အရေးမတော် တစ်ပုဒ်

အသွားမတော် တစ်လှမ်း
အစားမတော် တစ်လုပ်
အရေးမတော် တစ်ပုဒ် တဲ့
ရေးကြသည်။ အလကားရသည့် ဘလော့များကို အလကားရသလို ရေးချင်ရာရေးကြသည်။ တချို့က ကိုယ့်စည်းကိုယ့်ကမ်းနှင့် ကိုယ့်အတွက် စံတစ်ခု သတ်မှတ်ထားကြသည်။ တချို့ကလည်း မသတ်မှတ်ကြ။ လောကတွင် လောကနီတိရှိသလို ဘလော့တွင်လည်း ဘလော့နီတိရှိသည်။ ကျနော် လက်ခံသော ဘလော့နီတိထဲတွင် အယ်ဒီတာတစ်ယောက်၏ အခြေခံ သဘောတရားများပါသည် ဟုထင်သည်။ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ တစ်စုတစ်ဖွဲ့ကိုဖြစ်စေ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုများကို အယ်ဒီတာက ဖြတ်ထုတ်ရသည်။ အကယ်၍ ကာယကံရှင်က အသားရေဖြတ်မှုဖြစ်စေ အခြားအမှုတစ်ခုခုဖြင့် ဖြစ်စေ တရားစွဲလာပါက အယ်ဒီတာက တာဝန်ယူရသည်။ ဘလော့တွင်လည်း ဤသို့ပင်မဟုတ်ပါလား။ မည်သူပင်ရေးသားပါစေ စာမျက်နှာတင်သည့် သို့မဟုတ် Publish လုပ်သည့် သူသည် အယ်ဒီတာဖြစ်သည်။ အယ်ဒီတာကဲ့သို့ပင် တာဝန်ယူရမည်။ သို့သော် အင်တာနက်ဟု ခေါ်ဆိုသည့် ကမ္ဘာ့ကွန်ယက်ကြီးတွင် အသုံးပြုနေသည့် ဘလော့ဆိုသည့်အရာက မည်သူမည်ဝါက Publish လုပ်သည်ကို ရှာဖွေရနိုင်သော်လည်း မလွယ်ကူလှ။ ဤသည်ကို အကြောင်းပြုကာ ငါလုပ်တာ ဘယ်သူမှ မသိဘူး ဟူသော ခံယူချက်ဖြင့် Crime များကို ဆင့်ကာ ဆင့်ကာ လုပ်နေကြသည်။ မြန်မာတွေသာမက ကမ္ဘာတွင်လည်း အများအပြားပင်။
ကွန်ယက်ကြီးကို တလွဲသုံး
ငါလုပ်တာ လူမသိဘူးဆိုတဲ့
ခွေး မစားတဲ့ စိတ်ဓာတ်တွေ
ငါ့အန်ချင်စိတ်ကို မထိန်းတတ်တော့ဘူး

