ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား

YUFL ကသူငယ်ချင်းတစ်ယောက်က ကျောင်းတော်ကြီးအကြောင်းလေး တစ်ခုလောက်ရေးပေးပါဆိုလို့ ရေးလိုက်တာပါ။ အစတည်းက ရေးဖို့အစီအစဉ်ရှိပေမယ့် သူ့တွန်းအားကြောင့် ခုချက်ချင်းပဲရေးဖြစ်သွားပါတယ်။

အရင်ဆုံး အားကစားနဲ့ ပတ်သတ်တာလေးပေါ့။ နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးကို စရောက်ပြီး ၁လ လောက်ပဲရှိသေးတယ်။ ဂျာမန်ဘာသာက သူငယ်ချင်းတစ်ယောက် လုပ်လိုက်တာ အထက်တန်း ကျောင်းသားဘဝ ပြီးကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ တနည်းပြောရရင် မီးခဲပြာဖုံးဖြစ်နေတဲ့ အားကစားပိုးက ပြန်လည်နိုးထလာတော့တာပေါ့။ သိပ်မကြာလိုက်ပါဘူး။ မေဂျာစုံကို သွားပြီး လူစု၊ ပိုက်ဆံစု၊ လိုချင်တဲ့ နံပါတ်တွေမှတ်။ တစ်သင်းစာပြည့်အောင် မနည်းစုရတယ်။ မေဂျာ ၇ခုရှိတာ တစ်ခုကိုမှ ယောက်ျားလေးက ၄ ၅ ယောက်ပဲရှိတာကိုး။ တစ်သင်းစာပြည့်တော့ အားကစားပဒေသာကိုသွား၊ ဝတ်စုံအပ်၊ နောက် ၃ရက်လောက်ကျတော့ ၀တ်စုံတွေရ စပြီးသောင်းကျန်းပါတော့တယ်။ နောက်ဆုံးချိန်တိုင်း အတန်းလစ်။ ဘောကွင်းမှာနေရာယူ။ ချိန်းထားတဲ့ အခြားအသင်းတွေနဲ့ ကန်ကြတာပေါ့။ ခဏခဏရှုံးတာကတော့ တပိုင်းပေါ့။

အဲဒီမှာ ဟောသည်က မင်းသားကြီး ဗီလိန်က ဘယ်မှာမှတ်လဲ။ တစ်သင်းလုံးမှာ မရှိရင် ပွဲဆက်ကစားလို့မရတဲ့ တစ်ဦးတည်းသော ဂိုးသမားကြီးပေါ့။ ကန်တဲ့နေရာမှာ သုံးမရလို့ ဂိုးဖမ်းတဲ့ဂိုးသမားတော့ မဟုတ်ဘူးနော်။ ဂိုးသမားတစ်ယောက်ရဲ့ဘဝ၊ ဂိုးသမားတစ်ယောက်ရဲ့နှလုံးသားနဲ့ အမှန်အကန်ဖမ်းတဲ့ ဂိုးစောင့် တာဝန်ယူ ရဲဘော်ကြီးပါ။ ဒါပေမယ့် နောက်ပိုင်းတော့ ဘုန်းတန်ခိုးရှင်ဆိုပြီး နာမည်ကြီးသွားသဗျ။ ဘုန်းတန်ခိုးဆိုတာက ကိုယ့်ဟာကို စာလုံးပေါင်း ပြောင်းလိုက်တာ။ အမှန်က ဖုန်း....တစ်ဂိုး။ ဟီးဟီး။ ဖုန်းကနဲ ကန်လိုက်တာနဲ့ တစ်ဂိုးပေးလိုက်ရလို့လေ။

သထုံကွင်းက ပြန်ရင် ညနေ ၆နာရီကျော်ကျော်။ ကွင်းထဲကအပြန် ဗထက်ချိုက်ကွေ့ အရင်တက္ကသိုလ် ကျောင်းကားတွေ စုရပ် တက္ကသိုလ်စာတိုက်ရှေ့က ကွင်းပြင်ဘေးက ကန်တင်းက အားသစ်ကဖီးမှာ အအေး ၃၊၄ခွက်နဲ့ ကုန်းဆင်း (အလကားရ ရေခဲရေ) ၁၀ခွက်လောက်မှာသောက်၊ ဟေးလားဟားလားနဲ့ ခုနက ဘောပွဲအကြောင်း ပြန်ပြောကြနဲ့ ၇နာရီလောက်ကျတော့မှ ပြန်ကြတာပေါ့။ ဒါတောင် ကားဂိတ် မရောက်ခင်ပြော။ ကားပေါ်မှာပြောနဲ့ ကားပေါ်က ဆင်းတဲ့အထိပါပဲ။ သြော်... တက္ကသိုလ်... တက္ကသိုလ်... ခုချိန်ထိ အဲဒီ ဗထက်ချိုက်ကွေ့ နားရောက်ရင် အဲဒီ ပုံရိပ်တွေက အတိုင်းသား မြင်နေရတုန်းပါပဲလား။

