သာသနာ့ခံတပ်

ရုံးဆင်းတော့ သူငယ်ချင်း နှစ်ယောက်သား ဈေးကဖြတ်ပြီး ပြန်လာကြတယ်။ ဈေးတစ်နေရာရောက်တော့ Singapore Pools ဆိုတဲ့ စာလုံးကြီးတပ်ထားတဲ့ ဆိုင်ကိုမြင်တာနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တန်းစီနေတဲ့ လူတွေရဲနောက်ဆုံးမှာ ဝင်ပြီး တန်းစီလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှေ့ကတန်းစီတဲ့ လူတွေကုန်လို့ ကျနော်တို့ အလှည့်ရောက်တော့ Sweep လို့ပြောပြီး လက်ညှိုး ၂ချောင်း ထောင်ပြလိုက်ပါတယ်။ Sweep ဆိုတာ စင်ကာပူထီ ပါ။

ဒီလိုနဲ့ လမ်းမှာ ကျနော်က သူငယ်ချင်းကို မေးလိုက်မိတယ်။ မင်းထီပေါက်ရင် အရင်ဆုံး ဘာအတွက်သုံးမှာလဲ ပေါ့။ သူကလည်း သာမာန် တစ်ယောက် အနေနဲ့ပဲ ပြန်ဖြေတယ်။ အရင်ဆုံး မြန်မာပြည်ပြန်ပြီး ဘုရားတည်မည်တဲ့။ ကျနော်က ဆက်မေးတယ်။ ဘာရည်ရွယ်ချက်လည်း ဆိုတော့ ဘုရားဒကာ ဖြစ်ချင်လို့၊ နောက်တစ်ခုက ငါတည်တဲ့ ဘုရားများ သူများတွေ ကိုးကွယ်ပြီး ကုသိုလ်၊ ဘာဝနာ ပွားများစေဖို့တဲ့။ ကောင်းလိုက်တဲ့ ကုသိုလ်စိတ်ပဲနော်။ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကျနော် တစ်ခုတော့ စိတ်မကောင်းဖြစ်သွားတယ်။ စေတီဘုရားတွေအောက်မှာ ထိုင်ပြီး ဆွမ်းနပ်မမှန်တဲ့ ဘုန်းတော်ကြီး၊ ကိုရင်ငယ်တွေ ဘယ်လောက်များ ရှိလေမလဲလို့။ များပြားလှတဲ့ ဝိနည်းပေါင်းများစွာကို ထိန်းသိမ်းပြီး သာသနာတော်ကို ရွပ်ရွပ်ချွံချွံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရဟန်းသံဃာတော်တွေ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတွေ ကိုရင်ငယ်တွေ စတဲ့ မြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်တွေက ဆွမ်းတစ်နပ်အတွက် အတော့ကို ရုန်းကန်နေကြရတယ် မဟုတ်ပေမယ်။ မပြောကောင်းမဆိုကောင်း တချို့ဆို သူတောင်းစားနဲ့တောင် အယှဉ်ခံရသေးတယ်။ စာသင်တိုက်တွေ ဆိုရင်လည်း ဆွမ်းအတွက် အတော်လေး ရုန်းကန်နေကြရပါတယ်။ ကျနော်တစ်ခါက ရေးဖူးတဲ့ မနက်ခင်းဘုံလောင်းတစ်ခု မှာလို ဘုံလောင်းတွေကို အားကိုးနေရပါတယ်။

