စင်ကာပူ သီတင်းကျွတ်သို့ အလည်တစ်ခေါက်

လေယာဉ်ကွင်းကထွက်လာတော့ ညနေ ၅ နာရီ။ လမ်းမကြီးတလျှောက် ဘတ်စ်ကား တစ်စီးစာလောက်ရှိသည့် မီးပုံးများ စီတန်းကာ အလှဆင်ထားသည်။ ကောင်းကင်တွင်လည်း မီးပုံးပျံများ ပြည့်နှက်နေသည်။ တစ်လမ်းလုံးလဲ အလှပြကားများ၊ မီးရှူးမီးပန်းလိုက်ဖောက်သည့် ကားများဖြင့် စည်ကားနေသည်။ အဆောက်အဦတိုင်းတွင်လည်း အနီ၊ အဝါ၊ အပြာ ရောင်စုံမီးများဖြင့် တောက်ပဝေဆာနေသည်။ ကားလမ်းမများက ၃၊၄ ထပ် ဖြစ်နေလေပြီ။ PIE လမ်းကကြီးမှာ အတော်လေးသေးသွားပြီ ဟုထင်လိုက်မိသည်။ Cab Driver ကို City Hall ဘက်သို့မောင်းခိုင်းလိုက်ပြီး Marina Square နားရောက်တော့ ရဟတ်ယာဉ်များကလည်း သာသနာ့ အလံကြီးများဖြင့် ပျံဝဲနေသည်။

ယခင် Peninsula Plaza က အထပ် ၅၀ တိုက်မြင့်ကြီး ဖြစ်နေလေပြီ။ နာမည်ကတော့ ပြန်သုံးထားသည်။ "ပန်နင်ဇွဲလား" ဟု မြန်မာလိုပါ ရေးထားလေ၏။ အထပ် ၂၀မှ ၃၅ ထပ်အထိတွင်ကား ကြီးမားလှသည့် မော်နီတာကြီးပေါ်တွင် စင်ကာပူ နိုင်ငံတော်သမ္မတကြီး ဦးကျော်ဝင်း (ခေါ်) Jimmy Win သီတင်းကျွတ်မင်္ဂလာ စကားပြောနေသည်။ မင်္ဂလာမိန့်ခွန်းစကား ပြောကြားအပြီးတွင် ယခင်က သြဂုတ်လ ၉ ရက်နေ့(နိုင်ငံတော်နေ့) တွင်သာ အလှပြသော တိုက်လေယာဉ်များက ရောင်စုံမီးများဖြင့် ကောင်းကင်တွင် အလှပြနေကြပြီ။ ဘုရားရှင်ပြန်ကြွအလာကို နတ်ပြည်ထိတက်ပြီး ကြိုဆိုလေသလားမသိ။

ကားများပိတ်နေ၍ ပွဲတော်ကျင်းပရာ ထဲသို့မ၀င်ခဲ့တော့။ Peninsula Plaza နောက်မှ CTE လမ်းမပေါ်သို့ တိုက်ရိုက်ရောက်သော မြေအောက် ကားလမ်းမှ ၀င်လာကာ CTE လမ်းမှတဆင့် တူတော်မောင်ရဲ့ အိမ်ရှိရာ Yishun ဘက်သို့ မောင်းခိုင်းလိုက်သည်။ မရောက်တာ ၁၅ နှစ်လောက်ရှိခဲ့ပြီဆိုပေမယ့် ဒီလိုမျိုးသဝေထိုးချင်သေးလို့ တူတော်မောင်ကိုလာမကြိုခိုင်းခဲ့။ လေယာဉ်ဆိုက်တုန်းကတော့ ဖုန်းဆက်လိုက်ပါတယ်။ ချွေးတူမကလည်း ဒီည Bukit Panjang က ဘုရားကြီးမှာ တရားပွဲသွားလေတယ်တဲ့လေ။

Yishun ရောက်တော့ Supermarket တွေက မှိုလိုပေါက်နေတာကို တွေ့လိုက်ရတယ်။ Supermarket တိုင်းမှာလဲ လူတွေကလည်းပြည့်လို့။ Yishun ရပ်ကွက် ဓမ္မာရုံကနေလည်း အသံမစဲပဌာန်း ရွတ်ဖတ်သံကြားနေရတယ်။ အိမ်နားရောက်တော့ Interchange နားက မြက်ခင်းပြင်မှာ "ပိုးအိစံရဲ့ သီတင်းကျွတ်မင်္ဂလာပါ" သီချင်းကို Pioneer ၈ လုံးနဲ့ ဖွင့်ပြီး စတုဒီသာကျွေးနေလေနေရဲ့။ မုန့်ဟင်းခါးနဲ့ Berger King ဆိုလားပဲ။ ကားပေါ်ကဆင်းတော့ ဗျောက်အိုးသံတွေ မီးရှူးမီးပန်းတွေရဲ့ အသံတွေ ဝေေ၀ဆာဆာကြားရပါတယ်။ ကားပေါ်မှာတုန်းက အသံလုံနေလို့ သိပ်မသိသာ။ ၄၊၅နှစ်အရွယ် ကလေးတွေကတော့ ဓာတ်ခဲသုံး မီးရောင်စုံလျှပ်စစ် လက်တွန်းမီးပုံးလေးတွေနဲ့။ ဆယ်ကျော်သက်တွေကလည်း အထုပ်ကိုယ်စီနဲ့ မိဘဆရာတွေကို လိုက်ကန်တော့နေကြလေရဲ့။ တူတော်မောင်ရဲ့အိမ်ရောက်တော့ ၈ နာရီခွဲပြီ။

