ကျနော်ချစ်သော အပြာရောင်ဖဲပြားလေး

ရုံးမှာ အလုပ်လေးပါးတုန်း ကမ္ဘာကြီးပေါ်ကို လျှောက်သွားနေမိတယ်။ တနေရာ အရောက်...... မြင်လိုက်ရတာက အပြာရောင်လေးတွေ။ ရင်ဘတ်ကနေ ဖြာထွက်နေတဲ့ အပြာရောင် လေးတွေမြင်တိုင်း ကျနော့စိတ်တွေ နုပျိုသွားသလိုပဲ။ အဲဒီ့ အပြာရောင်လေးတွေက သူလေးနားမှာ ဝိုင်းဝိုင်းလည်လို့ပေါ့။ လွမ်းလိုက်တာကွာ... ပြောမပြတတ်အောင်ပဲ။ သူအတွက် ကျနော်က အညတရ ဆိုပေမယ့် သူက ကျနော့အတွက် သူရဲကောင်းတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ကျနော့ကို ဘဝ အကြောင်းတွေ သင်ပေးသူ ဆိုလည်းဟုတ်တယ်။ ကျနော့ကို ရင့်ကျက် စေတဲ့သူ ဆိုလည်းဟုတ်တယ်။ ကျနော့ကို အတိုင်းမသိ ပျော်ရွှင်စေခဲ့သူဆိုလည်း ဟုတ်တယ်။ ကျနော့ အတွက် ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်း ၂၅ ခါ ထွန်းခဲ့ဖူးတဲ့ ဘဝ တလျှောက်လုံးမှာ သူနဲ့ တွေ့ဆုံခဲ့ရခြင်းကို ကျနော် အမြတ်နိုးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့.... သူ့ကို ကျနော် ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး နာကြည်းစရာတွေ ရှိနေလည်း ကျနော် ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး လူတကာ အပြောအဆိုခံခဲ့ရလည်း ကျနော်ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး အရှက်ရစရာတွေ ကြုံဆုံခဲ့လည်း ကျနော်ချစ်တယ်။ သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ ခုံတန်းလေးတွေ... ပုဏ္ဏရိပ်ပင်လေးတွေ... သစ်ပင်အောက်က မြက်ခင်းပြင်လေးတွေ... တွေးမိတိုင်း မျက်ရည်ဝိုင်းမိတယ်။

သူဟာ ကျနော့အတွက်တော့ အပြုစုကောင်းတဲ့ အိမ်ရှင်မတစ်ယောက် လိုပဲ။ သူဟာ အချက်ပြုတ်တော့ မကောင်းဘူး။ ဒါပေမယ့် ဟင်းကောင်းဖွယ်ရာတွေ စားရတိုင်း သူ့လက်ရာ ခပ်ညံ့ညံ့လေးကို သတိရတယ်။ ခပ်ကျဲကျဲ လက်ဘက်ရည်နဲ့ တခါတခါ ဆားမပါတဲ့ ကြက်ဥပေါင်မုန့်ကြော်၊ ဖြူဖတ်ဖြူရော် အသားဟင်းနဲ့ ခပ်ပြဲပြဲ ထမင်း။ ဒါတွေကို ဘာကြောင့် ကျနော် တမ်းတနေမိတာလည်း။ ကျနော့မှာ အကြောင်းရင်းက တစ်ခုပဲရှိတယ်။ သူ့ကို အရမ်းချစ်တယ်။ ဒါတွေတင်ဘယ်ကဦးမလဲ။ မိုးလင်းကနေ မိုးချုပ်ထိ အဲကွန်းနဲ့ နေနေရပေမယ့် အဲကွန်းဖွင့်ပေးဖို့ အမြဲ ကပ်သပ်တတ်တဲ့ သူ့ကို သွားသတိရပြန်ရော။ သူနဲ့ တွေ့ကာစတုန်းကတော့ ကျနော် စာဖတ်နေရင် အဲကွန်းလေးက အေးလို့။ ချမ်းလွန်းလို့တောင် အအေးလျှော့ခိုင်းရတယ်။ နောက်ပိုင်းကျတော့ မီတာခလေး အကြောင်းပြပြီး ဖွင့်မပေးတော့ဘူး။ ဒါလည်း ကျနော် သူ့ကို ချစ်နေတုန်းပဲ။ အဲကွန်းနည်းတူပါပဲ။ သူနဲ့ ဆုံကာစက ကွန်ပြူတာလေး သုံးတတ်ကာစ ဆိုတော့ သူ့ကွန်ပြူတာလေးကို ကျနော်သုံးတယ်။ နောက်ပိုင်းကျတော့ ကွန်ပြူတာခန်းတံခါးဝက သော့ခလောက်လေးက ကျနော့ကို အထဲ ပေးမဝင်တော့ဘူးလေ။ သူကျနော့ကို ဘယ်လိုပဲ ထားထား သူ့ကို ကျနော်ချစ်တယ်။ သူ့ကို ကျနော် ချစ်နေရရင်ကိုပဲ ကျေနပ်နေတဲ့သူပါ။

