ကျမ နှင့် ဆေးကျောင်းသားလေး

သူက မနက်တိုင်း ကျောင်းမသွားခင် လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ လာထိုင်နေကြ။ ကျမကလည်း အဲဒီ့အချိန်ဆို ဆိုင်လေးရဲ့ထောင့်တစ်နေရာကနေ စောင့်ကြည့်ရတာအမော။ သူက သူ့သူငယ်ချင်းတွေ ကြားထဲမှာ တော်တော်အရာရောက်တယ်လေ။ သူ့တို့ဝိုင်းမှာဆို သူ့စကားတွေက လွှမ်းလို့ပေါ့။ မန်ယူနဲ့ အာဆင်နယ် ဘယ်သူနိုင်မယ်ငြင်းမလား။ ကားဈေးတွေ ဘယ်လိုဖြစ်နေတယ် ပြောမလား။ DotA ဟီးရိုးတွေ ဘယ်လို ကစားတယ်ဆိုတာပဲ အကြံတောင်းမလား၊ အာကာသတွေ သိပ္ပံတွေအကြောင်း ဆွေးနွေးမလား။ အို...နောက်ဆုံး ကျောင်းစာပဲမေးဦးမလား။ သူက ဂရုတစိုက် ဆွေးနွေး၊ ရှင်းပြ၊ တိုင်ပင် ပေးတတ်တာက သူ့အကျင့်။ ရုပ်ကလေးကလည်းရှိ၊ အပြောလေးကလည်းကောင်းတဲ့ အပြင် မိဘအသိုင်းအ၀ိုင်းကလည်း တောင့်တောင့်တင်းတင်းထဲကဆိုတော့ ရွှေပေါ်မြတင် လို့ပဲပြောရမလားပဲ။

ဒီလို ဆေးကျောင်းသားလေးတစ်ယောက်ကို စွဲလမ်းမိတာက ကျမလို ရုပ်ဆိုးဆိုးနဲ့ ဘယ်သူမှ အဖတ်မလုပ်တဲ့ ဘာမဟုတ်တဲ့ အညတရလေးကပေါ့။ မနက် ကျောင်းမသွားခင်တစ်ခါ၊ ညနေကျောင်းဆင်းလို့ ထမင်းစားသောက် ရေမိုးချိုပြီးရင်တစ်ခါ ပုံမှန်ရောက်ရောက်လာတဲ့ သူ့ကို လက်ဘက်ရည်ဆိုင်ရဲ့ ထောင့်လေးတစ်နေရာကနေ စောင့်စောင့်ကြည့်ရတာ တာဝန်ကြီးတစ်ရပ်။ မျက်နှာလေးက ဝင်းဝင်းဝါ၊ နှာတံလေးကစင်း၊ မျက်ခုံးလေးက ကောင်းတဲ့အပြင်၊ နှုတ်ခမ်းလေးက တန်းလို့ ပါးပါးလေး။ နောက်ပြီး တခါတလေများမှ မျက်နှာပေါ်မှာ ဝက်ခြံတို့ ဘာတို့မတွေ့ဖူး။ လက်မောင်းက ပြည့်ပြည့်ဖြိုးဖြိုး၊ အရပ်က ၅ ပေ ၁၀လောက် သူ့လိုလူကို စွဲလမ်းမိတဲ့ကျမက တန်ရာတန်ရာ မမှန်းလို့များ ပြောကြလေမလား။ ဒါပေမယ့် ကျမက အဝေးကနေကြည့်နေရုံနဲ့ ကျေနပ်နေရတဲ့ဘဝမို့ အပြစ်တော့ မမြင်ကြပါနဲ့။ သူ့အနားတောင် မကပ်ဝံ့တဲ့ ဘဝမို့ နေ့တစ်ခါ ညတစ်ခေါက် အဝေးကကြည့်နေရုံနဲ့ ဖြေသိမ့်နေရတဲ့ ဘဝပါလေ။

ဒါပေမယ့် တခါတခါ သူအကြည့်က ကျမဘက် ရောက်လာရင်ပဲ ဖြစ်ဖြစ် တစ်ခုခုများ တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် သူပြောတတ်တဲ့ စကားလေးတစ်ခွန်းက “ငါ့ဟာလေးနော် မင်းတို့ မထိကြနဲ့” တဲ့လေ ။ ပျော်စေပျက်စေ နောက်ပြောင်လို့ပဲ ဖြစ်ဖြစ်၊ တခြားသဘောတစ်ခုနဲ့ပဲ ပြောပြော၊ ကျမရင်ထဲ စိမ့်ပြီး ကြည်နူးနေရတာ သူသိစေချင်လိုက်တာ။ တချို့ရက်တွေဆို စားပွဲထိုးလေးကိုတောင် ပြောသွားသေးတယ်။ “ငါ့ဟာလေးကို စောင့်ရှောက်ထားနော်”တဲ့။ သူဟာကျမရဲ့စိတ်ကို လုံးဝကြီးလွှမ်းမိုးချုပ်ကိုင် ထားတယ်လေ။ ကျမအသည်းကိုခွဲလို့ လိုချင်တယ်ဆိုလဲ ပေးဖို့ အဆင်သင့်ပါ။
ဒီအချိန်မှာ ကျမရွတ်မိတာက ဘလော့ဂါတစ်ယောက် ရေးခဲ့ဖူးတဲ့ သခင် ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့။

တစ်နေ့ သူကျောင်းမသွားခင် ပုံမှန်အတိုင်း လက်ဘက်ရည်ဆိုင်ထိုင် ညက ချံပီယံလိဒ်အကြောင်း၊ ဒီနေ့ ပရယ်ဒီကယ်ရှိကြောင်း ဘာညာပြောဆိုပြီး စားပွဲထိုးကို ပိုက်ဆံရှင်းပြီးတော့ ကျမရှိရာ ထောင့်လေးကို လျှောက်လာပါတယ်။ တဖြည်းဖြည်း ကျမနားရောက်လာပြီ။ ဘေးဘေးဘီဘီကြည့်လိုက်တော့ ကျမနားမှာ ဘယ်သူမှမရှိ။ ကျမရင်တွေများ တဒိန်းဒိန်းနဲ့။ သူကလည်းတည့်တည့်ကို လာနေတာ။ အနားရောက်တော့ ကျမကို ဘာမပြောညာမပြောနဲ့ ကောက်ကာငင်ကာ ခေါ်သွားတယ်လေ။ ကျမလည်း ဆန့်ငင်ဆန့်ငင်နဲ့ သူ့နောက်ပါသွားတာပေါ့။ သူသွားရာ တကောက်ကောက် ပါသွားလိုက်တာ သူ့ကျောင်းရောက်လို့ ပရယ်တီကယ်လ်အခန်းထဲ အထိပဲလေ။

ကျမလည်း သူဘာလုပ်မလဲ ကြည့်နေရင်းကနေ ကျမကို စားပွဲပေါ်က ဖယောင်းလင်ဗန်းလေးမှာတင်၊ ကျမလက်နှစ်ဘက်နဲ့ ခြေနှစ်ဘက်ကို ကားပြီး သံမှိုနဲ့ဖိပြီး တွဲလိုက်ပါတယ်။ လက်ဖဝါးနဲ့ခြေဖဝါးက တစစ်စစ်နာကျင်နေတဲ့ ဝေဒနာတွေကြားထဲက ကျမကြည့်လိုက်တော့ သူကိုင်ထားတဲ့ ခွဲစိတ်ဓားလေးက ကျမအရှိုက်ပေါ်ရောက်နေပြီလေ……………………….။


မှတ်ချက် ။ ။ ဓာတ်ပုံလေးက http://2.bp.blogspot.com/ ကပါ။

မင်းတို့မသိတဲ့ ငါ့အကြောင်း

မင်းတို့ပြောတဲ့ လှပတယ်ဆိုတဲ့ အဆင်းတစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ ခန့်ညားတယ်ဆိုတဲ့ အရာတစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ တောက်ပတယ်ဆိုတဲ့ အမွှေးအတောင်တစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ တော်ဝင်စာရင်းထဲ ငါမပါဘူး

ဇီဝဇိုးလိုလည်း ဆေးဖြစ်စေမယ့် အသိုက် မဆောက်တတ်သလို
လင်းနို့လိုလည်း မြေသြဇာဖြစ်စေမယ့် မစင် မစွန့်တတ်ဘူး
ကြက်တွေလိုလည်း အိပ်ယာ မနှိုးပေးတတ်သလို
ဘဲတွေလိုလည်း ဥဥမပေးတတ်ဘူး

ရေကူးတတ်တဲ့ ပင်ဂွင်းငှက်လည်း မဟုတ်ဘူး
အပြေးသန်တဲ့ ငှက်ကုလားအုတ်လည်း မဟုတ်ဘူး
သူများ သားငယ်သမီးငယ်ကို ချီတဲ့ သိမ်းငှက်လည်း မဟုတ်ဘူး
သူများ လှန်းထားငါးခြောက် ခိုးစားတဲ့ ကျီးကန်းလည်း မဟုတ်ဘူး

လူတွေကပြောတယ်
ငါဟာ ရုပ်ဆိုးတယ်
ငါဟာ ဗီလိန်
ငါဟာ ငှက်ဆိုး
ငါဟာ ကျက်သရေမရှိတဲ့ငှက်
ငါဟာ အသားစားငှက်
ထားလိုက်ပါတော့ မင်းတို့သတ်မှတ်ချင်သလို သတ်မှတ်
တစ်ခုတော့ပြောလိုက်မယ် သက်သက်လွတ်မစားပေမယ့်
သူများအသက်ကိုမသတ် သူများပစ္စည်းမခိုး
ငါးပါးသီလလုံပါတယ်လို့ ပြောရင်ယုံမလား???
တော်ဝင်ငှက်ထဲမပါပေမယ့်
စေတီပေါ်က ငှက်မြတ်နားတော်မှာ
နားခိုခွင့်ရတဲ့ ၅ကောင်တည်းသောငှက်ထဲက
ဠင်းတ........။

ဗီလိန်

ဠင်းတအကြောင်းကို ဒီလင့်ခ် မှာဖတ်ကြည့်လို့ရပါတယ်။



ဓာတ်ပုံလေးကို www.haryana-online.com/ ကနေကူးယူပြသပါတယ်။ ဖော်ပြထာတာက ခေါင်းနီဠင်းတ (Red-Headed Vulture) အမျိုးအစားပါ။

အတွင်းရေးမှူး (၂) ၏ တင်ပြချက်

ရူးပေါဂိုဏ်း ထဲ ဘယ်လိုဘယ်လို ဝင်မိသွားသလဲ မသိပါဘူး။ လက်ကလိရင်း ကော်မန့်ပေးရင်းကနေ အတွင်းရေးမှူး (၂) ရယ်လို့ ဖြစ်လာရတာပဲ။ ဒါကြောင့် လူကြီးတွေက ပြောတာ။ “ကြမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့မရဘူး” တဲ့။ တကယ်တော့ ပေါတယ်ဆိုတဲ့ အကြောင်းကိုပြောရရင် မြန်မာ့ အပေါလောကရဲ့ ဖခင်ကြီးတစ်ဆူ ဖြစ်တဲ့ သမိန်ပေါသွပ်က မပါလို့မရပါဘူး။ အခုတော့ မရှိရှာတော့ပါဘူး။ သူ့ရဲ့ဆုံးမစကားလေး တစ်ခွန်းရှိပါတယ်။ “ရယ်သောသူ အာပြဲ၏ ပေါသောသူ အသက်ရှည်၏” တဲ့လေ။ တကယ်တမ်းပေါကြေးဟေ့ ဆိုတော့လည်း “အပေါတစ်ယောက် လုပ်ရတာမလွယ်ပါလားလို့ သိလိုက်ရတဲ့ အချိန်ရောက်တော့ ကျနော်ဟာ ရူးပေါဂိုဏ်းထဲ ရောက်ရှိနေခဲ့ပြီလေ…………..” ကိုငှက်ကြီးရဲ့ အသံနဲ့ပေါ့။ ပေါသမျှ ပျော်စေရ၊ ပျော်သမျှ ရယ်စေရမှာ အပေါတို့ရဲ့ မရှိမဖြစ် ဂုဏ်သတ္တိတစ်ခုပဲပေါ့။ အပေါတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် အပေါတွေရဲ့ ဂုဏ်သတ္တိ၊ စိတ်ဓာတ်နဲ့ စွမ်းအင်တွေကိုတော့ ထိန်းသိမ်းပေးကြပါ။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံရကြုံရ အပြုံးမပျက်ရယ်နေနိုင်ရမှာ တို့အပေါတွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းအင်လို့ ပြောကြရမှာပေါ့။ ဒန့်…တန့်…ဒလန့်…….(သမိန်ပေါသွပ် စတိုင်လ်)

တကယ်တမ်း ပေါမယ့်သာပေါရတာပါ။ ဗီဗီတို့က သူဌေးဗျ။ အိမ်မှာ အပေါဆုံးကငွေပဲ။ ငွေထက် ပေါတာတော့ရှိတယ်။ အဲဒါ ကျနော်ပဲ။ ဟီးဟီး။ ပြီးခဲ့တဲ့ လက ကျနော်ရတဲ့ လခအစွန်းထွက်လေးနဲ့ အမေ့အတွက် ဆိုပြီး စိန်တစ်ဆင်နဲ့ ဒေါ်လာ၅သောင်းပို့လိုက်တာ အမေက ၂ ပတ်လောက် စကားမပြောဘူး။ အိမ်ရှုပ်လို့တဲ့လေ။ မနည်းကြီးချော့ယူရတယ်။ နောက်ဆုံး နောက်မပို့တော့ပါဘူး ဆိုတဲ့ ကတိပေးလိုက်တော့မှ စကားပြန်ပြောတယ်။ နောက်ပို့ဖို့မပြောနဲ့ ပို့မယ်ဆိုတဲ့အသံကြားတာနဲ့တင် အိမ်ပြန်မလာနဲ့တော့ တဲ့လေ။ သားအဖြစ်က စွန့်လွှတ်မတဲ့။ အော်….မေမေရယ်။ ဒီလိုနဲ့ပဲ ကျနော်လည်း တစ်လတစ်လရတဲ့ငွေတွေ ဘာလုပ်ပစ်ရပါ့မလဲ စဉ်းစားနေတာ အခုတော့သုံးစရာတွေ့ပြီ။
သဘာပတိကြီး အတွက် တစ်လကို စင်္ကာပူက အိမ်တစ်လုံး၊
နာယကကြီး အတွက် တစ်လကို စိန်တစ်ဆင်
ဥက္ကဌကြီး အတွက် တစ်လကို ကားနှစ်စီး
စည်းရုံးရေးအမှုဆောင် အတွက်က တစ်လကို LOUIS VUITTON တစ်ဆင်စာ
အတွင်းရေးမှူး-၁ နှင့် အတွင်းရေးမှူး-၂ အတွက် တစ်လကို တစ်ခါ ချောပေ့ဆိုတဲ့ အတွင်းရေးမှူးမလေး ၄ယောက်စီ
အသင်းသားချုပ် အတွက် တစ်လကို ဟန်းဖုန်း ၃လုံး
အကြံပေးအရာရှိ အတွက် တစ်လကို ပါမစ် တစ်မျိုး
အဖွဲ့ဝင်တွေကိုလည်း တစ်လကို ဒေါ်လာ ၂၄၀၀၀ စီ ပေးပြီးသုံးဖို့ အဖွဲ့ကို တင်ပြချင်ပါတယ်။
အခါအားလျော်စွာ တိုးမြှင့်ပေးသွားဖို့လည်း ရှိပါတယ်။

နောက်တစ်ခုတင်ပြချင်တာက…
အပေါသဘောထား နဲ့ အပေါဦးတည်ချက် ၁၂-ရပ်ပါ။

အပေါသဘောထား မူကြမ်းကို အရင်ဆုံးတင်ပြပေးပါမယ်။ သဘာပတိကြီး ခင်ဗျာ။ အပေါသဘောထားများကတော့

လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက် ဖက်နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
ဖြစ်ပါတယ်။

အပေါ ဦးတည်ချက် ၁၂-ရပ် ကတော့

အပေါဂိုဏ်းသားများ များများပေါနိုင်ရေး၊ များများရူးနိုင်ရေး၊ ရူးပေါဂိုဏ်းကြီး အောင်မြင်ရေး
အပေါများ ပြန်လည်စည်းလုံးညီညွတ်ရေး
ခိုင်မာသည့် အပေါစည်းကမ်းများ ဖြစ်ပေါ်လာရေး
ဖြစ်ပေါ်လာသည့် အပေါစည်းကမ်းများနှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ရူးပေါဂိုဏ်းသစ်တည်ဆောက်ရေး

အပေါများကိုအခြေခံ၍ အခြားအရူးအပေါများကို ဘက်စုံပေါနိုင်အောင် ကူညီပေးရေး
ရူးခြင်း၊ပေါခြင်းစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး
ပြည်တွင်းပြည်ပမှ အပေါများဖိတ်ခေါ်၍ အပေါလောက ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး
ရူးပေါဂိုဏ်းကြီး တစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် ရူးပေါဂိုဏ်းနှင့် အရူး၊ အပေါများ၏ လက်ဝယ်တွင်ရှိရေး

အပေါအားလုံး၏ စိတ်ဓာတ်နှင့် အပေါအရည်အချင်း မြင့်မားရေး
အပေါဇာတိဂုဏ်မြင့်မားရေးနှင့် အပေါအမွေအနှစ်များ၊ အပေါလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
အပေါစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
အပေါအားလုံး ပေါနိုင်ရူးနိုင်ရေးနှင့် အပေါဉာဏ်မြင့်မားရေး

တို့ပဲဖြစ်ပါတယ်။ တင်ပြချက်များကို အဖွဲ့ချုပ်ကြီးမှ ဆုံးဖြတ်အတည်ပြုပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး (၂) ရူးပေါဂိုဏ်း

Hero (Final Fantasy X)

ကျနော် သိပ်ကြိုက်တဲ့ အဆိုတော် Enrique Iglesias ရဲ့
ကျနော် သိပ်ကြိုက်တဲ့ Hero သီချင်းကို
ကျနော် သိပ်ကြိုက်တဲ့ မင်းသား Tidus နဲ့ မင်းသမီး Yuna က သရုပ်ဆောင်ထားတာပါ။

ရင်ထဲကရွှေ

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

တချို့က သာယာ တချို့က မာယာနဲ့ပေါ့
တချို့က ရုန်းကန် တချို့ကလည်း အပြုံးပန်နေကြရော့ပေါ့
အင်ဂျင်နီယာ ဒေါက်တာကစလို့
မြေတူး ပန်ကန်ဆေး ဘဝပေးလည်းကြမ်းခဲ့ပါပြီ။
လက်ညောင်းအောင် ရုန်းရလို့လဲ ဇွဲမလျှော့နဲ့
တိုက်ပြောင်းအောင် အဆင်ပြေလဲ ဘဝမမေ့နဲ့
နေစရာမရှိလို့လည်း အားမငယ်နဲ့
ပီအာရ်ရလို့လဲ မာန်မတက်နဲ့
သူ့နိုင်ငံကို ကျေးဇူးတင်ရင်တောင်
ကိုယ်တိုင်းပြည်ကိုတော့ ကျေးဇူးမမေ့ပါနဲ့
တောင်းပန်ချင်ပါတယ်
အတန်းမတက်ခင်
ရွတ်ခဲ့တဲ့ ကမ္ဘာမကြေကိုတော့
တန်ဖိုးထားပေးပါ
သေချာတယ် မင်းဟာ မြန်မာ

မြန်မာမှန်းမသိအောင် ဝတ်လို့ရမယ်
မြန်မာမှန်းမသိအောင် နေလို့ရမယ်
မင်းတို့အတွက် ငါ့ရင်နာတယ်
ငါ့ဘယ်ဘက်ရင်အုံကို
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဗီလိန်

ငုပ်လျှိုးမိခြင်း

ဒီတနင်္လာ ဒေပါဝါလီ
ရုံးပိတ်သည်မို့ သုံးရက်ထပ်သွား
ပိတ်ရက်များလို့ လည်လည်သွားမည်
ကေအယ်လ်ဆီသို့ တို့ဘလော့ဂါ
မိတ်သဟာပေါင်း တောင်းပန်ချင်သည်
တင်မပေးဖြစ် ပို့စ်အသစ်မို့
တို့ကာလေပြောင်း အဟောင်းလေးပဲ
ဖတ်ထားနှင့်လော့။

လမ်းသွားရင်းရေး မလေးကဗျာ
အရေးသာမှ တင်ပြပေးမည်
ကျေးဇူးတင်သည်
မင်္ဂလာအပေါင်း ခညောင်းရှိစေ
ကိုဗီလိန်မှ နှုတ်ခွန်းဆက်သ
ပြောသွားပါသည်။
ကေအယ်လ်ပြန်အလာ တနင်္လာမှ
တွေ့ကြမည် အားလုံးထာဝရပျော်စေသော်…….။

