ကျနော် လေးတန်းကျောင်းသား ဘဝကပေါ့။
"သားကြီးလာရင် ဘာလုပ်မှာလဲ"
လေးလေးက မေးခြင်းဖြစ်သည်။ လေးလေး၏ မိန်းမ ဒေါ်လေးသာက ကျနော့်ကို လက်တို့ပြီး
"ဆရာဝန်ကြီးလုပ်မယ်လို့ ပြောလိုက်လေ သားသား"
ထိုအခါ အမေက ဝင်ပြောသည်။
"ကလေးကို ဘောင်မခတ်ပါနဲ့ မိသာရယ် သူ့ဟာသူ ဖြေချင် သလိုဖြေပါစေ။"
"ဒေါ်လေးသာကလည်း ဆရာဝန်တော့မလုပ်ချင်ပါဘူး။ ဆေးကုရတာ ပျင်းစရာကြီး"
ကျနော် ဆယ်တန်းကျောင်းသား ဘဝကပေါ့။
ကျနော် စာမကြိုးစားပါ။ စာမကြိုးစားခြင်းကိုလည်း အပြစ် တစ်ခုလို့ မခံယူခဲ့။ သင်္ချာဆရာမက မေးပါတယ်။
"ဗီလိန်၊ နင်ကလေ လုပ်ရင် ရရဲ့သားနဲ့ မလုပ်ဘူး။ အမှတ်လေးကောင်းပြီး ဆေးကျောင်းလေး တက်ရင် ဘယ်လောက် ဂုဏ်ရှိသလဲ။"
"ကျနော်က ဆရာဝန် လုပ်ချင်တာမဟုတ်ဘူး ဆရာမရဲ့ ဆရာဝန်တွေလုပ်စာ ထိုင်စားတဲ့ ဆေးရုံပိုင်ရှင်ဖြစ်ချင်တာ။ ဟဲဟဲ"
"အေးအေး နင့်ပုံစံနဲ့ ဖြစ်ဦးမယ်။ ဆေးရုံပိုင်ရှင်မပြောနဲ့ ကွမ်းယာဆိုင် ပိုင်ရှင်တောင် ဖြစ်မှာမဟုတ်ဘူး။"
ကျနော် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ အောင်စာရင်းထွက်တော့ ရင်မခုန်ခဲ့။ အောင်မည်က သေချာသည်။ ဂုဏ်ထူးက သင်္ချာက သေချာပေါက်ထွက်မည်။ ကျန်တဲ့ ၄ ဘာသာထဲက ကံကောင်းရင် တစ်ဘာသာ ကပ်ပါလာမည်။ ကံကမကောင်းခဲ့။ လိုလည်း မလိုချင်ခဲ့သည်ကား အမှန်ပင်။ သုံးဘာသာ သမားတွေက ဆေးကျောင်းရပါ့မလား ငိုနေကြသည်။ ဘာသာစုံထွက်သူတွေက မြောက်ကြွ မြောက်ကြွနှင့် အမှတ်စာရင်းထပ် ပြိုင်ကြဦးမည်။ ကိုနေမင်း ပြောဖူးသလို ငါကိုငါနဲ့ပဲ စားတတ်တဲ့ ကျနော့အဖို့တော့ အပြိုင်အဆိုင်တွေနဲ့ ကင်းတဲ့ ဂိမ်းဆိုင် တစ်ဆိုင်ရဲ့ ထောင့်မှာ Resident Evil နဲ့ စီးမျောနေလိုက်တယ်။ အနာဂတ်ဆိုတာကို အပေါင်းအသင်း မလုပ်သေးတဲ့ ကျနော့အကြောင်း ငယ်ငယ်က အဆင့်တစ် လုခဲ့တဲ့ သူငယ်ချင်းရဲ့ အမေက ဈေးထဲမှာ သနားသယောင် စကားပြေတစ်ပုဒ် ရေးသားနေမပေါ့။