သူက ကျနော့ကို မိုးလင်းမိုးချုပ် သူ့ဘေးနားမှာ ရှိစေချင်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေက ခေါ်ရင် တခါတခါ သူ့နားမှာ မရှိနေနိုင်ဘူး။ အဲလိုအခါမျိုးဆို သူက ကျနော့ကို ဆူတယ်။ အပြစ်ပေးတယ်။ တခါတလေ ကျနော့ကို ဖြတ်မယ် ပြောတယ်။ ကျနော့နှလုံးသားတွေ နာကျင်ခဲ့ရတယ်။ ကျနော် သူငယ်ချင်းတွေနဲ့ အပြင်သွားတယ် ဆိုရင်တောင် သူ့ဆီကိုတော့ အရင်သွားတယ်။ သူငယ်ချင်းတွေ လူခွဲပြီ ဆိုရင်လည်း သူ့ဆီ တခေါက် ပြန်သွားပြီးမှ အိမ်ပြန်နေကျပါ။ နောက်ပိုင်းကျတော့ ကျနော့ကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်တယ်။ ၄ရက်မှာ ၃ရက် သူ့ဆီမှာ နေမပေးရင် ဖြတ်မယ်တဲ့။ ကျနော်လည်း အတတ်နိုင်ဆုံးနေပေးပါတယ်။ ဒါပေမယ့် ကျနော်ကလည်း လွန်ပါတယ်။ ၄ ရက်မှာ ၃ ရက်က သူဘေးမှာ မရှိနေခဲ့ဘူးလေ။ ဟိုသူငယ်ချင်းက ဒိုတာမှာ Supporter လိုနေလို့၊ ဒီသူငယ်ချင်းက ဆေးကျောင်းနဲ့ပွဲအတွက် ဂိုးသမားမရှိလို့။ ဒီလိုနဲ့ပဲ အဖော်မင်တဲ့ ကျနော်နဲ့ အနားမှာ အမြဲရှိစေချင်တဲ့ သူ ခဏခဏ ပြဿနာ ဖြစ်ကြရတယ်။ ကတိတွေ အထပ်ထပ်ပေးပြီး ပျက်တတ်တဲ့ ကျနော့ကို သူကပဲ နောက်ဆုံး ခွင့်လွှတ်ခဲ့ပါတယ်။ အငိုသန်တဲ့ ကလေး နို့ပိုစို့ရတယ် ဆိုသလိုပဲ ဆိုးတဲ့ ပေတဲ့ ကျနော့ကို သူပိုချစ်သလားမသိပါဘူး။

သူ့ အမှတ်အသားဖြစ်တဲ့ အပြာရောင်ဖဲပြားလေးလည်း ကျနော်လည်း ဝတ်ဆင်ဖူးပါရဲ့၊ ဝတ်ခဲ့ဖူးလို့ ပျော်ခဲ့ရသလို ဒီအပြာရောင် ဖဲပြားလေးကပဲ ခွဲခွာခြင်းအတွက် အမှတ်အသားတစ်ခုပေပဲလား။ အင်းယားကန်နားက သူ့ပုံရိပ်တွေ၊ အဓိပတိလမ်းက သူ့အငွေ့အသက်တွေ၊ ဘယ်ဘက်ရင်အုံမှာ သူ့နာမည်ကိုရေးထိုးပြီး ဖမ်းမိခဲ့ဖူးတဲ့ ရင်ခွင်ထဲက ဘောလုံးတွေ၊ မဖမ်းမိပဲ ပိုက်တိုးသွားတဲ့ နာကျင်မှုတွေ၊ သူ့အတွက် ရေးခဲ့ဖူးတဲ့ ကဗျာလေးတွေ၊ စာတိုပေစတွေ၊ သူနဲ့ တွဲရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေ၊ သူချက်ကျွေးခဲ့တဲ့ ခပ်ညံ့ညံ့ ထမင်းဟင်းတွေ..... အားလုံးကို ဆာလောင် မွတ်သိပ်စွာ တမ်းတနေဆဲပါ။ ခုတော့လည်း ဒါတွေဟာ ချရေးစရာ စာတစ်ပုဒ်အနေနဲ့ ဖြေသိမ့်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ သူနဲ့ အဝေးဆုံးနေရာကို ရောက်နေပါပြီ။ တကယ်လို့ တနေ့မှာ သူ့ အနားကို ပြန်သွားခဲ့ဦးမယ် ဆိုရင်တောင် အရင်လိုနွေးထွေးမှုလေးတွေ ပြန်မရနိုင်တော့ဘူး ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲ သေချာပါတယ်။ တစ်နေ့ ကျနော့လို စာတွေ ရေးဦးမယ့် ညီငယ်ညီမငယ်တွေ သူ့အနားမှာ ရှိနေပြီလေ............။

