မေကြီးရေ
ပြီးခဲ့တဲ့ အခေါက်က အမေပို့တဲ့ အီးမေးလ်ကို သားစာပြန်လိုက်တယ်။ သားနေကောင်းတယ်။ အလုပ်လည်း အဆင်ပြေတယ်။ အမေ ခဏခဏပြောတယ်လေ။ ဗေဒင်တွေ မယုံနဲ့၊ ၂၁ရာစုမှာ ဒါတွေ မလိုဘူးတဲ့လား အမေရယ်။ သားစီနီယာက သားကို ဖုန်းရွှေ ပညာနဲ့ ဘယ်လိုနေ ဘယ်လိုထိုင် လာပြောနေတယ်။ အဲလိုမနေရင် ခိုက်တတ်တယ်။ အဲလိုမထိုင်ရင် ပိုက်ဆံ ထွက်တတ်တယ်တဲ့ အမေရယ်။ ရတနာသုံးပါး ရင်ထဲရှိရုံနဲ့ ဘယ်အရာမဆို အောင်မြင်မှန်း သားဘဝတလျှောက်လုံး ကြုံခဲ့ပေမယ့် အပိုစကားမပြောချင်လို့ သူ့အကြိုက်လိုက်ပြီး နေနေလိုက်တာ ခွင့်လွှတ်နော် အမေ။ သူ့အလစ်မှာတော့ နေချင်သလို နေနေတာ သူမသိရှာဘူးပေါ့။
နောက်တစ်ခု ပြောရဦးမယ်အမေ။ ဒီနိုင်ငံမှာလေ ကွမ်ရင်မယ်တော်ကြီး ဆိုတာရှိတယ်။ စင်္ကာပူရောက်ရင် သူ့ဆီ သွားပြီး ဂါရဝ ပြုရတယ်ဆိုလို့ ကြောက်ကြောက်နဲ့ သွားပြီးတော့ ဂါရဝ ပြုလိုက်ရသေးတယ်။ အနန္တော အနန္တ ငါးပါးကလွဲရင် ဘယ်သူ့ကိုမှ မကန်တော့ဘူးတဲ့သား။ ကွမ်ရင်မယ်တော်ကြီးကိုတော့ လက်အုပ်မချီပဲ လက်သီးလေး ဆုပ်ပြီး ကန်တော့သယောင် ဂါရဝ ပြုခဲ့တယ် အမေ။ ကုန်းချိကုန်းချိပေါ့။ နောက်ပြီး ရှိသေးတယ်သိလား။ အဲဒီ့ ကွမ်ရင်ကျောင်းမှာ စာချတဲ့ ဗေဒင်က အရမ်းမှန် ဆိုပဲ။ အမေက ဗေဒင်မယုံနဲ့ ဆိုလို့ သားကတော့ မမေးပါဘူး။ ဒါပေမယ့် ခေါ်သွားတဲ့သူက အတင်းချခိုင်းလို့ ချလိုက်တာ အဖြေက ဘာထွက်လာတယ် ထင်သလဲ။ Very Bad တဲ့ အမေရယ်။ ရေးထားလိုက်တာမှ အသက်ပါသေမယ့် အတိုင်း။ အလုပ်ရှာတုန်းက အကြောင်းတွေ ပြောရင် ကုန်ကိုမကုန်နိုင်ဘူးအမေ။ သူများတွေ မနက်စောစော ဂါထာအစုံရွတ်ပြီး ကြိုးစားနေတဲ့အချိန် သားကတော့ အိပ်ရေးဝခဲ့တယ်။ သားကတော့ ကိုယ့်ဘဝကို ဆက်လျှောက်ခဲ့တယ်။ စင်္ကာပူရောက်ကတည်းက ခုချိန်ထိ အဆင်မပြေတာ မရှိသလောက်ကို အဆင်ပြေခဲ့တယ်အမေ။ အဲဒါ ဘာကြောင့်လဲဟင်။ လောကဓာတ်ပညာတွေက သိပ်ကို ဆန်းကျယ်ပါတယ်။ သားဖြင့် နားတောင်မလည်နိုင်ဘူး။