ဟု ကျနော် ရေးသားခဲ့ဖူးသည်။ ရွံရှာဖွယ် ကောင်းလှသော စိတ်ဓာတ်များပင် မဟုတ်ပါလား။

တချို့ကလည်း ကောင်းစေချင်၍ ရေးကြသည်။ အရေးမတော် တစ်ပုဒ်ဆိုသလို ဖြစ်ကုန်ကြသည်။ စာရေးခြင်းဟူသည် မလွယ်ကူမှန်း ကိုယ်တိုင်ရေးကြည့်မှ သိပါလိမ့်မည်။ စာတစ်ကြောင်း စကားလုံးတစ်လုံးကြောင့် မိမိ ဆိုလိုရင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကုန်ကြသည်။ အားမလိုအားမရသံများသည် ခနဲ့သံများ ဖြစ်သွားတတ်သည်။ သတိပေးခြင်းများသည် ဝင်ရောက်စွက်ဖက်ခြင်းများ ဖြစ်သွားတတ်သည်။ အကြံပြုခြင်းများသည် ဆရာစားသလို ဖြစ်သွားတတ်သည်။ ငခုံးမတစ်ကောင်ကို မကျေနပ်ကာ တစ်လှေလုံးကိုစွပ်စွဲကြသည်။ သို့သော် မည်သည့် ငါးခုံးမမှ ပုပ်ချင်ကြမည်မထင်။ ပြောသူများကိုလည်း အပြစ်မတင်ချင်။ လူတစ်ယောက်၏ ကောင်းကွက်ကို ရှာပြောဖို့ထက် ဆိုးကွက်ကို နှာခေါင်းရှုံ့တတ်ကြသည်ကား ပုတုဇဉ်တို့ အကျင့်မဟုတ်ပေလား။ တချို့ကလည်း ဘယ်လိုဖြင့် ဖြစ်စေချင်တယ်။ ဘယ်လိုဖြင့် မဖြစ်စေချင်ဘူး။ မြန်မာတွေ စည်းကမ်းရှိကြ စေချင်ပါသည်။ မြန်မာတွေ တော်စေချင်ပါသည်။ စသဖြင့် ရေးသားကြသည်။ စေတနာ မှန်သော်ငြား အရေးမတတ်တော့ ဆဲသလိုဖြစ်သွားသည်။ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းအရာတွေကို တလောကလုံးနှင့် ခြုံငုံသုံးသပ်ကြသည်။ ဓမ္မစေတီ ဆရာတော်၏ ဆုံးမ စကားတစ်ခွန်းရှိသည်။ ဘောပွဲကြည့်ပြီးပြန်လာသည့် ဘုန်းတော်ကြီးတစ်ပါးကို မြင်ကာ “ဘုန်းကြီးတွေကလည်းကွာ” ဟု ပြောလိုက်သည်နှင့် ရတနာသုံးပါးထဲမှ သံဃာဂုဏ်ကို စော်ကားလိုက်လေပြီ။

Forward များတွင်လည်း ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုများကိုလည်း တွေ့ရတတ်သည်။ ယုတ်မာအောက်တန်းကျ လိမ်လည်တတ်သည့် လူ၊ ပွဲစား၊ ပုဂ္ဂိုလ် အကြောင်းရေးသားထားသည်။ သို့သော် မှန်သည် မှားသည်ကို ကျနော်ကိုယ်တိုင်လည်း မခွဲခြားတတ်သေး။ သတိပေးခြင်းဟူသည့် ဂုဏ်ပုဒ်ကို အရည်ခြုံထားသည့် မနာလို၊ အပုပ်ချခြင်းများလည်း တွေ့ရသည်။ မြန်မာများက ယုံလွယ်ကြသည်။ Forward က လာသမျှ စာကို ယုံကြသည်။ Photoshop ဖြင့် ပြင်သောပုံများကိုလည်း အဟုတ်ကြီးထင်လို့ ထင်တတ်ကြသည်။ Photoshop ဖြင့် နင်းသော ဆိုက်ကားကိုလည်း ရင်သပ်ရှုမောတတ်ကြသည်။ ဤသို့ ယုတ်မာသည် မှန်လျှင် အသာထား၊ မမှန်ခဲ့လျှင်...... ဆိုသည်ကား စာဖတ်သူ တော်တော်များများ စဉ်းစားမိချင်မှ စဉ်းစားမိကြမည်။

ဤတွင် ပုဂ္ဂလိကကို တိုက်ခိုက်သူနှင့် တိုက်ခိုက်ခံရသူ ၂ မျိုးရှိသည်။ Forward စာကို ရေးသူကား တိုက်ခိုက်သူ ဖြစ်သည်နှင့်အလျောက် စာဖတ်သူများကလည်း တိုက်ခိုက်သူဘက်က ဖတ်ကြလိမ့်မည်။ စာဖတ်သူတို့အနေဖြင့် အတိုက်ခိုက်ခံရသူနေရာမှ တစ်ခေါက်လောက်ဖြစ်စေ ခံစားကာ ဖတ်ကြည့်ကြစေချင်သည်။ ကျနော် ပြောချင်သည်ကား လူမိုက်အားပေး လုပ်နေခြင်းမျိုးမဟုတ်။ အမှားအမှန် ခွဲခြားရခက်သော အင်တာနက်လောကကို သင်ဘယ်လို မြင်ပါသနည်း။ ရိုးသားကြိုးစားကာ အောင်မြင်မှု တစ်ခုကို ဆုပ်ကိုင်ထားသော လူပုဂ္ဂိုလ်တစ်ဦးအား မိန်းကလေးများအား သွေးဆောင်ဖျားယောင်သည်။ HIV ပိုးရှိသည်။ ယောက်ျားခြင်းလိင်ဆက်ဆံသည် စသည်ဖြင့် တစ်မျိုး၊ ရိုးသားစွာ ဝန်ဆောင်မှု ပြုနေကြသော ပွဲစားများအား ဦးဘယ်သူ၊ ဒေါ်ဘယ်သူ ဖုန်းနံပါတ် ဘယ်လောက်က လူလိမ်ပါ စသည်ဖြင့် တစ်ဖုံ Forward များ ဖြန့်ဝေခြင်းမျိုး မရှိဘူးဟု သင်ထင်ပါသလား။ အရာရာကို ကန့်လန့်တွေးတတ်သော ကျနော် ဗီလိန်ကတော့ မနာလိုခြင်းတရား၏ ကြောက်ဖွယ်ကောင်းလှသော လက်နက်ကြီးများဟု ထင်ပါသည်။ ထပ်မံပြောလိုသည်ကား ကျနော် ပြောချင်သည်ကား လူမိုက်အားပေး လုပ်နေခြင်းမျိုးမဟုတ်။ ကြောင်း သိစေလိုပါသည်။

