စီးလေဦးဟဲ့ ၁၀၅

စီးလေဦးဟဲ့ 854 ရေးပြီးတော့မှ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က အဖြစ်အပျက်လေးတစ်ခု ပြန်ပြီးသတိရမိတယ်။ နောက်ထပ် ကားပြဿနာလေးတစ်ခုပေါ့လေ။ ဒီတခါက ရန်ကုန်ရွှေမြို့တော်ကြီးက အဖြစ်အပျက်လေးက အတွေ့အကြုံလေးပေါ့လေ။

သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ ကျနော်တို့အဖွဲ့ စုပြီးတခုခုလုပ်ဖို့ချိန်းထားကြပါတယ်။ (ဘာအတွက်စုတာလဲ ဆိုတာကတော့ မပြောတော့ပါဘူး။ သေချာတာက စုပြီဆိုကတည်းက မဟုတ်တာတခုခုပဲလေ။ ထားပါတော့။) ကျောက်မြောင်းက မြို့သစ် (၃)လမ်းက မောင်မိုးအိမ် မှာပေါ့။

အဲဒီနေ့က မောင်မိုးကသင်တန်း ရှိလို့ ၂း၀၀ မှချိန်းထားကြတာလေ။ သူ့သင်တန်းက လမ်း(၃၀)မှာ။ ကျနော်လည်းမနက်ပိုင်း အလုပ်ကိစ္စနဲ့ မဂိုလမ်းသွားစရာရှိလို့ သူနဲ့ ဆူးလေမှာတွေ့ပြီးမှ ကျောက်မြောင်းကသူ့အိမ်ကို အတူတူသွားဖို့ စီစဉ်လိုက်တာပေါ့။ ၁၂ နာရီလောက်ကတည်းက လက်စပြတ်သွားတဲ့အလုပ်ကိစ္စကြောင့် (၁)နာရီမှဆင်းမယ့်သူ့သင်တန်း နဲ့ဆိုတော်တော်စောနေတာနဲ့ပဲ အသိတစ်ယောက်ဆိုင်မှာ ထိုင်လေပန်းနေရင်းနဲ့စောင့်နေလိုက်တယ်လေ။

(၁)နာရီထိုးလို့မောင်မိုးနဲ့တွေ့ပြီး ဗိုက်ဆာဆာနဲ့ ချစ်တီးထမင်း ၀င်ဆွဲလိုက်သေးတယ်။ ချစ်တီးဆိုင်ကစားပြီး အထွက် စိမ်းကာစမီးပွင့်မှာ ထွက်ဖို့လုပ်နေတဲ့ ဒရိုင်ဘာနဲ့ ရသလောက်တင်ချင်သေးတဲ့ စပယ်ယာနဲ့ ၁၀၅ ကားတစ်စီး။ ထမင်းစားချိန်ဆိုတော့ နောက်ကားကမသေချာ။ ကားကလည်းမထွက်သေးတာကြောင့် နှစ်ယောက်သား အပြေးအလွှား ဖမ်းတွယ်လိုက်ကြပါလေရောလား။ ကျနော်က ၁၀၅ ဒိုင်နာကားရဲ့ ဘယ်ဘက်ထောင့်သံတိုင်၊ မောင်မိုးက ညာဘက်ထောင့် သံတိုင်ကိုကိုင်လို့ တွယ်စီးပြီးပါသွားလေရဲ့လေ။ ကျနော်က အရပ်မလွတ်လို့ တွယ်စီးတာအကျင့်ပါနေတဲ့အပြင်၊ မောင်မိုးနဲ့ ကျနော်နဲ့ ပေါင်းပြီး လိုင်းကားထောင်ဖူးခဲ့တာဆိုတော့ တွယ်စီးတဲ့နေရာမှာတော့ ပယ်ယာတစ်ယောက်နဲ့ ထပ်တူထပ်မျှနီးပါး ကျွမ်းကျင်နေပြီလေ။

