အပေါင်ဆိုင်

ပုံမှန် ရွှေတိုးက ၄ ကျပ်ပါ။ အချိန်အခါကို လိုက်ပြီး အပြောင်းအလဲ ရှိပါတယ်။ (လောလောဆယ်တော့ ၃ ကျပ်တိုးဖြစ်နေပါတယ်။) လက်ရှိရွှေပေါက်ဈေးရဲ့ ၈၀% ကို ပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၄ လ ဆို အပေါင်ဆုံးပါတယ်။ ဒါပေမယ့် ၄ လခွဲလောက်ထိ စောင့်တတ်ကြပါတယ်။ အတိုးကတော့ ၅ လတိုးပေါ့ တစ်လပို တစ်ရက်တိုး ဆိုသကိုး။ ၅ လတိုးပေးပြီး ရွေးရမယ့် သူတစ်ယောက်က ပြန်ရွေးပြီး သွားရောင်းရင်လည်း ဒီဈေးပဲ ရပါလိမ့်မယ်။ ဥပမာ ။ ။ ပေါက်ဈေးအရ ၁ သိန်းတန်တဲ့ ပစ္စည်းကို ၈ သောင်းပေးပါတယ်။ ၄ လကျော်သွားလို့ ၅ လတိုးနဲ့ လာရွေးဖို့ဆိုရင် လက်ရှိပေါက်ဈေး ၁ သိန်းထက်များနေရင် ဘယ်သူမှ ပြန်မရွေးချင်တော့ပါဘူး။ ဒါကြောင့် ၈၀% ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ ဒါကို လူတွေ အမြင်က ဈေးနှိမ်တယ်လို့ ထင်ကြပါတယ်။ အမှန်က ဈေးနှိမ်တာ မဟုတ်ပါဘူး။ ပေါက်ဈေးအတိုင်း ပေးတာပါ။ တကယ်လို့များ ၅ လ ကျော်လို့ လာမရွေးပဲ ဆုံးပြီဆိုရင် အပေါင်ဆိုင် ဒုံးပြန်ရောင်းတာ ဖြစ်ဖြစ်၊ ကျိုပစ်တာ ဖြစ်ဖြစ် ပုံစံ တစ်မျိုးမျိုးနဲ့ ပြန်ရောင်းရပါတယ်။ ဘယ်လိုပဲရောင်းရောင်း အတိုးခပဲရတာပါ။ ဆုံးလို့ ပိုရတယ်ဆိုတာ မရှိပါဘူး။ ၁ သိန်းတန်ကို ၃ ၄ သောင်းလောက်နဲ့ ပေါင်တဲ့သူကလည်း ဘယ်တော့မှ အဆုံးမခံပါဘူး။

အဝတ်အထည်များ အတွက်ကတော့ ၁၀ တိုးပါ။ ပုဆိုး၊ ထမီ၊ ပုဆိုး+အက်ႌ၊ ထမီ+အက်ႌ၊ ပိတ္စ၊ ခြင်ထောင်၊ စောင် များကို အပေါက်အပြဲ မပါရင် လက်ခံပါတယ်။ အင်္ကျီ ပဲ သီးသန့်တော့ လက်ခံလေ့ မရှိပါဘူး။ နယ်ဘက် တောဘက်တွေမှာတော့ ရှိကောင်းရှိမှာပါ။ ရန်ကုန်မြို့ပေါ်မှာတော့ မရှိသလောက်ရှားပါတယ်။ တချို့ကျတော့လည်း ဖောက်သည်ထဲက တခါတလေ ယူလာတော့ အားနာပြီး လက်ခံလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ပုဆိုး၊ ထမီ တစ်ထည်ကို လက်ရှိပေါက်ဈေးအရ အသစ်ဆိုရင် ၁၂၀၀-၁၅၀၀ လောက် ပေးကြပါတယ်။ အဟောင်းဆိုရင် ၅၀၀-၇၀၀ လောက်ပေးပါတယ်။

