ထမင်းဗူး

ဒီနေ့ ကျောင်းတွေစဖွင့်တဲ့နေ့။ ဒုတိယတန်းတက်ရမှာ။ ဒါပေမယ့် ကျမအသက်က အခုဆို ၉နှစ်ထဲဝင်နေပြီ။ ဖေကြီးဆုံးကတည်းက ကျောင်းမတက်ရတာ နှစ်နှစ်ရှိသွားပြီ။ ဖေကြီးဆုံးတော့ မေကြီးလည်း တော်တော်ဒုက္ခရောက်တာ။ မေကြီးက အကြော်ရောင်းတယ်။ ဖေကြီးဆုံးတဲ့နှစ်က ကျမရော မမကြီးပါ ကျောင်းနားလိုက်တာလေ။ နောက်တစ်နှစ်ရောက်တော့ မေကြီးက ပိုက်ဆံစုပြီး မမကြီးကို ကျောင်းတက်ခိုင်းတယ်။ မမကြီးက ခုဆို လေးတန်းအောင်သွားပြီ။ ဒီနှစ်ကတော့ ကျမအလှည့်ပေါ့။ မမကြီးကျောင်းတက်တုန်းက ကျမက မေကြီးကို ဈေးကူရောင်းပေးတယ်လေ။ မေကြီးက လမ်းထိပ်က လက်ပံပင်အောက်မှာ တဲထိုးပြီးရောင်းတယ်။ ကျမက ဗန်းရွက်ပြီး လိုက်ရောင်းတယ်။ ကျောင်းပိတ်ရက်တွေဆို မမကြီးလည်း ရောင်းပေးပါတယ်။ မေကြီးက မမကြီးကို ကျောင်းဖွင့်ရက်ဆို မရောင်းခိုင်းဘူး။ စာပဲကျက်ခိုင်းတယ်လေ။ မနှစ်က ကျမကိုယ်တိုင် အကြော်ရောင်းလို့ရတဲ့ငွေကို မေကြီးက တဝက်ပဲ ပြန်ယူပြီး တဝက်ကို စုဗူးထဲ ထည့်ပေးထားတယ်။ အဲဒီငွေနဲ့ ဒီနှစ်ကျောင်းတက်လို့ရပြီ။

မမကြီးကျောင်းတက်တုန်းက ထမင်းဗူးကို တစ်ပတ်မှာ သုံး၊ လေးရက်က မေကြီး အကြော်နဲ့ပဲ ယူသွားတယ်။ ညနေကျမှ ဟင်းရွက်လေးဘာလေးနဲ့ ချက်တာပေါ့။ ဒီနေ့ကတော့ ကျမရဲ့ ပထမဆုံးရက်မို့ မေကြီးက ကြက်ဥတစ်လုံး ကြော်ပေးလိုက်တယ်။ ကြက်ဥက စားရခဲတယ်လေ။ ကြက်ဥဈေးကလည်း မသေးဘူးလေ။ ထမင်းရယ်၊ ကြက်ဥရယ်၊ ဗူးသီးကြော်တစ်ခုရယ်။ ပျော်စရာကြီး နေ့လည် ထမင်းစားချိန်ဆင်းတော့မှ အားရပါးရ စားပစ်ဦးမယ်။ ထွက်လာကာနီး မမကြီးကိုတောင် ကြွားခဲ့သေးတယ်။ ကျောင်းရောက်ရင်လည်း သူငယ်ချင်းအသစ်ရှာပြီး ကြွားဦးမယ်။ ကျောင်းဝတ်စုံက မနှစ်က မမကြီးဝတ်တဲ့ ဝတ်စုံမို့ နည်းနည်းတော့ ပွနေတယ်။ စကပ်ကလည်း ချိတ်မရှိတော့လို့ တွယ်ချိတ်နဲ့ ချိတ်ထားရတာ။ မေကြီးက ဒီတစ်ပတ်ကျောင်းပိတ်မှ ပြန်တပ်ပေးမယ်တဲ့။ ထမင်းဗူးကလည်း မနှစ်က မမကြီး ကိုင်တဲ့ ထမင်းဗူးပဲ။ မနှစ်ကကျောင်းတက်တုန်း မမကြီးက အကြော်ကြော်တဲ့ ဆီပူဇွန်းကို ထမင်းဗူးပေါ်တင်လိုက်လို့ ဆီပူလောက်ကွက်လေး ရှိတာကလွဲရင် အကောင်းကြီးရှိသေးတဲ့ ပလတ်စတစ်ဗူးပါ။ လွယ်အိတ်ကတော့ အသစ်လေ။ မနှစ်က ဈေးရောင်းပြီးစုထားတဲ့ ငွေထဲက ဝယ်ထားတာပေါ့။ ကျောင်းလာတဲ့လမ်းတလျှောက် ပျော်လွန်းလို့ လမ်းပေါ်က ကျောက်ခဲလေးတွေတောင် လျှောက်ကန်ပစ်ခဲ့သေးတယ်။

