ရင်နှင့်အမျှ

မွေးကတည်းက စိန်ခေါ်မှုတွေမှာ သာယာခဲ့တဲ့ ဗီလိန်၊ အနိုင်နဲ့ အရှုံးဆိုတဲ့ စကားလုံး ၂လုံးကြားမှာ ပျော်မွေ့ခဲ့တဲ့ ဗီလိန်၊ အရှုံးတွေစုပြီး အနိုင်တွေ တည်ဆောက်ခဲ့သလို။ အနိုင်ကို နောက်ကိုလိုက်ပြီး ရှုံးခဲ့တာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ကတည်းက ကားရုပ်လေးတွေ ကိုင်ပြီး ဝူး... ဝူး.... လို့လည်း မဆော့တတ်ပါဘူး။ အုန်းကိုင်းကို ခွပြီး တက်ကလောက် တက်ကလောက်ဆိုပြီးလည်း မြင်းစီးသလို မဆော့တတ်ပါဘူး။ မိန်းကလေးတွေနဲ့ အိုးပုတ်နဲ့လည်း မုန့်ဟင်းခါး ဝယ်မစားတတ်ပါဘူး။ မြန်မာ့ရိုးရာ ကစားနည်းတွေ ဖြစ်တဲ့ ထုပ်စီးတိုး၊ ဖန်ခုန်၊ ဇယ်တောက်၊ အရုပ်ပစ် စတဲ့ အနိုင်အရှုံး ဆိုတာရှိတဲ့ ကစားနည်းတွေကိုပဲ ကစားခဲ့ပါတယ်။ အနိုင်အရှုံးမရှိရင် မနေတတ်ပါဘူး။ နိုင်မနေရင်တောင် ရှုံးနေမှ နေသာထိုင်သာရှိပါတယ်။ အဲဒီ့ အထဲကမှ ကျနော် အနှစ်သက်ဆုံးနဲ့ အခုအချိန်အထိ စွဲလမ်းနေတုန်း Challange တစ်ခုအကြောင်း ကျနော်ပြောပြချင်ပါတယ်။

ကျနော်က ၃ တန်းနဲ့ ၄ တန်းလောက်တုန်းကတည်းက ကျောင်းကို ကိုယ့်ဘာသာ စက်ဘီးနင်းသွားပါတယ်။ BMX တွေ ခေတ်စားချိန်ဆိုတော့ BMX လို့တော့မထင်လိုက်နဲ့ ကျနော့ အဘိုးနဲ့ အဘွားလက်ထက်ကစလို့ အမေနဲ့ ဦးလေးအဒေါ်တွေအားလုံး စက်ဘီးစီးသင်ခဲ့တဲ့ ဘိုးဘွားအမွေ မောင်ဗမာ ယောက်ျားစီး စက်ဘီးအသေးလေးပါ။ ကျောင်းဆင်းတာနဲ့ ကျောင်းနားက အဒေါ့်အိမ်ကိုဝင်ပြီး အတုံးလေးတွေ ဆက်ပြီး ကစားရတဲ့ Hand Game ကို အမြဲတမ်း ဆော့ပါတယ်။ တစ်နာရီလောက် အားရပါးရဆော့ပြီးမှ အိမ်ပြန်ပါတယ်။ အမေ့ကိုတော့ အဒေါ့်အိမ်ဝင်မယ်လို့ ပြောပြောထားလို့ စိတ်မပူပါဘူး။ အဲဒီ့တုန်းက အဒေါ့် အိမ်အရှေ့က အခွေဆိုင်က ညနေတိုင်းဖွင့်တဲ့ အေးချမ်းမေ သီချင်းကို ကြားတိုင်း တစ်ချိန်က ဆော့ခဲ့ဖူးတဲ့ Hand Game လေးကို သတိရနေမိသေးတယ်။
ဒါက အေးချမ်းမေ နဲ့ Hand Game

