အခန်းလေးထဲမှာ...

လူတစ်ယောက် ကျနော့ အခန်းထဲဝင်လာတယ်။ မျက်နှာက မှုန်ကုတ်ကုတ်နဲ့ လောကကြီးကို မကျေနပ်တဲ့ပုံစံ။ မျက်နှာက အကြောတွေအကုန်လုံးကို ရုပ်အဆိုးဆုံးဖြစ်အောင် တင်းထားတယ်။ လက်နှစ်ဘက်ကလည်း တခါခါနဲ့ တော်တော်လေး တုန်လှုပ်နေ့တဲ့ပုံစံမျိုး သူ့အချစ်ဆုံး ဇနီးသည်ကိုတောင် မေ့နေတဲ့ပုံပဲ။ ပြီးတော့ သူ ကျနော်နဲ့ လုပ်စရာရှိတာ လုပ်တယ်။ ခဏနေတော့ ဘာမှမဖြစ်တော့သလိုနဲ့ ပြန်ထွက်သွားတယ်။

နောက်တစ်ယောက် ဝင်လာပြန်ပြီ။ ဆက်ကျော်သက် လှတပတ ကောင်မလေးတစ်ယောက်ဗျ။ ဒါပေမယ့် သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလို့။ လက်ထဲမှာလည်း ဟမ်းဖုန်းနဲ့ စကားပြောနေတယ်။ တိုးတိုးလေး။ ပြောနေရင်းနဲ့ အငိုတွေပိုသည်းလာပြီ။ တရှိုက်မက်မက်နဲ့ကို ငိုနေတာ။ မျက်ခမ်းစပ်မှာ ဆွဲထားတဲ့ လိုင်နာက ပါးပေါ်မှာ မျက်ရည်မြစ်နှစ်ခုထွန်းနေပြီ။ အနားမှာရှိတဲ့ ကျနော့ဆီက တစ်သျှူးနဲ့ မသုတ်ဘူး။ သူ့ဂျင်းဘောင်းဘီ ကြပ်ကြပ်ထဲက ၈ ခုပါတဲ့ တစ်သျှူးကို မရမကထုတ်ပြီး သုတ်လိုက်တယ်။ ဖုန်းချပြီး သူဆက်ငိုနေသေးတယ်။ စကားတစ်ခွန်းမှ မပြောတော့ဘူး။ ခဏနေ အငိုလည်းဝရော ထွက်သွားပြန်တယ်။

တစ်ခါ ၁၃နှစ်သား ကောင်လေးတစ်ယောက်။ ဟိုကြည့်ဒီကြည့်လုပ်ပြီး ကျနော့ အခန်း ဂျက်ကို ပိတ်လိုက်တယ်။ ဘောင်းဘီအိတ်ထဲက အသင့်ပါလာတဲ့ ဆေးလိပ်နဲ့ မီးချစ်ကို ထုတ်ပြီး အားရပါးရဖွာလိုက်တာ ချောင်းတဟွတ်ဟွတ် ဆိုးပါလေရော။ မင်းသားကြီးစတိုင်နဲ့ ဆေးလိပ်ကို ပုံစံမျိုးစုံ ဟန်ပါပါသောက်တဲ့ပုံက နှုတ်ခမ်း တဆူဆူနဲ့ပေါ့။ အပြင်က သူ့နာမည်ခေါ်တဲ့ အသံကြားတော့ ကမန်းကတန်း မီးသတ်ပြီး ထွက်သွားပါတယ်။

ဒီတခါ အသက် ၄၀ကျော် ၅၀နီးပါး အမျိုးသမီးတစ်ယောက်။ လက်ထဲမှာလဲ ဝတ္ထုစာအုပ်နဲ့။ ခပ်တည်တည်နဲ့ထိုင်ပြီး ဝတ္ထုကို စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပါတယ်။ တစ်မျက်နှာ တစ်မျက်နှာကို မြန်ပါ့။ စာဖတ်တာတော်တော်လေး ကျွမ်းကျင်နေတဲ့ပုံ။ သိပ်မကြာလိုက်ဘူး။ ၁၅ မိနစ်လောက်နဲ့ ပြီးသွားတယ်။ အရမ်းကြီး မထူတာလဲပါပါတယ်။ ဝတ္ထုတစ်အုပ်ကုန်သွားမှပဲ ထွက်သွားပြန်ပါတယ်။

ဟောလာပြန်ပြီ နောက်တစ်ဦး။ အသက် ၂၅နှစ်လောက် လူငယ်တစ်ဦး။ ဝတ်ထားတာက ဂျင်းဘောင်းဘီကြပ်ကြပ်နဲ့ ထော်လော်ကန့်လန့်။ ဆံပင်ကလည်း သေသေချာချာဖီးမထား။ ရှည်နေပြီဖြစ်တဲ့ဆံပင်က သူ့မျက်နှာတစ်ဖတ်ကို အုပ်ထားပြီးပြီ။ အခန်းထဲရောက်တဲ့နဲ့ ဆေးထိုးအပ်နဲ့ ပုလင်းတစ်လုံးကို ထုတ်ပြီး သူ့လက်မောင်းထဲက အကြောထဲကို ထိုးသွင်းပြီး အသာငြိမ်နေလိုက်တယ်။ တော်တော်လေးကြာတဲ့အထိပေါ့။ ပြီးတော့မှ ဖြည်းဖြည်းချင်း ယိုင်တိုင်ယိုင်တိုင်နဲ့ ထွက်သွားတယ်။