လမ်းမှာလည်း အဖြူအစိမ်းနဲ့ ကျောင်းသားကျောင်းသူတွေ အများကြီးပဲ။ တချို့ကလည်းပျော်နေကြတယ်။ တချို့ကလည်း ငိုနေကြတယ်။ ဒါပေမယ့် သူတို့အပျော်က ကျမကိုမီမယ်မထင်။ သူတို့ကတော့ စက်ဘီးတတန်၊ ဆိုင်ကယ်တဖုံ၊ ကားတစ်မျိုးပေါ့။ ကျမကတော့ လမ်းလျှောက်လာရတာ။ အိမ်ကနေဆို နာရီဝက်နီးပါးလောက်တော့ လျှောက်ရတယ်။ ဒါပေမယ့် အကြော်ရောင်းတုန်းကဆို တစ်မနက်လုံး၊ ဒါမှမဟုတ် တစ်ညနေလုံးလျှောက်ခဲ့ရတာ။ ဒီလောက်တော့ အသာလေးပါ။ မေကြီးကလည်း လိုက်မပို့နိုင်ဘူးလေ။ ဒီအချိန်ဆို ဆိုင်မှာ အကြော်ကြော်လို့ ကောင်းနေပြီ။ လက်ထဲက ထမင်းဗူးကို ကြည့်ပြီး မေကြီးဒီနေ့လည်း ဈေးရောင်းကောင်းပါစေလို့ ဆုတောင်းမိသေးတယ်။ ငါးပိရေမပါလာတာ နာသကွာ။ မနက်ကအချိန်မရလို့ မေကြီးက ငါးပိရေကြိုမပေးလိုက်ဘူးလေ။ ဟုတ်ပြီ။ နေ့လည်ထမင်းစားချိန်ကျရင် ကြက်ဥကြော်ကို တဝက်ချန်ထားမယ်။ ညနေအိမ်ပြန်ရောက်မှ ငါးပိရေနဲ့ ထပ်စားမယ်။ ဟိဟိ ပျော်လိုက်တာ။ အတွေးတွေနဲ့ လျှောက်လာလိုက်တာ ဟိုရှေ့မှာ နိုင်ငံတော်အလံနဲ့ ဘေးက အရောင်လေးမျိုးနဲ့ အလံလေးတွေတောင် တွေ့နေရပြီ။ အဲ... အခုမှ သတိထားမိတယ်။ မိုးတောင် အုံ့နေပြီ။ ရွာမလားမသိဘူး။ ထီးလည်းပါမလာဘူး။ ပြေးဦးမှ။

