက်ဖို့ ပြင်ဆင်ရတော့မယ်။

ဖြစ်ရပ် - ၂
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့နောက် Sign in ဝင်ပြီးတော့ New Post တောင်းလိုက်တယ်။ Title နေရာမှာ "ဗီလိန်ရဲ့ အိပ်ရာ ပိုင်ရှင် လေးလေးဗီလိန်အား နှစ် ၂၀ ပြည့် လွမ်းဆွတ် သတိရခြင်း" လို့ ရေးချလိုက်တယ်။ ပြီးတော့ ကျနော် ငယ်စဉ်ကတည်းက အဖေခဏခဏပြောပြဖူးတဲ့ အဖေရဲ့ ညီအရင်း လေးလေးဗီလိန် ရဲ့ အကြောင်းတွေ တော်တော်များများ ချရေးလိုက်တယ်။ ပြီးတော့ ဒီနေ့က သြဂုတ်လ ၂၀ ရက်နေ့။ ဗီလိန်ရဲ့ အိပ်ရာကို စတင် တည်ဆောက်ခဲ့တဲ့ နေ့လေ။ အိပ်ရာပိုင်ရှင် ဦးလေးဗီလိန် ဆုံးပါးသွားတဲ့ နေ့ဆိုလည်း ဟုတ်တယ်။ ကျနော်မွေးကတည်းက ဦးလေးဗီလိန် ရေးခဲ့တဲ့ ကဗျာတွေကို မသင်ပေးပဲ အလွတ်ရွတ်နိုင်တာရယ်။ လေးလေးဗီလိန်ရဲ့ ကျောပြင်က အမှတ်လိုပဲ ကျနော့ ကျောပြင်မှာ ပုံစံတူအမှတ် ပါနေတာရယ်ကြောင့် ဦးဖိုးဂျယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီအိပ်ရာလေးကို အမွေ ဆက်ခံခွင့်ရခဲ့တယ်လေ။ ဒါ့အပြင် ဘယ်သူ့ကိုမှ မပေးတော့တဲ့ ငပေါများဂေဟာရဲ့ အတွင်းရေးမှူး-၂ ရာထူးကိုလည်း ဆက်ခံခွင့် ရခဲ့တယ်လေ။ ဒီအတွက် ဘုတ်အဖွဲ့နှင့်တကွ ဂေဟာသူဂေဟာသား တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

ဖြစ်ရပ် - ၃
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ မနေ့က ကိုရွာသား တဂ်ထားတဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ဆိုတဲ့ တဂ်ကို ရေးဖို့ ဟန်ချီလိုက်တယ်။ သူကိုယ်တိုင်ကတော့ စာအုပ်တစ်အုပ်နဲ့ ကုလားထိုင်မှာ ထိုင်ပြီး ခေါင်းတငြိမ့်ငြိမ့် ဖတ်နေမလား။ Table Tennis ရိုက်နေမလား။ အပင်တွေပဲ ရေးလောင်းနေမလားပဲ။ ဘာရေးရမလဲ ဆိုတဲ့ အတွေးတွေက လွန်ခဲ့တဲ့ နှစ် ၂၀က အတိတ်ကို ပြန်ရောက်သွားတယ်။ ကိုရွာသားကိုခရောင်းတိုနဲ့ အတူထမင်းစားခဲ့ဖူးတဲ့ Tech Link က ကန်တင်းကို ပြန်သတိရမိပြန်ရော။
- အဲဒီ့တုန်းက ကိုရွာသားလုပ်လို့ ဘလော့လောကထဲမှာ တဂ်နေတဲ့ တဂ်တစ်ခုက အနာဂတ် နှစ်၂၀ နဲ့ အနာဂတ် နှစ်၃၀ ဆိုပြီး တဂ်က ၂ မျိုး ကွဲသွားတဲ့ အကြောင်း၊
- အခု ဒီပို့စ်ကို တဂ်တဲ့ ကိုဖိုးသင်္ကြန်က ကျနော်တို့ အလုပ်နားကို ပြောင်းလာတဲ့ အကြောင်း၊ ထမင်းလာစားရင် ဘလော့ဂါ သုံးယောက်နဲ့ တွေ့ရမယ် ဆိုပြီး မဲဆွယ်လို့ ကောင်းကြောင်း၊
- မရွှေပြည်သူ ဘုန်းကြီးကျောင်း မလာတာ ကျနော့ကို မတွေ့ချင်၍ ဖြစ်ကြောင်း၊
- ကိုပြတင်းပေါက် ခေါ် ကိုလင်းဒီပ က သီဟတင်စိုးနှင့် တွဲ၍ ရုပ်ရှင်ရိုက်မည်ဖြစ်ကြောင်း၊
- ကိုရွာသားက မခင်ဦးမေကို ခလုတ်ပေးမနှိပ်ကြောင်း ဟီးဟီး ဘာခလုတ် လဲတော့ မသိ၊
- မမေ (စိတ်ဖြေရာ) ကို ကျနော်က မမေလို့ မခေါ်ပဲ မေ တစ်လုံးတည်းခေါ်လို့ ပြဿနာ လာရှာတတ်ကြောင်း၊
- ကင်ဆာဝေဒနာရှင်တွေကို အားပေးမယ့် ကိုဂျူလိုင် ကတုံးတုံးမည့်အကြောင်း
- ကိုအောင်ဦးအတွက် ဆရာတော်တွေရဲ့ ဆုံးမစကားတွေ စာတန်းထိုးဖို့ Software ပေးမယ်လို့ ကတိပေးထားပြီး ရှာမရ၍ မပေးရသေးကြောင်းနဲ့ ကိုအောင်ဦးက တခြားတစ်ခု ရသွားပြီဖြစ်ကြောင်း၊
စသည်စသည်ဖြင့်ပေါ့ စကားဖောင်တွေ ဖွဲ့ခဲ့ကြဖူးတာလေးတွေ သတိရမိတယ်။

ဒီလိုစကားလေးစမြည် ပြောခဲ့ကြတဲ့ အချိန်လေးတွေက နှစ်ပေါင်း ၂၀ နီးပါးတောင် ရှိသွားခဲ့ပြီ။ အဲဒီ့အချိန်ကနေ အခုအထိ....... ဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ ဘာတွေ မှားခဲ့သလဲ။ ဘာတွေ သူများကို မကောင်းကြံခဲ့သလဲ။ အတ္တတွေ ဘယ်လောက် ပေါင်းသင်းခဲ့သလဲ။ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက် စားသုံးခဲ့သလဲ။ အကုသိုလ်တွေ ဘယ်လောက် မွေးမြူခဲ့သလဲ။ ဆိုတာ အတွေးထဲမှာ တစ်ခုပြီး တစ်ခုပေါ်လာတယ်။ လူ့ဘဝဆိုတာ တိုတိုလေးပါ ဆိုတာကို ထပ်ပြီး သတိထားမိပြန်ရော။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ ဆေးရုံ ပိုင်ရှင် တစ်ယောက်ရော ဖြစ်နေပြီလား။ သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ စုထားရင် ဒိုင်နာကားတစ်စီးလောက် ရမယ်။ တွေးခဲ့တဲ့ အတွေးနဲ့ မက်ခဲ့တဲ့ အိပ်မက်တွေကို မီးပုံပွဲ တစ်ခုနဲ့ အတူ ကင်စားလိုက်ချင်တယ်။ ဖြစ်နိုင်ပါ့မလား။ တကယ်တော့ အနာဂတ်က ဗီလိန်ဆိုတာ လေပဲ ရှိပြီး အဖြေမရှိတဲ့.... ဟန်ပဲ ရှိပြီး အဆန်မရှိတဲ့.... ရေးချင်ရာ လျှောက်ရေးပြီး စာဖတ်သူတွေကို စာအဆိပ်တွေ ကျွေးနေတဲ့.... စိတ်ကြီးဝင်ပြီး ဘာမှ မဟုတ်တဲ့.... ခပ်နုံနုံ ခပ်ပိန်းပိန်း အဘိုးကြီးတစ်ယောက်ပါ။

ကဲ ကိုဖိုးသင်္ကြန်ရေ့ ဒီလောက်ပဲ ရေးတတ်တယ်ဗျာ။ အနာဂတ်ဆိုတာကို မတွေးချင်လို့ ဖြစ်ရပ် ၄ တွေ ၅ တွေ တော့ မရေးတော့ဘူး။ ဖြစ်ရပ် တစ်ခုခုတော့ ဖြစ်လာမပေါ့ဗျာ။ ကျေနပ်နိုင်ပါစေ။

ဗီလိန်

ဗီလိန် ရဲ့ ဗီလိန်ဆိုတာ

ဝလုံးလေးမှ ဝိုင်းအောင် မရေးနိုင်ခင် ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့ လင်ဗန်းကြီးပဲ မက်မောကာ
ငါဟာ လောဘ တက်လာတယ်..........

ပုခက်တွင်းမှဆင်း မြေကြီးပေါ်နင်းကာစ ရွှေယုန်လေးနဲ့ ရွှေကျားပုံပြင်ရယ်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို သိပ်ပြီး အားကျနေခဲ့တော့
ငါဟာ ကောက်ကျစ်တတ်လာတယ်..........

မျက်လုံးကတစ်ဖက် ကန်းနေခဲပါရက်နဲ့ ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရမန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့ တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်..........

ဘိုင်စကုပ်ကြည့်တော့ လူကြမ်းကို အံ့ကျော်ကို အလွန်တရာ နှစ်သက်တတ်ခဲ့တယ်
ငါ့နံဘေးက ချစ်သူလေးကတောင် တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတတ်မယ့်တစ်ယောက်ကို ရှာ..........

ဒီလိုနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့..... ဆုံးဖြတ်ခက်လာတယ်.....

အဆိုးနဲ့အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ဒီအတွက် အကျိုးအမြတ်က အများတကာ မေးငေါ့ကာ
အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ ငါဟာ အရိုင်းအစိုင်းဖြစ်မြင်လာ..........


ငယ်ငယ်လေးထဲက ပါးစပ်ထဲမှာ စွဲနေခဲ့ဖူးတဲ့ သီချင်းလေးပါ။ ကြိုက်လွန်းလို့ ကျနော့ အိပ်ရာကို လာလည်သူတွေ အားလုံးကို ဒီသီချင်းလေးနဲ့ ဖျော်ဖြေခဲ့တယ်။ နားငြီးလို့ ထွက်ပြေးကြတဲ့သူတွေ လည်း ရှိကောင်းရှိလိမ့်မပေါ့ဗျာ။ ကျနော့ ဘဝက လည်း ဒီသီချင်းလေးနဲ့ ဆင်တူခဲ့တာကိုး။ တကယ်တော့ အဆိုးအကောင်း၊ အမှားအမှန်ဆိုတာ ရီလေတီဗတီ သီအိုရီအရ ချိန်ခွင်တစ်ခုတည်းပေါ်က အရာ နှစ်ခုပဲဆိုတာ ၂၀ရာစု အထူးချွန်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ကျေးဇူးနဲ့ သိခွင့်ရခဲ့တယ်လေ။ ဒါကြောင့်လည်း အရာရာကို တစ်ဘက်က လှည့်တွေးရင်း တွေးရင်နဲ့ လူတကာမုန်းတဲ့ ဗီလိန်ဆိုတာကို ချစ်ခဲ့မိတာပေါ့။

ဗီလိန်တို့၏ အဆိုအမိန့်များ ပို့စ်မှာ အမည်မသိ စာဖတ်သူတစ်ဦးက မေးသွားပါတယ်။ ဗီလိန်ကို ဘယ်လို အနက်ဖွင့်သလဲ။ အဘိဓာန်တွေ တော်တော်များများမှာတော့ ရေးထားပါတယ်။ အချို့ အဘိဓာန်တွေမှာတော့ မတွေ့ရပါဘူး။ အကြမ်းဖျင်းအားဖြင့် ဗီလိန် (Villain) ကို လူဆိုး၊ အမှားဘက်ကလူ လို့ အနက်ဖွင့်ကြပါတယ်။ ဒါပေမယ့် ကျနော် ကျေနပ်လောက်တဲ့ အနက်ဖွင့်ပေးတဲ့ အဘိဓာန် ရှာမတွေ့သေးပါဘူး။ ဒီစကားလုံးရဲ့ နောက်ကွယ်မှာ ကျနော် ဗီလိန် ကိုယ်တိုင်မသိတဲ့ အနက်တချို့ရှိနေသလိုပဲလို့ ခံစားရတယ်။ (ဒါကတော့ ကိုယ်ပိုင်ခံစားချက် သက်သက်ပါ။) အဘိဓာန်မှာ ဖွင့်သလို မှားတဲ့လူမှ ဗီလိန်လား ဆိုတာ စဉ်းစားစရာပါ။ တချို့နေရာမှာ မှန်နေတဲ့ ဗီလိန်တွေလည်း အများကြီးပါ။ ဒါဆို ဗီလိန်တိုင်းကကော အမှန်တရားတွေ ရှိသလား။ မရှိပါဘူး။ ကျနော် ခံယူသလောက်ကတော့ လူတစ်ယောက်က ဘယ်လောက်ပဲ မကောင်းဘူး ဖြစ်နေပါစေ ကောင်းတာတွေကတော့ ရှိစမြဲပါ။ ကောင်းပါတယ်ဆိုတဲ့ သူတွေကကော ဘယ်လောက်များ ပြည့်စုံနေပါ့မလဲ။

အနုပညာနဲ့ ပတ်သတ်လို့လည်း ငယ်ငယ်က ဇာတ်ပွဲတစ်ပွဲ သွားကြည့်တုန်းကပေါ့။ ဗီလိန်သရုပ်ဆောင်ကောင်းတဲ့ ဇာတ်သမားကတဲ့ ဇာတ်ကွက်ကို မျက်စိမပိတ်တမ်းကြည့်ကာ အားကျခဲ့ဖူးသည်။ ထိုညက ပရိသတ်က ထိုဇာတ်သမားကို ခဲနဲ့ လှမ်းထုတာ ဇာတ်ပွဲ ပျက်သွားပါတယ်။ ဒီဇာတ်သမားနေရာမှာ ကျနော်ဆိုရင် တော်တော်ပျော်မိမှာပဲ။ ကိုယ့်အနုပညာ ဘယ်လောက်ပြောင်မြောက်တယ် ဆိုတာကို ဂုဏ်ယူနေမိမှာ သေချာတယ်။ ဟိုအရင်က ကျနော်တို့ ငယ်ငယ်အထိတောင် ရှိတုန်းဖြစ်တဲ့ ဗီလိန်နေရာက အနုပညာသည်တွေဆိုရင် အသေမုန်းတတ်တဲ့ အကျင့်တွေကြောင့် ဗီလိန်အနုပညာသည်တွေဟာ တော်တော်ကို ကျားကုတ်ကျားခဲ ကြိုးစားကြရရှာပါတယ်။ ကျနော်လို လူတွေ များလာလို့လားတော့ မသိဘူး။ ခုဆို ဗီလိန်တွေ တော်တော် နေရာရလာပါပြီ။ ဗီလိန် သရုပ်ဆောင် အမေကြီး ဒေါ်ခင်အေးဟန် ဆိုရင်လည်း ကျနော် အကြိုက်ဆုံးပါ။ အပြင်မှာ စိတ်ထားဖြူစင်သလောက် သူသရုပ်ဆောင်တဲ့ နေရာတိုင်းမှာ ကောက်ကျစ်ယုတ်မာ စဉ်းလဲသူ တစ်ယောက်အဖြစ် ဗီလိန်တွေရဲ့ ဘက်ကနေ မားမားမတ်မတ်၊ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ခဲ့သူပါ။

လူသိများတဲ့ ဒေဝဒတ် ဆိုတဲ့ ဗီလိန်တစ်ယောက် အကြောင်း ပြောကြပါစို့။ သူအခုဘယ်မှာလဲ ဆိုတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ ဟုတ်ပါတယ်။ ငရဲကြီး ရှစ်ထပ်က အဆိုးဝါးဆုံး ဖြစ်တဲ့ အဝီစိငရဲမှာ သူ့ရဲ့ မိုက်ပစ်တွေကို ဆေးကြောနေပါတယ်။ ဒါဆို သူဟာ ဗီလိန်တစ်ယောက် ဆိုတာသေချာသွားပြီ။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေ၊ သူပြုခဲ့တဲ့ အကုသိုလ်ကံတွေ၊ သူပြစ်မှားခဲ့တဲ့ အရာတွေအကြောင်းကို ပြောပြရရင် တစ်နှစ်ကို ၃၆၅ ပုဒ်ပြောခဲ့ဖူးတဲ့ အမေ့ရဲ့ အိပ်ရာဝင်ပုံပြင်တွေ အားလုံးနီးပါး ဖြစ်နေပါလိမ့်မယ်။ ဒါဆို သူ့မှာ ကောင်းကွက်လေးတစ်ခုမှ မရှိတော့ဘူးလား။ ဒီမေးခွန်းအတွက် ကျနော်က ပြန်မေးရပါလိမ့်မယ်။ ဒေဝဒတ်ကို ကောင်းကွက်မရှိဘူး မှန်ရင် ငရဲသက်စေ့ရင် ဘာကြောင့်များ ပစ္စေကဗုဒ္ဓ ဖြစ်ရမှာလဲ။
"နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ "
ဒီစကားလေးက ဒေဝဒတ် နောက်ဆုံးထွက်သက်မှာ ပြောခဲ့တဲ့ စကားလေးပါ။ အမှားကို အမှားမှန်း သိလို့ မြတ်စွာဘုရားကို နောက်ဆုံး တောင်းပန် ကန်တော့သွားတဲ့ စကားလေးပါ။ ဆရာတော် ဥူးသုမင်္ဂလ ဆုံးမဖူးတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ အမှားကို အမှားမှန်း သိရက်နဲ့ မှားတဲ့လူနဲ့ မသိပဲ မှားတဲ့ သူနဲ့ ဘယ်ဟာကောင်းသလဲ။ ဆရာတော်ကတော့ ဒီလိုဆုံးမပါတယ်။ မှားတာက မှားတာပဲ။ မသိလို့ မှားတာပဲ ဖြစ်ဖြစ် သိရက်နဲ့ မှားတာပဲဖြစ်ဖြစ် အပြစ်ကတော့ အတူတူပဲ။ ဒါပေမယ့် သိရက်နဲ့ မှားတဲ့သူက မှားမှန်းသိတဲ့အတွက် အကြောင်းတိုက်ဆိုင်ရင် ပြင်ဆင်ခွင့်ရမယ်။ မသိလို့ မှားတဲ့သူက အဆုံးမရှိ ထပ်မှားနေဦးမယ် ဒါကြောင့် ကိုယ့်အမှားကိုယ်သိပြီး ပြင်နိုင်အောင် ကြိုးစားပါလို့ ဆုံးမပါတယ်။ ဒေဝဒတ်က ဒီလိုပါပဲ။ မကောင်းမှုတွေများခဲ့ပေမယ့် တချိန်က ဘုရားဖြစ်ဖို့ ပါရမီ ဖြည့်ခဲ့ပြီးသား။ နောက်တစ်ခုက ဂေါတမ မြတ်စွာဘုရားရှင်ကိုလည်း တဘက်ကနေ ပါရမီ ဖြည့်ပေးခဲ့တယ်လေ။ နောက်ပြီး သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူပြုခဲ့ မကောင်းမှုအတွက် သူပြစ်မှားခဲ့တဲ့ ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခွင့်ရခဲ့တယ်။ နောက်ပြီး သူပြုခဲ့သမျှ မကောင်းမှုကံတွေကို ငရဲမှာ နှစ်ပေါင်းများစွာ ခံပြီး အကြေချေနေပါပြီ။ ငရဲကလွတ်တာနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်မယ်လို့ ကျမ်းဂန်က ဆိုပါတယ်။

