ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး

သူငယ်ချင်းဖိုးဂျယ်က တဂ်ပါတယ်။ ဒီတဂ်အတွက်က သိပ်ပြီးထွေထွေထူးထူး ရေးစရာ မလိုပါဘူး။ ကျနော်အကြိုက်ဆုံးတွေကို Sidebar က ဒါလေးတွေလည်း ဖတ်ကြည့်ပါဦး ဆိုတဲ့ နေရာမှာ ဖော်ပြထားပြီးသားပါ။ ဒီနေရာမှာ ပရိသတ်အကြိုက် နဲ့ ကျနော့ အကြိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

ပရိသတ်အကြိုက်ဆုံးကတော့ တော်တော်များများ ဖတ်ဖူးကြမှာပါ။ မလွမ်းပါဘူး ဆိုတဲ့ ကဗျာလိုလို စာတူလေးတွေပါ။ ဘလော့ တော်တော်များများမှာ ဖော်ပြခံရပေမယ့် ကျနော့ နာမည်မပါပါဘူး။ ဒီကဗျာကို စာဖတ်သူတွေက Forword မေးလ်တွေ ပို့ကြပေမယ့်လည်း ကျနော့နာမည်တော့ မပါသွားခဲ့ပါဘူး။ စိတ်မကောင်းမိတာအမှန်ပါ။ တစ်ပတ်လည်လို့ ကျနော့ဆီပြန်ရောက်လာတဲ့ အထဲမှာ မူရင်းအတိုင်းနဲ့ရော (ဗီလိန် နာမည်မပါပါ။)၊ PDF အနေနဲ့ရော၊ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် ဆိုတဲ့ စာကြောင်းကို အပေါ်ဆုံးမှာထားပြီး ခေါင်းစဉ်ကိုပါ အဲလိုနေနိုင်ရင်သိပ်ကောင်းမှာပဲနော် လို့ ပြောင်းပြီးတော့ရော ရောက်လာခဲ့ဖူးပါတယ်။ Google မှာ ကဗျာထဲက စာတစ်ကြောင်းလောက်ကို ကော်ပီ လုပ်ပြီး ရှာကြည့်တာ ဒီကဗျာကို ဖော်ပြထားတဲ့ ဘလော့တွေ၊ ဖိုရမ်တွေ စုစုပေါင်း ၄ မျက်နှာလောက်ရပါတယ်။ ဒါပေမယ့် ကျနော့ အမည် ဗီလိန် ဆိုတာ ဘယ်မှာ မှမပါပါဘူး။ ကျနော် မဏ္ဍပ်တိုင်တက်ပြနေတာ မဟုတ်ပါဘူး။ ကျနော့ ခံစားချက်ကို ဘလော့ဂါအပေါင်း နားလည်နိုင်ကြလိမ့်မည် ထင်ပါသည်။

ဒီတဂ်လေးက အဲဒါလေးအတွက်တော့ သိပ်ကို တန်ဖိုးရှိပါတယ်။ ကိုဟန်သစ်ငြိမ်းရဲ့ တိရစ္ဆာန်မေတ္တာ Letter ပို့စ်ဆိုရင်လည်း Forword ကနေဖတ်ဖူးပေမယ့် ကိုဟန်သစ်ငြိမ်းရဲ့ စာမှန်းမသိခဲ့ပါဘူး။ ဒီတဂ်လေးကို ဖြေတဲ့သူတွေထဲမှာ Forword မေးလ်ထဲက ရေးသူမူပိုင်တွေကို သိခွင့်ရပြီး တန်ဖိုးရှိပို့စ်တွေ ပြန်ဖတ်ခွင့်ရတဲ့ အတွက် စပြီး တဂ်တဲ့ သူကို အထူးပဲကျေးဇူးတင်ပါတယ်။

