နားလည်မှု

နားလည်မှု.....
ဤစကားလုံးကို လူတိုင်း နားလည်ကြလိမ့်မည်။ အထူးသဖြင့် မြန်မာပြည်တွင် အလွန်တွင်ကျယ်ပြီး ထိရောက်သည့် စကားလုံးတစ်လုံးပင်တည်း။

လမ်းမီးတိုင် မရှိတဲ့ ကားလမ်းတွေမှာ ကား သို့မဟုတ် ဆိုင်ကယ်တွေ မျက်နှာချင်းဆိုင်မိမယ်ဆိုရင် အပြန်အလှန် မီးရောင်များကြောင့် အခက် တွေ့ကြရပါတယ်။ သူတို့ရဲ့ နားလည်မှုကတော့ အပြန်အလှန် မီးပိတ်ပေးလိုက်ခြင်းပဲပေါ့။ တစ်ဘက်က ပိတ်ထားရင် ကျန်တစ်ဘက်က မြင်ကွင်းရှင်းရှင်း မြင်ရပြီး ပိတ်ပေးတဲ့ ဘက်က ပြန်ဖွင့်ရင် ကျန်တစ်ဘက်က တလှည့် ပြန်ပိတ်ပေးပြီး ကြည့်ခွင့် ပြန်ပေးလိုက်တာမျိုးပါ။ အန္တရာယ် မဖြစ်စေရန်အတွက် ထိရောက်သည့် နားလည်မှုပင် မဟုတ်ပါလား။ ဤစနစ်ကို ဟိုင်းဝေးလမ်းမကြီးများ မှာလည်း အသုံးပြုကြတာကို တွေ့ရပါတယ်။

နားလည်မှုနဲ့ မီးပိတ်တာ နောက်တစ်မျိုး ရှိပါသေးတယ်။ မီးပိတ်တယ်ပဲ ပြောရမလား။ မီးပြောင်းသည်ပဲ ပြောရမလားပဲ။ ရုပ်ရှင်ထဲကလို အနောက်က လိုက်လာတဲ့ ရန်သူကို အချိန်ကိုက် တံခါးပိတ်လိုက်သလိုမျိုးပေါ့။ နောက်ကလိုက်လာတဲ့ကားကို မီးပွင့်မှာ ကျန်ခဲ့အောင် ၂၀၀ တန် တစ်ရွက်နဲ့ မီးပွိုင့် နီခိုင်းလိုက်တာမျိုး။ ဒါလည်း နားလည်မှုတစ်မျိုးပဲ။ အသေးစိတ်ဖတ်ချင်သေးရင်တော့ နန်းညီရဲ့ ပိုက်ဆံကောက်သူများ ပို့စ်ကို သွားဖတ်ကြည့်ကြပါ။ ဒီပို့စ်ထဲမှာပါသလို ဦးဦးဘဲဥတွေက ပိန်ညှောင်ညှောင် ကောင်လေးတွေကို ပုတ်ပြတ် ငှားထားတာကလည်း နားလည်မှု တစ်မျိုးပဲ။ တကယ်တော့ ခမောက်ဖြူဖြူလုံးလုံးခေါင်းမှာ စွပ်ထားတဲ့ ဂြိုလ်သားတွေကလည်း တစ်လမှ ဆင်ဖြူတော် ၆ ကောင်လောက်ရတဲ့ အနေအထားမှာ ဒီနားလည်မှုလေးတွေကပဲ မိန်းမ ငြိုငြင်ခံဘဝက လွတ်မှာမဟုတ်လား။ မီးပြောင်းခိုင်းတဲ့ စပယ်ယာအတွက်လည်း အကျိုးရှိ။ မီးပြောင်းပေးတဲ့ ဦးဘဲဥလည်း အကျိုးရှိ။ ပိုက်ဆံကောက်တဲ့ ကောင်လေးအတွက်လည်း အကျိုးရှိ။ ကဲ ဘယ်လောက်ကောင်းလိုက်တဲ့ နားလည်မှုများလဲ။