အချိန်တွေ အများကြီးပြောင်းခဲ့ပြီလေ။ အချိန်က အတိတ်က ပိုဟောင်းတဲ့ အတိတ် ဖြစ်ခဲ့ပြီ။ တချိန်က အနာဂတ်က ပစ္စုပ္ပန်ဖြစ်ခဲ့ပြီ။ သူကိုယ်တိုင် ကျနော့ကို ဘောင်မခတ်သလို သူတပါး လောင်းရိပ်တွေကိုပါ ရှင်းပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ မတ်တပ်ရပ်ဖို့ ခြေထောက် အစစ် တစ်စုံ တပ်ဆင်ပေးခဲ့တဲ့အမေ။ ကျနော်ငယ်ငယ်က သူပြောဖူးတဲ့စကားလေး ခုထိ ကြားယောင်နေတုန်းပဲ။ "အမေ့တုန်းက အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်ခဲ့တာ။" တဲ့လေ။ အခုတော့ အမေဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက် ကျနော် ဖြစ်နေပါပြီ။ အမေ ရိုက်မပေးခဲ့တဲ့ ဘောင်ကို ကျနော် မရရအောင် ခုန်ဝင်ခဲ့ပြီ။ အနာဂတ်အတွက် ပစ္စုပ္ပန်ကို မွေးမြူကြတဲ့ လူတွေကြားထဲ ပစ္စုပ္ပန်ကို ထိန်းရင်းကျောင်းရင်းပဲ ပစ္စုပ္ပန်တွေ လှနေပါပြီ။ အနာဂတ်လှမလှကတော့.................
ဖြစ်ရပ် - ၁
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့ ပုံရဲ့အောက်က နောက်ဆုံးပို့စ်ခေါင်းစဉ်က "အိပ်ရာထချိန် ရောက်ပြီ" တဲ့။ ဟုတ်ပါတယ်။ ဒီအိပ်ရာလေးကို နှစ် ၂၀ နီးပါး ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ သူငယ်ချင်း ဖိုးဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရက်ပေါင်း ၇၀၀၀ လောက် ဝေးကွာခဲ့တဲ့ အိပ်ရာပေါ်ကို ပြန်ရောက်လာတော့ စီဘောက်စ်ထဲက သူငယ်ချင်းတွေရဲ့ အားပေးသံတွေကို ဖတ်ရင်း မျက်ရည်ကျရပါတယ်။ အောက်ကို ဆက်ကြည့်တော့ ငပေါများ ဂေဟာရဲ့ နောက်ဆုံးပို့စ် ခေါင်းစဉ်က "အတွင်းရေးမှူး-၂ အား လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါ၏" ဟု တွေ့လိုက်ရတယ်။ လူငယ် တစ်ယောက်ရဲ့ နှစ် ၂၀ နီးပါးလောက်သော ဘဝကို အင်းစိန်ထောင်ရဲ့ နံရံတွေက တိုက်စားစေခဲ့ပြီလေ။ ကျနော် ဘာဆက်လုပ်မှာလဲ။ ဘာတွေ ရင်ဆိုင်ရဦးမှာလဲ။ ဘဝဆိုတာ ဘာလဲ။ ဒီတစ်ညတော့ လမ်းမတော်လမ်းထိပ်က ဘောဂ ဆီချက်တစ်ပွဲစားပြီး အိပ်လိုက်တော့မယ်။ မနက်ဖြန်ရဲ့ မနက်ခင်းနဲ့ အတူ ကျနော့ဘဝ နေမင်းသစ်ကို နှုတ်ဆက်ဖို့ ပြင်ဆင်ရတော့မယ်။