ကျနော်တို့တက်တက်ချင်း စပယ်ယာ မြင်လိုက်တာက နောက်ကားသုံးစီးကျော်က လှည့်ကင်းကား။ တကယ်တော့ အဲဒီလှည့်ကင်းကားကလည်း ကားဖမ်းတဲ့လှည့်ကင်း မဟုတ်ဘူးဗျ လူကူးမျဉ်းကျားကမကူးတဲ့သူတွေကို လိုက်ဖမ်းတဲ့ လှည့်ကင်း။ သူတို့က လူတွေပဲလိုက်ချောင်းနေတာ။ ကျနော်တို့ကားကို သတိတောင်မထားမိဘူးထင်ပါတယ်။ ဒါကိုစပယ်ယာက အင်တာကွန်းကနေ ဒရိုင်ဘာကိုသတိပေးလိုက်တာက…
“မောင်းဆရာ၊ မောင်းမောင်း နောက်မှာ ကြွက်တွေပါတယ်” ဆိုပဲ။ (ကြွက် = ယာဉ်ထိန်းရဲ)
ဟုတ်တော့လည်းဟုတ်ပါတယ်။ နှစ်ယောက်ပေါင်းမှ မြန်မာငွေ ၁၀၀ ကျပ်ပဲရမယ့် ကျနော်တို့ နှစ်ယောက်ကြောင့် ဖျက်လိုက်တဲ့ “မီးပွင့်တွင်အတက်အဆင်းမလုပ်ရ” စည်းကမ်းကြောင့် ဆောင်ရမယ့် ဒဏ်ငွေက ၁၅၀၀၀ အထက် နဲ့ အချိန်တစ် မနက်လေ။ လိုင်းကားသမားချင်းဆိုတော့ သဘောပေါက်နေတယ်လေ။

ဆူးလေအ၀ိုင်းကို ပတ်နေပါပြီ။ အ၀ိုင်းပတ်ပြီးလို့ မဟာဗန္ဓုလလမ်းပေါ်ပြန်အတက် အကွေ့မှာ ဒရိုင်ဘာရဲ့လောနေတဲ့စိတ်၊ ရသေးသရွေ့ မလဲပဲထားထားတဲ့ စံချိန်မမီတော့တဲ့ ရှေ့ဘီး “လေး”၊ အတော်လေးကြပ်နေတဲ့ ကားထဲက ခရီးသည်တွေက ၀ိတ်၊ အားလုံးရဲ့ဟန်ချက်ညီတဲ့ ကံတရားပါ ပါမလားပဲ။ အရှိန်မလျှော့ပဲကွေ့လိုက်လို့ စောင်းသွားတဲ့ကားရဲ့ စတီယာရင်ကို ပြန်မဆွဲနိုင်တော့တဲ့ ဒရိုင်ဘာကလက်လျှော့လိုက်ရပြီလေ။ ကားက ညာဘက်ကိုပိုပိုကွေ့သွားပြီး ဘယ်ဘက်ခြမ်း(ကျနော်တွယ်ထားတဲ့ သံတိုင်ဘက်ခြမ်း)ကို တုန်းလုန်းကြီးလဲပါလေရော။ အစအဆုံးမြင်နေရတဲ့ ကျနော်ကတော့ “ဟဟ၊ ကားကစောင်းနေပြီ၊ စောင်းနေပြီ” လို့တောင်အော်မိသေး။

တအိအိနဲ့စောင်းလာပြီး တုန်းလုန်းလဲလာနေတဲ့ ကားကို သေချာကိုင်ထားရင်းက လက်မလွှတ်လို့ရတဲ့အနေအထားရောက်တော့ လက်လွှတ်လိုက်ပါတယ်။ ဘယ်သူတွေ၊ ဘာတွေ၊ ဘယ်လိုဖြစ်နေတယ်တော့ ကျနော်မသိ။ အသက်နဲ့ရင်ဆိုင်နေရတဲ့အချိန်ကိုး။ ကားကိုလွှတ်လိုက်တော့ အီနားရှားရဲ့စေလွှတ်ရာ ကားလမ်းကြောင်းတလျှောက် လွင့်စင်ထွက်အသွား ခြေထောက်ကတော့ မီသလောက်လိုက်ပြေးပေးရှာပါတယ်။ ခြေလှမ်းကြဲကြီး ၃ ၄ လှမ်းလှမ်းအပြီးမှာ ဆက်မလိုက်နိုင်တော့ပဲ ၀မ်းလျားမှောက်ကလေးလဲ ကျသွားပါတော့တယ်။ မြို့တော်ခန်းမရှေ့ဖြစ်လို့ ညက်ညောနေတဲ့ နိုင်လွန်ကတ္တရာလမ်းကို ကျေးဇူးတင်ရမှာပဲ။ တတောင်ဆစ်နဲ့ ဒူးခေါင်းက နဲနဲလေးပွန်းသွားတယ် ဆိုရုံလေးပေါ့။ ရင်ထဲမှာတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပေါ့။