ဟိုင်းဝေးလမ်းမများက နားလည်မှု နောက်တစ်မျိုးအကြောင်း ပြောပြချင်ပါသေးတယ်။ နောက်ကားကို ကျော်တက်စေချင်လျှင် ညာအချက်ပြပြီး ပြ၍ လမ်းဘေးကပ်ပေးရမည်။ ကျော်မတက်စေချင်သေးလျှင် ဘယ် အချက်ပြမီး ပြကာ အသိပေးရမည်။ ဟူသည်ကား မြန်မာနိုင်ငံ ယာဉ်စည်းကမ်းတွင် သတ်မှတ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ အမှန်တကယ် အပြင်တွင် လက်ရှိ ကျင့်သုံးနေသည်ကား မကျော်တက်စေချင်လျှင် ညာ အချက်ပြမီး ပြပြီး ကျော်တက်စေချင်လျှင် ဘယ် အချက်ပြမီး ပြသည်။ ဤသို့သော နားလည်မှုများဖြင့် ဟန်ချက်ညီနေသည့် ဟိုင်းဝေးကားလမ်းစနစ်ကို ဟန်နီထွန်း၏ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဇာတ်လမ်းတိုက ယာဉ်တိုက်မှုများ တိုးပွားစေလိုက်သည်။ တခါတရံ နားလည်မှု ဆိုသည်ကား ပယ်ဖျက်ဖို့ မသင့်ပေဘူး မဟုတ်လား။

တချို့ကလည်း နားလည်မှုကို နားမလည်ကြ။ နားမလည်ဆိုသည်ထက် နားမလည် ချင်ယောင်ဆောင်ကြသည်။ နားမလည် ချင်ယောင်ဆောင်သူများကြောင့် နားမလည် လည်အောင်လုပ်ရင်းက နားလည်မှုတွေကို နားမလည်နိုင်အောင် ဖြစ်ကုန်ကြသည်။ နောက်ဆုံးတော့ ပါဝါရိမ်းဂျားတွေ ဖြစ်ကုန်ကြသည်။ ကျနော့ စာများကို ဖတ်ပြီး နားမလည်ဖြစ်သွားသူများကို နားလည်အောင် ဥပမာ နည်းနည်းပေးပြီး ရှင်းပြပါ့မယ်။ တချို့က ချောကလတ် ကြိုက်တယ်။ (ဥပမာ - လေယာဉ်ကွင်းက ဦးဦးတွေလိုပေါ့)။ တချို့က လ္ဘက်ရည်ကြိုက်တယ်။ လ္ဘက်ရည်ဆိုပေမယ့် ထမင်းကြော်၊ ရှမ်းခေါက်ဆွဲ၊ ဆီချက်ကအစ ကြိုက်ကြပါတယ်။ (ဥပမာ - အစိုးရရုံး တော်တော်များများက ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့လိုပေါ့။) အစားအသောက် စိတ်မဝင်စားတဲ့ တချို့ကျတော့ ဘော်ဒါကြေးတဲ့။ (ကောင်းလိုက်တဲ့ အသုံးအနှုန်း။) တချို့ကျပြန်တော့ ဈေးရောင်းတာ ဝါသနာပါပြန်ရော။ (၁၀၀ တန် ပြက္ခဒိန် တစ်စောင်ကို ၁၀၀၀၊ ၂၀၀၀ စသဖြင့်ပေါ့။) အဲနောက်တစ်ခုက ထူးထူးခြားခြား အသုံးလေးပဲ ဘောပင်ဖိုးတဲ့။ (ဥပမာ - ထောက်ခံစာ တောင်းရတဲ့ နေရာမျိုးပေါ့။ လက်မှတ်ထိုးတာကတော့ မှင် တစ်ခြစ်စာလေးပါပဲ။ ဘောပင်ဖိုးကတော့ ဘောပင် အချောင်း ၁၀၀၀ စာလောက်တော့ ပေးရသား။) ဒါတွေ အားလုံးက နားလည်မှုတွေပါပဲ။ နားလည်မှုတွေ အတွက် နားလည်ပေးရမည့် သူဘက်က နားမလည်ပေးရင်တော့ စောစောက ပြောသလိုပဲ ပါဝါရိမ်းဂျားတွေ ဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ပဲ ပါဝါရိမ်းဂျားကြောင့် နားမလည်ချင်၊ နားမလည်လို့ ပါဝါရိမ်းဂျားဖြစ် ဖြစ်ကုန်ကြပါတယ်။

အချို့သော ဆရာ၊ ဆရာမတွေကလည်း စာသင်တာ အရမ်းကို ဝါသနာပါကြတယ်။ ဝါသနာပါလို့ပဲ ဆရာ၊ ဆရာမများဖြစ်လာကြတာ မဟုတ်လား။ ကျောင်းတွင် သင်တာအားမရလို့ အပြင်မှာပါသင်ကြသည်။ တချို့ဆရာမများက လကုန်ရက် တစ်ရက်ပဲ စာသင်သည်။ ကျောင်းသားများကလည်း လကုန်တစ်ရက်ပဲ သင်ယူချင်ကြသည်။ စာအသင်အပြကောင်းလွန်းလို့ တစ်လသင်ရမည့်စာကို တစ်ရက်ထဲ သင်ရုံနှင့် နားလည်သွားသည်။ စာမေးပွဲ မရှုံးအောင် ဖြေနိုင်ကြသည်။ ဤနားလည်မှုမျိုးကလည်း အချိန်ကုန်လူပန်း သက်သာတဲ့ နားလည်မှု တစ်မျိုး။

