စပယ်ယာ၏ အရှေ့အလယ်ပိုင်းရပ်ဝန်း (၁)

ညနေ နေဝင်ရီတရော အကျည်းတန်လှချိန်တွင် ဖြစ်သည်။ လူတွေကျိတ်ကျိတ်တိုး လှုပ်ရှားသွားလာနေသည့် လှိုင်သာယာ ပင်လုံဈေး မော်တော်ယာဉ် လိုင်းပေါင်းစုံဂိတ်ရင်းသို့ ရောက်လာခြင်း ဖြစ်ပေသည်။ ရောက်ရောက်ခြင်း ကားဆရာဖိုးချမ်း၏ စကားကြောင့် အာမေဋိတ်သံနှင့် အတူ မျက်လုံး နှစ်ဘက်ပါပြူးသွားသည်။
“ဟေ..... ”
“ဟုတ်တယ်ဆရာ ခုနလေးတင်ပဲ မီးခွက်ဈေးက ကောင်တွေနဲ့။ နားတိုကတော့ ဘာမှ မဖြစ်ပါဘူး။ ဟိုဘက်ကကောင်တွေတော့ အတော်လေးကွဲသွားတယ်။ ဒီညတော့ ဒီကောင် အချုပ်ထဲပဲ နှပ်ရမပေါ့။”

နားတိုဆိုသည်က လှိုင်သာယာတကြောတွင် နာမည်ကြီး ထက်မြက်လှသည့် ကျွန်ုပ်၏ စပယ်ယာပင်တည်း။
“ကဲ ဒါဆိုလည်း မောင်ညို့သွားခေါ်ကွာ။”
မောင်ညိုကတော့ အလွတ်တမ်း ဂျိုကာ စပယ်ယာဖြစ်သည်။ ဆိုလိုသည်ကား မူပိုင်လိုက်သည့် ကားမရှိ။ စပယ်ယာတွေ မလိုက်နိုင်လျှင် အစားလိုက်ပေးသည့် ဂျိုကာ စပယ်ယာတစ်ဦးပင်။
“ကျနော်သွားပြီးပြီ ဆရာ။ ဒီကောင် မောင်ကီးဆိုင်မှာ မှောက်နေပြီ။”
“အာ... ဒီကောင်တွေတော့ ဒုက္ခပါပဲကွာ။ အလုပ်လုပ်ဖို့ စိတ်မကူးဘူး။ မိုးတောင်ချုပ်မယ် မကြံသေးဘူး မှောက်နေပြီ။ ကဲဒါဆိုလည်း ဟိုဘက်ဂိတ်ကိုသွား ကိုဝင်းဖေ ကြီးသွားခေါ်ချေ။”
“ဟာ ဆရာကလည်း။ သူလည်း ၃လုံးပေါက်လို့ ဘုရားဖူးထွက်သွားတယ်လေ။ သဘက်ခါမှ ပြန်ရောက်မှာ။”

ကျွန်ုပ်ဒေါသက ငယ်ထိပ်သို့ရောက်တော့မည်။
“အေး။ ဒါဆိုဘာလဲ ဒီညက ကားမထွက်တော့ဘူးလား။ ငုတ်တုတ်ထိုင်နေတော့မှာလား။ သောက်သုံးမကျလိုက်တဲ့ကောင်တွေ။ ခွီးထဲမှပဲ။ ကြာပါတယ်။ ငါပဲလိုက်တော့မယ်။ ဂတ်ကောဖြည့်ပြီးပြီလား။”
“နှစ်ကြောင်းစာပဲ ရှိတော့တယ်ဆရာ။ ညနေက ဂတ်ဆိုင်ကြည့်တော့ အလှူအိမ်ဖြစ်နေလို့ မဝင်ခဲ့ဘူး။”
“အေး ကောင်းကွာ။ ဒါဆိုလည်း ထွက်မယ်။ မင်းစားပြီးပြီလား။”
“ညနေကတော့ လက်ဘက်ရည်ဆိုင်မှာ အလုံးတိုက်ရင်း ထမင်းကြော်စားထားတယ် ဆရာ။”
“အေး ဒါဆို ချကွာ။”