ဆက်ပြောဦးမယ်အမေ။ စင်္ကာပူမှာ အလုပ်လာရှာရင် ဆန်တိုစာကို အရင် မသွားရဘူးတဲ့။ အလုပ်ရမှ သွားရတယ်တဲ့ အမေရယ်။ အမေပဲ စဉ်းစားကြည့်လေ။ တကယ်လို့ သားညံ့လို့ အလုပ်မရပဲသာ ပြန်ခဲ့ရရင် အဲဒီ့ ဆန်တိုစာ ဆိုတဲ့ နေရာကြီးကို သားမရောက်ဖူးပဲ ပြန်ရတော့မှာပေါ့။ မနေနိုင်ဘူးလေ။ သားသွားခဲ့တယ်။ ဓာတ်ပုံတွေတောင် အများကြီးရိုက်ခဲ့လို့ အမေ့ဆီတောင် ဓာတ်ပုံတွေ ပို့ပေးပြီးပြီ။ နောက်တစ်ခုက အက်စ်ပန်းဒစ်ကို သွားပြီးမှ ဆန်တိုစာကို သွားရတယ်တဲ့။ ပြောချင်တာကတော့ အမေရယ် ဆန်တိုစာသွားပြီးရင် ပြန်ဖို့ပဲရှိတော့တယ်တဲ့။ အလုပ်မရသေးပဲ ဆန်တိုစာသွားလိုက်ရင် အလုပ်မရပဲ ပြန်ရလိမ့်မယ်တဲ့လေ။ သားကတော့ အက်စ်ပန်းဒစ်က ခြင်္သေ့ သေးလို့ စန်တိုစာကို အရင်သွားတာပဲ။ သူငယ်ချင်းတွေ တားတာတောင် မရဘူး။ အမေ့သားလေ။ သိတယ်မလား။ လုပ်ချင်လာရင် ဘယ်သူတားတား တားမရတာ အမေသိပါတယ်။ တိုက်ဆိုင်တာလားတော့ မသိဘူး။ နောက်နေ့မှာပဲ အခုလုပ်နေတဲ့ အလုပ်ရဲ့ အင်တာဗျူးကို ဖြေခဲ့တာလေ။ စင်္ကာပူမှာ သားက ဗီလိန်ကြီးများ ဖြစ်နေပြီလား မသိပါဘူး အမေရယ်။ သူတို့လက်ခံထားတဲ့ အယူအဆတွေ သားနဲ့ကြမှ လွဲကုန်လို့လေ။
ဟိုတလောကလည်း တစ္ဆေကြီး ကန်တော့တဲ့လ ဆိုလားပဲ။ သူတို့ကပြောတယ်။ အဲဒီ့ တစ်လလုံး ငရဲတံခါးဖွင့်ပြီး တစ္ဆေတွေကို လူ့ပြည်ခေါ်သတဲ့။ အဲဒီ့ရက်ထဲပဲ အလုပ်များလို့ အလုပ်မှာ နည်းနည်း မိုးချုပ်သွားတယ်။ အလုပ်ထဲက အဖော်တစ်ယောက်နဲ့ တူတူပြန်လာတော့ လမ်းလျှောက်ရင်းနဲ့ သူကပြောတယ်။ စိတ်ထဲတမျိုးကြီးပဲတဲ့ ဆိုပြီး ဘာမှ မရှိတဲ့ လေဟာနယ်ကို တောင်းပန်နေသတဲ့ အမေရယ်။ အဲဒါ တစ္ဆေနဲ့ ဝင်တိုက်မိလို့ ဖြစ်လိမ့်မယ်တဲ့။ ဒါကြောင့် အဲဒီ့ တစ္ဆေကို ပြန်တောင်းပန်နေတာတဲ့ အမေရယ်။ သားဖြင့် ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရယ်ပါလေရော။ အဲဒါကို သူက စိတ်ဆိုးလို့ ၂ရက်လောက် စကားမပြောဘူး။ တယ်လည်း နားလည်ရခက်တဲ့ သူတွေပဲနော်။