ဒီတော့ဗျာ။ ဗီလိန် ဆိုတာကို ကျနော်ကတော့ ဗီလိန်လို့ပဲ သတ်မှတ်လိုက်တယ်။ ဒီစကားမျိုး ကျနော်ပြောဖူးပါတယ်။ အချစ်ရဲ့ အနက်ကို ဖွင့်ခဲ့တုန်းကပေါ့။ အချစ်ဆိုတာကို အချစ်လို့ ဖွဲ့ဆိုတဲ့စကားလုံးလောက် ပြည့်ဝတဲ့ စကားလုံးမရှိမသလိုပဲ။ ဗီလိန် ဆိုတဲ့ စကားလုံးကို ဗီလိန် ဆိုတာထက် ပြည့်စုံ လှပတဲ့ စကားလုံး ရွေးလို့ မရဘူးလို့ ကျနော်ကတော့ ခံယူပါတယ်။ တဘက်က ဗီလိန်ဖြစ်နေပေမယ့် တဘက်ကလည်း ဟီးရိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဟီးရိုးလည်း မဖြစ်ချင်ပါဘူး။ အများစုသော ဗီလိန်တွေက ကိုယ်လိုချင်တာအတွက် နာမည်ဆိုးချင် ဆိုးပါစေ ရအောင်ယူတတ်တဲ့ စိတ်ဓာတ်ရှိတာကြောင့် လူ ဆိုတာ အတ္တသားပါပဲ ဆိုတာကို ဟန်ဆောင်မှုကင်းစွာ သရုပ်ဖော်ထားတဲ့ ပြယုဒ် တစ်ခုပဲလေ။ ကိုယ့်အတ္တ၊ ကိုယ့်ယုံကြည်ချက်အတွက် ခိုင်မာတဲ့ ပန်းတိုင်တစ်ခုတည်းပဲ ရှိပြီး ဘယ်အရာကိုမှ ဂရုမစိုက်တတ်တဲ့............ ဗီလိန် ဆိုတာကို ကျနော့ရဲ့ ကလောင်အဖြစ် ဘာကြောင့် မြတ်နိုးစွာ ရွေးချယ်ခဲ့သလဲ ဆိုတာ စာဖတ်သူတို့ သိနိုင်ပါစေ။

ဗီလိန်ရဲ့ အိပ်ရာ ဆိုတဲ့ ဘလော့ခေါင်းစဉ် အကြောင်းကိုတော့ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ဖိုးဂျယ်ရေ့ တဂ်ကြွေးလေး ရှင်းရင်းနဲ့ တခါတည်းပဲ နှုတ်ဆက်ပါတယ်။ အမိမြေကနေ ဆက်ရေးဖို့လည်း တိုက်တွန်းပါတယ်။
ကိုမင်းအိမ်ဖြူ ကိုလည်း နောက်ဆိုအားမနာပါနဲ့လို့ ပြောချင်ပါတယ်။ သက်သက်လွတ် ကြာဆံကြော်တော့ ကျွေးပေါ့။ :)

ဗီလိန်

ကိုအင်ဒီမရွှေပြည်သူ နဲ့ ကိုခရောင်း ရေ့........... ဒန့်တန့်တန့်

နံပါတ် ၁၀ ဘယ်သူလဲ။

ကျနော် ဖတ်ဖူးသမျှ ဘာသာရေး ဘလော့တွေထဲမှာ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အားကိုးထိုက်တဲ့ လေးစားဖွယ် ဘလော့ဂါတစ်ဦးက နံပါတ်တစ်။ ဘာသာရေး မေးခွန်းတိုင်းအတွက် ငြင်းမရတဲ့ အဖြေရအောင်ရှာပေးတဲ့ ကျေးဇူးတင်ထိုက်သူတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ဖတ်လို့ လိုက်မမီအောင် ရေးအားကောင်းတဲ့၊ မှတ်သားစရာ အသိတွေ ဘာသာပြန်ရေး ပေးနေတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်နှစ်။ Forword တွေထဲမှာလည်း သူ့စာတွေ ချည်းပဲ။ တခါတခါများ ဘာအလုပ်မှ မလုပ်ဘူးလား လို့ ထင်ရလောက်အောင်ကို ရေးနိုင်သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကော်မန့်ပေးတဲ့သူတွေ ပထမ လုနေကျတယ်။ ဓာတ်ပုံတစ်ပုံ စာလေးတစ်ကြောင်းနဲ့ ကော်မန့် ၁၀၀ကျော် ရအောင် လုပ်နိုင်တဲ့ ဘလော့ဂါတစ်ဦးက နံပါတ်သုံး။ အတိုက်အခိုက်တွေလည်း သိပ်များပါတယ်။ သူတိုက်ခိုက်ခဲ့တာလည်း နည်းမှ မနည်းပဲ။ ချစ်သူပေါသလို မုန်းသူကလည်း စံချိန်တင်ထားတဲ့သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကျနော် အနှစ်သက်ဆုံး ဘလော့တစ်ခုလို့ ပြောလို့ရတယ်။ နှိုက်နှိုက်ချွတ်ချွတ်တွေကို ဖွယ်ဖွယ်ရာရာ နဲ့ စုံစုံလင်လင် ရေးတတ်တဲ့ ရသစုံ ဘလော့ဂါတစ်ဦးက နံပါတ်လေး။ မြန်မာ့ Font လောက တိုးတက်ဖို့ Standard အမှန် ဖြစ်တဲ့ Myanmar Unicode ကို အနစ်နာခံပြီး သုံးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ Update သတင်း အစုံအလင်ကို တစ်နေရာတည်းမှာ ဖတ်လို့ရအောင် စီစဉ်ပေးတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ငါး။ ကမ္ဘာ့အရေးကြီးသတင်း အစုံအလင်ကို တစ်နေရာတည်းမှာတင် ဖတ်နိုင်တဲ့ အပြင် ရသလေးတွေ ကဗျာလေးတွေ နဲ့ ပါ မပျင်းရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ရသစုံစုံနဲ့ စွဲမက်ဖွယ် တန်ဖိုးရှိ ပို့စ်ပေါင်းများစွာကို ရေးသားတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ခြောက်။ နာမည်ကြည့်ရုံနဲ့ တိုင်းပြည်ချစ်တဲ့သူ တစ်ဦးဆိုတာ ထင်ရှားစွာသိနိုင်တဲ့ ခင်ဖို့ကောင်းတဲ့ အစ်မတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ပုဂံဆိုတာနဲ့ သူ့ကိုပြေးမြင်တဲ့ ဘလော့ဂါတစ်ဦးက နံပတ်ခုနစ်။ ပုဂံရာဇဝင်နဲ့ ပတ်သတ်လို့ သိချင်တာကို အလွယ်တကူရှာလို့ရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော်နဲ့ သူငယ်ချင်းတွေ ဖန်တီးထားတဲ့၊ ဘာမှ မဟုတ်ပေမယ့် ပျော်စရာကောင်းတဲ့ ငပေါများဂေဟာအဖွဲ့သားများအားလုံးက နံပါတ်ရှစ်။ ဟာသရသကို ပြောင်မြောက်အောင်မစွမ်းနိုင်ပေမယ့် အင်အားရှိသလောက်လေး ဖန်တီးထားတာမို့ လိုအပ်တာများရှိရင် နားလည်ပေးကြပါ။

ကိုယ်တိုင် သင်္ဘောသား ဖြစ်ချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လောလောဆယ်တော့ ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတယ်။ ရေပျော် ဗီလိန် မဖြစ်သေးပေမယ့် အမေ့အိမ်ပြန်ရင်တော့ တစ်ကျွန်းပြန် ဗီလိန်တော့ ဖြစ်နေပါပြီ။ :) အသက်ကိုလုပြီး ဘဝကို စိန်ခေါ်နေကြတဲ့ သင်္ဘောသားတွေထဲက သင်္ဘောသားဟောင်း ဘလော့ဂါတစ်ဦးက နံပါတ်ကိုး။ ဟာသရသတွေ အရေးများတဲ့အတွက် ငပေါများဂေဟာကို ရာထူးကြီးကြီး၊ လခကြီးကြီးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တစ်ကိုယ်တော်ပဲ ပေါပါရစေဆိုလို့ လက်လျှော့ခဲ့ရပါတယ်။ ဆန္ဒရှိရင်တော့ အချိန်မရွေး ကြိုဆိုလျက်ပါလို့ ထပ်ပြောချင်ပါတယ်။

တစ်ကနေ ကိုးအထိကို မမြင်ဖူးတဲ့ သူတွေပဲထည့်ထားပါတယ်။ ငပေါများဂေဟာကတော့ ချွင်းချက်ပေါ့။

နံပါတ် ၁၀အတွက်ကတော့ ဘလော့လောကမှာ နာမည်ကြီးတဲ့ ခပ်ချောချော ဘလော့ဂါလေးတစ်ဦးပါ။ သူက စိတ်ထားလေးလည်း ကောင်းတယ်။ လူတကာကလည်း ချစ်ကြတယ်။ ဗီလိန်ရဲ့အိပ်ရာကိုလည်း အမြဲလာလည်တယ်။ နောက်လည်း အမြဲလာလည်ဦးမယ်တဲ့ ပြောတယ်။ တွေ့ဖြစ်ရင်လည်း ကျနော့ကို မုန့်ကျွေးမယ်ပြောတယ်။ အဲဒါ ဘယ်သူလဲဆိုတော့









YOU
:D တွေ့ရင် မုန့်ကျွေးရမယ်နော်


^^^^^^^
မတွေ့ရင်သေချာပြန်ဖတ်။ အပေါ်မှာရေးထားတယ်။

ကိုခရောင်းရေ့ တွေ့ချင်သပတွေကိုတော့ ပြောပြပြီးပြီဗျာ။ တွေ့မတွေ့ကတော့ ကံတရားပေါ့။

ဗီလိန်

တူးပို့ တူးပို့ အလွမ်းသံစဉ်

ကိုဂျူလိုင် က ရေးပေးပါ ဆိုလို့ ရေးပါတော့မယ်။ အကြတ်နေ့မှ ရေးဖြစ်တာ အားတော့နာပါတယ်။ ဆင်ဆာမလွတ်တော့ လွတ်တာလေးရေးလိုက်တာ ထပ်ပြီး တောင်းပန်ပါတယ်။ မှတ်မိသမျှ သင်္ကြန် အမှတ်တရလေးတွေကတော့ ဟိုတစ်စု ဒီတစ်စုပါ။ ရေပြွတ်မှသည် ရေသေနတ်၊ ရေသေနတ်မှသည် နို့ဆီခွက်၊ နို့ဆီခွက်မှသည် ရေပူဖောင်း၊ ရေပူဖောင်းမှသည် ရေခွက်၊ ရေခွက်မှသည် ရေပုံး၊ ရေပုံးမှသည် ဆိုင်ကယ်၊ ဆိုင်ကယ်မှသည် ဂျစ်ကား၊ ဂျစ်ကားမှသည် အရက်နှင့် ဘီယာ၊ အရက်နှင့် ဘီယာမှသည် ရန်ပွဲ၊ ရန်ပွဲမှသည် အချုပ်ခန်း ဆိုသလိုသင်္ကြန်နဲ့ ပတ်သတ်သမျှ အရာအားလုံးကို မြည်းစမ်းတို့ထိခဲ့တာ အခုအချိန်အထိပါ။ ၂၀၀၉ သင်္ကြန်ကတော့ ဖိုးဂျယ်တို့၊ ကိုခရောင်းတို့၊ ကိုမင်းအိမ်ဖြူတို့၊ ကိုလင်းဒီပတို့၊ ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ ဝေဝေဆာဆာ ရေးထားကြတဲ့ စင်္ကာပူဒေါ်လာ တစ်သိန်းခွဲတန် သင်္ကြန်ကြီးကို ရွှေမြန်မာ ညီအစ်ကိုတွေနဲ့ ကျင်းပ ခဲ့ပါတယ်။ သိသလောက်ပြောရရင် ကျနော့ ဘလော့ဂါ သူငယ်ချင်းများထဲမှာ ဗီလိန်ချမ်းရဲဖိုးဂျယ်ကိုခရောင်းကိုရွာသားလေး(YTU)ကိုမင်းအိမ်ဖြူကိုလင်းဒီပယမမင်းလေး၊ တို့လည်း လာရောက်ခဲ့ကြောင်း သိရပါတယ်။

ရေပြွတ် နဲ့ သင်္ကြန်
လူမှန်းသူမှန်း သိတတ်ချိန်၊ သင်္ကြန်မှန်းရေပြွတ်မှန်း သိတတ်ချိန်ကတည်းက ရေပြွတ်တွေ ကြားထဲမှာ ကြီးပြင်းခဲ့ရတာပါ။ ရန်ကုန်က ပို့လိုက်တဲ့ ကုန်အိတ်ကြီး ကိုဖောက်လိုက်ရင် အရောင်အသွေးစုံ ဒီဇိုင်းစုံ ရေပြွတ်၊ သင်္ကြန်ဆွဲကြိုး၊ သင်္ကြန်အရုပ်များ ကိုတွေ့ရပါတယ်။ နယ်မှာက အဖေက စတိုးဆိုင်ဖွင့်ထားသကိုး။ ဗီလိန်ကလည်း ဘယ်ရမလဲ။ သင်္ကြန်လေးရက်ကို ရေပြွတ် ၈ မျိုးနဲ့ ဆော့တာပေါ့။ နေ့လည်နားချိန်နဲ့ ညဘက်တွေ ဆိုရင် အဖေနဲ့အတူ ဝါရှာမကောင်းတာတွေကို ဝါရှာလဲ၊ ရေမလုံတာတွေကို ရေလုံအောင်လုပ်၊ အနားပဲ့နေတဲ့ ရေပြွတ်တွေကို ကြည့်ကောင်းအောင် လုပ်ရပါတယ်။ ပြင်မရတဲ့ ရေပြွတ်တွေထဲကမှ သုံးရတာကို ကျနော်က ယူသုံးတာပေါ့။ ဘာမှတော့ သိပ်ပြီးထွေထွေထူးထူး မရှိလှပါဘူး။ သင်္ကြန်ဆိုတာ ဘာမှန်းသိကာစက ရေကစားခဲ့တဲ့ အကြောင်းလေးပါ။

ရေသေနတ် နဲ့ သင်္ကြန်
ကော်သေနတ်အပေါ်၊ အောက်၊ အနောက် စတဲ့ နေရာတွေမှာ ရေဗူးလေးတွေ တပ်ထားတဲ့ သင်္ကြန်ရေသေနတ်ကို စပေါ်တဲ့ နှစ်ကပဲ စတင်ကိုင်ဖူးခဲ့ပါတယ်။ အဲဒီ့နှစ်က ရန်ကုန်မှာတောင် မပေါ်သေးပါဘူး။ အဲဒီ့နှစ်က ယိုးဒယားက ပြန်လာတဲ့ အဒေါ်တစ်ယောက်ရဲ့ ကျေးဇူးနဲ့ ရေသေနတ်ကို ပထမဆုံးကိုင်ခဲ့ရပါတယ်။ ရေသေနတ်ဆိုတာ အရင်က ရှိခဲ့ပေမယ့်။ ကော်အပျော့စားကို ရေအပြည့်ဖြည့်ပြီး သေနတ်တစ်ခုလုံးကို အားနဲ့ညှစ်မှ ရေထွက်တဲ့ သေနတ်မျိုးပါ။ အခုလို ခလုတ်နှိပ်ရုံနဲ့ ရေထွက်တဲ့ ရေသေနတ်မျိုး မဟုတ်ဘူးလေ။ အဲဒီ့နှစ်က သူငယ်ချင်းတွေကြားထဲမှာ ရေပန်းစားခဲ့တာပေါ့လေ။ နောက်နှစ်ကျတော့ အရောင်စုံ ဒီဇိုင်းစုံနဲ့ အမျိုးစုံကို ထွက်လာပါရောဗျာ။

နို့ဆီခွက် နဲ့ သင်္ကြန်
အရွယ်လေး နည်းနည်းရောက်လာတော့ အစ်ကိုတွေနဲ့ ပေါင်းပြီး ခွက်စောင်းခုတ်တတ် လာပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်အတွက် ခွက်စောင်းကို ကိုယ်တိုင်သွေးပါတယ်။ ၄တန်းလောက်ရှိမလားပဲ။ ကိုယ်တိုင်သွေးလို့ရတဲ့ နို့ဆီခွက်၊ ကျွဲရိုင်းဗူးတွေကိုမှ ပန်းတိန်ဆိုင်မှာ သွားပြီး လက်ကိုင်တပ်ခိုင်းပါတယ်။ ပန်းတိန်ဆိုင်မှာပဲ သွေးခိုင်းလို့ရပေမယ့် သူတို့ သွေးရင်ထိတ်ဖြတ်ပေးတာ လောက်ပဲလေ။ နို့ဆီခွက်အနေအထားနဲ့ ခွက်စောင်းခုတ်ရင် အမိအရဖြစ်ဖို့ အပေါ်ပိုင်းကို အုပ်အုပ်ကလေးဖြစ်အောင် တစောင်းလေးသွေးရပါတယ်။ ပန်းတိန်ဆိုင်ကတော့ အတည့်ပဲ အမြဲသွေးပေးလို့ ကိုယ်တိုင်ပဲ အမြဲသွေးဖြစ်ပါတယ်။ ခွက်စောင်းခုတ်လို့ အသံကျယ်ပြိုင်ကြတာကလည်း ပျော်စရာတစ်မျိုးပါ။ တစ်ဘက်လူကတော့ ဘယ်လောက်တောင် စပ်သွားမယ် မသိ။ :)

ရေပူဖောင်း နဲ့ သင်္ကြန်
သင်္ကြန်နားနီးပြီဆိုကတည်းက လက်နက်ရိက္ခာ စုဆောင်းပုံက စစ်တပ်တစ်တပ် စုဆောင်းသလား အောက်မေ့ရပါတယ်။ သင်္ကြန်မတိုင်ခင် ၂ ရက်လောက်အလိုကတည်းက ရေသေနတ်တွေ ပြင်ဆင်၊ ရေတိုင်ကီတွေ ဆေး၊ အိမ်ရှေ့က ရေပိုက်ခေါင်းကို အစမ်းဖွင့်ကြည့်၊ ပူစီဖောင်းလေးတွေဝယ်ပြီး ရေဖြည့်၊ စသဖြင့် အပီအပြင် ပြင်ဆင်ပါတယ်။ နောက်ပိုင်းမှာ ရေပူဖောင်းတွေ မဆော့ရ အမိန့်ထုတ်လိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒီ့ နှစ်က ရေပူဖောင်းတွေ လုပ်ထားလိုက်တာ ဆီတိုင်ကီတစ်လုံး အပြည့်ပဲ။ လုပ်ထားပြီးသားတွေ ဖြစ်နေလို့နှမြောကလည်း နှမြော၊ ပစ်ကလည်း မပစ်ရဲနဲ့ အတော်ကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါတောင် ခိုးချောင်ခိုးဝှက်နဲ့ ကုန်အောင်ပစ်ခဲ့သေးတယ်။

ရေခွက် နဲ့ သင်္ကြန်
ရေခွက်တွေကတော့ သင်္ကြန်ပေါင်းများစွာမှာ ရေခွက်ပေါင်းများစွာနဲ့ပေါ့။ သင်္ကြန်ပြီးရင် အိမ်ကရေခွက် မရှိတော့ပဲ။ ဘယ်ကရေခွက်တွေ ရောက်ရောက်လာမှန်းကို မသိတာ။ :)

ရေပုံး နဲ့ သင်္ကြန်
လူပျိုလေးဝင်လာတော့ ရေခွက်လုံးဝ မကိုင်တော့ဘူး။ ရေလည်း မပက်တော့ဘူး။ လောင်းစရာရှိ ကောင်မလေးတွေကို ရေပုံးလိုက်ကိုင်ပြီး ရေခဲရည်နဲ့ ခေါင်းကနေလောင်းချတာ။ ဝါတဏှာပေါ့လေ။ :)

