ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

ငါကိုယ်တိုင်တောင် မစားရက်တဲ့အသီး
ငါ့နှလုံးသားကို မြေဖို့
ငါ့ဆန္ဒတွေ ပေါင်းသင်
ငါ့မာနတွေ ချရောင်း
ငါ့အချိန်တွေ မြှုပ်နှံလို့
စိုက်ပျိုးခဲ့ပြီးပြီ
အသီးအပွင့်တွေကိုလဲ
ငါမစားရက်ပါဘူး
မျက်ရည်တစ်စိမ့်စိမ့် ငိုကြွေးနေတဲ့
ငါ့နှလုံးသားတောင်
မြေသြဇာဖြစ်ခဲ့ပြီးပြီပဲ
ခေါင်းစဉ်တစ်ခုတပ်ဖို့လည်း
မချုပ်နှောင်ချင်တော့ပါဘူး။
အောင်မြင်စွာ ရှင်သန်လိုက်ပါ
လွတ်လွတ်လပ်လပ်ကြီးကို
အောင်မြင်လိုက်စမ်းပါ။
နှလုံးသားမရှိတော့ပေမယ့် လက်ခုပ်သံကတော့ ကျယ်ပါသေးတယ်။
မျက်ဝန်းချို ကျောင်းနားသွားသည့်တတိယနှစ်။ ကျဉ်းမြောင်းလှတဲ့ ကျောင်းတော်ကြီးက အရင်က နွေးထွေးသည်။ အခုပူလောင်သည်။ စီတန်းနေသည့် ပုဏ္ဏရိပ်တွေ အရင်က လှပသည်။ အခု ခြောက်ကပ်သည်။ ဒီဇင်ဘာဆောင်းနှင်းဖွဲလေးတွေ အရင်ကအေးမြသည်။ အခု အသည်းခိုက်သည်။ ခရစ္စမတ် ရောက်လာသည့်တိုင် မျက်ဝန်းချိုနှင့် တွေ့ခွင့်မရသေး။

လူသိများတဲ့ နာမည်တစ်လုံး ပိုင်ဆိုင်ခွင့်ရနေပြီဖြစ်သော၊ ခြွေရံသင်းပင်းများစွာနဲ့ လူတကာထိုးပေးသည့် စာအုပ်များမှာ လက်မှတ်တွေထိုးပေးနေရသော၊ အနုပညာလောကကပေးသည့် ဆုတံဆိပ်တချို့ ရရှိထားသော နယ်ရှိုးတွေဆက်နေသည့် မျက်ဝန်းချို၊
သီချင်းစာရွက် အပိုင်းအစတွေ၊ နောက်ပြီး နိုင်ငံကျော် တက်သစ်စအဆိုတော် ကောင်မလေးတစ်ယောက်ရဲ့ MTV ခွေတွေ ပြန့်ကျဲနေတဲ့ အခန်းကျဉ်းကျဉ်းလေးထဲက မျက်ရည်တွေစွန်းနေတဲ့ တစုံတဦးပေးခဲ့တဲ့ ဂစ်တာလေးတစ်လုံးနဲ့ အချစ်ကြီးကြီးကောင်လေးတစ်ယောက်။

စာမေးပွဲဖြေကာနည်း မျက်ဝန်းချိုနဲ့တွေ့ခွင့်ရသည်။ ခြောက်ကပ်ကပ် အရွက်ကျဲကျဲ ကံ့ကော်ပင်တွေကြားထဲ သတ်မှတ်ထားသောအချိန်ကို တစ်နာရီကျော်သွားသည့်တိုင် ရောက်မလာသေး။ တစ်နာရီနှင့် လေးဆယ့်ငါးမိနစ် အကြာ… လက်ထဲမှ Nokia ကထွက်လာတဲ့ မျိုးကြီးရဲ့ ဒီကစောင့်နေသူ။ မလာတော့ဘူးဟုပြောသည့်တိုင် နောက်နာရီဝက်လောက် စောင့်နေမိသေးသည်။

စာမေးပွဲပြီး…..သုံးလအကြာ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ အဝင်ပေါက်မှာ အခေါက်ပေါင်းများစွာ ခေါ်လို့မရတဲ့ ဖုန်းနံပါတ်ကို အကြိမ်ကြိမ် အခါခါ မနားတမ်းခေါ်နေမိသည့် စိုင်း။ အမေက နောက်ကျနေပြီ ဝင်တော့လေ ဆိုသည့်တိုင် ဖုန်းကို အမေ့လက်ထဲမထည့်ချင်သေး။ မရလိုက်ပါဘူး။ နောက်ဆုံး စက္ကန့်ထိကြိုးစားခဲ့တာက စကားတစ်ခွန်း ပြောရုံလေးပါ။ “ငါ့နှလုံးသားနဲ့ မင်းတက်ဖို့ တည်ဆောက်ခဲ့တဲ့ ရေညှိတွေနဲ့လှေကားထစ်ကို ပြန်ဆင်းမလာရပါစေနဲ့လို့ ဆုတောင်းရင်း ထာဝရပျော်ရွှင်နိုင်ပါစေ”

ရေညှိတွေနဲ့လှေကားတစ်(၁) (သို့) မိုးရွာထဲကမျက်ဝန်းချို
ရေညှိတွေနဲ့လှေကားတစ်(၂) (သို့) အတွေးတချို့နှစ်ကခုန်မိခြင်း
ရေညှိတွေနဲ့လှေကားတစ်(၃) (သို့) ဘ၀တစ်ခု ပျိုးထောင်ခြင်း
ရေညှိတွေနဲ့လှေကားတစ်(၄) (သို့) အိပ်မက်တစ်ခုကောက်ရခြင်း
ရေညှိတွေနဲ့လှေကားတစ်(၅) (သို့) တည်ဆောက်ခဲ့တဲ့ ငြမ်းတစ်ခု
ရေညှိတွေနဲ့လှေကားတစ်(၆) (သို့) လှေကားထစ်တစ်ခုရဲ့လက်ခုပ်သံ

5 comments:

ခေါင်ခေါင် said...

တစ်မျိုးကြီးပါ လား .. ဇတ်သိမ်းကြီးက..

မတရားဘူး..ဗျာ.

ဗီလိန် said...

ဘာမတရားတာတုန်း။ ခေါင်ခေါင်ရ။

သံလွင် HeRo said...

မျက်ဝန်းချိုကဘယ်သူနဲ့တူတာလဲ...
ဖြူဖြူကျော်သိန်းလိုလိုလား...ရေဗကာလား...
ဒီဒီးလား...ခင်ဘုဏ်းလား...
ရီဟားနားဒီဇိုင်းနဲ့ဆိုတော်တော်တော့မိုက်မှာဗျ

ဗီလိန် said...

မဟုတ်ပါဘူး သံလွင်Hero ရဲ့ စိတ်ကူးယဉ်ပြီး ရေးထားတာပါဗျာ။။

ရွှန်းမီ said...

နှလုံးသားမရှိတော့ပေမယ့် လက်ခုပ်သံကတော့ ကျယ်ပါသေးတယ်။
I like this line. wonderful!