မောမောပန်းပန်းနဲ့ ကျောင်းရောက်ပြီး ခဏနေတော့ မိုးကစရွာတယ်။ ကွင်းပြင်ထဲမှာ ကစားနေကြတဲ့ အဖြူအစိမ်းလေးတွေအကုန် ကျောင်းဆောင်ပေါ် ရောက်လာကြပြီ။ ကျောင်းဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေတာပဲ။ စကြနောက်ကြနဲ့ပေါ့။ စာသင်နှစ်သစ်မှာ စိတ်သစ်လူသစ် ဆရာ၊ဆရာမသစ်နဲ့ပေါ့။ တော်တော်များများကလည်း အင်္ကျီအသစ်၊ ဘောင်းဘီစကပ်အသစ်၊ လွယ်အိတ် အသစ်လေးတွေနဲ့။ ကျမကတော့ လွယ်အိတ်ပဲသစ်တာ။ ဒါပေမယ့် မရှက်ပါဘူး။ မေကြီး မဝယ်ပေးချင်လို့မှ မဟုတ်တာ။ မေကြီးကလည်း ပိုက်ဆံစုပြီး ဝယ်ပေးမယ်လို့ ကတိပေးထားပြီးသား။ ခဏနေတော့ ကျောင်းခေါင်းလောင်းကခေါက်ပြီ။ နေရာလုတဲ့လူက လုနေကြဆဲ။ ကျမကတော့ အသက်ကလည်း သူတို့ထက်စာရင် နှစ်နှစ်လောက်ကြီးတယ်။ လူကလည်း သူတို့ထက်စာရင် ကြီးနေပြီဆိုတော့ နောက်ဆုံးတန်းမှာပဲ ထိုင်လိုက်တယ်။ ဘယ်သူမှလည်း လာလုမယ့်သူမရှိဘူး။ တံခါးပေါက်နဲ့လည်းနီးတယ်လေ။ တံခါးပေါက်က ရှေ့မှာတစ်ပေါက် နောက်မှာတစ်ပေါက်ဆိုတော့ ကျမက နောက်တံခါးပေါက် ဘေးနားလေးတင်ဖြစ်နေတာပေါ့။

ဆရာမဝင်လာတော့ ဆရာမကပြောတယ်။ အတန်းရဲ့နောက်ဆုံးက ပိုနေတဲ့ စားပွဲခုံတွေပေါ်မှာ ထမင်းဗူးတွေအားလုံး တင်ထားဖို့ပြောပါတယ်။ ပိုနေတဲ့ စားပွဲခုံတွေဆိုတာ ကျမထက် နောက်ရောက်ပါတယ်။ စာသင်ခန်းရဲ့ နံရံနဲ့ ကပ်ပြီးစီထားတဲ့ စားပွဲခုံပိုတွေပါ။ ထိုင်ခုံမရှိပါဘူး။ အဲဒီ့စားပွဲခုံတွေနဲ့ ကျမနဲ့ ကြားထဲမှာ လူသွားလမ်းရှိပါတယ်။ နောက်ပေါက်ကနေ အပြင်ထွက်မယ့် ကျောင်းသားကျောင်းသူများအတွက် နည်းနည်းချဲ့ပေးထားတာပါ။ ဒါနဲ့ အဲသည်အပေါ်ကို ထမင်းဗူးတွေအားလုံး လာတင်ပါတယ်။ ကျမလည်း သွားတင်တာပေါ့။ ဒါပေမယ့် စိတ်ကမချဘူး။ ဆရာမစကားပြောတုန်း နောက်ကို ခဏခဏ လှည့်ကြည့်ရတာအမော။ ဆရာမက သူ့ကိုယ်သူမိတ်ဆက် နိဒါန်းစကားတွေ ဘာတွေပြောလိုက်တာတောင် ထမင်းဗူးပေါ်စိတ်ရောက်နေတော့ ဆရာမနာမည်တောင် မကြားမိလိုက်ဘူး။ ဘေးက တစ်ယောက်ကို ပြန်မေးရတယ်။ အော်... ကြက်ဥကြော်အစွမ်းက တယ်လည်းထက်သကိုး။ အတွေးထဲမှာ နေ့လည်စာတင်မကဘူး။ ညနေငါးပိရည်နဲ့ စားရမယ့် ကြက်ဥကြော်ကိုပါ မျက်လုံးထဲမြင်ယောင်နေတာ။ ဒီလိုနဲ့ ဆရာမက နေရာတွေချပေး၊ အသင်းတွေ ခွဲပေးရင်းနဲ့ပဲ နေ့လည် ထမင်းစားချိန် ခေါင်းလောင်းထိုးပါတော့တယ်။