ဆိုင်ကယ် နဲ့ သင်္ကြန်
ရေပုံးနဲ့ ရေလောင်းလို့ ဝရင် ဆိုင်ကယ်နဲ့ ဖလန်းဖလန်း လုပ်ကြပါတယ်။ ဖလန်းဖလန်း အလုပ်ကောင်းလို့ ခဏခဏတိုက်တာတွေ၊ မှောက်တာတွေဖြစ်လို့ တစ်နှစ်ဆိုရင် အတက်နေ့တောင် မကဲလိုက်ရဘူး။ ဘယ်ဘက်လက်ကို ကျောက်ပတ်တီးလေးကိုင်ပြီး လည်ပင်းမှ ဆွဲထားလိုက်ရတယ်။ ဒါတောင် နေ့လည် နေ့ခင်း ရေမပက်တဲ့ အချိန် မြို့ထဲ တစ်ပတ်ပတ်လိုက်သေးတယ်။

ဂျစ်ကား နဲ့ သင်္ကြန်
Just Emergency & Economy Process တဲ့ ဗျ။ ရွှေမြန်မာတွေ လက်ထဲလည်းရောက်တော့ JEEP လည်း သင်္ကြန်ကားဖြစ်သွာတယ်။ တော်လိုက်ကြပုံများနော်။ ဗီလိန်တို့လည်း သူများတွေကို အားကျပြီး ဂျစ်ကားနဲ့ လည်လိုက်တာ ကောင်းလိုက်တဲ့ ဂျစ်ကား။ ရှေ့ဘီးတစ်လုံး ကျွတ်ထွက်သွားတာ ကံကောင်းလို့ မသေတယ်။

မဏ္ဍပ် နဲ့ သင်္ကြန်
၂၀၀၇ သင်္ကြန်တုန်းက ရန်ကုန်ရွှေမြို့တော်ကြီးမှာ မဏ္ဍပ်ထိုင်မယ်ပေါ့ဆိုပြီး ဘော်ဒါတွေနဲ့ ကဲလိုက်တာ အရှိန်လေးကလည်းကောင်း အဖွဲ့လေးကလည်းတောင့်တောင့်နဲ့ ဆိုတော့ သက်ဆိုင်ရာလေးတွေကို ရိသဲ့သဲ့လာလုပ်တဲ့ အဖွဲ့နဲ့ Battle ဆိုင်လိုက်တာ အချုပ်ထဲကို ရောက်တော့တာပဲ။ အမေလာထုတ်လို့ ညမအိပ်လိုက်ရတာ ကံကောင်းတယ်။ ဒါမျိုးဆို အမေက စိတ်ချရတယ်။ သူက ပြောထားပြီးသား သားရန်မဖြစ်စေနဲ့၊ ရှောင်မရလို့ ဖြစ်လာရင်လည်း မခံရစေနဲ့ တဲ့အချုပ်ထဲဆို ဘယ်လောက်ကုန်ကုန် လိုက်ထုတ်မယ်၊ ဆေးရုံဆိုရင်တော့ လုံးဝလာကြည့်မှာ မဟုတ်ဘူးတဲ့လေ။ တော်သေးတာပေါ့ ဆေးရုံမရောက်ပဲ အချုပ်ထဲရောက်လို့ :) ဒါနဲ့ပဲ ၂၀၀၈ သင်္ကြန်ကျတော့ အဖော်ကလည်း မရှိတာကတစ်ကြောင်း၊ အလျင်းမသင့်တာက တစ်ကြောင်း သင်္ကြန်ရက်တွေ ဂိမ်းဆိုင်မှာပဲ DotA ဆော့နေလိုက်တော့တယ်။ :)

၂၀၀၉ သင်္ကြန်ကတော့ စင်္ကာပူ သင်္ကြန်ပေါ့ဗျာ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းမှာ အလှူသွားစားပြီး နေ့လည်ကို စင်္ကာပူ သင်္ကြန်ပွဲသွားတယ်။ ညနေရောက်တော့ ကိစ္စလေးတစ်ခုပေါ်လာတာနဲ့ ဓမ္မစင်္ကြာရွတ်ဖို့ ဘုန်းဘုန်းကို လျှောက်ခဲ့တာတောင် ပြန်မသွားဖြစ်ခဲ့ဘူး။

ကိုဂျူလိုင်ရေ့ ဘာရယ်တော့ မဟုတ်ဘူးဗျာ။ ရေးတော့ ရေးလိုက်တာပဲ။ ဒီလောက်နဲ့ ပဲကျေနပ်ပေးပါနော်။

ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး

သူငယ်ချင်းဖိုးဂျယ်က တဂ်ပါတယ်။ ဒီတဂ်အတွက်က သိပ်ပြီးထွေထွေထူးထူး ရေးစရာ မလိုပါဘူး။ ကျနော်အကြိုက်ဆုံးတွေကို Sidebar က ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး ဆိုတဲ့ နေရာမှာ ဖော်ပြထားပြီးသားပါ။ ဒီနေရာမှာ ပရိသတ်အကြိုက် နဲ့ ကျနော့ အကြိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

ပရိသတ်အကြိုက်ဆုံးကတော့ တော်တော်များများ ဖတ်ဖူးကြမှာပါ။ မလွမ်းပါဘူး ဆိုတဲ့ ကဗျာလိုလို စာတူလေးတွေပါ။ ဘလော့ တော်တော်များများမှာ ဖော်ပြခံရပေမယ့် ကျနော့ နာမည်မပါပါဘူး။ ဒီကဗျာကို စာဖတ်သူတွေက Forword မေးလ်တွေ ပို့ကြပေမယ့်လည်း ကျနော့နာမည်တော့ မပါသွားခဲ့ပါဘူး။ စိတ်မကောင်းမိတာအမှန်ပါ။ တစ်ပတ်လည်လို့ ကျနော့ဆီပြန်ရောက်လာတဲ့ အထဲမှာ မူရင်းအတိုင်းနဲ့ရော (ဗီလိန် နာမည်မပါပါ။)၊ PDF အနေနဲ့ရော၊ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် ဆိုတဲ့ စာကြောင်းကို အပေါ်ဆုံးမှာထားပြီး ခေါင်းစဉ်ကိုပါ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် လို့ ပြောင်းပြီးတော့ရော ရောက်လာခဲ့ဖူးပါတယ်။ Google မှာ ကဗျာထဲက စာတစ်ကြောင်းလောက်ကို ကော်ပီ လုပ်ပြီး ရှာကြည့်တာ ဒီကဗျာကို ဖော်ပြထားတဲ့ ဘလော့တွေ၊ ဖိုရမ်တွေ စုစုပေါင်း ၄ မျက်နှာလောက်ရပါတယ်။ ဒါပေမယ့် ကျနော့ အမည် ဗီလိန် ဆိုတာ ဘယ်မှာ မှမပါပါဘူး။ ကျနော် မဏ္ဍပ်တိုင်တက်ပြနေတာ မဟုတ်ပါဘူး။ ကျနော့ ခံစားချက်ကို ဘလော့ဂါအပေါင်း နားလည်နိုင်ကြလိမ့်မည် ထင်ပါသည်။

ဒီတဂ်လေးက အဲဒါလေးအတွက်တော့ သိပ်ကို တန်ဖိုးရှိပါတယ်။ ကိုဟန်သစ်ငြိမ်းရဲ့ တိရစ္ဆာန်မေတ္တာ Letter ပို့စ်ဆိုရင်လည်း Forword ကနေဖတ်ဖူးပေမယ့် ကိုဟန်သစ်ငြိမ်းရဲ့ စာမှန်းမသိခဲ့ပါဘူး။ ဒီတဂ်လေးကို ဖြေတဲ့သူတွေထဲမှာ Forword မေးလ်ထဲက ရေးသူမူပိုင်တွေကို သိခွင့်ရပြီး တန်ဖိုးရှိပို့စ်တွေ ပြန်ဖတ်ခွင့်ရတဲ့ အတွက် စပြီး တဂ်တဲ့ သူကို အထူးပဲကျေးဇူးတင်ပါတယ်။

ကျနော့ရဲ့ မလွမ်းပါဘူးဆိုတဲ့ ကဗျာအကြောင်းဆက်ပြောရရင် အိပ်မက်များမှာ လည်း ဒီပို့စ်ကို တစ်ခါတင်ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ရွှေတိဂုံနဲ့ စင်္ကာပူက မျိုးမစစ်တဲ့ ခြင်္သေ့ရုပ်နဲ့ မနှိုင်းကောင်းဘူးလို့ မေ၁၅ ဆိုတဲ့ စာဖတ်သူတစ်ယောက်က ကော်မန့်မှာ ရေးသွားပါတယ်။ ကျနော့ကတော့ နိုင်ငံအမှတ်အသားတစ်ခု အနေနဲ့ရေးတာပါ။ သာသနာတော်ကို ကျုပ်အသက်နဲ့ ထပ်တူချစ်ပါတယ်။ နှိုင်းကောင်းတယ် မနှိုင်းကောင်းဘူးဆိုတာ လူ့စိတ်ပါပဲ။ နှလုံးသားထဲမှာ ရတနာသုံးပါးကို တန်ဖိုးထားတတ်ဖို့ပဲ လိုတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရွှေတိဂုံ၊ စင်္ကာပူမှာ merlion, ပြင်သစ်မှာ Paris မျှော်စင်၊ ဂျပန်မှာ ဖူဂျီမီးတောင်။ ကမ္ဘာမှာ မြန်မာဆိုရင် ရွှေတိဂုံနဲ့ ပုဂံကိုပဲ ပြေးမြင်ကြတာပါ။ အဲဒီတုန်းက တုံ့ပြန်မှုတွေ လွန်သွားခဲ့တယ် ဆိုရင် တောင်းပန်ပါတယ်။ သာသနာတော်နဲ့ ပတ်သတ်လို့ Psycho လေးရှိလို့ပါ။

မလွမ်းပါဘူး ကဗျာလေးကို ပြန်လည်ခံစားကြည့်ပေးပါ။

မလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့
၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့
854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

ဗီလိန်

အောက်တိုဘာ ၁၅ ရက်နေ့က ရေးတဲ့ မလွမ်းပါဘူး ကဗျာလေးပါ။

-------------------------------------------------------------------------

နောက်တစ်ခု ဖတ်စေချင်တာက ရင်ထဲကရွှေ ဆိုတဲ့ ကဗျာလေးပါ။ ကော်မန့်မှာ ရေးခဲ့တဲ့ ကျနော့ရဲ့ တံခါးခေါက်စရာမလိုတဲ့ အမာခံ စာဖတ်သူ Khantနဲ့ ဆွေးနွေးချက်လေးကိုပါ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ရင်ထဲကရွှေ

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

တချို့က သာယာ တချို့က မာယာနဲ့ပေါ့
တချို့က ရုန်းကန် တချို့ကလည်း အပြုံးပန်နေကြရော့ပေါ့
အင်ဂျင်နီယာ ဒေါက်တာကစလို့
မြေတူး ပန်ကန်ဆေး ဘဝပေးလည်းကြမ်းခဲ့ပါပြီ။
လက်ညောင်းအောင် ရုန်းရလို့လဲ ဇွဲမလျှော့နဲ့
တိုက်ပြောင်းအောင် အဆင်ပြေလဲ ဘဝမမေ့နဲ့
နေစရာမရှိလို့လည်း အားမငယ်နဲ့
ပီအာရ်ရလို့လဲ မာန်မတက်နဲ့
သူ့နိုင်ငံကို ကျေးဇူးတင်ရင်တောင်
ကိုယ်တိုင်းပြည်ကိုတော့ ကျေးဇူးမမေ့ပါနဲ့
တောင်းပန်ချင်ပါတယ်
အတန်းမတက်ခင်
ရွတ်ခဲ့တဲ့ ကမ္ဘာမကြေကိုတော့
တန်ဖိုးထားပေးပါ
သေချာတယ် မင်းဟာ မြန်မာ

မြန်မာမှန်းမသိအောင် ဝတ်လို့ရမယ်
မြန်မာမှန်းမသိအောင် နေလို့ရမယ်
မင်းတို့အတွက် ငါ့ရင်နာတယ်
ငါ့ဘယ်ဘက်ရင်အုံကို
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဗီလိန်

အောက်တိုဘာ ၂၈ ရက်နေ့က ရေးထားတဲ့ ရင်ထဲကရွှေ ကဗျာလေးပါ။

Khant said...
ဆွေးနွေးပေးပေါ့လို့ ရေးထားပေမယ့် မဆွေးနွေးရဲပါဘူး။ ဒါပေမယ့် တော်တော်စိတ်ဆိုးနေတဲ့ပုံပဲ။ အမှားပါလျှင်လည်း ကတ်သီးကတ်သတ် အတွေးအခေါ်လေး တစ်ခုလို့ တွေးပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ အရင်က ရွှေမြန်မာတွေ၊ ရွှေတွေဆိုတဲ့ စကားတွေနဲ့ မရင်းနှီးခဲ့ပါဘူး။ ခြေရာခွက်လေး ထဲမှာပဲ လိုအပ်ချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အတ္တတွေကို မချိုးနှိမ်နိုင်တော့လို့ အပြင်ထွက်ခဲ့တော့မှပဲ ဒီရွှေဆိုတာနဲ့ ဆုံခဲ့ရပါပြီ။ ရွှေလို့ဆိုတာ နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်ဟာ ဘုရားမှာကပ်တဲ့ ရွှေ ၊ အမြတ်တနိုးနဲ့ ၀တ်ဆင်ရတဲ့ ရတနာလို့ တွေးမိပါတယ်။ ဒါပေမယ့် အဲဒီ ရွှေကို ခြေထောက်မှာလည်း ၀တ်ဆင်တတ်သေးကြောင်း မမေ့သင့်ပါဘူး။ ရွှေ ရွှေ ဆိုတိုင်း ဘယ်လို အဆင့်မှာ ရှိသလဲလို့ အမြဲတမ်း တွေးမိပါတယ်။ တခါတခါ အမှားလုပ်မိရင် ကိုယ့်ကိုကိုယ် ရွှေမြန်မာလို့ မပြောချင်ပါဘူး။ ငါးခုံးမ တစ်ကောင် မဖြစ်ချင်သူတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာဖြစ်ရတာကို မြန်မာလူမျိုးတွေမှ ဂုဏ်မယူရင် ကမ္ဘာမှာမြန်မာလူမျိုး ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။

ကဗျာကို တော်တော် ကြိုက်ပါတယ်။ အတွေးအခေါ်လည်း ကောင်းပါတယ်။ ဒီလိုရေးလို့ ခါသာပိတ်တစ်အုပ်တော့ လက်ဆောင်မပေးနဲ့နော်။ အခြေအနေ မပေးသေးလို့ ရွှေခြေကျင်းဘ၀ ရောက်နေရသူများအား ကိုယ်ချင်းစာပေး နိုင်မယ် ဆိုရင် ရင်ဘတ်ကို တဒုန်းဒုန်း ထုစရာမလိုတော့ဘူး လို့ထင်ပါတယ်။ တစ်ပါးသူရဲ့ သိမ်ငယ်စိတ်ကိုပါ နားလည်ပေးနိုင် စေချင်ပါသည်။

ဗီလိန် said...
သိမ်ငယ်ရတာ။ အထင်သေးခံရတာ။ အနှိမ်ခံရတာက အားလုံးပါပဲ။ ဘဝမေ့တဲ့သူတွေကို ဆိုလိုချင်တာလည်းပါပါတယ်ဗျာ။ အားလုံးကတော့ ရုန်းကန်နေကြရတာပါပဲ။ အနှိမ်ခံရမှာစိုးလို့ အခြေအနေအရ မပြောတာမျိုးကို နားလည်ပေးနိုင်သလို၊ ပြဿနာတစ်ခုခုပေါ်လို့ ကိုယ့်နိုင်ငံ သိက္ခာကျမှာ စိုးလို့မပြောတာမျိုး ဆိုရင်လည်း ဂုဏ်ယူပါတယ်။

အထူးသဖြင့် ရွှေ၊ ရွှေ ချင်းတွေ့ရင်တော့ ဒီအခြေအနေတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ရွှေ ရွှေ ချင်းတွေ့ရဲ့သားနဲ့ ရွှေလို စကားမပြောတာတို့။ ဒီမြေမှာမွေး ဒီရေသောက်ပြီး ကြီးလာတဲ့ သူတစ်ယောက်က ကိုယ်တိုင်းပြည်ကို စော်ကားတဲ့စကားမျိုး ပြောတာ တို့ကတော့ ကျနော် ဘယ်လိုနားလည်ပေးရမလဲဗျာ။

အစိုးရမုန်းတာ နဲ့ တိုင်းပြည်ချစ်တာ မတူသလို
နိုင်ငံတော် ပုန်ကန်မှု နဲ့ နိုင်ငံတော် သစ္စာဖောက်မှု ကလည်း တူသယောင်နဲ့ လုံးဝ(လုံးဝ) ကြီး ဆန့်ကျင်နေပါတယ်ဗျာ။

-------------------------------------------------------------------------

နောက်ထပ် ကျနော် အကြိုက်တွေကတော့ ဘေးမှာဖော်ပြထားပြီး အတိုင်းဖြစ်တဲ့
သာသနာ့ခံတပ်
မလွမ်းပါဘူး
ထမင်းဗူး
ကျမ နှင့် ဆေးကျောင်းသားလေး
ပုလင်းတစ်လုံး၏ ရင်ဖွင့်သံ
သူတောင်းစားမနှင့် အပျော်မယ်
မနက်ခင်း ဘုံလောင်းတစ်ခု
ရင်ထဲကရွှေ
အိုဘယ့် ငရမန်ကန်း
စတဲ့ ပို့စ်တွေပါပဲ။ ဒါတွေကိုတော့ ပို့စ်အရမ်းရှည်သွားမှာမို့ ပြန်တင်မပေးတော့ပါဘူး။ သက်ဆိုင်ရာ လင့်ခ်မှာ သွားရောက် ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ။

ဗီလိန်

ရင်နှင့်အမျှ

မွေးကတည်းက စိန်ခေါ်မှုတွေမှာ သာယာခဲ့တဲ့ ဗီလိန်၊ အနိုင်နဲ့ အရှုံးဆိုတဲ့ စကားလုံး ၂လုံးကြားမှာ ပျော်မွေ့ခဲ့တဲ့ ဗီလိန်၊ အရှုံးတွေစုပြီး အနိုင်တွေ တည်ဆောက်ခဲ့သလို။ အနိုင်ကို နောက်ကိုလိုက်ပြီး ရှုံးခဲ့တာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ကတည်းက ကားရုပ်လေးတွေ ကိုင်ပြီး ဝူး... ဝူး.... လို့လည်း မဆော့တတ်ပါဘူး။ အုန်းကိုင်းကို ခွပြီး တက်ကလောက် တက်ကလောက်ဆိုပြီးလည်း မြင်းစီးသလို မဆော့တတ်ပါဘူး။ မိန်းကလေးတွေနဲ့ အိုးပုတ်နဲ့လည်း မုန့်ဟင်းခါး ဝယ်မစားတတ်ပါဘူး။ မြန်မာ့ရိုးရာ ကစားနည်းတွေ ဖြစ်တဲ့ ထုပ်စီးတိုး၊ ဖန်ခုန်၊ ဇယ်တောက်၊ အရုပ်ပစ် စတဲ့ အနိုင်အရှုံး ဆိုတာရှိတဲ့ ကစားနည်းတွေကိုပဲ ကစားခဲ့ပါတယ်။ အနိုင်အရှုံးမရှိရင် မနေတတ်ပါဘူး။ နိုင်မနေရင်တောင် ရှုံးနေမှ နေသာထိုင်သာရှိပါတယ်။ အဲဒီ့ အထဲကမှ ကျနော် အနှစ်သက်ဆုံးနဲ့ အခုအချိန်အထိ စွဲလမ်းနေတုန်း Challange တစ်ခုအကြောင်း ကျနော်ပြောပြချင်ပါတယ်။

