ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း

ကျောင်းပုံပြင် (၃) မှာ ရေးခဲ့သလိုပဲ ကျောင်းခေါ်ချိန်တွေ အမြဲလိုလိုနေတတ်တဲ့ ဗီလိန်တစ်ယောက် စာမေးပွဲနီးရင်တော့ဖြင့်........................

ပထမဆုံး လုပ်ရတာကတော့ နှစ်ဝက်စာ အဆိုင်းမင့်တွေပါ။ ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ ကျနော့ကို ခင်ကြမင်ကြတဲ့ ကောင်မလေး သူငယ်ချင်းတွေဆီက အကူအညီ လိုက်တောင်းရတာပါ။ ဘာလိုချင်လည်း အကုန်လုပ်ပေးမယ်။ ပြီးရင်တော့ အက်ဆေးတစ်ပုဒ်ရေးပေး။ ဒီလို အပေးအယူတွေနဲ့ ဗီလိန်တစ်ယောက် အလုပ်ရှုပ်ပါတော့တယ်။
သူတို့ရဲ့ အဆိုင်းမင့်ခ၊ အက်ဆေးခ၊ စာရှင်းပြခ တွေအနေနဲ့
(၁) နယ်က ငါးပိ၊ ငါးခြောက်၊ ပုစွန်ချဉ် စတဲ့ပစ္စည်းပစ္စယာ အဖြာဖြာဝယ်ပေးခြင်းများ အပြင်။
(၂) ကျောင်းဆင်းရင် ချိုင့်ကူဆွဲပေးခြင်း၊ စာမေးပွဲကြေးသွင်းပေးခြင်း၊ စာမေးပွဲလျှောက်လွှာ ဝယ်ပေး၊တင်ပေးခြင်း ကဲ့သို့ ဆားဗစ်များပါဝင်သလို၊
(၃) နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခြင်း၊ အခါအားလျှော်စွာ ကန်ဘောင်သို့ခေါ်ပြီး ရခိုင်မုန့်တီ၊ အကြော်များ ကျွေးမွေးပြုစုခြင်း စတဲ့ ကိစ္စအဝဝကို ပြုစုပေးခြင်းဖြင့် လည်းပါဝင်ပါတယ်။
(၄) အချို့အချို့သော သူများအတွက် သူတို့ ကြိတ်၍ကြိုက်နေသော ကောင်လေးများ၏ Data များကို ရယူပေးခြင်း၊ မသိမသာ မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်းအားဖြင့် ချစ်ကြိုက်သွားစေခြင်း၊ ရန်ဖြစ်နေသော အတွဲများကို ပြန်လည် စေ့စပ်ညှိနှိုင်းခြင်း အနေနဲ့လည်း မြှားနတ်မောင် Special Service ပေးပါသေးတယ်။

ဒါတွေအားလုံးပြီးလို့ စာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ဖြင့် လူရှာရပါတယ်။ ဘာလုပ်ဖို့လဲ ဆိုတော့ကား အစ်ကိုတော်၊ ဦးရီးတော် တစ်ယောက်အနေနဲ့ အဆူခံပြီးလက်မှတ်ထိုးပေးဖို့ပါ။ ဒါမှလည်း စာမေးပွဲဖြေခွင့်က ရမှာကိုး။ အစတော့ တစ်ယောက်တည်း ငိုပြီး ကြိုးစားကြည့်တာပေါ့။ ဌာနမှူးက အုပ်ထိန်းသူခေါ်ခဲ့ ဆိုတော့မှ သူငယ်ချင်း တစ်ယောက်ယောက်ကို အပူကပ်၊ ခေါ်လာပြီး ဌာနမှူးရဲ့ မုန့်ဟင်းခါးကို ကူစားခိုင်းရတာပေါ့ဗျာ။ သူ့ကို ကူစားခိုင်းပြီးလို့ လက်မှတ်တွေဘာတွေထိုး ပြီးလို့ ဖြေခွင့်ရပြီဆိုတာနဲ့ လှည်းတန်းထိပ်က ဝင်းစားတော်ဆက်ကို နှစ်ယောက်သားပြေးပြီး ကစ်တော့တာပဲ။ အဲဒီမှာလည်း ဇာတ်လမ်းလေးတွေကရှိသေး။ နောက်များမှ ပြောပြပါဦးမယ်။

စာမေးပွဲရောက်ရင် အရင်ရေးခဲ့ဖူးတဲ့ နည်းစနစ် ဆိုတဲ့ ကဗျာလေးလို အကွက်ပေါင်း များစွာကိုသုံးဖို့အတွက် Reynold ဘောပင်၊ Pilot ဘောပင်၊ Super Glue၊ Tape၊ ထောက်ချွန် (သို့) ကညစ် စတာတွေ ဝယ်ရတဲ့အပြင် စာမေးပွဲ အထောက်အကူပြု ပစ္စည်းများဖြစ်တဲ့ မှန်မခုံးတဲ့ လက်ပတ်နာရီကြီးကြီး တစ်လုံး၊ လိုသလို အတိုးအလျှော့ လုပ်နိုင်တဲ့ ခါးပတ်၊ ဂျပန်ဖောင့်သွင်းပြီးသား ကွန်ပြူတာတစ်လုံးနဲ့ ပရင်တာ၊ မီးမှန်ပြီး သူငယ်ချင်းတွေစုပြီး အိပ်လို့ရမယ့် အိမ်ခန်းတစ်ခန်း၊ စပေါ့အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် လိပ်စာများ၊ သာမက စာမေးပွဲပြီးပြီးချင်း ကြုတ်ကြတ်လိဖို့ ပန်းခြင်း၊ မုန့်ပုံး၊ ပါတိတ် စတဲ့ ကြည့်ကောင်းမယ့် အသုံးတော်ခံပစ္စည်းများ။ အစရှိတဲ့ အရာတွေကိုဝယ်ယူဖို့ အတွက် လိုအပ်တဲ့ ငွေကို ဖဲဝိုင်းသွားပြီး ရှာရပါတယ်။ (သနားစရာလေးနော်) မိဘကိုလည်းဒုက္ခမပေးချင်တော့ဘူးလေ။ (လိမ္မာလိုက်တဲ့သားလေး)