ဗီလိန်



ဓာတ်ပုံကို www.leicesterkarateclub.co.uk မှ ယူပြီးတင်ပြပါတယ်။

ချစ်စရာ တီတီတာတာ သတ္တဝါလေးများ

ကျနော်သိပ်ချစ်တဲ့ သတ္တဝါလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ :) တွန့်လိမ်တွန့်လိမ်နဲ့ သူတို့ခန္ဒာပေါ်က အကွက်လေးတွေက တကယ်ကို အနုပညာဆန်သဗျ။

ဒေါသကြီးတယ်နော်။ ငါပေါက်လိုက်ရ။ (မြွေဟောက်)ကျုပ်က အစားကြီးတယ်ဗျ။ ဒီလိုမျိုး အားရပါးရစားလိုက်ရမှ။ (စပါးအုံး၊ စပါးကြီး)စားလို့ဝပြီ။ အိပ်တော့မယ်။ ဝှါး.....ပျင်းလိုက်တာ ဘာလုပ်ရင်ကောင်းမလဲ။ (မြွေစိမ်း Green Sanke)အညောင်းပြေ အညာပြေ လမ်းထွက်လျှောက်ဦးမယ်။ (မြက်မြွေ Grass Snake)ကျမနာမည် ပြောင်းခင်းသကြားလုံး (Candy Corn Snake)ကျမက ပြောင်းခင်းသကြားလုံးရဲ့ညီမ။ ပြောင်းခင်းနှင်း (Snow Corn Snake)ကျနော်က သူတို့ရဲ့ အစ်ကို ကိုပြောင်းခင်း (Corn Snake)ကျုပ်က သူတော်ကောင်းလေးပါ။ (မြွေသူတော်၊ ငန်းတော်ကြား Coral Snake)ရန်လာမစနဲ့နော်။ ခွီး.....(ဝါဂွမ်းပါးစပ် Cottonmouth Snake)ဘာကြည့်တာလဲ။ ဟွန်း။ (Stuffed Corn Snake) တို့က ဘုရင်မ (Queen Snake)ခေါင်းကြီးကိုယ်သေး Chunk Headed လေး ဆိုတာကျုပ်ဗျ။ (Chunk Headed Snake)ထဆင်ထူးဆိုတာ ဒီလိုရေးရတယ်ဗျ။ (မြွေညို Brown Snake)ခြေအိတ်စွပ်ထားတာမဟုတ်ပါဘူး။ ဒါကမွေးရာပါ။ (ခြေစွပ်မြွေ Garter Snake)တို့လင်မယားတွေ ချစ်ချစ်ခင်ခင်ပေါ့။ (Storeria RedBelly Sankes)ငါတို့လည်း ချစ်ကြပါတယ်ကွ။ (Serpentarium Monteverde Tour Snake)ဒါလေးက ကိန္နရီ ကိန္နရာ အက (အနောက်တိုင်း ကြာပွတ်မြွေ Western Whip Snakes)တို့တွေကတော့ တူတူအိပ်နေပြီ။
ကျုပ်တို့တတွေလည်း အလှကိုယ်စီနဲ့ပါဗျာ။


ဓာတ်ပုံတွေအကုန် Google ကနေရှာပြီး တင်ပြလိုက်တာပါ။

ဗီလိန် နဲ့ ဘလော့လောက

ကျနော် ဘလော့ ဆိုတဲ့လောကလေးတည်းမှာ မျက်စိသူငယ် နားသူငယ်လေးနဲ့ စာတွေလျှောက်ရေးပါတယ်။ မနက်ဖြန်ဆို ၂လပြည့်ပါပြီ။

လာရောက်အားပေးကြတဲ့ သူတွေထဲက ညီလေးတစ်ယောက်ရှိပါတယ်။ ညီလေးဆိုပေမယ့် ညီအရင်းလဲမဟုတ်ဘူး။ သွေးသောက်ရအောင်ကလည်း သွေးကမဖောက်ရဲ။ ဘယ်လိုပြောရမလဲဗျာ။ တစ်နေ့ တစ်ရက် တစ်နေရာထဲမှာ မမွေးပေမယ့် တစ်နေ့ တစ်ရက် တစ်နေရာထဲမှာ တူတူသေဖို့လည်း ကတိပြုမထားတဲ့ ဘလော့ ညီလေးပေါ့။ တူတာလေးတွေတော့ရှိတယ်။ အခုလောလောဆယ် တစ်မြို့တည်း၊ တစ်နိုင်ငံတည်း နေကြတာပေါ့။
သူနဲ့ ပတ်သတ်လို့ ကျနော် သတိထားမိတာလေးတွေက ဟပ်ဟော့ပရိတ်သတ်၊ မန်ယူပရိတ်သတ်၊ မန်ယူကြောင့်လည်း အလှူတွေ အများကြီးလုပ်ထားတဲ့ သူတစ်ယောက် (ဟဲဟဲ စိတ်ဆိုးနဲ့)၊ အရူးကြောက်တဲ့သူ (ဟိဟိ သူ့ဟာသူပြောတာ)၊ နောက်ဆုံးတစ်ခုက ရေကန်ဘေးမှာထိုင်ပြီး အနီရောင်ပန်းလေးတွေ ပွင့်နေ၊ ကြွေနေတဲ့ သစ်ပင်အောက်မှာ တစ်ယောက်တည်း ကဗျာတွေ၊ စာတွေရေးနေတဲ့သူ တစ်ယောက်။
ကျနော်ကသူ့ရဲ့ ၄ယောက်တည်းသော ဘလော့သူငယ်ချင်းစာရင်းထဲက တစ်ယောက်ပေါ့။ ဒါလေးက သူနဲ့ ကျနော်ရဲ့ကြားက အမှတ်တရလေးလေ။ အမှတ်တရစကား ထွေထွေထူးထူးတော့ မရှိဘူးဗျ။ ဒါပေမယ့် သီချင်တော့လာဆိုဖူးတယ်။ “ဗီလိန်....အိုး ဟိုး.....ဗီလိန်..... နင်ဟာဗီလိန် ဒီအချိန်ထိ...” အဲဒါလေး ဆီဗုံးမှာ လာဆိုသွားတယ်။ ရှက်လည်းရှက်ဘူး အဟိ။ သူနာမည်က ချမ်းရဲ တဲ့ဗျ။

သူသာ ကျနော့ချစ်သူဖြစ်ရင် အာဘွားပေးမှာ။ “ချမ်းရဲရေ့…. အာဘွား……………….”ကျနော့ ချစ်သူဖြစ်လို့ကတော့ ယိုးဒယားအရင်သွား။ ဒါပဲ။
တကယ်လို့ ချစ်သူမဖြစ်ပဲ ရန်သူဖြစ်လို့ကတော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ။ ပြေးမှာလို့ပြောတာပါ။ ဖိနပ်ကျန် ဖိနပ်ထားခဲ့။ ဘောင်းဘီကျွတ်ရင် ဘောင်းဘီထားခဲ့ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲ။ ဟဲဟဲဟဲ။ ရန်သူဖြစ်မယ်ဆိုတာ ကျနော်သူကို မဟုတ်တာသွားလုပ်လို့ပဲနေမှာ။ သူကတော့ မလုပ်လောက်ပါဘူး။ ဟုတ်တယ်မလား။ :)
သူ့ကို ကျနော်လုပ်ပေးချင်တာလေး တစ်ခုရှိတယ်ဗျ။ အဲဒါက အိမ်ကမိန်းမနဲ့ ကလေးနှစ်ယောက်ကို ပါဆယ်ထုပ်ပြီး လက်ဆောင်အဖြစ်ပေးချင်တာ။ ယူမယ်မလားဟင်။ ခွိခွိခွိ။
သူ့အကြောင်းပြောတာတော့ တော်တော်စုံသွားပြီ။ အားလုံးကို ခြုံငုံဝေဖန်သုံးသပ်ရရင်တော့ဖြင့် ဘဝတကွေ့ ဘလော့တကွေ့မှာ ဆုံခဲ့ရတဲ့ ချမ်းချမ်းရဲရဲ ကိုချမ်းရဲပေါ့ဗျာ။

သူ့အကြောင်းပြီးတော့ ကျနော့ အကြောင်း။ ဟဲဟဲဟဲ။ ကျနော့ ဘေးကသူတွေက ကျနော့ကို မုန်းကြတာပေါ့ဗျာ။ ဗီလိန် ပါဆိုမှ။ ကျနော်ကတော့ မုန်းလေကြိုက်လေပဲ။ တကယ်တော့ အမုန်းဆိုတာ အချစ်ဓာတ်ခံပါလို့ဗျ။ (ဆရာတော် ဥုးသုမင်္ဂလ ပြောတာ။) ဟုတ်တယ်လေ။ မသိတဲ့လူတစ်ယောက်ကို ဘယ်သူကမုန်းပါ့မလဲ။ သိလို့ သံယောဇဉ်တစ်ခုခုရှိရာကနေ အကြောင်းတစ်ခုခုကြောင့်မုန်းတာ။ ကျနော်ကတော့ မုန်းမှ အဓိပ္ပာယ်ရှိမယ့် ဗီလိန်ဆိုတော့ မုန်းကြဗျာ။ မုန်းလေကြိုက်လေပဲ။ ငွှင်း ငွှင်း ငွှင်း။ (ဗိုလ်အောင်ဒင် အသံနဲ့ရီတာ။)
အဲလို ဗီလိန်ကျရတာကိုက ကျနော်အကြိုက်ဆုံး ကာရိုက်တာပဲ။ ကျနော်ကိုယ်ကျနော် အမုန်းဆုံးကာရိုက်တာကတော့ ပြောပြဘူး အဲဒါကကျနော့ အားနည်းချက်။ ပြောပြလို့ဖြစ်ဘူး။ :)
ကျနော်အဖြစ်ချင်ဆုံး လူစားမျိုးက အမေ့ရဲ့သားလိမ္မာ၊ အဖေ့ရဲ့သားလိမ္မာ၊ မိန်းမရဲ့ယောက်ျားလိမ္မာ၊ ညီအစ်ကိုတွေရဲ့ ညီအစ်ကိုအလိမ္မာ၊ သားသမီးတွေရဲ့ အဖေလိမ္မာ၊ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းလိမ္မာလေးပေါ့။
ဗီလိန့် ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်ကြီးကို ဗီလိန် အပြောချင်ဆုံး စကားတစ်ခွန်းက “အိမ်သာမှန်မှန်တက်ပါလို့”။ :) ဟုတ်တယ်လေ။ အဲဒါမမှန်ရင် နေမကောင်းဖြစ်မှာပေါ။ ဟုတ်ဘူးလား။ နောက်တာပါ။ ကျနော်ပြောချင်တာကို အတွင်းရေးများဖော်ထုတ်ခြင်း မှာပြောခဲ့ပြီးပြီ။ သိချင်ပြန်လှန်ကြပေါ့ဗျာ။ ငှဲငှဲငှဲ။ ကြုံတုန်း ပို့စ်ကြော်ငြာဝင်တာ။

ကဲ… ကျနော်အခုပြောခဲ့တာလေးတွေကို ဘလော့မိတ်ဆွေ ၁၀ယောက်ကို ဝေမျှပြီးပြောခိုင်းပါတော့မယ်။ ပြောနိုင်(ရေးနိုင်) မှလုပ်ကြပါဗျာ။ မရေးလဲ ကိစ္စမရှိဘူးနော်။ ရေးပြီးသားလူတွေဆိုရင် ထပ်မရေးနဲ့တော့ပေါ့ဗျာ (သံလွင်ဟီးရိုး မပါ)။ :D အားနာလို့ပါ။ ဟောဒီက ၁၀ယောက်ပါဗျိုး။
၁) အိပ်မက်လေး Dream
၂) နာရီသုံးလုံးနဲ့ ခေါင်ခေါင်
၃) သံလွင်Hero (ခေါ်) ကိုသံလွင် (ခေါ်) ကိုဟီးရိုး (ခေါ်) ဘာညာသရကာ
၎) တို့မမကြီး မရွှေပြည်သူ
၅) စိတ်ဖြေရာ ရေးတဲ့ မေ
၆) ပြတင်းပေါက်လေး တစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့ ကိုလင်းဒီပ
၇) ကျနော့ကို TAG တဲ့ ကိုချမ်းရဲ
၈) တဲမဟုတ်၊ တိုက်မဟုတ် အိမ်
၉) လက်ဘက်သုပ် ကျွေးတဲ့ ကိုရွာသားလေး
၁၀) ငါ့တိုင်းပြည်လေးထဲ က မဆုမွန်
ကျန်တာလေးတွေကိုတော့ မေးခွန်းပုံစံနဲ့ပဲ ၁၀၀ အပြည့်ရအောင်ဖြေပါတော့မယ်။ ဟိဟိ။

၁၇။ မေး။ ။ ၇ ယောက်မြောက်လူက အကိုနဲ့ ဘယ်လိုပတ်သက်လဲ ? (ချမ်းရဲ)
ဖြေ။ ။ ကျုပ်ကို တဂ်တဲ့သူပေါ့ဗျာ။

၁၈။ မေး။ ။ ၉ ယောက်မြောက်က ယောက်ျားလား မိန်းမလား? (ကိုရွာသားလေး)
ဖြေ။ ။ ယောက်ျားပါခင်ဗျ။

၁၉။ မေး။ ။ နံပါတ် ၆ နဲ့ ၉ ယောက်မြောက် လူနှစ်ယောက်က အတူတကွရှိနေမယ်ဆိုရင် ကောင်းပါသလား? (ကိုလင်းဒီပ နဲ့ ကိုရွာသားလေး)
ဖြေ။ ။ တစ်ခန်းတည်းသား ပဲဟာ။

၂၀။ မေး။ ။ ၂ ယောက်မြောက်လူက ဘာတွေသင်ကြားနေပါသလဲ? (ခေါင်ခေါင်)
ဖြေ။ ။ ဟိုတယ်တွေအကြောင်း ထင်တာပဲ။

၂၁။ မေး။ ။ ၃ နဲ့ နောက်ဆုံးစကားစမြည်ပြောခဲ့တဲ့ အချိန်လေးပြောပြပါလား? (သံလွင်Hero)
ဖြေ။ ။ အခုလေးတင်။

၂၂။ မေး။ ။ နံပါတ် ၈ ကြိုက်တဲ့ အဆိုတော် နာမည်.....? (အိမ်)
ဖြေ။ ။ တွံတေးသိန်းတန်

၂၃။ မေး။ ။ နံပါတ် ၁ မှာ ညီအကိုမောင်နှမတွေရှိလား? (Dream)
ဖြေ။ ။ သိဘူး။ သူ့မေးကြည့်ပေါ့ ဒွင်းဒွင်းရေ့ ဖြေပေးလိုက်ပါဦး။

၂၄။ မေး။ ။ နံပါတ် ၃ ရဲ့ အချစ်ကိုရယူကြိုးစားဖို့ အစီအစဉ်ရှိပါသလား? (သံလွင်Hero)
ဖြေ။ ။ အင်း… အစီအစဉ်ရှိတယ်။ လောလောဆယ်တော့ မဟုတ်သေးဘူး။ ယိုးဒယားကပြန်လာမှ။

၂၅။ မေး။ ။ ၇ ယောက်မြောက်ကိုရော...? (ချမ်းရဲ)
ဖြေ။ ။ တူတူပဲ။

၂၆။ မေး။ ။ ၄ ယောက်မြောက်ကရော လူလွတ်ပဲလား? (မရွှေပြည်သူ)
ဖြေ။ ။ ဟုတ်တယ်။ အပျိုကြီးမမလေ။ :)

၂၇။ မေး။ ။ နံပါတ် ၅ ရဲ့ နာမည်အရင်းကိုသိပါသလား? (မေ)
ဖြေ။ ။ မေသဇင်တဲ့။ (မြသဇင်က လှည်းတန်းနဲ့ တာမွေက အပေါင်ဆိုင်နာမည်။ :) )

၂၈။ မေး။ ။ ၄ ယောက်မြောက်ရဲ့ ၀ါသနာကဘာပါလဲ? (မရွှေပြည်သူ)
ဖြေ။ ။ စာဖတ်ခြင်း၊ စာရေးခြင်း (Blog ရေးခြင်း)၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း။

၂၉။ မေး။ ။ ၅ နဲ့ ၆ ယောက်မြောက် နှစ်ယောက်ကြားအခြေအနေ...? (မေ နဲ့ ကိုလင်းဒီပ)
ဖြေ။ ။ ဟိုလိုလို၊ ဒီလိုလိုပဲ ညည ချက်နေတယ်လို့တော့ သတင်းကြားတာပဲ။ :) စိတ်ဆိုးကြေးနော်။

၃၀။ မေး။ ။ ၁ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာစာသင်ကြားနေပါလဲ? (Dream)
ဖြေ။ ။ ဘလော့တွေ အကြောင်း အွန်လိုင်းပေါ်မှာပေါ့။

၃၁။ မေး။ ။ ၆ ယောက်မြောက်သူငယ်ချင်းအကြောင်းလေး တောက်တိုမယ်ရပြောပြပါလား? (ကိုလင်းဒီပ)
ဖြေ။ ။ ဘယ်လိုပြောရမလဲပေါ့လေ။ တစ်နေ့တစ်နေ့ ပြတင်းပေါက်တွေ ထိုင်ရောင်း….. အဲ မဟုတ်ပါဘူး။ စင်္ကာပူကို သွားလာရေးအဆင်ပြေအောင် လုပ်ပေးနေတဲ့သူပေါ့။

၃၂။ မေး။ ။ နံပါတ် ၈ အပေါ်ခံစားချက် များများထားဖို့ ကြိုးစားခဲ့ဖူးလား? (အိမ်)
ဖြေ။ ။ ထားခဲ့ဖူးတာပေါ့ဗျာ။ သူညီမလေးက လှတယ်ဗျ။ အဟိဟိ။ ထပ်ပြောမယ် စိတ်မဆိုးကြေး။

၃၃။ မေး။ ။ ၉ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာနေတာတုန်း? (ကိုရွာသားလေး)
ဖြေ။ ။ ကျနော့အိမ်မှာလေ။

၃၄။ မေး။ ။ ၃ ယောက်မြောက်သူငယ်ချင်းက ဘာအရောင်ကြိုက်သလဲ? (သံလွင်Hero)
ဖြေ။ ။ သိဘူးဗျ။ ကျနော်လည်း မမေးဖူးဘူး။

၃၅။ မေး။ ။ ၅ နဲ့ ၆ နဲ့ က သူငယ်ချင်းကောင်းတွေပဲလား။ (မေ နဲ့ ကိုလင်းဒီပ)
ဖြေ။ ။ ဟုတ်ရင် ဟုတ်မှာပေါ့။ မပြောတတ်။

၃၆။ မေး။ ။ ၁ မှာ အိမ်မွေးတိရိစ္ဆာန်ရှိလား။ (Dream)
ဖြေ။ ။ ငါး ၇ ကောင်နဲ့ ပင်ဂွင်းအကြီး ၂ကောင်၊ အသေး ၄ကောင်။

၃၇။ မေး။ ။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား? (ခေါင်ခေါင်)
ဖြေ။ ။ ဟုတ်တယ် ဟုတ်တယ်။ လုံးဝဟုတ်တယ်။ :P

၃၈။ မေး။ ။ ၁၀ က ဘာတွေလုပ်နေတုန်း။ (မဆုမွန်)
ဖြေ။ ။ ကျောင်းတက်ရင်းနဲ့ သတင်းတွေရှာနေတယ် ထင်တာပဲ။

ကဲ တဂ် တော်မူထားတဲ့ ကိုချမ်းရဲ ရေ့ ကျေနပ်တော့ကွယ်။ ကျနော်တဂ်တဲ့သူတွေလည်း အားမှရေးကြပါဗျာ။ ရေးပေးရင်တော့ ကောင်းတာပေါ့။

အပေါ်မှာ မေးခွန်းမမေးပဲ ဖြေထားတဲ့ မေးခွန်းလေးတွေပြန် ရေးပေးလိုက်တယ်နော်။
၁။ ချမ်းရဲ (တဂ်ခံရတဲ့သူ) နဲ့ ဗီလိန် (တဂ်တဲ့သူ) တို့ ဘယ်လိုများ ဆက်ဆံပက်သက်လည်း မသိဘူးနော်??
၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက်(၅)ချက်လောက်ပြောပြပါလား?
၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား?
၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား?
၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ?
၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော...?
၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော...?
၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား?
၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ?
၁၁။ (တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော
ဘယ်လိုမြင်လဲ?
၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား?
၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic ကရော..?
၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ?
၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၁၀ယောက်ဆီရွေးပြီး ပို့ပေးပါ။ အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။