ကျနော်က ၃ တန်းနဲ့ ၄ တန်းလောက်တုန်းကတည်းက ကျောင်းကို ကိုယ့်ဘာသာ စက်ဘီးနင်းသွားပါတယ်။ BMX တွေ ခေတ်စားချိန်ဆိုတော့ BMX လို့တော့မထင်လိုက်နဲ့ ကျနော့ အဘိုးနဲ့ အဘွားလက်ထက်ကစလို့ အမေနဲ့ ဦးလေးအဒေါ်တွေအားလုံး စက်ဘီးစီးသင်ခဲ့တဲ့ ဘိုးဘွားအမွေ မောင်ဗမာ ယောက်ျားစီး စက်ဘီးအသေးလေးပါ။ ကျောင်းဆင်းတာနဲ့ ကျောင်းနားက အဒေါ့်အိမ်ကိုဝင်ပြီး အတုံးလေးတွေ ဆက်ပြီး ကစားရတဲ့ Hand Game ကို အမြဲတမ်း ဆော့ပါတယ်။ တစ်နာရီလောက် အားရပါးရဆော့ပြီးမှ အိမ်ပြန်ပါတယ်။ အမေ့ကိုတော့ အဒေါ့်အိမ်ဝင်မယ်လို့ ပြောပြောထားလို့ စိတ်မပူပါဘူး။ အဲဒီ့တုန်းက အဒေါ့် အိမ်အရှေ့က အခွေဆိုင်က ညနေတိုင်းဖွင့်တဲ့ အေးချမ်းမေ သီချင်းကို ကြားတိုင်း တစ်ချိန်က ဆော့ခဲ့ဖူးတဲ့ Hand Game လေးကို သတိရနေမိသေးတယ်။
ဒါက အေးချမ်းမေ နဲ့ Hand Game

၅တန်းရောက်တော့ ၁၀ မိနစ်ကို ၅ ကျပ်နဲ့ Family Game လေးတွေ ဆော့တယ်။ အမေက ဝယ်မပေးဘူး။ မုန့်ဖိုးလေးတွေ စုစုပြီး သွားသွားဆော့ရတယ်။ ကျူရှင်ချိန်က ၄ နာရီဆိုရင် ၃ နာရီ ၄၅ လောက် အိမ်ကထွက်တယ်။ ကျူရှင်နားက ဂိမ်းဆိုင်မှာ ၁၀ မိနစ်လောက် ပြေးဆော့ ပြီးတော့ ကျူရှင်သွား။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ အဲဒီ့တုန်းက ၁၀ မိနစ်က တော်တော်လေးတော့ အကြာသား။ တခါများ အရှိန်လွန်ပြီး မိနစ်၂၀ ဆော့မိပါတယ်။ ဆရာမက နောက်ကျလို့ ရိုက်တော့တာပဲ။ အမေ့ကို ပြန်ပြောမပြောတော့ မသိဘူး။ အမေကတော့ ဘာမှ ပြန်မပြောတာ အမှန်ပဲ။ ဆရာမနဲ့ ညီအစ်မလိုဖြစ်နေတဲ့ အမေက မသိစရာတော့ မရှိဘူးလေ။ မွေးကတည်းက မူလတန်းအထိ အရိုက်မခံဖူးတဲ့ ကျနော် (မွေးမွေးချင်းတုန်းက မငိုလို့ ဆရာဝန်က ဇောက်ထိုးဆွဲပြီး တင်ပါးကို ရိုက်တာတော့ မပါဘူးပေါ့။)တဲ့ ၅ တန်းရောက်မှ ပထမဆုံးကြိမ်လုံးနဲ့ တွေ့ဖူးတော့တယ်။ ဒါပေမယ့် ကျနော် ဝမ်းမနည်းခဲ့ပါဘူး။ ကျနော် မှားခဲ့တဲ့ ကိစ္စအတွက် ဖင်လေးကိုပွတ်ပြီး ခေါင်းငုံ့ပဲနေလိုက်ပါတယ်။
ဒါက ပထမကြိမ်လုံး နဲ့ Family Game

ဒါလည်း မမှတ်သေးပါဘူး။ ၆ တန်းအထိ ခိုးဆော့နေဆဲ။ အစ်ကိုဝမ်းကွဲတစ်ယောက်က ယူလာပေးလို့ Family Game စက် ကို အိမ်မှာဆော့ခွင့်ရပါတယ်။ အစ်ကိုက သူ့အဒေါ် ကျနော့အမေကို တောင်းတောင်းပန်ပန်နဲ့ ပြောပြီး ကျောင်းပိတ်ရက်တိုင်း ယူလာပေးပါတယ်။ အဲဒီ့တုန်းက မီးတွေလာပါတယ်။ ယူလာတဲ့နေ့ဆိုရင် တစ်နေကုန် ထမင်းမစားပါဘူး။ အမေက အတင်းစားခိုင်းတော့မှ ညီလေးနဲ့ ကျနော် တစ်ယောက်တစ်လှည့်စီ ထမင်းစားပါတယ်။ ဒါတောင်မှ မျက်စိက တီဗွီဖန်သားပြင်ပေါ်က မခွာပါဘူး။ တစ်ရက်မှာတော့ တစ်နေကုန် ဆော့ထားတဲ့ အရှိန်နဲ့ နောက်ဖေး အပေါ့သွားရင်းနဲ့ ချော်လဲပါတယ်။ နဖူးက အမာရွတ်က အခုထိ ရှိနေဆဲပါ။
ဒါက အမာရွတ် နဲ့ အစ်ကိုယူလာတဲ့ ဂိမ်းစက်

၇တန်း ရောက်တော့ Nintendo Game တွေပေါ်ပါပြီ။ နာရီဝက်ကို ၃၀ ပါ။ အတန်းက နည်းနည်းကြီးတော့ ပိုပြီးလွတ်လပ်လာပြီဆိုတော့ ဂိမ်းဆိုင်ကို မကြာခဏရောက်ပါတယ်။ ရှိသမျှ မုန့်ဖိုး အကုန်လုံး ဂိမ်းဆိုင်ကိုလှူပါတယ်။ ဂိမ်းဆော့မက်နေလို့အစားမစားပဲ ကျူရှင်ပြေးခဲ့ရတဲ့ ဘဝကြောင့် အစာအိမ်လေးခမျာ ချူချာလှပါတယ်။ ၈ တန်းက စပြီး မျက်မှန်စတပ်ခဲ့ရပါတယ်။
ဒါက အစာအိမ်၊ မျက်မှန် နဲ့ Nintendo

Sony Playstation ပေါ်တော့ ကျနော် ၉ တန်း ရောက်ပါပြီ။ အိမ်ရယ်၊ ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိမ်းဆိုင်ရယ် ပတ်ပြီး ပြေးလို့ အချိန်မလောက်တဲ့ ကျနော်ဟာ အသက်အရွယ်အရ တာဝန်တစ်ရပ်ဖြစ်တဲ့ ဖွန်ကြောင်ခြင်းအမှုကိုလည်း အချိန်အနည်းငယ်ခွဲပြီး ပေးရပါသေးတယ်။ အဲလိုပေးတယ်ဆိုပေမယ့် ဂိမ်းဆိုင်အချိန်ကို ဖဲ့မပေးပါဘူး။ ကျောင်းချိန်၊ ကျူရှင်ချိန်၊ လိုအပ်လာရင် ကျူရှင်ချိန်ဖျက်ပြီး အသုံးချပါတယ်။ စာပေးမလို့ ရေးထားတဲ့စာက ဂိမ်းဆိုင်မှာ ဂိမ်းကိုက်နေတာနဲ့ ကောင်မလေးတွေ ကျူရှင်ဆင်းချိန်မမီလို့ မပေးရပဲ လွယ်အိတ်ထဲမှာတင် ဟောင်းသွားတဲ့ စာပေါင်း မနည်းပါဘူး။ ဒီလိုနဲ့ပဲ ဂေါ်မစွံဖြစ်ခဲ့ရပါတယ်။
ဒါက သူများကြောင်လို့ မကြောင်နိုင်တဲ့ Sony Playstation

အရွယ်လေးကလည်း ရောက်လာ၊ Sony Playstaion ရဲ့ နည်းပညာတွေကလည်း မြင့်လာပြီဖြစ်လို့ စိန်ခေါ်မှုတွေကလည်း များလာပါပြီ။
ဂိမ်းဇာတ်လမ်းတွေရဲ့ နက်နဲမှုကို ဖော်ထုတ်ရတယ်။
လေ့ကျင့်အားကောင်းကောင်းနဲ့ သူငယ်ချင်းတွေ Skill ချင်းပြိုင်ကြတယ်။
လက်တွဲဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးပန်းတိုင်ရောက်အောင် တွဲသွားခဲ့တယ်။
Logic တွေ တွက်ချက်ပြီး လျှို့ဝှက်ချက်တွေ ဖော်ထုတ်ခဲ့တယ်။
ကိုယ်မကျွမ်းကျင်တဲ့ အင်္ဂလိပ် ဝေါဟာရတွေကို Dictionary တစ်အုပ်ဘေးမှာချပြီး အဓိပ္ပာယ်ရှာခဲ့တယ်။
နတ်ကြီးပါတယ်ဆိုတဲ့ ၁၀တန်း စာမေးပွဲကို တစ်လအလိုအထိ ဂရုမစိုက်မိအောင်ကိုပဲ Sony Playstation နဲ့ Challange လုပ်နေခဲ့တယ်လေ။
ဒါက တက္ကသိုလ်ဝင်တန်းနဲ့ အတူ စိန်ခေါ်ခဲ့ဖူးတဲ့ Sony Playstation

၁၀တန်းပြီးတော့ မွေးရပ်မြေလေးကို စွန့်ခွာပြီး ဒီထက် Challange များတဲ့ ရန်ကုန်မှာ နေချင်ပါတယ်ဆိုပြီး အမေနဲ့ အဖေကို ကန်တော့ပြီး ထွက်လာခဲ့တယ်။ အဝတ်တစ်ထုပ်ရယ် အဝတ်လျှော်စက်တစ်လုံးရယ် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်ပဲ ရှိတဲ့ တိုက်ခန်းလေးမှာနေပြီး လိုအပ်မယ်ထင်တဲ့ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို တက်ရင်း ဂိမ်းဆိုင်တကာကိုလှည့်လို့ Gaming Skill ကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ခဲ့တယ်။ တစ်ခါတစ်ခါ ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ အိပ်ချိန်နဲ့ သင်တန်းချိန်ကလွဲရင် ဂိမ်းဆိုင်မှာပဲ ရှိနေတဲ့ ကျနော့အတွက် တစ်နာရီ ၃၀၀ ဖြစ်တဲ့ ဂိမ်းဖိုးကို ဂိမ်းဆိုင်မှာပဲရှာခဲ့တယ်။ ဂိမ်းဆိုင်ဝန်းကျင်က ဆီချက်၊ ကော်ရည်၊ မုန့်ဟင်းခါး စတဲ့ အစားအစာတွေနဲ့ပဲ ဝမ်းတထွာကိစ္စ ဖြေရှင်းခဲ့တယ်။ ဂိမ်းဆိုင်က ဖုန်းကလည်း ကိုယ်ပိုင်ဖုန်းလို့တောင် သူငယ်ချင်းတွေက ထင်ရလောက်အောင် အသုံးပြုခဲ့တယ်။ အဲဒီ့အသုံးစရိတ်တွေ အကုန်လုံးကိုလည်း ဂိမ်းဆိုင်မှာပဲ ရအောင်ရှာခဲ့တယ်။ တစ်လတစ်လ အမေပေးတဲ့ အသုံးစရိတ်တောင် ပိုနေခဲ့တာ။

တက္ကသိုလ်တက်တော့လည်း Counter Strike နဲ့ Red Alert II က နည်းပညာတွေ စစ်ပရိယာယ်တွေကို တစ်စိုက်မတ်မတ် လေ့လာရင်း Supply ပေါင်းများစွာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးလို့ ရောက်တက်ရာရာ အလုပ်တွေ လိုက်လုပ်ရင် အားရင် အားသလို Network Cyber မှာပဲ အချိန်ကုန်ခဲ့ပါတယ်။ တစ်ခါတစ်လေများ မနက် ၈ နာရီကနေ ည ၁၂ နာရီအထိ တောင် မနားတမ်းဆော့ပါတယ်။ ဂိမ်းဆော့တဲ့ အမှုနဲ့ပဲ ရည်းစားနဲ့ ပြတ်ပါတယ်။ Counter Strike နဲ့ Red Alert II နောက်မှာ AOE, General ခေတ်တွေ ကျော်လွန်ခဲ့ပြီး အခုဆို DotA ခေတ်ကို ရောက်ခဲ့သည့်တိုင် စွဲစွဲလမ်းလမ်း ဆော့နေဆဲပါ။ လက်ဘက်ရည်ဆိုင်ဘေးက ဖြတ်သွားလို့ ဆိုင်မှာထိုင်နေတဲ့ ရွယ်တူအဖွဲ့က DotA အကြောင်းပြောနေတာကို ကြားလိုက်တာနဲ့ သွားစရာကို ဖျက်တတ်တဲ့ အကျင့်က အခုထိမပျောက်သေးပါဘူး။ ၂ ပတ်ခွဲ ခွင့်ယူပြီး မွေးဌာနေပြန်သွားတုန်းကလည်း အမေ့ရင်ခွင်ကလွဲရင် Network Cyber မှာပဲ အချိန်ကုန်ခဲ့တဲ့ ကျနော်။ သူငယ်ချင်း အရင်းအချာကြီးတွေကိုတောင် မတွေ့ခဲ့ရပါဘူး။ အခုတော့ အွန်လိုင်းဂိမ်းလေးနဲ့ပဲ ကျေနပ်နေရတဲ့ ဘဝကို ရောက်နေပါတယ်။

ကဲ... မောင်မျိုးနဲ့ မေဒီ ရေ့ ဒီလောက်ဆို ကျနော့ ဝါသနာကို သိလောက်ပြီထင်ပါရဲ့နော်။
နောက်ဆက်တွဲ ကိုလင်းဦးကပါ ထက်တဂ်ထားလို့ ကျေနပ်နိုင်ပါစေဗျာ။

ဗီလိန်

စပယ်ယာ၏ အရှေ့အလယ်ပိုင်းရပ်ဝန်း (၁)

ညနေ နေဝင်ရီတရော အကျည်းတန်လှချိန်တွင် ဖြစ်သည်။ လူတွေကျိတ်ကျိတ်တိုး လှုပ်ရှားသွားလာနေသည့် လှိုင်သာယာ ပင်လုံဈေး မော်တော်ယာဉ် လိုင်းပေါင်းစုံဂိတ်ရင်းသို့ ရောက်လာခြင်း ဖြစ်ပေသည်။ ရောက်ရောက်ခြင်း ကားဆရာဖိုးချမ်း၏ စကားကြောင့် အာမေဋိတ်သံနှင့် အတူ မျက်လုံး နှစ်ဘက်ပါပြူးသွားသည်။
“ဟေ..... ”
“ဟုတ်တယ်ဆရာ ခုနလေးတင်ပဲ မီးခွက်ဈေးက ကောင်တွေနဲ့။ နားတိုကတော့ ဘာမှ မဖြစ်ပါဘူး။ ဟိုဘက်ကကောင်တွေတော့ အတော်လေးကွဲသွားတယ်။ ဒီညတော့ ဒီကောင် အချုပ်ထဲပဲ နှပ်ရမပေါ့။”

နားတိုဆိုသည်က လှိုင်သာယာတကြောတွင် နာမည်ကြီး ထက်မြက်လှသည့် ကျွန်ုပ်၏ စပယ်ယာပင်တည်း။
“ကဲ ဒါဆိုလည်း မောင်ညို့သွားခေါ်ကွာ။”
မောင်ညိုကတော့ အလွတ်တမ်း ဂျိုကာ စပယ်ယာဖြစ်သည်။ ဆိုလိုသည်ကား မူပိုင်လိုက်သည့် ကားမရှိ။ စပယ်ယာတွေ မလိုက်နိုင်လျှင် အစားလိုက်ပေးသည့် ဂျိုကာ စပယ်ယာတစ်ဦးပင်။
“ကျနော်သွားပြီးပြီ ဆရာ။ ဒီကောင် မောင်ကီးဆိုင်မှာ မှောက်နေပြီ။”
“အာ... ဒီကောင်တွေတော့ ဒုက္ခပါပဲကွာ။ အလုပ်လုပ်ဖို့ စိတ်မကူးဘူး။ မိုးတောင်ချုပ်မယ် မကြံသေးဘူး မှောက်နေပြီ။ ကဲဒါဆိုလည်း ဟိုဘက်ဂိတ်ကိုသွား ကိုဝင်းဖေ ကြီးသွားခေါ်ချေ။”
“ဟာ ဆရာကလည်း။ သူလည်း ၃လုံးပေါက်လို့ ဘုရားဖူးထွက်သွားတယ်လေ။ သဘက်ခါမှ ပြန်ရောက်မှာ။”

ကျွန်ုပ်ဒေါသက ငယ်ထိပ်သို့ရောက်တော့မည်။
“အေး။ ဒါဆိုဘာလဲ ဒီညက ကားမထွက်တော့ဘူးလား။ ငုတ်တုတ်ထိုင်နေတော့မှာလား။ သောက်သုံးမကျလိုက်တဲ့ကောင်တွေ။ ခွီးထဲမှပဲ။ ကြာပါတယ်။ ငါပဲလိုက်တော့မယ်။ ဂတ်ကောဖြည့်ပြီးပြီလား။”
“နှစ်ကြောင်းစာပဲ ရှိတော့တယ်ဆရာ။ ညနေက ဂတ်ဆိုင်ကြည့်တော့ အလှူအိမ်ဖြစ်နေလို့ မဝင်ခဲ့ဘူး။”
“အေး ကောင်းကွာ။ ဒါဆိုလည်း ထွက်မယ်။ မင်းစားပြီးပြီလား။”
“ညနေကတော့ လက်ဘက်ရည်ဆိုင်မှာ အလုံးတိုက်ရင်း ထမင်းကြော်စားထားတယ် ဆရာ။”
“အေး ဒါဆို ချကွာ။”

ဖိုးချမ်းကလည်း ခါးမှ ကားသော့ကိုဖြုတ်ကာ ခေါင်းခန်းဝင်ပြီး သော့ပေါက်၌ ထိုးလိုက်သည်။ နောက်ခန်းမီးဖွင့်ပြီး သူကစအော်သည်
“ကဲလာ။ ဈေးကို ဈေးကို စက်မှုဇုံ တစ်ထိပ်ကသွားမှာ။”
ကျွန်ုပ်လည်း ဖိုးချမ်းနောက်မှ ဆက်အော်လိုက်သည်။
“ကဲလာ ကဲလာ ခုသွားမှာ ခုသွားမှာ။ ဈေးဝို ဈေးဝို”

