ဘောင်

ကျနော် ၁၀တန်းအောင်စာရင်း ထွက်တဲ့နေ့ကပါ။ ကျနော်တို့ နယ်မြို့လေးမှာဆိုတော့ မိုးလင်းကာနီးမှ ကပ်တာလေ။ ကျနော့အတွက်ကတော့ ည ၁နာရီလောက်ကတည်းက ရန်ကုန်ကအစ်ကိုက သွားကြည့်ပြီး ဖုန်းဆက်ထားလို့ သိနှင့်ပြီလေ။ သင်္ချာ နဲ့ သိပံ္ပတွဲနှစ်ဘာသာပဲ ပါပါတယ်။ ဒါကလည်း စာမေးပွဲပြီးကတည်းက သေချာနေတဲ့ အဖြေပဲလေ။ သင်္ချာနဲ့ သိပံ္ပတွဲပါမယ်။ ကျန်တာအောင်မယ်။ ကျနော့အတွက်ကရှင်းရှင်းလေးပါ။ မရှင်းတာက ကျနော့ သူငယ်ချင်းတွေပေါ့။ ကျနော့အိမ်က မြို့ထဲ အချက်အချာကျတဲ့ နေရာမှာဆိုတော့ ၆နာရီမှာကပ်မယ့် အောင်စာရင်းကိုကြည့်ဖို့ တဖွဲဖွဲချီတက်နေကြတဲ့ သူတွေကို ကျနော်က အိမ်ရှေ့မှာထိုင်ပြီး ပရိသတ်လုပ်တော့တာပေါ့။ သွားကြတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်လေးတွေပါပဲ။ ပြန်အလာကျတော့ ငိုတဲ့သူကငို၊ မျက်နှာပျက်သူပျက်၊ ပျော်သူကပျော် စုံလို့ပါပဲ။ ရောင်စုံခြယ်တဲ့ မျက်နှာစုံကို ကြည့်လို့ ၈နာရီထိုး သွားပါလေရော။

၈နာရီကျော်ကျော်လောက်ကြတော့ သူငယ်ချင်းတစ်ယောက်လာခေါ်လို့ ဆရာမ(ကျနော်တို့ သူငယ်ချင်းတွေအကုန်လုံးကို သင်ကြားပေးခဲ့တဲ့) အိမ်ကိုလိုက်သွားပါတယ်။ ဟိုရောက်တော့ ၄ ဘာသာပဲရလို့ ငိုနေတဲ့ ၉တန်းထဲက ၁၀တန်းစာကျက်ခဲ့တဲ့ ရွှေစင်၊ ကျနော့နောက်မှာရောက်လာတာက တစ်နှစ်လုံးဂိမ်းဆော့ ရင်းနဲ့ ၃ဘာသာထွက်လာတဲ့ ကိုသက်(သူအိမ်မှာ စာကျက်တာက ကျနော်မှမမြင်ရတာ။)၊ အဲဒီနေ့က အမေးအခံရဆုံး မေးခွန်းတစ်ခုက “မင်း/နင် ဘာတက်မှာလဲတဲ့”။ တော်တော်များများကြားခဲ့ရတာက “ဆေးမီရင်ဆေးပဲတတ်မှာပေါ့” တဲ့။ တစ်ချို့ကလည်း “ငါသာဆေးအမှတ်မီရင် ငါ့အိမ်ကဆေးပဲတက်ခိုင်မှာ၊” “ဆေးပဲရွေးစရာရှိတာပဲ” “မီမှာပါ။ ဆေးတက်ရင်လူရှိန်တယ်ကွ” “စော်ကြည်အောင် မကွေး(ဆေး) ပဲသွားတာပေါ့ကွာ” သူငယ်ချင်းများထဲက တော်တော်များများက ဆေးတက္ကသိုလ်ဆိုတာကြီးကိုပဲ အားစိုက်နေချိန် ကျနော်ကတော့ စဉ်းကိုမစဉ်းစားခဲ့တာ။ “မမီလို့ပြောတာပါကွာ” လို့တော့ မပြောလိုက်နဲ့နော်။ ကျနော် နှစ်ဘာသာပဲထွက်တယ်ဆိုပေမယ့် ဆေးကျောင်းတက်ဖို့ လုံလောက်တဲ့အမှတ် ရခဲ့တယ်။ ဒီလိုနဲ့ အမှတ်စာရင်းတွေထွက် မီတဲ့သူကတက် မမီတဲ့သူတွေလည်း သင့်တော်ရာပေါ့လေ။

