မနက်ကအထိတော့ နန်းလေးပျော်ရွှင်နေတုန်းပါပဲ..........။ အခုကော? အခုကလား။ စိတ်တိုနေတယ်။ ဘယ်သူ့ကိုလည်း ဆိုတော့ ဘယ်သူကမှာလဲ နန်းလေးရဲ့ ချစ်သူ ကို့ကိုပေါ့။
ကန်ဘောင်မှာ အအေးတစ်လုံးမှာပြီး စောင့်နေတာ တော်တော်ကြာသွားပြီ။ ချိန်းထားတဲ့အချိန်ကို နာရီဝက်ကျော်သွားပြီ။ ရောက်မလာသေး။ ဒီနေ့ နန်းလေးနဲ့ ကိုနဲ့ ချစ်သူဖြစ်ခဲ့ကြတာ ၃ နှစ်ပြည့်ပြီ။ ၃ နှစ်ပြည့်လက်ဆောင် အတွက် ဘာပေးမှာလဲ။ ရေမွှေးလား၊ ပန်းစည်းလား။ ဒါမှ မဟုတ် ရင်ထိုးလှလှလေးလား။ ဒီလိုအတွေးတွေ တွေးမိရင် နောက်ကျလို့ စိတ်တိုနေတဲ့ စိတ်က ဘယ်ရောက်သွားမှန်းမသိဘူး။ ဘာပဲဖြစ်ဖြစ် လာတော့မှ စိတ်ကောက်ပစ်လိုက်ဦးမယ်။ ချော့စမ်းပါလေ့။ ဟဲဟဲ တွေ့ကြသေးတာပေါ့ ကိုရယ်။ ဒီနေ့တော့ နန်းလေးလိုချင်တာ လုပ်ပေး။ မပေးလို့ကတော့ တစ်ပတ်လောက်ကောက် ပစ်လိုက်ဦးမယ်။ တစ်ပတ်.... အင်း တစ်ပတ်ဆိုတော့ နည်းနည်းများသွားမလားမသိဘူး။ ၅ ရက်...... မနေနိုင်ပေါင်။ ၃ ရက်... ဟုတ်ပြီ။ ၃ ရက်လောက်တော့ တင်းခံထားဦးမယ်။ တင်းမခံနိုင်တော့လည်း ပြန်ခေါ်လိုက်ရုံပေါ့။ ကြာလိုက်တာ။ စဉ်းစားရင်းနဲ့ ဒေါသက ထွက်လာပြီ။ ဒီနေ့မှ ဖုန်းကလည်းပါမလာ။ လမ်းဘေးဖုန်းကို ထဆက်ပြန်တော့လည်း ဒီဆိုင်မှာက ထိုင်လက်စ ထပြီးသွားရင် ပြန်ထိုင်ဖို့ဆို အအေးက နောက်တစ်လုံးမှာရဦးမယ်။ မသောက်နိုင်တော့ဘူး။ ဆက်စောင့်လိုက်ပါဦးမယ်လေ။ အိပ်ပျော်နေလားမသိ။ နောက်ထပ်နာရီဝက် ထပ်ကြာသွားတယ်။ ရောက်မလာသေးဘူး။ တော်ပြီ။ ထပ်မစောင့်နိုင်တော့ဘူး။ ပိုက်ဆံရှင်းပြီးပြန်တော့မယ်။ ဖုန်းလည်းမဆက်တော့ဘူး။ အိမ်အထိသာ လိုက်ချော့ပေတော့။
အင်းယားကန်ဘောင်တလျှောက် တစ်ယောက်တည်း လျှောက်လာလိုက်တယ်။ သူများတွေများ အတွဲလေးတွေကိုစီနဲ့။ ထွက်နေတဲ့ ဒေါသက ပိုပိုပြီးထွက်လာတယ်။ ဒီလောက်တောင် ချစ်သူအပေါ် ဂရုမစိုက်ရကောင်းလား ဆိုပြီး အားမလိုအားမရဖြစ်မိတယ်။ ကန်ဘောင်က လှေကားထစ်လေးတွေကနေ ဆင်းပြီး တံတားဖြူ ကားမှတ်တိုင်မှာ ၅၁ စောင့်နေလိုက်တယ်။ ကားကလည်းတော်တော်နဲ့ ရောက်မလာဘူး။ တချက်တချက် ကန်ဘောင်ပေါ်ကို လှမ်းလှမ်းပြီး ကို့ကို တွေ့နိုးနိုးနဲ့ ကြည့်နေမိတယ်။ ကန်ဘောင်တစ်လျှောက် ကောင်လေးတစ်ယောက် ပြေးလာတာတွေ့တော့ ကိုများလားလို့ ရှပ်အင်္ကျီအဖြူကွက်နဲ့ ဆိုတော့ ကိုမဖြစ်နိုင်ဘူး။ ကိုက ဒီနေ့ နန်းလေးဝယ်ပေးထားတဲ့ တီရှပ်အပြာလေးကို ဝတ်လာမှာတဲ့။ ကားကလည်း ကြာလိုက်တာ။ ဒါပေမယ့် ကြာတာလည်း ကောင်းပါတယ်လေ။ ကိုလာရင် မီလိုမီငြားပေါ့။ ဒီနေ့မှ ၅၁ က ဘာလို့ များ ဒီလောက်တောင် ကြာပါလိမ့်။ နာရီဝက်နီးပါးလောက် ကြာတော့မှ တစ်စီးရောက်လာတယ်လေ။ အားပါးပါး ကားက ကြပ်မှကြပ်။ မတတ်နိုင်ဘူး။ စီးရမှာပဲ။ အိမ်က ၈မိုင်မှာမလို့သာ တော်တော့တယ်။ မှော်ဘီလောက်သာဆို အသက်ပါထွက်သွားနိုင်တယ်။