ဒီတစ်ပတ်လည်း ရုံးပိတ်ရက်လည်း မနားရပါဘူး အမေရယ်။ အိမ်အောက်က မင်္ဂဆောင်ပေါ့။ လော်စပီကာ အကျယ်ကြီးဖွင့်ပြီးတော့ ဆောင်နေကြတာ အဘွားတို့ရွာက မင်္ဂလာဆောင်ကို သွားသတိရတယ်။ ဖွင့်တဲ့သီချင်းကိုလည်း ပြောပြရဦးမယ်။ တရုတ် မင်္ဂလာဆောင်ရင် တရုတ်လိုဆိုတယ်။ ကုလား မင်္ဂလာဆောင်ရင် ကုလားလို့ဆိုတယ်။ ဒါပေမယ့် သီချင်းက စိုးစန္ဒာထွန်းရဲ့ ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေလို့ သီချင်းမျိုးအမေရဲ့။ တနေကုန်ဖွင့်နေလိုက်တာ နေ့ခင်းနေ့လည် အိပ်လို့ကိုမရဘူး။ သားတွေးမိတာ ရှိတယ်အမေ။ တကယ်တော့ စင်္ကာပူဆိုတာ ရုပ်ဝတ္ထုတွေသာ တိုးတက်နေတာပါလား ဆိုတာလေ။ အမေမြင်ရင်လည်း အဲလိုပဲပြောမှာ သေချာတယ်။ ခေတ်နောက်မကျဖို့ အမြဲဆုံးမနေတဲ့ အမေ့စကားတွေကို မလွန်ဆန်နိုင်ပေမယ့် ရောမရောက်လို့ ရောမလို ကျင့်နေရလို့ လိုက်လျောညီထွေဖြစ်အောင် နေနေရတာမို့ သားကို ခွင့်လွှတ်နော်။
မေမေချစ်တဲ့သား
ဗီလိန်

29 comments:
“အက်စ်ပန်းဒစ်က ခြင်္သေ့ သေးလို့ စန်တိုစာကို အရင်သွားတာပဲ။” ဆိုတာကို သဘောကျလို့ မဆုံးဘူး။ ရယ်လိုက်ရတာ... ဟုတ်တယ် လိန်လိန်ရေ... ကိုယ်တို့မြန်မာလူမျိုးတွေလည်း အယူသည်းကြတာပါပဲ။ ဒါပေမယ့် ရုပ်ဝတ္ထုတွေ အတိုးတက်ကြီး တိုးတက်နေပေမယ့် မထင်ရလောက်အောင် အယူသည်းကြတဲ့ သူတို့ကို တခါတခါ အံ့သြမိတယ်။ မင်္ဂလာဆောင်တွေ နှိပ်စက်တာတော့ မပြောပါနဲ့။ ပြီးခဲ့တဲ့ weekend ကမှ လောလောလတ်လတ် နားသောက ခံစားထားရတာ ခုထိ ကြားယောင်တုန်းး))
အားးးးးး
ကောင်းလိုက်တာ ကောင်းလိုက်တာ
ကြိုက်တယ်ဗျို့
စလုံးရောက်တော့ စလုံးလိုကျင့်နေရတာပါကွယ်။
ဆန်တိုစာ အရင်မသွားရဘူးဆိုတာ ခုမှကြားဖူးတယ်။ နောက်လူတွေလာလို့ လိုက်မပို့အားရင် အဲလို လိုပြောရမယ် ဟဲဟဲး)
လိန်လိန် အအေးမိမယ်နော် နှာဆီးမယ် သတိထား