ရောက်လာပါပြီ။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဆရာမကို စိတ်မရောက်ပဲ ထမင်းဗူးပေါ် စိတ်ရောက်နေတာကို မေကြီးကိုပြန်ပြောရင် ရယ်ပဲရယ်မလား။ ဆူပဲဆူမလားတော့ မပြောတတ်။ သေချာသည်က ထမင်းဗူးပေါ်မှာပဲ စိတ်ကရောက်နေတာတော့ ငြင်း၍မရ။ ဟိုဘက် ယောက်ျားလေးဘက်ခြမ်း နောက်ဆုံးတန်းက ကောင်လေးတွေကတော့ ဆရာမထွက်သွားတာနဲ့ အချင်းချင်း နောက်ကြပြောင်ကြ ထိုးလားကြိတ်လားနဲ့။ သူတို့ကြည့်ရတာ ပျော်တော့ ပျော်စရာကြီး။ ဒါနဲ့ပဲ ကျမလည်း ထမင်းဗူးထယူပြီး ကျမ စားပွဲကိုပြန်အလာ စောစောက နောက်နေကြတဲ့ ကောင်လေးတစ်ယောက်က အပြင်ကိုပြေးအထွက် (သူကလည်း ကျမကိုမမြင် ကျမကလည်း ထမင်းဗူးကိုပဲ ကြည့်နေတာလေ။) ကျမကိုဝင်တိုက်ပြီး ကျမလက်ထဲက ထမင်းဗူးက လွတ်ကျသွားပါတယ်။ ကြမ်းပြင်တစ်ခုလုံး ထမင်းစေ့တွေ ပြန့်ကျဲလို့။ ကြက်ဥကြော်ကလည်း အရှိန်နဲ့ အပြင်အထိ ရောက်သွားပြီး လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခြေထောက်အောက်ကို ရောက်ပြီး ကောင်မလေးတောင် ချော်လဲမတတ် ဖြစ်သွားပါတယ်။ ကျမလည်း တွေပြီးကြည့်နေမိတယ်။ မျက်လုံးက ကြက်ဥကြော်ဆီကမခွာ။ မျက်လုံးအိမ်ထဲက မျက်ရည်တွေကလည်း ဝဲပြီး ပါးပေါ်ကိုစီးကျလာပြီ။ သူဝင်တိုက်လိုက်တုန်းက ဟထားခဲ့တဲ့ ကျမပါးစပ်လည်း ပြန်မပိတ်တော့ တစ်ကိုယ်လုံး ရပ်တန့်သွားတယ်။ ဘာဆိုဘာမှ မသိတော့ဘူး။ နောက်ဆုံး တဆက်ဆက်တုန်ပြီး လဲကျသွားလိုက်တာ ဆရာမတွေနားနေခန်းထဲမှာ အတန်းပိုင်ဆရာမက ကျမနာမည်ကို ခေါ်တဲ့အထိပဲလေ။

ဗီလိန်

21 comments:

NangNyi said...

အင်း.. ဘယ်ကဘယ်လို အတွေးရပြီး ဒါကိုရေးတာလဲ.. တော်တော်လေးတော့ စိတ်ထိခိုက်ရတယ်.. ပထမဆုံးကျောင်းတက်တဲ့နေ့မှာ စားရမယ့် ကြက်ဥကြော်လေးကို စွဲလမ်းနေတဲ့ ကောင်မလေးတွေ.. ပထမဆုံးအမေ၀ယ်ပေးတဲ့ စွပ်ကျယ်လေးကို မက်မောလွန်းနေတဲ့ ကောင်ငယ်လေးတွေ.. ဟင်းမကြိုက်ရုံနဲ့ ထမင်းဗူးသွန်ပစ်တတ်တဲ့ကလေးတွေ.. မိဘကိုစိတ်ကောက်ပြီး ကိုယ့်ဖိနပ်ကိုယ် ကပ်ကျေးနဲ့ညှပ်တဲ့ကလေးတွေ.. တစ်ဖက်ကြီးစောင်းနင်းကျနေတဲ့ ချိန်ခွင်က
မြန်မာပြည်အနှံ့မှာ.. ကမ္ဘာရဲ့အနှံ့မှာ..