ဖြစ်ရပ် - ၂
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ အဲဒီ့နောက် Sign in ဝင်ပြီးတော့ New Post တောင်းလိုက်တယ်။ Title နေရာမှာ "ဗီလိန်ရဲ့ အိပ်ရာ ပိုင်ရှင် လေးလေးဗီလိန်အား နှစ် ၂၀ ပြည့် လွမ်းဆွတ် သတိရခြင်း" လို့ ရေးချလိုက်တယ်။ ပြီးတော့ ကျနော် ငယ်စဉ်ကတည်းက အဖေခဏခဏပြောပြဖူးတဲ့ အဖေရဲ့ ညီအရင်း လေးလေးဗီလိန် ရဲ့ အကြောင်းတွေ တော်တော်များများ ချရေးလိုက်တယ်။ ပြီးတော့ ဒီနေ့က သြဂုတ်လ ၂၀ ရက်နေ့။ ဗီလိန်ရဲ့ အိပ်ရာကို စတင် တည်ဆောက်ခဲ့တဲ့ နေ့လေ။ အိပ်ရာပိုင်ရှင် ဦးလေးဗီလိန် ဆုံးပါးသွားတဲ့ နေ့ဆိုလည်း ဟုတ်တယ်။ ကျနော်မွေးကတည်းက ဦးလေးဗီလိန် ရေးခဲ့တဲ့ ကဗျာတွေကို မသင်ပေးပဲ အလွတ်ရွတ်နိုင်တာရယ်။ လေးလေးဗီလိန်ရဲ့ ကျောပြင်က အမှတ်လိုပဲ ကျနော့ ကျောပြင်မှာ ပုံစံတူအမှတ် ပါနေတာရယ်ကြောင့် ဦးဖိုးဂျယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီအိပ်ရာလေးကို အမွေ ဆက်ခံခွင့်ရခဲ့တယ်လေ။ ဒါ့အပြင် ဘယ်သူ့ကိုမှ မပေးတော့တဲ့ ငပေါများဂေဟာရဲ့ အတွင်းရေးမှူး-၂ ရာထူးကိုလည်း ဆက်ခံခွင့် ရခဲ့တယ်လေ။ ဒီအတွက် ဘုတ်အဖွဲ့နှင့်တကွ ဂေဟာသူဂေဟာသား တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
ဖြစ်ရပ် - ၃
IE ကိုဖွင့်လိုက်တယ်။ ပြီးတော့ www.villain-lay.com ကိုရိုက်ထည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ၃၀ လောက်က နာမည်ကြီးခဲ့တဲ့ Harry Potter ဇာတ်လမ်းထဲက ဗီလိန်ကြီး Lord Voldemort ရဲ့ အားမာန်ပြည့်တဲ့ ပုံပေါ်လာတယ်။ မနေ့က ကိုရွာသား တဂ်ထားတဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ဆိုတဲ့ တဂ်ကို ရေးဖို့ ဟန်ချီလိုက်တယ်။ သူကိုယ်တိုင်ကတော့ စာအုပ်တစ်အုပ်နဲ့ ကုလားထိုင်မှာ ထိုင်ပြီး ခေါင်းတငြိမ့်ငြိမ့် ဖတ်နေမလား။ Table Tennis ရိုက်နေမလား။ အပင်တွေပဲ ရေးလောင်းနေမလားပဲ။ ဘာရေးရမလဲ ဆိုတဲ့ အတွေးတွေက လွန်ခဲ့တဲ့ နှစ် ၂၀က အတိတ်ကို ပြန်ရောက်သွားတယ်။ ကိုရွာသား၊ ကိုခရောင်းတိုနဲ့ အတူထမင်းစားခဲ့ဖူးတဲ့ Tech Link က ကန်တင်းကို ပြန်သတိရမိပြန်ရော။
