ငါလည်း တန်ဖိုးကြီးဗီလိန် တစ်ယောက်ပါပဲ။ လောဘကြောင့် ငါ့ကို အသုံးချတယ်။ ဒေါသကြောင့် ငါ့ကို အသုံးချတယ်၊ မောဟကြောင့် ငါ့ကို အသုံးချတယ်။ တချို့ကတော့ ဒါတွေကို လူမမြင်အောင် ကာကွယ်ဖို့အတွက် အမှန်တရား လို့ထင်ရတဲ့ အရာကို မျက်နှာဖုံးစွပ်ချင်ကြတယ်။ တချို့က ဘုရားသခင်လို့ ခေါင်းစဉ်တပ်ပြီး ငါ့ကို အသုံးချကြတယ်။ ဆင်းရဲသားတချို့က ငါ့ကြောင့် ချမ်းသာလာကြတယ်။ ချမ်းသာတဲ့ သူတွေက ငါ့ကို သုံးပြီး တည်မြဲအောင်လုပ်တယ်။ ဒါပေမယ့် ငါ့ကို အသုံးချလို့ ချမ်းသာဖို့ တာဝန်မယူသလို။ ပိုင်ဆိုင်မှုတွေကိုလည်း အာမခံမပေးနိုင်ပါဘူး။ ငါဆိုတဲ့ ငါကိုယ်တိုင်က တည်မြဲခြင်းတရားကို မဖော်ဆောင်နိုင်ဘူးလေ။ ဒါတွေအပြင် ငါက တန်ဖိုးကြီးပါတယ်။ တန်ဖိုးကြီးပေသော်ငြားလဲ တန်ဖိုးကြီးသူ၊ နည်းသူ၊ မရှိသူအားလုံးကို ဖျက်ဆီးဖို့ သက်သက် မွေးဖွားခဲ့တာပါ။
ဘယ်လို တန်ဖိုးရှိသလဲ ဆိုတော့ ငါ့ကို ပိုင်ဆိုင်ဖို့အတွက် အများကြီးကြိုးစားရလိမ့်မယ်၊ အများကြီး သည်းခံရလိမ့်မယ်။ အများကြီး စွန့်လွှတ်ရလိမ့်မယ်။ တချို့များဆိုရင် ချစ်သူကိုစွန့်၊ ဘဝကို ပုံအော၊ ဆန္ဒတွေချုပ်တည်းလို့ ငါ့ကို ပိုင်ဆိုင်ဖို့၊ အသုံးပြုဖို့ ကြိုးစားကြတယ်။ တချို့ကလည်း မာနတွေကို ပုံအော၊ သိက္ခာတွေကို ရောင်းစား၊ မေတ္တာတွေကို ပစ်ပယ်ပြီး ကြိုးစားကြပြန်ရော။ လူတစ်ယောက် မွေးဖွားလာတယ်၊ ပြုစုပျိုးထောင်ပြီး ကြိုးစားအားထုတ်ခဲ့တယ်၊ အရှုံးတွေကို ရင်ဆိုင်၊ အခက်အခဲကို ကျော်ဖြတ်လို့ ပုံဖော်လာခဲ့တဲ့ အားထုတ်မှုတွေ၊ ငွေတွေ၊ အချိန်တွေအကုန်အကျခံ လို့ ကြိုးစားခဲ့သမျှ ငါ့ကို ပိုင်ဆိုင်နိုင်တဲ့ တချိန်တည်းမှာပဲ အချည်းအနှီး ဖြစ်သွားကြတယ်၊ ငါ့ကြောင့် ဘဝပျက်သွားတတ်သလို။ ငါ့ကြောင့် သေဆုံးကြပြန်ရော။ ဒါပေမယ့် ငါကတော့ မာမာပဲ။ နောက်ထပ်ငါ့ကို ပိုင်ဆိုင်ချင်တဲ့ သူတွေ၊ လိုချင်တပ်မက်နေတဲ့သူတွေ များပြားနေသလို၊ ငါ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားနေသူတွေကလည်း တန်းစီလို့။ ငါ့ကို မွေးဖွားနေသူတွေက ပုံလို့။ လူတစ်ယောက်ရဲ့ အသက်ကို စက္ကန့်ပိုင်းအတွင်း ခြွေပစ်နိုင်တဲ့ ငါလိုကောင်တွေ အခုဆို အမေရိကန် တစ်နိုင်ငံထဲမှာတင် ကမ္ဘာက လူအရေအတွက်ထက် အများကြီးကျော်လွန်အောင် မွေးဖွားခဲ့ပြီးပြီလေ။
