မမေ့နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု

ကျနော် တချိန် ကျောက်လောကမှာ ကျင်လည်ခဲ့တုန်းက အကြောင်းလေး ပြောပြချင်တယ်ဗျာ။ ကျောက်လောက ဆိုတာကလည်း ပြောရခက်သား။ လူတွေသိနေတဲ့ပွဲစား ဆိုတာထက် ပိုပြီးခြေလိမ်တဲ့သူတွေပေါ့။ ကျောက်လောကရဲ့ စည်းကမ်းတွေအရ ပြောပြီးစလစ်၊ ကိုယ်ဖြစ်ကိုယ်ခံ၊ အကြံတူရင် ဦးသူစား ဆိုတော့ကား တော်တော်လေးကို မလွယ်တဲ့ ထုံးစံကြီးပါ။ ဂတုံးပေါထိပ်ကွက်ဖို့ ချောင်းနေကြတာဆိုတော့ မြွေမြွေချင်းခြေမြင် ဖို့ကလည်း အရေးကြီးတာပေါ့။

ကျောက်သမားတွေ အခေါ်အဝေါ်တွေအရ ဘုရားစူးစိန်ဆိုတာ စိန်စစ်စစ်ကိုပြောတာပါ။ “ဘုရားစူးရပါစေဗျာ။ စိန်အစစ်ပါ” လို့ဆိုတဲ့ သဘောပေါ့လေ။ အဲဒါကို လုပ်ချင်တဲ့သူက ဘာပြောတယ်မှတ်လဲ ဘုရားဖူးစိန် တဲ့လေ။ သိပ်ပြီးမနူးမနပ်ဆို ခံပေါ့။ ဘုရားဖူးစိန် ဆိုမှတော့ ဘုရားဖူးရုံပဲလေ။ စစ်တယ်မစစ်ဘူးမှ မပြောတာ။ ပြောင်ခေါင်းစိမ်းဆိုတဲ့ ကျောက်ကိုလည်း ဖန်ခေါင်းစိမ်း၊ ကော်နဲ့ကပ်ထားတဲ့ ပတ္တမြားကိုလည်း ကပ်ထည်ဆို ကပ်တယ်ပေါ့။ အဲလိုမပြောဘူး။ နှစ်လွှာပတ္တမြား တဲ့လေ။ မသိရင်ပဲ မင်းတုန်းမင်းကြီး နားမှာပန်တဲ့ ပတ္တမြားလိုလိုနဲ့။ အများကြီးပေါ့ဗျာ။ ကျနော်လည်း မေ့တဲ့ဟာမေ့ကုန်ပြီ။ တော်တော်လေး စကားကြွယ်ကြတဲ့ လူတွေ။ အဲလိုမျိုး ခံလိုက်ရတဲ့သူဆိုရင်လည်း ရောင်းသူမှာ အပြစ်မရှိ။ ဝယ်သူက အသုံးမကျမှုပဲလေ။

ကျနော့ အသိထဲက မိတ်ဆွေတစ်ယောက်က အရင်က ရှေ့နေ၊ အခု(အဲဒီ အချိန်တုန်းက) ကျောက်သမား၊ ကျောက်ပွဲစား။ သူ့ကိုကျနော်ကြားဖူးတဲ့ စကားလေးတစ်ခွန်း ပြောပြဖူးတယ်။ လောကကြီးမှာ လူသုံးမျိုးရဲ့စကားဆို သတိထားတဲ့။ အဲ့ဒီ သုံးမျိုးက ကျောက်သမား၊ ရှေ့နေ၊ ပွဲစား တဲ့။ တွေးကြည့်တိုင်းကို ရယ်ချင်ပက်ကျိ။ ရှေ့နေလုပ်တဲ့သူက အနားယူပြီး ကျောက်သမား၊ ပွဲစားလာလုပ်နေတယ် ဆိုတော့ဗျာ။ ခန္ဓာကိုယ်ရဲ့ အရိုးမရှိတဲ့ တစ်နေရာကတော့ အနားကိုမယူရတော့ဘူး။ သူ့စကားဆိုလည်း ချင့်ယုံပေါ့။