သို့ဆိုလျှင် စာဖတ်သူများက ကျနော့အား စောဒက တက်စရာရှိပါသည်။ အမှန်တကယ် လိမ်လည်လှည့်ဖျား ယုတ်မာနေကြသူများကို ဒီအတိုင်း လွှတ်ထားကြတော့မှာလား။ အဲဒီ့မေးခွန်းအတွက်တော့ ကျေနပ်လောက်မယ့် အဖြေ ကျနော့မှာ ရှိမည်မထင်။ အဖြေရှိလျှင် ကော်မန့်တွင် ဆွေးနွေးခဲ့ပေးနိုင်ပါသည်။ ကျနော့ ပုဂ္ဂလိက ခံယူချက်ကား အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စဉ်းစား ဆင်ခြင်တတ်သည့် ဉာဏ် ရှိမည်ထင်ပါသည်။ လူတစ်ယောက်ကို ဒီလူ လူလိမ်ပါ။ သူ့ကို ရှောင်ကြပါဟု ပြောရုံဖြင့်တော့ အလိမ်လွတ်မည် မထင်။ သို့သော် ရိုးသားသူတစ်ယောက်ကို ဒီလူ လူလိမ်ပါဟု ပြောလိုက်လျှင်တော့ အပြောခံရသူအနေဖြင့် ကိုယ်ချင်းစာကြည့်စေချင်ပါသည်။ လည်သူစား၊ ဦးသူဆော် ဖြစ်နေသည့် ခေတ်ပျက်ကြီးတွင် ကျနော် ဖြစ်စေချင်သည်ကား။ မည်သူမည်ဝါ လိမ်သည်ဆိုသည်ထက် မည်သို့ လိမ်သည်ကိုသာ ရေးသားဖြန့်ဝေ ပေးစေချင်ပါသည်။ ရှင်တော်ဗုဒ္ဓ ဟောခဲ့ဖူးသည့် ခြံသေ့င်္တို့သည် မြှားလာရာသို့ လိုက်သည်။ ခွေးတို့သည် ပစ်သော ခဲလုံးနောက်သို့လိုက်သည်။ ခြင်္သေ့လို ကျင့်ပါ။ ခွေးလိုမကျင့်ပါနှင့်။ ဆိုသည့် ဆုံးမစကားကို ရင်ဝယ်ထားကာ ဗီလိန်က ဤပို့စ်ကို လူအမြင်ကပ်ခံ၍ ရေးသားလိုက်ပါကြောင်း။ အရေးမတော် တစ်ပုဒ်ဖြစ်သွားလျှင်တော့ ဗီလိန်လည်း ဒီပုပ်ထဲက ဒီပဲဟုသာ ကော်မန့်ထဲတွင် ရေးသားကြရုံသာ ရှိပါတော့သတည်း........။

ဗီလိန်

28 comments:

khin oo may said...

kom: အရေးတော်ပါတယ။်ဗီလိန်. အဲသလိုဘဲပြောချင်ပါတယ်။ ဗီလိန်ပြောတဲ့အတိုင်းပါဘဲ။

Anonymous said...

