လူငယ်တွေ လ္ဘက်ရည် ဘယ်လိုသောက်မလဲ

တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ဆန်းတစ်ရက်နေ့မှာ ဒီပို့စ်ကို တင်ဖြစ်သွားပါတယ်။ ဟိုနေ့ကတည်းက စရေးနေတာဖြစ်ပေမယ့် အလုပ်တွေပိနေတာကြောင့် မတင်ဖြစ်သေးတာပါ။ ကိုမင်းအိမ်ဖြူ မျှဝေထားတဲ့ ကိုမိုးဝေ(စက်မှုတက္ကသိုလ်) ရဲ့ မိဘအပေါ်သိတတ်ပါ ဝန်မပိပါစေနှင့် ဟု ဆောင်းပါးဖတ်လိုက်မိပြီး ဒီပို့စ်ကို ရေးဖြစ်တာပါ။
၂၀၀၇ - ခုနှစ်၊ ရန်ကုန်တိုင်း ဂျာနယ်မှ ကိုမိုးဝေ၏ ဆောင်းပါးတိုလေးအား ကူးယူတင်ပြပါသည်။
ခုခေတ်လူငယ်တွေ မိဘကို သိတတ်လာကြောင်း ဆောင်းပါးရှင်က ဖော်ပြထားသလို မိဘအတွက်ဆိုပြီး လုပ်ချင်ရာလုပ်နေလို့ လည်း မဖြစ်သင့်ကြောင်း ထောက်ပြထားပါတယ်။ မှန်ပါတယ်။ မိဘကို သိတတ်တဲ့ လူငယ်တွေ များပြားလာသလို ကျောင်းပြီး အလုပ်ရတာနဲ့ မိန်းမယူဖို့ပဲ စဉ်းစားနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ မိဘသည် နံပါတ် တစ် လို့ သဘောထားတဲ့ သူရှိသလို၊ နံပါတ် တစ် မထားတဲ့ သူတွေလည်း အများကြီးပါ။ လောကမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေ သေးသရွေ့တော့ ရှိဦးမှာပါပဲ။ မိဘကို သိတတ်နားလည်စေမယ့် လူငယ်တွေ ဒီထက်မက များပြားလာပါစေလို့ ဆုတောင်းမိပါတယ်။

နောက်တစ်ခုက လူငယ်နဲ့ လူကြီး ပြဿနာတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာပါ။ အသက်အပိုင်းအခြား ကွာခြားတာကြောင့် ခေတ်ရေစီးကြောင်း မတူတာကလည်း ပြဿနာတစ်ခုပါ။ လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။ တလောက မိဘအရွယ်မကျ အစ်ကိုအရွယ် မကတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကပြောပါတယ်။ မြန်မာပြည်က လူငယ်တွေ အားနေ လ္ဘက်ရည်ဆိုင်မှာပဲ အချိန်ဖြုန်းနေကြသည် တဲ့လေ။ ကျနော် ဟန်မဆောင်နိုင်အောင်ပဲ ထရယ်မိပါတယ်။ ဘာကြောင့်များ ဒီလိုသုံးသပ်တာပါလိမ့်။ သူတို့ ခေတ်ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ သိပ်ကို နောက်ကျတဲ့ အတွေးအခေါ်တစ်ခုလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဗီလိန် လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ရှာခဲ့တဲ့ ပိုက်ဆံတွေ၊ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ဘာသာသာသနာအတွက် အထောက်အပံ့တွေ အများကြီးပါ။ ကျနော်သတိထားမိသလောက် မြန်မာပြည်မှာ လ္ဘက်ရည်ဆိုင်ထိုင်ခြင်း အဓိကအကြောင်း ၅ မျိုးရှိပါတယ်။
၁။ လ္ဘက်ရည်ကြိုက်လို့
၂။ အလှအပလေးတွေ ရှုစားချင်လို့
၃။ သူငယ်ချင်းအပေါင်းအသင်းတွေ စုစည်းဖို့
၎။ စီးပွားရေးအတွက် စကား စမြည်ပြောချင်လို့
၅။ ရုပ်မြင်သံကြားကြည့်ချင်လို့ (အထူးသဖြင့် နိုင်ငံခြားလိုင်းတွေပါ)
အများအားဖြင့်ကတော့ ဒီအချက် ငါးချက်နဲ့ ကိုက်ညီပါတယ်။ မီးပျက်လို့ အိမ်မှာ ပူလို့ ဆင်းထိုင်တာတော့ ထည့်မပြောတော့ပါဘူးဗျာ။ :)