ဒီလိုနဲ့ တက္ကသိုလ်ကြီးကို မြိန်ရည်ရှက်ရည် ခံစားပြီး နောက်ဆုံးနှစ် ရောက်လာပါပြီ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ်။ ကျောင်းတော်ကြီးမှာ ကျောင်းသားတွေကို အမြဲတမ်းဆူနေ ငေါက်နေတဲ့ အပေါက်ဆိုးဆိုး သဘောကောင်းကောင်း စာမေးပွဲဌာနက မော်ကွန်းထိန်းဆရာမကြီး တစ်ယောက်ရှိတယ်ဗျ။ ကျောင်းသားတွေကို ဆူနေကြဆိုပေမယ့် ကျောင်းသားတွေ အခက်အခဲတစ်ခုခုရှိလာရင် အမြဲဖြေရှင်း ပေးပါတယ်။ သူ့အကြောင်းကတော့ နောက်မှ အေးအေးဆေးဆေး ပြောပြဦးမယ်။ ကျနော် နောက်ဆုံးနှစ် ပြီးကာနီးကျတော့ ဖရက်ရှာတွေ ကိုလည်းကြိုရင်း ကျနော်တို့ Batch လည်းနှုတ်ဆက်ရင်းဆိုပြီး ပွဲတစ်ခုလုပ်ပါတယ်။ လုပ်စရာမရှိ ရှာကြံလုပ်တာပါ။ လုပ်တဲ့ပွဲကလည်း တရားဝင်မဟုတ်ရာကနေ တရားဝင်ဖြစ်သွားလေရဲ့။

ဖြစ်ပုံက ဒီလို ကျနော်တို့ နောက်ဆုံးနှစ် ဘောလုံးအသင်းနဲ့ ပထမနှစ်၊ဒုတိယနှစ် ညွန့်ပေါင်းအသင်းနဲ့ ကျောင်းတွင်း ချစ်ကြည်ရေးပွဲ ဆိုပါတော့ဗျာ။ သထုံကွင်းဘေးက တက္ကသိုလ်များ ဘောလုံးကွင်း (ထိုအချိန်က ဘဏ္ဏာအခွန်အသင်းရဲ့ လေ့ကျင့်ရေးကွင်း) ကို ငှားပြီး ကန်ကြတာဗျ။ ငှားတယ်ဆိုတာကလည်း ကွင်းစောင့်ကို ၁၀၀၀၀ လောက်ပေးပြီး တိတ်တိတ်ဆိတ်ဆိတ် ကန်ရတဲ့သဘောပါ။ အဲဒါကို မောင်မင်းကြီးသားတို့က ကျောင်းကကျောင်းသားဦးရေရဲ့ ၅၀% အထက်ရှိတဲ့ ပရိတ်သတ် (အထူးသဖြင့် ကောင်မလေးတွေပေါ့ဗျာ။ ကောင်လေးတွေ ရဲ့ တ၀က်လောက်က ဘောလုံးအသင်း ၂သင်းထဲမှာ ပါနေပြီကိုး) ခေါ်ချလာပါရော။ တစ်ပတ်လောက် အလိုတည်းက လက်သိပ်ထိုးပြီး လက်ကမ်းစာလေးတွေ ဝေထားတာကိုး။ ဒီလိုနဲ့ နေ့လည် ထမင်းစားချိန်ပြီးလောက်မှာ ကျောင်းကနေ အားလုံး ချီတက်လာပါလေရောဗျာ။ ကစားမယ့်သူတွေက တော့ ထမင်းမစားဘူးပေါ့လေ။

ကွင်းဝလည်းရောက်ရော ပြဿနာက စပါလေရော။ ကွင်းစောင့်က ပေးမ၀င်တော့ဘူး။ ကန်မယ့် ၂၂ယောက်နဲ့ အရံ ၁၀ယောက်လောက်ပဲ ၀င်ရမတဲ့လေ။ ကဲသေပြီဆရာပဲ။ အားလုံးကလည်း ကောင်မလေးတွေရှေ့မှာ အရှက်ကွဲ မခံချင်တာနဲ့ ရှက်ရမ်းရမ်းပြီး ပြဿနာရှာပါလေရော။ ကျနော်အပါအ၀င်ပေါ့။ နင်လားဟဲ့ငါလားဟဲ့ ပြောဆိုနေကြတုန်း ခုနကပြောတဲ့ မော်ကွန်းထိန်း ဆရာမကြီးက နေ့လည် ထမင်းစား ပြန်ရာကနေ အဲဒီနားကဖြတ်လာတော့ ကျနော်တို့ကိုတွေ့ရော။ ရှေ့ဆုံးမှာ ထောင်ထောင်ထောင်ထောင်နဲ့ ထင်းထင်းကြီး မြင်နေရတာက ကျနော်။ ဟီးဟီး။

