ဂျပန်ဖရဲသီး

ကျောင်းတုန်းက သင်ရတဲ့သင်ခန်းစာလေးတစ်ခုပါ။ “ဂျပန်လူမျိုးတို့ရဲ့ နေထိုင်စားသောက်မှု ဘ၀” ခေါင်းစဉ်အောက်က “ဖရဲသီးစိုက်ကြမယ်” သင်ခန်းလေးကပါ။ ဆရာမကပြောလိုက်တော့ ကျနော်ထင်မိတာက ဖရဲသီးကို ကြီးထွားအောင် ဘယ်လိုစိုက်မယ်၊ အာဟာရတွေ ဘယ်လိုကျွေးမယ်၊ ပိုးမကျအောင် ဘယ်လိုကာကွယ်မယ် စသဖြင့် သင်မယ်ပေါ့လို့ထင်မိတာပေါ့။ တကယ်တန်းလဲသင်ရော ဘာမှလည်းမဆိုင် တက်တက်စင်အောင်လွဲတာပဲ။ သူတို့စိုက်တာက ကြီးထွားအောင်မစိုက်တဲ့အပြင် မကြီးထွား လာအောင်တောင်လုပ်တာ။ မျက်စိရှုပ်သွားလား။ ကျနော်လည်း ကြားကြားချင်း တော်တော်ခေါင်းရှုပ်သွားတယ်။





ဒီလိုဗျ သူတို့ကဖရဲသီးကို လေးထောင့်ပုံ(အခုနောက်ပိုင်း ပိရမစ်ပုံ) ဖြစ်အောင်စိုက်ကြတာ။ စက္ကူပုံးနဲ့ ထုတ်ပိုးတဲ့နေရာမှာ နေရာဖြုန်းတီးမှုလျှော့ချဖို့က တစ်ကြောင်း၊ သင့်တင့်တဲ့ အရွယ်အစားကိုကန့်သတ်လိုက်ပြီး ရေခဲသေတ္တာထဲထည့်ရင် ကြီးမနေအောင်က တစ်ဖုံ၊ စားသောက်ပွဲတွေတည်ခင်းရာမှာ ဖက်ရှင်အနေနဲ့ကတစ်မျိုး ပေါ့လေ။ စားပွဲပေါ်တင်ထားမယ်ဆိုလဲ အလုံးကြီးမဟုတ်တော့ လိမ့်သွားမှာမပူရတော့လို့ အဆင်ပြေတာပေါ့။


အရွယ်အစားက သာမာန်ထက် အနည်းငယ်သေးပါတယ်။ သေးတယ်ဆိုပေမယ့် ဈေးကတော့ သာမာန်ဖရဲသီးထက် ၂ ဆကနေ ၃ ဆ အထိဈေးကြီးပါတယ်။ ဘရန်းကောင်းကောင်းတွေထဲကဆိုရင် တစ်လုံးကို ယန်းငွေ ၁၃၀၀၀ မြန်မာငွေ ၁သိန်းခွဲနီးပါးလောက် ရှိပါတယ်။

ထုတ်လုပ်ပုံကတော့ အရွယ်မရောက်သေးတဲ့ ဖရဲသီးကို လေးထောင့် မှန်ဘောင်(Glass Box)လေးတွေနဲ့ ခတ်ထားလိုက်တယ်လေ။ မှန်ဘောင်ပြည့်ရင် ခူးပြီးထုတ်ပိုးရောင်းချတာပေါ့။ အရွယ်တူ ပုံစံတူ လေးထောင့်ဖရဲသီးတွေက ဂျပန်နိုင်ငံရဲ့တွင်ကျယ်တဲ့ Export ပစ္စည်းတစ်ခုပဲလေ။ အခုနောက်ပိုင်း Glass Box မသုံးပဲစိုက်လို့ရအောင်ကြိုးစားနေပါတယ်။

ဓာတ်ပုံလေးတွေကို mysquarewatermelon နဲ့ flickr ကနေကူးယူပြသထားတာပါ။

2 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဂျပန်က ဖရဲသီးကို ပုံတွေမြင်ဖူးကတည်းက စိတ်ဝင်စားနေတာပါ။ ဘယ်လိုစိုက်ပါလိမ့်လို့ အမြဲတွေးနေမိတာ အခုလိုကျတော့လည်း စိုက်နည်းက ရိုးရှင်းသားပဲနော်။ Glass Box မပါရင်တော့ ပိုခက်လိမ့်မယ် ထင်ပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မောင်လေးရေ။

ရွှန်းမီ said...

အဲ ..
baby carrot တို့ baby corn တို့ မြင်တော့ မမှည့်သေးတဲ့ အနုလေးတွေ ထင်နေတာ။ ဒါတွေမြင်မှ ဆက်စပ်တွေးမိတယ်။ စားလို့တော့ ကောင်းသား။
ဒီလို ဖရဲသီးတွေတော့ မစားဖူးသေးဘူး။