မောင်ဗီလိန်ရေ လာသွားတယ်ဗျာ ဒီလိုပါပဲ အယူအဆလေးတွေကတော့ စလုံးရောက်တိုင်း ကျနော်ကတော့ စလုံးလို ကျင့်နိုင်ဘူးဗျ (ပိုက်ပိုက်မရှိလို့ ဟီးး ၊ ခြေထောက်ညောင်းလို့ )
စလုံးကလူတွေက အစားထွက်စား Q ကြနဲ့လေ
အမေ့ကိုပြန်စာလေးကနေ အသိလေးတွေ ယူသွားတယ်ဗျ ကျေးဇူး
လေးစားလျက်
တောင်ပေါ်သား
ကိုတောင်ပေါ်သားကလည်းဗျာ။ ကျနော် ကျင့်တယ်ဆိုတာက လိုက်လျောညီထွေဖြစ်အောင် နေတာကို ပြောတာပါ။ စိတ်ထဲရှိတဲ့အတိုင်း ဘုကနဲ ဘောက်ကနဲ သာပြောလို့ကတော့ ဘယ်တော့ ဝိုင်းရိုက်ခံရမယ်မသိ။ ဟိဟိ။
အော့ စလုံးက အဲ့လိုလား
ကျနော်တို့ ဆလိမ်က အဲ့လိုတွေရှိဘူး
လုပ်လုပ်သွား အမင်းစား လျှောက်လည် ပြန်အိပ်
“ကျနော်တို့ ဆလိမ်က အဲ့လိုတွေရှိဘူး
လုပ်လုပ်သွား အမင်းစား လျှောက်လည် ပြန်အိပ်”
ထိုသူ ပိုဆိုး၏...အိပ်ချိန်မှ လွဲပြီး တစ်ကျွန်းလုံးပတ်နေသူ...။
ပြန်စာလေးက ကောင်းတယ်....
မင်း မင်္ဂလာဆောင်ရင် စိုးစန္ဒာထွန်းတို့ ဗညားဟန်တို့ ဖွင့်ကြတာပေါ့ လိန်လိန်ရယ်...
ဟုတ်တယ် ကိုလင်းဒီပရေ့။ အဲလူကြီးက တကျွန်းပြန်ရွာသား ဆိုပြီး နာမည်ကြီးနေတာ။ သတိထားနော်။ :)
အော် စလုံးက အဲလိုလား အခုမှ သိတယ်
ကျုပ်တို့၇ွာမှာဘဲနေ..ရွာမှာကြီးတဲ့တောသူတွေဆိုတော့ လေ့လာသွားပါတယ်..
ကိုရွာသားတို့ ဆလိမ်မှာ တစ်ကျွန်းလုံးပတ်ပီးမှ ပြန်ရတာလား.. လေ့လာသွားပါတယ် စလုံးရယ် ဆလိမ်ရယ် ကို
ရွာသူလေး
မေ
အတွေး..အရေး ကောင်းတယ် ကိုဗီ
ကျွန်တော်တို့ စဉ်းစားစရာတွေ ရသွားတယ်ပေါ့ဗျာ
ကျေးဇူး
ကိုလင်းဒီပ မှန်ကန်ကြောင်း ရဲရဲကြီး အာမခံပါသည်။
ကောင်းတယ်လိန်လိန် ................
ဆက်သွား.......................
မင်းပြောဖူးတာမှတ်မိတယ် ...................
တစ်နိုင်ငံလုံး ပြာတွေ လွင့်နေတုန်းကလေ အခုအတွေးလေးကို .....
ဗီဗီရေ..
တစ်ပုဒ်လုံး ကြိုက်တယ်ကွာ.. ဗီဇာနည်တို့ကတော့ မိုက်တယ်..
ခင်မင်စွာဖြင့်
သီဟသစ်
p.s
ငါ့တုန်းကလည်း ဆန်တိုစာကို အလုပ်မရခင်သွားတာပဲကွ..