- အဲဒီ့တုန်းက ကိုရွာသားလုပ်လို့ ဘလော့လောကထဲမှာ တဂ်နေတဲ့ တဂ်တစ်ခုက အနာဂတ် နှစ်၂၀ နဲ့ အနာဂတ် နှစ်၃၀ ဆိုပြီး တဂ်က ၂ မျိုး ကွဲသွားတဲ့ အကြောင်း၊
- အခု ဒီပို့စ်ကို တဂ်တဲ့ ကိုဖိုးသင်္ကြန်က ကျနော်တို့ အလုပ်နားကို ပြောင်းလာတဲ့ အကြောင်း၊ ထမင်းလာစားရင် ဘလော့ဂါ သုံးယောက်နဲ့ တွေ့ရမယ် ဆိုပြီး မဲဆွယ်လို့ ကောင်းကြောင်း၊
- မရွှေပြည်သူ ဘုန်းကြီးကျောင်း မလာတာ ကျနော့ကို မတွေ့ချင်၍ ဖြစ်ကြောင်း၊
- ကိုပြတင်းပေါက် ခေါ် ကိုလင်းဒီပ က သီဟတင်စိုးနှင့် တွဲ၍ ရုပ်ရှင်ရိုက်မည်ဖြစ်ကြောင်း၊
- ကိုရွာသားက မခင်ဦးမေကို ခလုတ်ပေးမနှိပ်ကြောင်း ဟီးဟီး ဘာခလုတ် လဲတော့ မသိ၊
- မမေ (စိတ်ဖြေရာ) ကို ကျနော်က မမေလို့ မခေါ်ပဲ မေ တစ်လုံးတည်းခေါ်လို့ ပြဿနာ လာရှာတတ်ကြောင်း၊
- ကင်ဆာဝေဒနာရှင်တွေကို အားပေးမယ့် ကိုဂျူလိုင် ကတုံးတုံးမည့်အကြောင်း
- ကိုအောင်ဦးအတွက် ဆရာတော်တွေရဲ့ ဆုံးမစကားတွေ စာတန်းထိုးဖို့ Software ပေးမယ်လို့ ကတိပေးထားပြီး ရှာမရ၍ မပေးရသေးကြောင်းနဲ့ ကိုအောင်ဦးက တခြားတစ်ခု ရသွားပြီဖြစ်ကြောင်း၊
စသည်စသည်ဖြင့်ပေါ့ စကားဖောင်တွေ ဖွဲ့ခဲ့ကြဖူးတာလေးတွေ သတိရမိတယ်။
ဒီလိုစကားလေးစမြည် ပြောခဲ့ကြတဲ့ အချိန်လေးတွေက နှစ်ပေါင်း ၂၀ နီးပါးတောင် ရှိသွားခဲ့ပြီ။ အဲဒီ့အချိန်ကနေ အခုအထိ....... ဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ ဘာတွေ မှားခဲ့သလဲ။ ဘာတွေ သူများကို မကောင်းကြံခဲ့သလဲ။ အတ္တတွေ ဘယ်လောက် ပေါင်းသင်းခဲ့သလဲ။ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက် စားသုံးခဲ့သလဲ။ အကုသိုလ်တွေ ဘယ်လောက် မွေးမြူခဲ့သလဲ။ ဆိုတာ အတွေးထဲမှာ တစ်ခုပြီး တစ်ခုပေါ်လာတယ်။ လူ့ဘဝဆိုတာ တိုတိုလေးပါ ဆိုတာကို ထပ်ပြီး