Showing posts with label တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ. Show all posts

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)

(၁)
"သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ" တဲ့။

ဘယ်သောကာလတုန်းက စတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းအပေါ် သြဇာကြီးခဲ့ပုံ ပေါ်တဲ့ ရှေးမြန်မာကြီးတစ်ယောက်ယောက်ရဲ့ အယူအဆဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော် ငယ်ငယ်တုန်းက အဘိုးအဘွားတွေ ပြောကြ ဆိုကြတာ ကြားခဲ့ဖူးပါတယ်။ တော်တော် ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက ချစ်မှန်းသိရင် ကဲတတ်တယ်၊ ရောင့်တက်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။ ကြာရင် ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း။ ကလေးဆိုတာ နှိမ်ထားမှ၊ ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် "ငယ်သော်ကားသား၊ ကြီးသော်ကျားတည့်၊ ငယ်သော် သမီး ကြီးသော်မီးတည့်" ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြတာပါ။ ဒဲဒီေ၇ှးဟောင်း အယူဟာ အခုချိန်ထိ အရှိန်မကုန်းသေးပါဘူး။

"အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်း မကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူး ဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီးငိုပြီဆိုရင် 'ဦးရာဂျူးရေ' လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီးတိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်" လို့ မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရားရှိတာကို ဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားလိုက်ရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက ကြောက်အောင် အလုပ်ခံရပုံကို သတိရမိသေးတော့။ ကွန်တော် ငိုကြောရှည်နေတဲ့အခါ ကျွန်တော့်ကို ထိန်တဲ့ အဒေါ်က "ဟာလ၀ါကြီးလာနေပြီ၊ လာနေပြီ" ဆိုလိုက်ရင် ချက်ချင်း အငိုတိတ်ရတော့တာ၊ ဟာလ၀ါ ဆိုတာ ဘာမှန်းမသိဘဲနဲ့ ကြောက်လိုက်ရတာလေ။ နောင်ကြီးလာမှ ဟာလ၀ါဆိုတာ အတော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးမှန်း သိရတော့တာ။

သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့မြင်ဖူးပါတယ်။ သူတို့ခမျာ သားသမ်ီးတွေရှေ့မှာ မျက်နှာကို တည်တည်ကြီး လုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီး ပြောကြရရှာပါတယ်။ ရိုက်နှက် အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း လက်မနှေးအောင် ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရိပ်တွေ မပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊ အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီး သရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့ ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့ အဲဒီလို ဖြစ်နေကြရတာလဲ။

“မှားယွင်းတဲ့ အယူအဆကို လက်ခံယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကို နားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ။” လို့ စိတ်ပညာ ဆရာတစ်ဦးက ဆိုပါတယ်။

=====================================================================
မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။


တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (အထူး)

ကျနော် တင်ပြခဲ့သော၊ ရေးခဲ့သော တုတ်တစ်ချောင်း၏အတ္ထုပ္ပတ္တိ ပို့စ်များမှာ မာတာပိတု မိဘ၊ အာစရိယ ဆရာသမားများကို ပြစ်မှားစော်ကားချင်စိတ် လုံးဝမပါပါ။ အနာဂတ်တွင် မိဘများ၊ ဆရာများ ဖြစ်လာကြမည့် သူများအတွက် အချို့အချို့သော အရာများကို သိမြင်စေရန် တတ်သလောက်မှတ်သလောက် တင်ပြခြင်းမျှသာဖြစ်ပါသည်။ လာရောက်အားပေးပြီး ကူညီအကြံပေး သုံးသပ်သူအားလုံးကိုလည်း ကျနော် ဗီလိန်က လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင် ဝမ်းသာမိပါကြောင်း…။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)

ဖြစ်ရပ်မှန်

၈နှစ်အရွယ်ခန့် ကလေးငယ်သည် သူ၏လွယ်ကြိုးနှင့် ဈေးဗန်းထဲမှ မုန့်များကို သေချာကျနစွာစီနေသည်။ အမေက ခပ်လှမ်းလှမ်းဘေးမှာထိုင်၍ ကွမ်းယာဝါးနေသည်။ ဘေးတွင်ထိုင်နေသော ဆိုက်ကားသမားက စီထားသောမုန့်များကို လက်ဖြင့် တွန်း၍ဖျက်ဆီးလိုက်သည်။
“ဟေးလူကြီး ဘာလုပ်တာလဲ မလုပ်နဲ့ဗျာ” ဟုပြောကာ ပြန်စီတော့ ဘေးက အမေက “ဟဲ့ လူကြီးကိုပြန်မပြောနဲ့လေ” ဟု ပြောကာ လက်ထဲမှ နိုင်တီတူးဘူးခွံနှင့် လှမ်းပေါက်သည်။ သို့သော် မထိလိုက်။ လူကြီးက ပြုံး၍ နောက်တစ်ကြိမ်ထပ်လုပ်သည်။ ဒီတစ်ခါ ကောင်လေးသည် လူကြီး၏လက်ကိုပါတွန်း၍ ဖယ်လိုက်သည်။ “ဟေ့လူ မလုပ်နဲ့ပါနဲ့ဆိုဗျာ။” သည်တစ်ကြိမ်တော့ အမေက အနားသို့လာ၍ “ဟဲ့… လူကြီးကို အဲလိုရိုင်းရလားဟဲ့” ဟု နားရင်းကို လှမ်းရိုက်သည်။