အမှိုက်ကစ ပြဿာမိးလောင်တယ်ပဲ ပြောရမလားတော့ မသိဘူး... အခုတော့ အကုန်လုံး ပါလာပြီဗျာ။ ကျနော် ဒီအကြောင်းတွေလဲ တောင်ပေါ်သားဆီမှာရော ၊ ခင်ဦးမေ ဆီမှာပါ ရေးခဲ့ပါပြီ.. ထပ်မရေးချင်တော့ဘူးဗျာ..။ ကိုဗီပြောသလိုပဲ ခြေင်္သလိုပဲနေတော့မယ် ခွေးတော့ မဖြစ်ပါရစေနဲ့ဗျာ... ဟီ ခြေင်္သကမှ နာမည်ကြာရင် လူရှိန်သေးတယ်ဗျ.. ဟုတ်ဘူးလား..။။

သိင်္ဂါကျော် said...

မှန်ပါတယ်...
ကိုယ့်စည်းနဲ့ကိုယ် ထိန်းသိမ်းသင့်တာပေါ့...။

ခရောင်း said...

ကိုဗီလိန်ရေ သွေးထွက်အောင်ကိုမှန်နေတဲ့ စာသားတွေပါလားဗျာ.............။

sait phay yar said...

ဟုတ်ပါ့.......

Yu Ya said...

'I couldn't agree more!'

yu ya

ဗီလိန် said...

ပိန်းတယ်ပဲပြောပြောဗျာ။ ကိုယုယ ပြောတာ နားမလည်ဘူး။ :)

Yu Ya said...

“သွေးထွက်အောင် မှန်လိုက်တာ”

yu ya

တောင်ပေါ်သား said...

မောင်ဗီလိန် ဒါတွေကို ကျနော်တို့ ပြောလဲ မရနိုင်ပါဘူး။ အဓိက ဒါတွေဟာ လူတွေရဲ့ စိတ်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဆိုလိုတာက လူသားအချင်းချင်း စာနာမူ မရှိတဲ့ လူတွေအနေနဲ့ သူတို့လုပ်ရပ်တခုအောင်မြင်တယ်ဆို သူတို့ ပျော်နေကြမှာပါ။ ခံရသူဖက်ကို မစဉ်းစားတတ်သလို ခံရသူနေရာမှာ ပြုလုပ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့ အသိ သူတို့ မခံစားတတ်ပါဘူး။ ဒီကိစ္စဟာ ကြီးကျယ်အောင် ပြောမယ်ဆို ပြောလို့ ရပါတယ်။ ဒီလိုလူမျိုးတွေ ရှိနေရင် ကျနော်တို့ မြန်မာပြည်မှာ ဒီလိုလူမျိုးတွေ ပေါများလာရင် တိုင်းပြည်အတွက် ရင်လေးစရာပါပဲ။ အတော်ကို ၀မ်းနဲမိပါတယ်။ လူတိုင်း မျှတတဲ့ ခံစားချက်တွေနဲ့ တဖက်သားကို နားလည်ပေးနိုင်ကြပါစေလို့ပဲ ဆုတောင်းမိပါတယ်


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

I couldn't agree with you more ဆိုတာ
positive အသွင်ဆောင်ပါတယ်။
သဘောမတူပဲ မနေနိုင်ပါဘူး တဲ့။ ...
me too !!
mnhy

Ree Noe Mann said...

မည်သို့ပင် ပြောစေကားမူ သူတို့သည် ဆက်၍လုပ်ဆောင်
နေအုံးမည်ဟု ကျနော် ယုံကြည်ပါသည်။
ဗီဇဆိုတာ ဖျောက်လို့ မရသလို
သူတို့သည်လည်း ဗုဒ္ဓတရားတော် အတိုင်း
ကျင့်ကြံနိုင်မည် မထင်။
ခုလို ရေးသားဖော်ပြတဲ့ ဗီလိန်ကိုကျေးဇူးပါ။
သူတို့သာ ဖတ်မိရင်တော့ စဉ်းစားတက်ကျလိမ့်မည်ဟု
ကျနော် ထင်မိပါတယ်။
မကောင်းတောင်း ပြောတက်မှတော့ အကောင်းလည်း တွေးတက်နိုင်ကျမှာပါ။

ခင်တဲ့ ကိုရီနိုမာန်

ဗီလိန် said...

Anonymous said...

