မွေးနေ့ပွဲလေး

သူများတွေမွေးနေ့လုပ်တော့ ကျနော်လည်းမနေနိုင်တော့ဘူး။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျနော့မွေးနေ့ပွဲလေးအကြောင်းပေါ့။

အဲဒီနေ့က ကျနော့မွေးနေ့ပါ။ ဟုတ်ပါတယ်။ သူများတွေနည်းတူ ကိုယ့်မွေးနေ့မှာတော့ ကိုယ်ပျော်ချင်ကြတာကြီးပဲ။ မနက်စောစော ဘုရားသွား ဝေယာဝစ္စ ကုသိုလ်ယူ ဆွမ်းပန်းရေချမ်းကပ်လို့ ဘုရားရှိခိုး အမျှဝေ။ ဗုဒ္ဓဘာသာတို့ လုပ်ရိုးလုပ်စဉ်လေး တွေလုပ်တာပေါ့လေ။ ပုံမှန်လေးလုပ်နေတာမှန်ပေမယ့် ကိုယ့်မွေးနေ့ဆိုတော့ သတ်သတ်မှတ်မှတ်လေး ဂရုတစိုက်လုပ်ရှာတာပေါ့။ ရှားရှားပါးပါးမွေးနေ့မှာ သွေးလှူချင်ပေမယ့် ပြီးခဲ့တဲ့လကပဲ အရေးပေါ်လူနာတစ်ယောက်ရှိလို့ လှူလိုက်ရတယ်လေ။ ကျနော့သွေးကလဲ အေဘီ သွေးဆိုတော့ ဆေးရုံကလည်း အေဘီသွေးလိုရင် ကျနော့ဆီပဲဖုန်းဆက်နေကြကိုး။ မွေးနေ့မှာလှူမှ ကုသိုလ်ရတာမှမဟုတ်တာ။ မွေးနေ့မှာလှူမှကုသိုလ်ရမယ် ဆိုရင်လည်း ကျနော်ကတော့ လှူမှာပဲလေ။ ကုသိုလ်အတွက်ကြီးပဲလှူရင်တော့ ကုသိုလ်ပဲရတော့မပေါ့။ သွေးအကြောင်းပြောနေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ ဘုရားအလှူပြီးတော့ တရားအလှူ နဲ့ သံဃာအလှူနှစ်ခုပေါင်းလုပ်ပါတယ်။ ဘုရားအရှေ့ဘက်မုဒ်က မိတ်ဆွေတစ်ယောက် စာအုပ်ဆိုင်မှာထိုင်လို့ ကိုရင်၊ဦးဇင်းတို့ ရွေးသမျှစာအုပ်ကို လှူပါတယ်။

ပြီးတော့ အိမ်ပြန်ထမင်းစားသောက်ပြီး ညမှာလုပ်မယ့် မွေးနေ့ပါတီအတွက် လိုတာလေးတွေပြင်ဆင်ရတာပေါ့။ အမေကလည်း အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်။ ကျနော့ကို သူကိုယ်တိုင် သေမင်းနဲ့ Challenge လုပ်ပြီးမွေးထုတ်ပေးခဲ့တဲ့ နှစ်ပတ်လည်ပဲလေ။ သူနဲ့လည်းဆိုင်တာပေါ့။ ညနေလေးစောင်းတော့ သူငယ်ချင်းတွေ တဖွဲဖွဲရောက်လာကြတယ်လေ။ လက်ဆောင်အသီးသီးနဲ့ပေါ့။ ကျနော့အိမ်က သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ပါတီပွဲတစ်ခုလုပ်လောက်တဲ့ ခြံလေးထဲမှာဆိုတော့ ဒါမျိုးအတွက်အဆင်ပြေတာပေါ့။ နှစ်ပေါင် ဘတ်ဒေးကိတ်ကိုလည်း ရွှေပုစွန်က အော်ဒါမှာပြီးဝယ်ထားပြီးပြီ။ စားဖို့ကလည်း အမေကိုယ်တိုင်ဦးစီးပြီး စနစ်တကျပြင်ဆင်ထားပြီးပြီ။ ဟဲဟဲ သောက်ဖို့ကလည်း ရယ်ဒီပဲ။ ဂစ်တာနှစ်လုံးနဲ့ အော်ဂင်ကလည်းအဆင်သင့် သူတို့ကိုအစွမ်းပြတီးခတ်မယ့် သူတွေကလည်း သူငယ်ချင်းတွေထဲမှာရှိပြီးသား။ ပါတီဂိမ်းတွေ ဆားဗစ်ပေးတဲ့အဖွဲ့က သူငယ်ချင်းတစ်ယောက်ကလည်း အခမဲ့ကူညီဖို့ပြောထားပြီးပြီ။ ကဲဘာလိုသေးလဲ။