နံပါတ် ၁
လ္ဘက်ရည်ကြိုက်တဲ့ သူကတော့ ပြောစရာမရှိပါဘူး။ ကြိုက်လို့ သောက်တယ်။ ကုန်တော့ ပြန်တယ်ပေါ့လေ။

နံပါတ် ၂
ဒါကတော့ သိပြီးသားဖြစ်ကြမှာပါ လူစည်ကားရာ အရပ်တွေမှာ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အလှအပလေးတွေ ငေးတဲ့ လူမျိုးတွေပါ။

နံပါတ် ၃
လူငယ်တွေ တစ်နေရာရာကို စုစည်းပြီး သွားမယ်ဆိုရင် စုရပ်တစ်ခုအနေနဲ့ အသုံးပြုတာပါ။ ဒီလိုစုစည်းရာမှာ အပျော်အပါးအတွက် စုစည်းတာ ရှိသလို ပရဟိတလုပ်ငန်းများနဲ့ ဘာသာရေး၊ သာသနာရေး များလည်း ဆောင်ရွက်နေတယ်ဆိုတာ သတိမူသင့်ပါတယ်။

နံပါတ် ၎
ကိုယ့်အိမ်မှာ ဧည့်ခန်းကောင်းကောင်းမရှိတဲ့ သူတွေ၊ အလုပ်နေရာ တိတိကျကျ မရှိတဲ့သူတွေ (ဥပမာ ပွဲစားတွေ)၊ အလုပ်နေရာ ရှိသော်ငြားလည်း အလုပ်ထဲမှာ ပြောလို့ မရတဲ့ အလုပ်ကိစ္စတွေ (ဥပမာ ရုံးဝင်ထမ်းတွေ) ပါသလို အလုပ်မရှိပဲ ယောင်ချာချာဖြစ်နေတဲ့ လူငယ်တွေက စီးပွားရေး လမ်းစတွေ့ရာတွေ့ကြောင်း ရှာကြံဖို့၊ ပရဟိတနဲ့ ဘာသာသာသနာရေးတွေ တိုင်ပင်ဆောင်ရွက်ဖို့၊ မတူညီတဲ့ အတွေးအမြင်တွေနဲ့ အကြောင်းအရာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖလှယ်၊ ဆွေးနွေး၊ တိုင်ပင်မယ်။၊ စကားရည်လုမယ် ငြင်းခုန်ပြီး အဖြေရှာမယ်။ စသဖြင့် ထိုင်ကြတာတွေလည်း အများကြီးရှိပါတယ်။

နံပါတ် ၅
အထူးသဖြင့် ဘောလုံးပွဲကြည့်သူတွေ နဲ့ ၂ လုံး ၃ လုံးတိုက်သူတွေ ဖြစ်ပါတယ်။ အချို့ ဝါသနာပါသူများကတော့ WWF, MTV, Discovery အစရှိတာတွေကိုလည်း ကြည့်ဖို့ ထိုင်ကြတာမျိုး တွေလည်းရှိပါတယ်။ နယ်တွေမှာတော့ ဇာတ်လမ်းလေးတွေ ပြတာမျိုးလည်းရှိပါတယ်။ မီးမလာတာကတစ်ကြောင်း၊ အိမ်မှာ ဗီစီဒီ၊ ဒီဗီဒီစက်၊ ဂြိုလ်ထုစလောင်းမရှိတာက တစ်ကြောင်းကြောင့် အဲဒီ့လိုအစီအစဉ် ရှိတဲ့ အချိန်တွေဆိုရင် လ္ဘက်ရည်ဆိုင်ပြည့်ပါတယ်။