အတွေးတွေ ဝေနေလိုက်တာ အလုပ်လာအပ်လို့ ခုနက ဖွင့်ထားတဲ့ http://www.facebook.com/group.php?v=wall&ref=search&gid=92184520401 လင့်ခ်လေးကို ပိတ်ပြီး အလုပ်လုပ်လိုက်ဦးမယ်ဗျာ။

ဗီလိန်

မှတ်ချက် ။ ။ ကန်တင်း အစားအသောက်ညံ့သော၊ အဖြူရောင်တီဗွီ ဖြူဖြူလေးများ သော့ခတ်ထားတတ်သော၊ အဲကွန်းမဖွင့်သည့် စာကြည့်တိုက်ရှိသော၊ ဘွဲ့ဝတ်စုံ၌ အပြာရောင် ဖဲပြားလေး ပါသော..................

20 comments:

ကိုရေတမာ said...

အလွမ်းများ ငြိမ်းပါစေ..... ဖြူစင်တဲ့မေတ္တာကို လက်ခံရရှိပါစေ။

မေဇင် said...

အလွမ်းများ ငြိမ်းစေသတည်း လို့ ပြောဘူး...း)) ။ ဆက်လွမ်း ဆက်လွမ်....။ ဘာရယ် မဟုတ်ပဲ ဖွင့်ထားတဲ့ လင့် ဆိုတာကို နှိပ်မိသေးတယ်...။ YUFL တဲ့... ဘာလဲ မသိဘူး...ကိုယ်နဲ့ မနီးစပ်ခဲ့ဘူး...။ ပြန်ပါဦးမယ်...း))

Mogok Thar said...

အချစ်ဆိုတာ...
အသွင်အမျိုးမျိုးနဲ့ ရောက်လာတတ်ကြတယ်...

အလွမ်းဆိုတာ အချစ်နဲံ ခွဲမရတဲ့ ဖွားဖက်တော်ပေါ့...

အချစ်က အလွမ်းရှိမှ ပြည့်စုံတာ..

လွမ်းသာလွမ်း ဗျာ...

သတိ...ခဏခဏတော့ မဆာ နဲ့ ပေါ့

Mogok Thar said...

aww ..သိဘီ...

ရန်ကုန်က..

အဲနားမှာ နေခဲ့ဖူးတာတောင် ပြန်လွမ်းသွားဘီ...

YUFL က လူတွေ... ကျောင်းကို အတော် ချစ်ကြတယ်ဗျာ....

ပုံ့မေ said...

ကျောင်းမှာက လူနည်းပေမဲ့ ပျော်စရာကောင်းသား၊ ကိုယ့်အုပ်စု အလိုက်၊ ကိုယ့်အတန်းအလိုက်ကို
ပျော်ဖို့ ကောင်းတယ်။ ကျောင်းတက်ချိန်မပြည့်လို့  ပါချုပ်ဆီသွားပြီး ရောဂါပေါင်းစုံစု၊ ဘယ်ရောဂါပြောရမလဲ တခန်းလုံးနီးနီး ခေါင်းချင်းဆိုင် စဉ်းစားခဲ့ရတာ သတိရတယ်။

=)

noblemoe said...

ဗီလိန်ရေ အားမငယ်နဲ့ ဖူးစာမှန်ရင်ပြန်ဆုံလိမ့် မယ်
ဒါပေမဲ့  မေတ်တာမှန်နဲ့ တော့ သစ်စာရှိရှိ နေပေါ့ 

နေ့အိပ်မက် said...

ufl ကလူတွေကျောင်းကို အတော်ချစ်ကြတယ်ဆိုပဲ... :P :P အဲဒါမတက်ရတော့မှ နေလိမ့်မယ်

ဒါနဲ့နေပါဦး. ကိုဗီလိန်ကို ကျောင်းကမှန်း မသိခဲ့ပါလား။ ဘာမေဂျာလဲဟင်။ မေးသာမေးရတာ.. နှစ်ကကွာမှာပေါ့။

အပြာရောင်ဖဲပြားဆိုလို့ red ribbon တို့ pink ribbonတို့လို့ အထိမ်းအမှတ်တစ်ခုခုလားလို့။ ပြီးမှ ဘွဲ့ဝတ်စုံကိုပြောတာဖြစ်နေပါရောလား။

