၁၀ ရက်? ဟုတ်လား။ အင်း မသေခင် ၁၀ ရက်မပြောခင် မသေခင် စက္ကန့်ပိုင်းလေးမှာ သေမင်းနဲ့ နပန်းလုံးထိုးသတ်ခဲ့တာလေးတွေ အရင်ဖောက်သည်ချပေးပါမယ်။ ကျနော် ၉ တန်းတုန်းက ဓမ္မစင်္ကြာရွတ် အသင်းမှာပါဝင်ပါတယ်။ တစ်နေ့ ကျနော်တို့မြို့ထိပ်မှာ နိုင်ငံအကြီးအကဲတစ်ယောက် ဦးစီးပြီးတည်ထားတဲ့ စေတီကြီးတစ်ခုရဲ့ ထီးတော်တင် မင်္ဂလာအခန်းအနားမှာ ကျနော်တို့အဖွဲ့က ဓမ္မစင်္ကြာရွတ်ဖို့သွားရပါတယ်။
အဲဒီနေ့က တစ်မြို့လုံးကလူတွေ စေတီကြီးရဲ့ ပတ်ပတ်လည်းမှာ စည်ကားနေတာပေါ့။ စည်ကားတာမှ မြို့လုံးကျွတ်ကို ရောက်ချလာကြတာ။ ဟင်းရွက်သည်၊ ငါးစိမ်းသည်က စလို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ အဲဒီထီးတင်မဲ့ နိုင်ငံ့အကြီးအကဲက ငွေ ၂ သိန်းဖိုး ရွှေမိုးငွေမိုး ရွာမတဲ့လေ။ အဲဒီတုန်းက ငွေနှစ်သိန်းကလည်း မသေးလှ ငွေစက္ကူ တစ်ထောင်တန်တစ်ရွက်ဆိုရင် လူတစ်ယောက် တစ်နေ့စားလို့ရတယ်။ ကျနော်တို့ အဖွဲ့လည်း စေတီကြီးရဲ့အနောက်ဘက်မုဒ် ရင်ပြင်တော်မှာ နေရာယူပြီး ရွတ်ဖတ်ပူဇော်စရာရှိတာပူဇော်ပြီး အခမ်းအနားမှာ ပါဝင်အားပေးနေတာပေါ့။
အခမ်းအနားအစီအစဉ်က ရွှေမိုးငွေမိုးရွာသွန်းဖြိုးမယ့် အချိန်ရောက်လာတော့ အဲဒီ အကြီးအကဲက ဉာဏ်တော် တစ်ရာကျော်လောက်ရှိတဲ့ ဘုရား ထီးတော်ပေါ်ကနေ ထောင်တန်ငွေစက္ကူ လက်တစ်ဆုပ်ကျဲချလိုက်တယ် ဆိုရင်ပဲမြို့နေလုထုကြီးက ပုရွတ်အုံကို ဒုတ်နဲ့ထိုးလိုက်သလို ရိတ်ခနဲ ကုန်းမြေပေါ်ကိုတက်ချလာပါတယ်။ ကျနော်လှည့်ကြည့်လိုက်တော့ သိပ်နောက်ကျသွားပြီ။
လူအုပ်ကြီးတက်လာလိုက်တာ နောက်ကလူတွေ တိုးလာရင်းက လူအုပ်ကြီးရဲ့ရှေ့ဆုံးက ဖြစ်နေတာက ကျနော်။ ကျနော့ရှေ့က ဝါးစည်းရိုးနဲ့အတူ ကျနော်လည်းကျသွားပါတော့တယ်။ ဝါးစည်းရိုးက ဝါးလုံးက ကျနော့ခြေမွဲရိုး(ညိုသူကြီး)ကို ကြက်ခြေခတ်ပုံစံ ကန့်လန့်ခံနေပါတယ်။ အဲဒီနောက်မှတော့ ကျနော့အပေါ်ကို နောက်တစ်ယောက် လဲကျလာပါတယ်။ ပြီးတော့ နောက်တစ်ယောက်….. နောက်တစ်ယောက်….. ပြီး…နောက်တစ်ယောက်။