ကျနော် ငယ်ငယ်က တယ်လီဗီးရှင်းတွင် မြင်ဖူးတာ တစ်ခုရှိတယ်။ ရှေ့တန်းပြန် စစ်သည်များကို မိသားစုများနှင့် မိတ်ဆွေ အပေါင်းအသင်းများက ပန်းကုံးစွပ်ကြသည်။ ဂုဏ်ပြုသည့် သဘောပေါ့။ ရှေ့ဆုံးမှ ချီတက်လာသည် အရာရှိ၏ လည်ပင်းတွင် ပန်းကုံးများက မေးစေ့နားထိ ပြည့်နေသည်ကို ကြည့်ရင်း ရင်သတ်ရှုမောခဲ့ရသည်။ ယခင်က အရာရှိများထက် ပိုပြီးအစွမ်းထက်သူများက ယခုခေတ် အဆိုရှင်များဖြစ်သည်။ သူတို့ သီချင်းသီဆိုသည့် စားသောက်ဆိုင်ရှိ ပန်းကုံးများ အားလုံးကို သီချင်းတစ်ပုဒ်အတွင်း အစွပ်ခံရသည်။ လည်ပင်းတွင် မဆံ့၍ တန်းဖြင့်တင်ကာ ဘေးတွင်ချထားရသည်။ ပန်းကုံးသာမက ဦးထုပ်တွေ၊ စလွယ်တွေ၊ ပန်းခြင်းတွေ၊ ကျိုင်းတွေ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေတာပေါ့။ ကဲ ဒီလောက်ဆို သဘောပေါက်တော့ ဆိုတဲ့ နားလည်မှုမျိုး။

အဲ တစ်ခုပြောရဦးမယ်။ ကျနော် ဗီလိန်ရဲ့ အကျင့်တစ်ခုရှိတယ်ဗျ။ ညဥ့်နက်သန်းခေါင်မှ လ္ဘက်ရည်ဆိုင် ထိုင်ချင်တဲ့ အကျင့်။ ဒါပေမယ့် ရန်ကုန်မြို့ထဲမှာက ၁၁ နာရီဆို ဆိုင်တွေ အကုန်သိမ်းရပါတယ်။ အဲဒီ့မှာ ဘယ်လို နားလည်မှုတွေ တွေ့ရပြန်သလဲဆိုတော့။ ည ၉ နာရီလောက်မှ စဖွင့်တဲ့ ဆိုင်က ၁၁ နာရီမှာ ဆိုင်သိမ်းပါတယ်။ သိမ်းတယ်ဆိုပေမယ့် သိမ်းတဲ့ ပုံစံက ဒီလိုပါ။ လ္ဘက်ရည်ဖျော်တဲ့ နေရာနဲ့ မုန့်ဗန်းတွေနားမှာ မီးမှိန်မှိန်လေးပဲ ထားထားတယ်။ ခုံအပိုတွေကို ထပ်ထားတယ်။ ဝါးလုံးတွေ သစ်သားတန်းကြီးတွေကို ကြိုးနဲ့ စည်းပြီး ချထားတယ်။ မသိတဲ့သူ ကြည့်ရင် ဆိုင်သိမ်းနေတုန်းပေါ့။ ည ၁၁ နာရီမှာ သိမ်းလိုက်တဲ့ ဆိုင်က မနက် ၃နာရီလောက်မှာ သိမ်းလို့ပြီးပါတယ်။ ဆိုင်စခင်းတုန်းက နာရီဝက်တောင် မကြာပေမယ့် ဆိုင်သိမ်းတော့ ၄ နာရီလောက် အချိန်ယူရပါတယ်။ တယ်လည်း နားလည်ရခက်တဲ့ နားလည်မှုမျိုးတွေပဲကိုး။ နာယကကြီးလေသံနဲ့ ပြောရရင် ညည်းတို့ လောကဓာတ်တွေ နားမလည်ပါဘူးအေ။ ဆိုတာမျိုးပေါ့။

