ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု

ဒုတိယနှစ်ရောက်တော့ သီချင်းဆိုမလို့တဲ့။ ရိုးရိုးဆိုမှာမဟုတ်ဘူးလေ။ ဂီတလောကထဲကိုဝင်ချင်တာ။ သူလုပ်ချင်မှတော့ စိုင်းလည်းမနေသာတော့ဘူး။ ဂီတလောကက မိတ်ဆွေအပေါင်းအသင်းတွေဆီ ပြေးရတာပေါ့။ စိုင်းအတွက်က ဒီအတွက်ဆို ကူညီမယ့်သူကပေါတယ်လေ။ အားလုံးကလုပ်စေချင်နေတာ။ စိုင်းကသာ အခြေအနေအရပ်ရပ်ကြောင့် မလုပ်နိုင်သေးတာ။ အခုတော့ မျက်ဝန်းချိုအတွက် သူတို့နဲ့တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လှုပ်ရှားရတာပေါ့။

ပထမဆုံး သီချင်းရှာရပါတယ်။ စိုင်းကိုယ်တိုင်ရေးထားတာတွေ ရှိပေမယ့် တခြားတေးရေးတွေဆီကပါ ဝယ်တန်သလောက်ဝယ်ရတာပေါ့။ ဒီနေရာမှာတစ်ခုပြောရဦးမယ်။ ဒီကိစ္စတွေအားလုံးကို စိုင်းနဲ့သူနှစ်ယောက်ထဲ လုပ်ရတာပါ။ သူ့အိမ်ကဘာမှမသိဘူးလေ။ လုပ်ခွင့်လည်းမပေးဘူး။ ဘုရားကျောင်းမှာဆိုတာတောင် သိပ်ပြီးကြိုက်တာမဟုတ်ဘူး။ ဒါပေမယ့် သူ့အိမ်က ချမ်းသာတော့ မုန့်ဖိုးဆိုတောင်းတိုင်းရတယ်လေ။ အဲဒီငွေတွေနဲ့ပဲ သီချင်းဖိုး၊ စတီဒီယိုဖိုး၊ တီးဝိုင်းဖိုးပေါ့လေ။ Section ကြေးကလဲမသေး။ ဒါတောင် တစ်ယောက်ကို နှစ် Section ပဲပေးတယ်။ တခါတခါ စိတ်တိုင်းမကျလို့ ဝယ်ပါမယ် ဆိုတာတောင်မပေး။ အားလုံးပြီးမှ ကိုယ့်အလှည့်ပြန်ရတယ်။ အဲလိုနေ့မျိုးဆိုမိုးချုပ်ပြီ။ အနုပညာလောကဆိုတာက ခက်တော့ခက်သား။ အသစ်တစ်ယောက်အတွက်က တော်တော်လေး စိတ်ရှည်သည်းခံရတယ်။ အများကြီးပါ။ အကုန်လုံးတော့ မပြောတော့ပါဘူး ပြောရင်အတင်းဖြစ်မှာစိုးလို့။

မေ့မရဘူး ပထမဆုံး စတီရီယိုဝင်တဲ့နေ့က “သူပျော်နေတာလေးကြည့်ပြီး၊ ဝမ်းသာလိုက်ရတာ။ ညတောင်အိပ်မပျော်ဘူး။” ဒီလိုနဲ့ တော်တော်လေး အသားကျလာပါတယ်။ ကျောင်းတွေလည်း ပျက်ခဲ့ရပေါင်းမနည်း။ သူ့အိမ်ကကားနဲ့လိုက်ပို့လို့ ကားပေါ်ကဆင်းပြီးတာနဲ့ အတန်းဘက်ကို သွားချင်ယောင်ဆောင်။ အိမ်ကကားအင်းယားလမ်းကို ကွေ့သွားတာနဲ့ တက္ကစီပြေးတားရတာအမော။ တခါတခါသူ့အမေက ကျောင်းရှေ့မှာ မုန့်ဝယ်နေရင် စတီဒီယိုနောက်ကျပြီပဲ။ အစပိုင်းကတော့ စတီဒီယို (ဒီ) မှာပဲများတယ်လေး နီးတော့သွားရတာလဲလွယ်တော့ အဆင်ပြေတာပေါ့။ နောက်ပိုင်းတော့ အစုံပါပဲ။