ကျနော့ရဲ့ မလွမ်းပါဘူးဆိုတဲ့ ကဗျာအကြောင်းဆက်ပြောရရင် အိပ်မက်များမှာ လည်း ဒီပို့စ်ကို တစ်ခါတင်ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ရွှေတိဂုံနဲ့ စင်္ကာပူက မျိုးမစစ်တဲ့ ခြင်္သေ့ရုပ်နဲ့ မနှိုင်းကောင်းဘူးလို့ မေ၁၅ ဆိုတဲ့ စာဖတ်သူတစ်ယောက်က ကော်မန့်မှာ ရေးသွားပါတယ်။ ကျနော့ကတော့ နိုင်ငံအမှတ်အသားတစ်ခု အနေနဲ့ရေးတာပါ။ သာသနာတော်ကို ကျုပ်အသက်နဲ့ ထပ်တူချစ်ပါတယ်။ နှိုင်းကောင်းတယ် မနှိုင်းကောင်းဘူးဆိုတာ လူ့စိတ်ပါပဲ။ နှလုံးသားထဲမှာ ရတနာသုံးပါးကို တန်ဖိုးထားတတ်ဖို့ပဲ လိုတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရွှေတိဂုံ၊ စင်္ကာပူမှာ merlion, ပြင်သစ်မှာ Paris မျှော်စင်၊ ဂျပန်မှာ ဖူဂျီမီးတောင်။ ကမ္ဘာမှာ မြန်မာဆိုရင် ရွှေတိဂုံနဲ့ ပုဂံကိုပဲ ပြေးမြင်ကြတာပါ။ အဲဒီတုန်းက တုံ့ပြန်မှုတွေ လွန်သွားခဲ့တယ် ဆိုရင် တောင်းပန်ပါတယ်။ သာသနာတော်နဲ့ ပတ်သတ်လို့ Psycho လေးရှိလို့ပါ။

မလွမ်းပါဘူး ကဗျာလေးကို ပြန်လည်ခံစားကြည့်ပေးပါ။

မလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့
၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့
854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

ဗီလိန်

အောက်တိုဘာ ၁၅ ရက်နေ့က ရေးတဲ့ မလွမ်းပါဘူး ကဗျာလေးပါ။

-------------------------------------------------------------------------

နောက်တစ်ခု ဖတ်စေချင်တာက ရင်ထဲကရွှေ ဆိုတဲ့ ကဗျာလေးပါ။ ကော်မန့်မှာ ရေးခဲ့တဲ့ ကျနော့ရဲ့ တံခါးခေါက်စရာမလိုတဲ့ အမာခံ စာဖတ်သူ Khantနဲ့ ဆွေးနွေးချက်လေးကိုပါ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ရင်ထဲကရွှေ

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

တချို့က သာယာ တချို့က မာယာနဲ့ပေါ့
တချို့က ရုန်းကန် တချို့ကလည်း အပြုံးပန်နေကြရော့ပေါ့
အင်ဂျင်နီယာ ဒေါက်တာကစလို့
မြေတူး ပန်ကန်ဆေး ဘဝပေးလည်းကြမ်းခဲ့ပါပြီ။
လက်ညောင်းအောင် ရုန်းရလို့လဲ ဇွဲမလျှော့နဲ့
တိုက်ပြောင်းအောင် အဆင်ပြေလဲ ဘဝမမေ့နဲ့
နေစရာမရှိလို့လည်း အားမငယ်နဲ့
ပီအာရ်ရလို့လဲ မာန်မတက်နဲ့
သူ့နိုင်ငံကို ကျေးဇူးတင်ရင်တောင်
ကိုယ်တိုင်းပြည်ကိုတော့ ကျေးဇူးမမေ့ပါနဲ့
တောင်းပန်ချင်ပါတယ်
အတန်းမတက်ခင်
ရွတ်ခဲ့တဲ့ ကမ္ဘာမကြေကိုတော့
တန်ဖိုးထားပေးပါ
သေချာတယ် မင်းဟာ မြန်မာ

မြန်မာမှန်းမသိအောင် ဝတ်လို့ရမယ်
မြန်မာမှန်းမသိအောင် နေလို့ရမယ်
မင်းတို့အတွက် ငါ့ရင်နာတယ်
ငါ့ဘယ်ဘက်ရင်အုံကို
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဗီလိန်