စာသင်သားတွေဆို ပိုဆိုးပါတယ်။ စာအုပ်ဖိုး ဘောပင်ဖိုးက စလို့ အရာရာ လိုအပ်နေကြပါတယ်။ ဆရာတော်တစ်ပါး ဟောတာ ကြားဖူးပါတယ်။ ကိုရင် ဘာလိုလဲ ကိုယ်တော် ဘာလိုလဲ မမေးပါနဲ့။ အကုန်လိုပါတယ်တဲ့။ ဟုတ်ပါတယ်။ အကုန်လိုပါတယ်။ ဝိနည်းနဲ့ အညီဆိုရင် ရဟန်းသံဃာတော်တွေက ဘာလိုတယ်၊ ညာလိုတယ် ဆိုပြီး အလှူမခံရပါဘူး။ ဒါကြောင့် ဝိနည်းကို အတော်အတန် စောင့်ထိန်းတဲ့ ရဟန်းတွေက နှုတ်က ထုတ်ပြီး အလှူခံမှာမဟုတ်လို့ ဒကာတွေအနေနဲ့ ဘာလိုအပ်သလဲ မမေးရပါဘူး လို့ ဆရာတော်က ဆုံးမထားပါတယ်။ မြန်မာလူမျိုးတွေ အလှူဒါန ရက်ရောတာ မြန်မာတိုင်းသိပါတယ်။ လှူလည်းလှူနေကြပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ဘုန်းတော်ကြီးတွေ ဆွမ်းအတွက် ရုန်းကန်နေကြရပါသလဲ။ စေတီတွေလည်း ပေါပါတယ်။ ကမ္ဘာမှာ စေတီတော် အများဆုံးတိုင်းပြည်ဆိုရင် မြန်မာနိုင်ငံ မှတပါး အခြားမရှိပါ။

ဘုရားဒကာဖြစ်ချင်လို့ စေတီတည်တယ်။ ဘုရားမှာ ကဗျည်းထိုးချင်လို့ စေတီတည်တယ်။ သာသနာပြုခဲ့တဲ့ မှတ်တိုင်တစ်ခုအနေနဲ့ စေတီတည်တယ်။ မှန်ပါတယ်။ ကောင်းသော သာသနာပြု အမှုကိစ္စပါ။ မှားတယ်လို့ မဆိုလိုပါ။ သို့သော် သာသနာသည် အဆောက်အဦး မဟုတ်ပါ။ ဘုရားတည် ကျောင်းဆောက်ရုံနဲ့ သာသနာ မခိုင်မြဲနိုင်ပါဘူး။

ဥပမာတစ်ခုပေး၍ ပြောချင်ပါသည်။ နှိုင်းကောင်းသည် မကောင်းဘူးကတော့ မပြောတတ်ပါ။ စာဖတ်သူကို ကွက်ကွက်ကွင်းကွင်း မြင်စေချင်၍သာ ဥပမာပေးခြင်းဖြစ်ပါသည်။ သာသနာတော်ကို ရွှေနန်းတော် တစ်ခုဟု ယူဆပါစို့။ စေတီ ပုထိုးတွေဟာ နန်းဆောင် နန်းတော်တွေသာဖြစ်မယ်ဆိုရင် ပဋိယတ္တိ စာသင်တိုက်တွေဟာ သာသနာတော်အတွက် မြို့တံတိုင်းတွေပါ။ အခုအချိန်အခါမှာ သာသနာတော်ဟာ ရန်သူတွေ ဝိုင်းနေတဲ့ ရွှေနန်းတော်တစ်ခုပမာ အဘက်ဘက်က ထိုးနှက်ခံနေရပါတယ်။ ဒီအတွက်လည်း ဓမ္မကထိက ဆရာတော်တွေကလည်း စစ်သူကြီးတွေပမာ သွေးအံမတတ် ဦးဆောင်ညွှန်ကြားနေကြသလို၊ ကမ္မဋ္ဌာနစရိယ ကမ္မဋ္ဌာန်းပြ ဆရာတော်တွေကလည်း မှူးကြီးမတ်ကြီးများကဲ့သို့ သာသနာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေကြပါတယ်။ အခုလိုအချိန်မှာမှ ဒီမြို့ရိုးတွေကို ခိုင်အောင် မတည်ဆောက်နိုင်ဘူးဆိုရင်၊ သာသနာ့ရဲဘော်တွေ ဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို လက်နက်ရိက္ခာဖြစ်တဲ့ ရှင်လေးပါး (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) နဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် နန်းတော် နန်းဆောင်တွေဖြစ်တဲ့ စေတီပုထိုးတွေကိုလည်း ကာကွယ်စောင့်ရှောက နိုင်လိမ့်မယ်မထင်ပါဘူး။ ဒါကြောင့် သာသနာတော်ကြီး အဓွန့်ရှည်ဖို့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့ကြပေးစေချင်ပါသည်။ ဘယ်ဆရာတော်က ငါ့ဆရာတော်၊ ငါတို့က ဘာဂိုဏ်း၊ ငါတို့ဆရာက ဒီလိုပြောတာ လို့မသတ်မှတ်ပဲ မြေကြီးပေါ်မှာ ဘုရားတည်တာမဟုတ်ဘဲ နှလုံးသားထဲမှာ ရတနာသုံးပါးကိန်းအောင် ဆောင်ရွက်ပြီး သာသနာ့ ရွှေနန်းတော်ကြီးကို စောင့်ရှောက်ဖို့ မြို့ရိုးတံတိုင်းတွေဖြစ်တဲ့ ပဋိယတ္တိ စာသင်တိုက်တွေနဲ့ သာသနာ့စစ်သည်တော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့လှူဒါန်းပြီး ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