အိမ်ပြန်ရောက်တော့ ကို့ဆီက ဖုန်းများလာမလားလို့ မေးသေးတယ်။ မလာဘူး။ Nokia ဖုန်းလေးကို ခေါင်းအုံးဘေးမှာ ချပြီး ကို့အကြောင်းတွေ တွေးနေရင်းနဲ့ အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ပါဘူး။ ဖုန်းသံကြားတော့မှ နိုးလာတယ်။ မြို့ထဲက ဖုန်းနံပါတ်နဲ့။ ဒါဆို အကြောင်းတစ်ခုခုနဲ့တော့ မြို့ထဲရောက်နေပြီ။ ဆင်ခြေတွေပေးတော့မယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းကိုကိုင်လိုက်တော့ ကို့အသံမကြားရဘူး။ မမို့ အသံ။ မမို့ဆိုတာ ကို့ရဲ့တစ်ဦးတည်းသောအစ်မ။ ယောင်းယောင်းလောင်းပေါ့။ ဒါပေမယ့် မမို့အသံတွေက တုန်နေတယ်။
ရှင်.........................
ရှင်လို့ ပြောလိုက်တဲ့ ပါးစပ်တောင် ပြန်မပိတ်နိုင်တော့ဘူး။ ကိုယ့်ကိုကိုယ် ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ သတိတချက် ပြန်ဝင်လာတော့ ကြမ်းပြင်ပေါ်က ဘတ္ထရီ ကျွတ်သွားတဲ့ Nokia ကိုတောင် ပြန်မကောက်နိုင်တော့ဘူး။ တက္ကစီပေါ်မှာ တရှိုက်ရှိုက်နဲ့ ငိုနေရင်း အင်းယားကန်က ပြန်အလာ ၅၁ပေါ်က စပယ်ယာရဲ့ စကားသံတချိုကို ကြားယောင်နေမိတယ်။ “....တုတ်ကြီးကတော့ လုပ်လိုက်မှဖြင့်ဗျာ..... ကောင်လေးက သနားပါတယ်....ခေါင်းတောင်ကြေသွားတယ်..... မြင်မကောင်းဘူး..... ” အဲဒီ့တုန်းကတော့ အမှတ်တမဲ့ပေမယ့် အခုတော့... အခုတော့...............။
ဟိုမှာ ကို့အမေကို တွေ့ပြီ။ အရူးတပိုင်းဖြစ်နေတဲ့ အန်တီမေနဲ့ မမို့၊ ကို့အလောင်းကို ဘယ်သူ့ကိုမှ ပေးမကြည့်ကြဘူး။
“မယုံဘူး.............. မယုံဘူး.................... ငါမကြည့်ရရင် မယုံဘူး။ ငါ့ကိုပေးကြည့်ကြပါ။”
ခေါင်းတသွင်သွင်ခါပြီး အော်ဟစ်နေမိတယ်။ ရှက်ရကောင်းမှန်းတွေ ဘာတွေလည်း မသိတော့ပါဘူး။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်နိုင်တော့ဘူး။ စိတ်တိုင်းကျအော်ဟစ်ပြီးတော့ အုပ်ထားတဲ့ အလောင်းကို စိုက်ကြည့်နေမိတယ်။
“ကိုရယ်... ကိုအိပ်နေတာမလားဟင်။ ပြန်ထလာမှာနော်။ ထလာပါကိုရယ်။ နန်းလေးကို ထကြည့်ပါဦး။ ကိုကလည်း အိပ်ပုတ်ကြီးလိုက်တာ။ ထတော့လေ ကိုရဲ့... ထတော့.....။ နန်းလေးတို့ ပြန်ကြရအောင်နော်။ နော်လို့နော်။”
အန်တီ့ လက်ထဲက ကို့ ဒိုင်ယာရီကို ယူပြီးကြည့်လိုက်တယ်။ ဒိုင်ယာရီထဲမှာ ကိုက နန်းလေးကိုပြောမယ့် လက်ထပ်စကား.......
