တူးပို့ တူးပို့ အလွမ်းသံစဉ်

ကိုဂျူလိုင် က ရေးပေးပါ ဆိုလို့ ရေးပါတော့မယ်။ အကြတ်နေ့မှ ရေးဖြစ်တာ အားတော့နာပါတယ်။ ဆင်ဆာမလွတ်တော့ လွတ်တာလေးရေးလိုက်တာ ထပ်ပြီး တောင်းပန်ပါတယ်။ မှတ်မိသမျှ သင်္ကြန် အမှတ်တရလေးတွေကတော့ ဟိုတစ်စု ဒီတစ်စုပါ။ ရေပြွတ်မှသည် ရေသေနတ်၊ ရေသေနတ်မှသည် နို့ဆီခွက်၊ နို့ဆီခွက်မှသည် ရေပူဖောင်း၊ ရေပူဖောင်းမှသည် ရေခွက်၊ ရေခွက်မှသည် ရေပုံး၊ ရေပုံးမှသည် ဆိုင်ကယ်၊ ဆိုင်ကယ်မှသည် ဂျစ်ကား၊ ဂျစ်ကားမှသည် အရက်နှင့် ဘီယာ၊ အရက်နှင့် ဘီယာမှသည် ရန်ပွဲ၊ ရန်ပွဲမှသည် အချုပ်ခန်း ဆိုသလိုသင်္ကြန်နဲ့ ပတ်သတ်သမျှ အရာအားလုံးကို မြည်းစမ်းတို့ထိခဲ့တာ အခုအချိန်အထိပါ။ ၂၀၀၉ သင်္ကြန်ကတော့ ဖိုးဂျယ်တို့၊ ကိုခရောင်းတို့၊ ကိုမင်းအိမ်ဖြူတို့၊ ကိုလင်းဒီပတို့၊ ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ ဝေဝေဆာဆာ ရေးထားကြတဲ့ စင်္ကာပူဒေါ်လာ တစ်သိန်းခွဲတန် သင်္ကြန်ကြီးကို ရွှေမြန်မာ ညီအစ်ကိုတွေနဲ့ ကျင်းပ ခဲ့ပါတယ်။ သိသလောက်ပြောရရင် ကျနော့ ဘလော့ဂါ သူငယ်ချင်းများထဲမှာ ဗီလိန်ချမ်းရဲဖိုးဂျယ်ကိုခရောင်းကိုရွာသားလေး(YTU)ကိုမင်းအိမ်ဖြူကိုလင်းဒီပယမမင်းလေး၊ တို့လည်း လာရောက်ခဲ့ကြောင်း သိရပါတယ်။

ရေပြွတ် နဲ့ သင်္ကြန်
လူမှန်းသူမှန်း သိတတ်ချိန်၊ သင်္ကြန်မှန်းရေပြွတ်မှန်း သိတတ်ချိန်ကတည်းက ရေပြွတ်တွေ ကြားထဲမှာ ကြီးပြင်းခဲ့ရတာပါ။ ရန်ကုန်က ပို့လိုက်တဲ့ ကုန်အိတ်ကြီး ကိုဖောက်လိုက်ရင် အရောင်အသွေးစုံ ဒီဇိုင်းစုံ ရေပြွတ်၊ သင်္ကြန်ဆွဲကြိုး၊ သင်္ကြန်အရုပ်များ ကိုတွေ့ရပါတယ်။ နယ်မှာက အဖေက စတိုးဆိုင်ဖွင့်ထားသကိုး။ ဗီလိန်ကလည်း ဘယ်ရမလဲ။ သင်္ကြန်လေးရက်ကို ရေပြွတ် ၈ မျိုးနဲ့ ဆော့တာပေါ့။ နေ့လည်နားချိန်နဲ့ ညဘက်တွေ ဆိုရင် အဖေနဲ့အတူ ဝါရှာမကောင်းတာတွေကို ဝါရှာလဲ၊ ရေမလုံတာတွေကို ရေလုံအောင်လုပ်၊ အနားပဲ့နေတဲ့ ရေပြွတ်တွေကို ကြည့်ကောင်းအောင် လုပ်ရပါတယ်။ ပြင်မရတဲ့ ရေပြွတ်တွေထဲကမှ သုံးရတာကို ကျနော်က ယူသုံးတာပေါ့။ ဘာမှတော့ သိပ်ပြီးထွေထွေထူးထူး မရှိလှပါဘူး။ သင်္ကြန်ဆိုတာ ဘာမှန်းသိကာစက ရေကစားခဲ့တဲ့ အကြောင်းလေးပါ။

