ပုလင်းတစ်လုံး၏ ရင်ဖွင့်သံ

လူတွေကကျနော့ဆို အမြဲအမြင်ကပ်ကြတယ်။ အထူးသဖြင့် ကျနော့ကိုမပေါင်းသင်းတဲ့သူတွေပေါ့။ ပေါင်းတဲ့သူတွေကျတော့လည်း မိုးလင်း၊ မိုးချုပ်ကျနော့နားကမခွာ။ မပေါင်းတဲ့သူတွေကလဲ ကျတော့ကိုမကောင်းဘူးတဲ့။ ပေါင်းတဲ့သူတွေကျတော့လည်း မင်းမကြိုက်ရင်မင်းမပေါင်းနဲ့ ငါကြိုက်လို့ငါပေါင်းတာ ဆိုပဲ။ ကျနော်ကလည်းဘယ်သူမှ ကျနော့ကိုလာပေါင်းပါလို့ ပြောနေတာလည်းမဟုတ်။ ကျနော်ကလည်း ကျနော်ပါပဲဗျာ။ ထစ်ကနဲဆို လုပ်ကွာ….လုပ် ဆိုပြီးမြှောက်မြှောက်ပေးနေတာကိုး။ ဒါပေမယ့်ဗျာ စဉ်းစားကြည့်ကြပါ။ ကျနော်က လုပ်ဆိုတိုင်းလုပ်စရာလား။ သူတို့ဟာသူတို့ စဉ်းစားတတ်တဲ့ဉာဏ်တော့ ရှိဖို့ကောင်းတာပေါ့။ အဲဒါကိုလုပ်တဲ့သူရဲ့အပြစ်မဟုတ်၊ ကျနော့အပြစ်ဆိုပြီး လွှဲလွှဲချကြတယ်ဗျာ။ ဘေးလူကပြောရင်တော်သေးတယ်။ ကျနော့ကိုပေါင်းတဲ့သူတွေ ကိုယ်တိုင်ကိုကကျနော့ကို လွှဲလွှဲချနေကြတာ။ အခုပဲကြည့်။ ကွမ်းယာဆိုင်ကကောင်နဲ့ ဆိုက်ကားသမားနဲ့ ရန်ဖြစ်တာ ကျနော့ကိုပဲလွဲချကြတယ်ဗျာ။ သြော်...လူတွေ…လူတွေ…။

ဒါပေမယ့် ကျနော်ကတော့ကျနော်ပါပဲ။ ဘယ်သူကိုမှဂရုမစိုက်သလို ဘယ်သူ့ကိုမှလဲ ဘာမှမပြောပါဘူး။ တစ်ခုတော့ပြောရဦးမယ်။ ကျနော်ကို အဲလိုမျိုး ဆိုက်ကားသမားတွေ၊ ကွမ်းယာဆိုင်ကလူတွေနဲ့ပဲ ပေါင်းတယ်လို့တော့မထင်လိုက်နဲ့ဦး။ လူတွေကတစ်ခုခုလိုချင်လို့ သူတို့အဘ(အခေါ်အဝေါ်တမျိုး)တွေနဲ့ သွားသွားတွေ့ရင် ကျနော့ကိုခေါ်ခေါ်သွားလေရဲ့။ လူကုံထံတွေဆိုပိုဆိုး။ ကျနော်က အဲလိုကျတော့ လူရာဝင်သား။

ဒါတင်ဘယ်ကမလဲ ရုပ်ရှင်ထဲမှာဆိုလဲ ခဏခဏပါတယ်နော်။ တစ်ခုမကျေနပ်တာရှိတယ်ဗျ။ မြန်မာကားတွေထဲမှာဆို ကျနော်ကအမြဲတန်း ဗီလိန်ပဲလုပ်ရတယ်ဗျာ။ မင်းသမီးကို ဒုက္ခပေးတော့မယ်ဆိုကျနော်ကရှေ့ဆုံးက။ ကျနော့မှာ နှုတ်ခမ်းမွှေးလည်းမရှိပါဘူးဗျာ။ (များသောအားဖြင့်တော့ မြန်မာကားတွေထဲမှာ နှုတ်ခမ်းမွှေးပါရင်ဗီလိန်ဗျ။ မပါလည်းဖြစ်နေတဲ့သူတွေတော့ ရှိတာပေါ့လေ။ ကျနော့လိုပေါ့။) ပန်းအိုးလေးများလဲကျသွားရင်၊ ပန်းလေးများကြွေကျသွားရင်၊ ကျားကြီးက “ဝေါင်း” ဆိုခုန်အုပ်လိုက်ရင် လှည့်မကြည့်နဲ့ တရားခံကကျနော်ပဲ။