I couldn't agree with you more ဆိုတာ
positive အသွင်ဆောင်ပါတယ်။
သဘောမတူပဲ မနေနိုင်ပါဘူး တဲ့။ ...
me too !!
mnhy

Oct 17, 2009 11:08:00 PM

ကိုကျေးဇူးတင်ပါတယ်ဗျာ။ မှတ်သားထားလိုက်ပါ့မယ်။

JulyDream said...

forward mail တွေကတော့ အတော်ဆိုးပါတယ်... ဗိုလ်ကြီးစိုးသီဟ ကိစ္စကို ပို့နေတာ မနည်းတော့ပါဘူး။ ဖြစ်ရပ်က မှန်တာ မှားတာ အပထား တကယ့်ကို စိတ်ပျက်မိပါတယ်။

ဗိုလ်ကြီးစိုးသီဟဘက်က နာပေးတာတော့ မဟုတ်ပါဘူး။ အဲဒီစာကို ခဏ ခဏ (တပတ်ကို ၃ ခါလောက်) ရနေတာ ၂ လ ကျော်နေပါပြီ။ ဒါတောင် Spam list ထဲမှာ ထည့်ထားလို့ အတော် သက်သာ သွားတာပါ။ အဲဒီလိုမျိုး တောက်လျှောက် ပို့နေတာကိုတော့ မနှစ်ခြိုက်တာ အမှန်ပါပဲ။ =)

ငချမ်းကောင် said...

အရင်က အဲလိုမစဉ်းစားမိဘူး။ အဲလိုမေးတွေရောက်လာရင် forward တောင် တခါတလေ လုပ်ပေးမိသေးတယ်။ တကယ်မဟုတ်ခဲ့ရင် ကာယကံရှင် သိက္ခာကြမယ်ဆိုတဲ့ အတွေးထက် ဟုတ်ခဲ့ရင် ရှောင်နိုင်မယ်ဆိုတဲ့ အတွေးက အလေးသာနေခဲ့ရိုး အမှန်ပါ။ ကျွန်တော်သိချင်ပါတယ်။ ဒီမေးလ်တွေကို ဥပေက္ခာပြုရမှာလား ဆက်လက်ကူညီသတိပေးရမှာလား။ ကိုယ်တိုင်ဝေဖန်ပိုင်းခြားပြီးမှ ဆုံးဖြတ်ရမှာလား။ ဆိုကြပါစို့ ကျွန်တော်ပတ်ဝန်းကျင်မှာ အလုပ်အကိုင် ရှာဖွေပေးတဲ့အေးဂျင့်တွေရဲ့ မကောင်းသတင်းပဲ ကြားနေရတဲ့အချိန်မှာ ဒီသတင်းကို မေးလ်ရတယ်ဆိုပါစို့။ သေချာတယ်။ forwardလုပ်မိမှာ။ ဖြစ်တန်စွမ်းက များတာကို။ ဒါပေမယ့် အဲဒီကာယကံရှင်က စေတနာကောင်းတဲ့ ရိုးသားမြင့်မြတ်ခဲ့သူဖြစ်ခဲ့ရင် ကျွန်တော်အမှားဖြစ်မည်ဆိုပါက ဒီလိုအမှားမျိုး ဖြစ်မှာစိုးလို့ ဥပေက္ခာပြုလိုက်သူကရော မှန်ပါမည်လား။ ရည်မှန်းချက်ကြီးကြီးနှင့် အလုပ်အကိုင်ရှာဖွေနေသူများ၏ အနာဂတ်နှင့် ပတ်သတ်နေတယ်လေ။ ခြံတွေလယ်တွေရောင်းပြီး စွန်စားသူတွေအဖို့ ပိုပြီး အရေးမကြီးပြီလော။ အပြုသဘောလေးနဲ့ ဆွေးနွေးကြည့်တာပါ။ မည်သည့် ရည်ရွယ်ချက်မှ မပါတဲ့အတွက် အမှားပါခဲ့ပါက ခွင်လွတ်ပေးစေချင်ပါတယ်.

မေဇင် said...

FW မေလ်းတွေတော့ ဖတ်လိုက်တာပါပဲ...။ ဒါပေမယ့် ဖတ်ပြီး ပြီးသွားတာများပါတယ်...။ တစ်ချို့တစ်လေ ဖြစ်ရပ်တွေကိုတော့.... ဒါတကယ်ပဲလား... သူများက တမင်လုပ်တာလား လို့တော့ တွေးမိတတ်သား....။

ဗီလိန် said...