ဆရာမကြီးက ကျနော် UFL ငပွကြီးကို
"ဟိုကောင် ဗီလိန် ဒီကိုလာစမ်း" ကျနော်လည်း ကုတ်ကုတ်ကုတ်ကုတ်နဲ့
"ဟုတ်ကဲ့ ဆရာမကြီး" ဆိုပြီး ရိုရိုကျိုးကျိုးလေးပေါ့။
"ဘာဖြစ်တာလဲ" ဆိုတော့ "ဟုတ်ကဲ့ ဆရာမကြီး။ ကျနော်တို့ ဘောကန်မလို့ပါ။"
"ဟဲ့ ဒါတော့သိတာပေါ့။ ဘာတွေစကားများနေလဲ လို့မေးနေတာ။" ဝေ့လည်ကြောင်ပတ် လုပ်မရတော့မှန်း ကျနော်သိလိုက်ပြီ။
"သူတို့က ပရိတ်သတ်တွေပါလို့ ပေးမကန်ဘူးလို့ ပြောနေလို့ပါ ဆရာမကြီး" ဆရာမကြီး တွေဝေသွားသည်။ "ဖယ်စမ်း" ဆိုပြီးရှေ့တိုးသွားပြီး "မင်းတို့က ဘာလို့ပေးကန်တာလဲ" ဆိုတော့ ကွင်းစောင့်ကလည်း
"အခုလို လူစုလူဝေးနဲ့ ဆိုပေးမကန်ရဘူးလို့ ပြောထားလို့ပါ ခင်ဗျ" အဲဒီတော့ ဆရာမကြီးက မျက်မှောင်ကြုတ်ပြီး
"ဟို ဆိုင်းဘုတ်မှာ ဘာရေးထားသလဲ" "တက္ကသိုလ် အားကစားကွင်းပါ ဆရာမကြီး" လို့ သူကပြန်ဖြေတယ်။
"အေး။ အခု ကန်မှာကလည်း တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ်ကွင်း တက္ကသိုလ်ကျောင်းသားတွေ ပိုင်တယ်။ မင်းဘာမှ တားနေစရာမလိုဘူး" လို့ ပြောတော့။
"ဒါကတော့ ဆရာမကြီးရယ်။ အဆည(အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန)က ပြောထားလို့ပါ။ ကျနော်က ပေးမကန်တာမဟုတ်ပါဘူး။"
"ဟုတ်ပြီ အဲဒီ အဆညကို ပြောလိုက် ငါတာဝန်ယူတယ်လို့။ ငါက သူတို့ ကျောင်းက မော်ကွန်းထိန်း။ ဟုတ်ပြီလား။" ဆို ပြီး ဆရာမကြီးက ကျနော်တို့ကို ၀င်ခိုင်းတယ်လေ။

ကျနော်တို့လည်း ယောင်ပေပေနဲ့ ပျော်ပျော်ကြီး ၀င်သွားသပေါ့။ ဘယ်ရလိမ့်မလဲ။ ကွင်းစောင့်ကလည်း သူ့ ကောင်လေးတစ်ယောက်ကို အဆညကို လွှတ်ပြိးတိုင်ပါလေရော။ အဆညကလည်း ချက်ချင်း ကျောင်းကို ဖုန်းဆက်ပြီး ချုပ်ကြီးကိုတိုင်တော့တာပဲ။ ကျောင်းတော်ကြီးရဲ့ အရှင်သခင် ပါချုပ်ကြီးလည်း မနေသာတော့ပဲ။ ဂိုဏ်းချုပ် ၇ယောက် (မေဂျာ ၇ ခုရဲ့ ဌာနမှူး ပါမောက္ခများ)ကို ခေါ်၊ ခုံစောင်းမှာ ချိတ်ထားတဲ့ တိုက်ပုံကိုဆွဲ ပြီး သထုံကွင်းကို ချီတက်လာပါလေရောဗျာ။ ဒန့်...တန့်...တလန့်။ :) ဂိုဏ်းချုပ် ၇ယောက်တောင်မဟုတ်ပါဘူး။ ဒုဂိုဏ်းချုပ်တွေ ဘာတွေတောင်ပါသေးတယ်။