ကျနော် သတိထားမိလို့ကတော့ တော်တော်များများသော လူတွေက ဒီအချက် ၅ ချက်နဲ့ ကိုက်ညီပါတယ်။ ဒီထက်ပိုပြီး စိစစ်ကြည့်တော့ ယခုခေတ် လူငယ်တွေက နံပါတ် ၂ အမျိုးအစားမှာ လျော့နည်းလာပြီး ၃၊ ၄ တွေမှာ ပိုပြီး များလာတာ သတိထားမိပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ ဝါသနာပါရာ ဘောလုံးပွဲနဲ့ အခြားအစီအစဉ်တွေကို ကြည့်ကြတာ တွေ့ရပေမယ့် နေ့လည် ၁၂ နာရီနဲ့ ညနေ ၄ နာရီ ခွဲမှာကြည့်လိုက်ရင် လ္ဘက်ရည်ဆိုင်ပြည့်နေသော်ငြား လူငယ်တွေ အနည်းစုပဲတွေ့ရပါတယ်။ ဒါကတော့ ကျနော် လေ့လာမိသလောက်ပါ။

ဒါကြောင့် ကျနော့ မိတ်ဆွေ ပြောခဲ့တဲ့ စကားကို ပြန်ပြောချင်ပါတယ်။ လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ ဘာတွေများ ကိန်းအောင်း နေသလဲဆိုတာ မြင်အောင် ကြည့်တတ်စေချင်ပါတယ်။ တကယ်တော့ လူငယ်ဆိုတာ လူကြီးတွေရဲ့ သွန်သင်မှုကြောင့်ပဲ ပညာတွေတတ်၊ အတွေးအခေါ်တွေ ထက်မြက်၊ ရင့်ကျက်လာကြတာပါ။ လ္ဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စမှာလည်း လူကြီးတွေအနေနဲ့ သူတို့ အတွေ့အကြုံနဲ့ ခေတ်အခါအရ လ္ဘက်ရည်ဆိုင် ထိုင်ခြင်းဟာ အလေလိုက်ခြင်း ပုဒ်မတစ်ခုလို့ သတ်မှတ်ထားခဲ့ကြတဲ့ အတွက် ဒါကိုလည်း အပြစ်ပြောလို့မရပါဘူး။ အပေါ်မှာ ကျနော်ပြောခဲ့တဲ့ “လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။” ဆိုတဲ့ စကားက ဒါမျိုးကို ဆိုလိုပါတယ်။

တခြားသူအတွက်တော့ မသိပေမယ့် ကျနော့အနေနဲ့ကတော့ လ္ဘက်ရည်ဆိုင်က ကျနော့ကို
- တန်ဖိုးရှိတဲ့ အပေါင်းအသင်းတွေနဲ့ ရင်းနှီးခွင့်ရတယ်။
- တခြားသူတွေဆီက အတွေ့အကြုံတွေ နားထောင်ခွင့်ရတယ်။
- စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးတွေအတွက် သတင်းအချက်အလက်နဲ့ ဆောင်ရွက်ခွင့် ရတယ်။
- မတူညီတဲ့ အတွေးအခေါ်တွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ရင်း ငြင်းကြခုန်ကြရင်းနဲ့ စကားထောင်ချောက်တွေကို ရှောင်တိမ်း တတ်လာတယ်။ (ဒါတွေက တချိန်မှာ အလုပ်အတွက် အင်တာဗျူးဝင်တော့ သိပ်ကို အသုံးဝင်ခဲ့တယ်လေ။)