၂၄ နှစ်ပြည့်ပြီ။ လွန်ခဲ့တဲ့လေးနှစ်တည်းက စောင့်ခဲ့ရတဲ့ ဒီမွေးနေ့ ပျော်ပျော်ကြီးကဲမယ်လို့ စဉ်းစားပြီးသား။ လေးနှစ်??? ဟုတ်ပါတယ်။ အမေ့ကိုပဲ အပြစ်တင်ရမလားပဲ ဘာကြောင့်များ လေးနှစ်မှတစ်ကြိမ် လုပ်ခွင့်ပေးခဲ့ရတာတုန်း။ မွေးနေ့ကိုခုံမင်ပါတယ်ဆိုတဲ့ ကျနော့ကျမှ ဒီနေ့မှာလာမွေးရသလား။ မြန်မာပြက္ခဒိန်နဲ့ ကျတော့လည်းမလုပ်ချင်ဘူးလေ။ သူများတွေလုပ်သလိုပဲ လုပ်ချင်သေးတာကိုး။ မတ်လ ၁ရက်နေ့ဆိုတော့လည်း မဖြစ်သေး။ ခက်ပါတယ်။ သူများတွေများလုပ်နေလိုက်ကြတာ တစ်နှစ်တစ်ခေါက်။ လေးနှစ်မှတစ်ကြိမ်လုပ်တာ သူငယ်ချင်းတွေက လက်ဆောင်လေးခုပေးသင့်တာပေါ့။ အဲ…… ဟုတ်သားပဲ ကျနော်ကလည်း လေးခါကျွေးတာမှမဟုတ်တာ။ သြော်… ပြောစရာတစ်ခုကျန်ခဲ့တယ်။ ရန်ကုန်မြို့ရဲ့ စိတ်မချရတဲ့အရာတစ်ခုကြောင့် အရည်တစ်ချို့ထည့်ပြီးသုံးရတဲ့ စက်တစ်ခုဆောင်ထားရသေးတယ်။ ကျနော့ပွဲလေး အဆင်ပြေချောမွေ့အောင်လို့ပေါ့။

ညနေခုနစ်နာရီထိုးတော့ လူကလည်းတော်တော်စုံပြီ။ ပွဲလေးကိုစလိုက်ပါတယ်။ ကျနော်က မိုက်ကလေးကိုင်လို့ ပရိသတ်ကြီးမင်္ဂလာပါလို့ (Rဇာနည်လေသံနဲ့) ပြောမယ်ကြံတုန်း…… စောစောက စိတ်မချရပါဘူးဆိုတဲ့အရာကြီးက တကယ်ပဲစိတ်ပျက်စေပါတယ်။ ရပါတယ်လေ။ စက်ကဆောင်ထားပြီးသားဆိုတော့ စက်ဖွင့်လိုက်ပါတယ်။ စက်လည်းဖွင့်ပြီး သူကပြန်လာသတဲ့ အဲဒါပေါ့ စိတ်မချရဘူးဆိုတာ။ ကဲပါလေ။ ဒေါသတွေနောက်ထား မွေးနေ့ပွဲလေးစလိုက်ရအောင်။ နှုတ်ဆက်စကားပြောမယ်ဆိုတော့ သူကနောက်တစ်ခေါက်။ တော်ပြီ ဒေါသမထွက်အောင် ပိုက်ဆံပဲအထွက်ခံလိုက်တော့မယ်။ တခါတလေ ဒီလိုပဲ ဒေါသကို ပိုက်ဆံနဲ့လဲလို့ရတယ်လေ။ စက်သာဖွင့်ထားလိုက်တော့ သူ့ဟာသူ လာချင်လာမလာချင်နေ။ အဲလိုဆိုတော့သူက ပေကပ်ပြီနေသား။ နှုတ်ဆက်စကားပြောလို့ပြီးတယ်ဆိုရင်ပဲ နောက်က ကီးဘုတ်ကနေ ဘတ်ဒေးသံစဉ်လေး ထွက်ပေါ်လားပါတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းလေး ဒီလိုအလိုက်သိလွန်းလို့ကို ခင်နေရတာ။ ဒီလိုနဲ့ မွေးနေ့ကိတ်စခွဲပါတယ်။ အဲဒီမှာမှ ပြဿနာကစတော့တာပဲ။