ချုပ်ကြီးလည်း ကွင်းထဲကိုအရောက် ကျနော်တို့ကလည်း အ၀တ်အစားလဲပြီး သွေးပူလုပ်နေချိန် အဆင်သင့်ပဲ။ မသိရင် ချိန်ကိုက်ထားသလားအောက်မေ့ရတယ်။ ဂိုဏ်းချုပ် ၇ယောက်ကတော့ ကိုယ်ကျောင်းသားတွေကို ကွက်ကျိကျိလုပ်နေပေမယ့် ချုပ်ကြီးကတော့ အားလုံးကိုခေါ်ပြီး "မင်းတို့က ဒီလိုမလုပ်ရဘူးလေကွာ။ ဆရာကြီးကို ပြောဆိုခွင့်တောင်း ပြီးမှလုပ်ပေါ့။ ပြီးတော့လည်း အခုကကျောင်းချိန်ကြီး။ နောက်ပြီး အခုလို ကျောင်းနာမည်တပ်ပြီး လူစုလူဝေးလုပ်ခွင့်မရှိဘူးကွ။ ကဲပါ ထားလိုက်တော့။ မင်းတို့ ကန်တာလာအားပေးတာပါ ကဲကဲ ပွဲစတော့လေကွာ" ဆိုပြီး အထူးတန်းပွဲကြည့်စင်မှာ နေရာယူလိုက်ပါလေရော။

ကျနော်တို့ အားလုံးလည်း ဝေး........ ဆိုပြီး "ကျေးဇူးတင်ပါတယ် ဆရာကြီး" ဆိုပြီး အားပါးတရ ပွဲစလိုက်ပါတော့သတည်း.........။

အဲဒီပွဲက ၁-၁ နဲ့ သရေကျသွားပြီး ထူးခြားချက်ကတော့ ဟောသည်က ကျနော်မင်းသားကြီး ယူအာ့ဖ်အယ်လ် ငပွကြီး ဗီလိန်က ပင်နယ်တီတစ်လုံး ကာကွယ်နိုင်လိုက်ပါတယ်ဗျာ။ (ဒါကကြော်ငြာ ဖာဂူဆန်သိရင် လာများငှားမလားလို့) :)

နောက်နေ့လည်းကျရော ဌာနမှူးအသီးသီးက သက်ဆိုင်ရာ ဘောလုံးသမားတွေကို မုန့်ဟင်းခါးကျွေးတာမှ နေ့လည်စာပါလွတ်ပါလေရောဗျာ................။

ဒါကတော့ ဗီလိန်ရဲ့ ကျောင်းပုံပြင် (၁)လေးပါ။ ကျောင်းသားတွေကို အမြဲနားလည် ပေးသော ဆရာကြီးနဲ့ ကိုယ့်ကျောင်းသားတွေကို အထိမခံကာကွယ်ပေးတဲ့ ဆရာမကြီးအပါအ၀င် ဆရာ၊ ဆရာမအားလုံးနဲ့ သူငယ်ချင်းတွေ အားလုံးအတွက် အမှတ်တရလေးပါ။

ဗီလိန်

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

14 comments:

လင်းဒီပ said...

အော်..အော်...ဘောသမားလေးကိုး...
တတ်လည်းတတ်နိုင်ပါ့ လိန်လိန်ရယ်..

December Cinderella said...

ငါလဲ .. YUFL က ငါတို့ English Diploma က သူငယ်ချင်းတွေကို ပြန်လွမ်းလာပြီ ..နင့် ဇာတ်လမ်းကို ဖတ်တော့ ရုပ်ရှင်တကားကြည့်နေရသလို ဆိုတော့ ပိုဆိုး ..
ငိုချင်လာပြီ ..ပြန်မယ် ..လေယာဉ်လက်မှတ်ဖိုးပေး ..

ဖိုးဂျယ် said...

ကျောင်သားဘ၀ဆိုတာ အဲ့လိုလား တားတားက ဂိုးတော့ဖမ်းချင်ပါရဲ့ ဘောလုံးနဲ့အတူ ဂိုးထဲပါသွားစိုးလို. မဖမ်းခိုင်းကြဘူးလေ။

မောင်ဖားကြီး said...