နိဒါန်းမရေးဖြစ်တဲ့ နိဂုံး

မနက်ဖြန်ကစပြီး ကျနော် လွတ်လပ်တော့မယ်။ ဒီအခန်းကျဉ်းလေးထဲမှာ နေရတာ အခုဆို ရက်ပေါင်း ၃၀၀ ပြည့်တော့မယ်။ လောကကြီးကို မျက်စိစုံမှိတ်ပြီး အားရပါးရကြီး အော်လိုက်ချင်ပြီ။ ခြေတွေ၊လက်တွေ အကုန်ဆန့်ထုတ်ပြီး အညောင်းဖြေလိုက်မယ်။ အရာရာရဲ့ ထူးဆန်းမှုတွေ၊ အံ့သြမှုတွေကို မနားတန်းလေ့လာမယ်။ ပတ်ဝန်းကျင်ထဲက မမြင်ဖူးတဲ့အရာတွေ၊ မစားဖူးတဲ့ အရာတွေကို အားရပါးရကြီးကို စားသုံးလိုက်ဦးမှာ။ ဟိုးအဝေးကြီးက ဖြတ်တိုက်လာတဲ့ လေကို တဝကြီးရှူရှိက်လို့ ဘ၀ကြီးကို ထူထောင်မယ်။ ကြိုးစားမယ်။ ကိုယ့်ကိုကိုယ်ရှာလို့မတွေ့နိုင်တဲ့ လူ့ဘ၀ကြီးမှာ ပျောက်ဆုံးရင်လည်း ပျောက်ဆုံးသွားပါစေ။ ရင်ဆိုင်မယ်။ စိန်ခေါ်မယ်။ ပျော်စရာတွေကို ဖန်တီးမယ်။ စိတ်ပျက်မှုတွေ ၀မ်းနည်းမှုတွေ မကျေနပ်မှုတွေကို အမြဲတမ်းအောင်မြင်သူတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်။ ဒါပေမယ့် ရချင်မှလည်းရလိမ့်မယ်။ မရလို့လဲ ဝမ်းမနည်းဘူး။ ဆက်ကြိုးစားမယ်။ ဒီလိုဒီလိုနဲ့ "ငါ"ဆိုတာကြီးရင်မှာပိုက်လို့ ရှင်သန်မယ်ဆိုပါတော့ဗျာ။

မနေ့က ပြောတဲ့ မနက်ဖြန်ဆိုတာကြီးကို ရောက်ပါပြီ။ စိတ်ကူးယဉ်ထားတာလေးတွေ ပုံဖော်ဖို့ ဒီနေ့ဆိုတာကနေစပါတော့မယ်။ အဖေ့မျက်နှာကိုကြည့်ရဖို့၊ အမေ့ရင်ခွင်ကို ခိုလုံဖို့ အသင့်ဆိုတဲ့ အနေအထားကို ရောက်လို့နေပြီလေ။ ညနေစောင်းသည့်တိုင် အခြေအနေက မထူးခြားသေး။ မိုးချုပ်သွားပြီ။ ကျနော့စိတ်က မရှည်ချင်တော့ဘူး။ မိုးကချုပ်သထက်ချုပ်လာပြီ။ ဆန္ဒတွေပြည့်နှက်နေလို့လား မသိ။ ဒီနေ့ပိုပြီး နေရထိုင်ရ ကျဉ်းကျပ်နေသလိုပဲ။ ကျနော်လည်းညောင်းတာနဲ့ ဟိုလှည့်ဒီလှည့် လုပ်လိုက်တော့ နံရံကိုကန်မိသွားတယ်။ အစတည်းက ပေါက်ချင်ချင်ဖြစ်နေတဲ့ နံရံကထောင်းကနဲ ပေါက်သွားပါလေရော။ ဘေးကအသံတချို့က ရေမွှာပေါက်နေပြီဟေ့တဲ့။

အမေ့ကို မွေးခန်းထဲခေါ်သွားကြပြီ။ ခေါင်းမာလှတဲ့ အမေက နေ့ကျော်မှမွေးလို့ ရေရွတ်နေလေရဲ့။ စနေနေ့ မမွေးချင်ဘူးတဲ့လေ။ ဆရာဝန်ကလည်း ဒါကို လက်ခံထားပုံရတယ်။ အချိန်က အခုမှ ၁၀နာရီတောင် မထိုးလောက်သေး။ တဖြည်းဖြည်းနဲ့ ရေမွန်းလာပြီး အသက်ရှူလည်း မဝချင်တော့ဘူး။ ကျနော် အားတင်းထားတယ်။ ခဏနေတော့ အမေ့ကို အောက်ဆီဂျင်ဘူး တပ်လိုက်ပုံရတယ်။ နည်းနည်းနေသာထိုင်သာ ရှိုသွားတယ်။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်။ ခဏပါပဲ။ ခဏကြာတော့ အောက်ဆီဂျင်ဘူးလည်း သိပ်ပြီး အသုံးမဝင်တော့ပါဘူး။ ဟုတ်ပါတယ်။ ကျနော် အလွန်ကို မွန်းကျပ်နေပြီလေ။ အခုချိန်ထိ ကျနော့ကို အပြင်ရောက်ဖို့ မကူညီကြသေးတာ အံ့သြမိတယ်။ တကယ်ဆို စနေပဲဖြစ်ဖြစ်၊ တနင်္ဂနွေပဲ ဖြစ်ဖြစ် လူဟာလူပါပဲဗျာ။ ကန့်သတ်ထားတဲ့ ခေတ်နောက်ပြန်ဆွဲ အူကြောင်ကြောင်အတွေးတွေနဲ့ ကျနော့မှာ ဒုက္ခရောက်လှပါပြီ။ ပညာတတ်တစ်ယောက်ပါလို့ ပြောကြတဲ့ ဆရာဝန်ကကော ဘာတွေများစောင့်နေပါလိမ့်။ သူကလုပ်ဆို မလုပ်လို့မရတဲ့ အချိန်မျိုးမှာ သူ့အမိန့်ကို စောင့်ရတာ သိပ်ကိုပင်ပန်းလှပါပြီ။

နာရီက ၁၁ ကျော်လောက်တော့ရှိရောပေါ့။ ကျနော်လည်း သတိမရတချက်ရတချက်ရယ်ပါ။ ဘာမှလည်းမသိတော့ဘူး။ သူတို့ လုပ်ချင်သလိုလုပ်ရတဲ့ ကိစ္စလေ။ ကျနော်က ကာယကံရှင်ဆိုပေမယ့် ဘာမျှမှ မတတ်နိုင်တာ။ စောင့်ရုံပေါ့။ ၁၁နာရီခွဲကာနီးတော့ သူတို့စတင်လှုပ်ရှားပြီ။ကျနော့အပေါ်ကို တစ်ခုခုက ဖိလိုက်သလိုခံစားလိုက်ရတယ်။ ဒါပေမယ့် ကျနော်ကတော့ သတိက ရဲ့ရဲ့လေးပဲရတော့တယ်။ မွန်းလွန်းလို့ လုံးဝအသက်ရှူလို့မရတော့။ ရုန်းထွက်ဖို့လည်း အင်အားကမရှိတော့။ အမေ့နှလုံးခုန်သံက အရမ်းကိုမြန်လာပြီ။ ကျနော်ကိုယ်တိုင်လည်း ဘာမှကို မသိသလောက်ဖြစ်နေပြီ။ သတိမရတချက်၊ရတချက်ကြားက သိလိုက်ရတာက ကျနော်အပြင်ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။ ကံဆိုးသလားတော့မသိ။ အမေ့ နှလုံးခုန်သံမကြားရတော့။ တဖြည်းဖြည်းလည်း အေးလာသလိုခံစားရတယ်။ ချက်ကြိုးကတဆင့်ရတဲ့ အောက်ဆီဂျင်ကလည်း တဖြည်းဖြည်းပျက်တောက်သွားပြီ။

ကျနော့ရဲ့ နောက်ဆုံးထွက်သက်လေး မတိုင်ခင် အသိတစ်ခု သိလိုက်ပါပြီ။ ကျနော်တကယ်ကို သိလိုက်ပြီ။ သိလိုက်ပေမယ့် သိပ်ကိုနောက်ကျသွားခဲ့ပြီ။ စနေ၊ တနင်္ဂနွေဆိုတဲ့ သတ်မှတ်ချက်တွေက လူတစ်ယောက်၊ ဒါမှမဟုတ် လူနှစ်ယောက်ရဲ့ အသက်ထက်ပိုတန်ဖိုးရှိတယ်ဆိုတာကိုပေါ့။

ဗလာ

ကောင်းကင်ထက်ဝယ်
ကြယ်တွေနဲ့လင်း
လမင်းအောက်မှာ
ကဗျာတွေရေး
ဂစ်တာလေးနဲ့
သံစဉ်တွေညည်း
တစ်ကိုယ်တည်းပဲ
ငေးနေမိတယ်
လမင်းလေးရယ်။
ရေးနေမိတာ အချစ်ကဗျာ
ညည်းနေမိတာ အဆွေးသံစဉ်
ဆိုနေမိတာ အလွမ်းသီချင်း
တကယ်တမ်းကျတော့
ငါ့မှာ……
ငေးစရာ ချစ်သူမရှိ
ဆွေးစရာ အလွမ်းမရှိ
တွေးစရာ အချစ်မရှိ
ဘာမှမရှိ ဗလာနတ္ထိ

ဗီလိန်

ဟိုတုန်းက ရေးခဲ့တဲ့ကဗျာလေးပါ။ ကဗျာတွေ စရေးကာစကပေါ့။

ဖုတ်ဖတ်ခါ

မနက်မိုး လင်းရင်ကြိတ်ကာ အိပ်ယာထ
လိမ့်မခွာ နှပ်ကာမထချင်ဘု
ရောက်မလာဖုန်းခေါ်နှိုးမယ့် သူတွေကြောင့်
တုန်းလေကာ ရုန်းကာထရတယ်
မျက်လုံးကမပွင့်သေး။

သွားဆေးတံ ထိုးကာငိုက်နေဆဲ
အိပ်ရေးရယ် အမှန်ပင်မဝနိုင်ဘု
ညအစဉ် ဘလော့ဂင်တတ်ပါတဲ့
အာခေါင်ကိုချော်ကို ထိုးတတ်တယ်
မောင်ဗီလိန် ထလို့အော်သေး။

နိုးပြန်သော် အိပ်ယာမလိပ်ပါပဲ
ပြေးကာလေ ဆီပုံးစစ်လေမှ
ရီပလိုင်းတွေ တိုက်ပ်ကာရေးကာနောက်
ကော်မန့်တွေ ဖတ်ကာပြုံးရတယ်
ဘလော့ဒုက္ခ မသေး။

မနက်စာ နေ့လည်ပေါင်းပါလို့
ပြေးကာလေ ဟင်းရံလုပ်နေတုန်း
ဘလော့လည် မေ့နေဟင်းအိုးမို့
တူးကာလေ ခါးသက်လှတယ်
စုံမှိတ်ကာ စားလိုက်လေဦး။

ဟင်းခွက်ကယ် ထမင်းရယ်စုံလေပါ့
ဖုတ်ဖတ်ခါ ကားဂိတ်ပြေးလေရဲ့
တော်သေးတယ် ကားဂိတ်နီးသမို့
ခါးပတ်ကယ်လမ်းမှာ ဝတ်ရတယ်
ဇစ်ပိတ်ဖို့မေ့သေး။ ။

ဗီလိန်

မပေးနဲ့

မပေးပါနဲ့ မလိုချင်ခဲ့ဘူး
လိုလဲ မလိုအပ်ဘူး
ငါ့ဘာသာ မနေနိုင်လို့ ပံ့ပိုးခဲ့တာပါ
ဒီလို ချည်နှောင်မှုအတွက်
ငါကူညီခဲ့တာမဟုတ်ဘူး
ကူညီသမျှသာ ကျေးဇူးလိုက်တင်နေရင်
ကျေးဇူးတင်သမျှသာ ကျေးဇူးလိုက်ဆပ်နေရရင်
ဘယ်တော့များမှ ဒီသံသရာလွတ်မှာလဲ
သူရှိနေရင် ဆပ်နေရဦးမယ်
သူရှိနေရင် ကန်းမိနေဦးမယ်
မချည်နှောင်ပါနဲ့
ငါစိုက်ပျိုးခဲ့တာ ခူးယူချင်လို့မဟုတ်သလို
ငါပျိုးထောင်ပေးတာ ပန်ချင်လို့မဟုတ်ဘူး
ကျေးဇူးဆိုတာကြီးနဲ့ မချုပ်ခြယ်ပါနဲ့
မင်းဘဝ မင်းသာယာတာ မြင်နေရရင်ကျေနပ်ပါပြီ
နောက်ဆုံးတခွန်းပြောလိုက်မယ်

“ကျေးဇူးတင်မယ်ဆို မကူညီနိုင်ဘူး။”

ဗီလိန်

အပ်ကိုင်တဲ့ လက်

မကြာခင် သူ့ကိုခေါ်သွားကြတော့မည်။ ဒီမျက်နှာလေးကို အကောင်းပကတိ အတိုင်းမြင်တွေ့ရဖို့က နောက်ဆုံးအကြိမ်။ ရင်ဘတ်ထဲမှာ တဆစ်ဆစ်နာနေဆဲ။ ငိုရလွန်းလို့ မျက်ရည်တွေလည်း မရှိသလောက်။ အဖေတို့ကဘေးမှာ လုပ်စရာရှိတာ လုပ်နေကြတယ်။ လာမကူလို့ဆိုပြီး ဘာမှမပြော။ ကျနော်ရင်ထဲက ခံစားချက်ကို အဖေကိုယ်တိုင်က နားလည်ပေလိမ့်မည်။ သူကိုယ်တိုင်လည်း ခံစားနေရမည်ကိုး။ ဟုတ်သည်။ ကိုယ်ညီမတစ်ယောက် ဆုံးပါးသွားသည်ကို ၀မ်းနည်း ကြေကွဲနေရမယ်ဆိုပေမယ့် အစ်ကိုကြီးတော့ အဖရာ လေ။ အဖေကပဲ ဦးဆောင်ရတာပေါ့။ ကျနော့ဘေးမှာက ကျနော့ကြီးတော်က တရှုံ့ရှုံ့။

အသက်မရှိတော့ဘူး ဆိုပေမယ့် နောက်ဆုံးချိန်မှာ သူကိုယ်တိုင်က ဘာမှန်းတောင်မသိလိုက်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဒီအခန်းထဲဝင်ပြီး ကောင်းကောင်းမွန်မွန် ပြန်ထွက်ခဲ့သည်မလား။ အခုတော့ ဝင်သွားပြီးကတည်းက သွေးပုလင်းတစ်လုံးပြီး တစ်လုံးပေးလိုက်ရတယ်။ ဘာမှမထူးခြား။ သူ့ဦးနှောက်မှ အတော်လေး ပွပြီး အမြစ်တွယ်နေပြီဖြစ်တဲ့ အကြိတ်စများက သူ့ကို ပြန်ပြီးသတိမရစေတော့။ လွန်ခဲ့တဲ့ နှစ်နှစ်က အကြိတ်မကြီးကို ဖယ်ထုတ်လိုက်လို့ ပျောက်ကင်းသွားတယ်ဆိုပေမယ့် အဲ့ဒီတုန်းက ဖယ်လိုက်ရင် ဦးနှောက်ကိုပါ ထိခိုက်သွားမှာ စိုးရတဲ့ အပိုင်းအနည်းငယ်ကို မဖယ်လိုက်ခဲ့။ ဤသည်ကပဲ ဒီနေ့ ဒီအခြေအနေ ရောက်လာခဲ့ပြီ။

အတွေးတွေက လွန်ခဲ့သော ၁၅နှစ်သို့..........
အဖေက ကျနော်သစ်ပင်ပေါ်တက်လို့ လိုက်ရိုက်သည်။ ဒေါ်လေးက ကျနော့ကိုဖမ်းကာ သူ့နောက်ကျောမှာ ကျနော့ကိုထား၍ အဖေ့ကို မရိုက်ဖို့ တောင်းပန်နေသည်။ အဖေက မရရအောင်လိုက်ရိုက်ရင်းက ဒေါ်လေးလက်ကို ထိကာ အရှိုးရာတွေထင်ကုန်ပြီ။ ကျနော့ကိုကား မထိခဲ့။
တခါ..... ဒုတိယတန်း ပထမဆုရတော့ အဖေ့ကို အကြိမ်ကြိမ်တောင်းတာ မရခဲ့တဲ့ Hand Game လေး။ အဖေက ဂိမ်းဆော့တာမကြိုက်လို့ ဝယ်မပေးခဲ့။ ဒါကို သိတဲ့ ဒေါ်လေးက ၀ယ်ပေးတဲ့အပြင် အိမ်မှာဆော့လို့မရမှန်းသိတော့ ကျောင်းဆင်းချိန်တွေဆို သူ့အိမ်မှာ ဆော့ခိုင်းတယ်လေ။ ကျောင်းပြန်ချိန်ဆို သူ့အိမ်မှာ ခေါ်ထားမယ့်အကြောင်း အဖေ့ကိုလည်းပြောထားတော့ အဆင်ပြေခဲ့တာပေါ့။

ဒီလိုနဲ့ ရွှေဆိုရွှေ ငွေဆိုငွေ ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်လေး။ သူရောဂါခံစားနေရချိန်မှာ သွေးပုလင်းတစ်လုံးကလွဲလို့ ဘာမှ အထောက်အကူ မပေးနိုင်ခဲ့။ ဆုမတောင်းတတ်တဲ့ ကျနော့အဖို့ ဆုတောင်းတိုင်းလည်း မပြည့်နိုင်ဘူး ဆိုတဲ့ အသိနဲ့ ဆုလည်း တောင်းမပေးခဲ့။ ဆရာဝန်ကြီး အခန်းထဲဝင်သွားချိန်မှ ထွက်လာချိန်အထိ စောင့်ကြည့်ရုံမှတပါး အခြားလုပ်စရာမရှိ။ ဒီရောဂါ အစပြုခဲ့သည်မှာက လွန်ခဲ့သည့် ၅နှစ်ကျော်၊ ခြောက်နှစ်ကတည်းက။ ရောဂါလက္ခဏာ ပြစကတည်းက အပျိုကြီးဖြစ်တဲ့ ဒေါ်လေးက ကျနော်ကို အဖော်အဖြစ် ဆေးခန်းခေါ်သွားနေကြ။ နာမည်ကြီးပါပေ့ဆိုတဲ့ နာမည်သုံးလုံးနဲ့ ရာထူးကြီးကြီး ဆရာဝန်မကြီးတစ်ယောက်ပေါ့။ တစ်နေ့ကို ၂နာရီနဲ့ လူနာ ၁၀၀ကျော် မရရအောင်ကြည့်တယ်လေ။ အခန်းထဲဝင်လို့ ဆေးစာအုပ်ကြည့်ပြီး ကျနော့ ဒေါ်လေးကို ဘာမှတောင်မမေးဘူး။ ဆေးစာရေးပေးပြီး ဆေးသောက်ခိုင်းတယ်။ ကျနော်လည်း ငယ်သေးတော့ မသိဘူးလေ။

ဒီလိုနဲ့ သူနဲ့ပြလာလိုက်တာ ၃နှစ်လောက်ကြာတော့ လက္ခဏာတွေပြတာ စိတ်လာတယ်။ နဂိုက ၆လတစ်ကြိမ်လောက် တက်တတ်တယ်။ အခု ၃လတစ်ကြိမ်၊ ၂လတစ်ကြိမ်။ နောက်ပိုင်း ခဏခဏ ဖြစ်လာတော့မှ ဆရာဝန်မကြီးကို ပြောလိုက်တော့ သူပြန်ပြောတဲ့စကားက။ "ဓာတ်မှန်ရိုက်ဖို့တတ်နိုင်လား" တဲ့။ ဘယ်လောက်ကျမလဲမေးတော့ ၃၀၀၀၀ ကျပ်တဲ့လေ။ ဒိတ်ဒိတ်ကျဲ ချမ်းသာမနေပေမယ့် အိမ်တပြောင် ကားတဆောင်နေနိုင်တဲ့ သူတွေပါ။ လူအထင်ကြီးအောင် ကြွားတတ်တဲ့ အကျင့်မရှိလို့ ရွှေတွေ စိန်တွေဝတ်မထားခဲ့မိ။ ဒါကပဲ လူအထင်သေးစရာလား။ ဒါအကျင့်ကပဲ သူ့ကို သတ်လိုက်လေသလား မသိ။ ဓာတ်မှန်အဖြေထွက်တော့ ဦးနှောက်ထဲက အကြိတ်က ကြက်ဥလုံးလောကဲ့လေ။ ထိုအချိန်မှစ၍ ဆရာဝန်ကြီး ဦးစောဆိုင်မွန်သာ ဖြင့်ပြောင်းပြပြီး ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ သဘောလည်းကောင်း၊ စေတနာလည်းပြည့်ဝ၊ အတွေ့အကြုံလည်း ရင့်ကျက်တဲ့ ဆရာဝန်ကြီးပါ။