အားလုံးပြည့်စုံလို့ အဆင့်သင့်ဖြစ်ပြီ ဆိုရင်တော့ တစ်ပတ်လောက် အလိုကစပြီး ခုနရှာထားတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ အိမ်ခန်းမှာ စခန်းချနေထိုင်ပြီး အပန်းဖြေ အဲလေ။ စာစကျက်ပါတော့တယ်။ ဒါက စာသင်နှစ်ဝက်တစ်ခုလုံးရဲ့ တစ်ပတ်တည်းသာရှိတဲ့ စာကျက်သီတင်းပတ်လေးပေါ့။

စာကျက်ပုံကလည်း ဒီလို။ ညနေစောင်းဆို စုစည်းတဲ့အိမ်မှာ လူစု၊ ပြီးရင် ရလာတဲ့ စပေါ့တွေ Data တွေနဲ့ စုစည်းစရာရှိတာစုစည်း၊ ကျက်ဖို့လုပ်စရာရှိတာလုပ်၊ လက်နက်တပ်ဆင်ဖို့ ပြင်ဆင် ဒီလိုနဲ့ ဗိုက်ဆာလာပြီဆိုရင် အပြင်ထွက် စားကြသောက်ကြပေါ့။ ပြန်ရောက်တာနဲ့ စာကျက်မယ်လို့တော့မထင်နဲ့ ကိုရီးယားကားကြိုက်သူက ကိုရီယားကား၊ ဂိမ်းဆော့ချင်သူက ဂိမ်း၊ သင်္ချာတွက်ချင်သူက သင်္ချာတွက် (အပျော်ပေါ့)၊ ပြီးလို့ ညမိုးတော်တော်ချုပ်ပြီ ဆိုတော့မှ (စာမကျက်သေးပါဘူး) တရုတ်တန်း၊ စမ်းချောင်း၊ ကျောက်မြောင်း စတဲ့ လူစည်ကားရာ အရပ်တွေကိုသွားပြီး အအေးလေးဘာလေး သောက်ပေါ့။ စာမေးပွဲအကြောင်းကတော့ အားနာပါးနာနဲ့ ဆွေးနွေးဖြစ်ပါတယ်။ :) အဲဒီက ပြန်ရောက်တော့မှ စာနည်းနည်းကျက်ပြီး နေဖင်ထိုးတဲ့အထိ အိပ်ကြပါတယ်။ ဒါကတော့ စာမေးပွဲပြင်ဆင်ပုံတွေပေါ့။ ကြိုက်တယ်ဆိုတဲ့ ညီ၊ညီမတွေ စမ်းကြည့်ပေါ့။

ဗီလိန်

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

9 comments:

sait phay yar said...

အော်.. ဗီ့တို့ကတော့ ပညာပါရမီလေးကရှိတယ်ဆိုတော့ အင်းနောင်လာနောက်သားတွေ အတုယူစရာတွေကြီးပါလာနော်
တော်ရှာတယ်တော့

Anonymous said...

ကျောင်းသားဘ၀ အတွေ့အကြုံလေးတွေက
အခုတော့ လွမ်းစရာတွေ ဖြစ်ကုန်ပြိနော်
လေ့လာသွားတယ် ကိုဗီရေ

tututha said...

ဒါနဲ့ သင်္ချာက ဘယ်နည်းတွက်တာလဲဟင် ...

:P said...

ညီ၊ညီမတွေကို စမ်းကြည့်ခိုင်းနေသေး... အဟွတ်

Anonymous said...

ပျော်စရာကြီးနော် စာမေးပွဲဖြေဖို့ပြင်ဆင်တာ
ဟဟဟ တော်တော်ရယ်ရတယ်.
မြင်ယောင်မိတယ် ကိုဗီလိန်တို့ ပွေးချက်ကို ..(ပွေးကွက်မဟုတ်)

s said...

ပာားပာ ပာုတ်ပ။ ဒီအကိုတော့ သူများတွေကိုပါ စမ်းကြည့်ခိုင်းနေတယ်။
တော်ကြောင်း ကြွားတာလား။

တက်လူငယ် said...

ကောင်မလေးတွေကို ဆားဗစ်ပေးတာတွေ၊ ဌာနမှူးရဲ့မုန့်ဟင်းခါးကို ကူစားခိုင်းတာလေးတွေ၊ စာကျက်ပုံ၊ ဆွေးနွေးပုံစတဲ့ ကျောင်းသားဘဝကို စရိုက်သဏ္ဍာန်အမှန်နဲ့ ဖော်ကျူးထားပုံလေးက စာဖတ်ရသူရင်မှာ မငြီးငွေ့စရာပါပဲ။

အစဉ်အားပေးလျက်...
တက်လူငယ်...

ခေါင်ခေါင် said...

အားကျစရာပဲ.. ကိုဗီတို့ စာလုပ်ပုံက..
မိုက်တယ်..
တော်တော်... တော်တဲ့ ကိုဗီ

Andy said...

စာမေးပွဲဖြေခါနီး စုဆောင်းပြင်ဆင်ရတာတွေကတော့ အတူတူပဲဗျို့....။