အဆိပ်ချိုချို (၁)

ဒီနေ့ညနေက… ၄နာရီလောက်က သူ့ဆီဖုန်းလာတယ်။ “ရုံးဆင်းရင်တွေ့ရအောင်” တဲ့။ အသံကတမျိုးပဲ။ ထုံးစံအတိုင်း ဘောပွဲရှုံးလာပြီလို့ပဲ ထင်လိုက်တာပေါ့။ ဒီညနေ မအားဘူးဆိုပေမယ့် မကြာခင်မှာ စင်္ကာပူကိုသွားတော့မယ့် ကိုယ့်ချစ်သူက ခေါ်တာဆိုတော့ မငြင်းလိုက်ဘူးလေ။ တခြားကိစ္စတွေကနောက်မှ လုပ်လို့ရပါတယ်။ မောင်နဲ့တွေ့ဖို့က ရက်တွေသိပ်မကျန်တော့ဘူးလေ။ သွားပြီဆိုရင် နှစ်နဲ့ချီပြီးခွဲရတော့မှာ။

ညနေရုံးဆင်းလို့ ချိန်းတဲ့နေရာရောက်တော့ ၅နာရီခွဲနေပြီ။ နီကျင့်ကျင့် မိုးသားတွေအောက်မှာ တစ်ရက်တာနှုတ်ဆက်နေတဲ့ နေမင်းကြီးနဲ့အတူ မောင်ကို ဟိုးခပ်လှမ်းလှမ်းမှာတွေ့နေရပြီ။ အင်းယားကန်ဘောင်ကို ဖြတ်လာတဲ့ တဖျတ်ဖျတ်တိုက်နေတဲ့လေက တော်တော်ရှည်နေပြီ ဖြစ်တဲ့ မောင့်ဆံပင်ကို ဖြတ်တိုက်သွားလိုက်တဲ့ပုံက ကေသရာဇာခြင်္သေ့တစ်ကောင်က မာန်ဖီဟိန်းဟောက်လိုက် တဲ့အတိုင်း။ ဒါပေမယ့် လိုနေတာက မောင့်မျက်နှာ။ တော်ရုံ ခံစားချက် တစ်ခုကို မပေါ်အောင်ထိန်းချုပ်နိုင်တဲ့မောင်က ဒီတခါက ကြည့်ရုံနဲ့ မှန်းလို့ရတာ တော်ရုံပြဿနာတော့ မဟုတ်တော့ဘူး။ စင်္ကာပူသွားဖို့ကိစ္စပဲ ပျက်သွားလို့လား အိမ်နဲ့ပဲ ပြဿနာတက်လို့လား ပေါ့။

မျက်နှာမကောင်းတဲ့ကြား မောင်ပြောလိုက်တဲ့စကားက “မောင်တို့လက်ထပ်ကြရအောင်နော်”တဲ့ ကျမသိပ်ပျော်တာပဲ။ ဒါပေမယ့် ဘာလို့မျက်နှာမကောင်းဖြစ်နေရတာလဲ။ မောင် နောက်ထပ် စကားထပ်မပြောဘူး။ လက်ထဲကစာရွက်လေးကိုပဲ ကျမလက်ထဲထည့်ပေးလိုက်တယ်။ ကျမ မငိုဘူး။ မျက်ရည်တချို့ ဝိုင်းလာတဲ့ကြားက မောင့်ကို ပြုံးပြလိုက်တယ်။ ကလေးတစ်ယောက်က သူလုပ်နိုင်ပြီ ဆိုတာကို ပျော်ရွှင်အားရစွာ နဲ့ ပြုံးလိုက်တဲ့ အပြုံးမျိုးပေါ့။ မောင် ဘာလို့ ကျမကို ဒီလောက်ချစ်ရတာလဲလို့ စဉ်းစားမိတယ်။ ချစ်တယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်းအဓိပ္ပာယ် ဖွင့်လိုက်တာ။ ကျမနှလုံးသားကို သူတကယ်သိတာ။ တကယ်ကြီးကိုသိတာပါ။ ဒါကြောင့်လည်း ဒီလိုအချိန်မှာ ဘယ်သူမှပြောမှာမဟုတ်တဲ့ “လက်ထပ်မယ်” ဆိုတဲ့စကားကို မောင်ပြောခဲ့တာပေါ့။ သိပ်ပျော်တယ်မောင်။ မောင်ဒီစကားကို ပြောတာ ရင်ထဲမှာဘယ်လောက်ထိ ဆို့နင့်နေမယ်ဆိုတာ မပြောလဲသိနေပါတယ်။ သေရွာထိလိုက်ဖို့ ဝန်မလေးတဲ့ ချစ်သူကို အတူသေခွင့်ပေးတဲ့မောင့်ကို အရမ်းချစ်တယ်။