ရေသေနတ် နဲ့ သင်္ကြန်
ကော်သေနတ်အပေါ်၊ အောက်၊ အနောက် စတဲ့ နေရာတွေမှာ ရေဗူးလေးတွေ တပ်ထားတဲ့ သင်္ကြန်ရေသေနတ်ကို စပေါ်တဲ့ နှစ်ကပဲ စတင်ကိုင်ဖူးခဲ့ပါတယ်။ အဲဒီ့နှစ်က ရန်ကုန်မှာတောင် မပေါ်သေးပါဘူး။ အဲဒီ့နှစ်က ယိုးဒယားက ပြန်လာတဲ့ အဒေါ်တစ်ယောက်ရဲ့ ကျေးဇူးနဲ့ ရေသေနတ်ကို ပထမဆုံးကိုင်ခဲ့ရပါတယ်။ ရေသေနတ်ဆိုတာ အရင်က ရှိခဲ့ပေမယ့်။ ကော်အပျော့စားကို ရေအပြည့်ဖြည့်ပြီး သေနတ်တစ်ခုလုံးကို အားနဲ့ညှစ်မှ ရေထွက်တဲ့ သေနတ်မျိုးပါ။ အခုလို ခလုတ်နှိပ်ရုံနဲ့ ရေထွက်တဲ့ ရေသေနတ်မျိုး မဟုတ်ဘူးလေ။ အဲဒီ့နှစ်က သူငယ်ချင်းတွေကြားထဲမှာ ရေပန်းစားခဲ့တာပေါ့လေ။ နောက်နှစ်ကျတော့ အရောင်စုံ ဒီဇိုင်းစုံနဲ့ အမျိုးစုံကို ထွက်လာပါရောဗျာ။

နို့ဆီခွက် နဲ့ သင်္ကြန်
အရွယ်လေး နည်းနည်းရောက်လာတော့ အစ်ကိုတွေနဲ့ ပေါင်းပြီး ခွက်စောင်းခုတ်တတ် လာပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်အတွက် ခွက်စောင်းကို ကိုယ်တိုင်သွေးပါတယ်။ ၄တန်းလောက်ရှိမလားပဲ။ ကိုယ်တိုင်သွေးလို့ရတဲ့ နို့ဆီခွက်၊ ကျွဲရိုင်းဗူးတွေကိုမှ ပန်းတိန်ဆိုင်မှာ သွားပြီး လက်ကိုင်တပ်ခိုင်းပါတယ်။ ပန်းတိန်ဆိုင်မှာပဲ သွေးခိုင်းလို့ရပေမယ့် သူတို့ သွေးရင်ထိတ်ဖြတ်ပေးတာ လောက်ပဲလေ။ နို့ဆီခွက်အနေအထားနဲ့ ခွက်စောင်းခုတ်ရင် အမိအရဖြစ်ဖို့ အပေါ်ပိုင်းကို အုပ်အုပ်ကလေးဖြစ်အောင် တစောင်းလေးသွေးရပါတယ်။ ပန်းတိန်ဆိုင်ကတော့ အတည့်ပဲ အမြဲသွေးပေးလို့ ကိုယ်တိုင်ပဲ အမြဲသွေးဖြစ်ပါတယ်။ ခွက်စောင်းခုတ်လို့ အသံကျယ်ပြိုင်ကြတာကလည်း ပျော်စရာတစ်မျိုးပါ။ တစ်ဘက်လူကတော့ ဘယ်လောက်တောင် စပ်သွားမယ် မသိ။ :)

ရေပူဖောင်း နဲ့ သင်္ကြန်
သင်္ကြန်နားနီးပြီဆိုကတည်းက လက်နက်ရိက္ခာ စုဆောင်းပုံက စစ်တပ်တစ်တပ် စုဆောင်းသလား အောက်မေ့ရပါတယ်။ သင်္ကြန်မတိုင်ခင် ၂ ရက်လောက်အလိုကတည်းက ရေသေနတ်တွေ ပြင်ဆင်၊ ရေတိုင်ကီတွေ ဆေး၊ အိမ်ရှေ့က ရေပိုက်ခေါင်းကို အစမ်းဖွင့်ကြည့်၊ ပူစီဖောင်းလေးတွေဝယ်ပြီး ရေဖြည့်၊ စသဖြင့် အပီအပြင် ပြင်ဆင်ပါတယ်။ နောက်ပိုင်းမှာ ရေပူဖောင်းတွေ မဆော့ရ အမိန့်ထုတ်လိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒီ့ နှစ်က ရေပူဖောင်းတွေ လုပ်ထားလိုက်တာ ဆီတိုင်ကီတစ်လုံး အပြည့်ပဲ။ လုပ်ထားပြီးသားတွေ ဖြစ်နေလို့နှမြောကလည်း နှမြော၊ ပစ်ကလည်း မပစ်ရဲနဲ့ အတော်ကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါတောင် ခိုးချောင်ခိုးဝှက်နဲ့ ကုန်အောင်ပစ်ခဲ့သေးတယ်။