ကိုငချမ်းကောင်ရေ...
ကျနော့်အမြင်ကတော့ဗျာ။ လိမ်တဲ့သူကို လိမ်လား မလိမ်လား ခွဲခြားတတ်နိုင်ဖို့တော့လိုမယ်ဗျာ။ အရမ်းအကွက်စေ့တဲ့သူမဟုတ်ရင် လိမ်ရင် လိမ်မှန်းတော့ သိလောက်ပါတယ်။ ကျနော်ကြားဖူးပါတယ်။ ပွဲစားလိမ်တာခံရလို့၊ ဘာညာသတင်းတွေကြားရလို့ သေချာမေးလိုက်ရင် ၈၀% လောက်က နည်းတောင်နည်းသေးတယ်လို့ ပြန်ပြောမိပါတယ်။ ဆိုလိုချင်တာက လိမ်တဲ့သူတော်တာထက် အလိမ်ခံရတဲ့သူ ညံ့တာများပါတယ်။ ညံ့တယ်ဆိုပေမယ့်လည်း Stay ကုန်တော့မယ်။ ကြွေးတွေလည်ပင်းမြုတ်တော့မယ် စသဖြင့် အကြောင်းအမျိုးမျိုးတွေလည်းပါသပေါ့။ လိမ်တယ်ဆိုတဲ့သူကလည်း လိမ်ခံရမယ့်သူရဲ့အားနည်းချက်ကို ဖိပြီး လိမ်တတ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျနော် ကြားဖူးတာ တစ်ခုရှိပါတယ်။ အားနာတတ်သူ၊ လောဘကြီးသူ တွေဟာ လူလိမ်ခံရတတ်ပါတယ်တဲ့။ ဒါတွေကို ကိုယ့်ဘက်ကသာ ပြည့်ဝနေကြရင် အလိမ်ခံရဖို့ သက်သာမယ်လို့ထင်ပါတယ်။ အလိမ်မခံရဘူးလို့ မဆိုလိုပါဘူး။ သက်သာမယ်လို့ ဆိုလိုချင်တာပါ။ လိမ်တဲ့သူကတော့ လိမ်နေမှာပဲ ကိုယ့်ဘက်ကသာ ဉာဏ်နဲ့ သုံးသပ်ဆုံးဖြတ် ဆင်ခြင်တတ်ဖို့ လိုပါတယ်။ ကျနော်အပါအဝင် မြန်မာတွေရဲ့ အားနည်းချက်က သူ့ဘက်က ဖြည့်တွေးတတ်ကြပါတယ်။ ခံရဖို့သာ ရှိပါတယ်။ လူတစ်ယောက်ကို မသင်္ကာတော့ဘူးဆိုရင် အဆိုးဘက်ကို ဖြည့်တွေးမလား အကောင်းဘက်ကို ဖြည့်တွေးမလား။ ဒါကလည်းရှိပါသေးတယ်။ ပြောရရင်တော့ အရှည်ကြီးပါပဲဗျာ။ စင်္ကာပူမှာဆိုရင်လည်း ကားလေး စီးလာရင် လူအထင်ကြီးကြပါတယ်။ ကားစီးတဲ့သူက ဒီပိုက်ဆံလေး ၄၀၀ ၅၀၀ လောက်နဲ့ မလိမ်လောက်ပါဘူးလေ ဆိုပြီးတွေးကြပါတယ်။ စင်္ကာပူရဲ့ ကားမောင်းသင်တန်းဆင်းတဲ့သူတွေက မန်ဘာဝင်ထားရင် ကားကုမ္ပဏီတွေဆီက ကားအလကားငှားစီးလို့ရတယ်လို့ သိရပါတယ်။ ဒီသဘောပါပဲ။ အပေါ်ယံကိုကြည့်ပြီး အထင်ကြီးတတ်တာကလည်း မြန်မာတွေရဲ့ အားနည်းချက်တစ်ချက်ပါ။ ကျနော်ပြောတဲ့ မြန်မာတွေရဲ့ အားနည်းချက်လေးဘာလေးနဲ့ ပြောနေလို့ ဆရာကြီးတော့ မထင်လိုက်ပါနဲ့ ကျနော်ကိုယ်တိုင်ရဲ့ အားနည်းချက်တွေပါပါတယ်။

အားလုံးကိုခြုံပြီးပြောရရင် ကျနော့်အတွေ့အကြုံအရ လိမ်တယ်ဆိုတဲ့ အမှုကိစ္စတွေမှာ လိမ်ခံရသူဘက်က အားနည်းလို့ဆိုတာက များပါတယ်။ ဒါကြောင့်လဲ ဒီလိုလူတွေကြီးပွားသထက် ကြီးပွားနေကြတာပါ။

စိမ်း... said...