အောက်တိုဘာ ၂၈ ရက်နေ့က ရေးထားတဲ့ ရင်ထဲကရွှေ ကဗျာလေးပါ။

Khant said...
ဆွေးနွေးပေးပေါ့လို့ ရေးထားပေမယ့် မဆွေးနွေးရဲပါဘူး။ ဒါပေမယ့် တော်တော်စိတ်ဆိုးနေတဲ့ပုံပဲ။ အမှားပါလျှင်လည်း ကတ်သီးကတ်သတ် အတွေးအခေါ်လေး တစ်ခုလို့ တွေးပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ အရင်က ရွှေမြန်မာတွေ၊ ရွှေတွေဆိုတဲ့ စကားတွေနဲ့ မရင်းနှီးခဲ့ပါဘူး။ ခြေရာခွက်လေး ထဲမှာပဲ လိုအပ်ချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အတ္တတွေကို မချိုးနှိမ်နိုင်တော့လို့ အပြင်ထွက်ခဲ့တော့မှပဲ ဒီရွှေဆိုတာနဲ့ ဆုံခဲ့ရပါပြီ။ ရွှေလို့ဆိုတာ နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်ဟာ ဘုရားမှာကပ်တဲ့ ရွှေ ၊ အမြတ်တနိုးနဲ့ ၀တ်ဆင်ရတဲ့ ရတနာလို့ တွေးမိပါတယ်။ ဒါပေမယ့် အဲဒီ ရွှေကို ခြေထောက်မှာလည်း ၀တ်ဆင်တတ်သေးကြောင်း မမေ့သင့်ပါဘူး။ ရွှေ ရွှေ ဆိုတိုင်း ဘယ်လို အဆင့်မှာ ရှိသလဲလို့ အမြဲတမ်း တွေးမိပါတယ်။ တခါတခါ အမှားလုပ်မိရင် ကိုယ့်ကိုကိုယ် ရွှေမြန်မာလို့ မပြောချင်ပါဘူး။ ငါးခုံးမ တစ်ကောင် မဖြစ်ချင်သူတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာဖြစ်ရတာကို မြန်မာလူမျိုးတွေမှ ဂုဏ်မယူရင် ကမ္ဘာမှာမြန်မာလူမျိုး ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။

ကဗျာကို တော်တော် ကြိုက်ပါတယ်။ အတွေးအခေါ်လည်း ကောင်းပါတယ်။ ဒီလိုရေးလို့ ခါသာပိတ်တစ်အုပ်တော့ လက်ဆောင်မပေးနဲ့နော်။ အခြေအနေ မပေးသေးလို့ ရွှေခြေကျင်းဘ၀ ရောက်နေရသူများအား ကိုယ်ချင်းစာပေး နိုင်မယ် ဆိုရင် ရင်ဘတ်ကို တဒုန်းဒုန်း ထုစရာမလိုတော့ဘူး လို့ထင်ပါတယ်။ တစ်ပါးသူရဲ့ သိမ်ငယ်စိတ်ကိုပါ နားလည်ပေးနိုင် စေချင်ပါသည်။

ဗီလိန် said...
သိမ်ငယ်ရတာ။ အထင်သေးခံရတာ။ အနှိမ်ခံရတာက အားလုံးပါပဲ။ ဘဝမေ့တဲ့သူတွေကို ဆိုလိုချင်တာလည်းပါပါတယ်ဗျာ။ အားလုံးကတော့ ရုန်းကန်နေကြရတာပါပဲ။ အနှိမ်ခံရမှာစိုးလို့ အခြေအနေအရ မပြောတာမျိုးကို နားလည်ပေးနိုင်သလို၊ ပြဿနာတစ်ခုခုပေါ်လို့ ကိုယ့်နိုင်ငံ သိက္ခာကျမှာ စိုးလို့မပြောတာမျိုး ဆိုရင်လည်း ဂုဏ်ယူပါတယ်။