အဘွားကြီး တစ်ယောက်ကလည်း သူ့ရဲ့မကျေနပ်ချက်မှန်သမျှကို ပွစိပွစိနဲ့ပြောပြီးဝင်လာပါတယ်။ အပြင်ကတည်းက ပြောလာတာပါ။ ကျနော့အခန်းထဲ ပြောချင်ရာပြော။ လုပ်ချင်ရာလုပ်ပြီး ပွစိပွစိနဲ့ပဲ ပြန်ထွက်သွားပြန်ရော။ ချွေးမနဲ့ စကားများလာပြန်ပြီပေါ့။

ဒီတစ်ခါဝင်လာတဲ့သူက ကျနော်အလာစေချင်ဆုံးသူ။ သူက အိမ်မှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေး။ ကောင်မလေးက ကျနော့အခန်းထဲရောက်တော့ အရင်ဆုံး လက်ထဲကရေပုံးကို ချပြီး ကျနော့တစ်ခန်းလုံးကို လောင်းချလိုက်တယ်။ ပြီးတော့ ပါလာတဲ့ ဆပ်ပြာရည်နဲ့ပါလောင်းပြီး ဆေးကျောပြီးတော့ ကျနော့ကိုပါ သေချာတိုက်ချွတ်ဆေးကျောပြီး နောက်က ရေခလုတ်ဆွဲချပြီး ပြန်ထွက်သွားပါတယ်။ အခုမှပဲ ကျနော့အခန်းလေး သန့်ရှင်းသွားတော့တယ်။ တနေကုန် ဟိုလူဝင်လာပြီး လုပ်ချင်ရာလုပ်လိုက်၊ ဒီလူဝင်လာပြီး လုပ်ချင်ရာလုပ်လိုက်နဲ့ ဝင်လိုက်ထွက်လိုက်လုပ်နေကြတာ။ အခန်းတစ်ခုလုံးလဲ ညစ်ပတ်နေပြီ။ ခုမှပဲ သန့်သန့်ရှင်းရှင်းလေးဖြစ်သွားတော့တယ်။ ကျေးဇူးပဲ အိမ်ဖော်မလေးရေ့။

13 comments:

ဖိုးဂျယ် said...

သွားခါနီးလေး ပိုစ့်တပုဒ်ရအောင်ရေးသွားသေးတယ်နော်
ဗီဗီတို့ကတော့ လက်ဖျားခါတယ်။
ငါ့မှာသာ ဘယ်လို ထုတ်ထုတ်မထွက်
ဖူးးးးးးးး ဖူးးးးးးးးးး

sait phay yar said...

ဗီးကတော့ လေ... လူတွေကို ငိုအောင်ကိုလုပ်သွားတယ် သွားပါ ပြန်လာလို့လက်ဆောင်ပါမလာရင်တွေ့မယ်
တစ်ဖူးဖူးဖူး လေး လုပ်နဲ့နော်

Anonymous said...

တကယ်ပြန်သွားတာလားးး စနေတာထင်တာ ပျော်ပါစေ အိမ်ပြန်ခရီး ချောမွေ့ပါစေဗျို့

Dr Phyo Wai Kyaw said...

အား
ကောင်းတယ်ဗျ...
မိုက်တယ်..

Anonymous said...

တွေးတတ်ပါ့ပေ... ပြန်သွားရင် ဒီကအကြောင်းတွေရေးဦးနော်

Andy said...

သောက်ရမ်း သောက်ရမ်းကို မိုက်တာဗျာ... တောက်

Anonymous said...

တော်ကီတွေကတော့ လန်းပါ့ဗျာ။
ကျနော်ကတော့ ကိုဗီ့စာဖတ်ပြီး တမျိုးတော့ ခံစားလိုက်ရတယ်ဗျ ။

puluque said...

လိန်လိန်ရေ.. သန့်ရှင်းရေးလုပ်သွားတယ်။

ကိုရုပ်ဆိုး said...

ဝိတ်လာလျှော့သွားတယ်ဗျို့ .......... :D

s said...

အကို အရေးအသားက မိုက်တယ်နော်။
မြန်မာပြည် သွားနေတာလား သိတောင်မသိလိုက်ဘူးနော်။ အစစအရာရာ ချောမွေ့ သာယာပါစေရှင်။

Anonymous said...

အရေးအသားကလန်ထွက်နေတာပဲ ကိုဗီလိန်ရေ
လေးစားပါတယ်ရှင်

chanye` said...

ကောင်းတယ်ဗျို့..
အဲလို တခုခုကို ၀ှက်ပြီးရေးတတ်တဲ့ အကို့ရဲ့ စာရေးတဲ့ ပုံစံလေးကိုမိုက်တယ်။

kiki said...

စစချင်းဖတ်တုံးက ဘာအခန်းမှန်းမသိပါဘူး ။နောက်မှ အင်မတန်အရေးကြီးတဲ့ အခန်းလေးမှန်းသိတော့တယ် ။မိုက်တယ်နော် ။အဟက်ဟက်