ဈေးကို ဟုပြောသည်ကို အသံကျယ်နှင့် အားမစိုက်ရအောင် ဈေးဝိုဟု အော်ရခြင်း ဖြစ်ပေသည်။ ဂိတ်ဘေးတွင် ထွက်မည့်ကားကို ရပ်စောင့်နေသည့် ခရီးသည် ၅ ဦးတက်လာပြီး ဖိုးချမ်းက လီဗာကိုတော့၍ ကားကို လှုပ်ပေးလေသည်။
“ခုသွားမှာ ခုသွားမှာ။ ဈေးဝို ဈေးဝို။”
မကြာမီ ၁၀ ဦးကျော်သွားလေ၏။ ဖိုးချမ်းကလည်း ကားကိုတော့ဆဲ။ သိပ်မကြာလိုက် အထဲမှ ဝဝတုတ်တုတ်နှင့် ဗန်းများထပ်၍ ကိုင်ထားသော မိန်းမကြီးက
“ကဲ စပယ်ယာ ထွက်မှာလား မထွက်ဘူးလား။ မထွက်ရင်လည်း ကားကို ငြိမ်ငြိမ်ထားပါဟာ။ ခေါင်းမူးလို့ပါ။”
ကျွန်ုပ်ကလည်း စပယ်ယာ လေသံအပြည့်ဖြင့် စိတ်မရှည်သည့် ပုံစံဖြင့်
“ထွက်မှာ ထွက်မှာ။ ကျုပ်က ပိုတောင်ထွက်ချင်သေးတယ်။ စက်မှုဇုံ တစ်ထိပ်ကသွားမှာ ဈေးဝို ဈေးဝို”
နောက်တစ်ကြိမ်အော်လိုက်သည်။ လူတွေကလည်း လူတွေပဲ ကားလှုပ်မှ ကားပေါ် တက်ချင်ကြသည် မဟုတ်လား။ ဒါကြောင့် ဖိုးချမ်းက ကားကို လှုပ်ပေးနေခြင်းဖြစ်သည်။ ထို့နောက် အင်တာကွန်းမှ ဖိုးချမ်း၏ အသံက ထွက်လာသည်။
“ဆရာ ရွှေ့ရအောင် ရုံလွှတ်တော့မယ်။”
“အေး သွားမယ်။ ဈေးဝို။ ဈေးဝို။”

ကားထွက်သည့်တိုင် တိုင်ကိုတွယ်၍ အော်နေလိုက်သည်။ ဟိုး လမ်းကြားထဲမှ လက်ပြနေသည့် လူတစ်ယောက်တွေ့၍
“ဟိုးထား။”
ကျွန်ုပ်၏အော်သံကြောင့် ဘရိတ်ဆောင့်အလုပ်လိုက်သောကြောင့် အော်သံများထွက်လာသည်။
“ဖြည်းဖြည်းလုပ်ပါကွ။ လူတွေစီးနေတာ။”
မသိချင်ယောင် ဆောင်လိုက်ပြီး စောစောက လူကို လက်လှမ်းပေးလိုက်သည်။
“အုပ် ဆရာ”
ဤသို့ဖြင့် ခရီးကစလေပြီ။ လမ်းထိပ်ရောက်တော့ ရုပ်ရှင်ရုံရှေ့တွင် ရှေ့ကကောင်က မထွက်သေး။ ဖိုးချမ်းကလည်
“မင်းတို့ကသွားတော့လေကွာ။ ဘယ်လောက်ရှိနေပြီ မင်းတို့ထွက်သွားတာ။”
“သွားမှာပေါ့ကွာ။”

ဟုပြောသည့်တိုင် ပေကပ်ကပ်က လုပ်နေသေးသည်။ ပြောရင်းနှင့် ရုံကလွှတ်ပါပြီ။ ဖိုးချမ်းက ရှေ့ကား၏ ခြေနင်းခုံနှင့် ကားခေါင်း ကပ်နေအောင် ရွှေ့လိုက်ပြီး ကျွန်ုပ်ကလည်း အလုအယက်လူခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဆွဲတင်လိုက်သည်။ ရှေ့ကား၏ ခြေနင်းခုံနှင့် ကျွန်ုပ်တို့ ကား၏ ကားခေါင်းက ကပ်နေ၍ တော်ရုံလူက ရှေ့ကားကို မတက်ကြပဲ ကျွန်ုပ်၏ကားပေါ်သို့သာ တက်လေတော့သည်။
ရှေ့ကောင်ကလည်း ရုန်းကာ ခွာသည်။ ဖိုးချမ်းကလည်း လိုက်ကပ်သည်။ ကျွန်ုပ်ကလည်း ရသမျှတင်သည်။ အဝတွင် ပြည့်သိပ်သွားသော်လည်း နောက်ခန်းရှေ့ပိုင်းတွင်က ချောင်နေသေးသည်။ ကျွန်ုပ်လည်း ဟိုလှိမ့်သည်လှိမ့်နှင့် တိုးဝင်သွားပြီး ကားခတောင်းရင်း ဈေးထိသွားမည့်သူများကို မေးကာရှေ့သို့ ဆွဲခေါ်ရသည်။ ဒါတောင် ပေကပ်ကပ်လုပ်နေကြသည်မို့ သိပ်အဆင်မပြေလှ။ ကျွန်ုပ်လည်း ပြန်ထွက်လာပြီး
“ကဲ ဖိုးချမ်းရေ့ထွက်ကွာ။ ပြီးရင် တစ်ချက်လောက်။ အားလုံးပဲ သေချာကိုင်ထားကြနော်။”
စကားဆုံးဆုံးချင်းမှာပင် ဖိုးချမ်းက ဘရိတ်ဖမ်းအုပ်လိုက်သည်။ ဆူညံသံတွေ ပွက်လောရိုက်ပြန်ပြီ။ ထုံးစံအတိုင်း အားလုံးကို လျစ်လျူရှုကာ အေးမြသည့် လေညှင်းကို ခံယူရင်း လင်းတစ်တိုင် မှောင်တစ်တိုင်ဖြစ်နေသည့် လမ်းမီးတိုင်များကိုငေး၍ နေလိုက်သည်။
သည်လိုနှင့် တက်လိုက်ဆင်းလိုက် တင်လိုက်ချလိုက် ဟန်ချက်ညီညီ ဖြစ်နေကာမှ မီးခွက်ဈေးကျော်တော့ မီးခွက်ဈေးက တက်လာတဲ့ လူတစ်ယောက် ၂၀၀ တန်ထုတ်ပေးသည်။ ဘယ်သွားမှာလဲမေးတော့ ဈေးတဲ့။ ဒါနဲ့ပဲ ပြန်မအမ်းတော့ပဲ နေလိုက်တာ ၃ထိပ်ရောက်တော့ ကျနော် မှတ်တိုင်အော်လိုက်သည်။
“၃ထိပ်ပါသေးလား”
“စပယ်ယာ ၁၀၀ မအမ်းသေးဘူးလား”

ကျွန်ုပ်ကလည်း ထပ်မေးသည်။
“ဘယ်သွားမှာလဲ အစ်ကို။ ဈေးကို တစ်ယောက် ၂၀၀ ပါ။”
“ဟာ.. ၁၀၀ ပါ ကွာ။ မင်းတို့ကလည်း လောဘမကြီးစမ်းပါနဲ့။”

အသံကခပ်မာမာဖြင့် ကျွန်ုပ်အား အလွတ်ကြီး ဟောက်လေတော့သည်။ အဲ... သူကလည်း တမျိုးပါလား။
“၂၀၀ ဗျ ၂၀၀ ကြားကားလေဗျာ။ လိုင်းကားမှ မဟုတ်တာ။”
“ခါတိုင်းစီးနေကြ ၁၀၀ ပါ။ မင်းတို့ဟာကလည်း”
“ဟောဗျာ။ နေ့တိုင်းကောက်နေတာလည်း ၂၀၀ ပါပဲ။ အားလုံးကိုမေးကြည့်ပါ။ ဒီအထဲက သူတွေအားလုံး အမြဲစီးနေတာဗျာ။”

အဲသည်တော့မှ နည်းနည်း ငြိမ်သွားသည်။ ခဏနေတော့ မောက်မာနေသည့် မျက်နှာမှ သနားစဖွယ် မျက်နှာသို့ ပြောင်းသွားပြီး
“ဒါဆိုလည်းကွာ ဘာပဲဖြစ်ဖြစ် ၁၀၀ တော့ ပြန်အမ်းကွာ။ ငါသာကေတကို ဆက်စီးရဦးမှာ။”
“ဟုတ်ကဲ့ ဟုတ်ကဲ့။ အဲလိုပြောပါဗျာ။ အဲလိုပြောရင်ပေးမှာပေါ့။ ၁ထိပ်ပါသေးလားဗျိုး။”

ကျွန်ုပ်လည်း ၁၀၀ ပေးလိုက်ပြီး မှတ်တိုင်အော်လိုက်သည်။ အဲသည်တော့မှာ မိန်းမတစ်ယောက်က
“ဟဲ့ ၁ ထိပ်ရောက်နေပြီလား ၃ ထိပ်မှာ ဆင်းမလို့။”
“ဟာဗျာ စောစောကတော့ မပြောဘူး။ ၁ ထိပ်ကျမှ ပဲဆင်းတော့”

အမှန်တော့ ၃ ထိပ်ကို ကျော်ရုံပဲရှိသေးသည်။ ကား၏ အရှိန်ကြောင့် ကျွန်ုပ်လည်း မရပ်ခိုင်းတော့ပဲ ဆက်မောင်းခိုင်းလိုက်ခြင်း ဖြစ်ပေသည်။
“ဒါဆို ၁၀၀ ပြန်ပေး ငါ ဟိုဘက်ကို ပြန်စီးရမှာ”
“ဘာကိစ္စပေးရမတုန်း ပြောဖြင့်မပြောပဲနဲ့။”
“ဟဲ့ နင်တို့ပြဿနာ ဖြစ်တာ ကြည့်နေတာလေ။ ပြန်ပေး ၁၀၀”
“အာဗျာ။ ဘာကိစ္စလည်းဗျာ။ ကျနော်မအော်ဒါမှ မဟုတ်တာ။ ၁ထိပ်ပါတယ်ဟေ့။”

သည်လိုနဲ့ပဲ ပွစိပွစိလုပ်ပြီး ဆင်းသွားပါလေရဲ့။ တခြား ထူးထူးခြားခြားမရှိပဲ သီရိမင်္ဂလာဈေးကို ရောက်ခဲ့ပါပြီ။ ည ၈နာရီ ဝန်းကျင်လောက်မို့ ဈေးရောင်းဈေးဝယ်။ ကုန်ကား၊ လိုင်းကားများနဲ့ ကြက်ပျံမကျ စည်ကားနေလေသည်။ ကိုယ့်အလှည့်ရောက်ဖို့ တန်းစီစောင့်ရင်း ဘေးက လက်ဘက်ရည်ဆိုင်က ပေါရွှတ်ရွှတ် ရေနွေးကြမ်းကို သောက်ရင်း ဟိုကြည့်သည်ကြည့်ပေါ့။ အလှည့်ရောက်တော့ ကားပြန်ထွက်ဖို့ ကားပေါ်အတက် ခြေနင်းခုံက သံငုတ်သေးသေးလေးနဲ့ ပုဆိုးနဲ့ ငြိပြီး ပုဆိုးက ဟက်တက်ကွဲပါလေရော။ တော်သေးတာပေါ့ ပေါင်ရင်းထိပဲကွဲလို့။ ဖိုးချမ်းကလည်း ခေါင်းခန်းက သူ့ ပုဆိုးစုတ်ကို ထုတ်ပေးတော့ ဝတ်လိုက်တာ ခုမှ ပဲ စပယ်ယာနဲ့ ပိုတူသွားတော့တယ်။

လူခေါ်ရင်းနဲ့ပဲ ခရမ်းချဉ်သီးခြင်း တင်မယ်ဆိုလို့ ကူတင်ပေးရသေးတယ်။ ဆွဲမလိုက်တာ ကားပေါ်ရောက်ကာနီးကျမှ ခြင်းက ပြုတ်ထွက်သွားပြီး ခရမ်းချဉ်သီးတွေ လမ်းမပေါ် ပြန့်ကျဲ ကုန်ပါတယ်။ အဲ.. အဲဒါမှ ဒုက္ခ။ ဝိုင်းကောက်ပေးရင်း ဘေးက အသက်ကြီးကြီး ရှပ်အင်္ကျီလက်ရှည်နဲ့ လူတစ်ယောက်က လာမေးပါတယ်။
“လှိုင်သာယာကားလား မောင်ရင်။”
“ဟုတ်တယ်ဗျ။ တက်တက် ခုထွက်မှာ”
“ပေါက်တောဝရောက်တယ်မလား။”
“ဗျာ။ လှိုင်သာယာဆိုဗျ။ ပေါက်တောဝမရောက်ဘူး စက်မှုဇုံကသွားမှာ။”
“မောင်ရင် လူလည်မကျနဲ့ ပေါက်တောဝကားက လှိုင်သာယာရောက်တယ်။ ပေါက်တောဝကနေမှ လှိုင်သာယာက ဆက်သွားရတာ။ ဒီလောက်တော့ သိပါတယ်ကွ။ တောသားဆိုပေမယ့် ဒီလောက်တော့ သိပါတယ်။”

လာပြန်ပြီ နောက်တစ်မျိုး။ တကယ်တမ်းပြောရရင် ပေါက်တောဝကားတိုင်းကလည်း လှိုင်သာယာမရောက်။
“ပေါက်တောဝကားက လှိုင်သာယာရောက်တာလေ။ လှိုင်သာယာကားက ပေါက်တောဝရောက်တာမှ မဟုတ်တာ။”
ဒီတော့ သူက ဆရာကြီးစတိုင်နဲ့ပြောပါတယ်။ ရွာမှာ ရွာသူကြီးလားတော့ မသိ။
“မင်းတို့ စပယ်ယာတွေက ကားသမားအချင်းချင်း ပေါင်းစားမယ် မကြံနဲ့။ ငါတို့ကို လှိုင်သာယာအထိခေါ်သွားပြီးမှ ပေါက်တောဝကားကို ပြန်စီးခိုင်မလို့မလား။ ငါတိုင်လိုက်ရမလား။ ပေါက်တောဝရောက်ရင်ပြော။ ဒါပဲ။”
အမလေးဗျာ။ ခရမ်းချဉ်သီးက ကောက်လို့မပြီးသေးဘူး ပြဿနာကလာရှာနေတယ်။ ကျွန်ုပ်လည်း အဆင်ပြေမယ့် နည်းလမ်းစဉ်းစား ရပါတော့တယ်။
“ဒါဆို နဂိုက ပေါက်တောဝကို ဘယ်လောက်ပေးရလဲဗျ။”
“၂၀၀”
“ဟုတ်ပြီဗျာ။ ဒါဆို ရောက်အောင်ပို့ပေးမယ်။”

လိုက်ပို့ပေးမလို့တော့မဟုတ်။ ဘုရင့်နောင်လမ်းဆုံထိခေါ်သွားပြီး ကားပြောင်းပေးမလို့ဖြစ်သည်။ ဒါကို မသိတော့ ခရီးသည်တစ်ယောက်ကလည်း။
“ဟေ့ စပယ်ယာ။ တို့က စက်မှုဇုံထဲသွားမှာနော်။”
“ဟုတ်ကဲ့ပါဗျာ။ အားလုံးကို အရောက်ပို့ပေးပါမယ်။”
ဒါတောင် သူက မကျေနပ်သေး အရစ်ကရှည်သေးသည်။
“ဘယ်သူ့ကို အရင်ပို့မှာလဲ။ ကျုပ်တို့ကို အရင်ပို့ပေး။”
“ဟုတ်ပါပြီဗျာ။ ပို့ပေးပါမယ်။”
ထိုအခါ ဟိုရွာသူကြီး (တင်စား၍ ပြောခြင်းသာဖြစ်သည်။ ရွာသူကြီး ဟုတ်မဟုတ်တော့ ကျွန်ုပ်လည်းမသိ) ကလည်း
“မောင်ရင် မင်းရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့နော်။ ဒီမှာတွေ့လား” ဆိုပြီး လက်ထဲမှ တုတ်ကောက်ကို ထောင်ပြပါသည်။
“ဟုတ်ကဲ့ပါဗျာ။ အားလုံး အဆင်ပြေစေရပါမယ်။”
ဒီလိုနဲ့ပဲ ဘုရင့်နောင်လမ်းဆုံရောက်တော့ ပေါက်တောဝကားတစ်စီးကို ၁၀၀ ပေးပြီး ရွာသူကြီးကို တင်ပေးလိုက်တော့မှ ကိစ္စက ပြတ်သွားပါတော့တယ်။
ဘုရင့်နောင်လမ်းဆုံမှာ စက်သတ်ပြီး လူခေါ်တော့ ဖက်ကြမ်းလေးဖွာမလားလို့ အင်္ကျီအိတ်ထဲက ဆွဲထုတ်လိုက်တော့ သူက ကျိုးကြေနေပြီ။ ဒါနဲ့ပဲ ဖိုးချမ်းက လန်ဒန်တစ်လိပ် ထုတ်ပေးတာနဲ့ ဖွာလိုက်တယ်။ လမ်းဆုံထိပ်က မီးတိုင်အောက်မှာ ဒီညခရီးစဉ်ကို ပြန်တွေးပြီး ပြုံးမိသေးတယ်။ အော်... စပယ်ယာ စပယ်ယာ။

စပယ်ယာ၏ အရှေ့အလယ်ပိုင်းရပ်ဝန်း (၂) ကို ဆက်လက်အားပေးပါ။

ဗီလိန် http://www.villain-lay.co.cc/

ကဗျာထဲက ကဗျာတစ်ပုဒ်

ကိုနေမင်းရဲ့ သင်ဘာဖြစ်ချင်သနည်း ကဗျာလေးပါ။ ကြိုက်လွန်းလို့ တချိန်က ဒီနေရာ မှာ မျှဝေပေးခဲ့ပြီးပါပြီ။ တစ်ခေါက်လောက် လေးလေးနက်နက်လေး ဖတ်ကြည့်ပေးပါ။ တစ်ခေါက်မှ အဆင်မပြေသေးရင် နှစ်ခေါက်ပေါ့ဗျာ။ ကျနော်ကတော့ ဘယ်အချိန်ဖတ်ဖတ်ကို လေးလေးနက်နက် ခံစားနေမိတာ။

သင်ဘာဖြစ်ချင်သနည်း
ပူနေသည်။ အေးနေသည်။
အိပ်နေသည်။ ပြီးတော့ ထပြန်သည်။
နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။
သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။
မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ..
ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။
ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ..
အချိန်ရရင် ရေးမယ်။ အိုး.. .. ..
နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။
မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. ..
မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။
ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။
ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း
အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က
အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။
အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။
မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ
ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို
ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်..
အချိန်က ငါ့ကို မေ့လျော့စေတယ်။
သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ ..
အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က
မင်းတို့ ကို အမြဲတမ်း သတိရနေခဲ့တာပါ..

ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ဘယ်သူမှ မသိပါ.. ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မသိပါ..
ဘာကြောင့်ဆို လေနှင့် အချိန်က စိတ်ကို နေ့ည ပြောင်းလဲစေလို့.
လူတိုင်း ထင်နေကြတာတွေ မှားတယ်။
ခွဲခွာပြီးရင် ပြန်ဆုံရဖို့ မမျှော်လင့်ခဲ့ဘူးတဲ့.. သူငယ်ချင်း တစ်ယောက်က
အလယ်မှာ ပင်လယ်ခြားနေတယ် ဆိုရင် အဖြစ်အပျက်တွေက ၎င်းကို
ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။

လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..
ငါကတော့ "ငါ"ကို "ငါ"နဲ့ ပဲ ပြန်ပြန်စားလေ့ရှိနေတယ်။
ဒီဆန်လွန်းမှုက နေ ရုန်းကန်ထွက်ပြေးကြရအောင်..
အပြောလွယ်တယ်။ အလုပ်ခက်တယ်။
အလုပ်လွယ်ရင်ကော အပြော ခက်သွားမလား..

နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။

---
Life is too short...! တဲ့...........။ ဒါလေးက သူအမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးပါ။ ဘဝဆိုတာကို ဖွင့်ဆိုပုံက တိုလွန်းပါတယ်တဲ့။ ဟုတ်ပါတယ်။ တိုတိုလေးပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ဆိုတာ သိပ်ကြာသွားပြီလား။ အမေ့ရင် ခွင်မှာတိုးလို့ ငါဟာလူတစ်ယောက်ပါလား ဆိုတဲ့ အသိတောင် မရှိသေးဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ် ကကော သိပ်မထူးဘူး ဆော့ဖို့၊ စားဖို့၊ ကျောင်းတက်ဖို့လောက်ပဲ သိနေပြန်ရော။
ကဲ ၁၀ နှစ်ဗျာ။ ဖွန်ကြောင်တတ်တာလေးတစ်ခု တိုးလာရုံပဲ။ ဘာမှတော့ ထွေထွေထူးထူး မရှိသေးဘူး။ အပြစ်တွေပဲ တိုးလာတယ်။ မကောင်းမှုတွေ များလာတယ်။ ဒီလောက်ပဲ။
ထပ်လျှော့လိုက်မယ်ဗျာ ၅ နှစ်။ ကျောင်းတော်ကြီးနဲ့ ပျော်တယ်။ မိဘပိုက်ဆံဖြုန်းမယ်။ ဒီလောက်ပဲသိတယ်။
ကဲဗျာ။ ဒါဆို အခုကော။ အခုလား လူတကာရှာနိုင်တဲ့ ဝင်ငွေလေးတစ်ခုကလွဲရင် ဘာမှ(ဘာဆိုဘာမှ) မဟုတ်။ ပုံမှန်လည်ပတ်နေတဲ့ သာမာန်ကောင်လေး တစ်ယောက်ပဲလေ။

ရာစုနှစ်ရဲ့ လေးပုံတစ်ပုံနီးပါး လူ့ပြည်မှာ နေခဲ့ပြီးပြီ။ အချိန်တွေ ကုန်သွားပြီ။ ဘယ်လိုကုန်သွားလဲ။ ဘယ်လောက်မြန်သွားလဲ။ ဘာတွေပြီးခဲ့ပြီလဲ။ ပြန်မေးကြည့်တယ်။ “ဟိတ်ကောင် ဗီလိန်၊ မင်းဘာဖြစ်ချင်တာလဲ။ ဘာဖြစ်နေပြီလဲ။” ဘာဖြစ်ချင်မှန်းမသိသလို ဘာမှလည်းမဖြစ်သေးပါဘူး။ တချို့ကပြောတယ်။ ရည်ရွယ်ချက်မရှိဘူးတဲ့။ ထားလိုက်ပါတော့။ လူတိုင်းကိုယ်စီမှာရှိခဲ့ကြတဲ့ ရည်ရွယ်ချက်။ ကျနော့မှာလည်း ရှိခဲ့ဖူးတာပေါ့။ ရှိခဲ့ဖူးတာပေါ့ဆိုတော့။ အခု မရှိတော့ဘူးလား။ ပစ္စုပ္ပန်ကိုပဲ တည့်တည့်ရှုဖို့ ဗုဒ္ဓမြတ်စွာဟောခဲ့တယ်လေ။ ဟုတ်ပြီ။ ဒါဆိုရင် ပစ္စုပ္ပန်ကကောကောင်းနေပြီလား။ ဖရိုဖရဲပါပဲ။ နေစရာ အိမ်လေးတစ်လုံးတောင် အတည်တကျမဖြစ်သေးဘူး ၆လတော့ကုန်သွားပြီပေါ့။ ကဲကြည့် ပြောနေရင်းကနေ စက္ကန့်တွေဖွဲ့လို့ မိနစ်တွေကုန်နေတယ်။ သားသုံးယောက်ကို တပြိုင်တည်းချီခဲ့တဲ့ အဖေ့လက်တွေ အားအင်ခြောက်ခမ်းနေပြီ။ အမေ့အပြုံးတွေက ပါးရေတစ်ကြောင်းပြီး တစ်ကြောင်းတိုးလာပြီ။ ထပ်မေးမယ်။ “ဗီလိန်၊ မင်း ဘာလုပ်မှာလဲ။ ဘာလုပ်သင့်လဲ။” ဆွံ့အသွားတယ်။ ကျနော့မှာ အဖြေမှမရှိတာ....................။
Life is too short...! ဆိုတာကိုး။

ကဲ ကိုနေမင်းရေ။ ပင်လယ် ခြားနေသေးပေမယ့် အတွေးထဲက အုန်းရေစိမ်လေးနဲ့တင် လုံလောက်နေပါပြီကွာ။

ဗီလိန်

ကိုဂျူဝသန် နဲ့ ဖိုးဂျယ် ရေ့ ကျေနပ်ပါတယ်နော်။ ကိုဂျူဝသန်ပြောထားတဲ့ အချက်တွေအားလုံးကိုက်တယ်ဗျာ။ ဒီဇင်ဘာ ၈ရက်နေ့အတွင်း မပြီးတာတော့ခွင့်လွှတ်၊ ကြားမှာလည်း ဆားမချက်ဘူးနော်။ ဆားချက်နည်းရှာရုံလေးပဲ။ :) ပြီးတော့ မြန်မြန်ရွေးဗျာ။ ကျနော်အရွေးခံရရင် ဒီဇင်ဘာမှာ ဒုလ္လဘရဟန်းခံချင်လို့ ဖြစ်နိုင်ရင် လုပ်ပေးလေ။ ဖြစ်တယ်မလား။ ဖြစ်လိုက်ပါဗျာ။

ငါ့ကိုမုန်းတဲ့ ငါ

ကဲဗျာ အမြန်ဆုံး ဖြေရှင်းပေးလိုက်ပြီ ကိုဖားကြီး နဲ့ မဝါ ရေ့။

တစ်။ အားနာတတ်ခြင်း
အားနာပါနားနှင့် သူတပါးပြောသည့်အတိုင်း ပြုလုပ်မိခြင်း။ အဲလိုနဲ့ ခံခဲ့ရပေါင်းမနည်း။ စင်ကာပူသွားဖို့ လခ ၆၅၀ ပဲရမယ့် အလုပ်ကို ပွဲစားခ ၃၅၀၀ နဲ့ လာဖို့ အားနာနာနဲ့ စရံ ငါးသောင်းပေးလိုက်တာ ဆုံးသွားပါလေရောဗျာ။
နှစ်။ အားမနာတတ်ခြင်း
ကိုယ့်ကိုကိုယ် အားနာတတ်လို့ဆိုပြီး အပြင်ကောင်းတာ အားမနာတတ်တာ လွန်သွားပြီး မိတ်ပျက်တာမနည်း။ သူငယ်ချင်း အရင်းအချာကြီးတစ်ယောက် မိန်းမခိုးတာ ပိုက်ဆံလိုလို့ လှမ်းချေးတာ မပေးလို့ အပေါင်းအသင်းတွေ ကြားထဲမှာ တော်တော်မကောင်းဘူး ဖြစ်သွားတယ်။ ချေးတာကလည်း ၂၀၀ ထဲပါ။ တကယ်ဆို အခုအနေအထားနဲ့ ဘာမှဖြစ်တာလဲ မဟုတ်ပဲနဲ့။ အားနာချင်လဲ သူပဲ၊ အားမနာချင်လည်း သူပဲ။ အဲလိုပဲ ဂေါက်တောက်တောက်နဲ့။ :)
သုံး။ ကြွားဝါတတ်ခြင်း
အကြွားကောင်းလို့ သူများလိမ်တာခံလိုက်တာ မနည်း။ ခုပဲကြည့်။ ငွေ ၂၀၀လောက်တော့ အသာလေးပါ ဆိုပဲ။ ဗီလိန်......ဗီလိန်......။ တော်တော် အကြွားသန်တဲ့ကောင်ပဲ။ အမေက ဆိုက်ကယ်အသစ်ဝယ်ပေးလို့ သူငယ်ချင်းတွေကို ကြွားလိုက်တာ ဟိုတစ်ယောက်တက်ခွ ဒီတစ်ယောက်တက်ခွနဲ့ ကိုယ်တောင် သေချာမစီးရသေးဘူး ပါတဲ့ဆီ အကုန်ကုန်တာပဲ။
လေး။ ကြွားဝါခြင်းကို အမြင်ကပ်ခြင်း
ကြွားတာကို အမြင်ကပ်တယ်ဆိုပေမယ့် ကြွားတာက နှစ်မျိုးရှိတယ်။ ရှိတာကိုကြွားတာနဲ့ မရှိပဲနဲ့ကြွားတာ။ ကျနော်မုန်းတာက တကယ်မရှိပဲနဲ့ကြွားတာကို ပြောတာ။ တကယ်ရှိပြီး ကြွားတာကတော့ ဘာဖြစ်လဲဗျာ။ ဟုတ်တယ်မလား။ ကြွားတဲ့ အထဲမှာ ပစ္စည်းကြွားတာအပြင် ပညာကြွားတာပါ ပါတယ်။ မသိပဲနဲ့ သိချင်ယောင်ဆောင်တဲ့သူ၊ မတတ်ဘဲနဲ့ တတ်ယောင်ကားလုပ်တဲ့၊ ငါမသိဘူးဆိုတဲ့စကားကို ပြောရမှာကြောက်တဲ့သူ၊ ကိုယ်သိကိုယ်တတ်လုပ်တဲ့သူ ဆိုကြည့်လို့ကိုမရဘူး။ အဲဒါတွေကို အမြင်ကပ်လွန်းလို့ ထပြောရင်းနဲ့ ပြဿနာတက်ခဲ့ပေါင်းမနည်း။ ကျနော်ကလည်း ကိုယ့်ဘက်က ပိုင်ပြီဆိုရင် ချက်နဲ့ လက်နဲ့ ကျကျနနပြန် ဆော်တတ်တာဆိုတော့ တဘက်လူက အီစိမ့်သွားရော။ အဲဒါနဲ့ပဲ အမုန်းတွေက ဖြစ်ရပြန်ရော။
ငါး။ ကိုယ်ထင်ရာကိုဇွတ်လုပ်ခြင်း
လုပ်ချင်ပြီဟေ့ဆို လုပ်ချလိုက်တာပဲ။ ဘယ်သူတားတား တားမရဘူး။ "ရန်ကုန်မှာပဲ နေပါ။ မင်းအတွက် လုပ်ငန်းတစ်ခု စီစဉ်ပေးပါမယ်။ လုပ်ချင်တာရှိလဲပြော။" ဆိုတဲ့ အဖေ့စကားကို နားမထောင်ပဲ ထွက်လာခဲ့တာ အစကတော့ ဟုတ်တုတ်တုတ်။ ခုတော့ စီးပွားရေးက လှုပ်တုတ်တုတ်နဲ့ ဘယ်တော့ ပြုတ်မယ် မသိတဲ့ ဘဝရောက်နေပါပြီ။
ခြောက်။ အကြောက်တရားမရှိခြင်း
မကြောက်တတ်လွန်းလို့ မန်နေဂျာကဆူနေတာကို ပြုံးဖြီးဖြီးမဖြစ်အောင် အောင့်ထားရတယ်။ နောက်တစ်ခါဆို အလုပ်ပြုတ်ဖို့ပဲရှိတယ်။
ခုနစ်။ နောင်တမရခြင်း
ဘယ်လောက်ခံရခံရ မမှတ်ဘူး။ နောက်တလည်းမရဘူး။ ပေတယ်။ တေတယ်။ ဒါလုပ်ရင် ဒါဖြစ်မယ်မှန်းသိသိနဲ့ မိုက်နေဆဲ။
ရှစ်။ ဖြုန်းတီးခြင်း
လူမိုက်နှင့်ငွေ အတူမနေ ဆိုတဲ့စကားပဲ မှန်လို့လားမသိ။ ဘယ်တော့မှ လက်ထဲမှာငွေမမြဲ။ ငွေဆိုတာသုံးဖို့ရှာတာ။ မလောက်ရင် လောက်အောင်ရှာ။ မရှိရင် ရှိအောင်ကြံ။ ကုန်သွားရင် ထပ်ရအောင်လုပ်။ ဆိုတာတွေက ဗီလိန်တို့ ဆောင်ပုဒ်။ အသုံးကောင်းလို့ အခုအချိန်အထိ အကြွေးတွေဝိုင်းနေတုန်း။
ကိုး။ အိပ်ရမှာကို နှမြောခြင်း
အဲဒီအကျင့်ကလည်း ဘယ်တော့များမှ ပျောက်မယ်မသိ။ လူလည်း အရိုးပေါ်အရေတင်ဖြစ်နေပြီ။
တစ်ဆယ်။ ကျပ်မပြည့်ခြင်း
ဟီးဟီး။ ရေးချင်ရာရေး၊ ပြောချင်ရာပြောနေသော အချက်ကိုးချက်ကို ဖတ်ပေးကြတာကျေးဇူးပဲ။

ကဲ..... အကုန်လုံးက ပျံ့နှံ့နေပြီးသား။ တစ်ယောက်ပဲ။ ကြားထဲမှာ လွတ်နေတဲ့ အစ်ကိုကြီးတစ်ယောက်။
ကိုရွာသားလေး ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ ဘလော့ဂါ အသစ်စက်စက်လေး အိဖူး။ ရေးပေးမယ်မလား။ ဟဲဟဲ။ ဝင်ဝင်ချင်းစောက်နဲ့ ထွင်းတာ။ :)
--
ဗီလိန်

သူရဲကောင်းလေး

ဒေါင်......ဒင်.......ဒေါင်......ဒင်......
အချက်ပြ ခေါင်းလောင်းသံကြောင့် တစ်ရွာလုံး လန့်ဖျန့်သွားသည်။ အလန့်တကြား ဖြစ်သွားသော ကားမောင်းသမားတစ်ယောက်မှ တဆင့် ဥသျှစ်သီးကြွေတဲ့ ပုံပြင်ထဲကလို၊ ပုစဉ်းရင်ကွဲအော်သံ ပုံပြင်ထဲကလို ဆင့်ကဲဆင့်ကဲ အက်ဆီးဒင့်တွေဖြစ်ပြီး တစ်ရွာလုံး ပြောင်းသတ် ကုန်ပါတယ်။ အဲဒီ အချက်ပေးသံကို တီးလိုက်သူကတော့...................



ဒီဇာတ်လမ်းထဲက မင်းသားလေး Chicken Little ပါပဲ။ လုပ်သမျှ အမြဲတမ်း တလွဲပဲဖြစ်ဖြစ်နေလို့ တစ်ရွာလုံးက မကြည်တဲ့အပြင် အကောင်ကပါ သေးတော့ နှိမ်လည်းနှိမ်ကြ၊ အကုန်လုံးရဲ့ နောက်ပြောင် အနိုင်ကျင့်တာ ခံနေရပေမယ့် အမြဲတမ်းပျော်ရွှင်နေပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကြက်ကလေးဟာ ဖခင်မီးသတ်သမား ကြက်ဖကြီးရဲ့ မိတဆိုးသားလေးပါ။ အဖေတစ်ခု၊ သားတစ်ခုဘဝမို့ အရမ်းချစ်ကြတဲ့ သားအဖနှစ်ယောက်ဖြစ်လို့ ကြက်ကလေးရဲ့ ပေါက်ကရ တလွဲလုပ်သမျှကို ဖခင်ဖြစ်သူက အမြဲလိုက်ရှင်းနေရတဲ့ ဇာတ်လမ်းလေးနဲ့ အစပြုထားပါတယ်။

ကြက်ကလေးရဲ့ အရာရာကို စူးစမ်းလိုစိတ်၊ ဖြတ်ထိုးဉာဏ်ရင့်သန်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့ အရည်အချင်း၊ ပတ်ဝန်းကျင်နဲ့ မိမိပတ်ဝန်းကျင်ကို ကာကွယ်လိုစိတ်၊ မိမိစွမ်းအားရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ် တတ်တဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်၊ အချိန်တိုင်း ဖြတ်လတ်တက်ကြွနေတဲ့ ပုံသဏ္ဏာန်တွေဟာ လူငယ်တွေရဲ့ စံပြထားရလောက်တဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေပါပဲ။ အကောင်သေးပေမယ့် အထင်သေးလို့မရတဲ့ ဇာတ်လိုက်ကျော်လေး Chicken Little ပါ။ နောက်ပိုင်းဇာတ်လမ်း ကိုတော့ အရသာပျက်မှာစိုးလို့ မပြောပြတော့ပါဘူး။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား တာယာပွကြီးနဲ့ ခပ်ဆင်ဆင်တူတဲ့ ဒီဇာတ်ကောင်လေး Chicken Little ကို Walt Disney ကနေဖန်တီး ထုတ်ဝေဖြန့်ချီပါတယ်။

ဖန်တီးသူတွေကတော့
Directed by Mark Dindal
Produced by Randy Fullmer
Written by Steve Bencich
Ron J. Friedman
Starring Zach Braff
Garry Marshall
Joan Cusack
Steve Zahn
Don Knotts
Patrick Stewart
Music by John Debney
Distributed by Walt Disney Pictures ဖြစ်ပါတယ်။
Trailer လေးကိုပါ တင်ပြပေးလိုက်ပါတယ်။



နန်းညီရဲ့TAG လေးပါ။ ကာတွန်းကားသိပ်ကြိုက်တဲ့ ကျနော့အတွက် ကောက်ခါငင်ကာပဲ ဖြေလိုက်ပါတယ်။ နန်းညီ ရေ့ ကျေနပ်ပါတယ်နော်။ :)

ကျနော့ သူငယ်ချင်းအပေါင်းအသင်း ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီညီ၊ ညီမတို့ အားလုံး ဒီရက်ထဲ အပျင်းကြီးတဲ့သူကကြီး၊ အသဲကွဲလို့ ကွဲပြဲတဲ့သူကကွဲပြဲ၊ အလုပ်များတဲ့သူကများ၊ စိတ်ညစ်တဲ့သူကညစ်၊ စာမေးပွဲနီးလို့ ဘလော့ဘက် ခြေဦးမတည့်နိုင်သူက တစ်မျိုးနဲ့မို့ ဒီTAGလေးနဲ့ ဘလော့ရောဂါပိုး ထိုးထည့်လိုက်ပါတယ်။ စာမေးပွဲရှိသူတွေကတော့ စာမေးပွဲပြီးပြီးချင်း ရေးပေးပေါ့၊ မအားတဲ့သူတွေကလည်း အားတာနဲ့ရေးပေးပေါ့၊ လို့ ပြောရင်းနဲ့ ရှိသမျှ ဆွေသဟာတွေအားလုံး ဝါးလုံးရှည်နဲ့ သိမ်းကြုံးTAGလိုက်ပါတယ်။ မကောင်းသူထိပ် ကောင်းသူထိပ် တော့မဟုတ်ဘူး။ မေ့ကျန်သူရှိရင်တောင် Edit ပြန်လုပ်ပြီး ထပ်ထည့်မှာ။ စိတ်မဆိုးကြေး။ ကာတွန်းကားကိုလုံးဝ စိတ်မဝင်စားပြီး မကြည့်တဲ့သူတွေကိုတော့ လွတ်ငြိမ်းခွင့်ပေး လိုက်ပါမယ်နော်။

ဖိုးဂျယ် (ရေးပြီး)
မတူးတူးသာ (ရေးပြီး)
ခေါင်ခေါင်
မေ (စိတ်ဖြေရာ) (ရေးပြီး)
ကိုအင်ဒီ (ရေးပြီး)
ဥယျာဉ်မှူး
apyae1
ချမ်းရဲ (ရေးပြီး)
ကိုလင်းဒီပ
ကိုရွာသားလေး (ရေးပြီး)
မဆုမွန်
သံလွင်ဟီးရိုး
မဝါ (ရေးပြီး)
လိပ်ပြာလေး (ရေးပြီး)
မက်မက် (ရေးပြီး)
ဂုဂု (လွတ်ငြိမ်းခွင့်ပေးပြီး)
မီးလေးဇာ (ရေးပြီး)
အိမ်
ကိုဂျူဝသန်
ယမမင်းလေး (ရေးပြီး)
မရွှေပြည်သူ (ရေးပြီး)
ကိုဖားကြီး