ရေခွက် နဲ့ သင်္ကြန်
ရေခွက်တွေကတော့ သင်္ကြန်ပေါင်းများစွာမှာ ရေခွက်ပေါင်းများစွာနဲ့ပေါ့။ သင်္ကြန်ပြီးရင် အိမ်ကရေခွက် မရှိတော့ပဲ။ ဘယ်ကရေခွက်တွေ ရောက်ရောက်လာမှန်းကို မသိတာ။ :)

ရေပုံး နဲ့ သင်္ကြန်
လူပျိုလေးဝင်လာတော့ ရေခွက်လုံးဝ မကိုင်တော့ဘူး။ ရေလည်း မပက်တော့ဘူး။ လောင်းစရာရှိ ကောင်မလေးတွေကို ရေပုံးလိုက်ကိုင်ပြီး ရေခဲရည်နဲ့ ခေါင်းကနေလောင်းချတာ။ ဝါတဏှာပေါ့လေ။ :)

ဆိုင်ကယ် နဲ့ သင်္ကြန်
ရေပုံးနဲ့ ရေလောင်းလို့ ဝရင် ဆိုင်ကယ်နဲ့ ဖလန်းဖလန်း လုပ်ကြပါတယ်။ ဖလန်းဖလန်း အလုပ်ကောင်းလို့ ခဏခဏတိုက်တာတွေ၊ မှောက်တာတွေဖြစ်လို့ တစ်နှစ်ဆိုရင် အတက်နေ့တောင် မကဲလိုက်ရဘူး။ ဘယ်ဘက်လက်ကို ကျောက်ပတ်တီးလေးကိုင်ပြီး လည်ပင်းမှ ဆွဲထားလိုက်ရတယ်။ ဒါတောင် နေ့လည် နေ့ခင်း ရေမပက်တဲ့ အချိန် မြို့ထဲ တစ်ပတ်ပတ်လိုက်သေးတယ်။

ဂျစ်ကား နဲ့ သင်္ကြန်
Just Emergency & Economy Process တဲ့ ဗျ။ ရွှေမြန်မာတွေ လက်ထဲလည်းရောက်တော့ JEEP လည်း သင်္ကြန်ကားဖြစ်သွာတယ်။ တော်လိုက်ကြပုံများနော်။ ဗီလိန်တို့လည်း သူများတွေကို အားကျပြီး ဂျစ်ကားနဲ့ လည်လိုက်တာ ကောင်းလိုက်တဲ့ ဂျစ်ကား။ ရှေ့ဘီးတစ်လုံး ကျွတ်ထွက်သွားတာ ကံကောင်းလို့ မသေတယ်။

မဏ္ဍပ် နဲ့ သင်္ကြန်
၂၀၀၇ သင်္ကြန်တုန်းက ရန်ကုန်ရွှေမြို့တော်ကြီးမှာ မဏ္ဍပ်ထိုင်မယ်ပေါ့ဆိုပြီး ဘော်ဒါတွေနဲ့ ကဲလိုက်တာ အရှိန်လေးကလည်းကောင်း အဖွဲ့လေးကလည်းတောင့်တောင့်နဲ့ ဆိုတော့ သက်ဆိုင်ရာလေးတွေကို ရိသဲ့သဲ့လာလုပ်တဲ့ အဖွဲ့နဲ့ Battle ဆိုင်လိုက်တာ အချုပ်ထဲကို ရောက်တော့တာပဲ။ အမေလာထုတ်လို့ ညမအိပ်လိုက်ရတာ ကံကောင်းတယ်။ ဒါမျိုးဆို အမေက စိတ်ချရတယ်။ သူက ပြောထားပြီးသား သားရန်မဖြစ်စေနဲ့၊ ရှောင်မရလို့ ဖြစ်လာရင်လည်း မခံရစေနဲ့ တဲ့အချုပ်ထဲဆို ဘယ်လောက်ကုန်ကုန် လိုက်ထုတ်မယ်၊ ဆေးရုံဆိုရင်တော့ လုံးဝလာကြည့်မှာ မဟုတ်ဘူးတဲ့လေ။ တော်သေးတာပေါ့ ဆေးရုံမရောက်ပဲ အချုပ်ထဲရောက်လို့ :) ဒါနဲ့ပဲ ၂၀၀၈ သင်္ကြန်ကျတော့ အဖော်ကလည်း မရှိတာကတစ်ကြောင်း၊ အလျင်းမသင့်တာက တစ်ကြောင်း သင်္ကြန်ရက်တွေ ဂိမ်းဆိုင်မှာပဲ DotA ဆော့နေလိုက်တော့တယ်။ :)

