အဆိပ်ချိုချို (၂)

ညာဘက်လက်ထဲမှာက တရားရုံးက ပူပူနွေးနွေးလက်မှတ်ထိုးလာတဲ့ တရားဝင်လက်ထက်စာချုပ်၊ ဘယ်ဘက်လက်မှာက မနေ့ညနေက မောင်ပေးတဲ့ ဆေးစစ်အဖြေလွှာစာရွက်လေး။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှုတွေ ပြည့်နှက်စွာနဲ့ပဲ ဘဝနှစ်ခုပေါင်းစည်းလိုက်ပြီ။ အမြဲတန်း တက်ကြွလန်းဆန်းနေတဲ့ မောင်ရဲ့ အရာရာကို စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေကို အသက်သွင်းဖို့၊ အဓိပ္ပာယ်မရှိတော့တဲ့ နေရက်တွေကို သာယာလှပဖို့ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်။ ဘယ်သူမဆို ဒီဆုံးဖြတ်ချက်ကို တော်ရုံနဲ့ လက်ခံနိုင်မှာ မဟုတ်သလို၊ အားလုံးကလည်း ဝိုင်းပြီး တားမြစ် ရှုတ်ချကြမှာ။ ဒါပေမယ့်…. ကျမလုပ်ခဲ့တယ်။ နောင်တမရှိ ဝေခွဲမှုမရှိကို လှိုက်လှိုက်လှဲလှဲကြီး လုပ်ခဲ့တာ….။

ဘာကြောင့်လဲ ဆိုတော့ ကျမက…. လူ။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ တိုတာမှ တော်တော့ကို တိုတာ။ တိုပါတယ်ဆိုတဲ့ အထဲ မောင့်ဆီမှာ ဒါမျိုး အဖြစ်နဲ့ လာကြုံနေရပြီ။ ကျမဘာလုပ်သင့်လဲ။ ဘာမလုပ်သင့်ဘူးလဲ။ လူတွေပြောတဲ့ လမ်းစဉ်တွေကိုရွေးရလောက်တဲ့ နှလုံးသားမာမာတစ်ခု ကျမမှာ မရှိဘူး။ ရှိတာကတစ်ခုပဲ။ မောင့်ကိုချစ်တယ်။ ဒီအချစ်အတွက် မိုက်ရူးရဲဆန်တယ်ဆိုလဲ ကျမအပြစ်နဲ့ကျမပါ။

ငွေနောက်တကောက်ကောက်လိုက်ရင်း ဝေးကွာနေရတဲ့ ချစ်သူတွေထက်စာရင်။ သေခါနီးချစ်သူရင်ခွင်ကို ခိုလုံပြီး ပြုစုပေးမယ်၊ ဖြည့်စည်းပေးမယ်၊ ကြင်နာပေးမယ်။ ရယ်စရာတွေပြောပြီးရယ်ကြမယ်။ မထိတထိလေးစပြီး ပါးပါးလေးစိတ်ကောက်ကြမယ် (ပြီးရင်ပြန်ချော့မယ်ပေါ့။)၊ ဝေဒနာတွေပြင်းထန်လာရင် လက်နှစ်ဘက်ကို ဆုပ်ထားမယ်။ အနမ်းလေးတွေနဲ့ မေ့ပျောက်စေမယ်၊ အတိတ်ဟောင်းက ချစ်စရာ တီတီတာတာတွေ ပြန်ပြောမယ် မျက်ရည်မထွက်အောင်ကြိုးစားမယ်။ နောက်ဆုံးထွက်သက်အထိ အားအင်အပြည်ဖြစ်နေစေမယ်။

ကျမအလှည့်ကျရင်ကော။ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေရှိတယ်၊ သူတို့အပြင် HIV ရောဂါတိုက်ဖျက်ရေးအတွက် အခမဲ့ မေတ္တာနဲ့လုပ်အားပေးနေကြတဲ့ နိုင်ငံအရပ်ရပ်က မေတ္တာရှင်ကြီးတွေရှိတယ်။ လှုပ်ရှားလုပ်ကိုင်နိုင်သေးသရွေ့ သူတို့နဲ့အတူ လုပ်ငန်းတွေဆောင်ရွက်ပေးမယ်။ ကိုယ်လိုလူတွေကို အားအင်တွေ၊ နွေးထွေးမှုတွေပေးမယ်။ သီချင်းတွေဆိုမယ်၊ အပြုံးတွေဖန်တီးမယ်။ မောင်မရှိတော့တဲ့နောက် မောင်လို၊ ကျမတို့လို ဝေဒနာရှင်တွေ အထီးကျန်မဆန်ရအောင် သူတို့ဟာ လူတွေဖြစ်နေကြသေးပါလားဆိုတဲ့ အသိတွေပေးမယ်။ ဘဝတူတွေအားလုံး လက်တွဲပြီး “သေမင်းဆိုတာဘာလဲဟေ့” ဆိုပြီးရဲရဲရင့်ရင့် ရင်ဆိုင်စေမယ်။ ကျမအိပ်ယာထဲမလဲခင်အထိပေါ့။ နောက်ဆုံး အညတရလေးကျမ ဘယ်သူ့ကိုမမှအသိမပေး တိတ်တိတ်လေးပဲ ထွက်သွားလိုက်တော့မယ်လေ။

3 comments:

sait phay yar said...

ဟာအပျော်လေးတွေတွေးလို့မ..မပြီးသေးဘူးသတ်လိုက်ပြီ...ပျော်ပါစေဦးလား
ဇာတ်လမ်းကအရမ်းရှိန်တက်ပြီး..အင်းရက်စက်လိုက်တဲ့ကံကြမ္မာရယ်နော်

Anonymous said...

ထိတယ်ဗျာ မထင်မှတ်တဲ့ ဇာတ်သိမ်းပဲ
ဇာတ်သိမ်းလေး အရမ်းလှတယ်
ဆက်ရေးဗျို့

ဇင်ယော် said...

ဇာတ်လမ်းလေးက ခံစားရတယ်ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူလို့  လက်တွဲပြီး ရဲရဲ ရင်ဆိုင်ကြမယ်ပေါ့။ ဇာတ်သိမ်းလေးက အရမ်းကိုကောင်းပါတယ်ဗျာ။