ဗီလိန် နဲ့ ဘလော့လောက

ကျနော် ဘလော့ ဆိုတဲ့လောကလေးတည်းမှာ မျက်စိသူငယ် နားသူငယ်လေးနဲ့ စာတွေလျှောက်ရေးပါတယ်။ မနက်ဖြန်ဆို ၂လပြည့်ပါပြီ။

လာရောက်အားပေးကြတဲ့ သူတွေထဲက ညီလေးတစ်ယောက်ရှိပါတယ်။ ညီလေးဆိုပေမယ့် ညီအရင်းလဲမဟုတ်ဘူး။ သွေးသောက်ရအောင်ကလည်း သွေးကမဖောက်ရဲ။ ဘယ်လိုပြောရမလဲဗျာ။ တစ်နေ့ တစ်ရက် တစ်နေရာထဲမှာ မမွေးပေမယ့် တစ်နေ့ တစ်ရက် တစ်နေရာထဲမှာ တူတူသေဖို့လည်း ကတိပြုမထားတဲ့ ဘလော့ ညီလေးပေါ့။ တူတာလေးတွေတော့ရှိတယ်။ အခုလောလောဆယ် တစ်မြို့တည်း၊ တစ်နိုင်ငံတည်း နေကြတာပေါ့။
သူနဲ့ ပတ်သတ်လို့ ကျနော် သတိထားမိတာလေးတွေက ဟပ်ဟော့ပရိတ်သတ်၊ မန်ယူပရိတ်သတ်၊ မန်ယူကြောင့်လည်း အလှူတွေ အများကြီးလုပ်ထားတဲ့ သူတစ်ယောက် (ဟဲဟဲ စိတ်ဆိုးနဲ့)၊ အရူးကြောက်တဲ့သူ (ဟိဟိ သူ့ဟာသူပြောတာ)၊ နောက်ဆုံးတစ်ခုက ရေကန်ဘေးမှာထိုင်ပြီး အနီရောင်ပန်းလေးတွေ ပွင့်နေ၊ ကြွေနေတဲ့ သစ်ပင်အောက်မှာ တစ်ယောက်တည်း ကဗျာတွေ၊ စာတွေရေးနေတဲ့သူ တစ်ယောက်။
ကျနော်ကသူ့ရဲ့ ၄ယောက်တည်းသော ဘလော့သူငယ်ချင်းစာရင်းထဲက တစ်ယောက်ပေါ့။ ဒါလေးက သူနဲ့ ကျနော်ရဲ့ကြားက အမှတ်တရလေးလေ။ အမှတ်တရစကား ထွေထွေထူးထူးတော့ မရှိဘူးဗျ။ ဒါပေမယ့် သီချင်တော့လာဆိုဖူးတယ်။ “ဗီလိန်....အိုး ဟိုး.....ဗီလိန်..... နင်ဟာဗီလိန် ဒီအချိန်ထိ...” အဲဒါလေး ဆီဗုံးမှာ လာဆိုသွားတယ်။ ရှက်လည်းရှက်ဘူး အဟိ။ သူနာမည်က ချမ်းရဲ တဲ့ဗျ။

သူသာ ကျနော့ချစ်သူဖြစ်ရင် အာဘွားပေးမှာ။ “ချမ်းရဲရေ့…. အာဘွား……………….”ကျနော့ ချစ်သူဖြစ်လို့ကတော့ ယိုးဒယားအရင်သွား။ ဒါပဲ။
တကယ်လို့ ချစ်သူမဖြစ်ပဲ ရန်သူဖြစ်လို့ကတော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ။ ပြေးမှာလို့ပြောတာပါ။ ဖိနပ်ကျန် ဖိနပ်ထားခဲ့။ ဘောင်းဘီကျွတ်ရင် ဘောင်းဘီထားခဲ့ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲ။ ဟဲဟဲဟဲ။ ရန်သူဖြစ်မယ်ဆိုတာ ကျနော်သူကို မဟုတ်တာသွားလုပ်လို့ပဲနေမှာ။ သူကတော့ မလုပ်လောက်ပါဘူး။ ဟုတ်တယ်မလား။ :)
သူ့ကို ကျနော်လုပ်ပေးချင်တာလေး တစ်ခုရှိတယ်ဗျ။ အဲဒါက အိမ်ကမိန်းမနဲ့ ကလေးနှစ်ယောက်ကို ပါဆယ်ထုပ်ပြီး လက်ဆောင်အဖြစ်ပေးချင်တာ။ ယူမယ်မလားဟင်။ ခွိခွိခွိ။
သူ့အကြောင်းပြောတာတော့ တော်တော်စုံသွားပြီ။ အားလုံးကို ခြုံငုံဝေဖန်သုံးသပ်ရရင်တော့ဖြင့် ဘဝတကွေ့ ဘလော့တကွေ့မှာ ဆုံခဲ့ရတဲ့ ချမ်းချမ်းရဲရဲ ကိုချမ်းရဲပေါ့ဗျာ။

သူ့အကြောင်းပြီးတော့ ကျနော့ အကြောင်း။ ဟဲဟဲဟဲ။ ကျနော့ ဘေးကသူတွေက ကျနော့ကို မုန်းကြတာပေါ့ဗျာ။ ဗီလိန် ပါဆိုမှ။ ကျနော်ကတော့ မုန်းလေကြိုက်လေပဲ။ တကယ်တော့ အမုန်းဆိုတာ အချစ်ဓာတ်ခံပါလို့ဗျ။ (ဆရာတော် ဥုးသုမင်္ဂလ ပြောတာ။) ဟုတ်တယ်လေ။ မသိတဲ့လူတစ်ယောက်ကို ဘယ်သူကမုန်းပါ့မလဲ။ သိလို့ သံယောဇဉ်တစ်ခုခုရှိရာကနေ အကြောင်းတစ်ခုခုကြောင့်မုန်းတာ။ ကျနော်ကတော့ မုန်းမှ အဓိပ္ပာယ်ရှိမယ့် ဗီလိန်ဆိုတော့ မုန်းကြဗျာ။ မုန်းလေကြိုက်လေပဲ။ ငွှင်း ငွှင်း ငွှင်း။ (ဗိုလ်အောင်ဒင် အသံနဲ့ရီတာ။)
အဲလို ဗီလိန်ကျရတာကိုက ကျနော်အကြိုက်ဆုံး ကာရိုက်တာပဲ။ ကျနော်ကိုယ်ကျနော် အမုန်းဆုံးကာရိုက်တာကတော့ ပြောပြဘူး အဲဒါကကျနော့ အားနည်းချက်။ ပြောပြလို့ဖြစ်ဘူး။ :)
ကျနော်အဖြစ်ချင်ဆုံး လူစားမျိုးက အမေ့ရဲ့သားလိမ္မာ၊ အဖေ့ရဲ့သားလိမ္မာ၊ မိန်းမရဲ့ယောက်ျားလိမ္မာ၊ ညီအစ်ကိုတွေရဲ့ ညီအစ်ကိုအလိမ္မာ၊ သားသမီးတွေရဲ့ အဖေလိမ္မာ၊ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းလိမ္မာလေးပေါ့။
ဗီလိန့် ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်ကြီးကို ဗီလိန် အပြောချင်ဆုံး စကားတစ်ခွန်းက “အိမ်သာမှန်မှန်တက်ပါလို့”။ :) ဟုတ်တယ်လေ။ အဲဒါမမှန်ရင် နေမကောင်းဖြစ်မှာပေါ။ ဟုတ်ဘူးလား။ နောက်တာပါ။ ကျနော်ပြောချင်တာကို အတွင်းရေးများဖော်ထုတ်ခြင်း မှာပြောခဲ့ပြီးပြီ။ သိချင်ပြန်လှန်ကြပေါ့ဗျာ။ ငှဲငှဲငှဲ။ ကြုံတုန်း ပို့စ်ကြော်ငြာဝင်တာ။

ကဲ… ကျနော်အခုပြောခဲ့တာလေးတွေကို ဘလော့မိတ်ဆွေ ၁၀ယောက်ကို ဝေမျှပြီးပြောခိုင်းပါတော့မယ်။ ပြောနိုင်(ရေးနိုင်) မှလုပ်ကြပါဗျာ။ မရေးလဲ ကိစ္စမရှိဘူးနော်။ ရေးပြီးသားလူတွေဆိုရင် ထပ်မရေးနဲ့တော့ပေါ့ဗျာ (သံလွင်ဟီးရိုး မပါ)။ :D အားနာလို့ပါ။ ဟောဒီက ၁၀ယောက်ပါဗျိုး။
၁) အိပ်မက်လေး Dream
၂) နာရီသုံးလုံးနဲ့ ခေါင်ခေါင်
၃) သံလွင်Hero (ခေါ်) ကိုသံလွင် (ခေါ်) ကိုဟီးရိုး (ခေါ်) ဘာညာသရကာ
၎) တို့မမကြီး မရွှေပြည်သူ
၅) စိတ်ဖြေရာ ရေးတဲ့ မေ
၆) ပြတင်းပေါက်လေး တစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့ ကိုလင်းဒီပ
၇) ကျနော့ကို TAG တဲ့ ကိုချမ်းရဲ
၈) တဲမဟုတ်၊ တိုက်မဟုတ် အိမ်
၉) လက်ဘက်သုပ် ကျွေးတဲ့ ကိုရွာသားလေး
၁၀) ငါ့တိုင်းပြည်လေးထဲ က မဆုမွန်
ကျန်တာလေးတွေကိုတော့ မေးခွန်းပုံစံနဲ့ပဲ ၁၀၀ အပြည့်ရအောင်ဖြေပါတော့မယ်။ ဟိဟိ။

၁၇။ မေး။ ။ ၇ ယောက်မြောက်လူက အကိုနဲ့ ဘယ်လိုပတ်သက်လဲ ? (ချမ်းရဲ)
ဖြေ။ ။ ကျုပ်ကို တဂ်တဲ့သူပေါ့ဗျာ။

၁၈။ မေး။ ။ ၉ ယောက်မြောက်က ယောက်ျားလား မိန်းမလား? (ကိုရွာသားလေး)
ဖြေ။ ။ ယောက်ျားပါခင်ဗျ။

၁၉။ မေး။ ။ နံပါတ် ၆ နဲ့ ၉ ယောက်မြောက် လူနှစ်ယောက်က အတူတကွရှိနေမယ်ဆိုရင် ကောင်းပါသလား? (ကိုလင်းဒီပ နဲ့ ကိုရွာသားလေး)
ဖြေ။ ။ တစ်ခန်းတည်းသား ပဲဟာ။

၂၀။ မေး။ ။ ၂ ယောက်မြောက်လူက ဘာတွေသင်ကြားနေပါသလဲ? (ခေါင်ခေါင်)
ဖြေ။ ။ ဟိုတယ်တွေအကြောင်း ထင်တာပဲ။

၂၁။ မေး။ ။ ၃ နဲ့ နောက်ဆုံးစကားစမြည်ပြောခဲ့တဲ့ အချိန်လေးပြောပြပါလား? (သံလွင်Hero)
ဖြေ။ ။ အခုလေးတင်။

၂၂။ မေး။ ။ နံပါတ် ၈ ကြိုက်တဲ့ အဆိုတော် နာမည်.....? (အိမ်)
ဖြေ။ ။ တွံတေးသိန်းတန်

၂၃။ မေး။ ။ နံပါတ် ၁ မှာ ညီအကိုမောင်နှမတွေရှိလား? (Dream)
ဖြေ။ ။ သိဘူး။ သူ့မေးကြည့်ပေါ့ ဒွင်းဒွင်းရေ့ ဖြေပေးလိုက်ပါဦး။

၂၄။ မေး။ ။ နံပါတ် ၃ ရဲ့ အချစ်ကိုရယူကြိုးစားဖို့ အစီအစဉ်ရှိပါသလား? (သံလွင်Hero)
ဖြေ။ ။ အင်း… အစီအစဉ်ရှိတယ်။ လောလောဆယ်တော့ မဟုတ်သေးဘူး။ ယိုးဒယားကပြန်လာမှ။

၂၅။ မေး။ ။ ၇ ယောက်မြောက်ကိုရော...? (ချမ်းရဲ)
ဖြေ။ ။ တူတူပဲ။

၂၆။ မေး။ ။ ၄ ယောက်မြောက်ကရော လူလွတ်ပဲလား? (မရွှေပြည်သူ)
ဖြေ။ ။ ဟုတ်တယ်။ အပျိုကြီးမမလေ။ :)

၂၇။ မေး။ ။ နံပါတ် ၅ ရဲ့ နာမည်အရင်းကိုသိပါသလား? (မေ)
ဖြေ။ ။ မေသဇင်တဲ့။ (မြသဇင်က လှည်းတန်းနဲ့ တာမွေက အပေါင်ဆိုင်နာမည်။ :) )

၂၈။ မေး။ ။ ၄ ယောက်မြောက်ရဲ့ ၀ါသနာကဘာပါလဲ? (မရွှေပြည်သူ)
ဖြေ။ ။ စာဖတ်ခြင်း၊ စာရေးခြင်း (Blog ရေးခြင်း)၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း။

၂၉။ မေး။ ။ ၅ နဲ့ ၆ ယောက်မြောက် နှစ်ယောက်ကြားအခြေအနေ...? (မေ နဲ့ ကိုလင်းဒီပ)
ဖြေ။ ။ ဟိုလိုလို၊ ဒီလိုလိုပဲ ညည ချက်နေတယ်လို့တော့ သတင်းကြားတာပဲ။ :) စိတ်ဆိုးကြေးနော်။

၃၀။ မေး။ ။ ၁ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာစာသင်ကြားနေပါလဲ? (Dream)
ဖြေ။ ။ ဘလော့တွေ အကြောင်း အွန်လိုင်းပေါ်မှာပေါ့။

၃၁။ မေး။ ။ ၆ ယောက်မြောက်သူငယ်ချင်းအကြောင်းလေး တောက်တိုမယ်ရပြောပြပါလား? (ကိုလင်းဒီပ)
ဖြေ။ ။ ဘယ်လိုပြောရမလဲပေါ့လေ။ တစ်နေ့တစ်နေ့ ပြတင်းပေါက်တွေ ထိုင်ရောင်း….. အဲ မဟုတ်ပါဘူး။ စင်္ကာပူကို သွားလာရေးအဆင်ပြေအောင် လုပ်ပေးနေတဲ့သူပေါ့။

၃၂။ မေး။ ။ နံပါတ် ၈ အပေါ်ခံစားချက် များများထားဖို့ ကြိုးစားခဲ့ဖူးလား? (အိမ်)
ဖြေ။ ။ ထားခဲ့ဖူးတာပေါ့ဗျာ။ သူညီမလေးက လှတယ်ဗျ။ အဟိဟိ။ ထပ်ပြောမယ် စိတ်မဆိုးကြေး။

၃၃။ မေး။ ။ ၉ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာနေတာတုန်း? (ကိုရွာသားလေး)
ဖြေ။ ။ ကျနော့အိမ်မှာလေ။

၃၄။ မေး။ ။ ၃ ယောက်မြောက်သူငယ်ချင်းက ဘာအရောင်ကြိုက်သလဲ? (သံလွင်Hero)
ဖြေ။ ။ သိဘူးဗျ။ ကျနော်လည်း မမေးဖူးဘူး။

၃၅။ မေး။ ။ ၅ နဲ့ ၆ နဲ့ က သူငယ်ချင်းကောင်းတွေပဲလား။ (မေ နဲ့ ကိုလင်းဒီပ)
ဖြေ။ ။ ဟုတ်ရင် ဟုတ်မှာပေါ့။ မပြောတတ်။

၃၆။ မေး။ ။ ၁ မှာ အိမ်မွေးတိရိစ္ဆာန်ရှိလား။ (Dream)
ဖြေ။ ။ ငါး ၇ ကောင်နဲ့ ပင်ဂွင်းအကြီး ၂ကောင်၊ အသေး ၄ကောင်။

၃၇။ မေး။ ။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား? (ခေါင်ခေါင်)
ဖြေ။ ။ ဟုတ်တယ် ဟုတ်တယ်။ လုံးဝဟုတ်တယ်။ :P

၃၈။ မေး။ ။ ၁၀ က ဘာတွေလုပ်နေတုန်း။ (မဆုမွန်)
ဖြေ။ ။ ကျောင်းတက်ရင်းနဲ့ သတင်းတွေရှာနေတယ် ထင်တာပဲ။

ကဲ တဂ် တော်မူထားတဲ့ ကိုချမ်းရဲ ရေ့ ကျေနပ်တော့ကွယ်။ ကျနော်တဂ်တဲ့သူတွေလည်း အားမှရေးကြပါဗျာ။ ရေးပေးရင်တော့ ကောင်းတာပေါ့။

အပေါ်မှာ မေးခွန်းမမေးပဲ ဖြေထားတဲ့ မေးခွန်းလေးတွေပြန် ရေးပေးလိုက်တယ်နော်။
၁။ ချမ်းရဲ (တဂ်ခံရတဲ့သူ) နဲ့ ဗီလိန် (တဂ်တဲ့သူ) တို့ ဘယ်လိုများ ဆက်ဆံပက်သက်လည်း မသိဘူးနော်??
၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက်(၅)ချက်လောက်ပြောပြပါလား?
၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား?
၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား?
၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ?
၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော...?
၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော...?
၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား?
၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ?
၁၁။ (တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော
ဘယ်လိုမြင်လဲ?
၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား?
၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic ကရော..?
၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ?
၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၁၀ယောက်ဆီရွေးပြီး ပို့ပေးပါ။ အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။

သမုဒ္ဒရာ ဝမ်းတစ်ထွာ

အင်း…ဒီကိစ္စက တော်တော်ခက်တယ်။ နေရာတကာမှာ ဒေါင်ကျကျ၊ ပြားကျကျ နေနိုင်ပေမယ့် (တစောင်းဆိုရင်တော့….အဲလေ။ ယောင်လို့) အစားအစာမှာ ဖြစ်သလိုမစားတတ်တာက ကျနော့ရဲ့ဒုက္ခပဲ။ အဲ အခုပိုဆိုးပြီ။ TAG ခေါင်းစဉ်က ဖြစ်သလိုစားတဲ့။ အကြွေးက အတိုးမတက်ပေလို့ပဲ။ အတိုးတက်လို့ကတော့ အတိုးနဲ့တင် မွဲမှာပဲ။ ဒီလိုဗျ။ ကျနော်က အစားဂျီးမများဘူး။ ဒါပေမယ့် ဇီဇာကြောင်တာ။ ဟီဟိ။ ပြောရမှာလဲ ရှက်ပါတယ်။ အဲဒါကပိုဆိုးတာ။ မနက်မနက်ဆို ဟင်းချက်တာနဲ့တင် ရုံးကို အမြဲ (အမြဲဆိုတာ မှ အမြဲ။ ပထမဆုံးတစ်ရက်ကလွဲရင် တစ်ခါမှက ၉ နာရီထိုး ရုံးမရောက်ဖူးဘူး။ :) )

ကြက်ဥကြော်တာခြင်း အတူတူတောင်မှ အကာမကြွတ်ရဘူး အနှစ် ကျက်ရမယ်။ အနှစ်ကလည်း လုံးဝကျက်မသွားရဘူး။ အနှစ်မှာတင်ကိုး အရောင်က နှစ်မျိုးဖြစ်နေရမယ်။ ကြော်တတ်ကြလားဗျ။ စိတ်ဝင်စားရင် သင်တန်းဖွင့်ပေးမယ်။
ဘဲဥဟင်း (ဒီမှာတော့ ကြက်ဥဟင်းပေါ့။ ဘဲဥဈေးကြီးလို့) ဆိုရင်တော့ တမျိုးဗျ။ ဘဲဥကို အရင်ပြုတ်ပြီး အခွံခွာ ပြီးတော့မှ အလုံးလိုက်ပြန်ကြော်ပြီး အကာလေးတွေ ကြွတ်ကြွတ်လေးနဲ့မှ ချက်တာ။ ဒါတောင် ခရမ်းချဉ်သီးမပါရင် သိပ်မကြိုက်ချင်ဘူး။