အဝတ်အထည်များ နည်းတူ ၁၀ တိုးနဲ့ လက်ခံရတာက အိမ်သုံးပစ္စည်းတွေပါ။ အထူးသဖြင့် ထမင့်ချိုင့်၊ ထီးနဲ့ ဒန်အိုးဒန်ခွက်တွေ အဓိကပေါ့။ မီးပူ၊ ပန်ကာ၊ ထမင်းပေါင်းအိုး၊ ရေနွေးအိုး စတာတွေနဲ့ တခြား အိမ်သုံးပစ္စည်းတချို့ကိုလည်း ရွှေသီးသန့် လက်ခံတဲ့ ဆိုင်တွေက လွဲရင် ဆိုင်တော်တော်များများက လက်ခံကြပါတယ်။ စက်ဘီးဆိုရင်တော့ ၁၅ ကျပ်တိုး အပြင် မှတ်ပုံတင်နဲ့ ပိုင်ဆိုင်ကြောင်း ရဲစခန်းထောက်ခံစာပါ လိုအပ်ပါတယ်။

အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းများကို လက်လုပ်လက်စား အခြေခံ လူတန်းစားအတွက် အဓိကထားပြီး ဝန်ဆောင်မှုပေးပါတယ်။ ပုဆိုးတစ်ထည် ထမီတစ်ခုပေါင်ပြီး ရလာတဲ့ ၅၀၀၊ ၁၀၀၀ လေးနဲ့ အရင်းပြုပြီး လုပ်ကိုင်စားသောက်ရတဲ့ ဘဝတွေ အတွက် အပေါင်ဆိုင် ဆိုတာ မရှိမဖြစ် အားထားရာတစ်ခုပါပဲ။ တခါတလေ စားစရာမရှိလို့ တချို့ကလည်း သောက်စရာမရှိလို့ လာပေါင်နှံသူများကိုလည်း ကိုယ့်ဖောက်သည်ပဲလေ ဆိုပြီး အပေါက်အပြဲများကို အရှုံးခံယူရတာမျိုးလည်းရှိပါတယ်။ ဒီလို အခြေခံလူတန်းစားများ ကလည်း နွေးနွေးထွေးထွေးပဲ ဆက်ဆံကြပါတယ်။ အပေါင်ဆိုင်ကို ဘူဇွာလို့ ထင်ကြတဲ့ အထဲမှာ ဒီလို အခြေခံလူတန်းစားတွေ သိပ်မတွေ့ရလှဘူး။

အပေါင်ဆိုင်ကို ဘူဇွာစာရင်းသွင်းသူကတော့ သူလိုကိုယ်လို မရှိမရှား လူလတ်တမ်းစားထဲက များပါတယ်။ မုဒိတာ မပွားနိုင်ကြတဲ့ ဒီလိုလူတွေထဲကပဲ အပေါင်ဆိုင်တွေရဲ့ အဓိက စိန်ခေါ်သူတွေ အဖြစ် မွေးဖွားလာပါတယ်။ ထပ်ထည်၊ ခံထည်၊ အုပ်ထည်တွေ အပြင် မျက်လှည့်၊ လက်လှည့် သဘောမျိုးနဲ့ ပစ္စည်းလဲတာမျိုးတွေ အပြင် တခြားတခြား နည်းလမ်းများစွာနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။ နည်းလမ်းများကိုတော့ သူခိုးလမ်းပြ ဖြစ်မှာစိုးလို့ ချန်လှပ်ခဲ့ပါတယ်။ ဒီလို လူမျိုးတွေကို ကာကွယ်ဖို့ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးလောက်ကိုလဲ ဆောင်ထားကြပါတယ်။ အတုလာပေါင်တာကို သိလိုက်တာနဲ့ လာပေါင်တဲ့သူကို ဓာတ်ပုံဖမ်းရိုက် ထားလိုက်တာပါပဲ။ ရဲလက်မအပ်ရင်တောင်မှ နောက်ဆို မလာရဲအောင် ဆိုင်ခွဲတွေကိုပါ ဓာတ်ပုံပေးထားကြပါတယ်။