ပထမဆုံး သူ့အခွေကထွက်ပြီ။ သူ့အခွေဆိုပေမယ့် အဆိုတော်တွေစုပြီးထုတ်တဲ့အခွေပါ။ သူက နှစ်ပုဒ်ပဲပါတာပါ။ သူနောက်ကို တကောက်ကောက်လိုက်နေပေမယ့် သူ့ချစ်သူပါဆိုတာကို နေရာတိုင်းမှာ ဖုံးကွယ်နေတာသူ့အကျင့်လေ။ တခါတလေများ လူကြားထဲမှာ အနေအထိုင်လေး နည်းနည်းလွန်သွားရင် ပြောလို့ကို မဆုံးဘူး။ ပြီးရင်လည်း သူက နားလည်ပေးပါ။ ဒီလောကကို အခုမှဝင်ကာစ နာမည်တွေမထွက်ချင်ဘူး။ စသဖြင့်ပေါ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲနေရနေရ မျက်ဝန်းချိုတက်ချင်တဲ့ အပေါ်ကို လှေကားထစ်လေး ဖြစ်ခွင့်ရတာကိုပဲကျေနပ်ပါတယ်။

အဲဒီနှစ်ဝက် ပါမောက္ခက စိုင်းကောသူ့ကိုပါ စာမေးပွဲဖြေခွင့်မပေးခဲ့။ ကျောင်းခေါ်ချိန်မပြည့်လို့လေ။ တော်တော်လေးစိတ်ညစ်ခဲ့ရပါတယ်။ သူ့အတွက်ကတော့ သိပ်ပြီးကိစ္စမရှိပေမယ့်။ အရမ်းကြီးပြည့်စုံမနေတဲ့ စိုင်းအတွက်ကတော့ နှစ်ဝက်လည်းနှစ်ဝက်ပဲလေ။ အဓိကကတော့ ငွေပေါ့။ သွားလေရာသူကရှင်းပေမယ့် ယောက်ျားမာနကရှိသေးတယ်လေ။ ဒီတော့ စိုင်းကလည်း တဖက်တလမ်းက သီချင်းရေးပြီး ရသလောက်ရှာရတာပေါ့။ နေ့ဆို ကျောင်းတက်၊သူ့ကိစ္စလိုက်လုပ်ပေး။ ညဆိုသီချင်းရေး။ ဒီလိုနဲ့ပဲ ရုန်းကန်ရတာပေါ့။ စတီဒီယိုအပါအဝင် အခြားဝေယာဝစ္စတွေကို သူကိုပေးပေမယ့် စားတာသောက်တာက စိုင်းကပေးမှကောင်းမှာလေ။ သူကိုယ်တိုင်ကလည်းစိုင်းကို တာဝန်ယူစေချင်တယ်။ ငွေအတွက်တော့ မဟုတ်ပါဘူး။ သီချင်းရေးတယ်ဆိုပေမယ့် စိုင်းထက် ဆရာ့ဆရာကြီးတွေက ရှိသေးတော့ မလွယ်လှပါဘူး။ ဈေးကလည်းသိပ်မရ။ လမ်းဘေးမှာ ၃ ခွေ ၅၀၀ နဲ့ ကော်ပီခွေတွေရှိနေသရွေ့တော့ စိုင်းတို့လို အနုပညာသမားတွေ ပင်ပန်းရကျိုးနပ်မှာမဟုတ်ဘူးလေ။ ပရိသတ်ကသာ Own Tune ကိုတောင်းနေကြတာ။ တစ်နိုင်ငံလုံး တစ်မြို့တစ်ခွေပဲရောင်းရတော့ Own Tune တွေ ဘယ်လိုဖန်တီးမလဲ။ ရှိလဲ ချမပြချင်ကြတော့ဘူးလေ။ ဒါကိုပဲ အခွင့်ကောင်းယူပြီး မရှိမဲ့ရှိမဲ့ Own Tune လေးတွေကို ရတဲ့ဈေးနဲ့ရောင်းပြီး အဲဒီ့ ငွေဆိုတာကြီးကို ရှာခဲ့ရတာပါ။ တခါတလေတော့ ပွဲလေးပါလေးကို Section လိုက်တီးပေးပါတယ်။ ဒါမျိုးဆိုရင်တော့ မဆိုးပါဘူး။ ဒီလိုပဲ ရှာကြံပြီးတော့ နေရတာပေါ့။