မကောင်းတာတွေ ပြောနေပေမယ့် ကောင်းတာလေးတွေတော့ရှိသား။ ကျောက်သမား အများစု (တချို့တလေတော့ မပါဘူးပေါ့လေ။) အထူးသဖြင့် တကယ်တမ်း ကျောက်လောကမှာ ကျင်လည်နေကြသူတွေက ကိုယ့်စကားကိုတော့ တန်ဖိုးထားကြပါတယ်။ ပြောပြီးစလစ် ဆိုတာမျိုးပေါ့။ ကိုယ်ပြောပြီးသားဖြစ်နေရင် ငွေဘယ်လောက်ကွာကွာ ဂရုမစိုက်တော့ဘူး။ စကားတည်ဖို့ပဲစဉ်းစားတော့တယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်။ တစ်ချက်လောက်ငြိရင် အိကနဲရတဲ့ အခြေအနေမျိုးတွေ ဖန်တီးနိုင်စွမ်းရှိသကိုး။

ကျောက်လောကမှာ ကျောက်ကြီးသမားနဲ့ ကျောက်သေးသမားဆိုပြီး ၂-မျိုးရှိတယ်ဗျ။ ၁-ရတီမှာ ၅-လုံး၊ ၁၀-လုံး၊ အလုံး-၂၀ စသဖြင့်ပါတဲ့ ၁၀-လုံးစီး၊ ၂၀-စီးလို့ခေါ်တဲ့ ကျောက်သေးကိုင်တဲ့ ကျောက်သေးသမား နဲ့ တစ်လုံးထဲကို ၀.၅-ရတီ(ငါးမူးကိုက်)၊ ၁-ရတီ၊ ၂-ရတီကနေ ဒီထက်ကြီးတဲ့ ရှိတဲ့ ကျောက်တွေကိုင်တဲ့ ကျောက်ကြီးသမားပေါ့။

ကျောက်သေးသမားတွေကတော့ စံဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့ စံချိန်တွေနဲ့ကိုက်တဲ့ ပုံမှန်ဈေးနဲ့ အလုပ်လုပ်ကြတာလေ။ ဈေးနည်းရင်နည်းတယ်။ များရင်များတယ် ရှင်းတယ်။ ကားဈေးကွက် အိမ်ဈေးကွက်လိုမျိုးပဲပေါ့။

ကျောက်ကြီးသမားတွေ အတွက်ကတော့ ဈေးများသွားလည်း ငါ့ကို ဈေးမှန်နဲ့မရောင်းဘူး ဆိုတာမျိုးမရှိသလို။ ဈေးနည်းသွားလည်း အချောင်ရလိုက်တယ် ဆိုတာမျိုး သဘောမထား။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်က ပါးစပ်ထဲက ဈေးကွက်လေ။ စံချိန်တွေနဲ့ကိုက်ထားတဲ့ ဈေးကြမ်းက လွဲရင် ကြိုက်ဈေးနဲ့ပဲ အလုပ်လုပ်ကြတာကိုး။ ကြိုက်ဈေးဆိုတာကို တိတိကျကျ ထပ်ခွဲပြောရရင်
၁) ရောင်းသူ၏ ကြိုက်ဈေး = ဈေးကြမ်း + ဝယ်မည့်သူ၏ တန်ဖိုးထားမှု + ဝယ်မည့်သူ၏ ဝယ်နိုင်မည့် အမြင့်ဆုံးဈေး
ဝယ်သူ၏ တန်ဖိုးထားမှု ဆိုတာ ဘာအတွက်ဝယ်မှာလဲ၊ ဘယ်သူ့အတွက်ဝယ်မှာလဲ၊ ဘာလုပ်ဖို့ဝယ်မှာလဲ နဲ့ အခြားအကြောင်းတွေကို ဆိုလိုပါတယ်။ ဝယ်မယ့်သူက အမေ့အတွက် လက်ဆောင်ဝယ်ပေးမှာလား။ ချစ်ချစ်အတွက်လား။ ပေးကမ်းဂါရဝပြုရမယ့်သူအတွက်လား။ ဒါမျိုးဆို ထိထိမိမိလေးနှပ်ပေတော့။ ကျောက်သမားချင်း ဝယ်ရောင်းဆိုရင်တော့ သိပ်နှပ်လို့မရ။
၂) ဝယ်သူ၏ ကြိုက်ဈေး = ဈေးကြမ်း + ရောင်းမည့်သူ၏ အနေအထား + ရောင်းမည့်သူ၏ ရောင်းနိုင်မည့် အနိမ့်ဆုံးဈေး
ရောင်းသူ၏ အနေအထားဆိုတာက ဘာအတွက်ရောင်းတာလဲ၊ ဘာကြောင့်ရောင်းတာလဲ နဲ့ အခြားအကြောင်းတွေကို ဆိုလိုပါတယ်။ ရောင်းမယ် သူက စမောလေးကို အိမ်ခန်းငှားထားပေးဖို့လား။ ဗိုက်နာလို့ ရောင်းတာလား။ မိန်းမကလေးမွေးဖို့ ရောင်းတာလား။ စသဖြင့်ပေါ့လေ။