ထမင်းစားသောက်ပြီး တူဝရီးနှစ်ယောက် စကားစမြည်ပြောတော့ East Coast မှာ ဆီမီး ၁၀၀၀၀ လွှတ်ပွဲရှိကြောင်းနဲ့ ဆီမီး တစ်စုံကို ဒေါ်လာ ၅၀၀ ဆိုတဲ့အကြောင်း။ Bukit Panjang က ဘုရားကြီးမှာ သူ့မိန်းမသွားနေတဲ့ တရားပွဲ။ နောက်ပြီး Santosa မှာ သီတင်းကျွတ် မီးပုံပျံပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ၂၀၀၈က ဗုဒ္ဓဘာသာဝင် ဖြစ်သွားကြတဲ့ ဘက်ခမ်တို့ ဇနီးမောင်နှံပါလာကြသတဲ့။ မြေးနှစ်ယောက်ပါ ခေါ်လာတယ်ပြောတယ်။ NTU မှာက IC ရဲ့ စတိတ်ရှိုး။ ချစ်စမ်းမောင်နဲ့ ခရမ်းကတော့တီးနေတုန်းပဲ။ ဗညားနိုင်ကတော့ လုံးဝနားသွားပြီ ခင်မောင်သန်းကတော့ Editing ပဲလုပ်တော့တယ်တဲ့။ Toa Payoh ဘုန်းကြီးကျောင်းမှာက ၁၆ကြိမ်မြောက် ကမ္ဘာ့ဓမ္မစင်္ကြာရွတ်ပြိုင်ပွဲ။ မြန်မာပြည်က အဖွဲ့ ၈၀ ကျော်၊ စင်ကာပူက အဖွဲ့ ၂၀ကျော်၊ နိုင်ငံတကာက အဖွဲ့ ၅၀ကျော် ပြိုင်ကြသတဲ့။ ဒီနှစ်ထူးခြားတာက ပြိုင်ပွဲမှာ ပထမရတဲ့ အဖွဲ့ကနောက်နှစ် မြန်မာပြည်မှာလုပ်မယ့် သတ္တမအကြိမ် သင်္ဂါယနာတင်ပွဲမှာ အဖွင့်ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပေးရမယ်လေ။ သာသနာ့ မှတ်တိုင်တစ်ခုဖြစ်လို့ အဖွဲ့တိုင်းက မျှော်လင့်နေကြလေရဲ့လေ။ ပြောလိုက်တာမှစုံလို့။ အဲလိုနဲ့ ၁၂ နာရီတောင်ထိုးနေပြီ။ မနက်ဖြန် အလှူသွားဖို့ စောစောအိပ်တော့မယ်။

ကောဇာသက္ကရာဇ် ၁၄၀၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့။

5 comments:

WWKM said...

မုန့်ဟင်းခါ နဲ့ ကင်းဘာဂါ လာစားတာဗျို့။
ရှိသေးလား။
စင်္ကာပူ သီတင်းကျွတ်ကို လာလည်သွားပါပြီ
မောင်လေးဗီလိန်ရေ။
သီတင်းကျွတ်လပြည့်နေ့မှာ ချမ်းမြေ့ပျော်ရွှင်ပါစေကွယ်။

ခင်တဲ့
မမ၀ါ

သံလွင် HeRo said...

ကိုကြီးဗီတို့ရေးချက်ကတော့လိုက်လို့ကိုမမီဘူးဗျာ...
နောက် ၃၆ နှစ်ဆိုရင်တော့ကျနော်လည်းပင်စင်ယူခါနီးပြီ
အဲချိန်ဆိုရင်ဘယ်မှာသွားကဲ အဲဘွာတေးဘယ်ကိုသွား
နေမလဲမသိဝူး...clark quay ကစတုဒီသာမဏ္ဍပ်ရောက်
နေနိုင်တယ် ဟဲဟဲ

မဆုမွန် said...

ရေးချက်ကတော့ လန်းတယ် အစ်မတောင် တော်တော်အားကျသွားတယ် သူတို့ စင်ကာပူက တယ်ဟုတ်ပါလားလို့ လေ အစ်မ တကယ်ပုံတွေ မြင်ချင်လို့ လှမ်းတာင်းတာ ဟီး ခံလိုက်ရတယ်

ကိုရုပ်ဆိုး said...

အား ... ဒီလို သီတင်းကျွတ်မျိုး ဆင်နွဲချင်လိုက်တာ။ ဒါပေမယ့် နောင် ၃၆ နှစ် ကြာမှဆိုတော့ ..... မီပမလားတောင် မသိ :)

မောင်bee said...

ကိုဗီ တို့လုပ်ချ လိုက်ပြီ။ ငါ့ ဆရာ တွေးချက် လေးတွေ စင်ကာပူ ရောက် မြန်မာတိုင်း ခံစား ရမှာပါ။