ပြီးဆုံးသွားသော ဒိုင်ယာရီ

မနက်ကအထိတော့ ကျနော်ပျော်ရွှင်နေတုန်းပါပဲ..........။ အခုကော? အခုကလား။ အင်း.....မပျော်ဘူး၊ ဘယ်လိုလုပ်ပျော်ပါ့မလဲ။ တစ်ကိုယ်လုံးကားနဲ့အကြိတ်ခံရတာကိုး။ မနက်က လှည်းတန်း ၅လမ်း ဆိုင်ရှေ့ကမုန့်ဟင်းခါးဆိုင်မှာ Breakfast စားတယ်။ ဒီနေ့နန်းလေးနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာ ၃နှစ်ပြည့်ပြီ။ ဒီလိုနဲ့ပဲ နန်းလေးနဲ့ချိန်းထားတဲ့ ကန်ဘောင်က ကန်တင်းကိုအလာ ပြည်လမ်းမှာ လမ်းအကူး အရှိန်နဲ့လာနေတဲ့ မာစတာဂျစ်ကို လွတ်မယ်ထင်လို့ပြေးအကူး။ သူ့ကိုကျော်လာတဲ့ ၅၁ က ကျနော်ကို တည့်တည့်တိုက်တော့တာပဲ။ ဘတ်စ်ကားက လူကလည်းပြည့် အရှိန်ကလည်းပါတော့ ကျနော်တော်တော်ခပ်ဝေးဝေးကို လွင့်ကျသွားတယ်။ လွင့်အကျမှာပဲ ဆန့်ကျင်ဘက်လမ်းကြောင်းကလာနေတဲ့ ၉၇(အစိမ်း)က ကျနော်ကို တည့်တည့်တတ်ကြိတ်တော့တာပဲ။ ကျနော်ဘာမှမသိတော့ဘူး.......။

တော်တော်လေးကြာသွားတယ်။ ဘာတွေဘယ်လိုဖြစ်လိုက်မှန်းကိုမသိတော့ပါဘူး။ သတိရလာတော့ မြင်လိုက်ရတာက ပြည်လမ်းမက ကားလမ်းပေါ်မှာ ခေါင်းကြေနေတဲ့အလောင်းတစ်ခု။ ခေါင်းကတော့အ၀တ်နဲ့အုပ်ထားပါတယ်။ ဒါပေမယ့် အုပ်ထားလဲသိနေရတာပဲလေ။ သူဝတ်ထားတဲ့အင်္ကျီက ပြီးခဲ့တဲ့ကျနော့မွေးနေ့တုန်းက နန်းလေးဝယ်ပေးထားတဲ့ တီရှပ်အပြာ။ နန်းလေးရေ....မင်းဝယ်ပေးထားတဲ့ အင်္ကျီတော့ သွေးတွေစွန်းလို့။ သိပ်မကြာလိုက်ပါဘူး ဆေးရုံကားက ကျနော့ရုပ်အလောင်းကို လာသယ်သွားပါတယ်။ ကျနော်လည်း ကျနော့လောက်ကိုကျနော် တကောက်ကောက်ပေါ့။ အရင်က နန်းလေးနောက်ကို ကျနော်တကောက်ကောက်။ ကျနော့နောက်ကို နန်းလေး တကောက်ကောက်။ အခုတော့ ကျနော့နောက်ကို ကျနော် တကောက်ကောက် ဖြစ်နေပြီလေ။

သူတို့တွေ ဘာများလုပ်ကြမလဲ။ တော်တော်လေးကြာတော့ အမေရောက်လာတယ်။ ရုပ်ပျက်နေတဲ့ကျနော့ကို သူတို့က ကြည့်ခွင့်မပေးကြဘူးလေ။ အရူးတပိုင်းဖြစ်နေတဲ့ အမေ့ကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ နန်းလေး..... မင်းတောင်ရောက်လာပြီနော်။ မျက်ရည်တွေရွှဲလို့။ အရူးတပိုင်းဖြစ်နေတဲ့အမေ၊ ဆောက်တည်ရာမရဖြစ်နေတဲ့ နန်းလေး၊ ကြေကွဲစို့နင့်နေတဲ့ အချစ်ဆုံးသော တစ်ဦးတည်းသောအစ်မ အားလုံးကိုဆက်ကြည့်ဖို့အင်အားမရှိတော့။ အမေ့လက်ထဲမှာ ကျနော့ ဒိုင်ယာရီ။ ဆောက်တည်ရာမရဖြစ်နေတဲ့ နန်းလေး အော်ဟစ်ပြီးလို့ ဝတော့ ကြောင်တောင်တောင်နဲ့ ကျနော့ကိုကြည့်နေလေရဲ့။ နန်းလေးရယ်....မင်းစိတ်ထဲမှာ ကိုယ်အိပ်နေတာ...တစ်ချိန်မှာ ပြန်နိုးလာမယ်လို့များ ထင်နေရော့သလားဟင်။ ကျနော့ဒိုင်ယာရီထဲမှာ..နန်းလေးနဲ့ လက်ထပ်မယ့်နေ့ အတွက် ပြောဖို့ စကား.. ကျနော့ပါးစပ်ကထွက်ကျလာမယ့် နန်းလေးမကြားခဲ့ရတဲ့စကားလေး..
"ငါလေ..နင် ပန်းရောင် ဂါဝန်လေးဝတ်ပြီး ကနေတာ စမြင်ကတည်းက.. ငါ့ရင်ထဲမှာ ပန်းရောင် နှင်းဆီပန်းခင်းတစ်ခု ပျိုးထောင်ခဲ့တာပါ...ဘာလို့ လဲဆိုတော့.. ငါလေ.. ငါလေ..အဲဒီအချိန်ထဲက နင့်ကို ချစ်နေခဲ့တာပါဟာ... "

မှတ်ချက်။ ။ http://nannsuthet.blogspot.com/2008/08/blog-post.html
နှင့် တွဲဖက်ရေးသားထားပါသည်။ ခွင့်ပြုပေးတဲ့ နန်းစုသက်ကိုကျေးဇူးပါနော်။

ယခု ထို Blog သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။ နောက်ဆက်တွဲ ကို ဖတ်ရှုနိုင်ပါပြီ။

ဗီလိန်

3 comments:

Anonymous said...

အရေးအသားကောင်းပါတယ် သူငယ်ချင်း..ကြိုးစားပါဦး..အားပေးနေပါ့မယ်

Anonymous said...

The ghost is not poor to feel his own sadness.
I think, u may be a reteller about a story.
Ur writing is very good.

Melody said...

ပေါ့တယ်။ ဘာလိုနေမှန်းမသိဘူး