အခုလိုခေတ်ကြီးထဲမှာ မြန်မာပြည်က လူငယ်တွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်း နည်းပါးနေတာ လူတိုင်းသိကြမှာပါ။ ရရှိလာနိုင်တဲ့ အခွင့်အရေးဆိုတာကို မျှော်တလင့်လင့် စောင့်စားပြီး ရတဲ့ အချိန်မှာ အမိအရ ဖမ်းယူနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ အဲဒီ့ အခွင့်အရေးကို ရဖို့ ဘယ်နေရာမှာ ရှာကြမလဲ။ ဘာတွေလုပ်ကြမလဲ။ အိမ်ထဲမှာ ထိုင်နေရုံနဲ့တော့ သိပ်မလွယ်ကူလှဘူးလို့ ထင်မိပါတယ်။ လူငယ်တွေ အားလုံး တက်တက်ကြွကြွနဲ့ စည်းလုံးဖို့လိုအပ်လာပါပြီ။ လူကြီးသူမတွေရဲ့ ဆုံးမစကားတွေနဲ့ အတွေ့အကြုံတွေကို နာခံပြီး လူငယ်အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြဖို့ တန်ဖိုးရှိ လူငယ်တွေ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ Senior လူငယ်တွေက Junior လူငယ်တွေကို တွဲခေါ်ပြီး လ္ဘက်ရည်ဘယ်လိုသောက်မလဲ (လ္ဘက်ရည်ဆိုင် ဘယ်လိုထိုင်မလဲ)ဆိုတဲ့ အဖြေအတွက်၊ “မင်းတို့လေးတွေ ငယ်သေးတာကိုး” ဆိုတဲ့ လူကြီးတွေရဲ့ အထင်သေး စကားတွေကို ရိုက်ချိုးကြပါစို့လား....။

ဗီလိန်
*မှားယွင်းမှု တစုံတရာရှိရင် မသိနားမလည်မှု အတွက် ခွင့်လွှတ်ပေးကြပါ။*

16 comments:

Welcome said...

ပိုနေတတ်တဲ့ ၁၅ - ၂၀ မိနစ်လောက်ကို လဘက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ဒါတောင် လူကြီးမသိအောင် ထိုင်တာ .. ပြန်မပြောပြနဲ့အုန်း။

နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ ပျော်ရွှင်ပါစေ

တောင်ပေါ်သား said...

ကောင်းမွန်ပါတယ် ကိုဗီလိန်... ဒါပေမဲ့ လ္ဘက်ရည်ဆိုင်ထိုင်တာကို အပြစ်ပြောတဲ့လူတွေကိုလဲ အပြစ်တင်လို့က မရပြန်ပါဘူး။ လူဆိုတာက စိတ်အမျိုးမျိုးမလား ဒီတော့ သူတို့ မြင်နေ၊တွေ့နေတာကိုလဲ ပြောတာဖြစ်နိုင်ပါတယ်။ ကိုဗီလိန်ပြောထားတဲ့ (၅) မျိုးက ပြည့်စုံနေပါတယ်။ လေးစားပါတယ်။ စကားမစပ် ဒီလာတုန်းက ခေါင်းစဉ်ဖတ်ပြီး နောက်ဖို့လာတာ လ္ဘက်ရည်ဘယ်လိုသောက်လဲဆိုတော့ ပါးစပ်နဲ့ သောက်တယ် ဖြေမလို့ ဟီး ဒီစာကိုဖတ်ပြီးမှ ကော့မန့်ရေးလိုက်တယ် ကျနော်ကတော့ လက်လေးနဲ့ ကိုင်ပြီး ပါးစပ်နဲ့ သောက်တာပဲ.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

puluque said...

မှန်ပါတယ် ကိုဗီလိန်. ကျတော်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လက်ဖက်ရည်သောက်ဖို့ဟုတ်ဘူး..မုန့်စားဖို့ သယ်ရင်းတွေနဲ့ စကားပြောဖို့ ဘောပွဲကြည့်ဖို့ဗျ..(ကျတော်မှ လက်ဖက်ရည်ကော်ဖီ မကြိုက်တာ)..

မင်းအိမ် said...

အကိုတို. အလှည်.မှာ အဲဒီလို မဖြစ်ရအောင် သတိထား ကြတာပေါ. ၊၊ ဘယ်လိုပြောရမလဲမသိတော.ပါဘူး ၊၊ အမေဘုတ်ရဲ့သူ.ချည်ခင် ဆိုသလိုပဲ ပြောရရင် နောက်ဆုံး ဒီဘူတာကြီး သွားဆိုက်အုံးမယ် ၊၊ နိုင်သလောက်လေး နိုင်တဲ့.ဘက်က နေ ၀င် ထမ်းကြတာ ပေါ. ကွာ ။ တစ်နေ.တော. အားလုံး နေသား ကြသွားမှာပါ ၊၊ ကိုယ်ကိုတိုင် လူလတ်ပိုင်း ဖြစ်လာတော. လူငယ်တွေနဲ. ဆက်ဆံတဲ့အခါ ပိုသတိ ထားရတယ် ၊၊ ကိုယ်တုန်းက ခံစားခဲ့ရသလို မခံစား စေချင်ဘူး ၊၊ ညှီုညှိုနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ပေါ့ .....