တစ်ချက်အရိုက်ခံလိုက်ရပြီဖြစ်သော ကောင်လေးသည် အတွေ့အကြုံကြောင့်လားမသိ နောက်တစ်ချက်မလာခင် ခုန်ပြီးထွက်ပြေးသွားသည်။ ပါးစပ်ကလည်း ဆဲနည်းမျိုးစုံ ပြည့်နှက်သွားသည်။

“ဟဲ့… သေနာကောင်လေး။ လာခဲ့စမ်း…ဒီကို၊ အရိုင်းအစိုင်းကောင်။ ဘယ်လိုပြောပြော ပြောမရဘူး။” လက်မှတွေ့ရာတုတ်ကောက်ကာ လိုက်ရိုက်သည်။
“ဒီကောင် တော်တော်ရိုင်းနေပြီ” ဟုလည်း လူကြီးကိုပြောလိုက်သေးသည်။ လူကြီးက အဲဒါကိုကြည့်ပြီး ဟာသတစ်ပုဒ်လို၊ လူရွှင်တော်ကြည့်သလို ကြည့်ပြီး ရယ်နေသည်။ “ဟိုလူကြီး လုပ်တာကြတော့ ဘာမှမပြောဘူး။ ကျုပ်ကိုပဲလိုက်ရိုက်နေတယ်။ အီး…ဟီး…” ငိုယိုပြီးပတ်ပြေးနေသည်။ မိသွားတော့ အမေက “နောက်ရိုင်းဦးမလား၊ လူကြီးကိုအဲလိုပြောဦးမလား” ဟု ပြောကာ သူဒေါသပြေသည်အထိ အဆက်မပြတ်ရိုက်လေတော့သည်။

မေးခွန်း။ ။ ရိုင်းသောသူ အစစ်က မည်သူပါနည်း။ သူတပါးစိတ်ဆင်းရဲအောင် စနောက်ခြင်းသည် ပျော်ရွှင်စရာတစ်ခုဖြစ်သင့်သည်ဟု ထင်ပါသလား။

မှတ်ချက်။ ။ ဒီတစ်ပုဒ်ကတော့ ကျနော့ကိုယ်တွေ့ စစ်စစ်ပါ။ မောင်သစ်ဆင်း အရေးအသားမျိုးရေး၍ တင်ပြလိုက်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)

ဖြစ်ရပ် (၃)

“ကဲဟယ်”
ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည် လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှု တို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောာက်လေးမှ မတွက်တတ်ဘူးလား… ဟင်။ ထောင်စမ်း၊ ညာဘက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ… လေးချောင်းထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း။ လေးချောင်း၊ ဟောဒီလို လေးချောင်း”
ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။
“ဟုတ်ပြီ ကဲ… ပေါင်းတော့၊ လေးနဲ့သုံးပေငါး၊ ဟဲ့… ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”
“တစ်…နှစ်…သုံး…ငါး…ခြောက်”
“ဘာ ‘သုံး’ပြီးရင် ဘာလဲ။ ဟဲ့… ‘သုံး’ပြီးရင် ဘာ…လဲ ဟား တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးဘားဟင်။ အဖျင်း၊ အ,အ၊ အတုံး၊ နင်တောတော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ် တို့ဆို အပေါင်းအနှုတ် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား… လက်ပိုက်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား… ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့၊ တိုင်မှာကြိုးတုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင် ဆော့ရလိမ့်မယ် မထင်နဲ့”
ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ် ဖြစ်ပါသည်။

မေးခွန်း။ ။ မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လေး။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)

ဖြစ်ရပ် (၂)

“ဗြန်း… ဗြန်း… ”
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) သည် ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ဝိုင်းကာ ဆရာမကို ကြည့်နေကြ၏။
‘ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း… ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။

“ကဲ… အားလုံး ‘ဏ’ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာလုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း… ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာ ထားကာ ခုံတွေပေါ်မှာ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။

ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် ‘ဏ’ကြီး အရေးမှားနေကြောင်း တွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေး ခေါ်လိုက်သည်။
“စည်သူအောင်… စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်။”
စည်သူအောင်သည် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ်လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း ခုံပေါ်မှာ ဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်”

မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာမရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့်နေရာက တစတစ နာကျင်၍လာသည်။ နဖူးမှာချွေးတွေ စို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက် နေရသည့်အဖြစ်။ ဒူးအောက် ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊ နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ ထွက်ခဲ့စမ်း ရှေ့ကို”
ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။

မေးခွန်း။ ။ အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်း ကူညီစိတ်ကို ပျိုးထောင် မပေးသင့်ဘူးလား။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)

ဖြစ်ရပ် (၁)

ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ ခုန်ကျော်၍လာသည်။ သူ့ မျက်နျာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ ငါ့သား…ကွ” ဟူသော အဖေ၏ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကိုမြင်နေရပြီ။

အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့်တို့ကို ခြေဖျားဖြင့် ခက်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာမအံ့သြနိုင်ဘဲ အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ…အမေရေ” ဟုအော်ခေါ်လာခဲ့၏။

အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ… ကျွန်တော်လေ စာမေးပွဲအောင်တယ်ဗျ၊ သိလား”
“ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ”
အနီးသို့ ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းကနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ ခံစားလိုက်ရပြီး မျက်စိထဲမှာ ဝင်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည်ရှေ့သို့ စိုက်ခနဲ ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသား နှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဗီရိုပေါ်ကကြိမ်လုံးကို ဆွဲယူလိုက်သည်။

“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း… ပထမကဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း… သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင်စကားစပ်ပြီးကြွားဦးမှာ၊ သူများကြွားတာခံရဦးမယ်။ တောက်…”
“ကိုင်း… လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။

မေးခွန်း။ ။ ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက်ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား …

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)