ကျွန်တော်တို့ ကျောင်းကတော့ ဘောလုံး ကန်ခွင့်လုံးဝမရှိဘူးဗျ
မြန်မာတစ်ပြည်လုံးမှာ ကျွန်တော်တို့တစ်ကျောင်းတည်း ကန်ခွင့်မရှိဘူးလို့တောင်
ပြောလို့ရတယ်။ ဒါပေမယ့် မနေပါဘူး ခိုးကန်ကြတာပဲ။ မိတော့လည်း ရုံးခန်းသွား လက်မှတ်ထိုးပေါ့ဗျာ...
ဒါပေမယ့် အားကစားကြေးကတော့ နှစ်တိုင်းကောက်တယ်... ဘယ်ကျောင်းလည်းဆိုတာ သိလား
ကျွန်တော်တို့က အဖြူနဲ့ နက်ပြာ ၀တ်ရတယ်လေ .. ယူနီဖေါင်းပေါ့

chanye` said...

အဟီး.. ကျွန်တော်လည်း ဂိုးသမားပဲဗျ ။ အမောမခံနိုင်တော့ ဂိုးဖမ်းတယ်။
ဂိုးသမားတောင် အရံဂိုးသမား..အဟိဟိ။
တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲမှာတောင် ၀င်ဖမ်းခဲ့သေးတယ် ။ :P

Anonymous said...

အင်း အမှတ်တရတို့၊ ငယ်ဘ၀တို့ ရေးတာတွေ တစ်ခေတ်ပြန်ထပြီလားမသိ...။

ဘာပဲဖြစ်ဖြစ် ဖတ်ရတာ ကောင်းသား... ကြည်နူးစရာဗျို့

Anonymous said...

ဟေဟေဟေ.... အားကျစရာပါလားဗျို့ ဆရာ၊တပည့် အတိုင်အဖောက်ညီတဲ့ပွဲပေါ့နော်

တောင်ပေါ်သား said...

လိမ်တယ် ခေါက်တယ်ဗျာ သွင်းတယ်ဗျာ ၀င်သွားပါတယ် ဘောလုံး ဟား ဟား ကိုဗီလိန်က ပိုက်ဘောသမားပဲ ကျနော်နဲ့တွေ့ပြီးဗျာ သွင်းတော့မယ် ဟီးးးးးး

megumi said...

ဘယ်နှစ်က ဆယ်တန်းအောင်တာလဲဟင်။ မေဂျာက ဂျာမန်ပေါ့နော်။ စပ်စုတယ်မထင်ပါနဲ့။ ဖြေလို့ရရင် ဖြေပေးပါနော်။ :P :P

ဗီလိန် said...

ကိုဖားကြီးရယ် စိတ်မကောင်းဖြစ်မိတယ်ဗျာ။
ဂုဂုကလည်း သူ့ဘလော့မှာ ဒီလောက် ဂျပန်လိုတွေ လာနှုတ်ဆက်နေတာတောင် ဂျာမန်ကလား မေးသေးတယ်။ :)

ဂျူဝသန် said...

ဖုန်း........... သေချာပီပေါ့။ တစ်ဂိုးပဲ..... ဟဲဟဲ။
ဂိုးသမားလိုရင် လာငှားမယ်ကွာ... ပထမဆုကို ဒိုင်းပေးပီး... ဒုတိယဆုကို ပိုက်ဆံပေးတဲ့.. ဗိုလ်လုပွဲကြရင်ပေါ့။

flowerworld said...

ဗီလိန်တို့ကတော့လေ...ဖုန်း....ဆိုတာ...ဂိုးတာပဲလား
မီးလေးလဲ၁၀တန်းနှစ်တုန်းက တစ်ခါကျောင်းမှာကန်ဖူးတယ်..ဘက်စောင့်တာပေါ့
ဘောလုံးတော့မကန်ဘူးလူကိုတော့အတင်းလိုက်ဆွဲတာပဲ...ဟီးးးးးးး

Anonymous said...

ဖုန်းတစ်ဂိုးရှင် ဗီလိန်တစ်ယောက် ပင်နယ်တီကို ကာကွယ်လိုက်နိုင်တာ ဧရာမဂုဏ်ယူမိပါတယ်ဗျား၊ ကျောင်းသားဘ၀အမှတ်တရတွေကို ဖတ်ရလို့ ကျေနပ်အားရသွားပြီး ကိုယ်ဘာသာကိုယ်လည်း တက္ကသိုလ်က အဖြစ်လေးတွေ ပြန်အမှတ်ရအောင် ဗီလိန်က အစဆွဲထုတ်သွားလေရဲ့လို့ တွေးနေမိတယ်။

ခင်မင်လေးစားစွာဖြင့်

ခေါင်ခေါင် said...

အလဲ့.. ဂိုးလည်းဖမ်းသေးတာကိုး....
ဆရာသမားကတော့.. တစ်ကယ်ပါပဲ..