ပြောရရင်တော့ ပြောစရာတွေ မကုန်နိုင်တော့ပါဘူး။ အရက်ပုလင်းငှားတယ် ဆိုတာမျိုးရော ကြားဖူးကြမလားတော့ မသိဘူး။ သိပြီးသားဆိုရင်တော့ အားနာပါတယ်ဗျာ။ မသိတဲ့သူတွေကို ပြောပြချင်လို့။ ကျနော်မိတ်ဆွေ စတိုးဆိုင်ကြီးတစ်ခုပိုင်ရှင်တွေ့တော့ မေးကြည့်တယ်။ သိန်းပေါင်းများစွာတန်တဲ့ အရက်ပုလင်းတွေ ဆိုင်ထဲမှာ တန်းစီထားတယ်။ ဒါတွေက ရောင်းရော ရောင်းရရဲ့လား ဆိုတော့ သူက ရယ်တယ်။ ရောင်းတာမဟုတ်ဘူး ငှားတာတဲ့။ ကျနော်လည်း မျက်စေ့ရှုတ်သွားတယ်။ အထူးသဖြင့် ဒါမျိုးတွေကို ကြယ် ၆ ပွင့်က လာလာဝယ်ကြတယ်။ (ကြယ်ငါးပွင့် သင်္ဘောကျင်းတော့မဟုတ်ဘူး ပုခုံး နှစ်ဘက်ပေါင်းရင် ကြယ်ခြောက်ပွင့်ရှိတဲ့ ပါဝါရိမ်းဂျားတွေကိုပြောတာ။) ပြီးရင် အဘလို့ခေါ်တဲ့ လူတွေကို ကန်တော့တယ်။ အဘကမှ တစ်ဆင့် သူ့အဘကို ထပ်ကန်တော့တယ်။ သူ့အဘကမှ တစ်ဆင့် သူ့အဘဘဘ တွေကို အဆင့်ဆင့် ကန်တော့တယ် ဆိုပါတော့ဗျာ။ နောက်ဆုံးတော့ အဆင့်ဆင့်က ဆက်သသမျှ တန်ဖိုးကြီး အရက်တွေပေါင်းပြီး အပေါ်က အဘဘဘတွေက စတိုးဆိုင်ကို ပြန်လာ အပ်သတဲ့။ ဒါက အရက်ပုလင်း ယဉ်ကျေးမှု ပဲ ခေါ်ရမလား၊ အရက်ပုလင်း နားလည်မှုပဲ ခေါ်ရမလားပဲ။ အရက်ပုလင်းအစား ချက်လက်မှတ် ကြားညှပ်ထားတဲ့ ပါတိတ်တို့၊ ရွှေလက်ကောက်ပါတဲ့ မုန့်ဗုံးတို့လည်းရှိသေးတယ်။ ထူးဆန်းအံ့ဖွယ် အသွယ်သွယ်ပဲပေါ့။

ကဲပါလေ... ရေးလို့ကောင်းတိုင်း စွတ်ရေးနေတာ။ ဆက်ရေးရင် နားလည်မှုနဲ့ ဧည့်စာရင်းတိုင်စရာ မလိုတဲ့ နေရာ ရောက်သွားဦးမယ်။ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ ဆန္ဒရှိရင်တော့ စာဖတ်သူတွေ ကြုံတွေ့ဖူးတဲ့ နားလည်မှု အထူးအဆန်းလေးတွေ အောက်ကကောမန့်လေးမှာ ဖြည့်စွက်ခဲ့ရင် ကျနော်လည်း ပြန်ဖတ်ရတာပေါ့။ ကျနော် တစ်ခုလောက် ပြောချင်တာကတော့ တချို့သော နားလည်ပေးရမယ့် နေရာမျိုးများ နားလည်ပေးလိုက်ကြပါ။ နားလည်ပေးမှ အလုပ်ဖြစ်မှာတွေက တပုံတပင်ဆိုတော့ နားလည်ရုံမှ တပါး အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အားလုံးကို နားလည်မှုတွေ မျှမျှဝေဝေ ညှိညှိနှိုင်းနှိုင်း ဖြစ်စေချင်လို့ပါ။ ဒီရက်ထဲ ဘာကြောင့်လဲမသိဘူး လူအမြင်ကပ်မယ့် စာတွေချည်းပဲ ရေးနေမိတာ ခွင့်လွှတ်ကြပါဗျာ။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်လို့ ဆိုတဲ့ စကားပုံကို ပြောင်းပြန် ပြန်စဉ်းစား ကြည့်တာပါ။
စိတ်ဓာတ်တွေကို ခြမစားဖို့ ပြောရလောက်အောင် ကျနော်ဗီလိန် မစွမ်းပေမယ့် တစ်လှေလုံးပုပ်နေတဲ့ အထဲက တချို့သော ငခုံးမတွေ အတွက် အိမ်အပြန် ဆန်ထုပ်လေးတော့ ဆွဲခွင့်ပေးစေချင်လို့ ဗီလိန်က ထော်လော်ကန့်လန့် လုပ်လိုက်ရတာပါ။