တချို့သော ရက်စက်တဲ့ ဆိုင်များဆိုရင်တော့ အထဲကိုဝင်ပြီး စခန်းကို ဖုန်းဆက်ခေါ်ပြီး တခါတည်း ရဲလက်အပ်ပါတယ်။ ဒါကြောင့် သူများ ပစ္စည်းလိုက်ပေါင်ပေးတဲ့သူများ အနေနဲ့ ဒါမျိုးကိုလည်း သတိထားသင့်ပါတယ်။ ကိုယ့်ပစ္စည်းမဟုတ်ပေမယ့် အတုဖြစ်နေရင် အတုလာပေါင်သူရဲ့ တာဝန်ပါ။ တချို့ကျပြန်တော့လည်း ကိုယ့်သားသမီး၊ မောင်နှမထဲက ပိုင်ရှင်မသိအောင် ယူသုံးထားပြီး အတု အစားထည့်ထားတာကို မသိပဲ အတုလာပေါင်မိတာမျိုး ကြုံတတ်ပါတယ်။ ဒါပေမယ့် အပေါင်ဆိုင်ကို လိမ်ဖို့ လုပ်ထားတဲ့ အတုနဲ့ မိသားစု သို့မဟုတ် ပိုင်ရှင်ကို မသိရုံ လိမ်ဖို့လုပ်ထားတဲ့ အတုနဲ့ ကွာပါတယ်။ မိသားစု သို့မဟုတ် ပိုင်ရှင်ကို လိမ်ချင်ရုံ လုပ်ထားတဲ့ ရွှေထည်အတုက ရွှေရည်စိမ်ရုံ သက်သက် ဖြစ်ပြီး အပေါင်ဆိုင်ကို လိမ်ဖို့ စီစဉ်ထားတဲ့ ရွှေထည်အတုကတော့ ပန်းတိန်မှာ သီးသန့် လုပ်ထားတဲ့ ထပ်ထည်၊ ခံတည်၊ အုပ်ထည် တွေ အပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ပါ။ ဖြစ်နိုင်ရင်တော့ ကိုယ်ပိုင် ပစ္စည်းကို ကိုယ်တာယူလာတာ အကောင်းဆုံးပါပဲ။ မအားလို့ တဆင့်ခိုင်းလိုက်တာမျိုးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ တစ်ခုရှိတာက အပေါင်ဆိုင်ထဲ ဝင်တာကို ရှက်စရာ တစ်ခုလို့ မြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကြောင့် အမျိုးမျိုးသော ရှုတ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ အမှန်တော့ အပေါင်ဆိုင်ထဲ ဝင်တာ ရှက်စရာ မဟုတ်သလို၊ အပေါင်ဆိုင်ထဲ ဝင်တာကို လှောင်စရာ တစ်ခုအနေနဲ့ မမြင်သင့်ဘူးလို့ ထင်ပါတယ်။

အနီးတဝိုက်မှာ မီးရေးထင်းရေးဖြစ်ပြီ ဆိုရင်လည်း လူတွေက မီးငြှိမ်းဖို့ထက် ရွှေဆိုင်နဲ့ အပေါင်ဆိုင်ကို ဝင်လုဖို့လောက်ပဲ မျက်စေ့ ကျတာပါ။ ဒီအတွက်လည်း ယောက်ျားသား တစ်ယောက်လောက်တော့ ဆိုင်မှာ ထားတတ်ကြပါတယ်။ အရေးဟေ့ဆို အသုံးပြုဖို့ သံတုတ်ဖြစ်ဖြစ် ဝါးရင်းတုတ်ဖြစ်ဖြစ်ကို လွယ်ကူတဲ့ နေရာမှာ ဆောင်ထားလေ့ရှိပါတယ်။ ရွှေထည်နဲ့ ပိုက်ဆံထားတဲ့ အာမခံမီးခံသေတ္တာကိုလည်း နံပါတ်လှည့်လိုက်ရုံနဲ့ အလွယ်တကူ Lock ကျသွားနိုင်တာမျိုးကိုပဲ သုံးကြပါတယ်။ အပြင်လူ မသိနိုင်တဲ့ အခြားသော ကာကွယ်ရေး နည်းပညာတွေကိုလည်း ထားရှိထားတတ်ကြပါတယ်။