သတိထားမိပြန်ရော။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ ဆေးရုံ ပိုင်ရှင် တစ်ယောက်ရော ဖြစ်နေပြီလား။ သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ စုထားရင် ဒိုင်နာကားတစ်စီးလောက် ရမယ်။ တွေးခဲ့တဲ့ အတွေးနဲ့ မက်ခဲ့တဲ့ အိပ်မက်တွေကို မီးပုံပွဲ တစ်ခုနဲ့ အတူ ကင်စားလိုက်ချင်တယ်။ ဖြစ်နိုင်ပါ့မလား။ တကယ်တော့ အနာဂတ်က ဗီလိန်ဆိုတာ လေပဲ ရှိပြီး အဖြေမရှိတဲ့.... ဟန်ပဲ ရှိပြီး အဆန်မရှိတဲ့.... ရေးချင်ရာ လျှောက်ရေးပြီး စာဖတ်သူတွေကို စာအဆိပ်တွေ ကျွေးနေတဲ့.... စိတ်ကြီးဝင်ပြီး ဘာမှ မဟုတ်တဲ့.... ခပ်နုံနုံ ခပ်ပိန်းပိန်း အဘိုးကြီးတစ်ယောက်ပါ။
ကဲ ကိုဖိုးသင်္ကြန်ရေ့ ဒီလောက်ပဲ ရေးတတ်တယ်ဗျာ။ အနာဂတ်ဆိုတာကို မတွေးချင်လို့ ဖြစ်ရပ် ၄ တွေ ၅ တွေ တော့ မရေးတော့ဘူး။ ဖြစ်ရပ် တစ်ခုခုတော့ ဖြစ်လာမပေါ့ဗျာ။ ကျေနပ်နိုင်ပါစေ။
ဗီလိန်

18 comments:
အဲ့ဒိတုန်းက နဲ့ ခုနဲ့ တော်တော် ကွာနေပြီနော်
အရမ်းလွမ်းတယ် လိန်လိန်ရေ...............။
လိန်လိန်ရဲ့ စိတ်ဓါတ်ကို သဘောကျတယ်
ဘ၀အပေါ် အမြင်ပေါ့
အမှန်အတိုင်းပြောရရင်
အစ်ကိုကတော့ ဒီဘောင်တွေထဲမှာ ရှင်သန်ခဲ့ရတယ်
အခုလည်း အစ်ကို မရုန်းနိုင်သေးပါဘူး
ဆက်ပြီး တုပ်နှောင်နေဆဲ ကိုယ့်ကိုပေါ့လေ
ခံယူချက်လေးကောင်းတယ်
ကိုလွဲလွဲ တဂ်ထားတာက ကိုဖိုးသင်္ကြန်လေ
ထမင်းစားဖို့မဲဆွယ်ထားတာက T for ကိုသီဟသစ်လေ သူက L for Lunch မစားဘူးတဲ့ဗျ။
ထမင်းစားချိန်တွေလွမ်းတယ်ဆိုလို့ ကျေးဇူးဗျာ။ နောင်ဆိုလွမ်းနေတော့မှာ။ ပြီးတော့ သဝေထိုးမက အာဘွားပေးတာကျန်သေးတယ်လေ။
အွမ်၊ ကျွန်တော် အိမ်ပြောင်းတာ ဘယ်လိုသိတုန်း။ ခု ကျွန်တော်လဲ ကိုရွာသားအလုပ်လုပ်တဲ့ တိုက်ရဲ့မျက်စောင်းထိုးမှာ ပြောင်းနေ နေတာ။ တွေ့ချင်လာခဲ့။
ပါးစပ်နဲ့ Dota ခုတ်မယ်။
(စကားမစပ် အင်းစိန်ထောင်က ဘယ်နှယ့်ပါလာတာတုန်း။နီးနီးနားနား changi ပဲသွားပါဗျာ။)
:D
ကိုရွားသား နှင့် ကိုခရောင်း သို့ မှတ်ချက်....