ဘာတွေ၊ ဘယ်လို၊ ဘာ့ကြောင့် မေးခွန်းတွေ မေးမနေတော့ပါဘူး။ အသုံးမကျတော့တဲ့ အတိတ်ထက်စာရင် ကျန်တဲ့ရက်တွေကို အဓိပ္ပာယ်ရှိအောင် စီစဉ်တာကအကောင်းဆုံးပဲလေ။ အစတည်းက မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်တဲ့ ကျမအတွက်တော့ ဘယ်သူ့ကိုမှ မယ်မယ်ရရတောင်းဆို အကြောင်းကြားစရာမလိုတာပဲ ကျေးဇူးတင်ရမယ်။ တခုတော့ရှိတာပေါ့။ မွေးပေးခဲ့တဲ့မိဘနှစ်ပါးကိုများ စော်ကားသလိုဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ် ကျမတကိုယ်ကောင်းဆန်လိုက်မိတယ်။ မိဘတွေအသက်ရှင်တုန်းက တတ်စွမ်းသလောက်တော့ ကျေးဇူးဆပ်ခဲ့ပါတယ်။ ဘဝဆိုတဲ့အချိန်တိုတိုလေးမှာမှ သိပ်မကျန်တော့တဲ့ အချိန်လေးအတွင်းကို ချစ်သူနဲ့ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချချင်တယ်လေ။ အားမရှိတော့တဲ့လက်တွေကို တွဲထားပေးချင်တယ်။ မျှော်လင့်ချက်မရှိတဲ့ အနာဂတ်ကို နေဝင်ချိန်တွေကြည့်ပြီး ပျော်ရွှင်နေချင်တယ်။ ကောင်းကင်မှာပျံနေတဲ့ ကျီးကန်းအုပ်ကိုရေတွက်ရင်း အချိန်ကုန်ချင်တယ်။ ချစ်သူ့ကိုယ်ငွေ့လေးကိုရှုရှိက်ရင်း ညတွေကိုဖြတ်ကျော်ချင်တယ်။ နာကျင်မှုတွေကို အနမ်းတွေနဲ့ဖြေဖျောက်ချင်တယ်။ ဒီလိုဖြစ်ချင်မယ်ဆိုတာကို သိလို့ တိတ်တိတ်လေးထွက်မသွားပဲ လက်ထပ်ခွင့်တောင်းခဲ့တဲ့မောင်။ သူ့မျက်ဝန်းထဲမှာလဲ ခိုးရှိုက်ထားတဲ့မျက်ရည်တချို့နဲ့။ သိပ်မကျန်တော့တဲ့ စက္ကန့်တွေအတွက် မနက်ဖြန်မှာရုံးတက်လက်မှက်ထိုးဖို့ ရဲရဲကြီး ဆုံးဖြတ်လိုက်ပြီလေ။

7 comments:

Anonymous said...

အရေးအသားတွေ ကောင်းတယ်ဗျာ ကြိုက်တယ်ဆရာ
ဆက်ရေးဗျာ အားပေးတယ်။

ခေါင်ခေါင် said...

ကောင်းပါ၏။ ဂွတ်ပါ၏ ။ မိုက်ပါ၏ ။

ဖိုးဂျယ် said...

ကျွန်တော်လဲ အဲ့လိုဖြစ်ချင်လိုက်တာ ကိုဗီလိန်ရယ်။

ဗီလိန် said...

ဘယ်လိုဖြစ်ချင်တာတုန်းဟ။

sait phay yar said...

ကျမဇာတ်လမ်းလေးနဲ့တူလိုက်တာ..
စင်ကာပူသွားခံနီးပြောသွားတာဆိုတာ
တူတာမတနေရာဘဲလွဲတယ်..
နောက်ဘယ်တော့မှမလာတော့ဘူးတဲ့
တူတယ်နော်..း(
အရမ်းကောင်းပါတယ်..အရေးအသားကတော့ရှယ်ဘဲ
လာလည်ပါဦးနော်..

သံလွင် HeRo said...

ဩော်...အချစ်အတွက်နှစ်ယောက်စလုံးက
တစ်ခုခုကိုတော့စတေးခဲ့ရတာပဲ။ ကောင်းလေစွ...
ကောင်းလေစွ

ဖိုးဂျယ် said...

ကျွန်တော်က ဒီလာတာ သူ.ကို ဘာမှမပြောခဲ့ဘူး။ လေဆိပ်ရောက်မှ ဖုန်းလှမ်းဆက်လိုက်တာပါ။ တွေ.နေရင် စိတ်မခိုင်မှာစိုးလို.။ သူက သွားခါနီးလေဆိပ်ရောက်မှ ကျတော်သွားမှန်း သိတာ။ ကျတော် တော်တော်ပိန်းတဲ့ ခပ်ပိန်းပိန်းကောင်လေးပါ။