စဉ်းစားကြည့်ကြပါဗျာ။ ၃နှစ်ဆိုတဲ့ အတိုင်းအတာက ကြက်ဥလုံးအဆင့်ရောက်မှ သိစရာလား။ ခဏခဏဆေးခန်းလာခိုင်းပြီး သူများငွေ လိမ်တောင်းနေတာ ပညာတတ်တဲ့လား။ လူတစ်ယောက်အသက်ရဲ့ တန်ဖိုးကို သူ့ရဲ့ အထင်သေးမှုနဲ့ တိုင်းတာသလား။ ရှိစေတော့ သူ့ကိုယုံကြည်ခဲ့မိတာကိုးက ကျနော်တို့အမှား တကယ်ဆို အစောကြီးကတည်းက တခြားဆရာဝန်တစ်ယောက်နဲ့ ထပ်ပြထားသင့်တာလေ။

ကျနော် စဉ်းစားမိတာတစ်ခုရှိတယ်။ ထောင်ထဲက လူသတ်သမားတစ်ယောက်က လူဘယ်နှစ်ယောက် သတ်ခဲ့သလဲ။ သူဘယ်လောက် သတ်နိုင်သလဲ။ အဲဒီအတွက် ထောင်ထဲမှာ ဘယ်နနှစ် အပြစ်ပေးခံရသလဲ။ အဲဒါလေးကို သိရင်ဖြေပေးကြပါဗျာ။ လောကကြီးက သိပ်မတရားသလိုပဲနော်။

အနမ်း

မင်းရဲ့..
နှုတ်ခမ်းပါးက ပျားရည်တစ်စက်..
သိပ်တပ်မက်ဖို့ကောင်းတယ်..
ချစ်သူ..
တွေ့တုန်းခဏ
သောက်သုံးပါရစေ....။

ဒါလည်း သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါပဲ။

စေရာ

မင်းကို..အနိုင်ယူဖို့ ရည်ရွယ်ခဲ့ရင်..
ချစ်တယ်ဆိုတဲ့စကား
ငါ...
ဘယ် ပြောထားပါ့မလဲ။
သွားစမ်းလို့စေရင်
မနေပါဘူး..
ကြွေစမ်းလို့စေရင်
မဝေပါဘူး..
မင်းအတွက်အလိုအပ်ဆုံးဟာ..
ငါ မဟုတ်တော့ဘူးဆိုရင်
ငါ့ အတွက်အလိုအပ်ဆုံးဟာ..
မင်း ကျေနပ်သွားဖို့ တစ်ခုတည်းပါ ချစ်သူ...။

သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ။

အပြောနဲ့အလုပ်နဲ့ မညီတဲ့ အဖေ (သို့) နှိုင်းယှဉ်ချက် (၃)

အပြော ။ ။ "နောက်ကျမယ်။ ဟုတ်လား။ ဒီလောက်တောင် စည်းကမ်းပျက်နေတဲ့ကောင် ပြန်မလာနဲ့ တံခါးလုံးဝဖွင့်မပေးဘူး။"
အလုပ် ။ ။ အိမ်ရှေ့တံခါးမကြီး သော့ခတ်ထားတယ်။ နောက်ဖေးတံခါးလော့ခ် ချမထားခဲ့။

အပြော ။ ။ "အမေကြီး အံဆွဲသော့ ငါ့ပေးထား ဒီရက်ထဲ ပိုက်ဆံတွေ လျော့လျော့နေတယ်။ ဟိုကောင် နှိုက်နှိုက်နေတာပဲဖြစ်မယ်။ ဒီကောင် ဒီလောက်သုံးနေရင် ပျက်စီးလိမ့်မယ်။"
အလုပ် ။ ။ နောက်ရက်တွေ ထမင်းစား စားပွဲခုံပေါ်မှာ၊ တီဗွီ ပေါ်မှာ ထောင်တန်တွေအထပ်လိုက် မေ့မေ့ကျန်ခဲ့တယ်။

အပြော ။ ။ "အရွယ်လေး ရောက်လာလို့ သောက်သောက်စားစားလေး လုပ်မယ်မကြံနဲ့။ အိမ်ပေါ်က ကန်ချမှာ။"
အလုပ် ။ ။ "အမေကြီး ဟိုကောင်ဒီနေ့သောက်လား သလား။ သွားသွားကြည့်လုပ်ပေးလိုက်ဦး။ မနက်ကျမှ ခေါင်းတွေကိုက်နေဦးမယ်။"

အပြော ။ ။ "မင်းက ဘယ်အရွယ်ရှိသေးလို့ ကားမောင်းချင်တာလဲ။ အခုမှ လိုင်စင်ရကာစပဲ ရှိသေးတယ်။ ဂျိန်းစပွန်းလုပ်ချင်နေပြီလား။"
အလုပ် ။ ။ "ခေါင်းနည်းနည်း မူးနေတယ် အမေကြီးရေ ပွဲရုံကို TAXI နဲ့ပဲသွားတော့မယ်။"

အပြော ။ ။ "ဖုန်းတစ်လုံးကို ဘယ်လောက်များမှတ်နေလဲ။ ပိုက်ဆံကတွင်းထဲက နှိုက်လို့ရတာမဟုတ်ဘူးကွ။"
အလုပ် ။ ။ "မင်းဘယ်ရောက်ရောက် ငါခေါ်ချင်ရင်ခေါ်လို့ရအောင် ၀ယ်ပေးတာ။ ဟန်းဆက်ကို မင်းအမေနဲ့သွားဝယ်ချေ။" အမေ့ကိုပေးတဲ့ ဟန်းဆက်ဖိုးက Latest Model ၀ယ်လို့ရအောင် လုံလောက်သည်။

အပြော ။ ။ "ပိုက်ဆံဖြင့်မရှာနိုင်သေးဘူး ဖြုန်းဦးမယ်ပေါ့လေ။ ဘယ်နရက်ကြာမှာလဲ။ ဘယ်သူတွေနဲ့ သွားမှာလဲ"
အလုပ် ။ ။ သူများထက် ၃ ဆ ရှိသောငွေကို ချောင်းသာသွားဖို့ အမေကတဆင့် ပေးလိုက်တယ်။

အပြော ။ ။ "ရုံးတွေ ဂတ်တွေကို မင်းအိမ်လို့များထင်နေလား။ ကြားမကြားဖူးပေါင်ကွာ။ သူတို့ပြောတော့ အသားပဲ့သွားတာမှတ်လို့"
အလုပ် ။ ။ "ဒါမှ ငါ့သားကွ ငါ့သမီးအတွက် ဒီလို အစ်ကိုရှိတာစိတ်ချရပြီ အမေကြီးရေ။ ပြီးတော့ အချုပ်ကထုတ်ရတာကွာ၊ ဆေးရုံကမထုတ်ရရင်ပြီးတာပဲ။ ဒါမှယောက်ျားကွ။"

အပြော ။ ။ "တောက်.......။ မင်းကတော့ကွာ။ ငါးထိုးလိုက်ရ။ ဘောပွဲ ၀ါသနာပါတာပဲကွာ ကြည့်ပေါ့။ ဘာလောင်းစရာလိုလဲ။ ကိုယ်အားပေးတဲ့အသင်း နိုင်ရင်ပြီးတာပဲကို။ လိုက်မရှင်းပေးနိုင်ဘူး မင်းဟာမင်း အရိုက်ပဲ ခံရခံရ။ အဖမ်းပဲခံရခံရ"
အလုပ် ။ ။ ထိုနေ့မှစ၍ ဘောပွဲဒိုင်က ကြွေးထပ်မတောင်းတော့။

အပြော ။ ။ "လုပ်လိုက်ရင် အလွဲလွဲအချော်ချော်ကြီးပဲ စောင့်နေ ပစ္စည်းတွေ မရရအောင်ရှာပြီးဝယ်လာခဲ့။"
အလုပ် ။ ။ "အမေကြီးရေ။ ဒီကောင် ဒီနေ့ တော်တယ်ကွ။ မရတော့ဘူးလို့ ထင်ထားတဲ့ပစ္စည်းကို ပုံမှန်ဈေးနဲ့ ရအောင်ယူလာနိုင်တယ်။ ငါ့ပွဲရုံတော့ စိတ်ချရပြီ။"

အပြော ။ ။ "မင်းသွားချင်တယ်မလား။ သွားပေါ့ကွာ။ မင်းက ငါ့အလုပ်မှာ မလုပ်ရရင်ပြီးရောမလား။ နိုင်ငံခြားရောက်မှ ပြန်လာချင်တယ်မပြောနဲ့။"
အလုပ် ။ ။ "အမေကြီး၊ သားကိုမပြောတော့ဘူးလား။ အမေကြီးက တကယ်လွှတ်တော့မှာလား။ အင်းပေါ့လေ။ သူစမ်းကြည့်ချင်တယ် ဆိုတော့လည်းလွှတ်ရမှာပေါ့။ ကြိုးစားချင်တဲ့စိတ်၊ တိုးတက်ချင်တဲ့စိတ် ရှိတာကောင်းပါတယ်လေ။"

အပြော ။ ။ "ပြန်လာဦးမလို့လား။ လေယာဉ်ခ က ကုန်ကကုန်နဲ့။"
အလုပ် ။ ။ ပြက္ခဒိန်တွင် မှင်နီဖြင့်ဝိုင်း၍ နေ့တိုင်းပြက္ခဒိန်ပဲ ကြည့်နေသည်။

အမုန်းပန်းခင်း

ငါ့ကဗျာတွေထုဆစ်နေတုန်း
ဖေဖေကပြောတယ် "သားနေကောင်းအောင်နေနော်" တဲ့။
ထီးမရှိလို့ မိုးကရွာတယ်။
မိုးရေတွေကို ချစ်ခဲ့ဖူးတယ်။
မိုးရေတွေကြောင့် ရုံးနောက်ကျမလိုလိုနဲ့ အဆူခံရတယ်။
ကျောင်းမသွားဖြစ်တော့ဘူး။
မုန်းတယ်......မုန်းတယ်။ Project တွေကို မုန်းတယ်။

ပန်းတိုင်အတွက် ဘ၀ကို နှိုက်ကြည့်တော့
အချစ်လေဟာနယ်အတွက်
နင်ရယ်ငါရယ်။
ဇာတ်လမ်းတစ်ပုဒ်ရယ်။
ရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးကို
နမ်းခဲ့ဖူးတဲ့ ပန်းတစ်ပွင့် သွားပေးတုန်းကပေါ့
ဒေါသတစ်ခုပိုက်လို့ ပြန်မလာချင်ခဲ့ဘူး
အချစ်အမုန်း ပြုံးလို့နေချင်သေးသလို
ရှုံးသွားမိရင်တော့ ငါ့ကံတရားပေါ့။
မြေလွှာပါးပါးမှာ ဝေဒနာများများနဲ့ သေချာခြားသွားတဲ့ စည်းတစ်ခု။
မုန်းတယ်...... မုန်းတယ်။ အစွန်းထင်းမခံတဲ့ အဲ့ဒီ့ အဖြူဆိုတာကို မုန်းတယ်။

အမှောင်ထဲမှာပဲ ရှင်သန်ခဲ့လို့လားမသိ
အမုန်းဆိုတာကိုလည်း တရှိုက်မက်မက် ရှူမိနေဦးမှာလား။
မီးလောင်ပြီးသား ငါ့ဆေးလိပ်တွေကတောင် ငါ့ကိုလှောင်လို့
တယ်ခက်တဲ့ ပတ်ဝန်းကျင်ပါလား။
ငါ့အဖေရှာတဲ့ပိုက်ဆံနဲ့ ငါ့အမေကဈေးသွား
ဒီလိုပဲ၏ နေတိုင်းချက်စားခဲ့တာပါပဲ
သူတို့လည်း ဒီလိုပဲထင်ပါ့
ဘာကြောင့်များ ညှီနံ့တွေသင်းနေပါလိမ့်။
မုန်းတယ်...... မုန်းတယ်။ လက်ညှိုးတွေကို မုန်းတယ်။

မနက်တိုင်းလည်းဆွမ်းကပ်တယ်
ဝဋ်ကြွေးတိုင်းလည်း ကျေပါရစေ
ပြုခဲ့တဲ့ကံ ငါခံလိုက်မယ်
သံတိုင်မပြောနဲ့ ဒယ်အိုးတောင်မကြောက်ဘူး။
အမေ့ကိုတော့လာမထိနဲ့။
မုန်းတယ်...... မုန်းတယ်။ လှုပ်စိစိပါးစပ်တွေကို မုန်းတယ်။

ငါ့ဒေါသနဲ့ငါ၊ မင်းမောဟနဲ့မင်း။
အတ္တကို လောဘနဲ့ရှာနေမိတာပါ
ဟုန်းဟုန်းတောက် မလောင်ကျွမ်းခင်
ခါးသက်သက် မတူးချင်မိခဲ့ဘူး
အိုက်စပ်စပ် ပစ္စုပ္ပန်နဲ့တော့
မကိုက်ခဲချင်ပါသေးဘူး
အတ္တတွေကို စီခြယ်လို့ မင်းကိုငါ မုန်းရဦးမယ်.......။

ဗီလိန်

မလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

ဗီလိန်


မှတ်ချက်။ ။

Merlion = စင်ကာပူ ၏ အမှတ်အသားဖြစ်သော ခြင်္သေ့တစ်ပိုင်း ရေသူတစ်ပိုင်း ရုပ်ထုကြီး

1818 = မြန်မာပြည်သို့ ခေါ်ဆိုသော ဖုန်းကဒ်။

MRT = မြို့တွင်း ရထား (မြေအောက်ထဲမှာပဲ သွားနေတာများလို့ ပြတင်းပေါက်ကနေ ဘာမှမမြင်ရပါ။)

PSP = Sony Playstation 1, 2 ကို လမ်းသွားရင်းဆော့လို့ရအောင် ဖန်တီးထားသောဂိမ်းစက်။

ကွေ့ချပ် = ၀က်ကလီစာဟင်း။
ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် = Bus ကားတွင် ငွေရှင်းရသည့် စက်။

East Coast & West Coast = လူဖန်တီးထားသည့် အပန်းဖြေ ကမ်းခြေ။


ကိုရုပ်ဆိုးပြောတာနဲ့ မှတ်ချက်လေးထည့်ပေးလိုက်တယ်ဗျာ။
ဓာတ်ပုံတွေကို Google ကနေ ယူပြီး ပြလိုက်တာပါ။

စင်ကာပူ သီတင်းကျွတ်သို့ အလည်တစ်ခေါက်

လေယာဉ်ကွင်းကထွက်လာတော့ ညနေ ၅ နာရီ။ လမ်းမကြီးတလျှောက် ဘတ်စ်ကား တစ်စီးစာလောက်ရှိသည့် မီးပုံးများ စီတန်းကာ အလှဆင်ထားသည်။ ကောင်းကင်တွင်လည်း မီးပုံးပျံများ ပြည့်နှက်နေသည်။ တစ်လမ်းလုံးလဲ အလှပြကားများ၊ မီးရှူးမီးပန်းလိုက်ဖောက်သည့် ကားများဖြင့် စည်ကားနေသည်။ အဆောက်အဦတိုင်းတွင်လည်း အနီ၊ အဝါ၊ အပြာ ရောင်စုံမီးများဖြင့် တောက်ပဝေဆာနေသည်။ ကားလမ်းမများက ၃၊၄ ထပ် ဖြစ်နေလေပြီ။ PIE လမ်းကကြီးမှာ အတော်လေးသေးသွားပြီ ဟုထင်လိုက်မိသည်။ Cab Driver ကို City Hall ဘက်သို့မောင်းခိုင်းလိုက်ပြီး Marina Square နားရောက်တော့ ရဟတ်ယာဉ်များကလည်း သာသနာ့ အလံကြီးများဖြင့် ပျံဝဲနေသည်။

ယခင် Peninsula Plaza က အထပ် ၅၀ တိုက်မြင့်ကြီး ဖြစ်နေလေပြီ။ နာမည်ကတော့ ပြန်သုံးထားသည်။ "ပန်နင်ဇွဲလား" ဟု မြန်မာလိုပါ ရေးထားလေ၏။ အထပ် ၂၀မှ ၃၅ ထပ်အထိတွင်ကား ကြီးမားလှသည့် မော်နီတာကြီးပေါ်တွင် စင်ကာပူ နိုင်ငံတော်သမ္မတကြီး ဦးကျော်ဝင်း (ခေါ်) Jimmy Win သီတင်းကျွတ်မင်္ဂလာ စကားပြောနေသည်။ မင်္ဂလာမိန့်ခွန်းစကား ပြောကြားအပြီးတွင် ယခင်က သြဂုတ်လ ၉ ရက်နေ့(နိုင်ငံတော်နေ့) တွင်သာ အလှပြသော တိုက်လေယာဉ်များက ရောင်စုံမီးများဖြင့် ကောင်းကင်တွင် အလှပြနေကြပြီ။ ဘုရားရှင်ပြန်ကြွအလာကို နတ်ပြည်ထိတက်ပြီး ကြိုဆိုလေသလားမသိ။

ကားများပိတ်နေ၍ ပွဲတော်ကျင်းပရာ ထဲသို့မ၀င်ခဲ့တော့။ Peninsula Plaza နောက်မှ CTE လမ်းမပေါ်သို့ တိုက်ရိုက်ရောက်သော မြေအောက် ကားလမ်းမှ ၀င်လာကာ CTE လမ်းမှတဆင့် တူတော်မောင်ရဲ့ အိမ်ရှိရာ Yishun ဘက်သို့ မောင်းခိုင်းလိုက်သည်။ မရောက်တာ ၁၅ နှစ်လောက်ရှိခဲ့ပြီဆိုပေမယ့် ဒီလိုမျိုးသဝေထိုးချင်သေးလို့ တူတော်မောင်ကိုလာမကြိုခိုင်းခဲ့။ လေယာဉ်ဆိုက်တုန်းကတော့ ဖုန်းဆက်လိုက်ပါတယ်။ ချွေးတူမကလည်း ဒီည Bukit Panjang က ဘုရားကြီးမှာ တရားပွဲသွားလေတယ်တဲ့လေ။

Yishun ရောက်တော့ Supermarket တွေက မှိုလိုပေါက်နေတာကို တွေ့လိုက်ရတယ်။ Supermarket တိုင်းမှာလဲ လူတွေကလည်းပြည့်လို့။ Yishun ရပ်ကွက် ဓမ္မာရုံကနေလည်း အသံမစဲပဌာန်း ရွတ်ဖတ်သံကြားနေရတယ်။ အိမ်နားရောက်တော့ Interchange နားက မြက်ခင်းပြင်မှာ "ပိုးအိစံရဲ့ သီတင်းကျွတ်မင်္ဂလာပါ" သီချင်းကို Pioneer ၈ လုံးနဲ့ ဖွင့်ပြီး စတုဒီသာကျွေးနေလေနေရဲ့။ မုန့်ဟင်းခါးနဲ့ Berger King ဆိုလားပဲ။ ကားပေါ်ကဆင်းတော့ ဗျောက်အိုးသံတွေ မီးရှူးမီးပန်းတွေရဲ့ အသံတွေ ဝေေ၀ဆာဆာကြားရပါတယ်။ ကားပေါ်မှာတုန်းက အသံလုံနေလို့ သိပ်မသိသာ။ ၄၊၅နှစ်အရွယ် ကလေးတွေကတော့ ဓာတ်ခဲသုံး မီးရောင်စုံလျှပ်စစ် လက်တွန်းမီးပုံးလေးတွေနဲ့။ ဆယ်ကျော်သက်တွေကလည်း အထုပ်ကိုယ်စီနဲ့ မိဘဆရာတွေကို လိုက်ကန်တော့နေကြလေရဲ့။ တူတော်မောင်ရဲ့အိမ်ရောက်တော့ ၈ နာရီခွဲပြီ။