ကောင်းပ ဗျာ...မင်္ဂလာဆောင်ကိစ္စကတော့ ကိုယ်ချင်းစာတယ် ကိုဗီလိန်ရေ... နေမကောင်းလို့ အေးဆေးမနေရဘူး..ကိုယ်တွေ့ ... နွေးတို့ မိသားစုလဲ ဗေဒင်မယုံကြဘူး..ဒါပေမယ့် နွေးကောင်လေးအမေ ကတော့ ယုံလိုက်တာမှ....း-(
ကိုဗီလိန်ရေ
စလုံးမှာအယူသည်းနေကြတဲ့သူတွေကို အပြင်မှာလည်း
တွေ့ဖူးတော့ သဘောတကျပြုံးသွားမိတယ်။
ခင်မင်ခြင်းနှင့်
တလနွန်
ရှိသေးတယ်လေ. suntec city ကရေပန်းကြီးတွေ မှာ သွားပြီးဆုတောင်ရတာ။
တို့လဲ visit visa ထဲက စန်တိုစာသွားတာဘဲ။
ကျနော့အခန်းထဲက ဖုန်းသံတွေ ညံလွန်းလို့ အိမ်မပြန်ရတာပါဗျာ။ (လဒပ အစအဆုံးလုပ်လိုက်ရမလား)
ဖိုးသင်္ကြန် - ကိုသီဟသစ်ပြောသွားတာဘာတဲ့
ဟက်ဟက်ဟက် လို့လှောင်ရယ်ရင်ကောင်းမလား..
ဟားဟားဟား လို့ပဲ လက်ညှိုးထိုး ဝါးလုံးကွဲရယ်ရမလား..
အဟိလို့ပဲ အချိုမချဉ်လုပ်လိုက်ရမလား
(ရေးရင်းဆုံးဖြတ်ချက်ကျသွားတယ် ၃ မျိုးလုံးလုပ်ဖြစ်သွားတယ်)
ကိုဗီရေ။ မကျေနပ်ရင်ကိုလည်းအပေါ်ထပ်ကနေပြန်ပြီး
မင်္ဂလာဆောင်လိုက်ပေါ့။ မင်္ဂလာဆောင်ရင် ရောသမမွှေ
နဲ့ပြန်ချဲပေါ့။ အကြံပေးတာနော်။ ကျွန်တော်ကတော့
ဘာမှမကျန်လို့ ကျန်တာပဲယူသွားတယ်။ အငှဲ
ရယ်ရတယ်တော့... စလုံးကအယူတွေခုမှကြားဖူးတယ်... အလုပ်ရှာနေတဲ့အစ်မကိုသွားပြောရင် ရိုက်ခံရမယ်နဲ့တူတယ်.... စန်တိုစာသွားပြီးသွားပြီလေ.. :P
လေချွန်နတ် လည်းရှိတယ်လေ..
မေးချင်တာ မေးလို.ရတယ်တဲ..
သွားရင်ပြောနော်
ဒို.လည်း လိုက်မယ်..
ချန်မထားနဲ..
ကေလာမမ
သြော..စလုံးက အဲလိုလားးး သံယောင်လိုက်သွားပါသည်။း)
အစ်မလည်း ဘာကိုမှလေးလေးနက်နက်မယုံကြည်တတ်
ပေမယ့် ဒီလိုပဲ ရောမရောက်ရင်ရောမလိုကျင့်ရသလိုပဲ
အလိုက်အထိုက်နေတတ်အောင်ကျင့်ပြီး လူတွေနဲ့လိုက်
လျောညီထွေနေတတ်အောင် ပေါင်းသင်းရတာပေါ့ကွယ်.
ကိုယ်ကလည်း လူတွေထဲက လူတစ်ယောက်ပေပဲကိုးး
အဆင်ပြေပါစေ.
အဟေဟေဟေ. ကြိုက်သလိုသာကျင့်ပါ၊ ဗလက်ယာတော့ မကျင့်မိစေနဲ့ဗျို့ အဟေဟေဟေ
အမေကို စလုံးခေါ်လည်ပါလား သားရယ်း)
ဒီလို အယူသီးမှုတွေလဲ ရှိသေးတာပဲနော် စလုံးမှာလဲ။ လူတွေကလဲ မလွယ်လိုက်တာ ကျွတ် ကျွတ်။
အယူရှိခဲ့ပေမယ့် တို့ တော့မယုံခဲ့... :P
အယူသည်းကြတဲ့သူတွေ ဗုဒ္ဓဘာသာထဲမှာကို မကင်းနိုင်ကြသေးဘူးဗျို့ ...
၆နှစ်ရှိပြီ။ ခုထက်ထိကွမ်ရင်မယ်တော်ဆီမရောက်သေးဘူး။
Post a Comment