(ဤစာသားလေး ထပ်ဖြည့်လိုက်ပါသည်။)

မှတ်ချက် ။ ။ အပေါ်တွင် တင်ပြသမျှ အားလုံးကို အချို့ (သို့) တချို့ဟုသာ သုံးနှုန်းထားပါသည်။

ဗီလိန်

28 comments:

နန်းညီ said...

နားလည်သွားပါတယ်.. အရက်ပုလင်းအငှားချစားမလား စဉ်းစားနေရပြီ

မေဇင် said...

အပြန်အလှန် တစ်ယောက်ရဲ့သဘောထားကို တစ်ခြားတစ်ယောက် က သိခြင်း လား...း))

နားလည်ပါတယ်...။ ဒါပေမယ့် ဒီစာ ကိုဘာကိုရည်ညွှန်းပြီး ရေးလဲ နားမလည်ပါဘူး....း))

မဆုမွန် said...

အမြင်ကတ်စရာလားလို့ ကိုဗီလိန် ပိုတောင် အမြင်ကြည်လာသေးတယ် ဟဲဟဲ

နားလည်မူကို ဖတ်ပီး အရင်က နားမလည်မူတွေကို နားလည်မူနဲ့ နားလည်သလို နားလည်လိုက်တယ်။

Sein Lyan Tun said...

ဘာဖြစ်ဖြစ် နားလည်မှုတော့ ရချင်သေးတယ်

အဆင်ပြေရင်ပေါ့း))

ချစ်ခင်စွာဖြင့်

ဖိုးစိန်

လင်းဒီပ said...

နားလည်ပါဒယ် နားလည်ပါဒယ်..:P

ဖိုးဂျယ် said...

နားလည်ပါတယ် နားလည်ပါတယ်

ဖိုးသင်္ကြန် said...

နားမလည်ဘူးကွာ။ ဘာဖြစ်လဲ

( ငါကွ။ ဘောင်းဘီဝတ် ပါဝါရိမ်းဂျား)

စိတ်၏ဖြေရာ said...

အရေးအသားကတော့ပြောင်မြောက်ပါပေ့ရှင်။
မျက်စေ့ထဲကွက်ကွက်ကွင်းကွင်းမြင်ပါတယ်။

ခရေညို said...

သိပ်နာမလည:်သလိုပဲ နောက်တခေါက်လောက် ထပ်ရှင်းပြပါအုန်း

တောင်ပေါ်သား said...

အချို့အချို့တွေများ စိတ်ကလေးလေးက ကောင်းပြီး ပြင်နိုင်ရင်ဖြင့် နားလည်မူလေးတွေ ရသွားနိုင်ပါတယ်။
အချို့ (ခ) တချို့ကိုသာ ဆိုလိုပါတယ် ဗီဗီရယ်
နင်လဲ သတိထားနေ အဲ့အချို့ (ခ) တချို့ကြောင့် ကွိုင်တက်နေဦးမယ်း) အဟား


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

V V

Very nice post.

Hope to read more about reality like this.
နားလည်ပါတယ် နားလည်ပါတယ်
Can't type Mm font, so just copy n paste

V V

စိမ်း... said...

နားလည်ပါတယ် နားလည်ပါတယ်.. မွှတ်နေတာပဲ လည်တာမှ....
ဟန်နီထွန်း ဟန်နီထွန်း.. တော်တော်ဆိုးတဲ့ ဟန်နီထွန်း.... :)

ုကေကေး said...

မှန်တယ်ကိုရင်. ဒါပေမဲ့ အဲ့လိုနေရာတွေရောက်ရင် ကေကေးတို့ ဘက်ကအလိုလိုအလိုက်သိ နားလည်ပြီးပေးနေတော့တာပဲလေ ဒီစနစ်ကိုသူတို့ စတာလားဘယ်သူစတာတုန်း(ဥပမာ -လ ၀ က ရုံး မြန်မြန်ပြီးချင်တာကို)

မိုးခါး said...

ကဲ ဗီဗီရေ
ခုမှသိတော့တယ် နားလည်မှုဒီလောက်ရှိတဲ့လူတွေပဲ ..း) လူလည်း လူအလျှောက် ပါဝါရိန်းဂျားလည်း ပါဝါရိန်းဂျားအလျှောက် အချင်းချင်း နားလည်နေလိုက်ပုံများ .. :P

ဒဏ္ဍာရီ said...