နောက်တစ်ခုရှိသေးတယ်။ ရုပ်ရှင်ထဲမှာပါတယ်သာပြောတယ်။ နာမည်ပဲပါတာ။ ကျနော်ရယ်လို့ သတ်သတ်မှတ်မှတ် တခါမှမပါရဘူး။ ပါခဲ့ရင်လဲ အက်ဒီတာက ကျနော့ကို ၀ါးတားတားကြီးဖြစ်အောင် လုပ်လုပ်ပစ်တယ်ဗျ။ ဘယ်လိုအညှိုးလဲမသိပါဘူးဗျာ။ ကျနော့ဆိုအဲလိုပဲ။ ခင်ဗျားဆိုရင်ကော အဲလိုဖြစ်ချင်ပါမလား။ စဉ်းစားကြည့်လေ။ တစ်ခါတစ်လေလေးတော့ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ ရှေ့ကပါချင်တာပေါ့။ ဂုဏ်သရေရှိရှိလေး။ အပြင်မှာဆိုရင်တော့ပါရပါတယ်။ ဒီလိုပွဲမျိုးဆိုကျနော်က ရှေ့ဆုံးက။ သြော်...လူတွေ…လူတွေ…။ ဘာလို့များအမှန်တရားကို ဖုံးကွယ်ပြီးရုပ်ရှင်တွေရိုက်နေကြပါလိမ့်။

ဘာပဲဖြစ်ဖြစ်ပါလေ။ လူတွေကတော့ကျနော့ကို မကောင်းဘူးမကောင်းဘူးဆိုပြီး ပေါင်းနေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ခင်ဗျားကိုတော့ကျနော်နဲ့ မပေါင်းစေချင်ဘူးဗျာ။ မပေါင်းတာတော့အကောင်းဆုံးပဲ။ မပေါင်းမဖြစ်ပေါင်းမယ်ဆိုရင်လဲ အဖြစ်သဘောပဲပေါင်းပါဗျာ (စိတ်ပေါင်း ကိုယ်ခွာလေးပေါ့)။ တစ်ခုတော့ကြိုပြီးတောင်းပန်မယ်ဗျာ။ ပေါင်းပြီးလို့ ပြဿနာတစ်ခုဖြစ်ရင်တော့ ကျနော့ကိုလွှဲမချနဲ့ဗျာ။ လုပ်ရဲရင်ခံရဲရမှာပေါ့။ မဟုတ်ဘူးလား။

ဒါပေမယ့်…….ဒါပေမယ့်ပေါ့လေ။
ကျနော်ဘယ်လိုပဲ ဘာတွေပြောပြော လူတွေကတော့ သူတို့လုပ်ချင်သလိုလုပ်ပြီး လွှဲချနေကြတာပါပဲ။
ဒါကြောင့်ပြောတာ…..ကျနော့ကိုမပေါင်းပါနဲ့လို့..................။

4 comments:

Anonymous said...

ကျနော့ကိုတော့ အပေါင်းအသင်းလုပ်ခွင့်ပေးပါဗျာ။ ခင်ဗျားကိုမကောင်းဘူးတော့ မပြောပါဘူး။ ကျနော့အတွက် တခါတခါမှာ ခင်ဗျားလိုအပ်ပါတယ်။ ဒါပေမယ့် ခင်ဗျားကျနော့အနားမှာ အမြဲမနေပါနဲ့။ ကျနော်ကဒေါသကြီးတယ်။ ခင်ဗျားနဲ့ အပေါင်းအသင်းတွေအားလုံးကို ချုပ်ပြီး အိတ်တစ်လုံးထဲမှာပြွတ်သိပ်ထည့် လိုက်ပြီး ကျနော့အတွက် လက်ဖျားငွေသီးမှာလေ။ ကဲ ငြိမ်ငြိမ်နေမယ်မဟုတ်လား...

ဗော်လ်တယ် ကုလားတစ်ယောက်၏ရင်ဖွင့်သံ

Anonymous said...

ဟုတ်ပဗျာ ... မင်းနဲ့ ပေါင်းမိလို့ ပန်းခြွေမိတာတဲ၊ ကျားကခုန်အုပ်မိတာတဲ့၊ ပန်းအိုးလွတ်ကျသွားတာပါတဲ့ .... ဟိုဟာ ကျွေးကြည့်ပါလား ... ဘယ်တော့မှ မစားဘူး။ မင်းကိုတော့ ငါခင်ပါတယ်ကွာ ... အခုတောင် မင်းနဲ့ အတူထိုင်ချင်လို့ ၁၉-လမ်း (ရန်ကုန် တရုတ်တန်းက အရက်ဆိုင်လမ်း) သွားမလို့။ စကားစမြည်ပြောကြတာပေါ့ကွာ ...။

ရွှန်းမီ said...

ပေါင်းတာ မဟုတ်ဘူး .. အသုံးချတာ လို့ တည့်တည့်ပြောရင် ခံနိုင်မလား ? ? . .
စဉ်းစားကြည့်မိတာပါ..။

မိုးခါး said...

နှုတ်ခမ်းမွှေးက ဘယ်လိုပုံစံ ကြိုက်လဲ
သမိန်ပေါသွပ်လား
အာတာလွတ်မြို့စားကြီးလား :D