မဆုမွန် said...

မိဘအပေါ်သိတတ်ပါ ၀န်မပိပါစေနဲ့ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး မျက်ရည်လည်မိတယ်..

အစ်မတို့တွေ အားလုံးမှာ မိဘအပေါ် သိတတ်စာနာကူညီလိုတဲ့ စိတ်စေတနာကောင်းလေးတွေကို ဖော်ကျူးလိုက်တာပဲ..ဒါပေမယ့် သူများအပေါ်ဝန်မပိပါစေနဲ့ဆိုတဲ့ အမြင်ကိုတော့ နည်းနည်း ဘ၀င်မကျဖြစ်မိတယ် ဒါပေမယ့်လည်း သူများပေါ်မှာ စီးပိုးမိတဲ့သူတွေအတွက် ပြောတာလည်း ဖြစ်နိုင်ပါတယ်...ဘာပဲဖြစ်ဖြစ် လူငယ်တွေရဲ့ စိတ်ပြောင်းလဲမူကို အကဲခတ်မိတဲ့အတွက် ကျေးဇူးတင်တယ်..

နောက် လဘက်ရည်ဆိုင်ထိုင်ခြင်းနဲ့ပတ်သတ်ပြီး ကိုဗီလိန်ဆွေးနွေးထားတာကို အပြည့်အ၀ ထောက်ခံပါတယ်။။ နံပတ် ၃နဲ့ ၄မှာ ပိုများလာတယ်ဆိုတာကို လက်ခံပါတယ်။ လူငယ်တွေရဲ့ စိတ်ထွက်ပေါက် ရင်ဘတ်တွေထဲက စကားလုံးသွန်ချအံချလို့ရတဲ့နေရာတွေ အတွေးအခေါ် အမြင်ဆန်းသစ်မူတွေ ချပြလို့ရတဲ့နေရာ ဖလှယ်လို့ရတဲ့နေရာတစ်ခုဖြစ်တယ် ခံစားချက်တွေက သောက်တဲ့ နေရာဖြစ်ပါတယ်...အလုပ်အကိုင်မရှိ လက်ဘက်ရည်ဆိုင် ထိုင်တယ်ဆိုရင်တောင် သူတို့ ရဲ့မျော်လင့်ချက်တွေဟာ ဒီနေရာမှာ ရှိနေမယ်ဆိုတာကို လာစောင့်စားနေတာလို့မြင်မိပါတယ်။။ မြန်မာပြည်မှာတုန်းက ကျွန်မဟာ လက်ဘက်ရည်ဆိုင်ကို မက်မက်မောမောကို ထိုင်ခဲ့ပါတယ် လွယ်အိတ်တစ်လုံးလွယ်ပြီး လက်ဘက်ရည်ဆိုင်ခုံပုလေးတွေမှာ ထိုင် ရေနွေးအိုးကြမ်းကို မူတ်သောက်ပြီး ရင်ထဲက အပူတွေကို ထုတ်အန်ချခဲ့တဲ့ ဒီလက်ဘက်ရည်ဆိုင် အကြောင်း ဒီပို့စ်အတွက် ကျေးဇူးပါ ကိုဗီလိန်

ခရောင်းလမ်း said...

ဗီလိန် ကောင်လေး တော်တယ်။ ဆက်လုပ်။ လုံးဝကိုထောက်ခံတယ်။

molay88 said...

ဟားဟား မှန်တာတွေချရေးနေပြန်ပြီ...။ ဟုတ်ပါတယ်.. နောက်ပိုင်းလူငယ်တွေဟာ လက်ဖက်ရည်ဆိုင် ထိုင်တာ နံပါတ် ၃ ၄ ၅ ကြောင့်ထိုင်ဖြစ်တာများတယ်..။ ဘာပဲပြောပြော အစ်ကိုဗီရေးတာ ထောက်ခံတယ်..။ :-) (ပင့်တာ... )

chanye` said...