အထူးသဖြင့် ရွှေ၊ ရွှေ ချင်းတွေ့ရင်တော့ ဒီအခြေအနေတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ရွှေ ရွှေ ချင်းတွေ့ရဲ့သားနဲ့ ရွှေလို စကားမပြောတာတို့။ ဒီမြေမှာမွေး ဒီရေသောက်ပြီး ကြီးလာတဲ့ သူတစ်ယောက်က ကိုယ်တိုင်းပြည်ကို စော်ကားတဲ့စကားမျိုး ပြောတာ တို့ကတော့ ကျနော် ဘယ်လိုနားလည်ပေးရမလဲဗျာ။

အစိုးရမုန်းတာ နဲ့ တိုင်းပြည်ချစ်တာ မတူသလို
နိုင်ငံတော် ပုန်ကန်မှု နဲ့ နိုင်ငံတော် သစ္စာဖောက်မှု ကလည်း တူသယောင်နဲ့ လုံးဝ(လုံးဝ) ကြီး ဆန့်ကျင်နေပါတယ်ဗျာ။

-------------------------------------------------------------------------

နောက်ထပ် ကျနော် အကြိုက်တွေကတော့ ဘေးမှာဖော်ပြထားပြီး အတိုင်းဖြစ်တဲ့
သာသနာ့ခံတပ်
မလွမ်းပါဘူး
ထမင်းဗူး
ကျမ နှင့် ဆေးကျောင်းသားလေး
ပုလင်းတစ်လုံး၏ ရင်ဖွင့်သံ
သူတောင်းစားမနှင့် အပျော်မယ်
မနက်ခင်း ဘုံလောင်းတစ်ခု
ရင်ထဲကရွှေ
အိုဘယ့် ငရမန်ကန်း
စတဲ့ ပို့စ်တွေပါပဲ။ ဒါတွေကိုတော့ ပို့စ်အရမ်းရှည်သွားမှာမို့ ပြန်တင်မပေးတော့ပါဘူး။ သက်ဆိုင်ရာ လင့်ခ်မှာ သွားရောက် ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ။

ဗီလိန်

14 comments:

တောင်ပေါ်သား said...

အားလုံးကို ပြန်ဖတ်ရတာ ကျေးဇူးပါ အကိုဗီလိန်ရေ တန်ဖိုးရှိလှပါတယ်

လေးစားလျက်
တောင်ပေါ်သား

နွေးနေခြည် said...

မလွမ်းပါဘူး ပိုစ့်ကတော့ ခဏခဏ forward မေးရပါတယ်။
ကိုဗီလိန် အတွေးအခေါ်အရေးအသား ကောင်းပါတယ်။ ပြန်ဖတ်ရလို့ ကျေးဇူးပါ။

JulyDream said...

အင်း...
အချိန်ရတဲ့အခါ သွားဖတ်လိုက်ပါအုံးမယ်။ စာမြည်းလေးတွေ စာညွှန်းလေးတွေ အတွက် ကျေးဇူးတင်ပါတယ်။

လင်းဒီပ said...

ဟုတ်ကဲ့ ဟုတ်ကဲ့
သွားဖတ်လိုက်ပါမယ်..။

GreenGirl said...

အဲ့လိုမနေနိုင်တော့ အစ်မတော့ ပြန်ပြီ။ ပြန်တော့လာရဦးမှာပေါ့ဟာ...

( ရောက်တာက ရောက်ဖြစ်ပါတယ် မောင်လေး။ အစ်မ ဖတ်ပြီးပြန်သွားတာ များလို့ပါ။ Sorry ပါရှင့် )

pandora said...