ထမင်းစားသောက်ပြီး တူဝရီးနှစ်ယောက် စကားစမြည်ပြောတော့ East Coast မှာ ဆီမီး ၁၀၀၀၀ လွှတ်ပွဲရှိကြောင်းနဲ့ ဆီမီး တစ်စုံကို ဒေါ်လာ ၅၀၀ ဆိုတဲ့အကြောင်း။ Bukit Panjang က ဘုရားကြီးမှာ သူ့မိန်းမသွားနေတဲ့ တရားပွဲ။ နောက်ပြီး Santosa မှာ သီတင်းကျွတ် မီးပုံပျံပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ၂၀၀၈က ဗုဒ္ဓဘာသာဝင် ဖြစ်သွားကြတဲ့ ဘက်ခမ်တို့ ဇနီးမောင်နှံပါလာကြသတဲ့။ မြေးနှစ်ယောက်ပါ ခေါ်လာတယ်ပြောတယ်။ NTU မှာက IC ရဲ့ စတိတ်ရှိုး။ ချစ်စမ်းမောင်နဲ့ ခရမ်းကတော့တီးနေတုန်းပဲ။ ဗညားနိုင်ကတော့ လုံးဝနားသွားပြီ ခင်မောင်သန်းကတော့ Editing ပဲလုပ်တော့တယ်တဲ့။ Toa Payoh ဘုန်းကြီးကျောင်းမှာက ၁၆ကြိမ်မြောက် ကမ္ဘာ့ဓမ္မစင်္ကြာရွတ်ပြိုင်ပွဲ။ မြန်မာပြည်က အဖွဲ့ ၈၀ ကျော်၊ စင်ကာပူက အဖွဲ့ ၂၀ကျော်၊ နိုင်ငံတကာက အဖွဲ့ ၅၀ကျော် ပြိုင်ကြသတဲ့။ ဒီနှစ်ထူးခြားတာက ပြိုင်ပွဲမှာ ပထမရတဲ့ အဖွဲ့ကနောက်နှစ် မြန်မာပြည်မှာလုပ်မယ့် သတ္တမအကြိမ် သင်္ဂါယနာတင်ပွဲမှာ အဖွင့်ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပေးရမယ်လေ။ သာသနာ့ မှတ်တိုင်တစ်ခုဖြစ်လို့ အဖွဲ့တိုင်းက မျှော်လင့်နေကြလေရဲ့လေ။ ပြောလိုက်တာမှစုံလို့။ အဲလိုနဲ့ ၁၂ နာရီတောင်ထိုးနေပြီ။ မနက်ဖြန် အလှူသွားဖို့ စောစောအိပ်တော့မယ်။

ကောဇာသက္ကရာဇ် ၁၄၀၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့။

သမုဒ္ဒရာ ဝမ်းတစ်ထွာ

အင်း…ဒီကိစ္စက တော်တော်ခက်တယ်။ နေရာတကာမှာ ဒေါင်ကျကျ၊ ပြားကျကျ နေနိုင်ပေမယ့် (တစောင်းဆိုရင်တော့….အဲလေ။ ယောင်လို့) အစားအစာမှာ ဖြစ်သလိုမစားတတ်တာက ကျနော့ရဲ့ဒုက္ခပဲ။ အဲ အခုပိုဆိုးပြီ။ TAG ခေါင်းစဉ်က ဖြစ်သလိုစားတဲ့။ အကြွေးက အတိုးမတက်ပေလို့ပဲ။ အတိုးတက်လို့ကတော့ အတိုးနဲ့တင် မွဲမှာပဲ။ ဒီလိုဗျ။ ကျနော်က အစားဂျီးမများဘူး။ ဒါပေမယ့် ဇီဇာကြောင်တာ။ ဟီဟိ။ ပြောရမှာလဲ ရှက်ပါတယ်။ အဲဒါကပိုဆိုးတာ။ မနက်မနက်ဆို ဟင်းချက်တာနဲ့တင် ရုံးကို အမြဲ (အမြဲဆိုတာ မှ အမြဲ။ ပထမဆုံးတစ်ရက်ကလွဲရင် တစ်ခါမှက ၉ နာရီထိုး ရုံးမရောက်ဖူးဘူး။ :) )

ကြက်ဥကြော်တာခြင်း အတူတူတောင်မှ အကာမကြွတ်ရဘူး အနှစ် ကျက်ရမယ်။ အနှစ်ကလည်း လုံးဝကျက်မသွားရဘူး။ အနှစ်မှာတင်ကိုး အရောင်က နှစ်မျိုးဖြစ်နေရမယ်။ ကြော်တတ်ကြလားဗျ။ စိတ်ဝင်စားရင် သင်တန်းဖွင့်ပေးမယ်။
ဘဲဥဟင်း (ဒီမှာတော့ ကြက်ဥဟင်းပေါ့။ ဘဲဥဈေးကြီးလို့) ဆိုရင်တော့ တမျိုးဗျ။ ဘဲဥကို အရင်ပြုတ်ပြီး အခွံခွာ ပြီးတော့မှ အလုံးလိုက်ပြန်ကြော်ပြီး အကာလေးတွေ ကြွတ်ကြွတ်လေးနဲ့မှ ချက်တာ။ ဒါတောင် ခရမ်းချဉ်သီးမပါရင် သိပ်မကြိုက်ချင်ဘူး။

ကြက်သား၊ ဝက်သားကြော် ဆိုရင်လဲအောက်မှာ မုန့်ညှင်းရွက်လေးခံလိုက်မှ။ မရှိရင်တောင် ဂေါ်ဖီရွက်လေး ဖြစ်ဖြစ်ပေါ့။ ပြီးရင် အပေါ်ကလည်း နံနံပင်လေးအုပ်ပေါ့။
ကြက်သားကြော်မှာရှိသေးတယ်။ အရေခွံနဲ့ နံရိုးက မပါမဖြစ် ကြက်ကြော်ထဲမှာ အရေခွံကြော်နဲ့ နံရိုးကြော်ကို အကြိုက်ဆုံး။
ကြက်သားချက်၊ ကြက်သားကြော်ရင်လည်း ကြက်ကို ကိုင်လိုက်ရမှ။ ကြက်ကိုင်တယ်ဆိုတာ လည်ပင်းအရေပြား သွေးကြောမကြီးကိုဖယ်၊ ဇလုပ်ကို သေချာသတိထားပြီးထုတ်၊ အမြစ်ကို ဓားလေးနဲ့ ရှတတလေးလှီး အထဲက မစင်ထုတ်ကို ခပ်ဆတ်ဆတ်လေးခွာ၊ အမြစ်ထိပ်က အနံ့နံမယ့် ထိပ်ဖူးလေးကို ဆားနဲ့ သေချာပွတ်၊ အဆုတ်ကိုခွာ၊ နှုတ်သီးကိုဖြုတ်၊ အောက်မေးရိုးကို ဖယ်၊ ခြေထောက်အရေပြားထူကို ရေနွေးစိမ်ပြီး ခွာ။ အဲလိုမှ ကြက်သားချက်ရတာ ပီသတာ။ အခုတော့ကြည့်။ ကြက1်ဝယ်ရင် ကိုင်ပြီးသားတွေ။ အိမ်ရောက်ရင် အတုံးတုံးပြီး ချက်လိုက်ရုံပဲ။ အဲဒီတော့ ဆိုင်ကိုပဲ တုံးခိုင်းလိုက်တော့တယ်။ ချက်ရတာ ဖီးလ်မလာဘူး။
ကြက်သားအာလူး၊ ဝက်သားအာလူး ဆိုရင်လဲ အာလူးကိုမာပြီးကျက်အောင် အရင်ကြော်ပြီး ပြန်ဆယ်ထားပြီးမှ ချက်တယ်။ ကြက်သားအာလူး၊ ဝက်သားအာလူးမှာ အာလူးတွေ နူးပြီးပျော်ကုန်ရင်မကြိုက်။

ဝက်သားဆိုရင်လည်း ရေလုံပြုတ်ကိုမကြိုက် ရေလေးနည်းနည်းထည့်လိုက်။ ရေခန်းသွားရင် ရေလေးနည်းနည်း ထပ်ထည့်လိုက် မနူးမချင်းအထိ ထိုင်စောင့်ပြီး ဆီပြန်ရေကျန်လေး အရမ်းကြီးလဲနူးရင် မကောင်း။
ပုစွန်ဆိုလည်း အခွံမခွာပဲ ချက်ရင်မစား။ အခွံကို ကျကျနန ခွာပြီးမှ မစင်လမ်းကိုပါ သေချာဆွဲထုတ်လိုက်ရမှ စိတ်တိုင်းကျတယ်။
ငါးဆို အရိုးများတဲ့ငါး မစား။

ကြာဇံကြော်ရင်လဲ ကြာဇံအပျော့(တစ်ပါကင်ကို အလိပ်လေး ၁၀ လိပ်ပါတဲ့) မှ ဆိုင်တွေမှာ ကြော်တဲ့ အလုံးကြီးကြီးတွေ သိပ်မကြိုက်။ ဘာမှမပါနဲ့ ကြာဇံနဲ့ ကြက်ဥ၊ ကြာဇံနဲ့ ဂေါ်ဖီ အဲဒါလေးနဲ့တင်ဖြစ်တယ်။

ပဲပြုတ်နဲ့ ထမင်းဆီဆမ်းဆိုရင် ဆီကအစိမ်းနဲ့မှ အထူးသဖြင့် ရန်ကုန်မှာဆိုရင်တော့ ပဲဆီစစ်စစ်နဲ့မှ။ ကြက်သွန်ဖြူ၊နီ ဆီချက်နဲ့ဆို သိပ်မကြိုက်။ ပြီးရင် ဆားလေးနဲ့ဖြူးပြီးတော့ပေါ့။ ကြက်ဥပြုတ်နဲ့ ထမင်းဆီဆမ်းကြတော့ ကြက်သွန်ဖြူ ဆီချက်နဲ့ကို ပိုကြိုက်သဗျ။ ဆီစိမ်းနဲ့လည်း စားတော့စားပါတယ်။ သူလည်းဆားနဲ့ပဲ။ ကြက်ဥကြော်နဲ့ ထမင်းနဲ့ ကျပြန်တော့ အဲလိုမဟုတ်တော့ ဆီစိမ်းနဲ့ တရုတ်ပဲငံပြာရည်နဲ့ဗျား။
ပဲပြုတ်ကိုလည်း ပြန်ကြော်လိုက်ရင် မစားတော့။

လက်ဘက်သုပ်ဆိုလည်း ပဲကြမ်းကြော်မစား။ ဒါကတော့ ကျန်းမာရေးအရပါ။ ကျနော်က လေမကောင်းဘူးဗျ။ လက်ဘက်သုပ်စားရင် ထမင်းပါမှ။ ထမင်းနဲ့ရောသုပ်တဲ့ လက်ဘက်ထမင်းသုပ်ကို လည်းကြိုက်တယ်။ ဒါပေမယ့် ခံစားချက်ခြင်းတော့မတူဘူး။ လက်ဘက်သုပ်နဲ့ ထမင်းနဲ့ စားချင်တာနဲ့ လက်ဘက်ထမင်းသုပ် စားချင်တာနဲ့ မတူ။

မုန့်ဟင်းခါးဆိုလဲ ဧရာဝတီလက်ရာမှ။ ဒါတောင် တော်တော်လျှော့ထားတာ။

နောက်တစ်ခုက အင်းစတန့်ဆို တော်တော်များများမစား။ အထူးသဖြင့် ခေါက်ဆွဲခြောက် ကော်ဖီမစ်၊ တီးမစ်၊ ငါးသေတ္တာတွေ မစား။ အဲဒါတွေကြောင့် အလုပ်ကရှုပ်တာ။ ခေါက်ဆွဲခြောက်ဆိုတာထက် အဲဒီ့အထဲက အမှုန့်တွေကိုမစားတာပါ။ တခါခါ သိပ်ခက်ခဲနေရင် အထဲကခေါက်ဆွဲကို ယူပြီး ကိုယ်ကြိုက်သလို လုပ်စားတတ်တယ်။ ကော်ဖီဆို အမှုန့်နဲ့ ဖျော်မှ။ ဖြစ်နိုင်ရင် နို့နဲ့။ နို့မရလည်း နို့ဆီနဲ့ပေါ့လေ။ အင်းစတန့်ထဲမှာ နို့ဆီကတော့ စားဖြစ်တယ်ဗျ။ အရမ်းကြီးတော့ မဟုတ်ဘူး။

ပြောင်းဖူးဆိုရင်လဲ ပြောင်းဖူးစေ့ပေါ်က အခွံပါးပါးလေးကိုခွာပြီးမှ စားတာ။ မခွာရင် သွားကြားညက်လို့။ အခုနောက်ပိုင်း စိတ်မရှည်လို့ ပြောင်းဖူးပြုတ်တောင် မစားတော့ဘူး။
ဖရဲသီးဆိုရင် အစေ့မပါတဲ့အပိုင်းတွေပဲစားတယ်။ ဒီမှာကတော့ အစေ့က မပါသလောက်ဆိုတော့ ကျနော်နဲ့ကိုက်တယ်။ စားဖြစ်တယ်။ ရန်ကုန်မှာတုန်းက အဲဒီ အစေ့ကိုဖယ်ရတာကိုက စိတ်မရှည်ဘူး။

ဒီလိုဗျ။ ကျနော်က မစားခင် ပြင်ဆင်တဲ့ အချိန်မှာ စိတ်ရှည်တယ်။ ရှည်တာမှ သေသေချာချာကို ပြင်ဆင်ပြီးလုပ်တာ။ စားတဲ့အချိန် အလုပ်လာမရှုပ်နဲ့ မကြိုက်ဘူး။ ငါးဆိုလည်းဒီလိုပဲလေ။ အရိုးနွင်ရတာစိတ်မရှည်လို့ မစားဖြစ်တာများတယ်။
ဒါပေမယ့် မကြိုက်ဘူးဆိုတာတွေကို မစားတာပဲရှိတာပါ။ ငတ်ရင်စားတယ်။ :) အငတ်တော့မခံဘူး။ ကျနော့ စည်မျဉ်း၊ စည်းကမ်းတွေကို ငတ်ရင်တော့ ချိုးဖောက်တာပဲ။ ဒါပေမယ့် ငတ်တယ်ဆိုတဲ့ ဆိုတဲ့ စကားလုံးက သူများဆီမှာ စားရတော့မယ်။ အဲဒါပဲရှိတယ်ဆိုမှစားတာ။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ ဒီစည်းမျဉ်းတွေကို မချိုးဖောက်ဘူး။ မရရအောင် ချက်တယ်။

နောက်တစ်ခုက ကျနော်က လူကို ဒုက္ခအလွန်အကျွံပေးတဲ့ အစာတွေကို လုံးဝ (မြည်းတောင်မကြည့်ဘူး) မစားဘူး။ (ချွင်းချက် အရက်နှင့်ဘီယာမပါ။ :) ) ကျနော်က အပူနဲ့လေနဲ့မကောင်းတော့ အထူးသဖြင့် ဒညင်းသီး၊ ဒူးရင်းသီး၊ ခရမ်းသီး၊ ငါးသလောက်၊ အုန်းသီး(အုန်းသီးကတော့ တတ်နိုင်သလောက်ရှောင်တယ်။ မုန့်ထဲပါလာရင်တော့ မတတ်နိုင်ဘူး။) ရှိသေးတယ်ဗျ။ မမှတ်မိတော့ဘူး။ နီးနီးစပ်စပ် မြင်တွေ့နေကြကတော့ ဒီလောက်ပဲ။ ဒါတွေကတော့ လုံးဝကို မစားတာ။

နောက်ဆုံး ဘယ်လောက်ထိများ ဇီဇာက ကြောင်လိုက်သေးလဲဆိုရင် ရေဆို ရေခဲရေတောင် မသောက်ဘူး။ ကဲ ရှင်းရော။

ကဲ….. ရပ်ကွက်တကာ၊ ရွာအစုံကနေ ကျနော့ကို “ဖြစ်သလို စား” ခေါင်းစဉ်နဲ့ တဂ်တော်မူထားကြတဲ့ ဘလော့အနုပညာရှင်များ အားလုံး ကျေနပ်နိုင်ကြပါစေဗျား။ တော်တော်ကြာနေပြီဖြစ်လို့ အားလုံးလဲရေးပြီးနေကြပြီ။ ထပ်တက်စရာတောင် မရှိတော့ဘူး။

ကြော်ငြာဝင်ဦးမှ....... အထက်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ချက်ပြုတ်နိုင်သူ အိမ်ရှင်မတစ်ဦး အလိုရှိသည်။
  • Miss 2009 ဝင်ရောက်နိုင်မည့် ရုပ်ရည်ရှိရမည်။
  • ထားရာနေ၊ စေရာသွားနေနိုင်သူဖြစ်သလို အရာရာကို ဦးဆောင်ဆုံးဖြတ်နိုင်သူ ဖြစ်ရမည်။
  • ပညာ အရည်အချင်းမှာ ဟားဗတ်ကျောင်းမှ မည့်သည့်ဘွဲ့မဆို လက်ခံသည်။
  • အိမ်ထောင်ရေး အတွေ့အကြုံမှလွဲ၍ အချက်အပြုတ်၊ အစီအမံ၊ အနည်းဆုံး ၅ နှစ်အထက်ရှိရမည်။

အထက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများသည် HR@villainlay.com.sg သို့ CV အပြည့်အစုံဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင် Human Resource သို့ လည်းကောင်း လာရောက်လျှောက်ထားနိုင်သည်။
Singapore & SPR only မဟုတ်ပါ။ Social Visit သမားများပါ လျှောက်ထားနိုင်သည်။

:D :D :D :D :D

ကျွန်ုပ်နှင့် ဂျိုကာဖဲ


ကဲ တောင်ပေါ်သားကြီးဝေ့။ နင်တက်တော့ ငါရေး၊ ငါတက်တော့ နင်ရေးပေါ့ဝေ့။ :)

ပိုးအိစံကတော့ ပြောပါတယ်။ “~~အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲမဏိစန္ဒာ~~” တဲ့။
မျိုးကြီးကလဲ ပြန်ပြောရှာပါတယ်။ “~~ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ~~” တဲ့လေ။ :D

အင်း အချစ်ဆိုတဲ့အကြောင်းကို အတွင်းရေးများဖော်ထုတ်ခြင်း မှာ ရေးခဲ့ဖူးတယ်လေဗျ။ အချစ်ဆိုတာ ပိုကာဝိုင်းထဲက ဂျိုကာဖဲချပ်လေးလိုပဲ။ တခြားဟာတွေပြည့်စုံနေရင်တော့ လိုချင်တယ်။ ကိုယ့်မှာဘာမှမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ရှုပ်တောင်ရှုပ်သေးတယ်။ လွှတ်ပစ်လို့လဲမရ ကိုင်ထားလဲ ပန်းတိုင်မရောက်နိုင်တဲ့ အရာပေါ့။ ပိုကာဝိုင်းမှာ ငါးယောက်မဟုတ်လို့ run (series) လိုပြီဆိုရင် ကန့်လန့်ကန့်လန့်ခံနေတာက အဲဒီဂျိုကာပဲ။
အချစ်ဆိုတာလဲ အဲလိုပဲ ဘဝကြီးကိုချီတက်လို့ အဓိကအရာတွေမပြီးသေးခင် တစ်ယောက်ယောက်ကို ချစ်မိလို့ကတော့ သူ့အတွက် အများကြီးပေးဆပ်ရတော့မယ်။ အထူးသဖြင့် အချိန်၊ အချိန်တွေပေးပြီး သူနဲ့နေရတော့မယ်။ အချိန်တွေပေးပြီး ချစ်ရတော့မယ်။ နောက်တစ်ခုက စိတ်။ ကိုယ့် တခြားလုပ်စရာတွေ စဉ်းစားရမယ့်အချိန်မှာ သူ့ဆီစိတ်ရောက်နေပြီ။ အဲဒီ့မှာက နှစ်ခါနာတာပဲ။ ပန်းတိုင်ကြီး ရောက်ချင်တဲ့ သူတွေကတော့ အချစ်ဆိုတာကို ခဏဘေးချထားလေ့ရှိပါတယ်။ ဒါပေမယ့် ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်တော့နေမပေါ့။ မထားလဲရတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။

နောက်ပြီး လူတွေရဲ့ ဘဝအမျိုးမျိုးကိုလိုက်ပြီး စံသတ်မှတ်ပုံခြင်း မတူညီကြဘူးလေ။
အချစ်ဆိုတာကို
စီးပွားရေးသဘောနဲ့ ယှဉ်ကြည့်တဲ့သူက စီးပွားရေး သို့ ငွေနဲ့ စံထားလိမ့်မယ်။
နိုင်ငံရေးနဲ့ ယှဉ်ကြည့်တဲ့သူက နိုင်ငံရေးနဲ့ စံထားလိမ့်မယ်။
ပညာရေးနဲ့ ယှဉ်ကြည့်တဲ့သူက ပညာအရည်အချင်းနဲ့ စံထားလိမ့်မယ်။
တချို့က ရုပ်ရည်။ တချို့က စိတ်ဓာတ်။ တချို့က အရည်အချင်း။ တချို့က ………….. အဲ အမျိုးမျိုးပေါ့လေ။
ကျနော်ကဘာကို စံထားလဲ ဆိုတော့ အင်း……အဲ.…..ဟဲဟဲ မပြောတော့ပါဘူး။

အချစ်တကာ့ အချစ်တွေထဲမှာ ကျနော်အကြိုက်ဆုံး အချစ်ပိုင်ရှင်က အနော်ရထာ။ မိမိရဲ့ချစ်လှစွာသော မိဖုရားနဲ့ ဖောက်ပြန်သူဟု စွဲချက်တင်ထားတဲ့ စစ်သူကြီးကျန်စစ်။ ရာဇဒေါသ၊ ရာဇမာန်တွေနဲ့ မစီရင်ခဲ့။ မသတ်ရင်လည်း စည်းကမ်းပျက်မယ်။ သတ်ရင်လည်း အယုံကြည်ရဆုံး အားထားရတဲ့ အရည်အချင်းရှိစစ်သူကြီး ကို ဆုံးရှုံးရမယ့်အပြင် မိန်းမအတွက်နဲ့ သူလိုလူကို တောင်သတ်တယ်ဟေ့ လို့ အပြောခံရမယ်။ အဲဒါကြောင့် နှစ်ဘက်လွတ်အောင်လို့ ချုပ်ထားတဲ့ကြိုးကို အရိန္နမာလှံနဲ့ ချော်ပစ်၊ ဖြတ်ပေးပြီး ပြေးခွင့်ပြုလိုက်တဲ့ အနော်ရထာရဲ့ အသိဉာဏ်ရှိတဲ့ ယောက်ျားကောင်း ယောက်ျားမြတ်တို့ရဲ့ အချစ်လို့ခံယူမိပါတယ်။