၂၀၀၉ သင်္ကြန်ကတော့ စင်္ကာပူ သင်္ကြန်ပေါ့ဗျာ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းမှာ အလှူသွားစားပြီး နေ့လည်ကို စင်္ကာပူ သင်္ကြန်ပွဲသွားတယ်။ ညနေရောက်တော့ ကိစ္စလေးတစ်ခုပေါ်လာတာနဲ့ ဓမ္မစင်္ကြာရွတ်ဖို့ ဘုန်းဘုန်းကို လျှောက်ခဲ့တာတောင် ပြန်မသွားဖြစ်ခဲ့ဘူး။

ကိုဂျူလိုင်ရေ့ ဘာရယ်တော့ မဟုတ်ဘူးဗျာ။ ရေးတော့ ရေးလိုက်တာပဲ။ ဒီလောက်နဲ့ ပဲကျေနပ်ပေးပါနော်။

9 comments:

နွေးနေခြည် said...

တရားစခန်းနဲ့ သင်္ကြန်
ဘုန်းကြီးကျောင်းနဲ့ သင်္ကြန်လည်း မတွေ့ပါလား...

ဗီလိန် said...

ဟားဟား ဒီလိုပဲပေါ့။ :)
ဘုန်းကြီးကျောင်းက တစ်နှစ်ပတ်လုံး သွားလို့ ရပါတယ်။ သင်္ကြန်က တစ်နှစ်မှ တစ်ခါတည်းကို။ :)

ဖိုးသင်္ကြန် said...

ဓမ္မာစကြာလာရွတ်ရင် ကျွန်တော်နဲ့ တွေ့နိုင်တယ်ဗျ။
:D
မှန်တာတွေပြောလာတယ်ထင်ပြီးမှ နောက်ဆုံးတစ်ကြောင်းပဲမယုံတာ။

JulyDream said...

ဗီလိန် ဆော့ကစားဖူးတဲ့ သင်္ကြန်က ပုံစံမျိုးစုံပဲ။ ကျွန်တော့်မှာ အဲဒီလို အတွေ့အကြုံမျိုးတွေ မရှိခဲ့တာ အမှန်ပါပဲ။ အားကျ မနာလိုတောင် ဖြစ်မိပါတယ်လေ။

အရွယ်ရောက်တော့ ရေပတ်တာထက် ကလေးထိန်းနေတာ များပါတယ်။ ရပ်ကွက်ထဲ ကလေးတွေ ဆော့နေတာကို ဘေးကနေ ၀ိုင်းကူပေးတာမျိုးပါ။ ရေမော်တာနဲ့ ရေတင်ပေးတာတို့၊ ရေစိုခံအောင် လုပ်ထားတဲ့ ဆောင်းဘောက်စ်တွေနဲ့ သီချင်းတွေ ဖွင့်ပေးတာတို့ သူငယ်ချင်းတွေနဲ့ လုပ်ဖူးပါတယ်။ ဒီလောက်ပါပဲ။

ခရောင်းလမ်း said...

2008 က ဂယ်ပဲဆော့ဘူးလား :P

မေဒီဇာ said...

ဪ ဝါတဏှာ ဝါတဏှာ.... ဗီလိန်တို့ ဝါတဏှာက အပျံစားပဲဟေ့

ဖိုးဂျယ် said...

အော် ၀ါတဏှာလား

molay88 said...

ကောင်လေးကို ခွက်စောင်းခုတ်သွားတာ ကိုဗီလိန်ကို...။ :-)

ပြောနဲ့ လွမ်းတယ် သင်္ကြန်ကို... :-)။

Anonymous said...

လွမ်းနေပါတယ် ဆိုမှဗျာ.. အဟင့်ဟင့်