ဘယ်နှယောက်တောင် ထပ်သွားတယ်မသိပါဘူး။ အသက်ရှုလို့ကို မရတော့ဘူး။ လက်တစ်ဘက်ကလဲ ကိုယ့်ကိုယ်နဲ့ ကိုယ်ပိနေပြီ။ ခြေမွဲရိုးကဝါးလုံးကလည်း အစွမ်းကို နာကျင်စေနေပြီ။ ကျနော် အားရှိသရွေ့အော်ပြီး အော်ဖို့အားမရှိတော့တဲ့ အဆုံးမှာ ကိုယ့်ကိုကိုယ် ဆုံးဖြတ်လိုက်တာက “ငါသွားပြီ၊ ငါနောက် စက္ကန့်ပိုင်းအတွင်း သေရတော့မှာပါလား” ဆိုပြီး ဘုရားကို အာရုံပြုမိလိုက်ပါတယ်။ တော်သေးတာပေါ့ အဲလိုစိတ်လေးဖြစ်မိတာ။ တကယ်လို့များ တကယ်သာသေသွားခဲ့ရင် ကောင်းရာသုဂတိလားမှာ သေချာတယ်။ :)
အဲဒီလို အာရုံပြုနေစဉ်အတွင်းမှာပဲ ကျနော့ ချိုင်းနှစ်ဘက်ကို တစ်ခုခုကဆွဲလိုက်သလို ခံစားလိုက်ရပါတယ်။ ကျနော်ထင်လိုက်တာ ငရဲသားတွေများ ကျနော့ကို အမှုစစ်ဖို့ခေါ်သွားပြီလားလို့။ မျက်စိဖွင့်လိုက်တော့မှ လုံခြုံရေးစစ်သားတွေ လူအုပ်ကြီးကို ထိန်းသိမ်းပြီး ကျနော့ကို ဆွဲထူလိုက်တာလေ။ ဝတ်ထားတဲ့ ဓမ္မစင်္ကြာ ဝတ်စုံလဲ ရွဲ့စောင်း ပေကျံလို့။ ခြေထောက်ကလည်း နာတာမှ ထောက်ကိုမထောက်နိုင်တော့တာ။ လက်တစ်ဖက်ကလည်း ပေါက်ပြဲ။ အဲလိုနဲ့ပဲ ဆိုက်ကားငှားပြီး အိမ်ပြန်ရောက်လို့တောင် ရန်ခုန်သံက တော်တော်နဲ့ကို မရပ်နိုင်ဖြစ်နေခဲ့ပါရောဗျာ။
ကဲ TAG ကြွေးမဆပ်ခင် ကောင်တာပြန်ဖိုက်လိုက်တယ်။ အိမ် နဲ့ မဆုမွန် ရေ။ သေမင်းနှင့် စီးချင်းထိုးခြင်း လေးများတက်ပေးနိုင်မလား။ ကြုံဖူးတယ် ဆိုရင်ပေါ့။ စိတ်ဝင်စားရင် မိခေါင် ပါပါတယ်။
Subscribe to:
Post Comments (Atom)
3 comments:
နောင်တော်ကြီးတို့များဗျာ...ဖြစ်လိုက်ရင်ဘယ်သူနဲ့မှကို
တူတယ်မရှိလှဝူး...ပဋ္ဌန်းရွတ်တာပါလို့တော့သာဓုခေါ်
လိုက်မယ်...သာဓု သာဓု သာဓု... ဟဲဟဲ
ကျွန်တော်တော့် ဒီပို့စ်ထဲမှာ တစ်ခုခုကိုတွေ့ လိုက်ရသလိုပဲဗျာ...။ ထောင်တန်တွေက လေထဲမှာ ပျံဝဲလို့...။ များစွာသော လူတွေက လည်း မြေကြီးပေါ်မှာ လူးလို့...လှိမ့်လို့...။
သြော်
ဖြစ်မှ ဖြစ်ရတယ် ..
ဟူးးးး
မကောင်းဘူးနော်
သက်ပြင်းပဲ ချသွားတော့တယ် ဗီဗီရေ ...
Post a Comment