ကိုဗီရေ ..... အသစ်တင်တာ မသိလိုက်ဘူး။ အရင်နေ့က လိုက်ရှာနေရတာ။
အချို့ အချို့သော ..... နားလည်မှုတွေ ပေးထားပါတယ်။ ကိုဗီကို နားလည်တဲ့သူတွေလည်း အများကြီးပဲ။ နားလည်ပါတယ်နော်။း)

ခင်မင်လေးစားလျှက်

ကိုရေတမာ said...

တချို့အကြောင်းအရာတွေလည်း အကိုရေးမှသိတာပါ။ အရက်ပုလင်းငှားတာတို့ပေါ့။ ဒီလိုမျိုး တွေတွေ့တော့ လာဘ်ပေးလာဘ်ယူ တို့ရန်သူဆိုတဲ့ စာကြောင်းလေး သတိရတယ်။ ကျနော်တို့လည်း အသေးအမွှား နားလည်မှုမျိုး လုပ်ခဲ့တယ်။ ရထားလက်မှတ်တို့ ရုပ်ရှင်လက်မှတ်တို့။ မဖြစ်သင့်ဘူးဗျာ။ စားဝတ်နေရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကျင့်တရားတွေ ရောင်းမစားသင့်ဘူး။ ဒါဆို ကျနော်ရော သူတို့နေရာမှာ ဆိုရင် မယူဘူးလားလို့ မေးစရာရှိပါတယ်။ အပြင်ထွက်လာတော့ အနှိမ်ခံရတာ အမြင်ပါ။ ရုပ်ရှင်လက်မှတ်တောင် နားလည်မှုနဲ့ ကြည့်ဝယ်တဲ့ စိတ်ဓါတ်တွေကို နှိမ်တာတော့ လွန်မယ်မထင်ပါဘူး။ မတိုးတက်ပါဘူး ကျနော်တို့နိုင်ငံ ဒါပေမယ့် ခြမစားသင့်ဘူး။ ပေးတဲ့သူရှိလို့ သူတို့လည်း ယူကြတယ်လို့ တွေးကြည့်ရင်ရော။ မပေးဘဲနေရင် မယူတော့လောက်ကြပါဘူး။ ကျနော်တို့တွေ တဖြေးဖြေးနဲ့ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်ကြရအောင်လား

ဗီလိန် said...

ကိုရေတမာပြောတာတော့ လက်ခံချင်ပါတယ်။ ကျနော်လည်း ကြိုက်လွန်းလို့ လက်ခံကြပါလို့ ပြောတာတော့ မဟုတ်ပါဘူး။ ခြမစားသင့်ဘူးဆိုတာကလည်း ဒီလိုရှိတယ်ဗျ။ တချို့ကိစ္စတွေက ရှည်ရှည်ပြောရရင် ကျနော်ပြောသလို ဧည့်စာရင်းတိုင်စရာမလိုတဲ့ နေရာ ရောက်သွားဦးမယ်။ ဘာပဲပြောပြော ဘူတာကြီးကိုပဲ ပြန်ရောက်ရောက်သွားတတ်လို့ မပြောပါရစေနဲ့။ ဒါပေမယ့် ပေးတဲ့သူရှိလို့ ယူတဲ့သူရှိတာလို့တော့ မပြောနဲ့လေ။ တူတူပဲ လက်ညှိုးချင်းထိပ်တိုက်နေမယ်။ တစ်ခုတော့ ပြောချင်တယ်ဗျ။ သူတို့ဘက်မှာလည်း ကိုယ်မမြင်တဲ့ အနေအထားတွေ ရှိတာအမှန်ပဲ။ ဖြစ်နိုင်ရင်အကောင်းဆုံးပဲ။ မဖြစ်နိုင်တော့လည်း ဖြစ်နိုင်တဲ့ နည်းရွေးကြတာပေါ့။

ကျနော်ရေးသလိုပဲ ယာဉ်ထိန်းတစ်ယောက်ရဲ့ လစာက ဆင် ၆ ကောင် (ဖိနပ်မဟုတ်ပါ) ပဲရပါတယ်။ ကဲ... တစ်ရက် ကို မြန်မာငွေ ၁၀၀၀ နှုန်းနဲ့ ဘယ်လိုစားမလဲ ပြော။ ရိုင်းရိုင်းပြောရရင် (ယာဉ်ထိန်းများမနာကြစေချင်) သူတောင်းစားတောင် တစ်နေ့ ဘယ်လောက်ရမယ်ထင်လဲ မှန်းကြည့်ကြလေ။

kaungkinpyar said...