အချို့အချို့သော ဆင်ဆာမလွတ် စကားလုံးများကို ချန်လှပ်ထားခဲ့ပါသည်။ ဉာဏ်အားနည်း၍ မှားရွင်းမှုတွေ အတွက်လည်း ခွင့်လွှတ်ပါ။ :)
အင်း မင်းကတော့ စိတ်ကူးကို လှလှပပ
ဖော်ပြတတ်တယ်ကွာ မင်းဖြစ်စေချင်တာတွေ ဖြစ်ပါစေကွာ
ငါလဲ မင်းပြောသလို ဗီလိန်ရဲ့ အိပ်ယာကို
ထိန်းသိမ်းခွင့်ရတဲ့ လူတယောက်ဖြစ်ပါစေလို့
ဆုမတောင်းချင်ပေမဲ့ ဒီလို သတိရတာကို
ဝမ်းသာတယ် သူငယ်ချင်း ဂေဟာကတဆင့်ရင်းနှီးပီး
ညီအကို အရင်းလို ချစ်ခင်ခဲ့တာကို မမေ့ဘူး သယ်ရင်း
ငါလဲ တတ်နိုင်သလောက် ဂေဟာရော ဘလော့ရော
ကြိုးစားရေးမယ် ထိမ်းသိမ်းမယ် သယ်ရင်း
မင်းရဲ့ ချစ်သယ်ရင်း
ဖိုးဂျယ်
နာ့ဘာသာ နာ ဂတုံး တုံးမှာ... သူ့ပို့စ်ထဲ ဘယ်လိုလုပ်ပြီး ပါသွားရတာလဲနော်... ဒွတ်ခ
အင်း... အနေအထိုင် ဆင်ခြင်မှ။ ပါပါရာဇီ ဗီလိန် ဘလော့ကမ္ဘာထဲမှာ နာမည်ကျော် နေတယ်ဆိုပဲ။ ကတုံး တုံးမယ်ဆိုတာပဲ ထည့်ရေးလို့ တော်သေးတာပေါ့။ ချီးပန်းတာလေး ချန်ခဲ့တာ ကျေးဇူးတင်ရမလားပဲ။
ဟားဟား.... =)
ဗီး ရွာစားက အာဘွားရလို့နာလိုနေတာ ပြန်ထည့်ရေးပေးလိုက်လေ.နော်
အာဘွား ဗီး
သူ့ကိုပေးဘူးနော်
ဗီးအတွက်
ဖွက်ထားလိုက်
ရေဟေရေရေ... ဗီလိန် ဒီအချိန်ထိ...
ဟန်ထူးလွင် သီချင်း နောက်ဆုံးစားသား နော်..
စာတွေ တော်တော် ဖတ်လိုက်တယ်.. သီချင်းနားထောင်ရင်း..
နောက်လာမယ် အနှစ်နှစ်ဆယ်သုံးဆယ်ကို စိတ်ကူးနဲ့ ကြိုသွားကြည့်တယ်...။ကိုယ်က ငါးဆယ်ကျော်လာပြီ..
မောလိုက်တာ။
ရုပ်ကြီးက ပိုအိုလာတယ် ..။
ကောင်မလေးတွေ က ပိုလှနေတယ်..။
ငယ်တုန်းက ဖတ်ဖူးတဲ့ ကာတွန်းထဲက စာသားလေးအမှတ်ရမိတယ်။
“မင်းတို့လေးတွေ ငါငယ်ငယ်တုန်းက ဘယ်သွားနေကြလဲကွယ် လို့...။”...:P:P
ခံစားချက်တွေ ထင်ပါ့.. ဖတ်သွားတယ်ဗျို့။
ေ၇းချင်တာ လျှောက်ေ၇းထားတယ်ဆိုတာ ဖတ်ချင်တာတွေ လျှောက်ဖတ်သွားတယ်ဗျို့

ကိုဗီဇာနည်ရေ...
အနာဂါတ်စိတ်ကူးလေးတွေ ကောင်းပါ့ဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
အို့အို.. လန်ချိတ်ကြီးပါလား
သြော် လိန်လိန် လိန်လိန် ရေးလည်း ရေးတတ်ပါတယ်။ စကားမစပ် ဘုန်းကြီးကျောင်းမလာတာ ဗီလိန့်ကို မတွေ့ချင်လို့ဆိုပြီး မပြောခဲ့မိကြောင်းပါး) (အစွပ်စွဲခံရပါတယ်) လာရင်ကြိုပြော မလာဘဲနေမလို့ဆိုတာတော့ တစ်ယောက်ယောက် ပြောတာ ကြားလိုက်မိတယ်...း)
ဖတ်ပြီးစိတ်ထဲတမျိုးကြီးပဲ...
လန်ချိတ်ကြီးပဲထားပါတော့လေ...
ခင်ဗျားအတွေးတွေကတော့ မိုက်တယ်ဗျာ.. ဖြစ်နိုင်ချေတွေပေါ့... ဒါနဲ့အင်းစိန်က ဘယ်လိုဖြစ်လို့ရောက်ရမှာတုန်းဗျ
Post a Comment