“ငါလေ.. နင် ပန်းရောင် ဂါဝန်လေးဝတ်ပြီး ကနေတာ စမြင်ကတည်းက.. ငါ့ရင်ထဲမှာ ပန်းရောင် နှင်းဆီပန်းခင်းတစ်ခု ပျိုးထောင်ခဲ့တာပါ...ဘာလို့ လဲဆိုတော့.. ငါလေ.. ငါလေ..အဲဒီအချိန်ထဲက နင့်ကို ချစ်နေခဲ့တာပါဟာ...”
====================================================
တစ်ချိန်က သူငယ်ချင်း နန်းစုသက်နဲ့ တွဲဖက်ရေးသားထားတဲ့ ပြီးဆုံးသွားသော ဒိုင်ယာရီ ကို ပြန်ဖတ်မိပြီး ပြန်လည်ခံစား ပေးလိုက်ပါတယ်။ နန်းစုသက်ရဲ့ ဘလော့က ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ပျက်သွားတဲ့ တခြမ်းကို ကျနော်ကပဲ ပြန်ဆက်လိုက်ပါတယ်။
ဗီလိန်

11 comments:
ပထမ တစ်ခြမ်းကို ဖတ်ပြီးပြီ...ကောင်လေး ရဲ့ ခံစားချက် အပိုင်းကိုပေါ့..အဲ့ဒီထဲ က..ကောင်မလေး ဘယ်လို ခံစားရမှာပါလိမ့်လို့..စဉ်းစားနေတာ..။ ကျေးဇူးပဲနော်..။ ချစ်သူနဲ့ သေကွဲလဲ မကွဲချင်ဘူး...ဒါပေမယ့် ရှင်ကွဲလဲ မခွဲချင်ပါဘူး..း(..ပျော်စရာ ဇတ်သိမ်း နဲ့ ဇတ်လမ်းလေး..ရေးပေးပါဦး...
လာအားပေးတဲ့အတွက် ကျေးဇူးပါ မမေဇင်ရေ။ ရေးပေးပါမယ်။ ကိုယ်ရေးကိုယ်တာလေးတွေ ရှုပ်နေလို့ ပို့စ်တင်တာကျဲနေတာပါ။ ဒီတစ်ပုဒ်က သိပ်တော့မကောင်းပေမယ့် တခုခု မပြည့်စုံဘူးဖြစ်နေမှာစိုးလို့ ရေးလိုက်တာပါ။ သည်းခံပေးပါနော်။
ခံစားသွားပါတယ်ဗျာ ၊၊ စာရေးတာ တကယ်တော်တယ် ဗျ ၊၊ စာဖတ်သူပါအောင် ခေါ်နိုင်တယ် ၊၊
ပထမပိုင်းဆိုတာတော့ မဖတ်ရသေးပါဘူး ၊၊
တော်ရှာပါတယ် ကိုဗီလိန်..
ပထမပိုင်းက ပိုမိုက်တယ်ဗျ
ကောင်းတယ်ဗျာ..
ချစ်သူတိုင်းပေါင်းရရင် ပိုကောင်းမယ်ဗျာ..
ဟတ်ထိတယ် .. ပထမပိုင်း ဘယ်မှာလည်း .. လင့်ခ် ပေးပါအုံး
ဗီလိန်လေးရေ
စာဖတ်ပြီးစိတ်မကောင်းဖြစ်ကျန်ခဲ့တယ်
ဗီလိန်က ရသအရေးကောင်းသူပဲ
မရောက်တာကြာပြီ။ စာတွေများများရေးပါ။
ခင်မင်လျက်
လာခံစားတယ် ဗီရေ
ဒီလိုဘဝဆိုးတွေက ချစ်သူတိုင်းဝေးကြပါစေဗျာ။
TAH မှ ပုံပြင်များ (http://talesfromtah.lawshay.com) မှာ ဖော်ပြချင်ပါတယ်။ ခွင့်ပြုပေးနိုင်မလား။ ခွင့်ပြုမယ်ဆိုရင် lawshay@lawshay.com ကို ခွင့်ပြုကြောင်းလေး ရေးပေးပါနော်။
Post a Comment