Welcome said...

ကလေးတွေရဲ့ သဘာဝပေါ့
ကိုယ်နှစ်ခြိုက်တဲ့အရာ
ကိုယ်မြတ်နိုးလွန်းတဲ့အရာ
ကိုယ့်မျက်စိရှေ့မှာတင် ဆုံးရှုံးသွားတာမို့
ကလေးမလေးရဲ့
ရင်ထဲကခံစားရတဲ့ ဝေဒနာကို
စာနာ နားလည်နိုင်ပါတယ်။
ပို့စ်ကောင်းလေးပါပဲ။

ဖိုးဂျယ် said...

ဗီဗီရေ ရေးတတ်ပါ့။ အဲ့လို ကလေးယ်လေးတွေကို
မျက်လုံးထဲ မြင်ယောင်လာတယ် သယ်ရင်း
တော်တော်ပီးရင်းတော်တဲ့ သယ်ရင်းလေး

ကောင်းကင်ပြာ said...

ကလေးမလေးကို မြင်ယောင်ပီး စိတ်ထဲမှာခံစားသွားရပါတယ်

sait phay yar said...

ဟုတ်တယ်ဗီးလေးရေ
တွေ့ခဲ့ရတယ် အဲလိုဘ၀လေးတွေကို
ဟင်း.... အဲဒီထက်ဆိုးတဲ့ဘ၀တွေတောင်၇ှိသေးတယ်

Unknown said...

ကောင်မလေး ကိုယ်စား
ခံစားသွားပါတယ်။

chanye` said...

လာပြန်ပြီ ကြက်ဥကြော်.. လွှတ်ပေးလိုက်စမ်းပါ ကျွန်တော့်ဆီ ။ ကျွန်တော့်လက်ရာ စပါယ်ရှယ် ကြက်ဥကြော် ကြော်ကျွေးလိုက်မှာပေါ့ဗျာ :D

Sein Lyan Tun said...

ဖတ်လို့ ကောင်းပါ့..
ရင်ထဲကိုနစ်ကနဲပဲ..
ကြက်ဥကြော်လေး ကို ဆရာမက အစားပြန်မပေးဘူးလား..
အရော်ပြန်မရဘူးလား...
ကြက်သားဟင်းဖြစ်ချင်ဖြစ်သွားနိုင်တယ်နော်..
ကျန်တဲ့ အတန်းထဲကလေးတွေက ဟင်းစုပေးလို့ 
အဲဒီနေ့ ကို ဟင်းကောင်းပေါင်းစုံနဲ့ စားချင်စားနေရမှာ..
ဖြစ်ချင်တာကို တွေးလိုက်တာပါ :D

တောင်ပေါ်သား said...

သနားပါတယ်ဗျာ ကလေးမလေးခမျာ အင်းးးး ဘ၀တွေကိုက အဲလို ဖြစ်နေကြတာဗျ.. ဒုက္ခ ဒုက္ခ အဆက်လေး ရှိသေးတာလား ဆက်ဖို့ ချန်ထားသလိုကြီးပဲ


လေးစားလျက်
တောင်ပေါ်သား

JulyDream said...

ကြက်ဥကြော်လေးပဲနော်။ ကြက်သားဟင်းတောင် မဟုတ်သေးဘူး။ ဘ၀တွေများ.....

molay88 said...