ကျနော့သူငယ်ချင်းအဖွဲ့ထဲမှာတော့ ကျနော်ကလွဲရင် အကုန်လုံးနီးပါး ဆေးကျောင်း သွားတက်ကြတယ်လေ။ မမီတဲ့သူနှစ်ယောက်ကလွဲရင်ပေါ့။ ကျနော်စဉ်းစားမိတယ်။ ဘာကြောင့်လူတွေ ဆေးကျောင်းမှဆေးကျောင်း တက်ချင်နေကြတာလဲ။ လူတွေစဉ်းစားနေကြ ပုံမှန်အတွေးတွေကို လွယ်လွယ်နဲ့လက်မခံချင်မှတော့ မစဉ်းစားတာ ပိုသင့်တော်မယ်ထင်တာပဲ။ သိပ်မကြာပါဘူး စီးပွားရေးအခြေအနေအရ ကျနော်တို့မိသားစု ရန်ကုန်ကိုပြောင်းလာပါရော။ ဘယ်တော့မှ ဘာလုပ်ပါလို့မပြောတဲ့ အမေကြောင့် ကျနော်တက်ချင်တဲ့ UFL တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေ့ကို ဝိုင်းပြီးပြောကြသေးတယ်။ ဘာလို့ဆေးမတက်ခိုင်းတာလဲတဲ့။

ကျနော်ပထမနှစ်ပြီးတော့ မကွေးဆေးကျောင်းက သတင်းတစ်ခု ကြားလိုက်ရတာက ၁၀တန်းတုန်းက သိပ်အေးပါတယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မကွေးသူတစ်ယောက်နဲ့ ခိုးရာလိုက်ပြီး ကျောင်းနားသွားတယ် ဆိုတာရယ်၊ နောက်တစ်ယောက်က ဘောပွဲရှုံးလို့ သူ့အိမ်ကတော်တော် လိုက်ရှင်းပေးလိုက်ရတယ် ဆိုတာရယ်ပေါ့။ နောက်တစ်နှစ်ကျတော့ တစ်မျိုးဗျ ၂၄နာရီ ၇ရက် ဘိလျက်ခုံနဲ့ ဂိမ်းဆိုင်ကမထွက်လို့ ဘာသာစုံကျတဲ့ ဆိုတာကတစ်မျိုး။ အတန်းမှန်မှန်မတက်လို့ ဒီဗားထိတယ်ဆိုတာကတစ်ဖုံ။ အသည်းကွဲလို့ အရက်သမားဖြစသွားတယ် ဆိုတာကတစ်နည်း။ သြော် စုံလို့ပေါ့ဗျာ။ ကိုယ့်သူငယ်ချင်းတွေဒီလို ဖြစ်တော့ကိုယ်ကိုယ်တိုင် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။