အေးအေးဆေးဆေး
ပြန်လာဖတ်ပါဦးမယ်

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

ဗီလိန်ရေ... ကိုယ့်ဖန်တီးတဲ့စာမှာ ကိုယ့်နာမည်ပျောက်ရတဲ့ ဒုက္ခကို အရမ်းကိုယ်ချင်းစာ နားလည်ပါတယ်။ တခြားနေရာမှာ တခြားသူတွေရဲ့ နာမည်ကို ရေးသူအဖြစ် ဖော်ပြထားတာတွေ တွေ့ရရင် ကိုယ့်သားသမီးကို သူများက ချီမြှောက်ပြီး ဒါငါ့သားလေး ငါ့သမီးလေးလို့ လူတွေကို ပြောတာကို ကြည့်နေရတဲ့ ခံစားချက်မျိုး ခံစားရပါတယ်။ ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ စာအတွက် မဏ္ဍပ်တိုင်တက်ပြမယ် ဆိုရင်တောင် ဘယ်သူကမှ မောင်လေးကို အပြစ်တင်လို့ မရပါဘူး။ မောင်လေးမှာ ပြောဆိုပိုင်ခွင့် ဖြေရှင်းပိုင်ခွင့် မဏ္ဍပ်တိုင်တက်ပြပိုင်ခွင့် အပြည့်ရှိပါတယ်။ အစစ အဆင်ပြေပါစေ မောင်လေး...

molay88 said...

ထမင်းဘူး ကတော့ ညီအကြိုက်ဆုံးပို့စ်ဘဲ.။ စဖတ်ထဲက မျက်ရည်ဝဲသွားတဲ့အထိ ကို ခံစားရတာ..။ ကောင်းချက်ကတော့ လန်ထွက်နေတာဘဲဗျို့..။

ဖိုးဂျယ် said...

ငဗီရေ မလွမ်းပါဘူးဆိုတဲ့ ကဗျာလေးကို
နင် မလေးက ပြန်လာလာခြင်းေ၇းလိုက်တာ
ငါမှတ်မိနေပါတယ်။ အဲ့ အချိန်မှာ ငါလဲ
မြန်မာ အချင်းချင်း မြန်မာသံပေါက်နေရဲ့သားနဲ့
မြန်မာလို မပြောတဲ့ သူတွေနဲ့ တွေ့ခဲ့ရသေးတယ်။
သယ်ရင်းရေ

မေ့သမီး said...

မလွမ်းပါဘူးပို့စ်ကို ခဏခဏဖတ်ဖူးပါတယ်။ မေးထဲကမဟုတ်ပဲ အိပ်မက်မှာလည်း ဖတ်ဖူးထားတော့ ကိုဗီလိန်ဘလော့ကမှန်းသိပါတယ်။ ဆေးကျောင်းသားနဲ့ ကျွန်မလည်း ဖတ်ဖူးပါတယ်။ ထမင်းဗူးကတော့ အခုမှဖတ်ဖူးတာပါ။ ထမင်းဗူးကိုတော်တော်ကြိုက်တယ်။

ကြယ်စင်မင်း said...

ကိုဗီလိန်..
ကျေးဇူးပါပဲဗျာ.. ကျွန်တော့်အိမ်ကို အမြဲလာရောက်ပေမယ့်.. ကျွန်တော်ကတော့ အခုမှ ရောက်ဖြစ်ခဲ့ပါတယ်။။။ ဒါပေမယ့် လာခြင်းကောင်းခြင်းဖြစ်ခဲ့ပါတယ်။။။ ကိုယ်မဖတ်လိုက်ရတဲ့ ကဗျာတွေကို ခံစားပြီးဖတ်ရူ့သွားပါတယ်ဗျာ..။ နောက်ဆို အမြဲလာလည်ရင်း စာတွေကို ခံစားသွားအုံးမယ်ဗျာ...။

Thinzar said...

အကုန်ပြန်ဖတ်သွားတယ်။ :) အားလုံးကောင်းတယ်။ အိုဘယ့် ငရန်မန်ကန်းကို အကြိုက်ဆုံးဘဲ

Melody said...

ဖျာလေးခင်းပြီးလဘက်သုပ်နဲ့ ရေနွေးကြမ်းနဲ့ သောက်ခဲ့ရတာ မလွမ်းပါဘူး
ဒီမှာ ၂၄ နာရီဝယ်စားလို့ ရတဲ့ macdonald ရှိတယ်။

:P