အခုက ကိုတောင်ပေါ်သားက သေချာမှာထားလို့ ၁၅၀၀ အကြောင်းရေးတာပါ။ ၁၅၀၀ ပဲ ဖြစ်ဖြစ် ၅၂၈ ပဲ ဖြစ်ဖြစ် အချစ်ဆိုတာ အချစ်လို့ပြောတာထက် ပြည့်စုံတဲ့ ဖွင့်ဆိုချက်မရှိပါဘူး။ ထုတ်ပြီးပြောလိုက်ရင် ပြောလိုက်တဲ့ စကားလုံးက မပြည့်စုံဖြစ်ဖြစ် သွားတဲ့အရာပါ။ မူလဂုဏ်သတ္တိရှိတဲ့အရာပေါ့။ ဥပမာ- ချိုတယ်၊ ငန်တယ် ဆိုတာကို မသိတဲ့သူတစ်ယောက်ကို စမ်းမကြည့်ခိုင်းပဲ ရှင်းပြလို့မရပါဘူး။ စားကြည့်မှ သိနိုင်သလိုပါပဲ။ အချစ်ဆိုတာ ကိုယ်တိုင်ချစ်ကြည့်မှ သိနိုင်မှာပါ။ ကဲ…… သိချင်ရင်တော့ စမ်းသာကြည့်လိုက်ပါဗျာ။

ကဲ ထုံးစံအတိုင်းပဲကောင်းပါတယ်။ ဖောက်သည်ကြီး မဆုမွန် နဲ့ ခေါင်ခေါင် ကတော့ရေးပြီးသား။ အိမ် ရေ့ လုပ်စမ်းပါဦး ရွာစားရေ့ အချစ်လွမ်ချင်းလေးဗျိုး…………..။

ကမ်း

ဟုတ်တယ်။ ငါဟာတေလေငှက်
အနေမတတ်လို့လဲ သေမတတ်ခံခဲ့ရပြီးပြီ

ဆာလောင်မွတ်သိပ်ခဲ့တဲ့ လောဘတချို့နဲ့
ပြောမရအောင် ဆိုးပြခဲ့ပြီးပြီ

ဆန္ဒများနဲ့ မွန်းကြပ်
ရူးမတတ်လဲ ဒုစရိုက်မှာ ပျော်ဝင်ခဲ့ပြီးပြီ

ငွေခေါ်ရာနောက် တကောက်ကောက်
ငါးပါးသီလတွေလည်း
အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးပြီ

အတ္တပြေးလမ်းမှာ
မာနတစ်ခုရဲ့ အရှိန်အဟုန်နဲ့
မာန်ဟုန်ပြင်းပြင်း ချီတက်ခဲ့ပြီးပြီ

“ငါ” ဆိုတဲ့စိတ်
မအိပ်ရတဲ့ ညတွေလည်းများခဲ့ပြီ

မျက်စိစုံမှိတ် ကြိတ်ခဲပျံသန်း
မောပန်းလာတော့........
နားစရာ တန်း၊ ကပ်စရာ ကမ်းမရှိတဲ့ ပင်လယ်ပြင်လေ………………။

ဗီလိန်

ဇာမဏီသွေး

လျှောက်….. အဆုံးထိလျှောက်
လမ်းရှိလို့ လျှောက်ရတာ။
မရှိရင်ကော…..
မရှိရင် ဖောက်ပြီးလျှောက်။

တက်….. အမြင့်ဆုံးထိတက်
တောင်ရှိလို့ တက်ရတာ။
မရှိရင်ကော…..
မရှိရင် ရှာပြီးတက်။

လှမ်း….. လမ်းဆုံးထိလှမ်း
ပန်းတိုင်ရှိလို့ လှမ်းရတာ။
မရှိရင်ကော…..
မရှိရင် ထားပြီးလှမ်း။

ငုပ်….. အနက်ဆုံးထိငုပ်
ရေရှိလို့ ငုပ်ရတာ။
မရှိရင်ကော…..
မရှိရင် ပင်လယ်ပြင်မှာငုပ်။

တိုက်….. အနိုင်ရတဲ့ထိတိုက်
တိုက်ပွဲရှိလို့ တိုက်ရတာ။
မနိုင်ရင်ကော။
မနိုင်ရင် နောက်ဆုံးထွက်သက်အထိတိုက်။

ဒါမှ ဇာမဏီသွေး။

ဗီလိန်

ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၃) မှ....

ဒီနေ့ ချစ်သူများနေ့ သူနဲ့ ချစ်ခဲ့တာ ၆နှစ်ပြည့်ပြီ။ ကန်ဘောင်သွားဖို့ပဲ ချိန်းထားတယ်လေ။ ကန်ဘောင်ဆိုတာ ချစ်သူတို့ရဲ့ အထင်ကရပဲမလား။ ရခိုင်မုန့်တီ စပ်စပ်လေးစားပြီး ချွေးစို့နေတဲ့ သူ့နဖူးလေးကို တစ်သျှူးလေးနဲ့ သုတ်ပေးမယ်။ မိုးမရွာနေမပူပဲ ဆောင်းထားတဲ့ ထီးတွေကြားထဲမှာ သူများတွေလိုပဲ ထီးဖွင့်ထားမယ်။ ဗလင်တိုင်းဒေး ဆိုတော့ လူတော်တော်ကြပ်လိမ့်မယ်။ စောစောသွားမှ နေရာရမှာ။ ပြီးရင် ဟိုကနေဝယ်လာတဲ့ အမွှေးပွရုပ်ကို သူဖက်အိပ်ဖို့ ပေးမယ်။ လိုချင်မယ်ဆို နှလုံးသားပါထုတ်ပေးဦးမှာ။ ပီတိအပြည့်နဲ့ ညီလေးဆီက ကားကို အနိုင်ကျင့်ပြီးယူလာခဲ့တယ်။ ပြည်လမ်းတလျှောက် ပြည်သူ့ရင်ပြင်ကိုဖြတ်ပြီး မြေနီကုန်းမရောက်ခင် ရှင်စောပုလမ်းနဲ့ ဓမ္မစေတီလမ်းထိပ် ရောက်ကာနီးမှ မီးက နီသွားပါတယ်။

မီးနီလို့ ဘရိတ်အုပ်ရုံရှိသေးတယ်။ နောက်က ဘရိတ်လွတ်လာတဲ့ ၄၅ ဘတ်စ်ကားက ကုန်းဆင်းအရှိန်နဲ့ ကျနော့ကားနောက်ဖင်ကို ခပ်ပြင်းပြင်း ဝင်ဆောင့်ပါတော့တယ်။ တဖက်ရှင်စောပုလမ်းကနေ မီးစိမ်နေပြီဖြစ်လို့ အရှိန်မလျှော့ပဲ ဆက်မောင်းလာတဲ့ ပဂျဲရိုးကလည်း ခေါင်းထွက်လာတဲ့ ကျနော့ကားကို ကီလို ၈၀နှုန်းနဲ့ ဖြတ်တိုက်လိုက်ပါတယ်။ ဘာမှမသိလိုက်တော့ပါဘူး။ အသိက မရတစ်ချက် ရတစ်ချက်။ သိတာကကျနော့ ပေါင်မှ ကားပြတင်းပေါက်ဘောင်က စိုက်နေတယ်။ ကျနော့ကိုယ်က ကားစတီယာရင်နဲ့ ကားအမိုးနဲ့ ကြားမှာညပ်နေတယ်လေ။ လှုပ်လို့လဲမရဘူး။ ရလဲအားမရှိတော့ဘူး။ သွေးတွေကလည်း ရဲပတောင်းခတ်လို့။ ဆူညံသံတွေ၊ ယာဉ်ထိန်ရဲ ဝီစီသံသဲ့သဲ့ တွေ တဖြည်းဖြည်း… တဖြည်းဖြည်း… တဖြည်းဖြည်း တိုးသထက်တိုးသွားပြီး……………………….။

ကဲ အိမ် နဲ့ မဆုမွန် ရေ တစ်ခုတော့တာဝန်ကျေပြီနော့။ သေဖို့လက်ကျန် ၁၀ ရက် တက် လေးပါ။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၂) မှ....

ပြည်ထောင်စုနေ့ရောက်တော့ သိပ်ပြီးထွေထွေထူးထူး မလုပ်ဖြစ်တော့ဘူး မလုပ်တာကြာပြီဖြစ်တဲ့ အဖေ့လုပ်ငန်းမှာ ကူလုပ်ပေးတယ်လေ။ နောင်တစ်ချိန်မှာ ကျနော့လက်ထဲရောက်လာမယ့် အလုပ်ပေါ့။ ကျွမ်းကျင်ပြီးသားဖြစ်ပေမယ့် မလုပ်တာကကြာပြီဆိုတော့ အလွဲအမှားလေးတွေရှိတာပေါ့။ ပြည်ထောင်စုနေ့ဆိုတော့ အလုပ်က တော်တော့ကိုပါးတာ။ နေ့လည်ဘက် အဖေနဲ့ ရှန့်ချီ လို့ခေါ်တဲ့ တရုတ် စစ်တုရင်တောင် ကစားဖြစ်သေးတယ်။ မဆော့တာကြာတာခြင်းအတူတူ သူ့ကိုဘယ်လိုဆော့ဆော့ကို မနိုင်တာ။ အင်းပေါ့လေ။ သူက ကျနော့ကို မွေးပေးခဲ့တဲ့အဖေပဲလေ။ ညနေဆိုင်သိမ်းပြီးတော့ အဖေ့စာအုပ်စင်ကို ရှင်းပေးရင်း အဖေ့ တရုတ်စာရေးစုတ်တံဟောင်းလေး။ မရေးတာကြာပြီဖြစ်လို့ ဆွေးမြေ့လုနီးနီး ဖြစ်နေပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျနော့အစ်ကို သူ့သားကြီး သူ့ကိုပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးကို သိမ်းထားဆဲပေါ့။

၁၀နှစ် ခဏလေးပါ။ တကယ့်ကို ခဏလေးပါ။ အဖြူအစိမ်းလေးဝတ်လို့ ကျောင်းလိုက်ပို့ပေးခဲ့တဲ့ အချိန်ကစရင် အနှစ် ၂၀ ဝန်းကျင် ကျနော် အဖေ့အတွက် ဘာတွေလုပ်ခဲ့လဲ။ အဖေက ကောကျနော့အတွက် ဘာတွေလုပ်ခဲ့ဖူးလဲ။ စဉ်းစားကြည့်ရင် မျက်ရည်တွေကျလို့ ရှိုက်လို့ကို မဆုံးဘူး။ တစ်ညလုံးစဉ်းစားတာ ကုန်သွားတယ်ကိုးမရှိဘူး ခြေထောက်လေးနှစ်ချောင်းမပြီး ရှုရှူးတယ်တဲ့ အချိန်ကစလို့ ဟိုကနေ ဖုန်းဆက်ရင် ဘာလိုလဲ အမြဲမေးတဲ့အဖေ။ အဖေ့အကြောင်းတွေ တွေးလို့ တော်တော် ညဥ့်နက်မှ အိပ်ဖြစ်တယ်။

နောက်နေ့မနက် ကျတော့ သူငယ်ချင်းတွေနဲ့ ပဲခူးသွားဖို့စီးစဉ်ထားတာ အိပ်ယာထနောက်ကျပြီး ကမောက်ကမဖြစ်ခဲ့သေးတယ်။ ကျနော့ ချစ်သူက သွားဖို့ချိန်းထားတဲ့ အချိန် ၉ နာရီရောက်လို့ ဖုန်းဆက်တော့မှ နိုးတာလေ။ သူငယ်ချင်းတွေနဲ့ ခရီးမထွက်တာကြာပြီမလို့ စီစဉ်လိုက်တာပါ။ ပဲခူးက သူငယ်ချင်းတစ်ယောက်အိမ်မှာ ဂိမ်းတွေဆော့ကြ၊ ဂစ်တာတီးကြ၊ ပျော်ကြပါးကြပေါ့လေ။ ညနေစောင်းတော့ ဘုရားဖူးပြီး ရန်ကုန်အပြန် ညမိုးချုပ်မှရောက်ခဲ့ပါတယ်။ သိပ်ကိုပျော်ခဲ့ရတဲ့ နေ့လေးတစ်နေ့ပါပဲ။

ဆက်လက်ဖတ်ရှုပေးပါနော်.....။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁) မှ....

ဖေဖော်ဝါရီ ၆ ရက်၊ ကျနော်ဆိုတဲ့ ခပ်ဆိုးဆိုး သားတစ်ယောက်ကို အသက်နဲ့ရင်းပြီးမွေး၊ ဒုက္ခနဲ့ရင်းပြီးကျွေး၊ နှလုံးသားနဲ့ရင်းပြီးချစ်၊ ဘဝအတွေ့အကြုံတွေရင်းပြီး သွန်သင်ခဲ့တဲ့ အမေ့မွေးနေ့။ ဘယ်သူမှတော့ ထွေထွေထူးထူးမပါပါဘူး။ မိသားစုဝင် လေးယောက်ရယ်၊ ကျနော့ချစ်သူရယ် ပေါ့။ အမေ့မွေးနေ့အမီပြန်မလာနိုင်တဲ့ အစ်ကို့ကိုတော့ ဖုန်းခေါ်ပြီး တစ်ယောက်တစ်လှည့် ပြောဖြစ်ကြတာပေါ့။ ဆံပင်တွေဖြူ၊ အရေပြားတွေတွန့်လို့ အပြုံးကတော့ လှပနေဆဲ၊ အားအင်တွေပေးနေဆဲ။ ည ၇ နာရီ ကိုးရီးယားကားလာတော့ အမေ့ပေါင်လေး ခေါင်းအုန်းပြီး ကြည့်ဖြစ်သေးတယ်။ မနက်ဖြန်ဟင်းချက်ဖို့ ကြက်သွန်ဖြူလည်း ကူခွာပေးသေးတယ်။ ဟိုတစ်ချိန်က ဓားရှခဲ့ဖူးပေမယ့် အခုတော့ တော်တော့ကို ကျွမ်းကျင်နေပြီလေ။ တမြေတခြားမှာ အမေသင်ပေးထားတဲ့ ပညာလေးတွေနဲ့ ဘဝကို စိန်ခေါ်နေခဲ့တာကိုး။

နောက်သုံးရက်ကတော့ သူငယ်ချင်းတွေနဲ့တွေ့ရ လူကြုံပစ္စည်းပေးရနဲ့ ကုန်ဆုံးသွားပါတယ်။ ကြားထဲမှာ ချစ်သူနဲ့ အင်းယားကန်ဘောင်မှာ လေညှင်းသွားခံတာ၊ DotA လေးပြေးဆော့၊ လက်ဘက်ရည်ဆိုင်လေး ပြေးထိုင်တာတော့ ပါတာပေါ့လေ။ လမ်းထိပ်လက်ဘက်ရည်ဆိုင်က ကျဆိမ့်ကတော့ အရသာမပြောင်းသေး တစ်နှစ်ကျော် မဆော့ဖြစ်တဲ့ DotAကတော့ အလွဲလွဲအချော်ချော်။ လိုင်ကားတွေကတော့ ကြပ်နေမြဲ။ Air-Con Bus တွေများလာတာကလွဲရင် သိပ်မထူးခြား။ တချိန်က အုန်နာစပယ်ယာလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ-သီရိမင်္ဂလာဈေးကားလမ်းက ချိုင်တွေ ရှိနေဆဲ။ ခြေရာတွေထပ်ခဲ့တဲ့ ကားပွဲစားတန်းကလည်း လူတွေတိုးဝှေ့နေဆဲ။ ညဘက် ဘီယာဆိုင်တွေလည်း စည်ကားနေဆဲ။ အားလုံးဟာ ဟန်ချက်ညီညီ မပြောင်းလဲသလောက် လှုပ်ရှားနေကြဆဲပါ။

၁၀ ရက်နေ့က တရုတ်နှစ်သစ်ကူးနေ့လေ။ ရိုးရာမပျက်လေးတော့ လုပ်ဖြစ်ပါတယ်။ တကယ်တန်းပြောရရင် ကျနော်တို့ မိသားစုကိုးကွယ်ရာ ထေရဝါဒ သာသနာတော်နဲ့ဆိုရင်တော့ လမ်းကြောင်းနည်းနည်း လွဲနေတာပေါ့လေ။ တရုတ်ရိုးရာနဲ့ပတ်သတ်လို့ နှစ်ကူးတစ်ခါပဲ လုပ်ဖြစ်တာပါ။ တစ်နှစ်မှာတစ်ခါတည်းပါ။ အခြားတရုတ်ရိုးရာပွဲတော်တွေ တော့မလုပ်ဖြစ်ဖူးလေ။ နှစ်ကူးတောင် အမျိုးတွေကြားထဲ မကောင်းတတ်လို့လုပ်ရတာလေ။ တစ်နေလုံး စားကြသောက်ကြ၊ အမျိုးတွေလာကြ သွားကြနဲ့ပေါ့။

နောက်တစ်ရက် နှစ်ဆန်းတစ်ရက်နေ့ ကြတော့ မန္တလေးကရောက်နေတဲ့ ကြီးဒေါ်နဲ့ သူ့မြေးတွေနဲ့အတူ ကစားကွင်းတွေ တိရိစ္ဆာန်ရုံတွေ သွားဖြစ်ခဲ့ပါတယ်။ တူလေးတွေ တူမလေးတွေကြည့်ရတာ ပျော်လို့။ ကလေးသဘာဝ ဘာမှမသိ ရှင်းလင်းနေကြတဲ့စိတ်ကလေးတွေနဲ့ လွတ်လွတ်လပ်လပ် ကစားနေလိုက်ကြတာ။ အဲဒီဘဝလေး ပြန်တောင်ရောက်ချင်တယ်။ ငွေနောက်တကောက်ကောက်၊ ရည်မှန်းချက်တွေနောက် တကောက်ကောက် ဒီလိုနဲ့ပဲ ကိုအငဲပြောသလို လိုက်ရင်းပြေးရင်း ဖိနပ်လည်း ပါးလုပြီလေ။

ညနေကစားကွင်းကပြန်တော့ ဘဝဆိုတာကြီးကို လေးလေးနက်နက်ကြီး စဉ်းစားမိခဲ့တယ်။ အဖြေဆိုတာတော့မရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နေ့တစ်နေ့ကုန်ဆုံးခဲ့ပြန်ပြီလေ။ ပြန်ရောက်လို့ တစ်ပတ်ပြည့်သွားခဲ့ပြီပေါ့။

ဆက်လက်ဖတ်ရှုပေးပါနော်......။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)

ရန်ကုန်လေဆိပ် Immigration ကို ဖြတ်ခဲ့ပြီ။ ခွင့်လေး ၂ ပတ်လောက်ရတုန်း အပြးအလွှား ပြန်လာရတာ။ တရုတ်နှစ်ကူးနဲ့ weekends နဲ့ပေါင်းရင်တော့ ရက် ၂၀ လောက်ရတာပေါ့လေ။ ကျနော် ချစ်တဲ့ အမိမြေကိုခြေချပြီး ပထမဆုံးတောင့်တမိတာက တစ်နှစ်ကျော် ဝေးကွာနေတဲ့ အမေ့မျက်နှာ၊ အမေ့လက်ရာ။ ဟော… တွေ့ပြီ လည်တဆန့်ဆန့်နဲ့ မျှော်နေလေရဲ့။ ကျနော့ကို မြင်တော့ အပြုံးတွေဝေလို့။ လောကမှာ ကျနော် တန်ဖိုးအထားဆုံးဖြစ်တဲ့ အမေ့အပြုံးနဲ့ ရန်ကုန်မြို့ကို ခြေချလိုက်ပါပြီ။ လေယာဉ်ကွင်းကအထွက် ညီလေးမောင်းတဲ့ Mart-II ကို Air-Con မဖွင့်လို့ ပြောရသေးတယ်။ မနေတတ်တော့တာလေ။ အိမ်တန်းမပြန်သေးပဲ ဆိုင်မှာ အလုပ်ရှုပ်နေတဲ့ အဖေနဲ့အတူ လွမ်းလှပြီဖြစ်တဲ့ အမေ့ နေ့လည်စာနွေးနွေးကို စားဖြစ်ခဲ့ပါတယ်။