ဖိုးချမ်းကလည်း ခါးမှ ကားသော့ကိုဖြုတ်ကာ ခေါင်းခန်းဝင်ပြီး သော့ပေါက်၌ ထိုးလိုက်သည်။ နောက်ခန်းမီးဖွင့်ပြီး သူကစအော်သည်
“ကဲလာ။ ဈေးကို ဈေးကို စက်မှုဇုံ တစ်ထိပ်ကသွားမှာ။”
ကျွန်ုပ်လည်း ဖိုးချမ်းနောက်မှ ဆက်အော်လိုက်သည်။
“ကဲလာ ကဲလာ ခုသွားမှာ ခုသွားမှာ။ ဈေးဝို ဈေးဝို”

ဈေးကို ဟုပြောသည်ကို အသံကျယ်နှင့် အားမစိုက်ရအောင် ဈေးဝိုဟု အော်ရခြင်း ဖြစ်ပေသည်။ ဂိတ်ဘေးတွင် ထွက်မည့်ကားကို ရပ်စောင့်နေသည့် ခရီးသည် ၅ ဦးတက်လာပြီး ဖိုးချမ်းက လီဗာကိုတော့၍ ကားကို လှုပ်ပေးလေသည်။
“ခုသွားမှာ ခုသွားမှာ။ ဈေးဝို ဈေးဝို။”
မကြာမီ ၁၀ ဦးကျော်သွားလေ၏။ ဖိုးချမ်းကလည်း ကားကိုတော့ဆဲ။ သိပ်မကြာလိုက် အထဲမှ ဝဝတုတ်တုတ်နှင့် ဗန်းများထပ်၍ ကိုင်ထားသော မိန်းမကြီးက
“ကဲ စပယ်ယာ ထွက်မှာလား မထွက်ဘူးလား။ မထွက်ရင်လည်း ကားကို ငြိမ်ငြိမ်ထားပါဟာ။ ခေါင်းမူးလို့ပါ။”
ကျွန်ုပ်ကလည်း စပယ်ယာ လေသံအပြည့်ဖြင့် စိတ်မရှည်သည့် ပုံစံဖြင့်
“ထွက်မှာ ထွက်မှာ။ ကျုပ်က ပိုတောင်ထွက်ချင်သေးတယ်။ စက်မှုဇုံ တစ်ထိပ်ကသွားမှာ ဈေးဝို ဈေးဝို”
နောက်တစ်ကြိမ်အော်လိုက်သည်။ လူတွေကလည်း လူတွေပဲ ကားလှုပ်မှ ကားပေါ် တက်ချင်ကြသည် မဟုတ်လား။ ဒါကြောင့် ဖိုးချမ်းက ကားကို လှုပ်ပေးနေခြင်းဖြစ်သည်။ ထို့နောက် အင်တာကွန်းမှ ဖိုးချမ်း၏ အသံက ထွက်လာသည်။
“ဆရာ ရွှေ့ရအောင် ရုံလွှတ်တော့မယ်။”
“အေး သွားမယ်။ ဈေးဝို။ ဈေးဝို။”

ကားထွက်သည့်တိုင် တိုင်ကိုတွယ်၍ အော်နေလိုက်သည်။ ဟိုး လမ်းကြားထဲမှ လက်ပြနေသည့် လူတစ်ယောက်တွေ့၍
“ဟိုးထား။”
ကျွန်ုပ်၏အော်သံကြောင့် ဘရိတ်ဆောင့်အလုပ်လိုက်သောကြောင့် အော်သံများထွက်လာသည်။
“ဖြည်းဖြည်းလုပ်ပါကွ။ လူတွေစီးနေတာ။”
မသိချင်ယောင် ဆောင်လိုက်ပြီး စောစောက လူကို လက်လှမ်းပေးလိုက်သည်။
“အုပ် ဆရာ”
ဤသို့ဖြင့် ခရီးကစလေပြီ။ လမ်းထိပ်ရောက်တော့ ရုပ်ရှင်ရုံရှေ့တွင် ရှေ့ကကောင်က မထွက်သေး။ ဖိုးချမ်းကလည်
“မင်းတို့ကသွားတော့လေကွာ။ ဘယ်လောက်ရှိနေပြီ မင်းတို့ထွက်သွားတာ။”
“သွားမှာပေါ့ကွာ။”