၅တန်းရောက်တော့ ၁၀ မိနစ်ကို ၅ ကျပ်နဲ့ Family Game လေးတွေ ဆော့တယ်။ အမေက ဝယ်မပေးဘူး။ မုန့်ဖိုးလေးတွေ စုစုပြီး သွားသွားဆော့ရတယ်။ ကျူရှင်ချိန်က ၄ နာရီဆိုရင် ၃ နာရီ ၄၅ လောက် အိမ်ကထွက်တယ်။ ကျူရှင်နားက ဂိမ်းဆိုင်မှာ ၁၀ မိနစ်လောက် ပြေးဆော့ ပြီးတော့ ကျူရှင်သွား။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ အဲဒီ့တုန်းက ၁၀ မိနစ်က တော်တော်လေးတော့ အကြာသား။ တခါများ အရှိန်လွန်ပြီး မိနစ်၂၀ ဆော့မိပါတယ်။ ဆရာမက နောက်ကျလို့ ရိုက်တော့တာပဲ။ အမေ့ကို ပြန်ပြောမပြောတော့ မသိဘူး။ အမေကတော့ ဘာမှ ပြန်မပြောတာ အမှန်ပဲ။ ဆရာမနဲ့ ညီအစ်မလိုဖြစ်နေတဲ့ အမေက မသိစရာတော့ မရှိဘူးလေ။ မွေးကတည်းက မူလတန်းအထိ အရိုက်မခံဖူးတဲ့ ကျနော် (မွေးမွေးချင်းတုန်းက မငိုလို့ ဆရာဝန်က ဇောက်ထိုးဆွဲပြီး တင်ပါးကို ရိုက်တာတော့ မပါဘူးပေါ့။)တဲ့ ၅ တန်းရောက်မှ ပထမဆုံးကြိမ်လုံးနဲ့ တွေ့ဖူးတော့တယ်။ ဒါပေမယ့် ကျနော် ဝမ်းမနည်းခဲ့ပါဘူး။ ကျနော် မှားခဲ့တဲ့ ကိစ္စအတွက် ဖင်လေးကိုပွတ်ပြီး ခေါင်းငုံ့ပဲနေလိုက်ပါတယ်။
ဒါက ပထမကြိမ်လုံး နဲ့ Family Game

ဒါလည်း မမှတ်သေးပါဘူး။ ၆ တန်းအထိ ခိုးဆော့နေဆဲ။ အစ်ကိုဝမ်းကွဲတစ်ယောက်က ယူလာပေးလို့ Family Game စက် ကို အိမ်မှာဆော့ခွင့်ရပါတယ်။ အစ်ကိုက သူ့အဒေါ် ကျနော့အမေကို တောင်းတောင်းပန်ပန်နဲ့ ပြောပြီး ကျောင်းပိတ်ရက်တိုင်း ယူလာပေးပါတယ်။ အဲဒီ့တုန်းက မီးတွေလာပါတယ်။ ယူလာတဲ့နေ့ဆိုရင် တစ်နေကုန် ထမင်းမစားပါဘူး။ အမေက အတင်းစားခိုင်းတော့မှ ညီလေးနဲ့ ကျနော် တစ်ယောက်တစ်လှည့်စီ ထမင်းစားပါတယ်။ ဒါတောင်မှ မျက်စိက တီဗွီဖန်သားပြင်ပေါ်က မခွာပါဘူး။ တစ်ရက်မှာတော့ တစ်နေကုန် ဆော့ထားတဲ့ အရှိန်နဲ့ နောက်ဖေး အပေါ့သွားရင်းနဲ့ ချော်လဲပါတယ်။ နဖူးက အမာရွတ်က အခုထိ ရှိနေဆဲပါ။
ဒါက အမာရွတ် နဲ့ အစ်ကိုယူလာတဲ့ ဂိမ်းစက်

၇တန်း ရောက်တော့ Nintendo Game တွေပေါ်ပါပြီ။ နာရီဝက်ကို ၃၀ ပါ။ အတန်းက နည်းနည်းကြီးတော့ ပိုပြီးလွတ်လပ်လာပြီဆိုတော့ ဂိမ်းဆိုင်ကို မကြာခဏရောက်ပါတယ်။ ရှိသမျှ မုန့်ဖိုး အကုန်လုံး ဂိမ်းဆိုင်ကိုလှူပါတယ်။ ဂိမ်းဆော့မက်နေလို့အစားမစားပဲ ကျူရှင်ပြေးခဲ့ရတဲ့ ဘဝကြောင့် အစာအိမ်လေးခမျာ ချူချာလှပါတယ်။ ၈ တန်းက စပြီး မျက်မှန်စတပ်ခဲ့ရပါတယ်။
ဒါက အစာအိမ်၊ မျက်မှန် နဲ့ Nintendo