သိပ်မကြာလိုက်ပါဘူး။ သူ့အိမ်ကသိသွားတယ်လေ။ တော်တော်လေးတော့ ဖြေရှင်းလိုက်ရတယ်။ ပြဿနာက ဘယ်လောက်တောင်ကြီးသွားလဲဆိုရင်။ မျက်ဝန်းချိုရဲ့ အဒေါ် နာမည်ကြီး အဆိုတော်ကြီးက သူ့အစ်မနဲ့ ခဲအိုကို လာပြီးဖြောင်းဖြယူတော့မှ တဖြည်းဖြည်းနဲ့လက်ခံလာတယ်။ အစကတော့ အနုပညာဆိုတဲ့ ရှုပ်ထွေးတဲ့ လောကထဲကို မဝင်စေချင်တာလေ။ အခုတော့ သူတို့သမီးကတော်တော်လေးကို ဖြစ်ချင်နေတာလည်းဖြစ်၊ အဆင်မပြေတာလည်းသိပ်မရှိတာနဲ့ ပဲ ခွင့်ပြုလိုက်ပါတယ်။ အဆင်မပြေဘယ်ရှိပါ့မလဲ။ အခက်ခဲဆုံးအချိန်တွေကို စိုင်းကကျော်ဖြတ်ပေးခဲ့ပြီးပြီလေ။ သူ့အိမ်က ခွင့်ပြုလိုက်တာ သူ့အတွက်သတင်းကောင်းဆိုပေမယ့် စိုင်းအတွက်ကတော့ သူနဲ့အတူရှိတဲ့အချိန်တွေ လျှော့ချလိုက်ရပြီလေ။ အိမ်ကခွင့်ပြုလိုက်တော့ နေရာတကာ သူ့အိမ်ကလိုက်ပို့တာပေါ့။ စိုင်းနဲ့တွေ့ချိန်ဆိုလို့ ကျောင်းတက်ချိန်လေးပဲရှိတော့တယ်။ တခါတလေများ နေ့ချိန်းရှိရင် ကျောင်းချိန်တောင်မတွေ့ရတော့ဘူး။ တဖြည်းဖြည်းနဲ့ စိုင်းကိုယ်စိုင်း ခံစားမိလာရတာက ကျနေတဲ့ ဒီရေတစ်ခုလိုပဲ။ တဖြည်းဖြည်းချင်းကို တိုက်စားလာတာ။

မျက်ဝန်းချို......
မင်းလှမ်းပါ။ မင်းခြေထောက်နဲ့ လှမ်းတဲ့ခြေလှမ်းတိုင်းကို ငါ နှလုံးသားနဲ့ လက်ခုပ်တီးပေးနေတယ်။

ဆက်လက်ဖတ်ရှုပေးပါနော်………။

ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

3 comments:

လင်းဒီပ said...

လှေကားထစ်လေးတွေကို စိတ်ရှည်ရှည်စောင့်ဖတ်နေတယ်နော်...ဘဘက အသက်ကြီးပြီဆိုတော့...အပိုင်းတွေ အရမ်းခွဲရင် မမှီလိုက်မှာစိုးလို့...ဟား ဟား

ဗီလိန် said...

ဟုတ်ပါပြီ။ အေးဆေးပေါ့။ အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး။ နောင်နှစ်ခါတဆောင်မုန်း လှေကားတစ် ဖတ်ပါဦး။ :)

ခေါင်ခေါင် said...

ပြီးဦးမှာလား ဒီတစ်သက် ကို ဒီရေညှိတွေက...
စောင့်ဖတ်ရတာ.. စိတ်တော်တော်ရှည်နေပြီနော်..

ကိုးရီးးယားကားက အရှုံးပေးရတယ်....