ဒါပေါ့... အမြင်ချင်းတူတယ်... ကြိုဆိုပါတယ်... :)

နွေးနေခြည် said...

ဗီလိန်ရေ... ဟုတ်တယ်။

ဒဏ္ဍာရီ said...

ကိုရွာသားဆီမှာ စည်းဆိုတာလေး ဖတ်ပြီး ကိုဗီလိန်ဆီ ရောက်လာတော့လည်း ဒီလိုစားမျိုးလေး ထပ်ဖတ်ရပြန်ပြီနော်။ ဟုတ်တယ်နော်။
အပြည့်အ၀ ထောက်ခံ အားပေးလျှက်ပါ။

ကိုလူထွေး said...

နှိုင်းနှိုင်းဆဆ ချင့်ချင့်ချိန်ချိန်ဆိုပြီး ရှေးလူကြီးတွေ ပြောခဲ့သလိုပေါ့...

ဗီလိန်ရေးပြတာကောင်းတယ်...

ရွှေပြည်သူ (ShwePyiThu) said...

“မည်သူမည်ဝါ လိမ်သည်ဆိုသည်ထက် မည်သို့ လိမ်သည်ကိုသာ ရေးသားဖြန့်ဝေ ပေးစေချင်ပါသည်။” ဟုတ်တယ် မောင်လေးရေ။ Forward တွေကတဆင့် လူပုဂ္ဂိုလ်တစ်ယောက်ချင်းရဲ့ အသေးစိတ် ကိုယ်ရေးအချက်အလက်တွေ ဓာတ်ပုံတွေနဲ့ ရေးသာဖြန့်ဝေတာဟာ မှန်ခဲ့ရင် အများအတွက် အကျိုးရှိနိုင်ပေမယ့် မှားခဲ့ရင် အပြောခံရသူအတွက် နာမည်ပါသေစေလို့ တသက်စာ နစ်နာစေမှာပါ။ အင်တာနက်ထဲမှာ ကိုယ်ဘယ်သူလည်း လူမသိဘူးဆိုပြီး လုပ်ချင်ရာ လုပ်လာကြတာကလည်း နည်းပညာ တိုးတက်မှုရဲ့ Side Effect တွေထဲက တစ်ခုပဲ ပြောရမှာပါပဲ။ လူတိုင်း ကိုယ်ချင်းစာတရားရှိကြပါစေလို့ပဲ ဆုတောင်းနေမိပါတယ်...

နေ့အိပ်မက် said...

ကိုဗီလိန်လိုလူများများရှိရင် ဘလော့လောက နည်းနည်းပိုအေးချမ်းမယ်ထင်တယ်

khin oo may said...

မင်းမဆိုးပါဘူး။

ဗီလိန် said...

ဆိုးပါတယ်။ :P
အရေးမတော် တစ်ကောမန့် ကျန်ခဲ့တယ်။ :P ဟိဟိ

မဆုမွန် said...

ဟုတ်တယ်..

Mogok Thar said...

V V
that's great post too
'I couldn't agree with you more'
Got one word...
Cheers!!!

Anonymous said...

အသားရေဖြတ်မှု ဆိုလို့ လန့်သွားပါတယ် ကိုဗီလိန်..
အသရေဖျက်မှု ပါ =)

MANORHARY said...

ဒီပို့စ်ကို ဖတ်ပြီးပါပြီ
I couldn't agree with you more ကိုတောင်
ရှင်းပြခဲ့သေးတယ်။
sign in မလုပ်ထားမိလို့ mnhy လို့ လက်မှတ်အတိုထိုး
ခဲ့တာပါ။ ပြန်ကြည့်နိုင်ပါတယ်။
မနော်ဟရီ