Sony Playstation ပေါ်တော့ ကျနော် ၉ တန်း ရောက်ပါပြီ။ အိမ်ရယ်၊ ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိမ်းဆိုင်ရယ် ပတ်ပြီး ပြေးလို့ အချိန်မလောက်တဲ့ ကျနော်ဟာ အသက်အရွယ်အရ တာဝန်တစ်ရပ်ဖြစ်တဲ့ ဖွန်ကြောင်ခြင်းအမှုကိုလည်း အချိန်အနည်းငယ်ခွဲပြီး ပေးရပါသေးတယ်။ အဲလိုပေးတယ်ဆိုပေမယ့် ဂိမ်းဆိုင်အချိန်ကို ဖဲ့မပေးပါဘူး။ ကျောင်းချိန်၊ ကျူရှင်ချိန်၊ လိုအပ်လာရင် ကျူရှင်ချိန်ဖျက်ပြီး အသုံးချပါတယ်။ စာပေးမလို့ ရေးထားတဲ့စာက ဂိမ်းဆိုင်မှာ ဂိမ်းကိုက်နေတာနဲ့ ကောင်မလေးတွေ ကျူရှင်ဆင်းချိန်မမီလို့ မပေးရပဲ လွယ်အိတ်ထဲမှာတင် ဟောင်းသွားတဲ့ စာပေါင်း မနည်းပါဘူး။ ဒီလိုနဲ့ပဲ ဂေါ်မစွံဖြစ်ခဲ့ရပါတယ်။
ဒါက သူများကြောင်လို့ မကြောင်နိုင်တဲ့ Sony Playstation

အရွယ်လေးကလည်း ရောက်လာ၊ Sony Playstaion ရဲ့ နည်းပညာတွေကလည်း မြင့်လာပြီဖြစ်လို့ စိန်ခေါ်မှုတွေကလည်း များလာပါပြီ။
ဂိမ်းဇာတ်လမ်းတွေရဲ့ နက်နဲမှုကို ဖော်ထုတ်ရတယ်။
လေ့ကျင့်အားကောင်းကောင်းနဲ့ သူငယ်ချင်းတွေ Skill ချင်းပြိုင်ကြတယ်။
လက်တွဲဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးပန်းတိုင်ရောက်အောင် တွဲသွားခဲ့တယ်။
Logic တွေ တွက်ချက်ပြီး လျှို့ဝှက်ချက်တွေ ဖော်ထုတ်ခဲ့တယ်။
ကိုယ်မကျွမ်းကျင်တဲ့ အင်္ဂလိပ် ဝေါဟာရတွေကို Dictionary တစ်အုပ်ဘေးမှာချပြီး အဓိပ္ပာယ်ရှာခဲ့တယ်။
နတ်ကြီးပါတယ်ဆိုတဲ့ ၁၀တန်း စာမေးပွဲကို တစ်လအလိုအထိ ဂရုမစိုက်မိအောင်ကိုပဲ Sony Playstation နဲ့ Challange လုပ်နေခဲ့တယ်လေ။
ဒါက တက္ကသိုလ်ဝင်တန်းနဲ့ အတူ စိန်ခေါ်ခဲ့ဖူးတဲ့ Sony Playstation

၁၀တန်းပြီးတော့ မွေးရပ်မြေလေးကို စွန့်ခွာပြီး ဒီထက် Challange များတဲ့ ရန်ကုန်မှာ နေချင်ပါတယ်ဆိုပြီး အမေနဲ့ အဖေကို ကန်တော့ပြီး ထွက်လာခဲ့တယ်။ အဝတ်တစ်ထုပ်ရယ် အဝတ်လျှော်စက်တစ်လုံးရယ် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်ပဲ ရှိတဲ့ တိုက်ခန်းလေးမှာနေပြီး လိုအပ်မယ်ထင်တဲ့ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို တက်ရင်း ဂိမ်းဆိုင်တကာကိုလှည့်လို့ Gaming Skill ကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ခဲ့တယ်။ တစ်ခါတစ်ခါ ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ အိပ်ချိန်နဲ့ သင်တန်းချိန်ကလွဲရင် ဂိမ်းဆိုင်မှာပဲ ရှိနေတဲ့ ကျနော့အတွက် တစ်နာရီ ၃၀၀ ဖြစ်တဲ့ ဂိမ်းဖိုးကို ဂိမ်းဆိုင်မှာပဲရှာခဲ့တယ်။ ဂိမ်းဆိုင်ဝန်းကျင်က ဆီချက်၊ ကော်ရည်၊ မုန့်ဟင်းခါး စတဲ့ အစားအစာတွေနဲ့ပဲ ဝမ်းတထွာကိစ္စ ဖြေရှင်းခဲ့တယ်။ ဂိမ်းဆိုင်က ဖုန်းကလည်း ကိုယ်ပိုင်ဖုန်းလို့တောင် သူငယ်ချင်းတွေက ထင်ရလောက်အောင် အသုံးပြုခဲ့တယ်။ အဲဒီ့အသုံးစရိတ်တွေ အကုန်လုံးကိုလည်း ဂိမ်းဆိုင်မှာပဲ ရအောင်ရှာခဲ့တယ်။ တစ်လတစ်လ အမေပေးတဲ့ အသုံးစရိတ်တောင် ပိုနေခဲ့တာ။