အမလဲ နားလည်မှုတွေ လာဖတ်ပါတယ်..း)

ကိုရေတမာ said...

ဟုတ်ကဲ့ ပေးတဲ့သူရှိလို့ ယူတဲ့သူရှိတာလို့ ပြောတယ်ဆိုတာက မပေးရင် ယူလို့မရဘူးဆိုတဲ့ ဒီသာဓကကြောင်ပါ့ http://www.naysoenaing.com/2008/11/blog-post_19.html တန်းတောင် မစီချင်တဲ့ စိတ်မျိုးနဲ့ တိုက်ဖျက်ဖို့ပြောနေတာမဟုတ်ပါဘူး။ အကောင်းမြင်တဲ့စိတ်နဲ့ ပေးတဲ့သူရော ယူတဲ့သူရော ကူညီကျဖို့ ပြောချင်ပါတယ်။ ပေးချင်တဲ့သူကရော ရှိလို့ပေးတာလား မပေးမဖြစ်လို့ပေးရတာလား။ ပေးတဲ့သူနဲ့ ယူတဲ့သူ ဘယ်သူများမလဲ။ ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။

ဗီလိန် said...

အင်း ပြောရင်းနဲ့တော့ ရှုတ်ကုန်တော့မယ်။ ကိုရေတမာပြောတာ နားလည်ပါတယ်။
:)
ပထမဆုံးအနေနဲ့ ကျနော် ရေးတဲ့စာသည် လာဘ်ပေး၊ လာဘ်ယူမှုများကို မြှောက်ထိုးပင့်ကော် လုပ်ပေးနေခြင်း မဟုတ်ကြောင်းတော့ သိစေချင်ပါသည်။ အဲလိုသဘောမျိုး သက်ရောက်နေတယ်ဆိုရင်တော့ ကျနော့ရဲ့ အရေးအသားညံ့ဖျင်းမှုပါ။

နောက်ဆုံး နိဂုံးစာပိုဒ်မှာ ကျနော် ပြောချင်တာတွေ ပြောထားပါတယ်။
“နားလည်ပေးရမယ့် နေရာမျိုးများ နားလည်ပေးလိုက်ကြပါ။” ဆိုတဲ့ အသုံးလေးက ထိရောက်မယ်လို့ ထင်ပါတယ်။

တန်းမစီချင်တဲ့ စိတ်ဓာတ် ဆိုတာကလည်း မနက် ၄ နာရီ ထ တန်းစီရတာကိုး။ ဘူတာရုံကိုသွားတန်းစီဖို့ ညကတည်းက ဘူတာရုံမှာ အိပ်ပြီးစောင့်ဖို့ ကျပြန်တော့လည်း ပေါ်တာမိမှာလည်း စိုးရသေးတယ်။ သက်ကြီးရွယ်အိုဆို ဘယ်လိုစီစဉ်မလဲ။ မမြင်ရတဲ့ အနေအထားတွေထဲမှာ ဒါမျိုးလေးတွေပါတယ်။ အဆင်ပြေအောင် စီစဉ်မပေးထားတဲ့ System တစ်ခုမှာ ငွေရှိတဲ့သူတွေက အဆင်ပြေအောင် စီစဉ်ကြတယ်။ အဲဒီတော့ မရှိတဲ့ သူတွေ အတွက် အရမ်းကို ထိခိုက်နစ်နာစေတယ်။ ကဲအဲဒီ့တော့ ဒီ Cycle မှာ ဘယ်သူမှားသလဲ ဆိုတာထက် လက်မဲ့လူတန်းစားက မှန်မှန်မှားမှား ခံလိုက်ရတာပဲ။

ကိုရေတမာပြောသလိုပဲ နားလည်မှု ဆိုတာတွေရဲ့ ရာခိုင်းနှုန်းတော်တော်များများဟာ နားလည်မှုမလိုပဲ ဖြစ်နေရက်ပါနဲ့ ဘာကြောင့်များ လောဘ အတွက် နားလည်မှုတွေ ဖြစ်နေကြသလဲဆိုတော့ ကိုရေတမာပြောသလိုပဲ ခြစားနေတဲ့ စိတ်ဓာတ်တွေကြောင့်ပါ။

သို့သော် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်လို့ ဆိုတဲ့ စကားပုံကို ပြောင်းပြန် ပြန်စဉ်းစား ကြည့်တာပါ။
စိတ်ဓာတ်တွေကို ခြမစားဖို့ ပြောရလောက်အောင် ကျနော်ဗီလိန် မစွမ်းပေမယ့် တစ်လှေလုံးပုပ်နေတဲ့ အထဲက တချို့သော ငခုံးမတွေ အတွက် အိမ်အပြန် ဆန်ထုပ်လေးတော့ ဆွဲခွင့်ပေးစေချင်လို့ ဗီလိန်က ထော်လော်ကန့်လန့် လုပ်လိုက်ရတာပါ။

နေ့အိပ်မက် said...