*ကျနော့အမြင်သက်သက် မျှသာဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာ ရှိခဲ့ပါက ထောက်ပြဝေဖန် အကြံပေးနိုင်ပါသည်။*

ဗီလိန်

13 comments:

သီဟသစ် said...

ကိုဗီလိန်ရေ
မှန်လိုက်တာဗျာ။
တစ်ချို့က လှူတယ် ဆိုတာ ဂုဏ်နောက်ကို လိုက်နေတော့ တကယ်ရောက်ရမည့် လှူရမည့်နေရာတွေ မရောက်တော့ဘူး။

လင်းဒီပ said...

ညီလေး ပြောတာ ဟုတ်ပါတယ်...
ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ဗုဒ္ဓဘာသာဝင် အားလုံးမှာ တာဝန်ရှိပါတယ်..

သာသနာတော် တည်တံ့ပြန့်ပွားသန့်ရှင်းအောင် လိုအပ်တဲ့ လှူဒါန်းမှူတွေ အထောက်အပံ့တွေ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုပါတယ်..

ဘုရားတည်ဖို့လိုသလို စာသင်တိုက်တွေ သံဃာတော်တွေကို လှူဒါန်းနေဖို့လည်း အရေးကြီးပါတယ်..

ထောက်ပြပေးတဲ့ ညီလေးရဲ့စိတ်ဓာတ်ကို လေးစားပါတယ်။

မသက်ဇင် said...

နှလုံးသားထဲမှာ ရတနာသုံးပါးကိန်းအောင် ဆောင်ရွက်ပြီး သာသနာ့ ရွှေနန်းတော်ကြီးကို စောင့်ရှောက်ဖို့ -------

လူငယ်ပေမယ့် လေးစားဖွယ် သာသနာအကျိုးကို နား
လည်ပေစွ-- မောင်ငယ်ဗီလိန်လေး---
အလွန်မွန် မြတ်သည့် စိတ်ဓါတ်ပေပဲ---
သာဓုခေါ်သွားပါတယ်---

မင်းအိမ်ဖြူ Minn Eain Phyu said...

လေးစားပါတယ် ညီငယ် ၊၊ ဒီတစ်ပတ် စနေက အကို.အတွက် အများကြီး အကျိုး ရှိသွားပြီ၊၊ သာဓု ၅ ခါခေါ် လိုက် ရတယ် ၊၊ ညီ.အတွက် က ၃ ခါ ၊၊ အိမ်က သူငယ်ချင်း အတွက်က ၂ ခါ ၊၊ စင်ကာပူ ရောက်တာ ၁ နှစ်ကျော်ပြီ ဒီနေ.မှ Topayoh ကျောင်းကိုရောက် တယ်တဲ. ၊၊ ညီနဲ.လည်းသိတယ် ဘယ်သူလဲ သိချင်ရင် ဖုန်းသာဆက်မေးလိုက် ............

ဖိုးဂျယ် said...

သယ်ရင်း မင်းပြောတာမှန်တယ်
မရှိတဲ့ နေရာတွေမှာ သွားလှုရင် ပိုကောင်းတာပေါ့

ရွှေပြည်သူ (ShwePyiThu) said...

သိပ်မှန်တာပဲ မောင်လေးရေ... အင်မတန်ကောင်းတဲ့ ဥပမာနဲ့ ရှင်းပြ ထောက်ပြ ပေးသွားတာ အရမ်းတန်ဖိုးရှိပါတယ်။ ဒီပို့စ်လေး ဖတ်ပြီးချိန်မှာ ပိုလေးစားသွားမိတယ် မောင်လေးဗီလိန်ရေ...