အဓိက ပြောချင်တာကတော့ လူတော်တော်များများ အကြွေးနဲ့ မကင်းပါဘူး။ ချမ်းသာ ဆင်းရဲ ငွေလိုတဲ့ အချိန်ဆိုတာလည်း ရှိစမြဲပါ။ ဆင်လည်း ဆင်တောင်၊ ဆိတ်လည်း ဆိတ်တောင် နဲ့တော့ လိုနေကြတာပါပဲ။ တစ်ခုရှိတာက မသိနားမလည်တဲ့သူတွေကို လိမ်ညာညှက်ချတဲ့ ၁ သိန်းတန်ကို ၁ သောင်းတန်တယ် ပြောပြီး မတန်တဆ အတိုးနှုန်းနဲ့ အတိုးလည်ပင်းနစ်အောင်လုပ် ကျွဲသိမ်း၊ နွားသိမ်း၊ သားသိမ်း၊ မယားသိမ်း တဲ့ အင်္ဂလိပ်ခေတ်က ချစ်တီး မဟုတ်ပါဘူး။ အပေါင်ဆိုင်ဆိုတာ ရွှေဆိုလည်း ရွှေပေါက်ဈေး၊ အထည်အဟောင်းဆိုလည်း အထည်အဟောင်းဈေး၊ အသစ်ဆိုလည်း အသစ်ဈေး နဲ့ သင့်တင့်လျောက်ပတ်တဲ့ အတိုးနှုန်းနဲ့ ပြည်သူတွေရဲ့ ချောင်လည်မှုအတွက် ဝန်ဆောင်မှု လုပ်ငန်း တစ်ခုလို့ မြင်စေချင်ပါတယ်။ ဒါဟာလည်း ဗုဒ္ဓ အဆုံးအမနဲ့ ညီကြောင်း ဆရာတော် သံဃာတော်တွေရဲ့ အဆုံးအမကြောင့် ကြားသိနားလည်ခွင့် ရဖူးပါတယ်။

အပေါင်ဆိုင်များအကြောင်း သိရသလောက် ရေးသားလိုက်ခြင်းပါ။ တချို့အကြောင်းအရာများကို သူခိုးလမ်းပြ ဖြစ်မည်စိုး၍ မဖော်ပြပဲ ထိန်ချန်ခဲ့သည်ကို နားလည်ပေးကြပါ။

17 comments:

နွေးနေခြည် said...

ဂလိုလား... သိပြီ သိပြီ

နန်းညီ said...

မှန်ပါတယ် မှန်ပါတယ်..

တောင်ပေါ်သား said...

မဖော်ပြတဲ့ သူခိုးလမ်းပြ နည်းတွေကို ပိုစိတ်ဝင်စားတယ်ဗျို့.. ကျနော်က အဲ့ဒါတွေ သိပြီးသား အမြဲ ပေါင်နေကြဆိုတော့း) လှိုင်သာယာနားမှာ အတိုးနဲနဲပဲယူတဲ့ ကျနော်မိတ်ဆွေ ရှိတယ် နင်အကူအညီလိုရင်ပြောနော့် မိတ်ဆက်ပေးမယ် ပွဲစားခလား နင်အဆင်ပြေသလိုပေးပါကွာ အချင်းချင်းတွေပဲး) အဟီး

လေးစားလျက်
တောင်ပေါ်သား

မချစ်ရ said...

ကိုဗီလိန့်အပေါင်ဆိုင်လာပြီ
လောလောဆယ်တော့ပေါင်စရာ
ကွန်ပျူတာတစ်လုံးပဲရှိတယ်
ဘယ်ဈေးဖြတ်မှာလဲပြော
ဈေးတဲ့မှနော်... :P

Vista said...

စီးပွားရေးလုပ်တော့မလို့ ထင်တယ်

ခရေညို said...

ဗီလိန် တို့ကအပေါင်ဆိုင်ဖွင့်ထားတာလား?
လူပေါင်ရင် ဘယ်လောက်တိုးလဲ?
အိမ်ကလူ ကြီးပေါင်ချင်လို့
မဆုံးစေရဘူး ပြန်လာရွေးမှာစိတ်ချ ::))

Phothagyan said...

"သြော် လတဝတ်တောင်
ကျော်လာပါပေါ့လားးးးး"

Phothagyan said...

"သြော် လတဝတ်တောင်
ကျော်လာပါပေါ့လားးးးး"

Anonymous said...

အပေါင်ဆိုင်များ ဖွင့်စားမလို့လားဗျာ.... ကိုဗီတို့ လုပ်ရင်ပြောဗျာ... လာပေါင်မယ်... အတိုးလဲမယူနဲ့၊ အရင်းလဲ ပြန်မတောင်းနဲ့ အပေါင်လဲ တခုမှမထားဘူး... နော် အခြင်းခြင်းတွေပဲဟာ ယုံတယ် မဟုတ်လား...

Anonymous said...