ဟုပြောသည့်တိုင် ပေကပ်ကပ်က လုပ်နေသေးသည်။ ပြောရင်းနှင့် ရုံကလွှတ်ပါပြီ။ ဖိုးချမ်းက ရှေ့ကား၏ ခြေနင်းခုံနှင့် ကားခေါင်း ကပ်နေအောင် ရွှေ့လိုက်ပြီး ကျွန်ုပ်ကလည်း အလုအယက်လူခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဆွဲတင်လိုက်သည်။ ရှေ့ကား၏ ခြေနင်းခုံနှင့် ကျွန်ုပ်တို့ ကား၏ ကားခေါင်းက ကပ်နေ၍ တော်ရုံလူက ရှေ့ကားကို မတက်ကြပဲ ကျွန်ုပ်၏ကားပေါ်သို့သာ တက်လေတော့သည်။
ရှေ့ကောင်ကလည်း ရုန်းကာ ခွာသည်။ ဖိုးချမ်းကလည်း လိုက်ကပ်သည်။ ကျွန်ုပ်ကလည်း ရသမျှတင်သည်။ အဝတွင် ပြည့်သိပ်သွားသော်လည်း နောက်ခန်းရှေ့ပိုင်းတွင်က ချောင်နေသေးသည်။ ကျွန်ုပ်လည်း ဟိုလှိမ့်သည်လှိမ့်နှင့် တိုးဝင်သွားပြီး ကားခတောင်းရင်း ဈေးထိသွားမည့်သူများကို မေးကာရှေ့သို့ ဆွဲခေါ်ရသည်။ ဒါတောင် ပေကပ်ကပ်လုပ်နေကြသည်မို့ သိပ်အဆင်မပြေလှ။ ကျွန်ုပ်လည်း ပြန်ထွက်လာပြီး
“ကဲ ဖိုးချမ်းရေ့ထွက်ကွာ။ ပြီးရင် တစ်ချက်လောက်။ အားလုံးပဲ သေချာကိုင်ထားကြနော်။”
စကားဆုံးဆုံးချင်းမှာပင် ဖိုးချမ်းက ဘရိတ်ဖမ်းအုပ်လိုက်သည်။ ဆူညံသံတွေ ပွက်လောရိုက်ပြန်ပြီ။ ထုံးစံအတိုင်း အားလုံးကို လျစ်လျူရှုကာ အေးမြသည့် လေညှင်းကို ခံယူရင်း လင်းတစ်တိုင် မှောင်တစ်တိုင်ဖြစ်နေသည့် လမ်းမီးတိုင်များကိုငေး၍ နေလိုက်သည်။
သည်လိုနှင့် တက်လိုက်ဆင်းလိုက် တင်လိုက်ချလိုက် ဟန်ချက်ညီညီ ဖြစ်နေကာမှ မီးခွက်ဈေးကျော်တော့ မီးခွက်ဈေးက တက်လာတဲ့ လူတစ်ယောက် ၂၀၀ တန်ထုတ်ပေးသည်။ ဘယ်သွားမှာလဲမေးတော့ ဈေးတဲ့။ ဒါနဲ့ပဲ ပြန်မအမ်းတော့ပဲ နေလိုက်တာ ၃ထိပ်ရောက်တော့ ကျနော် မှတ်တိုင်အော်လိုက်သည်။
“၃ထိပ်ပါသေးလား”
“စပယ်ယာ ၁၀၀ မအမ်းသေးဘူးလား”

ကျွန်ုပ်ကလည်း ထပ်မေးသည်။
“ဘယ်သွားမှာလဲ အစ်ကို။ ဈေးကို တစ်ယောက် ၂၀၀ ပါ။”
“ဟာ.. ၁၀၀ ပါ ကွာ။ မင်းတို့ကလည်း လောဘမကြီးစမ်းပါနဲ့။”

အသံကခပ်မာမာဖြင့် ကျွန်ုပ်အား အလွတ်ကြီး ဟောက်လေတော့သည်။ အဲ... သူကလည်း တမျိုးပါလား။
“၂၀၀ ဗျ ၂၀၀ ကြားကားလေဗျာ။ လိုင်းကားမှ မဟုတ်တာ။”
“ခါတိုင်းစီးနေကြ ၁၀၀ ပါ။ မင်းတို့ဟာကလည်း”
“ဟောဗျာ။ နေ့တိုင်းကောက်နေတာလည်း ၂၀၀ ပါပဲ။ အားလုံးကိုမေးကြည့်ပါ။ ဒီအထဲက သူတွေအားလုံး အမြဲစီးနေတာဗျာ။”