ကျနော်သတိထားမိလိုက်တာက အဲလိုဖြစ်တဲ့သူတွေက တချိန်ကသိပ်တော်၊ သိပ်လိမ္မာပါတယ် ဆိုတဲ့သူတွေလေ။ ဘာလို့များပြောင်းလဲသွားကြပါလိမ့်။ ဒါဆို မိဘကပဲ ဒီလိုလုပ်ဖို့သင်ပေးသလား။ ဝေးပါ့။ ဘယ်မိဘကကော ဒီလိုသင်မှာလဲ။ မိဘနဲ့ဝေးနေတာလည်းပါမှာပေါ့။ ထားပါတော့လေ။ အခုဆို ၁၀တန်းပြီးလို့ ၇နှစ်ရှိသွားပြီ ဘာတွေဘယ်လိုတွေဖြစ်နေကြပြီလဲ။ ကျနော်တို့အဖွဲ့တည်းပဲပြန်ကြည့်ဦး ပထမနှစ်တုန်းက အိမ်ထောင်ကျသွားတာ တစ်ယောက် (မြို့မှာပဲ ကလေး နှစ်ယောက်နဲ့ ကုန်စုံဆိုင်လေးဖွင့်နေလေရဲ့)။ မြို့ကဆန်စက်၊ ဘုရင့်နောင်ကပွဲရုံနဲ့တင် အဆင်ပြေနေတဲ့ အဝေးသင်တက်ခဲ့တဲ့ တစ်ယောက်။ ဆေးကျောင်းမှာ တတိယနှစ်က ရှေ့မဆက်နိုင်သေးတဲ့ နှစ်ယောက်။ ဒီဗားနဲ့ထွက်သွားတာက တစ်ယောက်။ ဟောက်(စ်) ပြီးလို့ယောင်ချာချာဖြစ်နေတာက သုံးယောက်။ အမျိုးအဆက်အသွယ်ရှိလို့ SSC မှာဝင်လုပ်နေတာက တစ်ယောက်။ GTI ပြီးလို့ စလုံးမှာ အဆင်ပြေနေတာက တစ်ယောက်ပေါ့လေ။ ကျနော်ကတော့ Tourist Guide လုပ်ရင်း၊ ဂျပန်စာလိုက်သင်ရင်းပေါ့။ ဝင်ငွေကအကောင်းကြီးမဟုတ်ပေမယ့် ပုံမှန်လေးတော့ အဆင်ပြေပါတယ်။

ကောင်းအောင်လုပ်တိုင်းလည်း ကောင်းတာမဖြစ်သလို၊ ဖြစ်တဲ့နေရာမှာ ကောင်းအောင်နေတတ်ဖို့က ပိုအရေးကြီးသလိုပဲ။ ကျနော်ကိုယ်တိုင်လည်း အကောင်းဆုံးမဖြစ်သေးသလို သူများတွေကိုလည်း ရှာကြံပြီး အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီပို့စ်ကိုရေးရတာ စိတ်ထဲမသန့်သလိုပဲ။ သူများတွေ အဆင်မပြေ ကျဆုံးတာတွေ ရေးပြီး လှောင်ရီရီနေသလိုများ ဖြစ်နေမလားလို့။ ကျနော့သူငယ်ချင်းတွေအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။ ဒီပို့စ်လေးကို ဖတ်မိတဲ့သူတွေရဲ့ ညီ၊ ညီမ၊ ဆွေမျိုး၊ အသိတွေထဲမှာ ၁၀ အောင်ကာစတွေများရှိရင် သတိထားမိအောင်လို့ပါ။ ခေတ်မမီတော့တဲ့ ပတ်ဝန်းကျင်က ခတ်ထားတဲ့ဘောင်ဆိုတဲ့ အရာထဲမှာပဲ ရှင်သန်နေရင်တော့ ဘောင်ကျိုးရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားမိစေချင်လို့ပါ။ ကျနော့စေတနာသာ အကျိုးပေးမယ်ဆိုရင် မြန်မာပြည်က လူငယ်တွေ ကိုယ်နဲ့သင့်တော်တဲ့ လမ်းမှန်ရွေးနိုင်ကြပါစေ။

6 comments:

လင်းဒီပ said...