ဟင်းတွေကလည်း စုံလို့။ ကျနော် အကြိုက်ဆုံး ငါးကြီးဆီပြန် (ဟိုက ပင်လယ်ငါးတွေနဲ့များ ကွာပါ့)၊ သုံးထပ်သားနှပ်၊ အလယ်မှာက မုန်လာဥနဲ့ ကန်စွန်းရွက်ညို ချဉ်ရည်ဟင်း၊ ပန်းကန်သေးသေးလေးထဲမှာက ငရုတ်သီးမှုန့်ဝေ့နေတဲ့ ငါးပိရည်၊ အရွက်စိမ်းစိမ်းစုံစုံနဲ့ သခွားသီးပါတဲ့ ပန်းကန်ပြားက သူ့ဘေးမှာ၊ ကန်စွန်းရွက်ကို ငရုတ်သီးစိမ်း ဓားပြားရိုက်နဲ့ ခပ်စပ်စပ်လည်း ကြော်ထားသေးတယ်။ နေ့လည်စာစားပြီး ခဏနေတော့ အိမ်ပြန်ပါတယ်။ လမ်းမှာ ရွှေတိဂုံဘုရားကို ပြည်လမ်းကနေ လှမ်းပြီးဖူးခဲ့သေးတယ်။

ညနေစောင်းတော့ အမေနဲ့ နှစ်ယောက်သား ဘုရားကို ကျကျနနတက်ဖူး ဖြစ်တယ်။ ရွှေပိဿာချိန်ပေါင်း မြောက်မြားစွာကို ဖြတ်တိုက်လာတဲ့လေဟာ အသက်ရှူလမ်းကြောင်းကတဆင့် နှလုံးသားထဲကို ငြိမ့်ခနဲ စီးဆင်းသွားပါတယ်။ အဲဒီလေနဲ့အတူ အသိတစ်ခုပေါ်လာလေရဲ့ “သုံးလောကထွက်ထား ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမတွေကို နှစ်ပေါင်းတစ်ထောင့် ငါးရာကျော် မပျက်မစီး ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဒေသတစ်ခု”၊ “အမေနဲ့ ငါ နှစ်ယောက်ပိုင်တဲ့ ချက်ကြိုးကို ‘ဒါငါ့နိုင်ငံ၊ ငါ့တိုင်းပြည် ဟေ့’ လို့ ဂုဏ်ယူဝံ့ကြွားစွာပြောနိုင်ဖို့ မဟာပထဝီမြေကြီးမှာ သက်သေပြုမြှုပ်နှံခဲ့ရာ ဒေသ”။ ဒီမြေမှာမွေး၊ ဒီရေသောက်ပြီး ကြီးလာတဲ့ကျနော့အတွက် ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံတွေ ဘယ်လောက်ကောင်းကောင်းပါ။ သာသနာတော်တွင်း၊ တစ်မျိုးပြောရရင် ရပ်ပြစ်(၈)ပါးလွတ်ရာ ဒီနိုင်ငံမှာ လူလာဖြစ်ရတာကိုးက အားရကျေနပ်ဖို့ ကောင်းနေပြီ။

တစ်ညနေလုံး ဘုရားအရိပ် မှာခိုလုံလို့ ညနေ ၉နာရီခွဲလို့ ဘုရားပိတ်မှပဲ ပြန်ဖြစ်ခဲ့တယ်လေ။ အဲဒီနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ဖြန်ဆို အမေ့အသက် ၆၀ ပြည့်ပြီ။ မနက်ဖြန် အမေ့မွေးနေ့ ထပ်လာဦးမယ်။ တစ်နှစ်ကျော်ကျော် ဝေးကွာခဲ့ရတဲ့ ရွှေတိဂုံရင်ပြင်တော်ကြီးက မပြောင်းမလဲ ငြိမ်းချမ်းနေဆဲလေ။

ဆက်လက်ဖတ်ရှုပေးပါနော်......။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

တခါတခါ

တခါတခါ လိမ်နေမှန်းသိရက်နဲ့ မသိပါဘူးဆိုပြီး ပြန်လိမ်ပေးခဲ့ဖူးတယ်။
တခါတခါ မချစ်မှန်းသိရက်နဲ့ အားနာပါးနား ချစ်ပြခဲ့ဖူးတယ်။
တခါတခါ မချမ်းပေမယ့် ခပ်နွမ်းနွမ်းလေး ဖက်ပေးခဲ့ဖူးတယ်။
တခါတခါ ဇာတ်လမ်းထွင်ပြီး ပုံပြောခဲ့ဖူးတယ်။
တခါတခါ စိတ်ဆိုးသလိုနဲ့ တိတ်တခိုးရယ်ခဲ့ဖူးတယ်။
တခါတခါ Busy ဆိုပြီး Chatting ထိုင်ခဲ့ဖူးတယ်။
တခါတခါ အိပ်ချင်ယောင်ဆောင်ပြီး Post ရေးနေခဲ့ဖူးတယ်။
တခါတခါ မနိုးဘူးဆိုပြီး ဂိမ်းဆော့နေဖူးတယ်။
တခါတခါ ဘတ္ထရီမရှိဘူးဆိုပြီး ဖုန်းပိတ်ခဲ့ဖူးတယ်။
တခါတခါ …….. ဆိုပြီး………………..။

ဗီလိန်

သေမင်းနှင့် စီးချင်းထိုးခြင်း (၃)

ဒီတစ်ခါ အသံတိတ် တိုက်ပွဲဗျ။ သူကလည်း ကျနော့ကို အသံတိတ်၊ ကျနော်ကလည်း သူ့ကိုအသံတိတ် အသေအကြေကို ဖိုက်ခဲ့ရတာ။ နောက်ဆုံးတော့ ကျနော်ပဲနိုင်သွားတယ် ဆိုပါတော့။ ဟဲဟဲ ဘယ်ရမလဲ မင်းသားပဲ။ အဲလေ…မှားလို့ ဗီလိန်ပဲ။ အန်..ရှုပ်ကုန်ပြီ။ ကဲပါလေ။ ဗီလိန့်ဇာတ်မှာ ဗီလိန်က မင်းသားပဲဆိုပါတော့။ ဟုတ်တယ်မလား။

ကျနော် တချိန်က ဂျပန်သွားဖို့ စီစဉ်ခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရောက်ခဲ့တာက တပိုင်းပေါ့လေ။ ဆေးစစ်လွှာတွေ တွဲတင်ရမှာဖြစ်လို့ ဆေးသွားစစ်ရပါတယ်။ မှတ်မှတ်ရရ ဖေဖော်ဝါရီလကြီးပါ။ တိတိကျကျပြောရရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ စနေနေ့ပေါ့။ ဆေးစစ်တော့ ကျနော့သွေးကို ဖောက်ပါတယ်။ ပြီးတော့ သွေးရေကြည်ဆိုလားပဲ စစ်ထုတ်ရပါတယ်။ စစ်ထုတ်ပြီးလို့ ရလာတဲ့သွေးရည်ကြည်ကို ကိရိယာလေးတစ်ခုမှာ ထည့်ပြီးစစ်ရပါတယ်။ စစ်ရတဲ့ ကိရိယာလေးက ဖြူဖြူသွယ်သွယ် လေးထောင့်အပြားလေးပါ။ အကျယ်က ၁ စင်တီမီတာလောက်။ အရှည်က ၁၀ စင်တီမီတာလောက်ပါ။ အမြင့်ကတော့ ၅ မီလီမီတာလောက်ပဲရှိမယ်။

အဲဒီအပြားလေးရဲ့ တစ်ဘက်ထိပ်မှာ သွေးရည်ကြည်ထည့်ဖို့ နေရာအဝိုင်းလေးပါပါတယ်။ ပြီးတော့ သွေးက အချောင်းလေးတစ်လျှောက် စီးဆင်းသွားပြီး ပေါ်က Screen မှာ ဖော်ပြပါတယ်။ ဖော်ပြပုံက လိုင်း ၂လိုင်းရှိပါတယ်။ ပထမတစ်လိုင်းက Control Line အဲဒီလိုင်းပေါ်ရင် စစ်ဆေးမှုစပြီ။ ဒုတိယလိုင်းက Test Line ပါ။ အဲဒီလိုင်းပေါ်ရင်တော့ ရောဂါ Positive ပေါ့။ မပေါ်ရင်တော့ Negative ပေါ့။ ဆေးက သုံးမျိုးလောက် အဓိကစစ်ရတယ်။ အသည်း ဘီ၊ အသည်း စီ နဲ့ အိတ်ခ်ျအိုင်ဗီပေါ့။ အသည်း ဘီ။ နက်ကတစ်ဖ်၊ အသည်းစီ နက်ကတစ်ဖ်၊ အိတ်ခ်ျအိုင်ဗီ………………။ သေဘီ။ Testing က တဖြည်းဖြည်း ပေါ်လာပြီ။ ပေါ်လာပြီ။ ခပ်ရေးရေးလေးပေါ်ပြီး ရပ်သွားတယ်။ ထင်ထင်ပေါ်ပေါ်လည်းမဟုတ်။ မရှိတရှိဆိုပါတော့ဗျာ။ ဘုရား၊ ဘုရား ဒုက္ခပါပဲ။

သူကလည်းပိုပြီးထင်လာလေလေ… ကျနော့အတွေးက ခပ်ဝေးဝေးရောက်လေလေပဲ။ ဒီကိစ္စ အမေ့နဲ့ အဖေ့ကို ဘယ်လိုပြောရပါ့မလဲ…။ ချစ်သူနဲ့ ဘယ်လို…..။ သူငယ်ချင်းတွေကြားမှာ…။ ဆွေမျိုးတွေကြားထဲမှာ…။ ငါ့ရည်မှန်းချက်ကြီးတွေ…။ ငါကြိုးစားခဲ့သမျှတွေ…။ ငါ့မျှော်လင့်ချက်တွေ…။ ငါ့………..ငါ့။ အဝေးကြီးကိုရောက်ရှိသွားပါလေရော။

သူကလည်း အတော်အသင့်လေးထင်ပြီး ရပ်သွားပါတယ်။ ထင်တာတော့သေချာတယ်။ ဒါပေမယ့် ဝါးတားတားရယ်။ ဆေးစစ်တဲ့ အဒေါ်ကြီးကတော့ ပြောရှာပါတယ်။ စက်မှားတာနေမှာပါတဲ့။ ထပ်စစ်ကြည့်မယ်ဆိုတော့ ဆိုးလိုက်တဲ့ကံက စစ်စရာ ပစ္စည်းမရှိတော့ဘူးတဲ့ ဒုက္ခပဲ မိုးကလည်းချုပ်တော့မယ်။ နောက်နေ့မှ စစ်တာပေါ့တဲ့။ စက်ပျက်တာနေမှာပါတဲ့လေ။ နောက်နေ့ဆိုတာကလည်း တနင်္ဂနွေနဲ့ တနင်္လာ(ပြည်ထောင်စုနေ့)က ပိတ်တယ်တဲ့လေ။ အင်္ဂါကျမှ စစ်လို့ရမယ်တဲ့။ စဉ်းစားကြည့်ပါဦးဗျာ။ ဒီနှစ်ရက်ကို ဘယ်လိုအင်အားနဲ့ စခန်းသွားရမှာတုန်း။ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ တခြားဆေးခန်းသွားစစ်မယ်လို့ စဉ်းစားပြီးထွက်လာခဲ့တာ။ ဆေးခန်းရောက်တော့ မေးကြည့်တာ ၉၀၀၀ ကျပ်တဲ့လေ။ ၃၅၀၀ ပဲရှိတဲ့ကျနော် ရှက်လည်းရှက်ပါတယ်။ ရှက်ရှက်နဲ့ပဲ ထွက်လာခဲ့ရတာပေါ့။

ကဲပါ…ထားပါတော့လေ။ မရှိတာကအရေးမကြီးဘူး။ ရှိလာရင်ဘာလုပ်မလဲ။ ဘာလုပ်မလဲ။ ဘာလုပ်မလဲ။ အိမ်နားက ဆိုးတူကောင်းဘက် ငယ်ပေါင်းသူငယ်ချင်းကို ခေါ်ပြီး တိုင်ပင်ရပါတော့တယ်။ ပြောလိုက်တော့ သူလည်းတော်တော် စိတ်လေသွားပါတယ်။ ဘာတွေဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုစီစဉ်ကြမယ်ပေါ့။ ဒါတော့ အသေးစိတ်မပြောတော့ပါဘူး။ အဆိပ်ချိုချို နဲ့များ ခပ်ဆင်ဆင်တူမလားပဲ။ :) အိမ်ပြန်ရောက်တော့ အမေက “ဟဲ့… ဆေးစစ်တာ ဘာတဲ့လဲ” တဲ့လေ။ ကျနော်ဘာပြောရမှာလဲ။ အဖြေမထွက်သေးဘူးလို့ပဲ ပြောလိုက်မိပါတယ်။ ပြီးတော့ ထမင်းနည်းနည်းကို စားချင်ယောင်ဆောင်ပြီး အခန်းထဲတန်းဝင်ပြီး ခွေတော့တာပဲ အတွေးပေါင်းစုံ ရှုပ်ရှက်ခက်ပြီး ရူးချင်ချင်ဖြစ်သွားတဲ့ အမှတ်တရညလေးတစ်ညပါပဲ။

အင်္ဂါနေ့ရောက်တော့ နှစ်ကြိမ်တိုင်တိုင်ထပ်စစ်တာ Non-reactive တဲ့လေ။ တခါတခါ သေမင်းက သိပ်နောက်တာပဲနော်။ :) အောက်မှာ ဆေးစစ်တဲ့ ကိရိယာလေးကို နမူနာပြပေးလိုက်ပါတယ်။ ကျနော်စစ်တဲ့ စက်ကလေးက သူ့ထက် ဗျက်သေးတယ်ဗျ။ blogs.chron.com ကနေ ကူးယူတင်ပြလိုက်တာပါ။


သေမင်းနှင့် စီးချင်းထိုးခြင်း (၂)

သေမင်းနှင့် စီးချင်းထိုးခြင်း (၂) ကတော့ ကျနော်တင်ပြပြီးပြီဖြစ်တဲ့ စီးလေဦးဟဲ့ ၁၀၅ မှာ ဖတ်ရှုနိုင်ပါတယ်ဗျာ။

သေမင်းနှင့် စီးချင်းထိုးခြင်း (၁)

၁၀ ရက်? ဟုတ်လား။ အင်း မသေခင် ၁၀ ရက်မပြောခင် မသေခင် စက္ကန့်ပိုင်းလေးမှာ သေမင်းနဲ့ နပန်းလုံးထိုးသတ်ခဲ့တာလေးတွေ အရင်ဖောက်သည်ချပေးပါမယ်။ ကျနော် ၉ တန်းတုန်းက ဓမ္မစင်္ကြာရွတ် အသင်းမှာပါဝင်ပါတယ်။ တစ်နေ့ ကျနော်တို့မြို့ထိပ်မှာ နိုင်ငံအကြီးအကဲတစ်ယောက် ဦးစီးပြီးတည်ထားတဲ့ စေတီကြီးတစ်ခုရဲ့ ထီးတော်တင် မင်္ဂလာအခန်းအနားမှာ ကျနော်တို့အဖွဲ့က ဓမ္မစင်္ကြာရွတ်ဖို့သွားရပါတယ်။

အဲဒီနေ့က တစ်မြို့လုံးကလူတွေ စေတီကြီးရဲ့ ပတ်ပတ်လည်းမှာ စည်ကားနေတာပေါ့။ စည်ကားတာမှ မြို့လုံးကျွတ်ကို ရောက်ချလာကြတာ။ ဟင်းရွက်သည်၊ ငါးစိမ်းသည်က စလို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ အဲဒီထီးတင်မဲ့ နိုင်ငံ့အကြီးအကဲက ငွေ ၂ သိန်းဖိုး ရွှေမိုးငွေမိုး ရွာမတဲ့လေ။ အဲဒီတုန်းက ငွေနှစ်သိန်းကလည်း မသေးလှ ငွေစက္ကူ တစ်ထောင်တန်တစ်ရွက်ဆိုရင် လူတစ်ယောက် တစ်နေ့စားလို့ရတယ်။ ကျနော်တို့ အဖွဲ့လည်း စေတီကြီးရဲ့အနောက်ဘက်မုဒ် ရင်ပြင်တော်မှာ နေရာယူပြီး ရွတ်ဖတ်ပူဇော်စရာရှိတာပူဇော်ပြီး အခမ်းအနားမှာ ပါဝင်အားပေးနေတာပေါ့။

အခမ်းအနားအစီအစဉ်က ရွှေမိုးငွေမိုးရွာသွန်းဖြိုးမယ့် အချိန်ရောက်လာတော့ အဲဒီ အကြီးအကဲက ဉာဏ်တော် တစ်ရာကျော်လောက်ရှိတဲ့ ဘုရား ထီးတော်ပေါ်ကနေ ထောင်တန်ငွေစက္ကူ လက်တစ်ဆုပ်ကျဲချလိုက်တယ် ဆိုရင်ပဲမြို့နေလုထုကြီးက ပုရွတ်အုံကို ဒုတ်နဲ့ထိုးလိုက်သလို ရိတ်ခနဲ ကုန်းမြေပေါ်ကိုတက်ချလာပါတယ်။ ကျနော်လှည့်ကြည့်လိုက်တော့ သိပ်နောက်ကျသွားပြီ။

လူအုပ်ကြီးတက်လာလိုက်တာ နောက်ကလူတွေ တိုးလာရင်းက လူအုပ်ကြီးရဲ့ရှေ့ဆုံးက ဖြစ်နေတာက ကျနော်။ ကျနော့ရှေ့က ဝါးစည်းရိုးနဲ့အတူ ကျနော်လည်းကျသွားပါတော့တယ်။ ဝါးစည်းရိုးက ဝါးလုံးက ကျနော့ခြေမွဲရိုး(ညိုသူကြီး)ကို ကြက်ခြေခတ်ပုံစံ ကန့်လန့်ခံနေပါတယ်။ အဲဒီနောက်မှတော့ ကျနော့အပေါ်ကို နောက်တစ်ယောက် လဲကျလာပါတယ်။ ပြီးတော့ နောက်တစ်ယောက်….. နောက်တစ်ယောက်….. ပြီး…နောက်တစ်ယောက်။
ဘယ်နှယောက်တောင် ထပ်သွားတယ်မသိပါဘူး။ အသက်ရှုလို့ကို မရတော့ဘူး။ လက်တစ်ဘက်ကလဲ ကိုယ့်ကိုယ်နဲ့ ကိုယ်ပိနေပြီ။ ခြေမွဲရိုးကဝါးလုံးကလည်း အစွမ်းကို နာကျင်စေနေပြီ။ ကျနော် အားရှိသရွေ့အော်ပြီး အော်ဖို့အားမရှိတော့တဲ့ အဆုံးမှာ ကိုယ့်ကိုကိုယ် ဆုံးဖြတ်လိုက်တာက “ငါသွားပြီ၊ ငါနောက် စက္ကန့်ပိုင်းအတွင်း သေရတော့မှာပါလား” ဆိုပြီး ဘုရားကို အာရုံပြုမိလိုက်ပါတယ်။ တော်သေးတာပေါ့ အဲလိုစိတ်လေးဖြစ်မိတာ။ တကယ်လို့များ တကယ်သာသေသွားခဲ့ရင် ကောင်းရာသုဂတိလားမှာ သေချာတယ်။ :)

အဲဒီလို အာရုံပြုနေစဉ်အတွင်းမှာပဲ ကျနော့ ချိုင်းနှစ်ဘက်ကို တစ်ခုခုကဆွဲလိုက်သလို ခံစားလိုက်ရပါတယ်။ ကျနော်ထင်လိုက်တာ ငရဲသားတွေများ ကျနော့ကို အမှုစစ်ဖို့ခေါ်သွားပြီလားလို့။ မျက်စိဖွင့်လိုက်တော့မှ လုံခြုံရေးစစ်သားတွေ လူအုပ်ကြီးကို ထိန်းသိမ်းပြီး ကျနော့ကို ဆွဲထူလိုက်တာလေ။ ဝတ်ထားတဲ့ ဓမ္မစင်္ကြာ ဝတ်စုံလဲ ရွဲ့စောင်း ပေကျံလို့။ ခြေထောက်ကလည်း နာတာမှ ထောက်ကိုမထောက်နိုင်တော့တာ။ လက်တစ်ဖက်ကလည်း ပေါက်ပြဲ။ အဲလိုနဲ့ပဲ ဆိုက်ကားငှားပြီး အိမ်ပြန်ရောက်လို့တောင် ရန်ခုန်သံက တော်တော်နဲ့ကို မရပ်နိုင်ဖြစ်နေခဲ့ပါရောဗျာ။

ကဲ TAG ကြွေးမဆပ်ခင် ကောင်တာပြန်ဖိုက်လိုက်တယ်။ အိမ် နဲ့ မဆုမွန် ရေ။ သေမင်းနှင့် စီးချင်းထိုးခြင်း လေးများတက်ပေးနိုင်မလား။ ကြုံဖူးတယ် ဆိုရင်ပေါ့။ စိတ်ဝင်စားရင် မိခေါင် ပါပါတယ်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (အထူး)