ကိုယ်တိုင်တော့ မပေါင်ဖူးသေးပေမဲ့..... ပါတ်ဝန်းကျင်မှာ ကြားနေရတာတော့ အများကြီးပဲဗျာ... စိတ်ပျက်စရာပါပဲ။ သူငယ်ချင်းတယောက်ရဲ့ အုပ်ထိန်းသူတွေဆို အဲဒါလုပ်စားတာဗျ.... သူတို့ အိမ်သွားရင် အိမ်ထဲမှာက အပြည့်ပဲ... ဖိနပ်ကစပြီး ဥိးထုပ်၊ ဒန်အိုး၊ဒန်ခွက်အလည်၊ ခြင်ထောင်၊ စက်ဘီးအဆုံး အိမ်ထဲမှာ အပြည့်ဘဲ ခြေချဖို့နေရာတောင် မရှိဘူး။ အဲဒီအပေါ်င်ဆုံးတွေကို တောရွာက လူက လာပြီး ဈေးဖြတ်တယ် ပြီးရင်အဲဒါတွေ တောမှာ ပြန်ရောင်းတာဗျ....။

မဆုမွန် said...

အခုမှ စာရွက်လဲဖို့ သတိရတယ် ကျေးဇူး ကျေးဇူး

နေ့အိပ်မက် said...

နေ့အိပ်မက်ဘလော့ပေါင်ချင်တယ်.. ဘယ်လောက်ရမလဲ...

မောင်မောင် said...

I visited your site. But I couldn't type mm font in this comment box.
I really appreciate for your motivate
words for my blog.

Thanks again

မေလေး said...

နာတော့ပေါင်စရာမရှိဘူးးး
အလွတ်တိုးရရင် စလုံး ၃ သောင်းလောက်ချေးချင်တယ်
ချင်းချင်းဘဲ
၂ ကျပ်တိုးဘဲယူဟယ်
နော်

စိမ်း... said...

အရင်က မသိခဲ့တဲ့အကြောင်းအရာတွေ သိလိုက်ရတယ်... ဗဟုသုတတိုးတာပေါ့.... နေရာတိုင်းမှာ သူ့ဘက်ကိုယ့်ဘက်ဆိုတာ ရှိစမြဲပါပဲ....

``တစ်ခုရှိတာက အပေါင်ဆိုင်ထဲ ဝင်တာကို ရှက်စရာ တစ်ခုလို့ မြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကြောင့် အမျိုးမျိုးသော ရှုတ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ အမှန်တော့ အပေါင်ဆိုင်ထဲ ဝင်တာ ရှက်စရာ မဟုတ်သလို၊ အပေါင်ဆိုင်ထဲ ဝင်တာကို လှောင်စရာ တစ်ခုအနေနဲ့ မမြင်သင့်ဘူးလို့ ထင်ပါတယ်။´´

သတိပေးတာ ကျေးဇူး... နောက်ဆို ဆင်ခြင်ပါ့မယ်... :)

မင်းအိမ်ဖြူ said...

ပြောစရာတွေ များတယ် လိန်လိန် ဟာဟ

သဘောကျတယ်

အဲဒီလုပ်ငန်းကို ခုချိန်ထိ မတ၇ားတဲ့အလုပ်လို့မမြင်မိ သေးဘူး ၊၊ ဆင်းရဲတိုင်းမရိုးသားဘူး ငယ်ငယ်တုန်းက မှတ်မိတယ် ၊ ငွေတော့မရှိဘူး အသားလှီးယူတဲ့ လေ
ဆွေမျိုးလည်း မကင်းပါဘူး
တကယ်လှီးယူချင်တယ် ၊ ကိုယ်က အဲဒီတုန်းက ငယ်သေးတာကိုး အခုလည်း ရရင်တော့ ပြန်လှီးယူ ချင်သေးတယ် ဟာဟ

နောက်မှ ဆက်ပြောမယ်

မင်းအိမ်ဖြူ

Welcome said...

တောင်ကြီးမှာ ဦးလေးက အပေါင်ဆိုင်ဖွင့်ထားတယ်။ ပျော့တော့လည်းပါကုန်တယ်။
မာပြန်တော့လည်း ရန်များတယ်။
နောက်ပြီး ပြဿနာက အဲဗား လိုက်တယ်။
ဒါပေမယ့် ဖွင့်မြဲ ဖွင့်ဆဲ ပြဿနာတက်ဆဲပါပဲ။