စင်ကာပူ နှင့် ဘောလုံး


စင်္ကာပူကို Social Visit လာတဲ့ပြီး အလုပ်ရှာတဲ့သူတွေရဲ့ဘဝက ဘောလုံးပွဲတစ်ပွဲနဲ့ တူသဗျ။ စပေးဘောတို့လို့ လေယာဉ်ဆိုက်ပြီဆိုတာနဲ့ ပြေးပြေးလွှားလွှားနဲ့ စပြီးကစားရပါတယ်။ ဘောလုံးက ရှေ့ပို့လိုက် နောက်ရောက်လိုက်နဲ့ စင်ကာပူမြို့ကို အနီ၊ အစိမ်း၊ ခရမ်း စုံအောင်လှုပ်ရှားရပါတယ်။ အသင်းရဲ့ ကစားကွက်ဖြစ်တဲ့ သတင်းစာနဲ့ အင်တာနက်ကနေ အလုပ်တွေရှာပြီး အီးမေးလ်နဲ့ လျှောက်ရတာက ရိုးရှင်းလှတဲ့ ပုံမှန်ကစားကွက်ဖြစ်သလို။ Walk-in တွေဆီကို ဖုန်းဆက်ပြီးသွားရတာတဲ့ ကန်တင်ပြေးအကွက်ကလည်း တခါတလေထိရောက်ပါတယ်။ အသိမိတ်ဆွေတွေက တဆင့်တဆင့် အပေးအယူလုပ်ပြီးရတဲ့ အင်တာဗျူးကလည်း အားထားရပါတယ်။


ဂိုးရှေ့ရောက်လို့ အင်တာဗျူးမှာများ အမှားမလုပ်မိနဲ့ ပရိသတ်ဖြစ်တဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေက ဝိုင်းပြီးဆဲကြပါလေရော။ ဟိုလိုဖြင့် ဟိုလိုလုပ်ပါလား၊ ဒီလိုဖြင့်ဒီလိုလုပ်ပါလား ဘာညာပေါ့လေ။ ပရိသတ်တင်မဟုတ်ပါဘူး။ ကိုယ်ကို အဓိက လမ်းညွှန်ပေးတဲ့ အစ်ကို၊ အစ်မ၊ ဦးလေး စတာတို့ကလည်း မန်နေဂျာ တစ်ယောက်လိုပဲ အားမလိုအားမရဖြစ်တာပေါ့။ တကယ်လို့ ကိုယ်ကအင်တာဗျူး မအောင်ခဲ့ရင် ကိုယ်အသိမိတ်ဆွေတွေထဲမှာလည်း ရှာနေတဲ့သူရှိရင် သူ့ကိုလည်းကြိုးစားကြည့်လို့ရအောင် အကြောင်းကြားပြီး လူစားလဲကစားရပါတယ်။


အင်တာဗျူးက ဂိုးရှေ့ရောက်တာလည်းဖြစ်သလို။ ကိုယ်ဂိုးရှေ့မှာ ခံစစ်အနေနဲ့လည်း ဆင်တူပါတယ်။ ကိုယ့်ကို Impression မကျရအောင် ဂိုးသမားတစ်ယောက်အလား ကာကွယ်ရပါသေးတယ်။ ဂိုးသွင်းခွင့်များများရရင် ဂိုးရနိုင်ချေပိုများသလိုပါပဲ။ အင်တာဗျူးများများရရင် အလုပ်ရဖို့ပိုနီးစပ်ပါတယ်။ အင်တာဗျူးမှာ အင်တာဗျူးအချိန်နောက်ကျရင် ဖောင်းဘောအနေနဲ့ ဝမ်တိမ်ပေးတာတို့။ အင်တာဗျူးမှာ အောင်ချင်ရဲ့သားနဲ့ ကိုဒါမရှိလို့ လူကျွံဘောဖြစ်တာတို့နဲ့လည်း ကြုံရတတ်ပါတယ်။ တခါတလေ ပုံမှန်ကန်သွင်းသလို S-Pass နဲ့ဂိုးရတတ်သလို၊ EP နဲ့လည်း ခေါင်းတိုက်သွင်းရတာမျိုး ကြုံတတ်ပါတယ်။ Second အင်တာဗျူး ခေါ်ခံရတာ ကိုယ့်အတွက် အခြေအနေကောင်းသလို အဲဒီ့ဖရီးကစ်ကို ဝင်အောင်ကန်နိုင်ရင် ဂိုးရနိုင်တာပေါ့။


အင်တာဗျူးအောင်ပါပြီတဲ့ ဆေးစစ်လို့ ဆေးအဖြေစောင့်ရတာက ကိုယ်ကိုကိုယ် ရောဂါမရှိမှန်း သိနေတာတောင် ရင်ခုန်စွာစောင့်စားရတာက ပင်နယ်တီကန်သလိုပါပဲ။ ဝင်မယ်ဆိုတာ သေချာသလောက်ရှိပေမယ့် မဝင်ရင်ဒုက္ခ။ ဆေးအောင်ခဲ့ဦး S-Pass ကို Approve ဖြစ်ဖို့စောင့်ရလည်းအတူတူပါပဲ။ Approved ဖြစ်ရင်တော့ပြီးပြီပေါ့။