ကျွန်တော့်ကတော့ ဒကာရှိရင် လက်ဘက်ရည်သောက်ဖြစ်တယ်။ ကိုယ်ဟာကိုတော့ ၀ယ်မသောက်ဘူး ဟီး

NangNyi said...

နံပါတ် ၆ တွေရှိသေးတယ်.. လက်ဘက်ရည်ဆိုင်ထိုင်ပြီး မျောလွင့်တတ်တဲ့အမျိုးအစား.. အေးဆေး သာယာသောဆိုင်ရွေးထိုင်ပြီး စိတ်တွေကို လွှင့်ထုတ်ထားတယ်.. တိမ်တွေနဲ့အတူပျံတယ်.. ကော်ဖီကို အရသာခံသောက်တယ်.. ကုန်ရင် ရေနွေးကြမ်းကို ဇိမ်ဆွဲသောက်တယ်.. ဖွင့်ထားတဲ့ သီချင်းကို နားထောင်တယ်.. သီချင်းနဲ့အတူ လိုက်မျောနေတယ်.. နောက်တော့ အဲ့ဒါတွေကနေ သီချင်းတွေ ပန်းချီကားတွေ ကဗျာတွေ ရလာတယ်..

Anonymous said...

မှားနေပြီဗျ ခုခေတ်မှာ သွားကြည့်လိုက် လက်ဖက်ရည်ဆိုင်ထက် ဘီယာဆိုင်မှာ လူပိုများနေတယ်ဆိုတာတွေ့မှာပါ။ ခုခေတ်မှာ လက်ဖက်ရည်ဆိုင်ဆိုတာ ၀မ်းဖြည့်ရုံ အလုပ်
စကားပြောရုံပဲလောက်ပါပဲဆိုတာ တွေ့မှာပါ။
နောက်ပြီး မိဘ.. ဆိုတာ ... ကျနော်ကြားဖူးတာပြောပြရရင်တော့ ကိုယ့်မိဘ
ဟာ မကောင်းတာပဲ လုပ်စားဦး မိဘဟာ မိဘပဲ
မိဘမျက်ရည် တစက် သားသမီးဆင်းရဲ တသက်
မိဘကို မသေခင်ကျွေး သေမှ မငိုနဲ့ စသည်ဖြင့်ပေါ့ဗျာ။ ဒီအထဲက ကျနော်ကျင့်သုံးနေတာကတော့ မိဘကို မိဘလိုပဲ သဘောထားတယ်၊ ကိုယ့်ကြောင့် မိဘ မျက်ရည်မကျဘူးပေမဲ့ စိတ်တော့ ညစ်ဖူးကြတယ်၊ မိဘကို ကိုယ်တိုင်ကိုယ်ကျ
မလုပ်ကျွေးဖူးပေမဲ့ အဝေးကနေတော့ ထောက်ပံ့တယ် အဲဒီကျေးဇူးလားတော့ မသိဘူး ဟနေ့အထိ ဘာဒုက္ခမှ အကြီးအကျယ် မရောက်ဘူး ဘ၀မှာ ပုံမှန်ပဲ
မချမ်းသာဘူး မဆင်းရဲဘူး၊ ဆိုတော့ ညီအကို မောင်နှမများကိုလဲ ပြောလိုပါတယ်မိဘကိုတော့ မမေ့နဲ့ ကျနော်လက်ရှိ အဲဒီကျေးဇူး ခံစားနေရလို့ ပြောရဲတာပါ။
ကိုဗီရေ ဆိုင်မဆိုင်တော့ မသိဘူး ပြောချင်တာတွေ ပြောသွားတယ်ဗျို့

သက်ပိုင်သူ said...

ကိုယ်ကတော့.. သူငယ်ချင်း တွေနဲ ထိုင်ပြီး ဟိုဟိုဒီဒီ စကားပြောရတာ ကြိုက်တ.်

Anonymous said...