ကန်တင်းက အစားအစာအသစ်တွေနာမည်သိလားဟင်။ ခုတော့မသိဘူး။ နေ့အိပ်မက်တို့တုန်းကတော့ ကန်တင်းမှာ စိုင်းစိုင်းကြော်တို့၊ သင်ဇာဝင်ကျော်၊ မယ်လိုဒီ၊ မိုးဟေကို.. အစုံပဲ.. :P

နေ့အိပ်မက် said...

ufl ကလူတွေကျောင်းကို အတော်ချစ်ကြတယ်ဆိုပဲ... :P :P အဲဒါမတက်ရတော့မှ နေလိမ့်မယ်

ဒါနဲ့နေပါဦး. ကိုဗီလိန်ကို ကျောင်းကမှန်း မသိခဲ့ပါလား။ ဘာမေဂျာလဲဟင်။ မေးသာမေးရတာ.. နှစ်ကကွာမှာပေါ့။

အပြာရောင်ဖဲပြားဆိုလို့ red ribbon တို့ pink ribbonတို့လို့ အထိမ်းအမှတ်တစ်ခုခုလားလို့။ ပြီးမှ ဘွဲ့ဝတ်စုံကိုပြောတာဖြစ်နေပါရောလား။

ကန်တင်းက အစားအစာအသစ်တွေနာမည်သိလားဟင်။ ခုတော့မသိဘူး။ နေ့အိပ်မက်တို့တုန်းကတော့ ကန်တင်းမှာ စိုင်းစိုင်းကြော်တို့၊ သင်ဇာဝင်ကျော်၊ မယ်လိုဒီ၊ မိုးဟေကို.. အစုံပဲ.. :P

ခရေညို said...

လွမ်းတတ်လိုက်တာနော် စာတတန် ပေတတန်နဲ့

ပိုးဟပ်လေး said...

ကို ဗီလိန်ကို သူဖြတ်သွားတယ်ပေါ့
ဗီဗီင်္ရယ် ကိုလည်းဒီလိုပါပဲ

မိုးခါး said...

အင်း
အဆုံးတော့လည်း လွမ်းစရာပဲ ကျန်မှာပေါ့ ..
လွမ်းစရာရှိတာလေးက ခပ်ကောင်းကောင်းပါ

ဗီလိန် said...

ကိုဘိုနဲ့ နေ့အိပ်မက်ရေ့.............

၀၁၊ ၀၂ ခေတ်လောက်အထိက ကျောင်းကို အရမ်းချစ်ကြပါတယ်။ အဲဒီ့ နောက်ပိုင်းတော့ ခေတ်မကောင်းတော့လို့ ခြေချုပ်မိနေကြတာ သိပ် မချစ်ကြတော့ပါဘူး။ ခုဆို ပိုဆိုးသွားပြီထင်ပါတယ်။

Anonymous said...

အဝေးရောက်မှ တနေတာလား ကိုယ့်ဆရာ စိုင်းထီးဆိုင် သီချင်းလေး ဆိုပြလိုက်ပေါ့ နီးနေတုန်းက အလေးမထားခဲ့တာ ဝေးမှသိလာတယ်ဆိုတာလေ... နားထောင်ကြည့်

သုခုမလေဒီ said...

သူလေးက အပြာရောင်ဖဲပြားလေးပေါ့???
အဆင်ပြေပျော်ရွှင်ပါစေ။

kaungkinpyar said...

လွမ်းနေတယ် ပေါ့...း)

loverstar said...

အလွမ်းတွေကိုစမ်းရေထဲမှာမျှောလိုက်ပီ...:)

တလနွန် said...

UFL ကျောင်း အပြာရောင်ဖဲပြားလက်လက်လေးလားးး
ကျောင်းတော်ကို လွမ်းနေတာလေးလာဖတ်ရင်း အလွမ်းတွေကူးစက်သွားပြီးဗျာာာာာာ...(ရေးထားတဲ့အဖွဲ့ လေးက လန်းတယ်)

ခင်မင်လျက်
တလနွန်

shwezinu said...

လွမ်းစရာလေးတွေဖြစ်ကုန်ပြီ

ခင်တဲ့
ရွှေစင်ဦး

မြရေလျဉ် said...

ဘယ်သူ့ကို လွမ်းနေသလဲလို့
ကျောင်းတော်ကြီးကိုလွမ်းနေတာကိုးးးးးးးးးးးးးးးးးး

ကူလွမ်းသွားပါတယ် ချစ်မောင်ငယ်ရေ

Anonymous said...

ခုတော့လဲ ဒါတွေဟာ ချရေးစရာစာတစ်ပုဒ်အနေနဲ့ကလွဲလို့ ဘာမှမတတ်နိုင်တဲ့ သူနဲ့အဝေးဆုံးတစ်နေရာကို ရောက်နေပါပြီ....။
လွှတ်ခိုက်ပဲ အကို...။
ရည်မွန်