ဆယ်တန်းအောင်ရင် ဘယ်လမ်းဆက်လျှောက်ရမယ်ဆိုတာ လူငယ်တိုင်းဒွိဟဖြစ်ရတဲ့ကိစ္စပါ..အဲဒီအချိန်မှာ ပတ်ဝန်းကျင်က အကြံပေးတာတစ်မျိုး..အိမ်ကတစ်မျိုး...ကိုယ့်ရဲ့ လူကြီးလုပ်စ အတွေးတွေကတစ်မျိုးနဲ့...တကယ့်လမ်းဆုံ....လမ်းရွေးမှန်ဖို့..ကိုယ့်နဲ့ အပ်စပ်တာဘယ်လိုင်းလဲ သိဖို့(ရွေးတတ်ဖို့) အရမ်းအရေးကြီးတာပဲ..ကိုယ်ကတော့ နည်းနည်းလေးလွဲသွားတယ်...တွတ်ပေါ့

ရွှေပြည်သူ (ShwePyiThu) said...

ဗီလိန်ရေ မောင်လေးဆိုလိုချင်တာကို နားလည်ပါတယ်။ ဟုတ်တယ် တကယ့်ကို “ဘောင်”လေးထဲမှာပါပဲ။ အဲဒီလိုကနေ ဆေးကျောင်းတက်မှ အရည်အချင်းရှိတဲ့လူလို့ ထင်တဲ့အစွဲကပါ ကြီးလာကြပါတယ်။ အစ်မဆိုရင် ဆေးကျောင်းသူမဟုတ်ဘဲ Computer ကျောင်းတက်လို့ ဟိုမရောက်ဒီမရောက်ဆိုပြီး အပြောခံခဲ့ရဖူးပါတယ်။ ဆေးပညာဆိုတာ အသက်ကယ်တဲ့ပညာမို့လို့ အမွန်မြတ်ဆုံးလို့ လက်ခံပြီးသားပါ။ ဒါပေမယ့် IT ဆိုတာလည်း အခုခေတ်မှာ အင်မတန်အရေးပါတဲ့ ပညာရပ်လို့ ယုံကြည်တဲ့အစ်မ အဲဒီစကားကို နှစ်တွေအကြာကြီး မှတ်မိနေခဲ့ပါတယ် (ခုထိပဲ ဆိုပါတော့)။ အခုတော့လည်း အဲဒီစကားသံတွေ တိတ်သွားလောက်ပါပြီ။ မောင်လေးပြောတဲ့ “ဘောင်”ရဲ့ အကျိုးဆက်တွေပေါ့လေ။ ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါမောင်လေးရေ။ စာရေးလည်း ကောင်းပါတယ်။

ဗီလိန် said...

ဟုတ်တယ်အစ်မ။ ဆရာဝန်တစ်ခုတည်းနဲ့တော့ လောကကြီးကိုတည်ဆောက်လို့မရဘူးလို့ထင်မိတာပဲ။

ရွှန်းမီ said...

ဟုတ်တယ် .. စိတ်ထဲ မကောင်းသလို.. အဲ့ဒီ ဘောင်ဆိုတာကို မကျေနပ်ပါဘူး။
တကယ်တော့ ကိုယ်ကြိုက်ရာ .. ဒါမှမဟုတ် ကိုယ်နဲ့ သင့်တော်မယ်လို့ ယုံကြည်ရာကို ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့တာ ပိုကောင်းပါတယ်။
ပတ်ဝန်းကျင်ဆိုတာ ကိုယ်တိုင်မှ မဟုတ်တာ။
သူတို့ ထင်သလို တစ်စုံတစ်ခုသော အတတ်ပညာသာ လောကမှာ အရေးအပါဆုံး လို့ မဖြစ်သင့်ဘူး။
ကိုယ်လျှောက်ဖို့ ရွေးတဲ့လမ်းကို ဘယ်လိုသွားကြမလဲ ဆိုတာ ပိုအရေးကြီးတဲ့ စိတ်ကူး ဖြစ်ဖို့ကောင်းပါတယ်။
Anyway, you're confident for your choice. You enjoyed what you achieved (more or less.) That's great!

Anonymous said...