လိန်လိန်ရေ ဟိုတစ်ချိန်တုန်း လက်ဘက်ရည်ဆိုင် ညနေတွေကို လွမ်းမိတယ်။ အဲဒီတုန်းက ညနေ ကျောင်းကအပြန် ကိုရုပ်ဆိုးကြီးရယ်၊ ပြင်ပဂျာနယ်လေးတစ်ခုက သယ်ရင်းကောင်မလေးတစ်ယောက်ရယ်၊ မြန်မာတိုင်းက သတင်းထောက်ကျော်နှစ်ယောက်ရယ်၊ အိုင်စီအာစီက သယ်ရင်းတစ်ယောက်ရယ်၊ တိုတယ်က အမကြီးတစ်ယောက်ရယ်၊ ပရယ်စန်တာ ၀ါသနာပါတဲ့ သယ်ရင်းတစ်ယောက်ရယ်၊ အီဗရိုရှေးအလှကုန်တွေ ရောင်းတဲ့အမကြီးတစ်ယောက်ရယ် ရှုဒေါင့်ပေါင်းစုံက မြင်သမျှတွေကို ဆွေးနွေးငြင်းခုံကြတာကို သတိရမိတယ်။ ကိုယ်မရနိုင်တဲ့ အတွေ့အကြုံတွေကို သူတို့ဆီက နားထောင်ရင်း ငေးမောပေါ့။ တိုင်ပင်ဆွေးနွေးခြင်းတွေနဲ့ အရမ်းကို ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေပါပဲ။ ဗဟုသုတတွေ ရခဲ့သလို အကျိုးတွေရှိခဲ့တယ်ဆိုပါတော့ဗျာ။

နောက်ထပ်သတိရမိတာက ဆရာမြသန်းတင့်ရဲ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတဲ့စာလေးပါ။

လူငယ်တွေ လဘက်ရည်ဆိုင်ထိုင်ကြတာ အလကားမဟုတ်ဘူးဆိုတာ လူကြီးတွေက နားလည်ပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။
ကျနော်တို့လူငယ်တွေကလည်း တာဝန်တွေလက်ဆင့်ကမ်းထမ်းယူရင်း လူငယ်တွေရဲ့ အလိမ္မာကိုပြကြတာပေါ့ဗျာ

Unknown said...

လူကြီးတွေနဲ့ လူငယ်တွေ ဥရောပ မှာ မနေလို့ ပါ..နေရင် လူငယ်တွေကို လူကြီးတွေ သိတ်ချစ်မှာပဲ...
ဘာလို့ လည်းဆိုတော့ ထိုင်စရာလက်ဖက်ရည်ဆိုင် မရှိလို့ လေ..(ပွားခြင်တိုင်း ပွားလို့ ရတဲ့  လမ်းဘေး လက်ဖက်ရည်ဆိုင်မျိုးပေါ့)
Cafe Shop တွေတော့ ရှိတာပေါ့နော်..ဒါပေမဲ ယဉ်ကျေးမှုခြင်းမတူတော့ မြန်မာပြည်က လမ်းဘေးလက်ဖက်ရည်ဆိုင်လောက်တော့ မလွမ်းလောက်ဘူးလေ...အဲဒီကိုလည်း လူငယ်တွေ မသွားကြတော့ဘူး....အများအားဖြင့် အိမ်တွေမှာပဲ စုံကြ သောက်ကြ (ဘီယာ) ပွားကြတော့တယ်...အဲဒီတော့လည်း မိဘတွေပိုစိတ်ချ ကြတာပေါ့... :P

ဗီလိန် said...

ဆွေးနွေးဝေဖန်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

ဗန်ပိုင်းယား said...

လက်ဘက်ရည်ဆိုင်ထိုင်တာ ကောင်းပါတယ် .အလွန်ကောင်းပါတယ်.... အကြံကောင်းတွေ ရတယ် . မခံချင်စိတ်တွေနဲ့ ကြိုးစားမှုတွေ ဖြစ်တည်လာတယ်..

Anonymous said...

ဟုတ်တယ်..
လဘက်ရည်ဆိုင် ထိုင်တာများပြီး
အသိဥာဏ်တွေ တိုးလာလို.
လဘက်ရည်ဆိုင်မှာ စားပွဲထိုး၊
အိုက်တိုးပေ၈းဘဲ ဆံလိုက်တော.တယ်.

လာစမ်း ဒီအကြံကောင်းတွေ..မခံချင်စိတ်တွေ
ဆေးသမျှ ပု၈ံတွေ ကွဲဘို.သာပြင်ထား
ကေလာမမ