အဲသည်တော့မှ နည်းနည်း ငြိမ်သွားသည်။ ခဏနေတော့ မောက်မာနေသည့် မျက်နှာမှ သနားစဖွယ် မျက်နှာသို့ ပြောင်းသွားပြီး
“ဒါဆိုလည်းကွာ ဘာပဲဖြစ်ဖြစ် ၁၀၀ တော့ ပြန်အမ်းကွာ။ ငါသာကေတကို ဆက်စီးရဦးမှာ။”
“ဟုတ်ကဲ့ ဟုတ်ကဲ့။ အဲလိုပြောပါဗျာ။ အဲလိုပြောရင်ပေးမှာပေါ့။ ၁ထိပ်ပါသေးလားဗျိုး။”

ကျွန်ုပ်လည်း ၁၀၀ ပေးလိုက်ပြီး မှတ်တိုင်အော်လိုက်သည်။ အဲသည်တော့မှာ မိန်းမတစ်ယောက်က
“ဟဲ့ ၁ ထိပ်ရောက်နေပြီလား ၃ ထိပ်မှာ ဆင်းမလို့။”
“ဟာဗျာ စောစောကတော့ မပြောဘူး။ ၁ ထိပ်ကျမှ ပဲဆင်းတော့”

အမှန်တော့ ၃ ထိပ်ကို ကျော်ရုံပဲရှိသေးသည်။ ကား၏ အရှိန်ကြောင့် ကျွန်ုပ်လည်း မရပ်ခိုင်းတော့ပဲ ဆက်မောင်းခိုင်းလိုက်ခြင်း ဖြစ်ပေသည်။
“ဒါဆို ၁၀၀ ပြန်ပေး ငါ ဟိုဘက်ကို ပြန်စီးရမှာ”
“ဘာကိစ္စပေးရမတုန်း ပြောဖြင့်မပြောပဲနဲ့။”
“ဟဲ့ နင်တို့ပြဿနာ ဖြစ်တာ ကြည့်နေတာလေ။ ပြန်ပေး ၁၀၀”
“အာဗျာ။ ဘာကိစ္စလည်းဗျာ။ ကျနော်မအော်ဒါမှ မဟုတ်တာ။ ၁ထိပ်ပါတယ်ဟေ့။”

သည်လိုနဲ့ပဲ ပွစိပွစိလုပ်ပြီး ဆင်းသွားပါလေရဲ့။ တခြား ထူးထူးခြားခြားမရှိပဲ သီရိမင်္ဂလာဈေးကို ရောက်ခဲ့ပါပြီ။ ည ၈နာရီ ဝန်းကျင်လောက်မို့ ဈေးရောင်းဈေးဝယ်။ ကုန်ကား၊ လိုင်းကားများနဲ့ ကြက်ပျံမကျ စည်ကားနေလေသည်။ ကိုယ့်အလှည့်ရောက်ဖို့ တန်းစီစောင့်ရင်း ဘေးက လက်ဘက်ရည်ဆိုင်က ပေါရွှတ်ရွှတ် ရေနွေးကြမ်းကို သောက်ရင်း ဟိုကြည့်သည်ကြည့်ပေါ့။ အလှည့်ရောက်တော့ ကားပြန်ထွက်ဖို့ ကားပေါ်အတက် ခြေနင်းခုံက သံငုတ်သေးသေးလေးနဲ့ ပုဆိုးနဲ့ ငြိပြီး ပုဆိုးက ဟက်တက်ကွဲပါလေရော။ တော်သေးတာပေါ့ ပေါင်ရင်းထိပဲကွဲလို့။ ဖိုးချမ်းကလည်း ခေါင်းခန်းက သူ့ ပုဆိုးစုတ်ကို ထုတ်ပေးတော့ ဝတ်လိုက်တာ ခုမှ ပဲ စပယ်ယာနဲ့ ပိုတူသွားတော့တယ်။