Reject များဖြစ်ရင် အဝါကဒ်ထိခံရသလိုပါပဲ။ ကုမ္ပဏီက Appeal Letter သာပြန်မတင်ပေးရင် သွားပြီ။ ပြန်တင်ပေးပြီဆိုပေမယ့် တကယ်လို့များ ကိုယ်ကမဟုတ်တာလုပ် ထားတဲ့သူဖြစ်လို့ MOM ကများသိသွားခဲ့ရင်တော့ အနီကတ်ပဲ။ ဒါကတော့ရှားပါတယ်လေ။ ဒီလိုနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်လို့ ပထမပိုင်းပြီးလို့ တစ်လကုန်လို့မှ အဆင်မပြေသေးရင်လည်း ကိစ္စမရှိသေးပါဘူး ဒုတိယပိုင်း နောက်တစ်လကျန်ပါသေးတယ်။ ဆက်ကြိုးစားပေါ့။ ဒုတိယလမှ အဖြေမထွက်သေးဘူးဆို ကိစ္စမရှိသေးဘူး။ အချိန်ပိုအနေနဲ့ မလေးသွားလို့ရပါသေးတယ်။ မပူနဲ့ဦး မလေးကပြန်လာလို့မှ အလုပ်မရပေမယ့် ပွဲပန်းနေတဲ့သူတစ်ယောက်လို ခြေကုန်လက်ပန်းကျနေပြီ ဆိုတော့မှ ရွှေဂိုးကဝင်တတ်ပါတယ်။ နောက်ဆုံးမိနစ်အထိ ကြိုးစားဖို့က ကိုယ်တာဝန်ပါ။

တစ်ခုတော့ရှိတာပေါ့။ ဘောလုံးပွဲမှာ သရေဆိုရင် ၁ မှတ်ရပေမယ့် ဒီပွဲက သရေအရှုံးတဲ့ဗျ။

မှတ်ချက်။ ။ ဓာတ်ပုံများကို
www.istockphoto.com
soccerscores.blogspot.com
en.huebinet.com
www.gpfc.org.uk
www.soccerballworld.com ကနေယူထားတာပါ။

8 comments:

Anonymous said...

:r လှလိုက်တဲ့ နှိုင်းယှဉ်ချက်လေးတွေဗျာ။
ဘယ်လို ဘယ်လို အတွေးရပြီးရေးတာလဲဗျ
လုပ်ပါဦး အိုင်ဒီယာလေး ဒီမှာတော့ စဉ်းစားရတာခေါင်းခြောက်နေပြီဗျာ

မောင်bee said...

မိုက်တယ်ဗျာ။ ကျွန်တော် အလုပ်ရှာနေတာနဲ့တော့ ကွက်တိဘဲ။ ရီ မိတယ်။

ခေါင်ခေါင် said...

တစ်ယောက်ထဲ ကန်နေလိုက်တာ မူးနောက်သွားတာပဲ

Anonymous said...

စောစောဂိုးဝင်ဖို့ ဆန္ဒပြုပါတယ်။ ပွဲကြည့်သူတွေမှာလည်း ဟေးခနဲထအော်ရမလား ဟာကနဲအော်ရမလား ရင်တမမနဲ့ကြည့်နေရတာပါဗျာ

Anonymous said...

ခိုင်းနှိုင်းထားတာလေး ကောင်းတယ် ဘယ်နေရာမှ မလွယ်ပါလားနော်

Anonymous said...

မိုက်တယ် အတွေးတွေကဂွတ်တယ်... :)
မှန်လိုက်တာ.....

တောင်ပေါ်သား said...

ကိုကြီးရေ ကျနော်ကတော့ အစ်ကိုပြောတဲ့ ဘောလုံးပွဲမှာ ၀င်ကန်ပြီးသွားပြီး

ဖိုးဂျယ် said...

ဟုတ်ပဗျာ။ ဒါပေမဲ့ တစ်ချို.ကြတော့ ပွဲစားအလိမ်မိတာတွေရှိသေးတယ်။ ကိုဗီလိန်ရဲ. ခဏခဏကြားနေရတာ စိတ်မချမ်းသာဘူး။ ဒီကို အလုပ်ရပြီဆိုပြီးvisitနဲ.ခေါ် ပြီးတော့မှ သတင်းစာကရှာပေးမရရင် ဒီအတိုင်းပြန်ရနဲ.။ အဲ့ပွဲစားတွေ လုပ်လည်းလုပ်ရက်ကျတယ်ဗျာ။ သူများက ဟိုချီးဒီချီး ဟိုပေါင်ဒီပေါင်နဲ.လာရတာ ပိုက်ဆံပေါလို. လာကြတယ်များထင်နေလား မသိဘူး။ ကိုယ်ကပြောပြရင်လဲ ဒီကို မလာစေချင်လို. ငါချမ်းသာတာ မမြင်လို.ဆိုပြီးမြင်ကြတယ်။ ကျွန်တော်တို. မြန်မာတွေက ကိုယ်တိုင်ကြုံမှယုံကြတဲ့ အကျင့်ရှိတာ ခက်တယ်။