ဖိုးသင်္ကြန် said...

ကျွန်တော်က ဘုန်းကြီးကျောင်းသားဆိုတော့ ဒါတွေ နားလည်နိုင်ပါတယ်လေ။ လူတွေက လှူတော့မယ်ဆိုတာနဲ့ သူတို့အတွက် အကျိုးအမြတ်အများဆုံးပေးနိုင်မယ် ထင်တဲ့ လှူနည်းတွေကိုပဲ ရွေးလေ့ရှိတယ်ဗျ။ ပုဂ္ဂိုဟ်တွေကို အဆင့်လိုက်စီလိုက်ရင်လဲ ဘုရားပြီးမှ ရဟန်းလာတာလေဗျာ။ လူတွေကို လှူဖို့ဆို နောက်ဆုံးမှ စဉ်းစားကြတာ။ ကျွန်တော်ကတော့ လူတွေကို လှူစေချင်တယ်။ သူတို့သီလစောင့်နိုင်ဖို့ အူမတွေတောင့်ဖို့လိုတယ်လေ။ ကျွန်တော် ဘုန်းကြီးတွေကို မေးကြည့်တော့ တခြားဘာသာတွေက ဒီလိုနည်းနဲ့ပဲ တောင်တန်းဒေသတွေနဲ့ နယ်စွန်နယ်ဖျားက လူမျိုးတွေ အစုလိုက်အပြုံလိုက် သိမ်းသွင်းခဲ့ကြတယ်လို့ ပြန်ပြောကြတယ်ခင်ဗျ။ မယုံရင် နောက်အနှစ်နှစ်ဆယ်လောက်ကြာရင် ပြောင်းလဲသွားမယ့် ဧရာဝတီတိုင်းကိုသာ စောင့်ကြည့်ကြပါတော့။

kk said...

ကို ဖိုး သင်္ကြန် ရဲ့ အတွေး အခေါ် ကို ထောက် ခံ အား ပေး ပါတယ် ။ စောင့် ကြည့်  ဆိုတာ ထက် ဘာတွေ လို အပ် နေတယ် ဆို တာ တွေ ကို ဆက်လက် ဆွေး နွေး သင့် တယ် လို့ ထင်ပါတယ်။

ဗီလိန် said...

ကိုဖိုးသင်္ကြန်ပြောတာမှန်ပေမယ့် ဧရာဝတီတိုင်းက အဲဒီလောက်ထိတော့ ဆိုးမယ်မထင်ပါဘူး။ အကျိုးအမြတ်အတွက် လှူတာတွေ အများအပြားရှိနေပေမယ့် သာသနာ အကျိုးပြုလုပ်ငန်းတွေလည်း လုပ်နေတာမနည်းပါဘူး။ အကျိုးအမြတ်ရဖို့လှူတဲ့သူတွေကတော့ ဒီထက်လျှော့ချသင့်တာ အမှန်ပဲလေ။

တောင်ပေါ်သား said...

လေးစားပါတယ် ကိုဗီလိန်

ဖိုးသင်္ကြန် said...

အေးဗျာ၊ ကျွန်တော် ပြောတာ နည်းနည်းအစွန်းရောက်သွားတယ်။

ဗီလိန် said...

ဖြစ်စေချင်လို့ ပြောတာကို နားလည်ပါတယ်ကို ဖိုးသင်္ကြန်။ ဒါပေမယ့် ဧရာဝတီတိုင်းက လူသိန်းချီတဲ့ စံချိန်တင် တရားပွဲတွေ အများကြီးရှိတာ ကျနော့ မျက်မြင်ပါ။ မြို့ပေါ်မှာ ဒီနေ့တရားဟောရင် မနက်ဖြန် ရွာနီးစပ်ချုပ်တွေမှာ ပရိုဂျက်တာနဲ့ ပြတဲ့ တရားပွဲတွေလည်း အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လက်လှမ်းမီသလောက်တော့ ကြိုးစားပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်။ သာသနာတော်အတွက်ပါ။

မိုးခါး said...

လေးစားပါတယ် ဗီဗီရေ
ငါခုမှ ဖတ်ဖြစ်တယ် ..း)