ကြက်သား၊ ဝက်သားကြော် ဆိုရင်လဲအောက်မှာ မုန့်ညှင်းရွက်လေးခံလိုက်မှ။ မရှိရင်တောင် ဂေါ်ဖီရွက်လေး ဖြစ်ဖြစ်ပေါ့။ ပြီးရင် အပေါ်ကလည်း နံနံပင်လေးအုပ်ပေါ့။
ကြက်သားကြော်မှာရှိသေးတယ်။ အရေခွံနဲ့ နံရိုးက မပါမဖြစ် ကြက်ကြော်ထဲမှာ အရေခွံကြော်နဲ့ နံရိုးကြော်ကို အကြိုက်ဆုံး။
ကြက်သားချက်၊ ကြက်သားကြော်ရင်လည်း ကြက်ကို ကိုင်လိုက်ရမှ။ ကြက်ကိုင်တယ်ဆိုတာ လည်ပင်းအရေပြား သွေးကြောမကြီးကိုဖယ်၊ ဇလုပ်ကို သေချာသတိထားပြီးထုတ်၊ အမြစ်ကို ဓားလေးနဲ့ ရှတတလေးလှီး အထဲက မစင်ထုတ်ကို ခပ်ဆတ်ဆတ်လေးခွာ၊ အမြစ်ထိပ်က အနံ့နံမယ့် ထိပ်ဖူးလေးကို ဆားနဲ့ သေချာပွတ်၊ အဆုတ်ကိုခွာ၊ နှုတ်သီးကိုဖြုတ်၊ အောက်မေးရိုးကို ဖယ်၊ ခြေထောက်အရေပြားထူကို ရေနွေးစိမ်ပြီး ခွာ။ အဲလိုမှ ကြက်သားချက်ရတာ ပီသတာ။ အခုတော့ကြည့်။ ကြက1်ဝယ်ရင် ကိုင်ပြီးသားတွေ။ အိမ်ရောက်ရင် အတုံးတုံးပြီး ချက်လိုက်ရုံပဲ။ အဲဒီတော့ ဆိုင်ကိုပဲ တုံးခိုင်းလိုက်တော့တယ်။ ချက်ရတာ ဖီးလ်မလာဘူး။
ကြက်သားအာလူး၊ ဝက်သားအာလူး ဆိုရင်လဲ အာလူးကိုမာပြီးကျက်အောင် အရင်ကြော်ပြီး ပြန်ဆယ်ထားပြီးမှ ချက်တယ်။ ကြက်သားအာလူး၊ ဝက်သားအာလူးမှာ အာလူးတွေ နူးပြီးပျော်ကုန်ရင်မကြိုက်။

ဝက်သားဆိုရင်လည်း ရေလုံပြုတ်ကိုမကြိုက် ရေလေးနည်းနည်းထည့်လိုက်။ ရေခန်းသွားရင် ရေလေးနည်းနည်း ထပ်ထည့်လိုက် မနူးမချင်းအထိ ထိုင်စောင့်ပြီး ဆီပြန်ရေကျန်လေး အရမ်းကြီးလဲနူးရင် မကောင်း။
ပုစွန်ဆိုလည်း အခွံမခွာပဲ ချက်ရင်မစား။ အခွံကို ကျကျနန ခွာပြီးမှ မစင်လမ်းကိုပါ သေချာဆွဲထုတ်လိုက်ရမှ စိတ်တိုင်းကျတယ်။
ငါးဆို အရိုးများတဲ့ငါး မစား။

ကြာဇံကြော်ရင်လဲ ကြာဇံအပျော့(တစ်ပါကင်ကို အလိပ်လေး ၁၀ လိပ်ပါတဲ့) မှ ဆိုင်တွေမှာ ကြော်တဲ့ အလုံးကြီးကြီးတွေ သိပ်မကြိုက်။ ဘာမှမပါနဲ့ ကြာဇံနဲ့ ကြက်ဥ၊ ကြာဇံနဲ့ ဂေါ်ဖီ အဲဒါလေးနဲ့တင်ဖြစ်တယ်။

ပဲပြုတ်နဲ့ ထမင်းဆီဆမ်းဆိုရင် ဆီကအစိမ်းနဲ့မှ အထူးသဖြင့် ရန်ကုန်မှာဆိုရင်တော့ ပဲဆီစစ်စစ်နဲ့မှ။ ကြက်သွန်ဖြူ၊နီ ဆီချက်နဲ့ဆို သိပ်မကြိုက်။ ပြီးရင် ဆားလေးနဲ့ဖြူးပြီးတော့ပေါ့။ ကြက်ဥပြုတ်နဲ့ ထမင်းဆီဆမ်းကြတော့ ကြက်သွန်ဖြူ ဆီချက်နဲ့ကို ပိုကြိုက်သဗျ။ ဆီစိမ်းနဲ့လည်း စားတော့စားပါတယ်။ သူလည်းဆားနဲ့ပဲ။ ကြက်ဥကြော်နဲ့ ထမင်းနဲ့ ကျပြန်တော့ အဲလိုမဟုတ်တော့ ဆီစိမ်းနဲ့ တရုတ်ပဲငံပြာရည်နဲ့ဗျား။
ပဲပြုတ်ကိုလည်း ပြန်ကြော်လိုက်ရင် မစားတော့။

လက်ဘက်သုပ်ဆိုလည်း ပဲကြမ်းကြော်မစား။ ဒါကတော့ ကျန်းမာရေးအရပါ။ ကျနော်က လေမကောင်းဘူးဗျ။ လက်ဘက်သုပ်စားရင် ထမင်းပါမှ။ ထမင်းနဲ့ရောသုပ်တဲ့ လက်ဘက်ထမင်းသုပ်ကို လည်းကြိုက်တယ်။ ဒါပေမယ့် ခံစားချက်ခြင်းတော့မတူဘူး။ လက်ဘက်သုပ်နဲ့ ထမင်းနဲ့ စားချင်တာနဲ့ လက်ဘက်ထမင်းသုပ် စားချင်တာနဲ့ မတူ။

မုန့်ဟင်းခါးဆိုလဲ ဧရာဝတီလက်ရာမှ။ ဒါတောင် တော်တော်လျှော့ထားတာ။

နောက်တစ်ခုက အင်းစတန့်ဆို တော်တော်များများမစား။ အထူးသဖြင့် ခေါက်ဆွဲခြောက် ကော်ဖီမစ်၊ တီးမစ်၊ ငါးသေတ္တာတွေ မစား။ အဲဒါတွေကြောင့် အလုပ်ကရှုပ်တာ။ ခေါက်ဆွဲခြောက်ဆိုတာထက် အဲဒီ့အထဲက အမှုန့်တွေကိုမစားတာပါ။ တခါခါ သိပ်ခက်ခဲနေရင် အထဲကခေါက်ဆွဲကို ယူပြီး ကိုယ်ကြိုက်သလို လုပ်စားတတ်တယ်။ ကော်ဖီဆို အမှုန့်နဲ့ ဖျော်မှ။ ဖြစ်နိုင်ရင် နို့နဲ့။ နို့မရလည်း နို့ဆီနဲ့ပေါ့လေ။ အင်းစတန့်ထဲမှာ နို့ဆီကတော့ စားဖြစ်တယ်ဗျ။ အရမ်းကြီးတော့ မဟုတ်ဘူး။

ပြောင်းဖူးဆိုရင်လဲ ပြောင်းဖူးစေ့ပေါ်က အခွံပါးပါးလေးကိုခွာပြီးမှ စားတာ။ မခွာရင် သွားကြားညက်လို့။ အခုနောက်ပိုင်း စိတ်မရှည်လို့ ပြောင်းဖူးပြုတ်တောင် မစားတော့ဘူး။
ဖရဲသီးဆိုရင် အစေ့မပါတဲ့အပိုင်းတွေပဲစားတယ်။ ဒီမှာကတော့ အစေ့က မပါသလောက်ဆိုတော့ ကျနော်နဲ့ကိုက်တယ်။ စားဖြစ်တယ်။ ရန်ကုန်မှာတုန်းက အဲဒီ အစေ့ကိုဖယ်ရတာကိုက စိတ်မရှည်ဘူး။

ဒီလိုဗျ။ ကျနော်က မစားခင် ပြင်ဆင်တဲ့ အချိန်မှာ စိတ်ရှည်တယ်။ ရှည်တာမှ သေသေချာချာကို ပြင်ဆင်ပြီးလုပ်တာ။ စားတဲ့အချိန် အလုပ်လာမရှုပ်နဲ့ မကြိုက်ဘူး။ ငါးဆိုလည်းဒီလိုပဲလေ။ အရိုးနွင်ရတာစိတ်မရှည်လို့ မစားဖြစ်တာများတယ်။
ဒါပေမယ့် မကြိုက်ဘူးဆိုတာတွေကို မစားတာပဲရှိတာပါ။ ငတ်ရင်စားတယ်။ :) အငတ်တော့မခံဘူး။ ကျနော့ စည်မျဉ်း၊ စည်းကမ်းတွေကို ငတ်ရင်တော့ ချိုးဖောက်တာပဲ။ ဒါပေမယ့် ငတ်တယ်ဆိုတဲ့ ဆိုတဲ့ စကားလုံးက သူများဆီမှာ စားရတော့မယ်။ အဲဒါပဲရှိတယ်ဆိုမှစားတာ။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ ဒီစည်းမျဉ်းတွေကို မချိုးဖောက်ဘူး။ မရရအောင် ချက်တယ်။

နောက်တစ်ခုက ကျနော်က လူကို ဒုက္ခအလွန်အကျွံပေးတဲ့ အစာတွေကို လုံးဝ (မြည်းတောင်မကြည့်ဘူး) မစားဘူး။ (ချွင်းချက် အရက်နှင့်ဘီယာမပါ။ :) ) ကျနော်က အပူနဲ့လေနဲ့မကောင်းတော့ အထူးသဖြင့် ဒညင်းသီး၊ ဒူးရင်းသီး၊ ခရမ်းသီး၊ ငါးသလောက်၊ အုန်းသီး(အုန်းသီးကတော့ တတ်နိုင်သလောက်ရှောင်တယ်။ မုန့်ထဲပါလာရင်တော့ မတတ်နိုင်ဘူး။) ရှိသေးတယ်ဗျ။ မမှတ်မိတော့ဘူး။ နီးနီးစပ်စပ် မြင်တွေ့နေကြကတော့ ဒီလောက်ပဲ။ ဒါတွေကတော့ လုံးဝကို မစားတာ။

နောက်ဆုံး ဘယ်လောက်ထိများ ဇီဇာက ကြောင်လိုက်သေးလဲဆိုရင် ရေဆို ရေခဲရေတောင် မသောက်ဘူး။ ကဲ ရှင်းရော။

ကဲ….. ရပ်ကွက်တကာ၊ ရွာအစုံကနေ ကျနော့ကို “ဖြစ်သလို စား” ခေါင်းစဉ်နဲ့ တဂ်တော်မူထားကြတဲ့ ဘလော့အနုပညာရှင်များ အားလုံး ကျေနပ်နိုင်ကြပါစေဗျား။ တော်တော်ကြာနေပြီဖြစ်လို့ အားလုံးလဲရေးပြီးနေကြပြီ။ ထပ်တက်စရာတောင် မရှိတော့ဘူး။

ကြော်ငြာဝင်ဦးမှ....... အထက်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ချက်ပြုတ်နိုင်သူ အိမ်ရှင်မတစ်ဦး အလိုရှိသည်။
  • Miss 2009 ဝင်ရောက်နိုင်မည့် ရုပ်ရည်ရှိရမည်။
  • ထားရာနေ၊ စေရာသွားနေနိုင်သူဖြစ်သလို အရာရာကို ဦးဆောင်ဆုံးဖြတ်နိုင်သူ ဖြစ်ရမည်။
  • ပညာ အရည်အချင်းမှာ ဟားဗတ်ကျောင်းမှ မည့်သည့်ဘွဲ့မဆို လက်ခံသည်။
  • အိမ်ထောင်ရေး အတွေ့အကြုံမှလွဲ၍ အချက်အပြုတ်၊ အစီအမံ၊ အနည်းဆုံး ၅ နှစ်အထက်ရှိရမည်။

အထက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများသည် HR@villainlay.com.sg သို့ CV အပြည့်အစုံဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင် Human Resource သို့ လည်းကောင်း လာရောက်လျှောက်ထားနိုင်သည်။
Singapore & SPR only မဟုတ်ပါ။ Social Visit သမားများပါ လျှောက်ထားနိုင်သည်။

:D :D :D :D :D

ကျွန်ုပ်နှင့် ဂျိုကာဖဲ


ကဲ တောင်ပေါ်သားကြီးဝေ့။ နင်တက်တော့ ငါရေး၊ ငါတက်တော့ နင်ရေးပေါ့ဝေ့။ :)

ပိုးအိစံကတော့ ပြောပါတယ်။ “~~အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲမဏိစန္ဒာ~~” တဲ့။
မျိုးကြီးကလဲ ပြန်ပြောရှာပါတယ်။ “~~ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ~~” တဲ့လေ။ :D

အင်း အချစ်ဆိုတဲ့အကြောင်းကို အတွင်းရေးများဖော်ထုတ်ခြင်း မှာ ရေးခဲ့ဖူးတယ်လေဗျ။ အချစ်ဆိုတာ ပိုကာဝိုင်းထဲက ဂျိုကာဖဲချပ်လေးလိုပဲ။ တခြားဟာတွေပြည့်စုံနေရင်တော့ လိုချင်တယ်။ ကိုယ့်မှာဘာမှမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ရှုပ်တောင်ရှုပ်သေးတယ်။ လွှတ်ပစ်လို့လဲမရ ကိုင်ထားလဲ ပန်းတိုင်မရောက်နိုင်တဲ့ အရာပေါ့။ ပိုကာဝိုင်းမှာ ငါးယောက်မဟုတ်လို့ run (series) လိုပြီဆိုရင် ကန့်လန့်ကန့်လန့်ခံနေတာက အဲဒီဂျိုကာပဲ။
အချစ်ဆိုတာလဲ အဲလိုပဲ ဘဝကြီးကိုချီတက်လို့ အဓိကအရာတွေမပြီးသေးခင် တစ်ယောက်ယောက်ကို ချစ်မိလို့ကတော့ သူ့အတွက် အများကြီးပေးဆပ်ရတော့မယ်။ အထူးသဖြင့် အချိန်၊ အချိန်တွေပေးပြီး သူနဲ့နေရတော့မယ်။ အချိန်တွေပေးပြီး ချစ်ရတော့မယ်။ နောက်တစ်ခုက စိတ်။ ကိုယ့် တခြားလုပ်စရာတွေ စဉ်းစားရမယ့်အချိန်မှာ သူ့ဆီစိတ်ရောက်နေပြီ။ အဲဒီ့မှာက နှစ်ခါနာတာပဲ။ ပန်းတိုင်ကြီး ရောက်ချင်တဲ့ သူတွေကတော့ အချစ်ဆိုတာကို ခဏဘေးချထားလေ့ရှိပါတယ်။ ဒါပေမယ့် ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်တော့နေမပေါ့။ မထားလဲရတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။

နောက်ပြီး လူတွေရဲ့ ဘဝအမျိုးမျိုးကိုလိုက်ပြီး စံသတ်မှတ်ပုံခြင်း မတူညီကြဘူးလေ။
အချစ်ဆိုတာကို
စီးပွားရေးသဘောနဲ့ ယှဉ်ကြည့်တဲ့သူက စီးပွားရေး သို့ ငွေနဲ့ စံထားလိမ့်မယ်။
နိုင်ငံရေးနဲ့ ယှဉ်ကြည့်တဲ့သူက နိုင်ငံရေးနဲ့ စံထားလိမ့်မယ်။
ပညာရေးနဲ့ ယှဉ်ကြည့်တဲ့သူက ပညာအရည်အချင်းနဲ့ စံထားလိမ့်မယ်။
တချို့က ရုပ်ရည်။ တချို့က စိတ်ဓာတ်။ တချို့က အရည်အချင်း။ တချို့က ………….. အဲ အမျိုးမျိုးပေါ့လေ။
ကျနော်ကဘာကို စံထားလဲ ဆိုတော့ အင်း……အဲ.…..ဟဲဟဲ မပြောတော့ပါဘူး။

အချစ်တကာ့ အချစ်တွေထဲမှာ ကျနော်အကြိုက်ဆုံး အချစ်ပိုင်ရှင်က အနော်ရထာ။ မိမိရဲ့ချစ်လှစွာသော မိဖုရားနဲ့ ဖောက်ပြန်သူဟု စွဲချက်တင်ထားတဲ့ စစ်သူကြီးကျန်စစ်။ ရာဇဒေါသ၊ ရာဇမာန်တွေနဲ့ မစီရင်ခဲ့။ မသတ်ရင်လည်း စည်းကမ်းပျက်မယ်။ သတ်ရင်လည်း အယုံကြည်ရဆုံး အားထားရတဲ့ အရည်အချင်းရှိစစ်သူကြီး ကို ဆုံးရှုံးရမယ့်အပြင် မိန်းမအတွက်နဲ့ သူလိုလူကို တောင်သတ်တယ်ဟေ့ လို့ အပြောခံရမယ်။ အဲဒါကြောင့် နှစ်ဘက်လွတ်အောင်လို့ ချုပ်ထားတဲ့ကြိုးကို အရိန္နမာလှံနဲ့ ချော်ပစ်၊ ဖြတ်ပေးပြီး ပြေးခွင့်ပြုလိုက်တဲ့ အနော်ရထာရဲ့ အသိဉာဏ်ရှိတဲ့ ယောက်ျားကောင်း ယောက်ျားမြတ်တို့ရဲ့ အချစ်လို့ခံယူမိပါတယ်။

အခုက ကိုတောင်ပေါ်သားက သေချာမှာထားလို့ ၁၅၀၀ အကြောင်းရေးတာပါ။ ၁၅၀၀ ပဲ ဖြစ်ဖြစ် ၅၂၈ ပဲ ဖြစ်ဖြစ် အချစ်ဆိုတာ အချစ်လို့ပြောတာထက် ပြည့်စုံတဲ့ ဖွင့်ဆိုချက်မရှိပါဘူး။ ထုတ်ပြီးပြောလိုက်ရင် ပြောလိုက်တဲ့ စကားလုံးက မပြည့်စုံဖြစ်ဖြစ် သွားတဲ့အရာပါ။ မူလဂုဏ်သတ္တိရှိတဲ့အရာပေါ့။ ဥပမာ- ချိုတယ်၊ ငန်တယ် ဆိုတာကို မသိတဲ့သူတစ်ယောက်ကို စမ်းမကြည့်ခိုင်းပဲ ရှင်းပြလို့မရပါဘူး။ စားကြည့်မှ သိနိုင်သလိုပါပဲ။ အချစ်ဆိုတာ ကိုယ်တိုင်ချစ်ကြည့်မှ သိနိုင်မှာပါ။ ကဲ…… သိချင်ရင်တော့ စမ်းသာကြည့်လိုက်ပါဗျာ။

ကဲ ထုံးစံအတိုင်းပဲကောင်းပါတယ်။ ဖောက်သည်ကြီး မဆုမွန် နဲ့ ခေါင်ခေါင် ကတော့ရေးပြီးသား။ အိမ် ရေ့ လုပ်စမ်းပါဦး ရွာစားရေ့ အချစ်လွမ်ချင်းလေးဗျိုး…………..။