တက္ကသိုလ်တက်တော့လည်း Counter Strike နဲ့ Red Alert II က နည်းပညာတွေ စစ်ပရိယာယ်တွေကို တစ်စိုက်မတ်မတ် လေ့လာရင်း Supply ပေါင်းများစွာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးလို့ ရောက်တက်ရာရာ အလုပ်တွေ လိုက်လုပ်ရင် အားရင် အားသလို Network Cyber မှာပဲ အချိန်ကုန်ခဲ့ပါတယ်။ တစ်ခါတစ်လေများ မနက် ၈ နာရီကနေ ည ၁၂ နာရီအထိ တောင် မနားတမ်းဆော့ပါတယ်။ ဂိမ်းဆော့တဲ့ အမှုနဲ့ပဲ ရည်းစားနဲ့ ပြတ်ပါတယ်။ Counter Strike နဲ့ Red Alert II နောက်မှာ AOE, General ခေတ်တွေ ကျော်လွန်ခဲ့ပြီး အခုဆို DotA ခေတ်ကို ရောက်ခဲ့သည့်တိုင် စွဲစွဲလမ်းလမ်း ဆော့နေဆဲပါ။ လက်ဘက်ရည်ဆိုင်ဘေးက ဖြတ်သွားလို့ ဆိုင်မှာထိုင်နေတဲ့ ရွယ်တူအဖွဲ့က DotA အကြောင်းပြောနေတာကို ကြားလိုက်တာနဲ့ သွားစရာကို ဖျက်တတ်တဲ့ အကျင့်က အခုထိမပျောက်သေးပါဘူး။ ၂ ပတ်ခွဲ ခွင့်ယူပြီး မွေးဌာနေပြန်သွားတုန်းကလည်း အမေ့ရင်ခွင်ကလွဲရင် Network Cyber မှာပဲ အချိန်ကုန်ခဲ့တဲ့ ကျနော်။ သူငယ်ချင်း အရင်းအချာကြီးတွေကိုတောင် မတွေ့ခဲ့ရပါဘူး။ အခုတော့ အွန်လိုင်းဂိမ်းလေးနဲ့ပဲ ကျေနပ်နေရတဲ့ ဘဝကို ရောက်နေပါတယ်။

ကဲ... မောင်မျိုးနဲ့ မေဒီ ရေ့ ဒီလောက်ဆို ကျနော့ ဝါသနာကို သိလောက်ပြီထင်ပါရဲ့နော်။
နောက်ဆက်တွဲ ကိုလင်းဦးကပါ ထက်တဂ်ထားလို့ ကျေနပ်နိုင်ပါစေဗျာ။

ဗီလိန်

18 comments:

Htoo Aung Lwin said...

အခုတော့လဲ အိပ်ချိန်လေးထဲက ဖဲ့ဖဲ့ပြီး အိမ်မှာ ဂိမ်းနေတုန်းပဲမလား.............။ ငှဲလှယောင်း ငှဲလှယောင်း။

နွေးနေခြည် said...

အတော်ကြီးတဲ့ ၀ါသနာပဲ

မေဒီဇာ said...

အားပါး... ကြီးလိုက်တဲ့ ၀ါသနာ... ဒါမှ တစ်ကယ့် ၀ါသနာအိုးအစစ်လို့ ပြောရမယ် ခစ်ခစ်ခစ်
ခုလို အမြန်ဆုံး ရေးပေးတဲအတွက် အထူး ကျေးဇူးတင်ပါတယ်နော်။

ဖိုးဂျယ် said...

နင်လောက် ၀ါသနာ မကြီးပေမဲ့
အဲ့လောက်နီးပါးတော့ ဆော့တယ်ဟး)

ရွှေပြည်သူ (ShwePyiThu) said...

ဝါသနာကို ရှင်းရှင်းလင်းလင်းကြီးကို သိပါပြီ မောင်လေး ဗီလိန်ရေ...း)

ဖိုးသင်္ကြန် said...

ဟာ အတော်ပဲ။ ကျွန်တော်လဲ လူလိုက်စုနေတာ။ Dota ဆော့မလို့။ စိတ်ပါရင် လခထုတ်ပြီးတာနဲ့ Pennisula အောက်ထပ်သာ ပြေးဆင်းလာပေတော့။
:D

ဗီလိန် said...

ကြာသလားလို့ ဖိုးသင်္ကြန်ရယ်။ ကျနော့မှာ တစ်ယောက်ရှိတယ်။ လောလောဆယ်တော့ ၃ ယောက်ရှိပြီ။ :)

Anonymous said...