ဘယ်လိုရေးထားတာလဲဗျာ.. ဖတ်နေရင်းနဲ့ ရင်ထဲမှာ ခံစားမှုဖြစ်ပေါ်လာတယ်..။ သူတို့နေရာ မှာ ကိုယ်ဆိုတဲ့ အတွေးလေးဝင် လာပြီး အတိုင်းမသိ ခံစားရပါတယ်..။ အရေးအသား အရမ်းကောင်းတယ်ဗျာ..။ :-(

Anonymous said...

တစ်ခါခါ ကံကြမ္မာဆိုတာကြီးက အရက်မူးသမားလိုပဲ လူကောင်းတွေ လူဆိုးတွေမခွဲတော့ပဲ ပတ်ရမ်းတော့တာ သူ့အတွက် ဒါလေးက ကြည်နူးစရာတစ်ခုပေမယ့် အပြည့်အ၀ မခံစားလိုက်ရတာ သနားစရာ ။ ပို့စ်လေးကောင်းတယ် လိန်လိန် ။

Anonymous said...

ကောင်းပါပေ့ဗျာ။ ကောင်းပါပေ့။ ဟတ်ထိသွားပြန်ပြီ။ ကောင်မလေးသနားပါတယ်။

Anonymous said...

ဦးဦးဗီ... စာရေးဆရာလုပ်ပါလား... တကယ်ပြောတာ.... အရေးအသားကတကယ်စွဲတယ်..... သေသေချာချာ အချိန်ပေးပြီး ဖတ်သွားပါတယ်.

Anonymous said...

ဦးဦးဗီ... စာရေးဆရာလုပ်ပါလား... တကယ်ပြောတာ.... အရေးအသားကတကယ်စွဲတယ်..... သေသေချာချာ အချိန်ပေးပြီး ဖတ်သွားပါတယ်.

ဗန်ပိုင်းယား said...

ကတောက်. . အပီဆွဲမယ်ဆိုမှ ကွာ .... ဟွန်း. ......

မင်းအိမ်ဖြူ Minn Eain Phyu said...

တစ်ခုခု ဖြစ်လိမ်.မယ်လို.တော.ထင်တယ်.... ဒါပေမယ်.တကယ်မျောသွားတယ် ...... မျှော်လင်.ထားပြီး ရုတ်တရတ် ဆုံးရှံးသွားတဲ. အခါ ... အဲဒီခံစားချက်က ဘာနဲ.မှ အစားထိုးလို.မရဘူး ...........

သဇင်ဏီ said...

ဒီပို့စ်လေးအရေးအသားတကယ်ကောင်းတယ်...
ရေးထားတာထိတယ်...

kiki said...

ဒီလို ရိုးသားစွာကြိုးစားနေရင်းနဲ့ ဆင်းရဲတွင်းနက် ဘဝနာ လူတန်းစားတွေရဲ့ အဖြစ်တွေကို ဟိုဒင်း...တိုင်းပြည်ဘဏ္ဍာမတရားသုံးစွဲ..
စလုံးသွားပြီးဈေးဝယ်ဖြုံးတီးနေကြတဲ့ ဒင်းတို့ တတွေ ဖတ်မိပြီး စာနာတတ်ရင် ဘယ်လောက်များကောင်းလိုက်လေမလဲနော်

~ဏီလင်းညို~ said...

အဟောင်းလေးတွေလိုက်ဖတ်ရင်းနဲ့ ဒီဝတ္ထုလေးကိုဖတ်မိသွားတာပါဗျာ...။
သိပ်ကောင်းတဲ့ သရုပ်မှန်ခံစားမှုလေးလို့ မြင်မိပါတယ်...။ စာရေးကောင်းပါတယ်ဆိုတာကလွဲပြီး...ဘာမှတောင်မပြောနိုင်တော့ပါဘူး....
ဖတ်ရတာ...ကျေးဇူးပါဗျာ...

မိုးခါး said...

ဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ဖတ်နေတာ
ဖြစ်တာပဲ ..း(