ကောင်းပါတယ်ဗျာ..ဒါဟာ အင်မတန်မှန်တဲ့
အကြောင်းအရာလေးပါ.ဆယ်တန်းအောင်တဲ့ အောင်စာရင်းထွက်တဲ့ ခံစားချက်ကတော့
ကျွန်တော်နဲ့ ကိုဗိလိန် ခံစားချက်တူခဲ့တယ်ဗျာ
အောင်စာရင်းကပ်တဲ့နေရာကိုကျွန်တော်လည်း
သွားကိုမကြည့်တာ ..ဦလေးက အိမ်နာမည်နဲ့
သွားကြည့်ပြိးကျတယ်ပြောခံရသေးတယ်။ကျွန်တော်
ကျောင်းနာမည်မှ ဦးလေးမသိရှာတာ ဖြစ်တတ်တာလေး
ပါတိုက်ဆိုက်တယ်နော် ရေးသားချက်ကတော့

ကောင်းတယ် ကိုဗီလိန်ရေ

kk said...

တိုး တက် သော အတွေး အခေါ် တစ် ခု ပါ။ ချွင်း ချက် တစ် ခု အနေ နဲ့ ဆွေး နွေး ပါ ရ စေ။ အကြောင်း အရာ ဝေ ၀ါး နေ လျှင် ဆွေး နွေး သူ ၏ တာ ၀န် သာ ဖြစ် ပါ တယ်။ ခွင့် လွှတ် ပေး ပါ။
ဒီ ဘောင် လေး နဲ့ အကြည့် မခံ ရ ဘူး တဲ့ လူ ရှား မယ် နော်။ (၁၀) အောင် စာ ရင်းထွက် ပြီး ချိန် တင် မ ဟုတ် ပဲ တစ် ခြား အချိန် တွေ မှာ ကော ပေါ့။
ကံကောင်း တဲ့ သူ တွေ က တော့ ဘောင် တွေ လို့ ပြော နိုင်၊ မြင် နိုင် ပေ မဲ့၊ ဒီဘောင် ထဲ မှာ အ သား ကျ နေ သူ တွေ၊ နောင် မျိုး ဆက် အ တွက် ဘောင် အ သစ် လုပ် ချင် နေ သူ တွေ လည်း အများ သား။
ဒါ ပေမဲ့ ဘောင် ထဲ လို့ ပဲ ပြော ပြော ၊ ဘောင် ပြင် မှာ ပဲ နေ နေ -စိတ် ဓါတ် မခိုင် မာ ရင် လမ်း ခု လတ် နဲ့ ရပ် တန့် လိုက် ရ မှာ ပဲ။ အ ဓိက က တော့ စိတ် ချမ်း သာ မှု တစ် ခု ကို ရွေး ချယ် ပြီး ပြီး ဆို ရင် မ တွေ ဝေ သင့် ပါဘူး။ သူများ အတွက် ပဲ ဖြစ် ဖြစ် ၊ ကိုယ် အတွက် ပဲ ဖြစ် ဖြစ် ကိုယ် ရွေး ချယ် ထား တဲ့ လမ်း ကို အား တင်း လျှောက်ရမှာ ပဲ။ စ ကား ပုံ လေး ကြား ဖူး တယ်- မို ဟာ မက် ဆီ တောင် ကြီး မလာ ရင် ၊တောင် ကြီး ဆီ မို ဟာ မက် သွား ရ မယ်။
အောင် မြင် မှ ပျှော် ရွှင် မယ် ထင် သူ တွေ အတွက် စကား လေး ရှိ ပါ တယ်။
there are two kinds of success, one is doing what to love, other is loving what to do.
ဘောင် တွေ ကို မ ဖြစ် မနေ ရင် ဆိုင် ရ တော့ မယ် ဆို ရင် လဲ- ကိုယ် လုပ် ချင် တဲ့ အရာ တွေ မ ဟုတ် လို့ ဆို ပြီး စိတ် မပျက် စေချင် ပါ။ ဆရာဝန် စာရေးဆရာ တို့ ၊ ဘာ တို့ ဖြစ် နိုင် ပါ သေး တယ်။ စေတနာ သည် ကံ ဆို လျှင် လူ ကြီး မိဘ တွေ ရဲ့ မေတ္တာ စေတနာ ကို အသိ အမှတ် ပြု စေချင် ပါ သည်။