အမှန်အတိုင်းပဲ ၀န်ခံပါရစေ။ လဲကျရာကပြန်အထ ပထမဆုံးရှာတာက ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းမောင်မိုး မဟုတ်ဘူးဗျ။ ခါးကြားက ပိုက်ဆံအိတ်နဲ့ ဖုန်း။ စစ်ဆေးပြီးလို့ရှိပြီဆိုမှ မောင်မိုးကိုလှည့်ကြည့်တော့ ကားဘေးမှာအခွေလိုက်ကလေး။ ကျနော်က ကျနော်တွယ်ထားတဲ့ ဘက်ကိုလဲတာဆိုတော့ လွင့်ထွက်တာပေါ့ သူက တော့ ကားဘေးလေးမှာပဲ ခွေခွေလေးထိုင်နေလေရဲ့လေ။ သွားကြည့်တော့ ဘာမှမဖြစ်ပါဘူး။ သူလည်းကျနော့လိုပဲ ပွန်းရုံပဲ့ရုံပဲပေါ့။

တချိန်ထဲမှာ ကားထဲကလည်းဆူညံလို့ ထွက်လာတဲ့သူတွေကလည်း ကွဲကြပြဲကြပေါ့ဗျာ။ ကျနော်လည်း စိတ်မချမ်းသာစရာတွေ မတွေ့ချင်တာနဲ့ပဲ မောင်မိုးကိုခေါ်ပြီးထွက်လာခဲ့လို့ ဘယ်သူတွေဘာဖြစ်လဲ။ အသေအပျောက်ရှိလား တောင်မသိလိုက်ပါဘူး။ ထွက်လာပြီး ပန်းဆိုးတန်းက စိတ်နည်းနည်း တည်ငြိမ်သွားအောင် Mr. J မှာ ခဏထိုင်ပြီးမှ ထွက်လာခဲ့ပါတယ်။ Mr. J က ထွက်အလာ ပန်းဆိုးတန်းလမ်းနဲ့ အနော်ရထာလမ်းထိပ်က မီးပွင့်မှာမိနေတာက ၁၀၅။

ကျနော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်ပြီး မေးလေးဆတ်လို့ ပြေးတက်လိုက်တော့ မီးကစိမ်းပြီလေ………။

မှတ်ချက်။ ။
ဘာကြောင့်???
ဒီကားနဲ့ မဆုံဆုံအောင်ဖန်တီးပေးလိုက်တဲ့ ချစ်တီးထမင်းလား။
မီးပွိုင့်မှာတက်လိုက်တဲ့ ကျနော်တို့ကြောင့်လား။
စပယ်ယာရဲ့လောဘကြောင့်လား။
ဒရိုင်ဘာရဲ့ပေါ့ဆမှုကြောင့်လား။
ယာဉ်ထိန်းရဲလိုက်ဖမ်းလို့လား။ (မဖမ်းပေမယ့် သူတို့ကိုတွေ့လို့လေ။)
ကားစရိတ်ချွေတာတဲ့ Owner ကြောင့်လား။

သိဘူး ကူစဉ်းစားပေးကြပါဦးဗျို့......။

4 comments:

ကိုရုပ်ဆိုး said...

ဒီကိစ္စက မီးပွိုင့်မှာ တက်လိုက်တဲ့ ကိစ္စကြောင့်မဟုတ်၊ မောင်းသွားတာတောင် တော်တော်ကြာသွားပြီးပဲ။ ကားဆရာကြောင့်ပါ။ စပါယ်ယာဆိုတာကလည်း ရသလောက် လူတင်တာ သူ့အကျင့်လေ....။

ဗီလိန် said...

အင်း ဟုတ်တော့ဟုတ်တယ် ကိုရုပ်ဆိုး။
ဒါပေမယ့် ကျနော်ကိုယ်ကျနော်လည်း နည်းနည်းလေးတော့ အပြစ်မကင်းသလိုပဲ။
ဒါပေမယ့်လည်း မမှတ်ပါဘူး။
မီးပွိုင့်ကနေတော့ တက်စီးနေဆဲ။ ဟီးဟီး။
ရွှေတို့ထုံးစံအတိုင်း အဆင်ပြေရင်ပြီးတာပဲလေ။
အဆင်ပြေတာလေးတွေပဲ ရွေးချယ်ပြီးလုပ်နေကြရတာပဲ မဟုတ်လား။

ရွှန်းမီ said...

မထိတ်သာ မလန့်သာ

သံလွင် HeRo said...

တော်သေးတာပေါ့ဗျာ...ကျနော်အရင်ကကျောက်မြောင်းမှာ ညဘက်ကျူရှင်တက်တုန်းက အပြန်နေ့တိုင်း ၁၀၅စီးတာဘာမှမဖြစ်လို့