ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)

ရန်ကုန်လေဆိပ် Immigration ကို ဖြတ်ခဲ့ပြီ။ ခွင့်လေး ၂ ပတ်လောက်ရတုန်း အပြးအလွှား ပြန်လာရတာ။ တရုတ်နှစ်ကူးနဲ့ weekends နဲ့ပေါင်းရင်တော့ ရက် ၂၀ လောက်ရတာပေါ့လေ။ ကျနော် ချစ်တဲ့ အမိမြေကိုခြေချပြီး ပထမဆုံးတောင့်တမိတာက တစ်နှစ်ကျော် ဝေးကွာနေတဲ့ အမေ့မျက်နှာ၊ အမေ့လက်ရာ။ ဟော… တွေ့ပြီ လည်တဆန့်ဆန့်နဲ့ မျှော်နေလေရဲ့။ ကျနော့ကို မြင်တော့ အပြုံးတွေဝေလို့။ လောကမှာ ကျနော် တန်ဖိုးအထားဆုံးဖြစ်တဲ့ အမေ့အပြုံးနဲ့ ရန်ကုန်မြို့ကို ခြေချလိုက်ပါပြီ။ လေယာဉ်ကွင်းကအထွက် ညီလေးမောင်းတဲ့ Mart-II ကို Air-Con မဖွင့်လို့ ပြောရသေးတယ်။ မနေတတ်တော့တာလေ။ အိမ်တန်းမပြန်သေးပဲ ဆိုင်မှာ အလုပ်ရှုပ်နေတဲ့ အဖေနဲ့အတူ လွမ်းလှပြီဖြစ်တဲ့ အမေ့ နေ့လည်စာနွေးနွေးကို စားဖြစ်ခဲ့ပါတယ်။

ဟင်းတွေကလည်း စုံလို့။ ကျနော် အကြိုက်ဆုံး ငါးကြီးဆီပြန် (ဟိုက ပင်လယ်ငါးတွေနဲ့များ ကွာပါ့)၊ သုံးထပ်သားနှပ်၊ အလယ်မှာက မုန်လာဥနဲ့ ကန်စွန်းရွက်ညို ချဉ်ရည်ဟင်း၊ ပန်းကန်သေးသေးလေးထဲမှာက ငရုတ်သီးမှုန့်ဝေ့နေတဲ့ ငါးပိရည်၊ အရွက်စိမ်းစိမ်းစုံစုံနဲ့ သခွားသီးပါတဲ့ ပန်းကန်ပြားက သူ့ဘေးမှာ၊ ကန်စွန်းရွက်ကို ငရုတ်သီးစိမ်း ဓားပြားရိုက်နဲ့ ခပ်စပ်စပ်လည်း ကြော်ထားသေးတယ်။ နေ့လည်စာစားပြီး ခဏနေတော့ အိမ်ပြန်ပါတယ်။ လမ်းမှာ ရွှေတိဂုံဘုရားကို ပြည်လမ်းကနေ လှမ်းပြီးဖူးခဲ့သေးတယ်။

ညနေစောင်းတော့ အမေနဲ့ နှစ်ယောက်သား ဘုရားကို ကျကျနနတက်ဖူး ဖြစ်တယ်။ ရွှေပိဿာချိန်ပေါင်း မြောက်မြားစွာကို ဖြတ်တိုက်လာတဲ့လေဟာ အသက်ရှူလမ်းကြောင်းကတဆင့် နှလုံးသားထဲကို ငြိမ့်ခနဲ စီးဆင်းသွားပါတယ်။ အဲဒီလေနဲ့အတူ အသိတစ်ခုပေါ်လာလေရဲ့ “သုံးလောကထွက်ထား ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမတွေကို နှစ်ပေါင်းတစ်ထောင့် ငါးရာကျော် မပျက်မစီး ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဒေသတစ်ခု”၊ “အမေနဲ့ ငါ နှစ်ယောက်ပိုင်တဲ့ ချက်ကြိုးကို ‘ဒါငါ့နိုင်ငံ၊ ငါ့တိုင်းပြည် ဟေ့’ လို့ ဂုဏ်ယူဝံ့ကြွားစွာပြောနိုင်ဖို့ မဟာပထဝီမြေကြီးမှာ သက်သေပြုမြှုပ်နှံခဲ့ရာ ဒေသ”။ ဒီမြေမှာမွေး၊ ဒီရေသောက်ပြီး ကြီးလာတဲ့ကျနော့အတွက် ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံတွေ ဘယ်လောက်ကောင်းကောင်းပါ။ သာသနာတော်တွင်း၊ တစ်မျိုးပြောရရင် ရပ်ပြစ်(၈)ပါးလွတ်ရာ ဒီနိုင်ငံမှာ လူလာဖြစ်ရတာကိုးက အားရကျေနပ်ဖို့ ကောင်းနေပြီ။

တစ်ညနေလုံး ဘုရားအရိပ် မှာခိုလုံလို့ ညနေ ၉နာရီခွဲလို့ ဘုရားပိတ်မှပဲ ပြန်ဖြစ်ခဲ့တယ်လေ။ အဲဒီနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ဖြန်ဆို အမေ့အသက် ၆၀ ပြည့်ပြီ။ မနက်ဖြန် အမေ့မွေးနေ့ ထပ်လာဦးမယ်။ တစ်နှစ်ကျော်ကျော် ဝေးကွာခဲ့ရတဲ့ ရွှေတိဂုံရင်ပြင်တော်ကြီးက မပြောင်းမလဲ ငြိမ်းချမ်းနေဆဲလေ။

ဆက်လက်ဖတ်ရှုပေးပါနော်......။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

2 comments:

လင်းဒီပ said...

အိမ်ပြန်ချင်တဲ့ စိတ်လေး...တားမရဘူး

မောင်bee said...

ကိုဗီရေ ငိုချင်အောင်မလုပ်နဲ့ဗျာ။