လူခေါ်ရင်းနဲ့ပဲ ခရမ်းချဉ်သီးခြင်း တင်မယ်ဆိုလို့ ကူတင်ပေးရသေးတယ်။ ဆွဲမလိုက်တာ ကားပေါ်ရောက်ကာနီးကျမှ ခြင်းက ပြုတ်ထွက်သွားပြီး ခရမ်းချဉ်သီးတွေ လမ်းမပေါ် ပြန့်ကျဲ ကုန်ပါတယ်။ အဲ.. အဲဒါမှ ဒုက္ခ။ ဝိုင်းကောက်ပေးရင်း ဘေးက အသက်ကြီးကြီး ရှပ်အင်္ကျီလက်ရှည်နဲ့ လူတစ်ယောက်က လာမေးပါတယ်။
“လှိုင်သာယာကားလား မောင်ရင်။”
“ဟုတ်တယ်ဗျ။ တက်တက် ခုထွက်မှာ”
“ပေါက်တောဝရောက်တယ်မလား။”
“ဗျာ။ လှိုင်သာယာဆိုဗျ။ ပေါက်တောဝမရောက်ဘူး စက်မှုဇုံကသွားမှာ။”
“မောင်ရင် လူလည်မကျနဲ့ ပေါက်တောဝကားက လှိုင်သာယာရောက်တယ်။ ပေါက်တောဝကနေမှ လှိုင်သာယာက ဆက်သွားရတာ။ ဒီလောက်တော့ သိပါတယ်ကွ။ တောသားဆိုပေမယ့် ဒီလောက်တော့ သိပါတယ်။”

လာပြန်ပြီ နောက်တစ်မျိုး။ တကယ်တမ်းပြောရရင် ပေါက်တောဝကားတိုင်းကလည်း လှိုင်သာယာမရောက်။
“ပေါက်တောဝကားက လှိုင်သာယာရောက်တာလေ။ လှိုင်သာယာကားက ပေါက်တောဝရောက်တာမှ မဟုတ်တာ။”
ဒီတော့ သူက ဆရာကြီးစတိုင်နဲ့ပြောပါတယ်။ ရွာမှာ ရွာသူကြီးလားတော့ မသိ။
“မင်းတို့ စပယ်ယာတွေက ကားသမားအချင်းချင်း ပေါင်းစားမယ် မကြံနဲ့။ ငါတို့ကို လှိုင်သာယာအထိခေါ်သွားပြီးမှ ပေါက်တောဝကားကို ပြန်စီးခိုင်မလို့မလား။ ငါတိုင်လိုက်ရမလား။ ပေါက်တောဝရောက်ရင်ပြော။ ဒါပဲ။”
အမလေးဗျာ။ ခရမ်းချဉ်သီးက ကောက်လို့မပြီးသေးဘူး ပြဿနာကလာရှာနေတယ်။ ကျွန်ုပ်လည်း အဆင်ပြေမယ့် နည်းလမ်းစဉ်းစား ရပါတော့တယ်။
“ဒါဆို နဂိုက ပေါက်တောဝကို ဘယ်လောက်ပေးရလဲဗျ။”
“၂၀၀”
“ဟုတ်ပြီဗျာ။ ဒါဆို ရောက်အောင်ပို့ပေးမယ်။”

လိုက်ပို့ပေးမလို့တော့မဟုတ်။ ဘုရင့်နောင်လမ်းဆုံထိခေါ်သွားပြီး ကားပြောင်းပေးမလို့ဖြစ်သည်။ ဒါကို မသိတော့ ခရီးသည်တစ်ယောက်ကလည်း။
“ဟေ့ စပယ်ယာ။ တို့က စက်မှုဇုံထဲသွားမှာနော်။”
“ဟုတ်ကဲ့ပါဗျာ။ အားလုံးကို အရောက်ပို့ပေးပါမယ်။”
ဒါတောင် သူက မကျေနပ်သေး အရစ်ကရှည်သေးသည်။
“ဘယ်သူ့ကို အရင်ပို့မှာလဲ။ ကျုပ်တို့ကို အရင်ပို့ပေး။”
“ဟုတ်ပါပြီဗျာ။ ပို့ပေးပါမယ်။”
ထိုအခါ ဟိုရွာသူကြီး (တင်စား၍ ပြောခြင်းသာဖြစ်သည်။ ရွာသူကြီး ဟုတ်မဟုတ်တော့ ကျွန်ုပ်လည်းမသိ) ကလည်း
“မောင်ရင် မင်းရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့နော်။ ဒီမှာတွေ့လား” ဆိုပြီး လက်ထဲမှ တုတ်ကောက်ကို ထောင်ပြပါသည်။
“ဟုတ်ကဲ့ပါဗျာ။ အားလုံး အဆင်ပြေစေရပါမယ်။”
ဒီလိုနဲ့ပဲ ဘုရင့်နောင်လမ်းဆုံရောက်တော့ ပေါက်တောဝကားတစ်စီးကို ၁၀၀ ပေးပြီး ရွာသူကြီးကို တင်ပေးလိုက်တော့မှ ကိစ္စက ပြတ်သွားပါတော့တယ်။
ဘုရင့်နောင်လမ်းဆုံမှာ စက်သတ်ပြီး လူခေါ်တော့ ဖက်ကြမ်းလေးဖွာမလားလို့ အင်္ကျီအိတ်ထဲက ဆွဲထုတ်လိုက်တော့ သူက ကျိုးကြေနေပြီ။ ဒါနဲ့ပဲ ဖိုးချမ်းက လန်ဒန်တစ်လိပ် ထုတ်ပေးတာနဲ့ ဖွာလိုက်တယ်။ လမ်းဆုံထိပ်က မီးတိုင်အောက်မှာ ဒီညခရီးစဉ်ကို ပြန်တွေးပြီး ပြုံးမိသေးတယ်။ အော်... စပယ်ယာ စပယ်ယာ။