နေ့အိပ်မက်တွေ့ဖူးတဲ့ နားလည်မှုက ပေါ်တင်နားလည်မှုကြီး နိုင်ငံကူးလက်မှတ်လုပ်ခါနီး ပုံစံ၁၇လား သွားလုပ်တာ ရုံးခန်းထဲဝင်သွားတာနဲ့ ၅၀၀၀တဲ့.. :(

လင်းအရုဏ် said...

စိတ်ဓာတ်ပျက်ရင် အားလုံးဒုက္ခရောက်လိမ့်မယ်။
ပြုပြင်ပြောင်းလဲဖို့ စာရေးတာအားပေးတယ်ဗျာ။

Anonymous said...

နားလည်မှု မှာတင် နား မလည်နိုင်စရာတွေ အပြည့် ဖြစ်နေသလိုပဲ။
နား လည်မှု တစ် ခု အတွက် အရေးကြီး ဆုံး ကတော့ ဟန်ချက် (BALANCE) ပဲလို့ ထင်ပါတယ်။
ယောနိသောမနသိကာရ ဖြင့် နားလည်ပေး နိုင်ပါစေ။

စည်သူ said...

အင်း.. ဖတ်ရင်းဖတ်ရင်း တော်တော်ကိုကြာသွားတယ် ဝေဖန်ချက်ကလေးတွေကိုလည်း လိုက်ကြည့်လိုက်တယ်

မှန်ပါတယ် နားလည်မှုဆိုတာ ရှိသင့်တယ်
သိုပေသိ.. နားလည်မှုဆိုတာလည်း စည်းကမ်းဖောက်ဖျက်မှုတစ်ခုလို့ ထင်ပါတယ် စည်းကမ်းရှိရမယ့်နေရာ စည်းကမ်းရှိသင့်တယ်လို့ ထင်ပါတယ်..

နောက်တစ်ခုက နားလည်မှုဆိုတာက ဥပဒေကို ချိုးဖောက်ခြင်းလို့ ပြောလို့ရတယ်.. ဥပဒေအတိုင်း မလိုက်နာလို့ နားလည်မှုတွေပေးလိုက်သလိုမျိုးပေါ့..

ကျွန်တော်တို့ နိုင်ငံအနေနဲ့ နားလည်မှု လိုအပ်ပါတယ် ..

နားလည်မှု လွန်ကဲနေလို့ပါ..

ချိတ်ချိတ်ခြင်း ညှိတဲ့သဘောပဲလို့ထင်ပါတယ်

လူတစ်ယောက်က နားလည်ပေးပါလို့ ပြောလာရင် ကိုက နားလည်မပေးနိုင်ဘူးဆိုရင် ပြီးပါတယ်..

ကိုကလည်း သူ့ကို နားလည်မှုတွေ နားလည်ပေးပါလို့ မပြောမိရင် ပြီးပါတယ်..

တကယ်တော့
စည်ကမ်း..ဥပဒေ..နားလည်မှု ဆိုတာမတူပါဘူး

ခင်မင်စွာဖြင့်
စည်သူ။

sait phay yar said...

လိန်.... နးလည်မူတွေရေးပီး နားမလည်နိုင်အောင် ထပ်၇ှင်းနေရပါလား

Melody said...

နားလည်ဖို့ တော်တော်ကြိုးစားရအုံးမှာပါလား

သုခုမလေဒီ said...

နားလည်မှုတွေကို ဖတ်ရင်းနားမလည်စွာနဲ့ အံ့သြမိရပါ တယ်။ ရေးသားထားတာကိုတော့နားလည်ပါတယ်။ နားလည်မှုဆိုတာတွေကို နားမလည်မိတာပါ။ လွဲမှားနေတဲ့နားလည်မှုတွေကနားမလည်နိုင်အောင်ပါပဲ နော်။
ဗီဗီရေ.. နားလည်အောင်ဖတ်အုံးနော်။း))

အောင်ဒီကန် said...

နားလည်မှုတွေ အငြင်းပွားနေကြပါပကော