ရေးပေးတာ ကျေးဇူးဝေ့
လိန်လိန့် ရဲ့ ၀ါသနာတွေဖတ်လိုက်ရတာ
စိတ်ပါရင် အဆုံးထိ ကြိုးစားတတ်တဲ့ အလေ့ကိုသတိထားမိတယ် လူတော်ပေါ့ ဖွန်ကြောင်တဲ့ကိစ္စ ကပိုတော်တယ်း)

JulyDream said...

DOTA မဆော့တာ ကြာလှပြီ။ အကောင်အသစ်တွေလည်း ပေါ်နေတယ်။ ပစ္စည်းတွေကလည်း အသစ်တွေ။ ၀ယ်ရတဲ့ နေရာတွေလည်း မမှတ်မိတော့ဘူး။ ပါဝါတွေဆို ဘာကို ဘယ်လို သုံးရမှန်းကို မသိတာ ကြာပြီ။ Battle ဆိုင်ရင် အရင်ဆုံးသေမယ့် ကောင်ဆိုတော့ မဆော့တာပဲ ကောင်းပါတယ်လေ။

၂ နှစ်တိတိ ဂိမ်းဆိုင်မှာ နေ... ဂိမ်းဆိုင်မှာ အိပ်... ဂိမ်းဆိုင်မှာ စားခဲ့တဲ့ ရန်ကုန်က ဘ၀ကို လွှမ်းလိုက်တာနော်။

ဗီလိန် said...

ဟားဟား ကိုဂျူလိုင်ရယ်။ Battle ဆိုင်ရင် အရင်ဆုံးသေတယ် ဆိုတာ မကောင်းတာမှ မဟုတ်တာ။ ကျနော်ကတော့ battle ဆိုင်ရင် အရင်ဆုံး ထိုးကျွေးရတဲ့ အကောင်တောင် ပိုပြီး ကိုင်ဖြစ်သေးတယ်ဗျ။ Earth Shaker ဆိုရင် ကျနော့ Crazy လေ။

JulyDream said...

Strength ကောင်ဆိုရင်တော့ ခံနိုင်တယ်ဗျ။ Intel ကောင်ဆိုရင် အဝေးမှာ လွတ်အောင် နေနိုင်ရင်နေ။ မနေနိုင်လို့ အထဲဝင်မိရင် Agility ကောင်နဲ့တွေ့ရင် ၃ ချက်လောက် ခုတ်ခံရတာနဲ့တင် သေရော။ Intel တွေက ပွဲအစမှာတော့ ကိုင်လို့ ကောင်းတယ်။ ပွဲကြာလာတာနဲ့ အမျှ ခံရဖို့ များလားတယ်။ ပစ္စည်းကောင်းလည်း ခံရတာပါပဲလေ။ အဟီး...

ဗီလိန် said...

ကဲကဲ ဖိုးသင်္ကြန်ရယ်၊ ကိုဂျူလိုင်ရယ်၊ ဗီလိန်ရယ်။ ကျနော့သူငယ်ချင်းတစ်ယောက်ရယ် ၄ ယောက်ရပါပြီ။ နောက်ထပ် ၆ ယောက်ရရင် စီးတီးဟောသွားလို့ရပါပြီ။ :)

ဖိုးသင်္ကြန် said...

စဉ်းစားနေတာဗျ။

သားသားအကြိုက် Chaos Knight ကိုင်ရကောင်းမလား။
မရှောင်ရင်လွဲတဲ့ Sniper ငနဲ ကိုင်ရကောင်းမလား။
လူကြားထဲ ဝင်ဝင်ထုတဲ့ Shaker ဂျပု ကိုင်ရကောင်းမလား။

ခုထက်ထိတော့ လခမရသေးလို့ Silent မိနေတယ်ဗျို့။

ဗီလိန် said...

ကဲဗျာ ကိုဖိုးသင်္ကြန်ရေ။ လူစုံရင် Signal သာပြလိုက်။ Boot of Travel နဲ့လာခဲ့မယ်။ :)

WWKM said...

မောင်ဗီဗီရဲ့ဝါသနာတွေ ဖတ်သွားပါတယ်..

လင်းဦး(စိတ်ပညာ) said...

ွဂိမ်း ဆရာပါလား... အဟဲ...

လာဖတ်သွားပြီ..

မိုးခါး said...

အံ့သြစရာ
ရည်းစားနဲ့ပြတ်တယ်ဆိုတော့ ရတော့ ရလိုက်သေးတယ်ပေါ့ .. :D

noblemoe said...

Game GhostးP