စပယ်ယာ၏ အရှေ့အလယ်ပိုင်းရပ်ဝန်း (၂) ကို ဆက်လက်အားပေးပါ။

ဗီလိန် http://www.villain-lay.co.cc/

11 comments:

kk said...

ကျန်ုပ် က ဝဆွဲ ကျန် နေတယ် ထင် တယ်။

Unknown said...

ဖိုးချမ်းဆိုတာ နာ့ကိုများရေးတာလားဟင်...
ဗီလိန်တို့က ကားလိုင်းလည်းကျွမ်းကျင်ပါ့.. စပယ်ယာလုပ်ဖူးလားဟင် :P

ဗီလိန် said...

ဟဟ ပြင်ပြီးပါကြောင်းဗျို့။
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါကွယ်။ :)

ဖိုးဂျယ် said...

အင်းလေ နာလဲ ချမ်းရဲများလားပေါ့ ဒါပေမဲ့
ဒီကောင် ဒီလောက်တော့ ကားမမောင်းတတ်လောက်ပါဘူး
အလွန်ဆုံး ဆိုက်ကားတော့ နင်းတတ်မှာပေါ့
ထားပါလေ ဗီဗီရေ နင်ကလဲ စပယ်ရာလဲ ရတယ်ပေါ့

Welcome said...

နအဖြစ်ထက်တောင်ဆိုးနေပါလား ဦးဗီရေ ..
ဖြတ်တတ်တာလေးတွေကို သဘောကျ သွားတယ်။

Sein Lyan Tun said...

ဖြစ်တတ်တယ်..ဖြစ်တတ်တယ်..
ဆက်ရေးပါဗျာ.မျှော်နေတယ်..

Anonymous said...

အောင်မလေး .ရေးတတ်ပါပေ့ ကိုဗီလိန်ရေ.ကိုယ်တိုင်တောင် ပြွတ်ကြပ်သိပ်နေတဲ့ ဒီကားပေါ်ပါပြီး အပေါက် ဆိုးတဲ့  စပါယာနဲ့  ဒရိုင်ဘာကို နရင်းအုပ်ချင်စိတ်ပေါ်လာတယ် ....ဆွဲထားး ဆရာရေ။။

Anonymous said...

ဖိုးချမ်းဆိုတာ ချမ်းငြိမ်းကို ပြောတယ်မှတ်လို့။
ငါနဲ့သူနဲ့ကလည်း သယ်ရင်းပဲ။

မောင်bee said...

ဟဟ ကိုဂျယ် ပြောတာဖြစ်နိုင်တယ်။ ချက်ချင်းကားပေါ်ရောက်သွားသလို ရေးချက်ကရှယ်ဘဲ။

Anonymous said...

ပြောင်မြောက်လိုက်တဲ့ အရေးအသား....
စပယ်ယာတွေကိုတောင် ကိုယ်ချင်းစာချင်လာသလိုလို..... :)

ဖြိုးဝေတိုး said...

ကိုဗီလိန်... စပယ်ယာတွေ ဘဝအကြောင်း သရုပ်ဖော်လေးကို နှစ်သက်စွာ ဖတ်သွားပါတယ်။ ။