ဥပမာပြောရရင် ကျနော်ကြားဖူးတာ ဂျူးလူမျိုးတစ်ယောက်ဆီက သိန်း-၁၀၀နဲ့ ခေါ်ထားတဲ့ စိန်တစ်လုံးကို အင်္ဂလန်က တော်ဝင်မိသားစုထဲက တစ်ယောက်က သူ့ဇနီးလောင်းကိုဝယ်ပေးဖို့ လိုချင်တော့ ဈေးမေးလိုက်တာ အဲ့ဒီဂျူးက ချက်ချင်းပဲ သိန်း-၂၀၀ ဖြစ်သွားသတဲ့။ သိန်း-၂၀၀လည်း ဝယ်သွားပါတဲ့အပြင် သူက ဂျူးကိုကျေးဇူးတောင် တင်သွားပါသေးတယ်။ ဒါဘာကြောင့်ပါလဲ။ အရင်ဈေးသိန်း-၁၀၀နဲ့ ဝယ်ရင် သူ့ဇနီးလောင်းအတွက် သိန်း-၁၀၀တန် စိန်ကိုဝယ်ပေးရာရောက်ပြီး။ အခုဈေး သိန်း-၂၀၀နဲ့ ဝယ်တော့ သိန်း-၂၀၀တန် ဝယ်ပေးတယ်ရယ်လို့ ဖြစ်သွားပြီလေ။ အဲဒါကို ကျောက်လောကလို့ခေါ်သဗျ။

ဒါတင်မဟုတ်သေးပါဘူး နောက်တစ်မျိုးက ကိုယ်တွေ့လေးပါ။ ကျနော့ဆရာနဲ့ တောင်ကြီးကို ရောက်တုန်းကပေါ့။ ဆရာ့ဆီက ပညာတွေ တော်တော်ရလိုက်သလို ကျောက်သမားဆိုတာ ဒါပါလားလို့ တော်တော်နားလည်သွားတယ်။ ဒီလိုဗျ တောင်ကြီးသွားတာကလည်း ကျောက်အရောင်းအဝယ်ကိစ္စပဲ။ ဟိုရောက်လို့ ၂ရက်လောက်နေတော့ တခြားကျောက်သမား တစ်ယောက်က ကျောက်လေးတစ်လုံး ပြချင်လို့တဲ့လေ။ ဆရာကလည်း လက်ခံပြီး ချိန်းလိုက်တာပေါ့။ ဟိုတယ်မှာ နေ့လည်ပိုင်း ကော်ဖီသောက်ရင်းပေါ့။