ဆရာဝန်တစ်ယောက်ကို ချွေးထွက်သွားအောင် အလုပ်ရှုပ်သွားစေနိုင်တဲ့၊ ကလေးအမေ တစ်ယောက်ကို မုဆိုးမဖြစ်သွားစေနိုင်တဲ့ အရည်အချင်း၊ သွက်လက်ထက်မြက်တဲ့ လူငယ်တစ်ယောက်ကို ဘဝပျက်သွား စေနိုင်တဲ့ စွမ်းအင် ဒါတွေကို ပိုင်ဆိုင်တဲ့ငါက နောက်ထပ် ဘာတွေများလုပ်နိုင်သေးလဲ။ တန်ဖိုးရှိပါပေ့ဆိုတဲ့ လူတွေကိုလည်း တန်ဖိုးမဲ့အောင်လုပ်ခဲ့ပြီးပြီ။ လူတကာရဲ့ မျက်ရည်ပေါက်ကြီးငယ်နဲ့ တောက်ခေါက်တာလဲ ခံခဲ့ပြီးပြီ။ တိုင်းပြည်တစ်ခုလုံး တရှုံ့ရှုံ့ ငိုကြွေးအောင်လည်း လုပ်ခဲ့ပြီးပြီ။ အံကြိတ်ခဲ့တဲ့သူတွေကိုပါ သေဆုံးစေခဲ့ပြီးပြီ။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင်လည်း ဖျက်ဆီးပြီးပြီ။ အခုဆို ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းသတ်နေတဲ့ ငွေကြေးကိစ္စတွေမှာလည်း တထောင့်တနေရာကနေ ပါဝင်ခဲ့ပြီးပြီ။
ငါဘာကြောင့်လုပ်ခဲ့သလဲ မစဉ်းစားပါနဲ့။ ပြောခဲ့ပြီးပါပြီ။ ဖျက်ဆီးရုံသက်သက် ဖြစ်တည်နေတဲ့သူပါ။ ငါ့ကို အသုံးချသူတွေကတော့ တရားမှု၊ မတရားမှု၊ အမှန်တရား၊ အမှားတရား ဘယ်ဟာမှန်သလဲတော့ သူတို့ကိုယ်တိုင် သိချင်မှ သိပါလိမ့်မည်။ ဒါပေမယ့် ငါကိုယ်တိုင်လည်းမသိပါ။ အတ္တတချို့ကို မှန်သည်ဟု မှားယွင်းစွား သောက်သုံးတဲ့ သူတွေ၊ အမှားကို မှန်ချင်ယောင်ဆောင်ခဲ့သူတွေ၊ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ဝါသနာထုံမှုတွေကို အမှန်တရားနာမ်စားတပ်ပြီး ကစားခဲ့သူတွေ အားလုံး ငါ့ကို သုံးခဲ့ကြတယ်လေ။ ဒီလောက်တောင် မကောင်းတဲ့ငါက ဘာအတွက်ကြောင့် တန်ဖိုးကြီးနေရသလဲ။ ငါသာတန်ဖိုးကြီးတာမဟုတ်ပါဘူး။ ငါ့ကို အဆင်ပြေချောမွေ့စွာ အသုံးပြုမယ့် လူတစ်ယောက်ကလည်း တော်ရုံတန်ရုံ လူတစ်ယောက်မဟုတ်။ ဒါ့အပြင် ငါ့ကို အသုံးပြုဖို့က ငါတစ်ကောင်ထဲမဖြစ်။ ငါ့ကို သုံးဖို့ တန်ဖိုးကြီးအရာတွေ အများကြီး ထောက်ပံ့ရသေးတယ်။ စွမ်းအင်တွေ အများကြီး စိုက်ထုတ်ရသေးတယ်။ ဒါပေမယ့် ငါ့ရဲ့ဦးတည်ရာ တားဂတ်ကတော့ တစ်ခုတည်းပါ။ ပျက်စီးခြင်း တဲ့။
ဗီလိန် http://www.villain-lay.co.cc/2008/11/blog-post_30.html
ဓာတ်ပုံလေးကတော့ 4.bp.blogspot.com ကပါ။
Subscribe to:
Post Comments (Atom)
3 comments:
ကိုဗီ.. ဘာတွေ.. ဘယ်လိုခံစားနေပြန်ပြီလဲ...
အရမ်းမိုက်တယ်နော်.. စာသားတွေက .. တစ်ကယ်ဖျားလောက်တယ်။
ကိုယ့်ဆရာ ပေါက်ကွဲချက်တွေပြင်းလှပါလားဗျို့
စာသားတွေမိုက်တယ်ဗျ
ကိုဗီလိန်ရေ ခင်ဗျားရေးတာ မိုက်တယ်ဗျာ... အခုလို အကြမ်းဖက်မူ့တွေ ကမ္ဘာအနှံ့ များပြားနေတဲ့ အချိန်မှာ ခင်ဗျားရေးပြတာ အားမာန်ပါတယ်ဗျာ
Post a Comment