ကျနော် တင်ပြခဲ့သော၊ ရေးခဲ့သော တုတ်တစ်ချောင်း၏အတ္ထုပ္ပတ္တိ ပို့စ်များမှာ မာတာပိတု မိဘ၊ အာစရိယ ဆရာသမားများကို ပြစ်မှားစော်ကားချင်စိတ် လုံးဝမပါပါ။ အနာဂတ်တွင် မိဘများ၊ ဆရာများ ဖြစ်လာကြမည့် သူများအတွက် အချို့အချို့သော အရာများကို သိမြင်စေရန် တတ်သလောက်မှတ်သလောက် တင်ပြခြင်းမျှသာဖြစ်ပါသည်။ လာရောက်အားပေးပြီး ကူညီအကြံပေး သုံးသပ်သူအားလုံးကိုလည်း ကျနော် ဗီလိန်က လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင် ဝမ်းသာမိပါကြောင်း…။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)

ဖြစ်ရပ်မှန်

၈နှစ်အရွယ်ခန့် ကလေးငယ်သည် သူ၏လွယ်ကြိုးနှင့် ဈေးဗန်းထဲမှ မုန့်များကို သေချာကျနစွာစီနေသည်။ အမေက ခပ်လှမ်းလှမ်းဘေးမှာထိုင်၍ ကွမ်းယာဝါးနေသည်။ ဘေးတွင်ထိုင်နေသော ဆိုက်ကားသမားက စီထားသောမုန့်များကို လက်ဖြင့် တွန်း၍ဖျက်ဆီးလိုက်သည်။
“ဟေးလူကြီး ဘာလုပ်တာလဲ မလုပ်နဲ့ဗျာ” ဟုပြောကာ ပြန်စီတော့ ဘေးက အမေက “ဟဲ့ လူကြီးကိုပြန်မပြောနဲ့လေ” ဟု ပြောကာ လက်ထဲမှ နိုင်တီတူးဘူးခွံနှင့် လှမ်းပေါက်သည်။ သို့သော် မထိလိုက်။ လူကြီးက ပြုံး၍ နောက်တစ်ကြိမ်ထပ်လုပ်သည်။ ဒီတစ်ခါ ကောင်လေးသည် လူကြီး၏လက်ကိုပါတွန်း၍ ဖယ်လိုက်သည်။ “ဟေ့လူ မလုပ်နဲ့ပါနဲ့ဆိုဗျာ။” သည်တစ်ကြိမ်တော့ အမေက အနားသို့လာ၍ “ဟဲ့… လူကြီးကို အဲလိုရိုင်းရလားဟဲ့” ဟု နားရင်းကို လှမ်းရိုက်သည်။

တစ်ချက်အရိုက်ခံလိုက်ရပြီဖြစ်သော ကောင်လေးသည် အတွေ့အကြုံကြောင့်လားမသိ နောက်တစ်ချက်မလာခင် ခုန်ပြီးထွက်ပြေးသွားသည်။ ပါးစပ်ကလည်း ဆဲနည်းမျိုးစုံ ပြည့်နှက်သွားသည်။

“ဟဲ့… သေနာကောင်လေး။ လာခဲ့စမ်း…ဒီကို၊ အရိုင်းအစိုင်းကောင်။ ဘယ်လိုပြောပြော ပြောမရဘူး။” လက်မှတွေ့ရာတုတ်ကောက်ကာ လိုက်ရိုက်သည်။
“ဒီကောင် တော်တော်ရိုင်းနေပြီ” ဟုလည်း လူကြီးကိုပြောလိုက်သေးသည်။ လူကြီးက အဲဒါကိုကြည့်ပြီး ဟာသတစ်ပုဒ်လို၊ လူရွှင်တော်ကြည့်သလို ကြည့်ပြီး ရယ်နေသည်။ “ဟိုလူကြီး လုပ်တာကြတော့ ဘာမှမပြောဘူး။ ကျုပ်ကိုပဲလိုက်ရိုက်နေတယ်။ အီး…ဟီး…” ငိုယိုပြီးပတ်ပြေးနေသည်။ မိသွားတော့ အမေက “နောက်ရိုင်းဦးမလား၊ လူကြီးကိုအဲလိုပြောဦးမလား” ဟု ပြောကာ သူဒေါသပြေသည်အထိ အဆက်မပြတ်ရိုက်လေတော့သည်။

မေးခွန်း။ ။ ရိုင်းသောသူ အစစ်က မည်သူပါနည်း။ သူတပါးစိတ်ဆင်းရဲအောင် စနောက်ခြင်းသည် ပျော်ရွှင်စရာတစ်ခုဖြစ်သင့်သည်ဟု ထင်ပါသလား။

မှတ်ချက်။ ။ ဒီတစ်ပုဒ်ကတော့ ကျနော့ကိုယ်တွေ့ စစ်စစ်ပါ။ မောင်သစ်ဆင်း အရေးအသားမျိုးရေး၍ တင်ပြလိုက်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)

ဖြစ်ရပ် (၃)

“ကဲဟယ်”
ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည် လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှု တို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောာက်လေးမှ မတွက်တတ်ဘူးလား… ဟင်။ ထောင်စမ်း၊ ညာဘက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ… လေးချောင်းထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း။ လေးချောင်း၊ ဟောဒီလို လေးချောင်း”
ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။
“ဟုတ်ပြီ ကဲ… ပေါင်းတော့၊ လေးနဲ့သုံးပေငါး၊ ဟဲ့… ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”
“တစ်…နှစ်…သုံး…ငါး…ခြောက်”
“ဘာ ‘သုံး’ပြီးရင် ဘာလဲ။ ဟဲ့… ‘သုံး’ပြီးရင် ဘာ…လဲ ဟား တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးဘားဟင်။ အဖျင်း၊ အ,အ၊ အတုံး၊ နင်တောတော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ် တို့ဆို အပေါင်းအနှုတ် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား… လက်ပိုက်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား… ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့၊ တိုင်မှာကြိုးတုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင် ဆော့ရလိမ့်မယ် မထင်နဲ့”
ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ် ဖြစ်ပါသည်။

မေးခွန်း။ ။ မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လေး။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)

ဖြစ်ရပ် (၂)

“ဗြန်း… ဗြန်း… ”
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) သည် ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ဝိုင်းကာ ဆရာမကို ကြည့်နေကြ၏။
‘ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း… ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။

“ကဲ… အားလုံး ‘ဏ’ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာလုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း… ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာ ထားကာ ခုံတွေပေါ်မှာ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။

ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် ‘ဏ’ကြီး အရေးမှားနေကြောင်း တွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေး ခေါ်လိုက်သည်။
“စည်သူအောင်… စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်။”
စည်သူအောင်သည် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ်လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း ခုံပေါ်မှာ ဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်”

မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာမရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့်နေရာက တစတစ နာကျင်၍လာသည်။ နဖူးမှာချွေးတွေ စို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက် နေရသည့်အဖြစ်။ ဒူးအောက် ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊ နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ ထွက်ခဲ့စမ်း ရှေ့ကို”
ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။

မေးခွန်း။ ။ အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်း ကူညီစိတ်ကို ပျိုးထောင် မပေးသင့်ဘူးလား။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)

ဖြစ်ရပ် (၁)

ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ ခုန်ကျော်၍လာသည်။ သူ့ မျက်နျာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ ငါ့သား…ကွ” ဟူသော အဖေ၏ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကိုမြင်နေရပြီ။

အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့်တို့ကို ခြေဖျားဖြင့် ခက်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာမအံ့သြနိုင်ဘဲ အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ…အမေရေ” ဟုအော်ခေါ်လာခဲ့၏။

အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ… ကျွန်တော်လေ စာမေးပွဲအောင်တယ်ဗျ၊ သိလား”
“ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ”
အနီးသို့ ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းကနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ ခံစားလိုက်ရပြီး မျက်စိထဲမှာ ဝင်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည်ရှေ့သို့ စိုက်ခနဲ ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသား နှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဗီရိုပေါ်ကကြိမ်လုံးကို ဆွဲယူလိုက်သည်။

“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း… ပထမကဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း… သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင်စကားစပ်ပြီးကြွားဦးမှာ၊ သူများကြွားတာခံရဦးမယ်။ တောက်…”
“ကိုင်း… လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။

မေးခွန်း။ ။ ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက်ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား …

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

အဆိပ်ချိုချို (၂)

ညာဘက်လက်ထဲမှာက တရားရုံးက ပူပူနွေးနွေးလက်မှတ်ထိုးလာတဲ့ တရားဝင်လက်ထက်စာချုပ်၊ ဘယ်ဘက်လက်မှာက မနေ့ညနေက မောင်ပေးတဲ့ ဆေးစစ်အဖြေလွှာစာရွက်လေး။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှုတွေ ပြည့်နှက်စွာနဲ့ပဲ ဘဝနှစ်ခုပေါင်းစည်းလိုက်ပြီ။ အမြဲတန်း တက်ကြွလန်းဆန်းနေတဲ့ မောင်ရဲ့ အရာရာကို စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေကို အသက်သွင်းဖို့၊ အဓိပ္ပာယ်မရှိတော့တဲ့ နေရက်တွေကို သာယာလှပဖို့ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်။ ဘယ်သူမဆို ဒီဆုံးဖြတ်ချက်ကို တော်ရုံနဲ့ လက်ခံနိုင်မှာ မဟုတ်သလို၊ အားလုံးကလည်း ဝိုင်းပြီး တားမြစ် ရှုတ်ချကြမှာ။ ဒါပေမယ့်…. ကျမလုပ်ခဲ့တယ်။ နောင်တမရှိ ဝေခွဲမှုမရှိကို လှိုက်လှိုက်လှဲလှဲကြီး လုပ်ခဲ့တာ….။

ဘာကြောင့်လဲ ဆိုတော့ ကျမက…. လူ။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ တိုတာမှ တော်တော့ကို တိုတာ။ တိုပါတယ်ဆိုတဲ့ အထဲ မောင့်ဆီမှာ ဒါမျိုး အဖြစ်နဲ့ လာကြုံနေရပြီ။ ကျမဘာလုပ်သင့်လဲ။ ဘာမလုပ်သင့်ဘူးလဲ။ လူတွေပြောတဲ့ လမ်းစဉ်တွေကိုရွေးရလောက်တဲ့ နှလုံးသားမာမာတစ်ခု ကျမမှာ မရှိဘူး။ ရှိတာကတစ်ခုပဲ။ မောင့်ကိုချစ်တယ်။ ဒီအချစ်အတွက် မိုက်ရူးရဲဆန်တယ်ဆိုလဲ ကျမအပြစ်နဲ့ကျမပါ။

ငွေနောက်တကောက်ကောက်လိုက်ရင်း ဝေးကွာနေရတဲ့ ချစ်သူတွေထက်စာရင်။ သေခါနီးချစ်သူရင်ခွင်ကို ခိုလုံပြီး ပြုစုပေးမယ်၊ ဖြည့်စည်းပေးမယ်၊ ကြင်နာပေးမယ်။ ရယ်စရာတွေပြောပြီးရယ်ကြမယ်။ မထိတထိလေးစပြီး ပါးပါးလေးစိတ်ကောက်ကြမယ် (ပြီးရင်ပြန်ချော့မယ်ပေါ့။)၊ ဝေဒနာတွေပြင်းထန်လာရင် လက်နှစ်ဘက်ကို ဆုပ်ထားမယ်။ အနမ်းလေးတွေနဲ့ မေ့ပျောက်စေမယ်၊ အတိတ်ဟောင်းက ချစ်စရာ တီတီတာတာတွေ ပြန်ပြောမယ် မျက်ရည်မထွက်အောင်ကြိုးစားမယ်။ နောက်ဆုံးထွက်သက်အထိ အားအင်အပြည်ဖြစ်နေစေမယ်။

ကျမအလှည့်ကျရင်ကော။ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေရှိတယ်၊ သူတို့အပြင် HIV ရောဂါတိုက်ဖျက်ရေးအတွက် အခမဲ့ မေတ္တာနဲ့လုပ်အားပေးနေကြတဲ့ နိုင်ငံအရပ်ရပ်က မေတ္တာရှင်ကြီးတွေရှိတယ်။ လှုပ်ရှားလုပ်ကိုင်နိုင်သေးသရွေ့ သူတို့နဲ့အတူ လုပ်ငန်းတွေဆောင်ရွက်ပေးမယ်။ ကိုယ်လိုလူတွေကို အားအင်တွေ၊ နွေးထွေးမှုတွေပေးမယ်။ သီချင်းတွေဆိုမယ်၊ အပြုံးတွေဖန်တီးမယ်။ မောင်မရှိတော့တဲ့နောက် မောင်လို၊ ကျမတို့လို ဝေဒနာရှင်တွေ အထီးကျန်မဆန်ရအောင် သူတို့ဟာ လူတွေဖြစ်နေကြသေးပါလားဆိုတဲ့ အသိတွေပေးမယ်။ ဘဝတူတွေအားလုံး လက်တွဲပြီး “သေမင်းဆိုတာဘာလဲဟေ့” ဆိုပြီးရဲရဲရင့်ရင့် ရင်ဆိုင်စေမယ်။ ကျမအိပ်ယာထဲမလဲခင်အထိပေါ့။ နောက်ဆုံး အညတရလေးကျမ ဘယ်သူ့ကိုမမှအသိမပေး တိတ်တိတ်လေးပဲ ထွက်သွားလိုက်တော့မယ်လေ။

အဆိပ်ချိုချို (၁)

ဒီနေ့ညနေက… ၄နာရီလောက်က သူ့ဆီဖုန်းလာတယ်။ “ရုံးဆင်းရင်တွေ့ရအောင်” တဲ့။ အသံကတမျိုးပဲ။ ထုံးစံအတိုင်း ဘောပွဲရှုံးလာပြီလို့ပဲ ထင်လိုက်တာပေါ့။ ဒီညနေ မအားဘူးဆိုပေမယ့် မကြာခင်မှာ စင်္ကာပူကိုသွားတော့မယ့် ကိုယ့်ချစ်သူက ခေါ်တာဆိုတော့ မငြင်းလိုက်ဘူးလေ။ တခြားကိစ္စတွေကနောက်မှ လုပ်လို့ရပါတယ်။ မောင်နဲ့တွေ့ဖို့က ရက်တွေသိပ်မကျန်တော့ဘူးလေ။ သွားပြီဆိုရင် နှစ်နဲ့ချီပြီးခွဲရတော့မှာ။

ညနေရုံးဆင်းလို့ ချိန်းတဲ့နေရာရောက်တော့ ၅နာရီခွဲနေပြီ။ နီကျင့်ကျင့် မိုးသားတွေအောက်မှာ တစ်ရက်တာနှုတ်ဆက်နေတဲ့ နေမင်းကြီးနဲ့အတူ မောင်ကို ဟိုးခပ်လှမ်းလှမ်းမှာတွေ့နေရပြီ။ အင်းယားကန်ဘောင်ကို ဖြတ်လာတဲ့ တဖျတ်ဖျတ်တိုက်နေတဲ့လေက တော်တော်ရှည်နေပြီ ဖြစ်တဲ့ မောင့်ဆံပင်ကို ဖြတ်တိုက်သွားလိုက်တဲ့ပုံက ကေသရာဇာခြင်္သေ့တစ်ကောင်က မာန်ဖီဟိန်းဟောက်လိုက် တဲ့အတိုင်း။ ဒါပေမယ့် လိုနေတာက မောင့်မျက်နှာ။ တော်ရုံ ခံစားချက် တစ်ခုကို မပေါ်အောင်ထိန်းချုပ်နိုင်တဲ့မောင်က ဒီတခါက ကြည့်ရုံနဲ့ မှန်းလို့ရတာ တော်ရုံပြဿနာတော့ မဟုတ်တော့ဘူး။ စင်္ကာပူသွားဖို့ကိစ္စပဲ ပျက်သွားလို့လား အိမ်နဲ့ပဲ ပြဿနာတက်လို့လား ပေါ့။

မျက်နှာမကောင်းတဲ့ကြား မောင်ပြောလိုက်တဲ့စကားက “မောင်တို့လက်ထပ်ကြရအောင်နော်”တဲ့ ကျမသိပ်ပျော်တာပဲ။ ဒါပေမယ့် ဘာလို့မျက်နှာမကောင်းဖြစ်နေရတာလဲ။ မောင် နောက်ထပ် စကားထပ်မပြောဘူး။ လက်ထဲကစာရွက်လေးကိုပဲ ကျမလက်ထဲထည့်ပေးလိုက်တယ်။ ကျမ မငိုဘူး။ မျက်ရည်တချို့ ဝိုင်းလာတဲ့ကြားက မောင့်ကို ပြုံးပြလိုက်တယ်။ ကလေးတစ်ယောက်က သူလုပ်နိုင်ပြီ ဆိုတာကို ပျော်ရွှင်အားရစွာ နဲ့ ပြုံးလိုက်တဲ့ အပြုံးမျိုးပေါ့။ မောင် ဘာလို့ ကျမကို ဒီလောက်ချစ်ရတာလဲလို့ စဉ်းစားမိတယ်။ ချစ်တယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်းအဓိပ္ပာယ် ဖွင့်လိုက်တာ။ ကျမနှလုံးသားကို သူတကယ်သိတာ။ တကယ်ကြီးကိုသိတာပါ။ ဒါကြောင့်လည်း ဒီလိုအချိန်မှာ ဘယ်သူမှပြောမှာမဟုတ်တဲ့ “လက်ထပ်မယ်” ဆိုတဲ့စကားကို မောင်ပြောခဲ့တာပေါ့။ သိပ်ပျော်တယ်မောင်။ မောင်ဒီစကားကို ပြောတာ ရင်ထဲမှာဘယ်လောက်ထိ ဆို့နင့်နေမယ်ဆိုတာ မပြောလဲသိနေပါတယ်။ သေရွာထိလိုက်ဖို့ ဝန်မလေးတဲ့ ချစ်သူကို အတူသေခွင့်ပေးတဲ့မောင့်ကို အရမ်းချစ်တယ်။

ဘာတွေ၊ ဘယ်လို၊ ဘာ့ကြောင့် မေးခွန်းတွေ မေးမနေတော့ပါဘူး။ အသုံးမကျတော့တဲ့ အတိတ်ထက်စာရင် ကျန်တဲ့ရက်တွေကို အဓိပ္ပာယ်ရှိအောင် စီစဉ်တာကအကောင်းဆုံးပဲလေ။ အစတည်းက မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်တဲ့ ကျမအတွက်တော့ ဘယ်သူ့ကိုမှ မယ်မယ်ရရတောင်းဆို အကြောင်းကြားစရာမလိုတာပဲ ကျေးဇူးတင်ရမယ်။ တခုတော့ရှိတာပေါ့။ မွေးပေးခဲ့တဲ့မိဘနှစ်ပါးကိုများ စော်ကားသလိုဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ် ကျမတကိုယ်ကောင်းဆန်လိုက်မိတယ်။ မိဘတွေအသက်ရှင်တုန်းက တတ်စွမ်းသလောက်တော့ ကျေးဇူးဆပ်ခဲ့ပါတယ်။ ဘဝဆိုတဲ့အချိန်တိုတိုလေးမှာမှ သိပ်မကျန်တော့တဲ့ အချိန်လေးအတွင်းကို ချစ်သူနဲ့ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချချင်တယ်လေ။ အားမရှိတော့တဲ့လက်တွေကို တွဲထားပေးချင်တယ်။ မျှော်လင့်ချက်မရှိတဲ့ အနာဂတ်ကို နေဝင်ချိန်တွေကြည့်ပြီး ပျော်ရွှင်နေချင်တယ်။ ကောင်းကင်မှာပျံနေတဲ့ ကျီးကန်းအုပ်ကိုရေတွက်ရင်း အချိန်ကုန်ချင်တယ်။ ချစ်သူ့ကိုယ်ငွေ့လေးကိုရှုရှိက်ရင်း ညတွေကိုဖြတ်ကျော်ချင်တယ်။ နာကျင်မှုတွေကို အနမ်းတွေနဲ့ဖြေဖျောက်ချင်တယ်။ ဒီလိုဖြစ်ချင်မယ်ဆိုတာကို သိလို့ တိတ်တိတ်လေးထွက်မသွားပဲ လက်ထပ်ခွင့်တောင်းခဲ့တဲ့မောင်။ သူ့မျက်ဝန်းထဲမှာလဲ ခိုးရှိုက်ထားတဲ့မျက်ရည်တချို့နဲ့။ သိပ်မကျန်တော့တဲ့ စက္ကန့်တွေအတွက် မနက်ဖြန်မှာရုံးတက်လက်မှက်ထိုးဖို့ ရဲရဲကြီး ဆုံးဖြတ်လိုက်ပြီလေ။