လူရောက်လာတော့ စတိုင်ပန်နဲ့ အင်္ကျီလက်ရှည်နဲ့ သေသေချာချာ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ အိန္ဒိယကပြား တစ်ယောက်ပါ။ အသားကဖြူဖြူ ရုပ်ကဖြောင့်ဖြောင့်နဲ့ပါ။ အချင်းချင်းမိတ်ဆက် ကော်ဖီသောက်ရင်း ကျောက်ထုတ်ပြတော့။ အရည်တော်တော်ကောင်းတဲ့ ပတ္တမြားလို့ထင်ရတဲ့ Gernet ကျောက်နီလေးတစ်လုံးပါ။ မြန်မာငွေ ၅၀၀-ကျပ် လောက်ပဲတန်ပါတယ် သဘာရင့် ဆရာအတွက်က ခွဲနိုင်ပေမယ့် တော်ရုံလုပ်သက်နဲ့ ခွဲလို့မရနိုင်တဲ့ ကျောက်တစ်လုံးဖြစ်လို့ မသိရင်ခံသွားရနိုင်ပါတယ်။ ဒါကိုဆရာကသိပေမယ့် ငါ့ကိုလုပ်ရကောင်းလားလို့ ဒေါသလုံးဝထွက်မလာပါဘူး။ ဘယ်ဈေးလဲလို့မေးပါတယ်။ သူက ဆရာပဲသတ်မှတ်ပါတဲ့။ ဆရာကလည်း မသတ်မှတ်ပဲ သူ့ကိုထပ်ပြောခိုင်းပါတယ်။ သူကပြောပါတယ်။ “၈သိန်းခွဲပဲပေးပါ” တဲ့လေ။ ဒီနေရာမှာ တော်ရုံပုံမှန်သူဆို ထရိုက်ဖို့ပဲရှိပါတယ်။ ဆရာက ဒီမှာလည်း ဘာမှမဖြစ်သေးပါဘူး။ “ကျနော်အဲလောက်မပေးနိုင်ဘူးဗျာ” တဲ့။ အဲဒီတော့သူက “ဒါဆိုလည်း ဆရာပေးနိုင်မယ့် ဈေးကိုပြောပါ ကျနော်လျှော့ပေးနိုင်ရင် လျှော့ပေးရမှာပေါ့” လို့ပြန်ပြောပါတယ်။ ဆရာကလည်း ခပ်တည်တည်နဲ့ပဲ “ကျနော် ၃၀၀ ပေးမယ်ဗျာ”။ အဲဒီတော့သူကလည်း ခပ်တည်တည်ပဲ “၅၀၀တော့ပေးပါဗျာ။ ကျနော့အတွက် လက်ဘက်ရည်ဖိုးလေးပေါ့” တဲ့လေ။ အဲလိုနဲ့ အဲ့ဒီကျောက်က အရောင်းအဝယ် ဖြစ်သွားတဲ့အပြင် သူတို့ ၂ယောက်က နောက်ပိုင်းမှာ အတော်လေးရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက်မိတ်ဆွေတွေ ဖြစ်သွားကြလေရောဗျာ။ နားကိုမလည်နိုင်အောင်ပါပဲ။ မိတ်ဆွေဆိုတာကို ကျွမ်းကျင်မှုဘယ်လောက်ရှိပါတယ် ဆိုတာနဲ့ပါ အရောင်းအဝယ်ထည့် လုပ်လိုက်သလိုပဲ။

ကဲစဉ်းစားသာ ကြည့်ပါတော့ဗျာ ကျောက်လောကဆိုတဲ့ အသိုင်းအဝိုင်းကို။ ဘာပဲဖြစ်ဖြစ် လူဆိုတဲ အတ္တသမားတွေဆိုပေမယ့် တခြားလောကနဲ့မတူတဲ့ ဟန်ချက်လေးတွေနဲ့ ရှင်သန်နေတဲ့ အဲဒီလောကကို ကျနော်နှစ်သက်နေဆဲပါဗျာ……..။

ဗီလိန်

11 comments:

Dream said...

လောကမှာ ကျောက်သမား၊ ရှေ့နေ၊ ပွဲစား မယုံရဘူး
လား။ မှတ်သားသွားပါတယ်.. နောက်ဆို လုံးဝကို
မယုံတော့ဘူး..
ဟီးဟီး... ဘီဘီစကားရောပဲမယုံတော့ဘူး.. :P :P

ပွဲစားစကားတွေရော၊ အထာတွေရော မှတ်သားသွားတယ်
မက်မက်တို့အိမ်ကလည်း အရင် က ကျောက်သွေးစက်
ရုံထောင်ထားသေးတယ်.. အဲလိုပဲပွဲစားတွေနဲ့တွေ့ရတာ
ပဲ.. မေမေက ကျောက်စိမ်းတို့ပတ္တမြားတို့ကျောက်
တွေကိုရောင်းတယ်လေ..
နောက်ပိုင်းခေတ်မကောင်းတော့
မလုပ်တော့ဘူး..မြန်မာပြည်ကလည်း
မီးကအရမ်းမှန်ဆိုတော့.. ဟားဟား.. လုပ်ကိုင်လို့သိပ်အဆင်မပြေ
တော့ဘူး.. :) :)

khin oo may said...

၃၀၀ နဲ့ ၅၀၀ အခန်းလေး နှစ်သက်တယ်ဗျာ။

မဆုမွန် said...