မီးဗျို့…မီး…မီး… အိမ်နဲ့ခပ်လှမ်းလှမ်းကအသံပါ။ ပြောနေရင်းကပဲ ဟိုဘက်ရပ်ကွက်လောက်ကနေ မီးခိုးငွေ့တွေတက်လာပါတယ်။ ပြေးတဲ့သူပြေး။ အော်တဲ့သူအော်ပေါ့။ မွေးနေ့ကိတ်ခွဲတဲ့ ကော်ဓားလေးကိုကိုင်ပြီး ရှေ့ပဲပြေးရမလို နောက်ပဲပြေးရမလို။ သိပ်မကြာလိုက်ပါဘူး။ မကြာဘူးဆိုတာတောင် နာရီဝက်သာသာလောက်ကြာသွားတယ်။ ဘာမှမဟုတ်ပါဘူး ကွမ်းယာဆိုင်မှာ ဆိုင်ရှင်မရှိတုန်း ဘယ်လိုလောင်သွားတယ်မသိ။ တော်သေးတာပေါ့ ကွမ်းယာဆိုင်နဲ့တင်ပြီးသွားလို့။ ဒီနေ့ကျမှပဲ သူကတစ်မျိုး။ အားလုံးတည်ငြိမ်သွားတော့ ၈နာရီထိုးပြီ။ သြော်… ရှားရှားပါးပါးလေး လုပ်ရပါတယ်ဆိုမှ။ အဲဒီနေ့က တော်တော်လေးမိုးချုပ်သွားတယ်။ ဂိမ်းဆော့၊ ဂစ်တာတီး၊ စားကြသောက်ကြနဲ့ပေါ့။ ပျော်ဖို့တော့ကောင်းခဲ့ပါတယ်။ အခက်အခဲတွေကြားထဲကမှ မရရအောင်ကျင်းပခဲ့တာဆိုတော့။ နောက် လေးနှစ်ကျမှပဲ ခင်ဗျားကိုဖိတ်တော့မယ်ဗျာ။ လာမယ်မလား။ လောလောဆယ်တော့ကိတ်မုန့်လေးပဲ အစာပြေစားထားဦး။


၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။

မှတ်ချက်။ ။ ဓာတ်ပုံလေးကို myspace.com ကနေယူပြီးပြသထားပါတယ်။

6 comments:

ခေါင်ခေါင် said...

မွေးနေ့က ပျော်စရာ ကောင်းလိုက်တာ .. ကုသိုလ်တွေ လဲ အများကြီးရ.. သတိတရ လုပ်ပေးတဲ့ မိသားစုတွေ ရော.. သူငယ်ချင်းတွေ ရော.. ကံကောင်းလိုက်တာ...

ခေါင်ကတော့ ကိုယ့်မွေးနေ့တောင် ကိုယ်သတိမရဘူး.. ဟီးဟီး...
နောက်နှစ်မွေးနေ့ ကျရင်တော့ ဖိတ်နော်....

ဗီလိန် said...

နောက် လေးနှစ်ကျမှပဲ ဖိတ်တော့မယ် ခေါင်ခေါင် 2012 မှပဲစား တော့ :)

လင်းဦး(စိတ်ပညာ) said...

အဟဲ... ၂၀၁၂ လား ..။ အဲအချိန် ကျွန်တော် ရှိကော ရှိပါဦးမလားဗျ.. :)

ရွှန်းမီ said...

:-) နောက်လေးနှစ်မှ တစ်ခါ ပေါ့ . . .

ဗီလိန် said...

ဟုတ်တယ် ရွှန်းမီ။ ၂၀၁၂ ခုနှစ်ကျမှ ထပ်လုပ်မှာ။ ကိုလင်းဦး စောင့်ပါဦးဗျာ။ အေးဆေးပေါ့။

ရွှေပြည်သူ (ShwePyiThu) said...

ရောက်တာ အများကြီးနောက်ကျသွားလို့ မုန့်တွေတော့ ကုန်ပြီ ထင်ပါတယ်း) ဘာပဲဖြစ်ဖြစ် Happy Birthday ပါ မောင်လေးဗီလိန်ရေ။ ထူးခြားတဲ့ ရက်မှာ မွေးခဲ့တဲ့မောင်လေး အသက်ရှည် ပျော်ရွှင်စွာနဲ့ ထူးထူးခြားခြားကောင်းတဲ့ စာတွေ အများကြီး ရေးနိုင်ပါစေ...