အဓိက စိတ်ထားတတ်ဖို့ ပဲ ကိုကြီး ဗီလိန်ရ
၃၀၀ ၅၀၀ မှာ မြင်နိုင်တယ် ငါ့မောင်လေး စာရေး အတော့်လေးကို ကောင်းပါတယ် မကြီး ကိုယ်ပိုင် စာအုပ်တိုက် လုပ်ရင် ငါ့မောင်ကို စာအုပ်ထုတ်မယ်

tututha said...

အတွေ့အကြုံသစ်ပဲ ...။ တခါမှမကြားဖူးတာတွေ ကြားရတယ်။ ကောင်းတယ်ကွ။ တို့ကတော့ ကျောက်ဆို ကျောက်စရစ်ခဲလောက်ပဲ သိတာဗီလိန်ရေ ... :)

ဗီလိန် said...

မယုံရဘူးဆိုတာ ချင့်ယုံဖို့ပါပဲဗျာ။ သူ့စည်းသူ့ကမ်းလေးနဲ့တေ့ရှိပါတယ် မက်မက်ရဲ့။

မခင်ဦးမေ နှစ်သက်ရင် ယူသွား ၅၀၀ :)

မဆုမွန် ကျနော်ရေးတာတွေကိုတော့ စာအုပ်ထုတ်ချင်ထုတ်ပါဗျာ။ ကျနော့ကိုတော့ စာအုပ်မထုတ်လိုက်ပါနဲ့။ :)

မတူးတူးရေ့ အဲ့ဒီကျောက်စရစ်ခဲကလည်း ပစ္စည်းကောင်းသွားရင် တန်ဖိုးရှိတယ်ဗျ။

နှင်းပွင့်ဖြူ said...

ကျောက်လောကအကြောင်းကို ဖတ်သွားပါတယ်။
တော်တော်ဇာတ်ရည်ရှုပ်တာပဲနော်။
ဒီလိုပို့စ်တွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
နောက်လည်းတင်ပါဦး။

Anonymous said...

သိပ်ကောင်းတယ်ဗျာ၊ သိပ်ကို ဗဟုသုတရစေတဲ့ပိုစ့်ကောင်းလေးပါပဲ၊ ကိုယ်ကိုတိုင် ကျောက်လောကထဲရောက်သွားသလို ခံစားရပြီး မှတ်သားစရာတွေ၊ လေ့လာစရာတွေနဲ့ မသိတာတွေ အများကြီးသိသွားတယ်။ ပေးထားတာတွေ ရလိုက်တယ်ဗျာ။ အခုလို ပိုစ့်လေးတွေ များများတင်ပေးပို့ ကျွန်တော် Request လုပ်ပါတယ်။ အကြိုက်ဆုံးအခန်းကတော့ မ KOM ပြောသလို ၃၀၀ နဲ့ ၅၀၀ ဈေးညှိ ခန်းလေးကတော့ စွဲလောက်အောင် ရှိပေသဗျား ... ။ ဒီပို့စ်လေးအတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ကိုဗီလိန်ရေ ... ။ ကောင်းလေစွ ပါဗျာ ။

ခင်မင်လေးစားစွာဖြင့်

chanye` said...

အော်... ကျောက်လောက.... ကျောက်လောက...

ကျွန်တော်မှာလည်း ကျောက် အရည်ကောင်းကောင်း နဲ့လုပ်ထားတဲ့ လက်စွပ်တစ်ကွင်းရှိတယ်ဗျ ။ မုန့်ထုပ်ထည်းကရတာ...ဟီဟီ

Dr Phyo Wai Kyaw said...

မိုက်စ်တယ်ဗျာ

Unknown said...

အရမ်းကောင်းပါတယ်......ကျနော်တော့တော်တော်လေးစားပါတယ်...
အခုလိုရေးနိုင်တာကိုကကိုယ်ရဲ့စွမ်းဆောင်တဲ့အားပဲ

မိုးခါး said...

ကျောက်ဆို
အဖြူဆို စိန်
အနီဆို ပတ္တမြား
အစိမ်းဆို ကျောက်စိမ်း
ဒီလိုပဲ သိတယ်
ဘယ်ဟာ အစစ် အတု ဘယ်ဟာ ခရစ်စတယ် ဘာမှကို မသိတာ
ဒါကြောင့် ဘာမှလည်း မ၀ယ်ဘူး
အေးရော :D